ဆူနမ်တို့များ လိုက်ချင်မလား၊ ကလဲရားသူငယ်ချင်းများ လိုက်ချင်မလား။ ဘယ်သူမှလည်း မလိုက်တော့ တယောက်တည်းပဲ သွားဖြစ်တယ်။ ပထမဆုံး တစ်ကိုယ်တော် ရွှက်လွှင့်ခြင်းပေါ့။ ကလဲရားက သူ မောင်းပို့ပေးမယ် ဆိုတာကိုတောင် အမြဲတမ်း ကား၊ လေယာဉ်ပျံနဲ့ သွားရတာ။ ခရူသင်္ဘော စီးချင်တာဆိုပြီး ငြင်းလိုက်တယ်။။ ၈ နာရီ ၁၅ သင်္ဘောပေါ်ရောက်ဖို့ ကလဲရားအိမ်ကနေ ရထား ၁ နာရီလောက် စီးရပါမယ်။ West Falls Church မှာ ရပ်မဲ့ မနက် ၇ နာရီ ၈ မိနစ် ရထားကိုစီးမှ မှီမှာပါ။ ကလဲရားက ဘူတာရုံကို လိုက်ပို့ပေးပြီးတော့ ရထားမမှီရင် ဖုန်းဆက်လိုက် သူ ကားနဲ့လိုက်ပို့ပေးမယ်တဲ့။ L'Enfant Plaza ဘူတာမှာ အစိမ်းရောင်းလိုင်း ပြောင်းစီးပြီး သင်္ဘောဆိပ်ရှိတဲ့ တဘူတာအဝေးက Waterfront မှာ ဆင်းရပါတယ်။ အမျိုးသမီးတယောက် အဲဒီဘူတာမှာ အရေးပေါ်မီးဖွားတဲ့သတင်းကို သတင်းကြေငြာသူက L'Enfant ဆိုတာ ပြင်သစ်လို ကလေးလို့ အဓိပ္ဗာယ်ရပါတယ်။ နာမည်စီးတာနဲ့ တူပါရဲ့လို့ အရွှန်းဖောက်ပြီး တင်ဆက်သွားတာ ဒီစီမတ်ထရို Metro ရထားစီးနေတုန်း ကြားလိုက်ဖူးတယ်။
ဘူတာကနေထွက်ရော တောင်ကြည့်မြောက်ကြေည့်၊ မြေပုံလမ်းညွှန်ကြည့်၊ ဘေးပတ်ဝန်းကျင် ၃၆၀ ဒီဂရီ ပတ်ပတ်လည်ကြည့်။ လူတော်တော်များများ သွားနေတဲ့နေရာ ဖြစ်မယ်ဆိုပြီး လိုက်တာ မှန်တယ်ဗျား သင်္ဘောဆိပ်ကို ဆိုက်ဆိုက်မြိုက်မြိုက် ရောက်တယ်။ အိုင်ဒီပြ လက်မှတ်ထုတ်၊ ဘောကွင်းကြီးနောက်မှာ ခဏရပ်ပါဦး ဓာတ်ပုံရိုက်ပေးမလို့တဲ့ လူတိုင်းကို။ သုံးထပ်သင်္ဘောရဲ့ အပေါ်ဆုံးထပ်မှာ ထိုင်ခုံနေရာဦး။ အချိန်တိကျ လေးစားတဲ့နိုင်ငံဆိုပေမဲ့ ဒီတခါတော့ ၁၀ မိနစ်တိတိ နောက်ကျပြီးမှ သင်္ဘောထွက်တယ်။ နောက်မှသိတယ် လေ့လာရေးခရီးထွက်ကြတဲ့ အလယ်တန်းကျောင်းသားအုပ်ကြီးကြောင့်ကိုး။
