ပန်းသီးစားကြသူများ...

နိုင်ငံရပ်ခြားကို ရောက်ကတည်းက အိမ်ခန်းဝယ်ဖို့ထား ။ အိမ်ခန်းငှားဖို့တောင် မတတ်နိုင်လို့ Room Shared  လို့ခေါ်တဲ့ အခန်းတွေမှာ ရှယ်နေ။ Roomate လို့ခေါ်ကြတဲ့ အခန်းဖော်တွေရ။ ဝါသနာတူ၊ စရိုက်တူရင် အခန်းဖော်ကနေ သူငယ်ချင်းတောင် ဖြစ်နိုင်ပေမဲ့ ညှိလို့မရ၊ စရိုက်မတူရင် သူပြောင်းရင် ပြောင်း၊ မပြောင်းရင် ကိုယ်ပြောင်းပဲ။

ခြင်္သေ့ကျွှန်းမှာ ကျောင်းလာတက်တော့ မကြီးက ကျောင်းနဲ့နီးတဲ့ နေရာမှာ ရှာပေးထားတယ်။ အဲဒီအိမ်ကို ဘာဖြစ်လို့ ရွေးတာလဲဆိုတော့ ဈေးလည်းသက်သာ၊ အခန်းဖော်တွေကလည်း ကျွှန်မနဲ့ တက္ကသိုလ် အတူတူတက်ခဲ့ကြသူတွေ ဖြစ်သလို စင်္ကာပူမှာ ကျွှန်မ  တက်မဲ့ကျောင်းက ကျောင်းထွက်တွေ။ မကြီး အိမ်သွားကြည့်တုန်းက ညစ်ပတ်နေတော့ သန့်ရှင်းရေး သိပ်မလုပ်ဘူး၊ ဘီးစီးတဲ့ကျောင်းသူနဲ့ အကိုက်ပဲဆိုပြီး ယူလိုက်တာတဲ့။ အဲဒီတုန်းက သူထင်တာ မှန်ပေမဲ့ နောက်ပိုင်းကျတော့ တက်တက်စင်အောင် လွဲတော့တာပဲ။

စင်္ကာပူက အိမ်အများစုက တပတ်တခါ သန့်ရှင်းရေးကို အလှည့်နဲ့ လုပ်ကြတယ်။ အဲဒီအိမ်မှာ အရင်တုန်းက သန့်ရှင်းရေးဆိုတာ သတ်သတ်မှတ်မှတ် မရှိဘဲ မနေနိုင်တဲ့သူကပဲ လုပ်ပါသတဲ့။ ကံဆိုးချင်တော့ ကျွှန်မ ပြောင်းပြီးတော့မှ သန့်ရှင်းရေးကို သတ်သတ်မှတ်မှတ် လုပ်ကြတော့တယ်။ လုပ်မဲ့လုပ်တော့လည်း တပတ်တခါ မဟုတ်ပဲ နေ့တိုင်းသန့်ရှင်းရေး ။ ၆ ယောက်ရှိတော့ ၆ ရက် သန့်ရှင်းရေး။ ဖွမဲ့ကလေး ရှိတာလည်းမဟုတ် အားလုံးကလည်း အသက် ၂၅ နှစ်ကျော် သိတတ်ကြတဲ့သူတွေ။

Empire State Building 

မနက် ၇ နာရီခွဲ အိပ်ယာထ ရေမိုးချိုး  ၈ နာရီ ကလယ်မန်းတီးကနေထွက်တဲ့ ကျောင်းရှယ်တယ်ဘတ်စ်ကိုမှီဖို့ ရထားစီး။ ည ၁၁ နာရီခွဲ နောက်ဆုံးဘတ်စ်ကားစီး နောက်ဆုံးရထားစီးပြီး အိမ်ပြန်။ စနေ၊ တနင်္ဂနွေ ပိတ်ရက်တွေဆိုရင်လည်း ကျောင်းမှာ။ သိပ်မဘီးစီးရင် မကြီးဆီကိုသွား။  သူတို့တွေက စိတ်ပူကြတယ် မကြီး ညအိပ်ညနေ လာမှာကို။ သူတို့ထင်သလို ဖြစ်မလာဘဲ ကျွှန်မကသာ မကြီးဆီကို သွားနေတတ်တယ်။

အခန်းဖော်က မနက်စောစော ရုံးတက်ရသူမို့လို့ ည ၁၁ နာရီခွဲဆို အိပ်ပြီ။ သူအိပ်ပြီဆိုရင် မအိပ်သေးတဲ့သူတွေက ဧည့်ခန်းထဲထွက်၊ နားကြပ်တပ်။ မနက်ဖက်ဆိုရင် ရုံးသွား၊ ကျောင်းသွားကြမဲ့သူတွေ တန်းစီနေတာမို့ ရေချိုးခန်း၊ အိမ်သာဝင်ရင် ဇိမ်ဆွဲ အကြာကြီးဝင်လို့မရဘူး။ ဝမ်းချုပ်တတ်တဲ့သူတွေ၊ အိမ်သာဝင်တာ ကြာတဲ့သူတွေ ဒုက္ခတွေ့တော့တာပဲ။ သမီးက အိမ်သာဝင်ရင် ကြာတယ်။ ရေချိုးခန်းသုံးဖို့ စောင့်နေမှန်းသိရင် ကောင်းကောင်းမသွားချင်ဘူး။ ဒီတော့ မနက်အစောကြီး သူတို့တွေ အိပ်နေတုန်း အိပ်ယာထပြီး ကိစ္စရှင်းထားရတယ်။ တခါတလေများ ရေချိုးခန်းမအားလို့ ဘူတာရုံက အိမ်သာဆီကို ပြေးရတယ်လို့ ရယ်ကာမောကာ သူ့အဖြစ်အပျက်တွေ ပြောပြရင် ကျွှန်မတို့မှာ ဝိုင်းမဟားနိုင်ဘူး။ ကိုယ်တိုင်ကြံ ုတွေ့ရမဲ့ အဖြစ်တွေလေ။

ကျောင်းပြီးတော့ မကြီးဆီမှာ သွားနေတော့မယ်လို့ တလနို့တစ်ပေးတော့ သူတို့အိမ်ငှားစာချုပ်က နောက်တလဆို ကုန်ပြီ။ တလတည်းနေဖို့ လူသစ်ရှာဖို့ခက်လို့ ဆက်နေပါတဲ့။ အဲဒီအိမ်က သူတို့သူငယ်ချင်းတွေ စုငှားထားကြတာပေမဲ့ အိမ်သူကြီးရှိတယ်။ နောက်ဆုံးလကို ဒီပိုးဆစ်နဲ့ချေတာဆိုတော့ နောက်ဆုံးလအိမ်လခ ပေးစရာမလိုတာ ထုံးစံ။ သူတို့အိမ်ရှင်က နောက်ဆုံးလခကို ဒီပိုးဆစ်နဲ့ မနှိမ်ပါနဲ့ ပေးပါ အိမ်ပြန်အပ်ပြီးရင် ဒီပိုးဆစ်တွေ ပြန်ပေးမှာမို့ နောက်ဆုံးလခကို ပေးပါတဲ့။ မကြီးကို ပြောပြတော့ ကိုယ်က အိမ်စုငှားတဲ့အထဲလည်းမပါ။ အကျိုးအကြောင်း အိမ်သူကြီးလုပ်သူက ဘာမှမပြောဘဲ  အိမ်လခတောင်းပုံက အိမ်လခက မပေးရင်ဆင်းတဲ့။ ဒီကလည်း ပြောင်းချင်နေတာ ဒီပိုးဆစ်သာပေး ခုချက်ချင်းပြောင်းပေးမှာလို့ ပြောလိုက်တော့ ပါးစပ်ကိုပိတ်ရော။ ဒီပိုးဆစ်လည်း မပေးနိုင် နောက်တစ်ယောက်ရှာဖို့ခက်တော့ အိမ်လခကို သူစိုက်ရမှာလေ။

Grand Central

ကလယ်မဲတီးက တိုက်ခန်းက အမ်အာတီ ဘူတာရုံနဲ့နီး၊ ကျယ်လည်းကျယ်၊ ညနေစောင်း၊ ရုံးပိတ်ရက်မနက်တွေမှာ အပြေးသွားလေ့ကျင့်တဲ့နေရာနဲ့လည်းနီး၊ မခိုင်၊ သားလေး၊ မကြီးတို့နဲ့ ညီအစ်မတွေ အတူတူစုနေကြတော့ အတော်ပျော်ဖို့ကောင်းတယ်။ ခြင်္သေ့ကျွှန်းသားတွေ အသေကြောက်တဲ့ ဒန်းကီး သွေးလွန်တုပ်ကွေးရာသီချိန်ဆိုရင် အန်အီးအေ National Environment Agency က အိမ်တွေကို လိုက်စစ်တယ်။ ဘုရားပန်းအိုး၊ သောက်တော်ရေခွက်၊ ရေချိုးခန်း၊ ပန်းအိုးအောက်တွေ စစ်တယ်။  ခြင်တွေ့လို့ကတော့ ဒဏ်ငွေ ၃၀၀ ပဲ။ မခိုင်ဆရာမဆီကနေ ယူလာတဲ့ သစ်ခွပန်းအိုးက နေရောင်ရလို့ အတော်ပွင့်တယ်။ ကလယ်မဲတီးနဲ့ ဂျူရောင်းအိစ်ဘူတာကြား ရထားဖြတ်ရင် မြင်ရတဲ့ ကွမ်ရင်မယ်တော်ကျောင်းနားက ပြေးလမ်းလေးက အတော်သာယာတယ်။ ဘေးမှာ တူးမြောင်းနဲ့။ ခွေးကျောင်းကြတဲ့သူတွေ၊ အပြေးလေ့ကျင့်ကြတဲ့သူတွေ၊ စက်ဘီးစီးကြတဲ့သူတွေနဲ့ မပြတ်ဘူး။ ခရေပင်လေးတွေလည်း ရှိတယ်။

