အမှတ်တရ....
ဘဝရထား စီးနေတုန်း ခရီးအစကနေ ခရီးအဆုံး ကိုယ်နဲ့အတူ တလှေတည်းစီး တခရီးတည်း သွားတဲ့သူက အရှားသား။ တက်တဲ့သူကတက် ဆင်းတဲ့သူကဆင်း ရေစက်ရှိလို့ ဆုံကြတဲ့ခဏလေးမှာ တချို့ကလည်း သူငယ်ချင်းမိတ်ဆွေတွေဖြစ်။ တချို့က တက်လာမှန်း၊ အတူတူ စီးခဲ့မှန်းတောင် မသိလိုက်။ တချို့ကတော့ မျက်မှန်းတော့ တန်းမိပါရဲ့ အသိမိတ်တွေတော့ ဖြစ်မလာ။ တချို့ကိုတော့ ဟွန့် ဘယ်လိုပုံစံပါလိမ့် အချိုးကိုမပြေဘူးနဲ့ မြင်ကတည်းက ကြည့်မရ။ တချို့ကတော့ တိုက်မိ၊ တက်နင်းမိကြလို့ အမြင်မကြည်။ တချို့ကတာ့ စကားလေး နည်းနည်းပြောဖူးရုံ  သိကျွှမ်းဖူးရုံနဲ့ သူတော့ မသိဘူး ကိုယ်ကတော့ ကျေနပ်နေတတ်တယ်။ ဟော... တခါတလေများ သူ ရထားပေါ် တက်လာရင် လှမ်းခေါ်လို့လည်း မကြား သူကလည်း ကိုယ့်ကိုမမြင်။ အဝေးကနေ လှမ်းမြင်ရ နှုတ်ဆက်ချင်၊ စကားပြောချင်တာများ ကိုယ့်ကို မြင်လေမလားလို့ လှည့်လှည့် အကြည့်ကောင်းတာ ဘေးကလူတွေတောင် သတိထားမိတယ်။
စိတ်ဓာတ်၊ စရိုက်ချင်းတူတဲ့ သူငယ်ချင်းမိတ်တွေတွ၊ အမူအကျင့် မတူပေတဲ့ သူငယ်ချင်းမိတ်တွေတွေ၊ သိရုံပဲသိ စိတ်ဓာတ်မတူတဲ့သူတွေ၊ အစားကောင်း စားရရင်၊ စာအုပ်ကောင်း ဖတ်ရရင် အမြဲသတိရမိသူတွေ၊ ဒီလိုနေရာမျိုးဆိုရင်တော့ သူအရမ်းသဘောကျမှာလို့ တွေးမိတဲ့သူတွေ။ ကိုယ့်မိသားစု၊ သူငယ်ချင်းတွေကတော့ ကိုယ်အမြဲ အမှတ်တရရှိနေသူတွေ။ ဒီလိုမဟုတ်ဘဲ အမှတ်မထင် ဖျပ်ခနဲ အကြောင်းတိုက်ဆိုင်မှ သတိရသွားသူတွေလည်း ရှိတယ်။ တချို့ကတော့ သတိရစရာ ဘယ်လိုအမှတ်တရမျိုးမှ မရှိခဲ့လို့ သတိလုံးဝမရ။
သူနဲ့ကိုယ် စခဲ့သိတာ ဘွဲ့လွန်သင်တန်းတစ်ခု တက်တုန်းကပေါ့။ သူက ဆရာကို မေးခွန်းအမြဲမေးတဲ့၊ ဆရာက မေးခွန်းတခု မေးလိုက်တိုင်း ဖြေဖို့လက်အရင်ထောင်တဲ့သူ၊ စာတော်တဲ့ကျောင်းသားတစ်ယောက်။ ဆရာ့မေးခွန်းကိုဖြေဖို့ သူက လက်ထောင်တိုင်း ဘယ်တော့မှ မေးခွန်းမမေး၊ စာသင်ချိန်မှာ ခိုးငိုက်တတ်တဲ့ ကိုယ်ကို ဆရာက ရယ်ရယ်မောမောနဲ့ သူ တခါမှ မေးခွန်းမမေးသေးဘူးကွ၊ မမေးလိုက်ရဘူး မဖြစ်လိုက်ရအောင် သူ့ကို အခွင့်အရေးပေးလိုက်ပါဦးလို့ပြောရင် ဒင်းကြောင့် စာမေးခံရတာလို့ ကိုယ်က မကြေမနပ် ဘုကြည့် ကြည့်။ သူကလည်း သူ မဖြေရလို့ မျက်မှောင်ကြုတ်ကြည့်။ သူ့မျက်လုံးတွေက ကိုယ်သဘောကျတဲ့ မျက်ဝန်းနက်နက် ဝိုင်းဝိုင်းလေးလေးတွေ။
ကိုယ်ကတော့ အတန်းချိန်ပြီးတာနဲ့ အခန်းထဲက အရင်ဆုံး ထွက်တတ်သူ၊ သူငယ်ချင်းတွေ တရုန်းရုန်း ဗရုတ်ကျတတ်သူ။ သူကတော့ အိမ်စာတွေကို ကျောင်းမှာအပြီးလုပ်တဲ့သူ၊ ဆရာ့ရုံးခန်းမှာ စာတွေ မေးနေတတ်သူ။ စာမေးပွဲနီးပြီ စာလုပ်ဦးမှ တိတ်ဆိတ်တဲ့ စာကြည့်တိုက်မှာ စာကြည့်ရင်တော့ဖြင့် စာတွေ ပိုမှတ်မိမှာပဲဆိုပြီး ကိုယ်ရှာဖွေတွေ့ရှိထားတဲ့ လူရှင်းတဲ့ ချောင်လေးဆီအသွား ပြတင်းပေါက်ကနေ မနက်နေခြည်နုနုလေးက  ဖြာကျနေပြီး ဘေးတိုက်မြင်ရတဲ့ သူ့ကို အနားသတ်ပေးထားကာ နေရောင်ခြည်တွေ လင်းလက်နေတဲ့ အိန်ဂျယ်လေးလားလို့ ထင်မှတ်သွားတယ်။ ခေါင်းလေးအငဲ့ ဆံနွှယ်အဝေ့မှာ ကိုယ့်ကို တွေ့လိုက်ရတော့ နှစ်နှစ်ခြိုက်ခြိုက် သူ ပြုံးပြတယ်။ မနေ့ကတောင် ကိုယ် ဒီကိုရောက်သေးတယ် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေတဲ့သူတစ်ယောက်ကို အနှောင့်အယှက် မပေးချင်လို့။ ဘုရားရေ...မနေ့က ကိုယ် ဒီနေရာမှာ စာအုပ်ကိုခေါင်းခု အိပ်ပျော်နေတာ။
ရှက်စိတ်နဲ့ ထူပူရင်း ဘယ်သူလဲလို့ မေးဖို့ကြည့်လိုက်တော့ သူက စာအုပ်ကို စိတ်ဝင်တစား ဖတ်နေလေရဲ့။ ညနေစောင်း ကိုယ့်သူငယ်ချင်းတွေနဲ့ညစာစားဖို့ လမ်းလျှောက်သွားကြတော့ ဟိုဖက်လမ်းမမှာ စက်ဘီးစီးလာတဲ့ သူ့ကိုတွေ့တော့ ကိုယ်က ဝမ်းသာအားရ လမ်းပြနှုတ်ဆက်တယ်။ မမြင်လို့ပဲလား၊ မနှုတ်ဆက်ချင်လို့ပဲလား၊ ဗရုတ်ကျတဲ့ ကိုယ့်သူငယ်ချင်းတွေကို လန့်လို့ပဲလား  ခေါင်းလေးစောင်းငဲ့ကြည့်တယ်လို့တော့ ကိုယ် ထင်မိသား။ ကိုယ့်သူငယ်ချင်းတွေကတော့ အဲဒီအမူအကျင့်တွေကို မကြိုက်လို့ အပေါင်းအသင်း မလုပ်တာတဲ့။ စာတော်တဲ့ကျောင်းသား၊ ဆရာတွေ ချစ်တဲ့ကျောင်းသား၊ ရုပ်ရည်ပြေပျစ်တဲ့ ကျောင်းသားကလွဲရင် သူ့အကြောင်း ကိုယ်တို့မသိကြဘူး။ သူကလည်း သီးသန့်ဆန်တယ်။