Washington Monument ဝါရှင်တန်မိုးနူးမတ် ကျောက်တိုင်ကြီးကို ထင်ထင်ရှားရှား မြင်ရတယ်။ ဒီစီရဲ့ သတ်မှတ်ထားတဲ့ စံချိန်စံညွှန်းတွေအတိုင်း သင်္ဘောပေါ်မှာ လူဘယ်လောက် တင်ဆောင်ကြောင်း၊ သက်ကယ်ဘော၊ သက်ကယ်လှေ ဘယ်နှစ်စီးပါကြောင်း၊ သင်္ဘောသားတွေနဲ့ ညွှန်ကြားချက်အတိုင်း အတိအကျ လိုက်နာဖို့၊ သိချင်တာတွေကို ယူနီဖောင်းဝတ် ဝန်ထမ်းတွေဆီမှာ မေးမြန်းနိုင်ကြောင်း ဂိုက်က ကြေငြာပါတယ်။ East Patomac Park အရှေ့ပတ်တိုးမတ်ပန်းခြံမှာ ချယ်ရီတွေ ဝေနေပေမဲ့ တိုင်တန်ဘေစင်လောက် မများဘူး။ အပြေးလေ့ကျင့်သူ၊ လမ်းလျှောက်သူ၊ စက်ဘီးစီးကြသူတွေနဲ့ သာယာတယ်။
ယူအက်စ်မှာ လုံခြုံရေးအတင်းကျပ်ဆုံး သမ္မတအိမ်ဖြူတော်၊ Capitol ကယ်ပီတယ်လိုမျိုး Petagon ပန်တဂွန်အဆောက်အဦးက လေဆိပ်နောက်ဖက် ဗာဂျီးနီးယားပြည်နယ် Pentagon City မှာ ရှိပါတယ်။
ဘေးဖက်မှာတော့ AirForce One ဝန်ထမ်းအိမ်ယာ။ Dragon Boat လှေလှော်အဖွဲ့ ဖြတ်သွားတော့ ကြိတ်လိုက်စမ်းပါကွလို့ အော်ဟစ်အားပေးကြတယ်။
တီထွင်သူ သောမတ်အက်ဒီဆင်ကြောင့် ၁၉၂၃ မှာ ယူအက်စ်ရေတပ်၊ မရင်းတပ်ဖွဲ့အတွက် သုတသေနရုံး United States Naval Research Laboratory (NRL) ကို ဖွင့်လှစ်ခဲ့ပါတယ်။ သုတေသနလုပ်ငန်းအတွက် တစ်နှစ်ကို ခန့်မှန်းခြေ ၁.၁ ဘီလီယံသုံးတယ်လို့ ဆိုပါတယ်။
သမိုင်းဝင် Alexandria Old Town မြို့လေးပါ။ အဆောက်အဦးတွေကို မြင်လိုက်ကတည်းက ရှေးခေတ်ကမှန်း သိသာတယ်။
ရေနွေးငွေ့သင်္ဘော၊ Priates of Carribean ရုပ်ရှင်ကားထဲကလိုမျိုး သင်္ဘောတစင်းတွေ့တယ်။
မြူးကြွတဲ့ စပိန်တေးသံတွေ ပျံ့လွင့်လာတော့ ဘာပွဲရှိလဲမသိ။ ဒီတံတားကတော့ မေရီလန်းပြည်နယ်နဲ့ ဗာဂျီးနီးယားပြည်နယ်ကို ပေါင်းကူးပေးထားပြီး တောင်ပိုင်းက မြောက်ကာရိုလိုင်းနား၊ တောင်ကာရိုလိုင်းနား၊ ဂျော်ဂျီယာ၊ ဖလော်ရီဒါပြည်နယ်အထိ ဖောက်လုပ်ထားတဲ့ I 95 Interstate ဟိုင်းဝေးလမ်းမကြီးရဲ့ တစိတ်တပိုင်းပါ။