မခိုင်လည်း ယူအက်စ်ပြောင်းသွားရော ဈေးကြီးတဲ့ အဲဒီတိုက်ခန်းကို ဆက်ယူပြီး အိမ်သူကြီးမလုပ်နိုင်တာနဲ့  အခန်းရှာပုံတော် ဖွင့်ရပြန်တယ်။ ဘွန်လေးက အိပ်ခန်းလေးခန်းပါတဲ့အိမ်မှာ အခန်းရတယ်။ ဘူတာရုံနဲ့နီး၊ အခန်းဖော်တွေကလည်း အဆင်ပြေကြတယ်။ အခန်းဖော်ရဲ့ ညီမလေးက အလုပ်လုပ်ရှာပြီး အလုပ်ရသွားတဲ့အခါ အဆင်မပြေတော့တာပဲ။ အစိမ်းရောင်ရထားလိုင်းအဆုံး ဘွန်လေးကနေ  အစိမ်းရောင်လိုင်းအစ ပါဆားရစ်အထိ ရထား ၁ နာရီကျော်စီးပြီး မနက် ၈ နာရီ ရုံးတက်ဖို့ မနက် ၅ နာရီကတည်းက ထရတယ်။ ကျွှန်မတို့ညီအစ်မတို့တွေ နိုးပြီး ပြန်အိပ်ပေမဲ့ အိပ်ရေးကမဝ။ အိပ်မပျော်ဘဲ ကြိတ်မှိတ်အိပ်ရင် ခေါင်းကိုက်တာမို့ စောစောရုံးတက်တာပဲ ကောင်းပါတယ်။ နောက်ဆုံးရှယ်တယ်စီးပြီး ရုံးတက်တဲ့ကျွှန်မ အဲဒီကလေးမလေး ကျေးဇူးနဲ့ ရုံးစောစောသွားဖူးတယ်။

တနေ့ ၂ နာရီ ရထားပေါ်မှာ အိပ်ငိုက်ပြီး ရုံးတက်ရပေမဲ့ သူကတော့ သူ့အစ်မနဲ့ပဲ နေမှာပေါ့။ အဲဒီညီအစ်မတွေ ပြောင်းမဲ့ပုံမပေါ်ဘူး တို့ညီအစ်မတွေပဲ ပြောင်းရမယ်။ အိမ်ရှင်ကို တလနို့တစ်ပေးပြီး အခန်းရှာနေတုန်း အဲဒီညီအစ်မတွေ ပြောင်းသွားတယ်။ ကျွှန်မနဲ့ တက္ကသိုလ်အတူတူတက်၊ ခြင်္သေ့ကျွှန်းကို လေယာဉ်တစီးတည်းစီးလာ၊ စင်္ကာပူကျောင်းအတူတူတက်၊ အေဒီပရောဂျက် Team အတူတူကျ၊ တောင်တွေအတူတူတက်တဲ့ အိအိ အိမ်ပြောင်းတော့ အဲဒီညီအစ်မတွေအိမ်မှာ။ လောကကြီးဆိုတာ အတော်ကျဉ်းကျဉ်းလေး။ ကျွှန်မတို့ညီအစ်မတွေ ဘွန်လေးအိမ်နားက ဘောလုံးကွင်းပန်းခြံမှာ အပြေးလေ့ကျင့်ကြတယ်။ ဘင်္ဂလားတွေ သောက်စားတတ်တဲ့ပန်းခြံ Safe မဖြစ်တာမို့ တစ်ယောက်တည်း ဘယ်တော့မှ အပြေးမလေ့ကျင့်ဘူး။

Chilly Winter of NYC

အိမ်ခန်းတွေ လိုက်ရှာရင်း ဘဒုတ်ကအခန်းကို လာကြည့်ပြီး အထွက်မှာ မကြီးက ချက်ချင်းပြန်လှည့်တယ်။ အိမ်ရှင်အစ်မကတောင် ဘာများကျန်ခဲ့လို့ပါလိမ့် တကယ်က အခန်းကို စရံသတ်တာ။ ဘဒုတ်ကတိုက်ခန်းတွေက ကလယ်မဲတီးက တိုက်ခန်းတွေလို ရေချိုးခန်း၊ အိမ်သာတွဲလျက် မာစတာတစ်ခန်း၊ Common Room လို့ ခေါ်ကြတဲ့ ရေချိုးခန်း၊ အိမ်သာ မတွဲထားတဲ့ တစ်ခန်း။ အဲဒီအိမ်မှာ တလပဲနေဖြစ်ပြီး ကျွှန်မက ယူအက်စ်ကို ထွက်လာသလို သိပ်မကြာခင် သူတို့တမိသားစုလုံးလည်း သြဇီကို ပြောင်းကြတယ်။ ရာထူးကြီးလို့ အလုပ်များပေမဲ့ စာမေးပွဲတွေဖြေ၊ မီးဖိုချောင်လည်း မလစ်ဟင်း၊ ကလေးတွေလည်း ဂရုစိုက်၊ ဝင့်ဝါလေးအတွက် မောင်လေးတစ်ယောက်ထပ်မွေး၊ စူပါမိန်းမလို့  ကျွှန်မလေးစားအားကျတဲ့ ဝင့်ဝါလေးအမေ မိသားစုပါ။

ယူအက်စ်ရောက်တော့ ကျောင်းက မိန်းကလေးအဆောင်မှာ နေရတယ်။ ကျွှန်မရဲ့ပထမဆုံး အဆောင်နေကျောင်းသူဘဝ။ နီပေါနိုင်ငံရဲ့ ဒုတိယအကြီးဆုံးမြို့ ပိုကရာမှာ ကြီးပြင်းခဲ့တဲ့ ဆူနမ် မြို့တော်ခတ္တမဒ္ဒူမှာ တက္ကသိုလ်တက်တော့ အဆောင်နေရတယ်။ ညီအစ်မအရင်းလို ကူညီစောင့်ရှောက်တဲ့  အက်စမီတာမန်ချေးလို သူတွေနဲ့တွေ့ရသလို ပိုက်ဆံချေးပြီး ထွက်ပြေးတဲ့သူတွေကိုလည်း ကြုံရတယ်။ ပိုက်ဆံအချေးကောင်းလို့ အိမ်က ပိုက်ဆံမပို့သေးရင် စားစရာမရှိလို့ ခေါက်ဆွဲခြောက်ကိုချေပြီး ထမင်းနဲ့စားရတယ်လို့ ဆူနမ်နဲ့မိုင်းဖန်က သူတို့ရဲ့ အဆောင်သူဘဝကို ပြောပြရင် အဆောင်မနေဘူးတဲ့ ရာမားနဲ့ ကျွှန်မပါးစပ်အဟောင်းသားလေးနဲ့ နားထောင်ကြတယ်။ တစ်ယောက်တစ်ခန်း နေကြတယ်ဆိုပေမဲ့ ညည့်နက်သန်းခေါင်တိုင်အောင် စာအတူတူလုပ်ကြ၊ စကားပြောကြ၊ လူသေးသလောက် အသံကျယ်တဲ့ မိုင်းဖန်နဲ့ ရာမားကြောင့် အီရန်သူနစ်ကူး ရာမားနဲ့ကပ်လျက် အခန်းကနေ တခြားဖက်ကို ပြောင်းပြေးရတယ်။