သင်တန်းတစ်ခုမှာ သူနဲ့ပြန်ဆုံကြတော့  သူက တီအေ ဆရာ့လက်ထောက်။ မနက်တိုင်း ဖြေရတဲ့ ညဏ်စမ်းစာမေးပွဲတွေ၊ နေ့တိုင်တင်ရတဲ့ အိမ်စာတွေ၊ ကျောင်းသားတယောက်ချင်းစီရဲ့ ပရောဂျက်၊ အုပ်စုလိုက် ပရောဂျက်။ ပရောဂျက်တွေပိလို့ ကိုယ်တင်တာ နောက်ကျ၊ မပြီးသေးတဲ့ ကိုယ့်ပရောဂျက်တွေကို သူ ကူညီတယ်။ ကျောင်းကနေ ထွက်ခွာနီး ကိုယ်ချစ်တဲ့ ဆရာ၊ ဆရာမ၊ ဆေးမထိုးချင်ဘူး၊ ဆေးပဲသောက်မယ်လို့ ကိုယ်ဂျီကျတာကို စိတ်ရှည်လက်ရှည် ချော့မော့၊ မနာအောင် ဆေးထိုးပေးတတ်တဲ့ ဆရာဝန်။ သူတို့ကို နှုတ်ဆက်လက်ဆောင် ပန်းအိုးလေးတွေပေးရင်း ကြိုက်တာရွေးလို့သူ့အတွက် ပန်းအိုးလက်ဆောင် ရွေးခိုင်းတော့ ခရမ်းရောင်ပန်းပွင့် သေးသေးလေးတွေပါတဲ့ ပန်းအိုးလေးရွေးတယ်။
ကဒ်လက်ဆောင်ကို ဖွင့်ဖတ်ခိုင်းတော့ ဟား...မင်း ကိုယ့် မွေးနေ့ကို သိတယ်ဆိုပြီး တအံ့တသြ ဖြစ်သွားတယ်။ သူ ဘယ်လောက်လျှို့ဝှက် လျှို့ဝှက်  ကိုယ်သိပါတယ်ဆိုတဲ့ အပြုံးမျိုး ကိုယ် ပြုံးမိလေသလားပဲ။ ပြောလိုက်ချင်တယ် သူ့မွေးနေ့ကို တွစ်တာကနေ ကိုယ် မတော်တဆ သိတာကလွဲလို့ သူ့အကြောင်း ကိုယ် ဘာမှမသိဘူးလို့။ နောက်တစ်နှစ်လောက် အကြာမှာ  ကိုယ့်ညီမဝမ်းကွဲလေး အဲဒီကျောင်းမှာ ဘွဲ့ကြိုတက်လို့ ကိုယ်သွားတွေ့တုန်း သူနဲ့ အမှတ်မထင် တွေ့ခဲ့သေးတယ်။ ကိုယ်တို့မှန်းတဲ့အတိုင်း သူ အဲဒီကျောင်းမှာ ဆရာဖြစ်တယ်။  မတွေ့တာတောင် ကြာပြီနော်လို့ ဝမ်းသာအားရ နှုတ်ဆက်ပေမဲ့ ဝမ်းနည်းမိတာက သူ ကိုယ့်နာမည်ကို မမှတ်မိဘူး။ ကိုယ်နေတဲ့မြို့ကို ပြောတော့ သြော် ဝေးသားနော်တဲ့။ ကျောင်းအတူတူ တက်ဖူးကြပေမဲ့ ခင်မင်ရင်းနှီးသူမဟုတ်တော့ သူနဲ့ကိုယ့်ကြား စကားလုံးတွေ ရှားပါးလွန်းတယ်။