ညာဖက်က ဟိုအဆောက်အဦးကတော့ ဘယ်လိုဘယ်ပုံ၊ ဘယ်ဖက်ကတော့ ဘယ်လိုဘယ်ပုံလို့ ဂိုက်က ရှင်းပြရင် ဂိုက်ညွှန်ပြရာကြည့်၊ ရှင်းပြတာကို နားထောင်၊ ဓာတ်ပုံတွေ တဖျပ်ဖျပ်ရိုက်။ လေတိုက်လို့ နည်းနည်းအေးလာတော့ မခံနိုင်တဲ့သူတွေ အောက်ထပ်ဆင်းကြတယ်။ ကျန်တဲ့သူတွေက အနွေးထည်တွေထုတ်ကာ အအေးဒဏ်ကို ကြံ့ကြံ့ခံပြီး ဘေးက ရှုခင်းတွေကို ငေးမောလို့။ ဓာတ်ပုံရိုက်စရာ ပါးသွားတော့ လူတွေလည်း ဆာလာပြီ။ အောက်ထပ်မှာ ဝယ်လို့ရပါတယ်။ မြစ်ကမ်းနဘေးက ကိုယ့်စိတ်ကြိုက်အိမ်ကလေးတွေ တွေ့ရင် I like that house ဆိုပြီး ဓာတ်ပုံရိုက်။
အဲဒီအိမ်လေးကတော့ ရေကြောင်းကပ္ဗတိန်ဘယ်သူ၊ ဘယ်တုန်းက နေသွားတာဆိုပြီး ဂိုက်က ပြောပေမဲ့ မမှတ်မိတော့ဘူး။ အိမ်ကလေးက သေးသေးချစ်စရာလေး။
Fort Washington ဆိုတဲ့ ခံတပ်ကြီး။
ပတ်တိုးမတ်မြစ်တလျှောက် မောက်ဗာနွန်ဖက်ခြမ်းက မျက်စိတဆုံး ဧက ၅၀၀ လောက်ကို ဂျော့ဝါရှင်တန်မိသားစု ပိုင်ဆိုင်တာပါ။ ဂျော့ဝါရှင်တန်ဆိုတာ အမေရိကန်တွေရဲ့သူရဲကောင်း၊ ဗြိတိသျှတွေဆီကနေ လွတ်လပ်ရေးရအောင် တိုက်ပွဲဝင်တဲ့ စစ်ဗိုလ်ချုပ်၊ အမေရိကန်နိုင်ငံရဲ့ ပထမဆုံးသမ္မတ။ ဂျော့ဝါရှင်တန်ရဲ့အဘေးလက်ထက် ၁၆၇၄ လောက်က ဆောက်ခဲ့တာဆိုတော့ နှစ်ပေါင်း ၂၀၀ ကျော်ပါပြီ။
ဝင်ကြေးက လူကြီး ၁၇ ကျပ်။ ကျွန်မ ဝယ်တဲ့လက်မှတ်က ၅၀ ပေးရပါတယ်။ အဲဒီထဲမှာ အသွားအပြန် သင်္ဘောလက်မှတ်၊ ဝင်ကြေး ပါပြီးသား။ ရောက်တာနဲ့ အိမ်ထဲဝင်ကြည့်ဖို့ လက်မှတ်လေးတွေ ကမ်းပါတယ်။ ဝါရှင်တန်အုတ်ဂူမှာ လူတွေ ပြည့်ကျပ်ညှပ်နေတယ်။ ဘယ်ဖက်က ဝါရှင်တန်ရဲ့ အုတ်ဂူပါတဲ့။
အဲဒီနေ့မှာ ဂါဝန်လှလှ၊ ဦးထုပ်လှလှ၊ ဂုဏ်ပြ ုစလွယ်သိုင်း ဝတ်ကောင်းစားလှ ဝတ်ဆင်ထားတဲ့ လူကြီး၊ လူငယ်တွေကို မြင်ရတာ ကျက်သရေ ရှိလိုက်တာ။ အိမ်ထဲဝင်ဖို့ လူတွေ တန်းစီတာတွေ့တော့ ဝင်တန်းစီတယ်။ အဲဒီနေ့မှာ လူအယောက် ၅၀၀၀ လာရောက်လည်ပတ်ဖို့ မှန်းထားတာဖို့ စောင့်ရတာ မကြာရလေအောင် ကြည့်နေတုန်း မေးခွန်းတွေ မမေးဖို့၊ ပြီးမှ မေးဖို့ တိုက်တွန်းပါတယ်။ ရှေးတုန်းက သွားလာရ ခက်ခဲတဲ့ ဗာဂျီးနီးယားပြည်နယ်က အိမ်တွေမှာ ဧည့်သည်တွေ တည်းခိုဖို့ အခန်းတွေ ရှိတာ ထုံးစံပါတဲ့။ ထိုင်ခုံ၊ ပန်းချီကား၊ ဂျော့ဝါရှင်တန်မြေး ကယ်လီ တီးတဲ့ စန္ဒရား၊ ဂျော့ဝါရှင်တန် အဲဒီမှာ သေဆုံးတာဆိုတဲ့ ခုတင်၊ ကျွှန်တွေနေတဲ့ အဆောင်၊ မီးဖိုချောင်၊ စတိုခန်း၊ မြင်းတွေ ထားတဲ့အဆောင်။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀၀ ကျော်က ပစ္စည်းတွေကို မြင်ရတော့ သေသေချာချာ စနစ်တကျ ထိန်းသိမ်းထားတာကို မချီးမွမ်းဘဲ မနေနိုင်ဘူး။