ရေချိုးခန်းမှာ ဆံပင်တွေ၊ မီးဖိုးချောင်မှာ ချက်ပြုတ်ပြီးရင် မရှင်းတဲ့သူတွေကြောင့် အာအေ အဆောင်ကြီးကြပ်ရေးမှုးတွေက ခေါ်ပြီးသတိပေးတယ်။ တခါတလေတော့လည်း လျစ်လျူရှုသင့်တာတွေ လျစ်လျူရှုရတယ်။ အာအေတွေပြောပြီး အခန်းပြောင်းလို့ရပေမဲ့ အဆောင်ပြောင်းလို့မှ မရတာ။ ကျွှန်မရဲ့ အဆောင်နေကျောင်းသူဘဝက ပြသနာသိပ်ကြီးကြီးကျယ်ကျယ်မရှိဘဲ ဆူနမ်၊ ရာမား၊ မိုင်းဖန်တို့လို သူငယ်ချင်းညီအစ်မတွေ ရခဲ့တယ်။ မိုင်းဖန် အိုဟိုင်းရိုးပြည်နယ် စင်စင်နာတီမြို့မှာ အလုပ်ရတော့ ကုမ္ဗဏီက ဟိုတယ်အခန်းကို တလငှားပေးထားတယ်။ Relocation Assistance လို့ခေါ်တဲ့ ပြောင်းရွှေ့အခကြေးငွေကို ကြိုတင်ထုတ်ပေးထားတယ်။ ပြီးမှပြန်ဆပ်။ ဟိုတယ်မှာ တပတ်လောက်နေပြီး ကျောင်းကစီနီယာ အဆက်အသွယ်နဲ့ တိုက်ခန်းငှားတယ်။ နောက်သုံးလအကြာမှာ မိုင်းဖန် သွင်းပေးလို့ အလုပ်ရသွားတဲ့ ဆူနမ်၊ ကျောင်းပြီးလို့ အလုပ်ရှာဖို့ ကျွှန်မတို့ ရှေ့ဆင့်နောက်ဆင့် တရက်ခြားပြီး ရောက်လာကြတယ်။

Guess ? Who ?

ဆူနမ် ကံကောင်းတယ်။ မိုင်းဖန်ရဲ့ တိုက်ခန်းမှာနေ၊ မိုင်းဖန် ကားကိုစီး၊ မိုင်းဖန် သွင်းပေးတဲ့ အလုပ်ကို မိုင်းဖန်နဲ့အတူတူ ရုံးတက်တယ်။ ကန်တက်ကီမှာ ကျွှန်မအလုပ်ရတော့ ကျောင်းကစီနီယာတစ်ယောက်တော့ ရှိပါရဲ့။ သူက သူ့နိုင်ငံကို အလည်ပြန်နေတယ်။ ကွန်ထရပ်တာဆိုတော့ ကုမ္ဗဏီက ဘာမှမစီစဉ်ပေးဘူး။ Criaglist မှာရှာတော့ Student Intern တွေကို ဦးစားပေးငှားတဲ့ အခန်းလိုက်ရှာ။ သူတို့က လာကြည့်ပါဆိုတော့  မိုင် ၁၀၀ ၊ ၂ နာရီအဝေးကို လာကြည့်ဖို့ ကားမရှိသလို ၂ ပတ်အတွင်း ပြောင်းရတော့မှာ။ အဲဒီမှာ ၂ ပတ်လောက်နေပြီး ရုံးနားက တိုက်ခန်းတွေကို လိုက်ရှာမယ်လို့။ အီးမေးလ်နဲ့ အဆက်အသွယ်လုပ်ပြီး တခါတည်း ပြောင်းခဲ့တော့တာပဲ။ အဲဒီတုန်းက ပစ္စည်းမများဘူး ခြင်္သေ့ကျွှန်းက လာစဉ်အတိုင်း လက်ကေ့စ်နှစ်လုံး ဟမ်းကယ်ရီတစ်ခု။

Private House လုံးချင်းအိမ်ရဲ့ မြေအောက်ထပ်ဆိုတော့ သီးသန့်ဆန်တယ်။ ချက်ပြုတ်ဖို့လောက်ပဲ အပေါ်တက်တယ်။ မနက် ၇ နာရီ ကျောင်းသွားခါနီး ဝတ်စရာအင်္ကျီမရှိလို့ အခန်းတံခါးလာခေါက် ကျွှန်မအခန်းဘေးနား အခြောက်ခံစက်ထဲ အင်္ကျီလာယူတတ်တဲ့ လုကတ်စ်နဲ့ ကေတီ။ ဒင်းကလေးတွေ ခုန်ပေါက်လို့ ကျွှန်မ  ခေါင်းကြိမ်းတယ်လို့ အိမ်ရှင်ကို ကွန်ပလိမ်းရင် မန်ဒီက သူ့ကလေးတွေကို ကျွှန်မအခန်းမှာနေခိုင်း သူက အပေါ်ထပ်ကနေ ဒုန်းဒုန်းလုပ်တယ်။ ဒင်းကလေးတွေက နောက်မပြေးတော့ပါဘူးလို့ ပြောကြပေမဲ့ ကလေးတွေဆိုတော့ ခုန်ပေါက်မြဲ ကျွှန်မကလည်း ခေါင်းကြိမ်းမြဲ။ အမြဲထမ်းဝန်ထမ်းဖြစ်ရင် တိုက်ခန်းငှားမယ်လို့ ကြံရွယ်ထားပေမဲ့ အထမမြောက်ခဲ့။

အလုပ်ဝင်တာ တစ်နှစ်ပြည့်လို့ Work from home လုပ်နိုင်ပြီဆိုတာနဲ့ ဆူနမ်တယောက် ရာမားရှိတဲ့ မေရီလန်းကို ပြောင်းတော့တာပဲ။ တလနို့တစ်ပေးရမယ်ဆိုတာ စာချုပ်ထဲမပါလို့ ကျန်တဲ့သုံးလစာပေးမှ ပြောင်းလို့ရမယ်လို့ အိမ်ရှင်ကညစ်ရော ဆူနမ်၊ မိုင်းဖန်တို့တွေ စိတ်ညစ်လိုက်ကြတာ၊ ဒေါသတွေ အလိပ်လိုက် ထွက်ကြ။ အိမ်ကိုလာစစ်ဆေးတော့ ဒီခြစ်ရာ ဘယ်လိုဖြစ်တာလဲ၊ ဟိုနားက ကွက်နေတယ်နဲ့ အပြစ်တွေရှာတော့ ဆူနမ်ခမျာ စိတ်ညစ်လိုက်တာ လွန်ပါရော။ နောက်ထပ်သုံးလကို ဆက်မနေနိုင်တော့ဘူး ကျန်တဲ့သုံးလစာပေးပြီး ပြောင်းတော့တာပဲ။ ဒီလိုအတွေ့အကြုံတွေကြောင့် မေရီလန်းမှာ တိုက်ခန်းငှားတော့ အိမ်ပေါ်မတက်ခင် တအိမ်လုံးကို ဓာတ်ပုံရိုက်ထားတယ်။

Mochi

လေးအော့ဖ်တော့ ဆူနမ်တို့ရှိရာ မေရီလန်းကို ရောက်လာခဲ့တယ်။ ကန်တက်ကီမှာထက်စာရင် မေရီလန်းမှာ အလုပ်ပိုပေါတယ်။ ဝါရှင်တန်ဒီစီမှာ အလုပ်ရတော့ ဆူနမ်တို့အိမ်ကနေ ၁၅ မိနစ် ကားမောင်း၊ တနာရီလောက် ရထားစီးပြီး ရုံးတက်ရတယ်။ ပင်ပန်းလွန်းလို့ တပတ်အတွင်း အခန်းရှာပြီး ပြောင်းတယ်။ မြန်မာအိမ်က အခန်းတခန်း တွေ့ပေမဲ့ ရေချိုးခန်း၊ အိမ်သာ ယောကျာ်းလေးနှစ်ယောက်နဲ့ ရှယ်ရမယ်။ ဈေးကြီးပေမဲ့ ကိုယ်ပိုင်ရေချိုးခန်း၊ အိမ်သာပါတဲ့ ဆေးဗားစပရင်းက ရှယ်ရွန့်အိမ်ကိုပဲ ရွေးလိုက်တော့တယ်။ ကျွှန်မ နေဖူးသမျှထဲမှာ ရှယ်ရွန့်အိမ်က အလှဆုံး။ အမ်းထရူးကတောင် ဟိုတယ်ကျနေတာပဲလို့ ပြောတယ်။

ကြသပတေးနေ့ညဆိုရင် အိမ်ရှေ့မှာ အမှိုက်ပုံးတွေ တန်းစီနေတယ်။ အသားတွေထည့်တဲ့ ပလပ်စတစ်ပြားကို ကျွှန်မက အမှိုက်ပုံးထဲထည့်ရင်တောင် ရှယ်ရွန်က ကောက်ပြီး ရီဆိုင်ကယ်ထဲပစ်လို့ရတယ်လို့ သင်တယ်။ ကန်တက်ကီအိမ်ရှင် မန်ဒီ၊ မေရီလန်းအိမ်ရှင် ရှယ်ရွန် အမေရိကန်မတွေ ရီဆိုင်ကယ်၊ ရီဆိုင်ကယ်လို့ အော်နေတာပဲ။ အမေရိကန်တွေက ငယ်ငယ်ကတည်းက ရီဆိုင်ကယ်အရေးကြီးပုံကို ကျောင်းတွေမှာ သင်ခဲ့ပုံရတယ်။ ကျွှန်မတို့ရွှေမြန်မာတွေလည်း ရီဆိုင်ကယ်လုပ်ပါတယ် ရီဆိုင်ကယ်မှန်းသာ မသိတာ း) ။ သူတို့လို ရီဆိုင်ကယ်အစိမ်းရောင်ပုံးမှာတော့ မဟုတ်ဘူး။ သတင်းစာ၊ စာအုပ်အဟောင်း၊ ဗလာစာအုပ်အဟောင်း၊ ပုလင်း၊ ဒန်၊ ကန်ဘူးတွေဝယ်တဲ့ ကုလားဆီမှာ။

