မနှစ်က သွားလည်တုန်းက ချယ်ရီက ဖူးတောင် မဖူးသေးဘူး။ ချယ်ရီတွေ မပွင့်သေးပေမဲ့လည်း စွန်လွှတ်ပွဲ၊ ဂျပန်ရိုးရာ ယဉ်ကျေးမှုပွဲတွေနဲ့ အတော်စည်ကားတယ်။ ချယ်ရီတွေ အစွမ်းကုန်ပွင့်တဲ့အချိန်ကျတော့ ကျောင်းကို ပြန်သွားရနေရလို့ ချယ်ရီပွဲတော်ကို တကယ် မနွှဲလိုက်ရဘူး။ နောက်နှစ် မရောက်ရောက်အောင် သွားမယ်လို့ကြုံးဝါးခဲ့တယ်။ တဆောင်းတွင်းလုံး ဘယ်မှမသွားဖြစ်ဘဲ ချယ်ရီပွဲတော်ကိုတော့ သွားဖြစ်အောင် သွားမယ်လို့ စိတ်ကူးထားတယ်။
ဒီနှစ်အေးလို့ ချယ်ရီပွင့်တာ နောက်ကျတယ်။ ချယ်ရီပွဲတော်က မတ်လကုန်လောက်ကနေ ဧပရယ်လလယ်လောက်အထိ ကျင်းပတယ်။ ချယ်ရီတွေ အစွမ်းကုန်ပွင့်မယ်လို့ ခန့်မှန်းတာက ဧပရယ် ၈ ရက်။ ချယ်ရီတွေ အစွမ်းကုန်ပွင့်တဲ့ စနေ၊ တနင်္ဂနွေ ဧပရယ် ၁၂၊ ၁၃ မှာ လူတွေ အရမ်းများမယ် ဆိုပေမဲ့ အဲဒီအချိန်မှပဲ သွားနိုင်တာကိုး။ သောကြာနေ့ ညသွား၊ တနင်္ဂနွေည ပြန်တာမို့ ဘတ်စ်ကားလက်မှတ်က ကြားရက်တွေထက် ဈေးနည်းနည်းကြီးတယ်။ ဆူနမ်တို့အိမ်မှာ တည်းလို့ရမလား မေးကြည့်တော့ ရုံးပိတ်ရက်တွေမှာ ရာမားရဲ့ ဝမ်းကွဲအမျိုးတွေ လာလည်ကြလို့ သူတို့အိမ်မှာ နေရာလွတ် မရှိဘူး။
ဝါရှင်တန်ဒီစီ ရုံးမှာတုန်းက ညီမတစ်ယောက်လို စောင့်ရှောက်တဲ့ တရုတ်မ ကလဲရားက လွန်ခဲ့တဲ့ တလလောက်ကမှ ဗာဂျီးနီးယားပြည်နယ် Tysons Corner တိုင်ဆန်ကော်နာ လျှော့ပင်းမောလ်နားမှာ အိမ်ဝယ်လိုက်လို့ သူ့အိမ်မှာ လာတည်းဆိုလို့ ဟိုတယ်ခ သက်သာသွားတယ်။ ဝါရှင်တန်ဒီစီ ယူနီယမ်စတေရှင်ကို ည ၁၀ နာရီ ဝင်ရမဲ့ကားက နာရီဝက်တိတိ နောက်ကျပြီးမှ ဝင်တယ်။ နယူးယောက်က စထွက်ကတည်းက နာရီဝက် နောက်ကျတာကိုး။ ည ၁၁ နာရီလောက်မှ ကလဲရား လာကြိုတယ်။ ည ၁၂ နာရီ ဖီလာဒဲပီးယားကနေ ရောက်လာမဲ့ကားနဲ့ ပါလာမဲ့ သူ့သူငယ်ချင်းကို စောင့်ရဦးမှာ။
ညသန်းခေါင်ယံချိန် Tidal Basin တိုင်တန်ဘေစင် ရေလှောင်ကန် ၊ ကွန်စတီကျူးရှင်း၊ ပင်စယ်ဗေးနီးယား လမ်းတွေကို ပတ်မောင်းကြတယ်။ ဘော်တနစ်ဂါးဒင်းရှေ့မှာ ကားရပ်လို့ ကယ်ပီတယ်ရှေ့က ရီဖလပ်ရှင်းပူး ရေကန်မှာ အရိပ်ထင်နေတဲ့ ကယ်ပီတယ်ကို ငေးမောကြတယ်။ နေ့လည်ဖက်မှာ ကယ်ပီတယ်ရှေ ့ အကြိမ်ကြိမ် ဖြတ်ဖူးပေမဲ့ ညဉ့်နက်သန်းခေါင် ဒီအကြိမ် ပထမဆုံး ရာက်ဖူးတာ။ ဓာတ်ပုံဝါသနာအိုးတွေ၊ လမ်းလျှောက်ကြသူတွေ၊ ဒီစီညအလှ ခံစားကြသူတွေနဲ့ လူမပြတ်ဘူးရယ်။