ကလေးတွေက ရေးမှတ်ဖို့ လက်ကမ်းဝေထားတဲ့ စာရွက်လေးတွေမှာ ခဲတံလေးတွေနဲ့ ရေးမှတ်ကြတယ်။ လေ့လာရေးခရီးထွက်လာတဲ့ အလယ်တန်းကျောင်းသားတွေ အမှတ်တရ ဓာတ်ပုံရိုက်ကြတယ်။ အခုရောက်နေတာက ဗာဂျီးနီးယား၊ ဟိုဖက်ခြမ်းက မေရီလန်း၊ လာခဲ့တာက ဒီစီ တနေ့တည်းနဲ့ ပြည်နယ်သုံးခု ရောက်တယ်ဆိုပါတော့။
Upper Garden အပေါ်ပန်းခြံထဲမှာ ပန်းပင်ကလေးတွေက ခုမှစိုက်ပျိုးခါစဖို့ အကုန်အစင် မပွင့်သေးဘူး။ ပန်းတွေ အကုန်ပွင့်ရင် တော်တော်လှမယ်။ Lower Garden အောက်ပန်းခြံထဲမှာ ဟင်းသီးဟင်းရွက်၊ ဆေးဖက်ဝင်အပင်တွေ စိုက်ပျိုးထားတယ်။ ဂိုက်က အရွက်လေးကို ခူးကာ အားလုံးကိုဝေပြီး နမ်းခိုင်း၊ ရှုခိုင်းတယ်။ ပြီးရင် ဘာအပင်လဲ၊ ဟင်းချက်တဲ့နေရာမှာ သုံးတာလား၊ ဆေးဖော်တဲ့နေရာမှာ သုံးတာလားလို့ မေးတယ်။ တလွဲတွေဖြေလည်း ကိစ္စမရှိပါဘူး။ အပန်းဖြေဖို့လာတာ စာမေးပွဲဖြေဖို့လာတာမှ မဟုတ်တာနော့။
ရှေးဝတ်စုံ ဝတ်ထားတဲ့သူတွေ တွေ့တော့ ဓာတ်ပုံရိုက်ကြတယ်။
တောင်ပေါ်မှာ အိမ်တည်ထားလို့ Mount ၊ Vernon ဆိုတာ အင်္ဂလိပ်စစ်ဗိုလ်ချုပ် နာမည်ကို အစွဲပြုပြီး ဂျော့ဝါရှင်တန်က မောက်ဗာနွန်လို့ နာမည်ပေးခဲ့တာပါ။ ပြတိုက်မှာတော့ ဂျော့ဝါရှင်တန်ရုပ်တု၊ ချီတက်ခဲ့တဲ့လမ်းကြောင်း၊ ရုပ်ရှင်၊ သေနတ်သံတွေ တဂျိမ်းဂျိမ်း၊ မြင်းဟီသံ၊ မြင်းဒုန်းဆိုင်း စီးသံတွေနဲ့ ပြတိုက်ဆိုပေမဲ့ ပျင်းစရာ မကောင်းဘူးရယ်။
လယ်ယာတောဆီသွားတော့ တံတားလေး ဖြတ်ရတယ်။