တောင်းဟောက်စ်လို့ခေါ်ကြတဲ့ နှစ်ထပ်အိမ်ခန်းလေးတွေ တွဲထားတာဖြစ်လို့ သီးသန့်ဆန်သလို  ပတ်ဝန်းကျင်ကလည်း တိတ်ဆိတ်တယ်။ မလှမ်းမကမ်းက မတ်ထရူးဟက်ဆန် လျှောက်လမ်းလေးကို အကြိုက်ဆုံး။ ဝါရှင်တန်ဒီစီအထိ စက်ဘီးစီးလို့ရတယ်။ ဆူနမ်တို့အိမ်နားက ဖောရက်ရေကန်တပတ် အပြေးလေးကျင့် လမ်းလျှောက်ရတာကိုလည်း ကြိုက်တယ်။ ရှယ်ရွန်ကလည်း အလုပ်တဖက်၊ ကျောင်းတဖက်၊ ကိုယ်ပိုင်စီးပွားရေးတဖက်နဲ့မို့ တအိမ်တည်းနေပြီး မတွေ့ဖြစ်ဘူးရယ်။ ဒီဗွီပေါက်လို့ ဒရီနီဒက်ကနေ ယူအက်စ်ရောက်လာတဲ့ ရှယ်ရွန့်တူမ ဇာရာရောက်လာမှပဲ အိမ်မှာ လူရိပ်လူယောင် မြင်ရတော့တယ်။ မြောက်အမေရိကတိုက်နဲ့ တောင်အမေရိကတိုက်ကြား ဗင်နီဇွဲလားနိုင်ငံနားက ဒရီနီဒက်နဲ့တိုဘာဂိုနိုင်ငံလေးက အတော့်ကို သေးသေးလေး။ အမေရိကန် ရပ်ပါ၊ အဆိုတော်၊ သီချင်းရေးဆရာ၊ သရုပ်ဆောင်၊ အမေရိကန်အိုင်ဒေါ ဒိုင်ဟောင်း Nicki Minaj နစ်ကီမနော့ချ်က ဒရီနီဒက်ဇာတိ။ အဆိုတော် Rihana ရီဟားနားက ဒရီနီဒက်နားက Barbaods ကျွှန်းနိုင်ငံလေးဇာတိ။

Natsu, summer in Japanese language.
Yes, she is my summer in winter.

ဒရီနီဒက်ရဲ့ လူဦးရေတဝက်က လူမည်း၊ တဝက်က အိန္ဒိယ၊ တရုတ်လူမျိုး နည်းနည်းရှိတယ်။ ခရစ်ယာန်၊ ဟိန္ဒူ ဘာသာဝင်က အများစု။ ရိုမန်ကက်သလစ်ဘာသာဝင်က အများစုပေမဲ့ ရှယ်ရွန်တို့မိသားစုက Seventh -day Adventists ဘုရားကျောင်းတက်တယ်။ ခရစ်ယာန်ဘုရားရှိခိုးကျောင်းအများစုက ဆန်းဒေးစကူး တနင်္ဂနွေမှာ ဘုရားကျောင်းတက်ကြပေမဲ့ Seventh- day ဘုရားရှိခိုးကျောင်းကတော့ စနေနေ့ ဘုရားကျောင်းတက်ကြတယ်။ စပိန်၊ ဗြိတိသျှ၊ ပြင်သစ်၊ ဒက်ချ် ကိုလိုနီကျရောက်ခဲ့ပြီး ဘေးပတ်ဝန်းကျင်နိုင်ငံတွေက စပိန်စကားပြောပေမဲ့ ဒရီနီဒက်တွေက စပိန်စကား မပြောကြဘူး။ အင်္ဂလိပ်ဘာသာက ရုံးသုံးစကားပါတဲ့။ အထင်ရှားဆုံးပွဲတော်က Carnival လို့ခေါ်ကြတဲ့ ဆန်းဆန်းပြားပြား ဘစ်ကနီအဝတ်အစားတွေ ဝတ်ကြတဲ့ပွဲတော်။ အဲဒီလိုဝတ်ကြတော့ လူတွေဝိုင်းအုံ ကြည့်ကြမှာပေါ့လို့မေးတော့ ကြည့်ဖို့ထက် ကဖို့ကို အားသန်နေကြတာတဲ့။ ကာရစ်ဘီယန်သီချင်းတွေက တော်တော်မြူးတယ်။ လွန်ခဲ့တဲ့ အနှစ် ၃၀ တုန်းက ဒရီနီဒက်မယ်က ပထမဆုံးလူမဲ မယ်မကြာဝဋ္ဌာဘွဲ့ ရဖူးပါသတဲ့။

ဖယ်ဒရယ်အစိုးရ ရှပ်ဒေါင်းပြီး ဒီအိုအယ်လ်က ကွန်းထရပ်မရတော့ ဒီစီတရုံးလုံး လေးအော့ဖ်တော့ ရှာရပြန်ပြီ အလုပ်။ ရတော့ နယူးယောက် မက်ဟန်တန်မှာ။ ၂၀၁၃ ကတော့ တကယ့်ကို ထူးခြားတဲ့နှစ်။ လေးအော့ဖ်နှစ်ခါ၊ အလုပ်သုံးခု၊ ပြည်နယ်သုံးခု၊ အိမ်သုံးအိမ် ပြောင်းရတယ်။ နယူးယောက်မှာ အလုပ်ရပြီး နှစ်ပတ်အတွင်း ပြောင်းရတော့ အခန်းအသည်းအသည် ရှာရတယ်။ Craiglist မှာ ကြည့်ပြီး ရှာပေမဲ့ ဘယ်နေရာမှန်းမသိ။ ကန်တက်ကီအိမ်လို သွားမကြည့်ဘဲ တခါတည်း မပြောင်းရဲပါဘူး နယူးယောက်လေ။ မခိုင်မိတ်ဆွေရဲ့ အမျိုးက တကူးတကသွားကြည့်ပြီး ရှာပေးတယ်။ အဲဒီအစ်မနဲ့ မြင်လည်းမမြင်ဘူး၊ စကားလည်း မပြောဘူး၊ စောင့်ရှောက်ကူညီလိုက်ပါဆိုတာနဲ့ သမီးတယောက်၊ ညီမတယောက်လို ကူညီစောင့်ရှောက်တယ်။

အခန်းရှာပေးရုံတင် မကဘူး၊ ထမင်းကျွှန်၊ ပိတ်ရက်တွေမှာ မုန့်ဟင်းခါး ခေါ်ကျွှေးသေးတယ်။ စရောက်တဲ့နေ့ပဲ ပင်ပန်းလို့ အိပ်ပျော်တယ်။ ကားလမ်းမကြီးနဲ့နီးတော့ ဆူညံနေတာပဲ။ လမ်းထိပ်က မီးသတ်ကားဌာနက ကားတွေက ဥသြဆွဲပြီးမောင်း။ အချက်အချာလမ်းမကြီးဆိုတော့ ကားတွေက မပြတ်ဘူး။ ဒီကတိုက်ခန်းတွေက အပေါ်အောက် အသံတွေကြားရတယ်။ အပေါ်ထပ်က ဒုန်းဒုန်း မောင်မျိုးလို စဉ့်နှီတုံးနဲ့ ပြန်ထုရင် နေ့တိုင်းထုရမယ်။ အိမ်ရှင်ရဲ့သမီး ဆယ်ကျော်သက်မလေးက ကာရာအိုအေကို မိုင်ကုန်နဲ့ဟစ်၊ မနက် ၂ နာရီထိမအိပ်ဘဲ မြန်မာရုပ်ရှင်ကားတွေကြည့်။ တိုက်ခန်းက ကျဉ်းကျဉ်းလေးဆိုတော့ အကုန်ကြားရတယ်။ အရင်တုန်းက ဘယ်လောက်ဆူညံဆူညံ အိပ်ပျော်ပေမဲ့ အသက်ကကြီးလာ၊ worry ဝါရီတွေများလာတော့ တော်တော်နဲ့ အိပ်မပျော်ဘူး။ အသံကြားရင် နိုးရော။ အဲဒီကလေးမလေးက နေ့လည်ဆို အိပ်လို့ရပေမဲ့ ကျွှန်မက အလုပ်ထဲမှာ။ ပရောဂျက်ဒက်လိုင်းနေ့တွေက အပတ်တိုင်းဆိုတော့ အလုပ်များလို့ ညဆို ၈ နာရီမှ အိမ်ပြန်ရတယ်။ အလုပ်ကပင်ပန်း အိပ်ရေးကမဝ ခေါင်းဆို ပေါက်ထွက်သွားလေမလားလို့တောင် ထင်မိတယ်။ စနေ၊ တနင်္ဂနွေ သူတို့တွေ အလုပ်သွားဖို့ ပြင်ဆင်ကြတဲ့ မနက် ၇ နာရီလောက်ဆို တခါနိုးပြီး ပြန်အိပ်တာ မနက် ၉  နာရီခွဲ၊ ၁၁ နာရီလောက်မှ နိုးတယ်။