သူလား အရင်အတိုင်း မပြောင်းမလဲ ချောမောခန့်ညားဆဲ၊ ထက်မြက်တက်ကြွ လန်းဆန်းဆဲ၊ လျှို့ဝှက်မြဲ။ နဖူးပေါ်ဝဲနေတဲ့ ဆံနွှယ်လေးတွေကို ခေါင်းလေးငဲ့ကာ သပ်တင်တတ်တဲ့သူကို မြင်ရင် အဲဒီလိုမျိုး ခေါင်းလေးငဲ့တတ်တဲ့သူ တစ်ယောက်ကို သတိရမိတယ်။ ကိုယ် သူ့ကို ချစ်တယ်လို့လည်း မဆိုနိုင်ဘူး။ သူကလည်း လျှို့ဝှက်တော့ နည်းနည်းတော့ စိတ်ဝင်စားမိတယ် ထင်ပါရဲ့။ သူနဲ့ကိုယ် သူငယ်ချင်းမိတ်ဆွေ မဖြစ်နိုင်။ အဝေးကနေကြည့်ပြီး တိုက်ဆိုင်မှုတွေရှိလာခဲ့ရင် ခဏလောက် သတိရရုံထက် မပိုခဲ့။
သူ ရာထူးတိုးတဲ့အကြောင်း ဆိုရှယ်မီဒီယာဆိုဒ်တခုမှာ တွေ့လိုက်တော့ စိတ်ထဲကနေ ကွန်ကရက်ကျူလေးရှင်း ပြောမိပေမဲ့ စာတတန်ပေတတန် သွားမရေးဖြစ်ခဲ့။ လောကဓံလှိုင်းတွေကြောင့်  သူ့နှုတ်ခမ်းက ချိုသာတဲ့အပြုံးတွေ၊ နွေးထွေးတဲ့ မျက်ဝန်းအကြည့်တွေ ပျောက်ဆုံးနေတဲ့ သူ့ဓာတ်ပုံသစ်ကို တွေ့လိုက်ရတာ ကိုယ်သိကျွှမ်းဖူးတဲ့ သူတယောက်နဲ့ လုံးလုံးမတူတော့သလို။ ဘယ်တုန်းကမှ ကိုယ်မသိဖူးတဲ့ တစိမ်းပြင်ပြင် တစ်ယောက်ကို တွေ့လိုက်ရသလို။ နဖူးပေါ်ဝဲနေတဲ့ ဆံနွယ်တွေအစား တိုတိုကပ်ကပ်လေးတွေ။ တခါမှ သူနဲ့တွဲမမြင်ဘူးတဲ့ မုတ်ဆိတ်၊ နှုတ်ခမ်းမွှေးတွေ၊ မျက်ဝန်းတောက်တောက်လေးတွေအစား မျက်မှန်အောက်က ရီဝေနေတဲ့ မျက်လုံးတွေ။
တခြားလူတယောက်ကို တွေ့လိုက်ရသလိုမျိုး ကိုယ် ခံစားမိတော့ ကိုယ့်အရင်တုန်းက ဓာတ်ပုံတွေ၊ ခုဓာတ်ပုံတွေကို ပြန်ကြည့်မိတယ်။ လွန်ခဲ့တဲ့သုံးနှစ်တုန်းက ကိုယ့်မျက်နှာ ဖောင်းဖောင်းလေးက ခုတော့ ပါးတွေချောင်လို့။ နှစ်နှစ်ခြိုက်ခြိုက် ပြုံးနေတတ်တဲ့ ကိုယ့်အပြုံးတွေက မပီမပြင်။ မျှော်လင့်ချက်၊ စိတ်ကူးအိမ်မက်တွေနဲ့ တောက်ပလင်းလက်နေတတ်တဲ့ ကိုယ့်မျက်လုံးတွေက ဖျော့တော့မှိန်ရီလို့။ ကိုယ်လည်း တခြားသူတယောက် ဖြစ်နေပါရောလား။
နဖူးပေါ်ဝဲနေတဲ့ ဆံနွှယ်လေးတွေကို ခေါင်းလေးငဲ့ကာ သပ်တင်တဲ့သူကိုတွေ့တဲ့အခါ  အရင်တုန်းက အဲဒီလို ခေါင်းလေးငဲ့ဖူးတဲ့ သူ့ကို  ကိုယ် အမှတ်တရ သတိရလေမလား။ ခုတော့ သူ ဆံနွှယ်တွေကို မသပ်တင်တော့ပါ။ စာသင်ချိန်မှာ မျက်မှန်ကွယ်ပြီး ခိုးငိုက်၊ စာသင်ခန်းမှာ ဘယ်တော့မှ မေးခွန်းမမေး၊ စာကြည့်တိုက်ရဲ့ လူအရှင်းဆုံး