တံတားအောက်မှာ ရေမရှိတဲ့ ချောင်းလေး။ တောင်ရိပ်တောင်စွယ်တွေမှာ သစ်ပင်တွေက အရွက်မရှိနေတာတောင် အလှမပျက်ဘူးရယ်။ သစ်ရွက်စိမ်းကလေးတွေများရှိရင် ငါးမျှားခြင်းပို့စ်ထဲက သစ်တောအုပ် ဓာတ်ပုံလေးလို အတော်လှတဲ့ ဓာတ်ပုံလေး ဖြစ်မှာလို့ မချင့်မရဲ တွေးမိသေးတယ်။ ဆယ်မိနစ်လောက် ဆင်းလိုက်ရင်ပဲ လယ်တောဆီ ရောက်တယ်။ ဟိုတုန်းက အသက် ၁၃ နှစ်ဆိုရင် လယ်တောဆင်း အလုပ်လုပ်ရတယ်။ တပတ်မှာ ၆ ရက် နေထွက်ကနေ နေဝင်ထိ အလုပ်လုပ်ကြတယ်။ ကလေးအငယ်တွေကို ကလေးကြီးတွေက ထိန်းရတယ်။ ဈေးနေ့ဆိုရင် ကျွန်တွေက အလက်စန္ဒရားမြို့တက်ခွင့် ခွင့်ပြုစာရွက်လေးကိုင်ပြီး မြို့တက်ဈေးဝယ်ကြတယ်။ ခွင့်ပြုချက်စာရွက် မပါရင် မြို့ထဲ အဝင်မခံဘူးတဲ့။
ချိုပါတဲ့ အကောင်ကြီးကို Oax လို့ ပြောနေတာ ကြားလိုက်တယ်။
ဒီအကောင်တော့ သိတယ် သိုး။
လည်ပတ်ဖို့ အချိန်ပေးထားတဲ့ ၃ နာရီအတွင်းမှာ အကုန်နီးပါး ရာက်ဖြစ်တယ်။ သတ်မှတ်ချိန် နေ့လည် ၁ ၁၅ စုရပ် ကမ်းနားဆိပ်ဆင်းတော့ လူတွေရောက်နေကြပြီ။ မကြာခင် Spirit of Mount Vernon သဘောၤ ဆိုက်လာတယ်။ လူတော်တော်များများ ပါတယ်။ ဒီလူတွေ ညနေဒီစီအပြန် မီးရှုးမီးပန်းဖောက်တာ မြင်ရမှာ။ အလယ်တန်း ကျောင်းသားတွေ၊ မိဘတွေကို အရင် တက်စေပါတယ်။ အလာတုန်းက ရေစုန်ဆိုတော့ ၄၅ မိနစ် ကြာတယ်။ အပြန်က ရေဆန်ဆိုတော့ ၁ နာရီကျော် မောင်းရတယ်။ အလယ်တန်းကျောင်းသားတွေ အပေါ်ဆုံးထပ်ကို တက်လာတော့ လက်ပံပင်ဇရက် ကျသလိုပဲ ကျွှပ်ကျွှပ်ကိုညံလို့။ ဒီကလေးတွေကို ထိန်းကျောင်းရတဲ့ ဆရာတွေကို သနားမိတယ်။ စားပြီးအမှိုက်မသိမ်းလို့ အမှိုက်ပုံးထဲပစ်ဖို့၊ ကတောက်ကဆ ဖြစ်ကြတာတွေ ညှိုပေးဖို့၊ အန္တရယ်ကင်း ဘေးကင်းစွာနဲ့ ပြန်ရောက်ဖို့ဆရာတယောက်ရဲ့ တာဝန်က မလွယ်ပါလား။
အပြန်ခရီးမှာတော့ အလာတုန်းကလောက် မတက်ကြွတော့ပါဘူး။ ပတ်တိုးမစ်မြစ်ပေါ် ဖြတ်သန်းတိုက်ခတ်လာတဲ့ လေနုအေးလေးက ချော့သိပ်နေသလိုပဲ။ စာအုပ်လေးဖတ်လိုက်၊ ငိုက်လိုက်၊ ပတ်ဝန်းကျင်ကို ငေးလိုက် ရှုခင်းကောင်းရင် ဓာတ်ပုံထရိုက်လိုက်နဲ့။ ချယ်ရီပွဲတော်မှာတုန်းက လူများလို့ တယောက်တည်းမှန်း မသိသာဘူး။ မောက်ဗာနွန် ခရီးမှာတော့ မိသားစုလိုက် လာကြသူများတော့ ကျွန်မလို တစ်ကိုယ်တော် ရွက်လွှင့်သူ သိပ်မရှိဘူးရယ်။ ဒီစီကို ညနေ ၃ နာရီ ရောက်တော့ ဒီစီကနေထွက်မဲ့ကားက ည ၅ နာရီခွဲမှ ထွက်မှာ။ ၂ နာရီ အချိန်ရှိသေးတော့ ချယ်ရီပွဲတော် သွားလည်တယ်။ မောက်ဗာနွန်ခရီးက ပြန်လာတဲ့သူ တော်တော်များများ ချယ်ရီပွဲတော်ကို ချီတက်ကြတယ်။ အဲဒီနေ့က နောက်ဆုံးနေ့ကိုး။