ဒီပုံနဲ့တော့ မဖြစ်ချေဘူးဆိုပြီး အခန်းအသည်းအသည်လိုက်ရှာ။ ပထမဆုံးသွားကြည့်ဖြစ်တာက Astoria အက်တိုးရီးယားဖက်က အခန်း။ အခန်းကကျယ်တယ်၊ ဈေးလည်းကြီးတယ်၊ အဲဒီဖက်က အဖြူတွေများတော့ သန့်တယ်။ အခန်းဖော်က ဝိတ်တာမလေး။ အခန်းကိုကြိ ုက်ပေမဲ့ အခန်းဖော်ဖြစ်လာမဲ့ ဝိတ်တာမလေးပုံစံကို မကြိုက်လို့ မယူဘူး။ နောက်တစ်ခန်းက အမေရိကန်ကျောင်းဆရာမလေး ရည်ရည်မွန်မွန်လေး။ ဈေးနည်းနည်းကြီးလို့ စဉ်းစားနေတာ အလုပ်ထဲက တရုတ်မဆူးက သူလည်းအခန်းရှာနေတာ နယူးဂျာစီကနေ ၂ နာရီကြာအောင် ရုံးတက်ရတာ။ တနေ့ကို ၄ နာရီ ရထားပေါ်၊ ကားပေါ်မှာ အချိန်ကုန်နေတာ Life မရှိဘူးလို့ ခံစားရလို့တဲ့။ ကျွှန်မက အဲဒီအခန်းလေးကို ကြိုက်ပေမဲ့ ဈေးကြီးလို့ စဉ်းစားနေတာဆိုတော့ သူသွားကြည့်တဲ့တိုက်ခန်းတွေက အဲဒီအခန်းဈေးထက် နှစ်ဆများတယ် အဲဒါသက်သာတာဆိုတော့မှ ယူမယ်လို့စိတ်ဒုံးဒုံးချပြီး ဆက်သွယ်တော့ ယူသွားနှင့်ပြီတဲ့။

မက်ဟန်တန်မြောက်ဖက် Bronx ဘရောင်းဖက်ကတော့ ဈေးသက်သာတယ်။ ဒါပေမဲ့ ပဲစားတွေလို့မြန်မာတွေခေါ်ကြတဲ့ မက်ဆီကန်များပြီး Safe မဖြစ်ဘူး။ စင်ထရယ်ပန်းခြံနားက ကိုလံဘီယာတက္ကသိုလ်မှာ ကျောင်းတက်ခဲ့တော့ ဆူးက အဲဒီအနီးအနားတဝိုက်မှာ တိုက်ခန်းရှာနေတာပါတဲ့။ အဲဒီနေရာက ဟော်လန်လေ။ သြော် ဟော်လန်ဆိုတော့ နယ်သာလန်ပေါ့။ ဘယ်ကသာ ငါဆိုလိုချင်တာက Safe မဖြစ်တဲ့နေရာတွေ။ ကိုလံဘီယာတက္ကသိုလ်နားမှာ ပန်းခြံတခုရှိတယ် ဆေးသုံးဖို့ဆို အဲဒီပန်းခြံကို လာကြတာ။ ဟင် ဒါဆို ဘယ် Safe ဖြစ်ပါ့မလဲ။ ငါ အဲဒီနားမှာ ကျောင်းတက်ခဲ့တာ မသွားရင် ဘာမှမဖြစ်ဘူး။ မေရီလန်းအိမ်ရှင် ရှယ်ရွန်က နယူးယောက်မှာ အနှစ်၂၀လောက် နေခဲ့ပြီး အိမ်ထောင်ကွဲတော့ မေရီလန်းကို ပြောင်းလာတာ။ သူနေခဲ့တာက စင်ထရယ်ပန်းခြံမြောက်ဖက် အဲဒီနေရာတွေမှာ လူမဲများတယ် ခုတော့ လူဖြူတွေလည်း ရှိတယ်။ ဒါပေမဲ့ တယောက်တည်းလို့ ခံစားရလိမ့်မယ်တဲ့။

စီးပွားရေးအချက်အချာ တိုင်းစကွဲယားနေရာကို MidTown လို့ခေါ်ပါတယ်။ အဲဒီမှာ အခန်းခတွေက ဈေးကြီးလွန်းလို့ နယူးဂျာဆီ၊ ကွင်း၊ ဘရွတ်ကလင်းဖက်မှာ နေကြပြီး မြို့ထဲကို ရုံးတက်ကြတယ်။ လင်ကွန်း၊ ဟော်လန် မြေအောက်လှိုဏ်ခေါင်း ဖြတ်ရင်ပဲ မြို့ထဲရောက်တဲ့ နယူးဂျာဆီပြည်နယ်ဖက်က  Hoboken ၊ Newport ၊ Jersey City ၊ Union City ဖက်က အခန်းဈေးတွေက မသေး။ မက်ဟန်တန်မြောက်ဖက် ဂျော့ဝါရှင်တန်တံတားကျော်ရင် ကိုရီးယားပြည်လို့ ထင်ရအောင် ကိုရီးယားတွေများတဲ့ နယူးဂျာဆီပြည်နယ် Fort Lee မှာနေတဲ့ မမီးငယ်က သူတို့ဖက်ကို လာကြည့်ပါတဲ့။ နယူးဂျာဆီက တံတားကူးလိုက်ရုံနဲ့ မြို့ထဲရောက်တယ်၊ နေရာတိုင်း ဘတ်စ်ကားရောက်တယ်၊ နေရထိုင်ရ သာယာတယ်ဆိုပေမဲ့  မြေအောက်လှိုဏ်ခေါင်း၊ တံတားပိတ်လိုက်ဖြစ်ဆိုရင် သေပြီဆရာ။ ဆူးဆို ပန်စတေးရှင်မှာ ရထားကို ၁ နာရီစောင့်ခဲ့ရဖူးပါသတဲ့။ ပတ်ထရစ်ရှာဆို ဘတ်စ်ကားပေါ်မှာ တနာရီလုံးလုံး မတ်တပ်ရပ်ခဲ့ဖူးပါသတဲ့။


မနှစ်က စက်တင်ဘာမှာ နယူးဂျာဆီပြည်နယ်အုပ်ချုပ်ရေးမှုး ရွေးကောက်ပွဲတုန်းက ဂျော့ဝါရှင်တန်တံတားမှာ ကားတွေ  ၅ နာရီလောက် ပိတ်နေတာ သတင်းမှာတောင် ပါသတဲ့။ အဲဒါ ခုလက်ရှိပြည်နယ်အုပ်ချုပ်ရေးမှုး ခရစ်ခရစ်စတီးရဲ့ အဖွဲ့သားတွေက တမင်လုပ်တာ၊ သတင်းမှာပါပြီး အုပ်ချုပ်ရေးမှုး ရွေးကောက်ပွဲကို လူတွေအာရုံစိုက်အောင်လို့ပါတဲ့။ Bridge Scandal လို့ သတင်းမှာ နာမည်ကြီးနေပါသတဲ့။ မမီးငယ် ပြောလို့ သတင်းတွေဖတ်တော့မှ သိတော့တယ်။ ဒီလိုမျိုး ပြည်သူတွေ ဒုက္ခရောက်အောင် တံတားပိတ်ပြီး နိုင်ငံရေးအမြတ်ထုတ်လို့ရမှန်း သိသွားတော့တယ်။ ဆိုလိုချင်တာက နယူးဂျာဆီပြည်နယ်က သွားလာရေးပါ။