ချောင်တချောင်မှာ စာအုပ်ကိုခေါင်းခု အိပ်ငိုက်တတ်တဲ့သူတွေကို တွေ့ရင် သူ ကိုယ့်ကိုများ သတိရလေမလား။ ခုတော့ ကိုယ် အရင်လို အိပ်မပျော်တော့ပါ။ ကိုယ့်အတွက် သူ့ရဲ့ အမှတ်တရတွေ မှုန်ဝါးလာလို့ ပျောက်ကွယ်သွားတော့လေမလား။ ကိုယ်ကသာ အမှတ်တရ ရှိခဲ့ပေမဲ့ သူ့က အမှတ်တရ မရှိခဲ့တာလား။ သူဟာ ကိုယ့်အတွက် အဖြေမရှိတဲ့ ပုစ္ဆာတစ်ပုဒ်။
စန်းထွန်း
ဖေဖေါ်ဝါရီ ၁၉ ၊ ၂၀၁၄။
10 comments:
MgMyo said...
Aunty Tint said...
မေတ္တာဖြင့်
တီတင့်
ဟန်ကြည် said...
မီးမီးငယျ said...
တကယ်လူကြီးဆန်လာပြီ၊
ဘဝရထားကြီးမှာ
စီးသွားနေရတာ
ပျော်ပျော်ပေါ့ကွာ..
မောလွန်းလို့...
Anonymous said...
Wow!!
Not easy but you can do it.
Khine
Anonymous said...
ချစ်သောမမအိုင်အိုရာ
Anonymous said...
အမြဲ အားပေးနေတယ်နော်
San San Htun said...
MgMyo said...
ဒီ စာကလေး သိပ်ကြိုက်တယ် ဖတ်ရင်း ရေးသူနဲ့ အကျင့်ဆိုးတူတာလေးတွေလည်း သွားသတိထားမိတယ် ။
ဟုတ်ပါရဲ့ တစ်ခါတလေ ဘဝမှာ ကြုံတွေ ဆုံကွဲဖြစ်ခဲ့ရတာတွေလည်း တယ်များသားလို့ ပြန်တွေးမိပါရဲ့ အလုပ်မှာ ကိုယ်အရမ်းခင်တဲ့ သူတွေ အလုပ်ထွက်ခါနီးတဲ့ ပွေ့ဖက်နှုတ်ဆက်ရင်း ဖုန်းဆက် မက်ဆေ့ပို့နော် အဆက်သွယ်မဖြတ်နဲ့လို့ပြောတုန်းက ကြားရင် ကိုယ်စီ ဘဝလမ်းမှာ မေ့သွားကြမှာပါလေတဲ့ ။
တစ်ချို့ ကြုံတွေ့ရသူတွေကတော့ ခံစားချက် ထူးထူးခြားခြားကလေးတွေ ရှိကြပေမယ့် လမ်းခွဲချိန်ကျတော့ တစ်ယောက်နဲ့တစ်ယောက် ဘာမှမသိကြတော့သလို ဒီနေရာမှာလူမသိ သူမသိ ခံစားချက်လေးတိတ်တခိုးရှိနေရင်တော့ ပိုခံစားရမယ်ထင်ပါ့ဗျာ ။
ဒီပို့စ်လေးက ကျနော့်ကို စာရေးချင်စိတ် ဖြစ်စေသွားပြီးရေးအုံးမယ် း)))
February 19, 2014 at 3:43 AM
Aunty Tint said...
အမှတ်တမဲ့လေးကတောင် အမှတ်တရအဖြစ် ကျန်နိုင်သေးတာမို့ သူ့အတွက် အမှတ်တရလေးတွေဟာ ဘယ်တော့မှ ပျောက်ကွယ်သွားမယ်မထင်ဘူး စန်းရေ..
ဟန်ကိုယ့်ဘို့ဆိုတာ လူတိုင်းအဖို့ရှိနေလို့ဖြစ်မှာပါ..