တစ်ယောက်တည်း သွားတာမို့ စိတ်ကြိုက် ကြိုက်သလောက် လည်ဖြစ်တာထင်တယ်။ လမ်းမလျှောက်နိုင်တဲ့ ဆူနမ်တို့နဲ့ဆိုရင် ဒီလောက်နှံ့မယ် မထင်ဘူး။ တစ်ယောက်တည်း ခရီးသွားရင် အားသားချက်က စိတ်ကြိုက် လည်ပတ်နိုင်ပေမဲ့ အားနည်းချက်က ဓာတ်ပုံရိုက်ပေးမဲ့သူ မရှိဘူး။ အုပ်စုလိုက်သွားရင် အားသာချက်က တယောက်တလှည့်ရိုက်၊ ဓာတ်ပုံရိုက်ကောင်းသလို စိတ်ရှည်တဲ့ ဆူနမ်၊ အမ်းထရူးတို့နဲ့ဆို ဓာတ်ပုံတွေ အများကြီးရတယ်။ အားနည်းချက်က နေရာအနှံ့ မရောက်ဘူး။ ကျေးဇူးပြု၍ ဓာတ်ပုံရိုက်ပေးပါလို့ ရီကွက်လုပ်လို့ ခရီးအမှတ်တရ ဓာတ်ပုံတွေပါ။
ဆယ်လီဗြွတ်တီ မျက်မှန်နဲ့ စန်းထွန်းတယောက် ဂိုက်ပေးကြမ်းနေပုံ (တီတီဆွိ လေသံ) |
တောတောင်၊ မြစ်၊ ပြတိုက်၊ ယာခင်း၊ ပန်းခြံ၊ တောင်တက် မောက်ဗာနွန်ခရီးကတော့ သိပ်ကိုကောင်းမွန်တဲ့ ခရီးလေးပါ။ တဆောင်းတွင်းလုံး ဂူအောင်းနေရာကနေ ဒီနှစ်မှာ ပထမဆုံး သွားဖြစ်တဲ့ခရီးမို့လား မသိဘူး။ ပင်ပန်းပေမဲ့ စိတ်ရွှင်လန်းပြီး အားအင်တွေ ပြန်ပြည့်သွားသလို ခံစားရပါတယ်။ မကြီးတို့လည်း အင်ဒိုနီးရှားနိုင်ငံ ဘာလီကို သွားလည်ကြတယ်။ စင်္ကာပူ၊ ဘန်ကောက်၊ အန်ကောဝတ်ကို သွားလည်ပြီးကတည်းက နိုင်ငံခြားခရီးတွေ သွားချင်တဲ့ အမေက မကြီးကို သမီးရေ ဘယ်လောက်ကုန်လဲ၊ ဘယ်လို သွားတာလဲနဲ့ စပ်စုတယ်တဲ့။ ဖေ့ဘွတ်မှာ တင်ထားတဲ့ ကျွန်မ ခရီးသွားဓာတ်ပုံတွေကို မကြီးက ဒေါင်းပြီး အဖေနဲ့ အင်တာနက်စကိုက် စကားပြောရင် ပို့ပေးတယ်။ အဖေက အဲဒီဓာတ်ပုံတွေ ဘယ်မှာရိုက်တာလဲလို့ မကြီးကို လာလာမေးတယ်တဲ့။ အရာရာ သိချင်တဲ့ အဖေ့ကို ဖိုးသိချင်လို့ ကျွန်မတို့ နာမည်ပေးထားတယ်။ ခရီးတွေသွားချင်၊ သိချင်တတ်ချင်တဲ့ အဖေနဲ့အမေကြောင့် စိတ်ချမ်းမြေ့ရတယ်။