ဘရွှတ်ကလင်းက ရထားနည်းနည်းရှားတယ် ကွင်းကတော့ မြို့ထဲကို သွားဖို့လာဖို့ အဆင်အပြေဆုံး။ အာရှသားများလို့ အာရှဆိုင်တွေကလည်း ပေါမှပေါ။ နယူးယောက်ပြည်နယ်မှာ နေထိုင်လို့ ဖယ်ဒရယ်၊ စတိတ်တက်စ်အပြင် NYC တက်စ် တလ ၂၀၀၊ Disability မသန်မစွမ်းတက်စ် တလ ၁၀ ပေးရတယ်။ နယူးဂျာဆီဖက်မှာ နေခဲ့ရင် NYC တက်စ် ပေးရမှလားလို့ အကောင့်တင်းဌာနကိုမေးတော့ နယူးဂျာဆီမှာနေခဲ့ရင် ပေးစရာ မလိုပါဘူးတဲ့။ အအေးကြောက်တဲ့ ကျွှန်မ  နယူးယောက်ကို ပြောင်းလာတဲ့နှစ်မှပဲ ရာသီဥတုက အေးလိုက်တာ၊ နှစ် ၃၀ အတွင်းမှာ အအေးဆုံးပါတဲ့။ ဝင်ရိုးစွန်းက ရေခဲတဲ့လေတွေတိုက်လို့ အေးတာများ မိုင်းနပ် ၁၃ ၊ ၁၅။ နေ့လည်ဖက် ထမင်းစားဖို့သွားရင် မျက်လုံးလေးပဲ ဖေါ်ထားတာအောင် ပါးတွေ ကျင်တက်လာတယ်၊ မျက်နှာတခုလုံး ရေခဲရိုက်ထားသလိုပဲ။ နှင်းတွေတအားကျရင် နယူးဂျာဆီဖက်က ဘတ်စ်ကားမထွက်လို့ မန်နေဂျာမပတ်ထရစ်ရှာ ရုံးမလာနိုင်ဘူး။ နယူးယောက်က ရထားတွေကတော့ ထွက်တော့ထွက်တယ် Delay ၊ Service route change ဟိုရထား၊ ဒီရထားပြောင်းစီးရ နာရီဝက်ခရီးက တနာရီကြာတယ်။

စင်ထရယ်ဟီတာဆိုတော့ အပူချိန်မြှင့်လို့မရ၊ ပြတင်းပေါက်က လေတိုးတော့ ကျွှန်မအခန်းက အမြဲအေးနေတာပဲ။ နယူးယောက် ကွင်းဖက်က အခန်းတွေကိုပဲ လိုက်ကြည့်တော့မယ်လို့ ဆုံးဖြတ်လိုက်တယ်။ နောက်သွားကြည့်တဲ့ အခန်းက အိမ်ကနေ ၁၀ မိနစ်လောက် လမ်းလျှောက်ရင် ရောက်တဲ့ တရုတ်အိမ်။ လမ်းမကြီးနဲ့နီးတော့ ဆူတာပါပဲ။ နောက်တအိမ်က ဟိုင်းဝေးလမ်းမကြီးနဲ့ ကပ်လျက်ဆိုပေမဲ့ မှန်တွေက Sound Proof ပါတော့ အသံမကြားရဘူး။ တော်တော်ကျယ်ပါတယ် ဈေးလည်းမဆိုးဘူး။ ဒါပေမဲ့ သူနဲ့သူ့သမီး ၆ နှစ် ကလေးလေးက မနက် ၆ နာရီခွဲဆို ကျောင်းသွားပြီ။ သူ့သမီးက မဆူညံပါဘူးဆိုပေမဲ့ အကြင်နာလေး မနက် ၇ နာရီ ကျောင်းသွားဖို့ကို မနက် ၆ နာရီကတည်းက ထပါဦး၊ မျက်နှာသစ်ပါဦး၊ မုန့်စားပါဦးနဲ့ ကျောင်းကားမလာခင် အဆင်သင့်ဖြစ်နေဖို့ အသားကုန်မောင်းရတော့ မြင်ဖူးတော့ ဒီအိမ်လည်း မဖြစ်ချေဘူး။

Cheese Cake from Financier Patisserie, Grand Central

နောက်သွားကြည့်တဲ့အိမ်က အက်စတိုးရီးယားဖက်မှာ။ အိမ်ရှင်အန်တီကြီးက မဆိုးဘူး သဘောကောင်းပုံရတယ်။ ကန်တက်ကီမှာ နေခဲ့ဖူးတယ်ဆိုတော့ သူ ခုပဲ ကန်တက်ကီကနေ ပြန်လာတာတဲ့။ ဘယ်မြို့မှာနေတာလဲ လူဝီဗီလ်ဆိုတော့ သူ့မောင်က လူဝီဗီလ်မြို့စိန့်မတ်သရူးမှာနေတာ။ ကျွှန်မအလုပ်က လူဝီဗီလ်မြို့ အရှေ့ဖက် သူဋ္ဌေးတွေနေတဲ့ အန်ကာရေ ့မှာ၊ နေတာက မြို့အရှေ့တောင်ဖက် ဂျက်ဖာဆန်မှာ၊ နေ့တိုင်း အလုပ်သွားရင် စိန့်မတ်သရူးကို ဖြတ်သွားရတာ။ လူဝီဗီလ်မြို့က ယူအိုအယ် UOL ( University of Louisville) နဲ့ လက်ဆီတန် Lexington မြို့က UK ( Univeristy of Kentucky) မြို့ခံပြိုင်ဖက်အသင်း နှစ်သင်းတွေ့ကြရင် ယူအိုအယ်လ် အနီရောင်၊ ယူကေ အပြာရောင် အလံတွေ တမြို့လုံးဝဲနေတာ။ ကျွှန်မ  ကန်တက်ကီအိမ်ရှင်က ယူကေကျောင်းထွက်၊ ယူကေအမာခံဆိုတော့ သူလည်း ယူကေပရိသတ် ခုပဲ အဲဒီပွဲကြည့်ပြီး ပြန်ခဲ့တာတဲ့။ ကြည့် လောကကြီးက ကျဉ်းကျဉ်းလေးပါလားနော်။ ဘူတာရုံနဲ့ဝေးလို့ အဲဒီအိမ်ကို မယူဖြစ်ဘူး။

တံခါးဖွင့်လိုက်တာနဲ့ အမြီးနှံ့ပြီး ကြိုဆိုနေတာက နတ်ဆု  Natsu ဂျပန်လို နွေလို့အဓိပ္ဗာယ်ရတဲ့ခွေးနဲ့ မိုချီ Mochi ဂျပန်နိုင်ငံက ရေခဲမုန့်နာမည်ပေးထားတဲ့ ကြောင်ရှိတဲ့ ဂျပန်မအိမ်။ အဲဒီအိမ်ကို သွားကြည့်ပြီး ကြိုက်လို့ အိမ်ရှင်ကို တလနို့တစ်ပေးပြီး ဖေဖေါ်ဝါရီ ၁ ရက်နေ့မှာ ပြောင်းတာ ခုဆို ၂ ပတ်ရှိပြီ။ ကျွှန်မက မနက် ၇ နာရီထ ၈ နာရီ ရုံးသွား၊ ည ၇ နာရီ ပြန်ရောက်။ အိမ်ရှင်တွေက မနက် ၉  နာရီ သွား၊ ည ၉  နာရီ၊ ၁၂ နာရီမှ ပြန်ရောက်တယ်။ အခန်းကလည်း နည်းနည်းလှမ်းတော့ ဘာသံမှမကြားရဘူး။ မတ်တပ်ဟီတာပေးထားတော့ စင်ထရယ်ဟီတာက အပူငွေ့နည်းပေမဲ့လည်း နွေးတယ်။ အိပ်တာများ ည ၁၂ ကနေ မနက် ၇ နာရီထိ တရေးပဲ။

ပရောဖက်ဆာ အိမ်ပြန်လာတာကို ဘူတာရုံမှာ စောင့်ကြိုတတ်တဲ့ ခွေးလေး။ ပရော်ဖက်ဆာ သေသွားပေမဲ့ ဆယ်နှစ်လောက် စောင့်ကြိုနေတတ်တဲ့ သစ္စာရှိတဲ့ခွေးလေး။ အဲဒီခွေးလေး အထိမ်းအမှတ် ခွေးရုပ်တုရှိတဲ့ ဂျပန်နိုင်ငံက ဘူတာအကြောင်း ကြားဖူးကြမယ် ထင်ပါတယ်။ ရစ်ချက်ဂီရိ သရုပ်ဆောင်ထားတဲ့ အမေရိကန်ဗားရှင်း Hachi ဆိုတဲ့ ရုပ်ရှင်ထဲက ခွေးအမျိုးအစားက နတ်ဆုတို့ မျိုးနွယ်။ နတ်ဆုကတော့ ဘရွတ်ကလင်းသား အမေရိကန်ပြည်ပေါက် ဂျပန်ခွေး။ အသက်ငါးနှစ်ရှိပြီဖို့ တော်တော်နားလည်တယ်။ ကျွှန်မ ပြန်လာရင် ကြိုကြပြီး အခန်းထဲ လိုက်ဝင်လာတယ်။ ခဏဆို ထွက်သွားကြတော့တာပဲ။ စိမ်းနေသေးတာလည်း ပါတယ်။ နတ်ဆုက ချစ်ခင်တာ ပြတတ်ပေမဲ့ မိုချီကတော့ ဖာသိဖာသာ။ ဖက်တာလည်း မကြိုက်။ မျက်လုံးက တော်တော်ကြီးပြီး အနက်ရောင်မျက်ဆံတွေကို အစိမ်းရောင်လေးတွေက အနားသတ်ပေးထားတယ်။ တော်တော်လှတဲ့ မျက်လုံး။ ဒါပေမဲ့ မျက်လုံးအကြည့်တွေက မနွေးထွေးဘူး အေးစက်စက်နဲ့။