နောက်နေ့ ကလဲရားက ဘူတာရုံကို လိုက်ပို့ပေးပေမဲ့ ပန်းဝတ်မှုန် အလာဂျီရှိလို့ မလိုက်တော့ဘူးတဲ့။ ဆူနမ်တို့ကို ဖုန်းဆက်တော့ အမ်းထရူးက ကားဆားဗစ်မှာ၊ ရာမားက နေသိပ်မကောင်းဘူး၊ ချယ်ရီပွဲတော်ကို လာနိုင်အောင် ကြိုးစားမယ်တဲ့။ အေး ငါ ဒီစီမှာ တနေကုန် ရှိနေမှာ။ ရောက်ရင် ဖုန်းဆက်လိုက် တွေ့ရအောင်လေ။ ဒီငပျင်းလေးတွေ လာမယ်မထင်ပါဘူး။ စမစ်ဆိုးနီးယမ်းဘူတာမှာ ဆင်းရင်ပဲ လူတွေ ဘူတာရုံမှာ အပြည့်။ ဒါတောင် မနက်ပိုင်းပဲ ရှိသေးတယ် နေ့လည်ဆို ပိုကျပ်တော့မှာ။
Thomas Jefferson Memorial |
တိုင်ဒယ်ဘေစင်ကန်တလျှောက် အစီအရီ ပွင့်နေတဲ့ ချယ်ရီပင်တွေ လှလွန်းလို့ ဓာတ်ပုံကို တဖျပ်ဖျပ် မရပ်မနား ရိုက်နေမိတော့တာပဲ။ ဂျက်ဖာဆန် မယ်မိုရီယမ်မှာ ကြည်း၊ ရေ၊ လေ စစ်သားတွေ စစ်ရေးပြပွဲ ဝင်ငေးသေးတယ်။ ကျွန်မ ကြည့်ရတဲ့ အဖွဲ့က Air Force One လေတပ်အဖွဲ့။ အမေရိကန်မှာတော့ စစ်သားတွေကို ပြည်သူတွေက လေးစားကြတယ်။ ကတုံးပြောင်ကေ၊ ဘော်ဒီတောင့်တောင့်၊ လေသံကို နားထောင်ရတာနဲ့ စစ်သားမှန်း သိတယ်။ သေနတ်တွေကို လွှဲပစ်ကြ၊ ခေါင်းဆောင်ဗိုလ်ရဲ့ ရင်ဘတ်ကိုကို လှံစွပ်နဲ့ ဝိုင်းထိုးသလို ကျီစယ်ကြ၊ သေနတ်၊ ဖိနပ်ဆောင့်သံတွေနဲ့ စည်းချက်ညီညီ တင်ဆက်ကြတဲ့ စစ်သားတွေကို လက်ခုပ်သံတဖြောင်းဖြောင်းနဲ့ အားပေးကြတယ်။
ချယ်ရီပင်အောက်က မြက်ခင်းပြင်၊ ထိုင်ခုံ၊ ကန်ဘောင်ပေါ်မှာ ထိုင်ပြီး ကန်ရေပြင်၊ ချယ်ရီပန်းတွေကို ငေးမောသူ၊ အိပ်တဲ့သူ၊ စာအုပ်ဖတ်တဲ့သူ၊ ပန်းချီဆွဲတဲ့သူ၊ ဓာတ်ပုံရိုက်သူ၊ စကားပြောနေသူတွေ၊ ပစ်ကနစ်ထွက်သူတွေ စုံလို့။ ဆူနမ်တို့နဲ့ လည်ဖို့မဖြစ်နိုင်ဘူး။ မနက်ဖြန် မောင့်ဗာနွန် သွားလည်ဖို့ လက်မှတ်ကို ဘွတ်ဦးမှ။ ဖုန်းနဲ့ ဘွတ်နေတုန်း လက်ခုပ်တီးသံကြားလို့ ကြည့်လိုက်တော့ လား..လား ရှေ့မှာ တရုတ်စုံတွဲ။ ကောင်လေးက ကောင်မလေးရှေ့ ဒူးထောက် လက်ထပ်လက်စွပ်လေးကိုင်ပြီး လက်ထပ်ခွင့်တောင်းနေတာ။ ဘေးကအဖြူစုံတွဲက ဓာတ်ပုံရိုက်ပေးလို့။ အနီးအနားက လူတွေက လက်ခုပ်သြဘာပေးကြလို့။ တချို့များဆို ကွန်ကရက်ကျူလေးရှင်း သွားလုပ်ကြတယ်။ူ