National Cherry Blossom Festival at Tidal Basin with Thomas Jefferson Memorial |
US Capitol with Senate and House |
ခရီးတွေ အမြဲသွားလို့ ကျွန်မ အားကျရတဲ့ မယမင်း၊ ယူအက်စ်ရောက်တာ သုံးရက်ပဲ ရှိသေးတယ် နိုင်အာဂရာရေတံခွန်ကို တစ်ယောက်တည်း ဒိုးတာပဲဆိုပြီး တစ်ယောက်တည်း ခရီးသွားဖြစ်ဖို့ စိတ်ဓာတ်ခွန်အားပေးတဲ့ မနန်းစံ၊ ခရီးသွားတဲ့ ပို့စ်တွေ ဘလော့မှာ တင်နော်လို့ တိုက်တွန်းတတ်တဲ့ မသိန်းအေး။ သူတို့ကြောင့် ခရီးသွား ဖြစ်တာပါ။ မေရီလန်းမှာ တစ်ယောက်တည်း ခရီးထွက်ဖို့ ခက်ပေမဲ့ နယူးယောက်မှာတော့ တိုးခရီးစဉ်တွေနဲ့ လိုက်ပါနိုင်တာမို့ နောက်ထပ်တောတွေ လားဖြစ်ဦးမယ် ထင်ပါတယ်။ အလည်လာတဲ့သူတွေလည်း ခရီးသွားလို့ စိတ်ရွှင်လန်း ကြည်နူးမှုတွေ ရရှိပြီး တောတွေလား...အဲလေ ခရီးတွေ သွားနိုင်ပါစေ။
Happy Traveling!
စန်းထွန်း
ဧပရယ် ၂၄၊ ၂၀၁၄။
Reference
Mount Vernon
Tour Package
In-the-Footsteps-of-George-Washington-Day-Cruise-to-Mount-Vernon
5 comments:
ပျော်စရာကြီးနော်..
ဘယ်မှမသွားရဘူးဟယ်..
အခြေအနေပေးတုန်း။
ဒိုးသာဒိုး..
မမအိုင်အိုရာ
Photos are fantastic and so envy u to travel alone.Thumbs UP.
ဆံပင်တွေ ရှည်လာ တယ်။ နုလို့ လှလို့ပဲ။ :) ဓာတ်ပုံတွေကလည်း ရှယ်။
မီးမီးငယ် said...
စန်းထွန်းနဲ့ကပ်ပြီးလိုက်လည်ရတယ်…
ပျော်စရာကြီးနော်..
လူလည်းလန်းဆန်းသွားသလိုဘဲ..
ဒါနဲ့ပေးတဲ့ဆုတောင်းကမပြည့်ဘူး..
ဘယ်မှမသွားရဘူးဟယ်..
ဓါတ်ပုံလေးတွေလှလိုက်တာ…
April 24, 2014 at 4:53 PM
Anonymous said...
သွားသာသွားစန်းထွန်းရေ။
အခြေအနေပေးတုန်း။
တခါတလေကျငွေရှိပေမဲ့လည်းအကြောင်းကြောင်းကြောင့်သွားချင်မှသွားနိုင်တာ။
ဒိုးသာဒိုး..
ဖတ်ဖို့တာဝန်မမအိုင်အိုရာတာဝန်။
မမအိုင်အိုရာ
April 24, 2014 at 11:05 PM
Mrs. Bagel said...
ဆံပင်တွေ ရှည်လာ တယ်။ နုလို့ လှလို့ပဲ။ :) ဓာတ်ပုံတွေကလည်း ရှယ်။
April 26, 2014 at 1:30 AM
Post a Comment