Biggest Xmas tree at Rockefeller Center

အဖေ့ကြောင် မြီးတိုမျိုး ပူစီမလည်း လူသိပ်မကပ်ဘူး။ ကြွက်တော့ အသေခုတ်တယ် ငှက်တောင်ဖမ်းတယ်။
ကျွှန်မတို့ မောင်နှမတွေ ချစ်ကြတဲ့ ဂါးဖီးကတော့ ငပျင်း။ လူနားကပ်ပြီး ချွှဲနေတော့ပဲ။ ကြောင်မချစ်တဲ့ မကြီးတောင် ဂါးဖီးကို ချစ်တယ်။ မနေ့က နှင်းမုန်တိုင်းတိုက်တော့ မိုးရွာ၊ လျှပ်စီးလက်၊ မိုးခြိမ်းတော့ နတ်ဆုက တံခါးကို လာခြစ်တယ်။ တံခါးဖွင့်ပေးလိုက်တော့ ကုတင်ပေါ်တက်၊ စောင်ပေါ် အိပ်တော့တာပဲ။ ကုတင်ပေါ်တက်၊ စောင်ပေါ်တက်အိပ်တာ မကြိုက်ပေမဲ့ သူ့သခင်ဆီမှာ အဲလို အိပ်နေကြနဲ့ တူပါရဲ့။ အရင်နေ့တွေကဆို အောက်ကိုဆင်းခိုင်းပေမဲ့ နားရွက်ထောင် မျက်လုံးအပြူးသား မိုးခြိမ်းတာကို ကြောက်နေတဲ့ပုံဆိုတော့ မမောင်းချရက်ဘူး။ မိုချီကတော့ ခေါ်တာတောင် မလာဘူး။ မိုးခြိမ်းသံထက် နားရွက်၊ သူ့ဗိုက်ကအဆီပြင်ကို ညှစ်ပြီး စတတ်တဲ့ ကျွှန်မကို ပိုကြောက်တယ်ထင်ပါရဲ့ း) ။

နယူးယောက်က တိုက်ခန်းတွေက အခန်းသော့၊ အိမ်သော့အပြင် တိုက်ခန်း မိန်းတံခါးသော့ပါ ရှိတယ်။ သော့မရှိရင် တိုက်ရဲ့ မိန်းတံခါးနားက အခန်းနံပါတ်တွေကို နှိပ်၊ အပေါ်ကနေ တံခါးဖွင့်ပေးမှ ဝင်လို့ရတယ်။ အမှိုက်ပစ်တာကတော့ စင်္ကာပူနဲ့တူတယ်။ တထပ်လုံးမှာ အမှိုက်ပစ်တဲ့နေရာ တခုရှိတယ်။ အဲဒီအပေါက်ကနေ ပစ်၊ အဲဒီနားမှာ ရီဆိုင်ကယ်အတွက် အစိမ်းရောင်ပုံးတပုံးရှိတယ်။ USPS ၊ UPS ၊ Fedex က ပစ္စည်းလာပို့လို့ လူမရှိရင် စူပါလို့ခေါ်ကြတဲ့ တိုက်ခန်းကြီးကြပ်ရေးမှုးက ယူထားပေးရင်တော့ ဆူပါဆီမှာ သွားယူ။ မယူထားပေးရင်တော့ နယ်ခံစာတိုက်မှာ သွားယူရတယ်။ ဈေးဝယ်ရင်၊ အဝတ်လျှော်ရင် ကွင်းသူကွင်းသားတွေက တွန်းလှည်းလေးတွေနဲ့။ အဝတ်ထည့်တဲ့ခြင်းတောင်းကြီးကိုင်ပြီး LaundroMart မှာ အဝတ်သွားလျှော်တဲ့ ကျွှန်မကို အထူးအဆန်း မြင်ရသလို ကြည့်ကြတယ်။ နယူးယောက်သား မဟုတ်မှန်း သိသာလိုက်တာ။

ကျွှန်မ စီးဖူးသမျှထဲမှာ နယူးယောက်က ရထားလိုင်းက အရှုပ်ဆုံး Lousy အဖြစ်ဆုံး။ ကျွှန်မ စီးဖူးတာက စင်္ကာပူ၊ ဟောင်ကောင်၊ ဘောစတွန်၊ ဝါရှင်တန်ဒီစီက ရထားတွေပါ။ မနက်တိုင်း စီးတာက လိမ္မော်ရောင် M  Local လိုင်း ၂ ဘူတာ စီး Jackson Heights ရောက်ရင် အဝါရောင် F Express လိုင်း စီး။ Local က ဘူတာတိုင်းရပ်ပြီး Express က ဘူတာကြီးတွေပဲ ရပ်တယ်။ နယူးယောက် ရထားလိုင်းက သက်တမ်းတော်တော်ကြာပြီ။  စီးတဲ့သူ များသလို ပြသနာလည်း တော်တော်များတယ်။ F စီးနေရင်း ခုရထားက E လိုင်းက သွားမှာလို့ ကြေငြာရင် မြေပုံထုတ် ဘယ်ကနေ ပြောင်းစီးရမလဲကြည့်။ ခုရပ်မဲ့ဘူတာက ဂိတ်ဆုံး နောက်ရထားကို စောင့်စီးပါ။ ကြေငြာသံကို နားစွင့်ရတယ်။ Local ကို ပြောင်းစီးတာ Express Express လို့အော်တော့ Local စီးရမဲ့ ကျွှန်မက ခုန်ထွက်၊ Express စီးမဲ့သူတွေက ခုန်တက်။

Strawberry cake from Financier Patisserie, Grand Central

ခုရပ်မှာ ဂိတ်ဆုံးဘူတာ အောက်က N Q ရထားကိုပြောင်းစီးပါလို့ အော်တယ်။ လူတွေမှ အများကြီး ရထားထဲ လမ်းမလျှောက်ဘဲ ရောက်သွားတယ်။ ဂျပန်မှာ ရုံးတက်ရုံးဆင်းချိန်ဆို  လူတွေကို အတင်းဖိသွင်းပြီး  တံခါးပိတ်တာကို တီဗွီမှာ မြင်ဖူးတယ်။ ကျွှန်မလည်း အဲဒီလိုရထားကို ဂျပန်မှာမဟုတ်ဘဲ နယူးယောက်မှာ စီးဖူးသွားပြီ။ အိပ်ငိုက်နေရာကနေ Jackson Heights ဆိုတဲ့ အသံကြားတော့ Local ပြောင်းစီးရမဲ့ဘူတာပဲ။ ငေါက်ကနဲထ ပလက်ဖောင်းပေါ် ခြေလှမ်းတုန်း Next station is Elmhurst ဆိုတော့ အယ် ငါ စီးလာတာ Local ပဲ ပြောင်းဖို့မှမလိုတာ ရထားပေါ် ပြန်တက်လာတော့ ကောင်လေးတယောက် ပြုံးစိစိနဲ့ ကြည့်နေတယ်။ ဒီဟာမလေး အိပ်ချင်မူးတူးနဲ့ ဘူတာမှားဆင်းတော့မလို့။ အိမ်သစ်က 7 ရထားဘူတာနဲ့ ၅ မိနစ် M ရထားဘူတာနဲ့ ၁၀ မိနစ်။ လမ်းမလျှောက်ချင်တာနဲ့ ၇ ရထားလိုင်းပဲ စီးဖြစ်တယ်။ လိုကယ် ၂ ဘူတာစီးပြီး Express စောင့်တာ လိုကယ်သာ ၃ စီးဖြတ်သွားတယ် Express အရိပ်ကိုတောင် မတွေ့ဘူး။ နောက်ဆုံးတော့ လိုကယ်ပဲ ပြန်စီးတော့တယ်။

နယူးယောက်မှာ ရထားခ သက်သာတယ် ဘယ်စီးစီး  ၂ ကျပ်ခွဲ ။ အဝင်ပဲ ကဒ်ဖြတ်ရတယ် အထွက် ဖြတ်စရာမလို။ ဝါရှင်တန်ဒီစီမှာတော့ ဘူတာလိုက် ဖြတ်တာ ဆယ်ဘူတာလောက်ဆို ၄ ကျပ်ခွဲ တနေ့ကို ၁၀ ။ ဒါတောင် ကားပါကင်ခ ၅ ကျပ်၊ ဓာတ်ဆီ၊ အာမခံကြေး မပါသေးဘူး။ ဝါရှင်တန်ဒီစီမှာ ရုံးတက်တာ ကားခ၊ ရထားခက ၄၀၀ကနေ ၅၀၀ ကြားပဲ။ နယူးယောက်မှာတော့ တလလုံး ကြိုက်သလောက်စီး Unlimited Card က ၁၁၃ ကျပ်ပဲကျတယ်။ တချို့တွေကို Unlimited Card ဝယ်ထားပြီး ၂ ယောက်သုံးကြတာ အလုပ်ချိန် မတူရင်ပေါ့။ Unlimited  Card ဝယ်ထားပြီး ၁ ရက်ပဲ ရှိသေးတယ် ပျောက်သွားပါလေရော။ ကဒ်က ပါးပါးလေးဆိုတော့ ဖုန်းထုတ်လိုက်တဲ့အချိန် ဖုန်းမှာကပ်ပြီး ကျသွားတယ်နဲ့ တူပါရဲ့။ နှမြောလိုက်တာ ။