တိုင်ဒယ်ဘေစင် တပတ်ပတ်ပြီးတဲ့အချိန် မောလည်းမော ဆာလည်းဆာ။ ကားတွေနဲ့ရောင်းတဲ့ ဆိုင်တွေမှာ လူတန်းကြီးက အရှည်ကြီး။ စမစ်ဆိုးနီးယမ်းဘူတာမှာ လူများလို့ အထွက်ပဲရတယ် အဝင်ကို ပိတ်ထားတယ်။ တရုတ်တန်းကိုသွားဖို့ တခြားဘူတာကို သွားစီးရမဲ့ အတူတူ လမ်းပဲ လျှောက်ပါတော့မယ်လေ။ ကယ်ပီတယ်ဘေးနား အလုပ်လုပ်ဖူးတဲ့ ရုံးဟောင်းနားဖြတ်တော့ အမှတ်တရ ဓာတ်ပုံရိုက်ဖြစ်သေးတယ်။ ရုံးတက်၊ ရုံးဆင်းချိန် ဖြတ်သွားနေကြ ဒီအိုအယ် (Department Of Labor) ရုံးဘေးနားက ပန်းခြံ၊ ရေတံခွန်ဖောင်တိန်၊ National Law Enforcement Officers Memorial တွေကို အရင်တုန်းက ဖြတ်သန်းသွားဖူးတဲ့ လမ်းအတိုင်းကပဲ သွားတယ်။ တရုတ်တန်းက စားနေကြ ဂျပန်ဆိုင်ကိုသွားတော့ မိနစ်နှစ်ဆယ် စောင့်ရမယ်ဆိုတာနဲ့ စားနေကျ Full Ke ဆိုင်က စားနေကျ ဘဲသားဆန်ပြားစွပ်ပြုတ်ကိုပဲ စားနေကျအတိုင်း စားဖြစ်တယ်။
ဗိုက်ဝတော့ နေ့လည် ၂ နာရီ ထိုးနေပြီ။ တိရစ္ဆာန်ရုံသွားပြီး ပန်ဒါကြည့်ဖို့ စိတ်ကူးထားတာ ခုနေမှ သွားရင် ည ၄ နာရီလောက်မှ ရောက်မယ်။ ၂ နာရီတည်းနဲ့ နှံ့မှာမဟုတ်ပါဘူးလေ၊ တိရစ္ဆာန်ရုံက ဘယ်အချိန်သွားသွား သွားလို့ရတယ်။ ချယ်ရီက တစ်နှစ်မှ တစ်ခါပွင့်တာ၊ မနှစ်ကလည်း မကြည့်လိုက်ရဘူး၊ အစ်မသိန်းအေး ပြောသလို ချယ်ရီတွေ ပွင့်တာကိုတော့ မြင်လိုက်ရပါရဲ့။ လေတိုက်လို့ ချယ်ရီတွေ တဖြုတ်ဖြုတ် ကြွေပါရောလား ဖြစ်သွားမှ မမြင်လိုက်ရဘဲ နေမယ်ဆိုပြီး ချယ်ရီပင်တွေ ပင်လုံးညွှတ်ပွင့်တဲ့ တိုင်ဒယ်ဘေစင်ဖက်ပဲ ခြေဦးလှည့်ပြန်တယ်။