စန်းစန်းရဲ့ ဆောင်းပါးလေး ကောင်းတယ်
မေတ္တာဖြင့်
တီတင့်
February 19, 2014 at 3:47 AM
ဟန်ကြည် said...
အမှတ်တရဖြစ်လာခဲ့ပေမယ့် တစ်ဘဝလုံးအတွက် ဖြစ်မလာခဲ့တဲ့ အမှတ်တမဲ့တွေ အများကြီးထဲမှာ တစ်စုံတစ်ရာကတော့ လူတိုင်းရဲ့ရင်ထဲမှာ နက်နက်ရှိုင်းရှိုင်း ခိုတွယ်နေစမြဲပေါ့ စန်းထွန်းရေ...ဒါလေးဖတ်ပြီးတော့ အတိတ်နယ်မြေဆီကို တကျော့ပြန်သွားလိုက်မိတယ်...လွမ်းစရာကြီးပဲ...
February 19, 2014 at 7:48 AM
သူကြီးမင်း (တုံးဖလား) said...
စန်းထွန်းတစ်ယောက် သိင်္ဂါရရသ လေသံတွေ ပါလာပြီ။ ဒါဆို မရိုးတော့ဘူး။ း)
သူကြီးမင်းကတော့ မေ့မေ့ပျောက်ပျောက် ဖြစ်တတ်တာ များတယ်။ မှတ်မိရုံကလွဲပြီး သတိရတမ်းတ မနေတတ်ဘူး။ ဒါကြောင့် လူတွေက ပြောကြတယ်။ လူ့ဂွစာကြီးတဲ့။ မေတ္တာခေါင်းပါးသူကြီးတဲ့။ ဒါပေမဲ့ အမှန်တကယ်က ဘယ်သူနဲ့မှ မတူတဲ့ မေတ္တာတွေ ရင်ထဲ အပြည့်ရယ်။ း)
February 19, 2014 at 7:55 AM
မီးမီးငယ် said...
တကယ်လူကြီးဆန်လာပြီ၊
ဘဝရထားကြီးမှာ
စီးသွားနေရတာ
ဘယ်အချိန်ဘူတာဆိုက်မှန်းမသိဘူး...
ပျော်ပျော်ပေါ့ကွာ..
သိပ်စိတ်ထဲမထားတော့ဘူး..
မောလွန်းလို့...
February 19, 2014 at 8:33 AM
Anonymous said...
ကိုယ်လည်းတခြားသူတစ်ယောက်ဖြစ်နေပါရောလား..လို့ကိုယ့်ကိုကိုယ်ခဏခဏသတိထားမိတယ် အသက်ကြီးလာဘဝရထားစီးချိန်ကြာလာတော့...
အရင်တုန်းကသိပ်ခံစားရတာတွေလည်းခုချိန်ကျတော့ဘာလို့များအဲလိုခံစားခဲ့ရတာပါလိမ့်..ပျော့ညံ့လိုက်တာလို့တွေးမိလားတွေးမိရဲ့...
အရင်တုန်းကမာကျောခဲ့တာတွေကိုလည်းခုချိန်ကျတော့ဘာလို့များအဲလောက်အကြောမာခဲ့ရပါလိမ့်လို့..တွေးမိလားတွေးမိရဲ့....
တကယ်မမေ့တမ်းမပြောင်းလဲတမ်းတွယ်တာမိသူနဲ့ဘဝရထားအတူစီးနိုင်ပါစေလို့....
ချစ်သောမမအိုင်အိုရာ
February 19, 2014 at 10:15 PM
မြတ်ပန်းနွယ် (Myat Pan Nwe) said...
အက်ဆေးလေးက ဖတ်ရတာ သိပ်ပြီး ဆွဲဆောင်မှု ရှိတာပဲ။ အစကနေ အဆုံးထိ .. ဖတ်ရတာ အရသာရှိလိုက်တာ။
February 20, 2014 at 6:51 AM
Anonymous said...
နောက်ဆုံးအထိ ဆွဲခေါ်သွားတယ်
အမြဲ အားပေးနေတယ်နော်
February 21, 2014 at 5:21 AM