ခုတော့ Unlimited Card အစား တပတ်ကို ၃၀ လောက်ပဲထည့်ထားတယ်။ ပျောက်ရင်လည်း အများကြီး မပါတော့ဘူးပေါ့။ ဝါရှင်တန်ဒီစီက SmarTrip ကဒ်တွေက ကဒ်နံပါတ်နဲ့ ကိုယ့်အကောင့် ဖွင့်လို့ရတယ်။ ကဒ်ထဲပိုက်ဆံ ၁၀ အောက် နည်းနေရင် ခရစ်ကဒ်နဲ့ AutoLoad လုပ်လို့ရတယ်။ ကဒ်ပျောက်သွားရင်လည်း အဲဒီကဒ်ကိုပိတ်ပြီး ကျန်တဲ့ငွေကို နောက်ကဒ်ဆီ ပြောင်းလို့ရတယ်။ မန်နေဂျာမကို Unlimited Card ပျောက်သွားတဲ့အကြောင်း ငိုပြတော့ နယူးယောက် မတ်ထရိုကဒ်မှာလည်း အဲလိုမျိုး ရှိပါသတဲ့။ ဒါပေမဲ့ အွန်လိုင်းကနေ သပ်သပ်ဝယ်ရတယ်။ နံပါတ်တွေပါတဲ့ မတ်ထရိုကဒ်ကို မေးလ်နဲ့ပို့ပေးတယ်၊ ဆယ်ရယ်လောက်တော့ ကြာပါသတဲ့။ မပျောက်စဖူး အပျောက်ထူး ပျောက်မဲ့ပျောက်တော့လည်း...။ သေချာတယ် နောက်ကို သတိထားတော့မှာ။

Chocolate cake from Financier Patisserie, Grand Central

နယူးယောက်သားတွေကတော့ နယူးယောက်မှာ ရာသီဥတုနဲ့ Subway ရထားက အစိုးမရဘူးဆိုပဲ။ မှန်လည်း မှန်ပါတယ်။ ယခုလောလောဆယ်မှာတော့ Elmhurst အယ်လ်မဟာ့လို့ အမည်တွင်တဲ့ အရပ်မှာ နတ်ဆုလို့ အမည်ရတဲ့ ခွေးတစ်ကောင်၊ မိုချီလို့ အမည်ရတဲ့ ကြောင်တစ်ကောင်နဲ့ နေထိုင်ကြောင်းဗျား။ ဒီအရပ်၊ ဒီဒေသမှာ ရေစက်ရှိသလောက် ပန်းသီးစားရပေမပေါ့။

စန်းထွန်း
ဖေဖေါ်ဝါရီ ၁၅၊ ၂၀၁၄။

8 comments:

Unknown said...

SO GOOD MEMORY :)

Anonymous said...

စန်းထွန်းလေး...
ချစ်သောမမအိုင်အိုရာ

ကြယ်ပြာ said...


Aunty Tint said...


မေတ္တာဖြင့်
တီတင့်

ဟန်ကြည် said...



မီးမီးငယျ said...

၃ရက်လောက်လာဖတ်ရတယ်..
ဟီး…
ခေါ်လိုက်မယ်သိလား..
အားမွှေးထား…

San San Htun said...


San San Htun said...

Anonymous said...
စန်းထွန်းလေး...
စိတ်ရှည်လက်ရှည်တဆက်တည်းဖတ်သွားတယ်။
အတွေ့အကြုံတွေများလာတာနဲ့အမျှလူကပိုရင့်ကျက်ပြီး
ကိုယ့်ကိုကိုယ်ယုံကြည်မှုပိုလာတာပေါ့။
ဂျပန်တွေနဲ့နေတော့ယဉ်ကျေးမှုနီးစပ်တော့အဆင်ပြေတာပေါ့။ ဒေါ်အောင်ဆန်းစုကြည်ငယ်ငယ်က ဂျပန်အမျီုးသမီးနဲ့တူတူနေခဲ့ရာကနေဂျပန်ဟင်းတွေလည်း
ကြိုက်အဝတ်လျှော်အတူဈေးသွားအတူဖြစ်ပြီးနောက်ဆုံးဒေါ်အောင်ဆန်းစုကြည်ရဲ့အဒေါ်အရင်းလိုဖြစ်နေတဲ့ဒေါ်သန်းအေးရဲ့နောက်ဆုံးချိန်ကိုတောင်ဥရောပထိသွားစောင့်ရှောက်ဖြစ်တဲ့ထိရင်းနှီးသွားခဲ့ကြတာတွေပါဆက်တိုက်သတိရသွားတယ်။
အိပ်ရေး၀၀အိပ်ရဖို့သိပ်အရေးကြီးတယ်နော်။
အိပ်ရေး၀၀နဲ့စိတ်ချမ်းသာစွာနေ့စဉ်ဘဝကိုဖြတ်သန်းနေကြောင်းသိရလို့အတိုင်းမသိဝမ်းမြောက်မိပါကြောင်းစန်းထွန်းလေးရေ။
ချစ်သောမမအိုင်အိုရာ
February 15, 2014 at 2:27 PM
ကြယ်ပြာ said...
တဝ်၀က်ထိ ဖတ်ပြီးသွားပါပြီ။ အလုပ်ပေါ်လာလို့ပြန်လာဖတ်ပါ့မယ်နော်။
February 17, 2014 at 1:55 AM
Aunty Tint said...
ထုံးစံအတိုင်း စုံလင်အောင်ရေးပေးထားတာ ကျေးဇူးပါ စန်းစန်းရေ...လွတ်သွားတာလေးတွေ ဆက်ဖတ်အုံးမယ် ...

မေတ္တာဖြင့်
တီတင့်
February 17, 2014 at 4:23 AM
ဟန်ကြည် said...
ခေါင်းစွပ်ကြီးစွပ်ထားတော့ Night at the museum ထဲက လူကြီးတွေကို ပြေးမြင်တယ်...ခွေးကလေး ချစ်စရာ...ကြောင်ကလေးကိုတော့ ဖီလင်မလာပါ... း)

အရှိန်အဟုန်မပျက် ဘလော့ဂင်းနိုင်တာကို လေးစားပါသဗျား...
February 17, 2014 at 5:47 AM
မီးမီးငယ် said...
၃ရက်လောက်လာဖတ်ရတယ်..
တနေကုန်လျှောက်သွားနေလို့၊
နောက်တော့နယူးယောက်သားဖြစ်သွားမှာပါ၊
အဲဒီအတွက့်ပန်းသီးနေ့တိုင်းစားပြီးယတြာခြေပေးပါရန်..
ဟီး…
ပျော်ပျော်သာနေစန်းထွန်းလေးရေ..
နောက်နှင်းတွေအရည်ပျော်သွားရင်လည်လည်သွားဖို့၊
နေရာတွေကြည့်ထားပြီးသား၊
ခေါ်လိုက်မယ်သိလား..
အားမွှေးထား…
February 17, 2014 at 10:35 PM
San San Htun said...
အမည်မသိ း စာကလွဲရင် အကုန်မှတ်မိတယ် း)
မမအိုင်အိုရာ း ဂျပန်မနဲ့တော့ မသိဘူး...ဂျပန်ခွေးနဲ့တော့ အတော်ခင်နေပြီ..
ကြယ်ပြာ း ပျောက်ချက်သား ကောင်းလှ...စာတွေကို ဘာလို့ရှည်ရှည်ရေးမှန်း မသိ..နောက်ဆို သတိထားပြီး နည်းနည်းတိုတို ရေးမှ...
တီတင့် း ဘလော့ဂင်းတော့မယ်ပေါ့လေ..welcome back..
ဆြာဟန် း မပေါ်လာတာကြာပေါ့...သများက ဘကုန်းရွာရော၊ ဖဥိးထုပ်ရွာမှာရော နေပါတယ်..
မမီးငယ် း နောက်ဆို တပတ်လောက် လာဖတ်ရအောင် ရေးဦးမှ..ဒီနေ့ President Day ပိတ်တော့ ဝေါထရိတ်စင်တာကို သွားလည်မလားလို့...မမီးကိုတောင် သတိရနေသေးတာ..နောက်တော့လည်း အေးတာနဲ့၊ ပျင်းတာနဲ့ မထွက်ဖြစ်ပါဘူး.ခေါ်သာခေါ်လိုက်...အပြေးလာမှာ...သိပ်မလိုက်ချင်ရှာဘူး..:D လာ..ပန်းသီးအတူတူ စားကြစို့လား...
February 17, 2014 at 10:56 PM