၁၉၁၀ နှစ်နိုင်ငံချစ်ကြည်ရေးအဖြစ် ဂျပန်နိုင်ငံမြို့တော် တိုကျိုကနေ အမေရိကန်မြို့တော် ဝါရှင်တန်ဒီစီကို ချယ်ရီပင်တွေ လက်ဆောင်ပေးခဲ့ပါတယ်။ အမေရိကန်နိင်ငံရဲ့၂၇ ယောက်မြောက် သမ္မတ ဝီလီယမ်သက်ဖ် William Thaft ဇနီး သမ္မတကတော် ဟယ်လင်သက်ဖ် Helen Thaft ကို ဂုဏ်ပြုလက်ဆောင် ပေးခဲ့တာပါ။ သမ္မတကတော် ဂျပန်ကို သွားရောက်လည်ပတ်စဉ်တုန်းက ပန်းပင်တွေ ဝေဆာနေတာကို စိတ်ဝင်တစား ရှိခဲ့ပါတယ်။ အဲဒီအချိန်တုန်းက ရွှံ့ဗွက်မြေ အခု တိုင်ဒယ်ဘေစင် ဖြစ်လာမဲ့နေရာ သာယာလှပရေးကို သမ္မတကတော် ဆောင်ရွက်နေချိန်ပေါ့။ ပန်းတွေ ဖူးပွင့်နေတာကို မြင်ရတာမဟုတ်ဘဲ စိုက်ပျိုးနေတာကို မြင်ပြီးတော့ အဲဒီအချိန်တုန်းက တည်ဆောက်ဆဲဖြစ်တဲ့ ဝါရှင်တန်ဒီစီ မြို့တော်ကြီးမှာ စိုက်ပျိုးရရင် ကောင်းမှာပဲလို့ စိတ်ကူးခဲ့ပါတယ်။ သမ္မတကတော်ရဲ့အတွေး မှန်ပါတယ်။
ပန်းခြံ အလှတိုးစေဖို့ ဂျပန်က ကြီးရင့်ပြီးသား အပင်တစ်ထောင်ကျော်ကို ဝါရှင်တန်ဆီ ပို့ပေးခဲ့ပေမဲ့ အဲဒီအပင်တွေဟာ ပတ်တိုးမတ်မြစ်ကမ်းဘေးမှာ ဘယ်တော့မှ စိုက်ပျိုးခွင့် မရခဲ့ပါဘူး။ စိုက်ပျိုးရေးဋ္ဌာနက အပင်တွေကို စစ်ဆေးပြီးတဲ့အခါ အဲဒီသစ်ပင်တွေကို ဖျက်ဆီးပစ်ရမယ်လို့ ဆုံးဖြတ်ပါတယ်။ မြေကြီးမှာ ရှင်သန်ပြီးသား သစ်ပင်တွေမို့ ပိုးမွှားတွေ ပါပါတယ်။ ဂျပန် လက်ဆောင်ကို မီးရှို့ဖျက်ဆီးပစ်ဖို့ နောက်ဆုံးဆုံးဖြတ်ချက်ကို သမ္မတသက်ဖ် ကိုယ်တိုင်ချခဲ့တာပါ။ နှစ်နိုင်ငံဆက်ဆံရေး သံရေးတမန်ခင်းတွေမှာ ပြသနာနည်းနည်း ရှိခဲ့ပေမဲ့ စိုက်ပျိုးရေဋ္ဌာနရဲ့ စံချိန်စံညွှန်းတွေနဲ့ ကိုက်ညီတဲ့ အပင် ၃၀၀၀ ကျော်ကို ၁၉၁၂ မှာ ဂျပန်က ပေးအပ်ခဲ့ပါတယ်။ အဲဒီ ကနဦးအပင်တွေဟာ တိုင်ဒယ်ဘေစင်မှာ ယနေ့ထက်တိုင် ရှိနေပါသေးတယ်။
The Washington Monument and Air Force One |
Thomas Jefferson Memorial |
၁၉၁၂ ဂျပန်ဘာသာနဲ့ စိုက်ပျိုးပုံအဆင့်ဆင့် ညွှန်ကြားထားတဲ့ လက်ဆောင်တွေကို စိုက်ပျိုးတဲ့အခါ ဘယ်သူကမှ အဲဒီညွှန်ကြားချက်ကို ဖတ်ဖို့ စိတ်အနှောင့်အယှက် မဖြစ်ကြပါဘူး။ အပင်တွေကို နီးနီးကပ်ကပ် စိုက်ပျိုးဖို့ အားပေးပေမဲ့ အဲဒီအစား တိုင်ဒယ်ဘေစင်ကန်စပ်နဲ့ နီးနီးကပ်ကပ်ကို စိုက်ပျိုးခဲ့တာပါ။ အကိုင်းအခက်တွေ ဆက်နွှယ်ပြီးတော့ ချစ်စရာ့တိမ်ဆိုင်သဏ္ဍန် ဖြစ်နေပြီး နဂိုမူရင်း အမြင့်လောက် မရှိနိုင်တော့ဘူး။ ဒါ့ကြောင့်လည်း ဒီကချယ်ရီပင်တွေက နည်းနည်းသေးတာပေါ့။ လက်ရှိသမ္မတကတော်တွေက ချယ်ရီပင် စိုက်ပျိုး၊ ဆီးမီးတိုင် ထွန်းညှိပြီး ချယ်ရီပွဲတော်ကို အစဉ်အလာမပျက် ဖွင့်လှစ်လေ့ရှိပါတယ်။ ချယ်ရီတွေ မခူးဖို့ သတိပေးပေမဲ့လည်း နှစ်စဉ်နှစ်တိုင်း ချယ်ရီကိုင်းတွေ ချိုးဖျက်ခဲ့ရပါတယ်။
ညနေစောင်းရောက်တော့ လူတွေ ပိုစည်ပါတယ်။ တဘူတာ အဝေးက ဝါတားဖရန့်မှာ စင်တင်တေးဂီတ၊ ပျော်ပွဲရွှင်ပွဲ၊ မိသားစုဆင်နွှဲလို့ရတဲ့ ဂိမ်းတွေ၊ ပတ်တိုးမတ်မြစ်ပေါ်မှာ လှေလှော်၊ ကနူးပြိုင်ပွဲတွေ ရှိပါတယ်။ ည ၈ နာရီမှာ ဖောက်မဲ့ မီးရှုးမီးပန်းကို စောင့်မကြည့်နိုင်တော့ဘူး ခေါင်းတွေ တစစ်စစ် ကိုက်လို့။ ကန်တက်ကီဒါဘီ Kentucky Derby ပွဲပြီးရင် ကျင်းပတဲ့ မြောက်အမေရိကတိုက်မှာ အကြီးကျယ်ဆုံး မီးရှုးမီးပန်းပွဲတော်ဖြစ်တဲ့ သန်ဒါအိုဗာ လူဝီဗီလ် Thunder Over Louisville ကို နွှဲဖူးထားတဲ့သူမို့ ဒီမီးရှုးမီးပန်းဖောက်တာလေးကို စာမဖွဲ့တော့ပါဘူး ။ မနှစ်က 4th July နယူးယောက် ဟူဆန် Hudson မြစ်ပေါ်မှာဖောက်တဲ့ မေစီ Macys မီးရှုးမီးပန်းက နာမည်ကြီးတယ်ဆိုလို့သွားတာ အရောက်နောက်ကျသွားလို့ ဟိုးအစွန်အဖျားမှာ နေရာရလို့ပဲလားမသိ။ သန်ဒါအိုဗာလူဝီဗီလ်ပွဲလောက် မလှဘူးလို့ တွေးမိတယ်။
အပြန် ဘူတာရုံကို ၁၅ မိနစ်လောက် ပတ်ရှာရတယ်။ သြော်...ဒီစီမြေကို မနင်းရတာ ငါးလလောက်ပဲ ရှိသေးတယ် ခြေရာချင်းထပ်အောင် သွားလာဖူးတယ်ဆိုတဲ့ လမ်းတွေကို မေ့ကုန်ပါရောလား။ မြန်မာပြည်မှာတော့ နှစ်သစ်ကူး သင်္ကြန်ပွဲချိန်ပေါ့။ နယူးယောက်၊ မေရီလန်းက မြန်မာဘုန်ကြီးကျောင်းတွေမှာ စတုဒီသာ ကျွှေးမွှေးပွဲတွေ၊ အတီးအမှုတ်၊ နိဗ္ဗာန်ဈေးပွဲတော်တွေနဲ့ စည်ကားနေမှာ။ ချယ်ရီပင်အောက်ကနေ ပိတောက်ပန်း ဝါဝါလေးတွေကို သတိရမိသား။ ချယ်ရီပွဲတော် တကယ်တကယ့်ကို စည်ပါတယ်။ ချယ်ရီပန်းတွေကလည်း တကယ်တကယ့်ကို လှပါတယ်။ အခွင့်အခါသင့်ရင် ဝါရှင်တန်ဒီစီ ချယ်ရီပွဲတော်ကို နွှဲပျော်ဖို့ တိုက်တွန်းချင်ပါတယ်။ နောက်နေ့ပတ်တိုးမတ်မြစ်အတိုင်း စုန်ဆင်းပြီး အမေရိကန်တွေရဲ့ သူရဲကောင်း၊ ဗြိတိသျှတွေဆီကနေ လွတ်လပ်ရေးရအောင် တိုက်ပွဲဝင်တဲ့ လွတ်လပ်ရေး ဖခင်ကြီး ၊ စစ်ဗိုလ်ချုပ်၊ အမေရိကန်နိုင်ငံရဲ့ ပထမဆုံးသမ္မတ ဂျော့ဝါရှင်တန်ရဲ့ စံအိမ်ရှိတဲ့ Mount Vernon မောင့်ဗာနွန်သွား တောလားကိုတော့ နောက်တပတ်မှ ဆက်ပါဦးမယ် ။
ဘိုင်သယ်ဝေး...စကားမစပ်
အလည်လာတဲ့ မိတ်ဆွေ၊ သူငယ်ချင်းတွေ
စိတ်ချမ်းသာ ကိုယ်ကျန်းမာပြီး
မင်္ဂလာရှိတဲ့ နှစ်သစ် ဖြစ်ပါစေ။
Happy Traveling!
စန်းထွန်း
ဧပရယ် ၁၈၊ ၂၀၁၄။
ရေးခဲ့ဖူးတာ
နွေဦးတွင် ချယ်ရီဝေသောမြို့
Reference
http://news.yahoo.com/blogs/power-players-abc-news/complicated-roots-the-story-behind-washingtons-iconic-cherry-blossom-trees-214513117.html
6 comments:
We were on the same path.. lolz
I wish I could go there but I didn't get a chance to do. BTW, I am same batch with u in UCSY & recently moved to NY from SG. Happy New Year!
JJ
စန်းထွန်းရေ..
မမအို်င်အိုရာ
ရိုက်တဲ့သူကလည်းတော်..
Mrs. Bagel said...
အစ်မ စန်းထွန်း ရေးတာနဲ့ မြတ်ကြည်လည်း အရင် ရိုက်ထားတဲ့ ချယ်ရီ ဓာတ်ပုံလေးတွေနဲ့ ပို့စ်ရေးဖို့ အကြံရသွားပြီ။ မင်္ဂလာ နှစ်သစ်ကူးပါ အစ်မ။
April 18, 2014 at 11:43 AM
Anonymous said...
စန်းထွန်းရေ..
ဒီပို့စ်လေးမျှော်နေတာ..ချယ်ရီပွဲတော်ကိုသွားမယ်လို့
ကျုံးဝါးထားတဲ့စန်းထွန်းကိုသတိရနေတာ။
သူငယ်ချင်းတစ်ယောက်ကအဲကိုသွားပြီးဓါတ်ပုံတွေမျက်နှာစာအုပ်မှာတင်တော့ပိုသတိရနေတာ။
ဓါတ်ပုံလေးတွေလည်းလှတယ် ကိုယ်တိုင်ရောက်သွားသလိုပါဘဲ။
မင်္ဂလာနှစ်သစ်ပါစန်းထွန်းရေ။
မမအိုင်အိုရာ
April 18, 2014 at 12:01 PM
မီးမီးငယ် said...
ဓါတ်ပုံတွေလည်းလှ၊ချယ်ရီတွေလည်းလှ၊
ရိုက်တဲ့သူကလည်းတော်..
ကိုယ်တော့ခုတလောဘယ်မှသွားနိုင်သေးမယ်မထင်ဘူး၊
သူများတွေသွားတာဘဲသားရေကျပြီးငေးမောနေရတယ်ကွယ်…
မင်္ဂလာနှစ်သစ်ပါနော်..
April 18, 2014 at 6:52 PM
Post a Comment