ဆယ်လီဗြွတ်တီ့ မျက်မှန်...
နယ်ကျောင်းတွေမှာတော့ အပုဆုံးက ရှေ့ဆုံးတန်းထိုင်၊ အရှည်ဆုံးတွေက နောက်ဆုံးတန်းထိုင်ရပြီး ထိုင်ခုံနေရာက ပုံသေ။ ကိုယ့်အရပ်က မပုမရှည် (မောင်နှမသုံးယောက်ထဲမှာတော့ ကိုယ်က အပုဆုံး) ဆိုတော့ အလယ်လောက်မှာ ထိုင်ရတာများတယ် ။ ပုသိမ် ထ ၂ တက်တော့ ထိုင်ခုံနေရာက ပုံသေမဟုတ်တော့ဘဲ နေ့စဉ် နောက်တိုးပြီး အလှည့်ကျထိုင်ရတယ်။ နောက်ဆုံးတန်းရောက်တော့ ကျောက်သင်ပုန်းက စာတွေကို မမြင်ရလို့ မျက်စိသွားစစ်တာ အဝေးမှုန်မျက်မှန်တပ်လိုက်ရသလို ရှေ့ဆုံးတန်းမှာ ပုံသေထိုင်ရတယ်။ ၈ တန်းကျောင်းသူဘဝကတည်းက လေးလို့၊ ကိုင်းကျိုးလို့၊ ဒီဇိုင်းမလှလို့ အကြောင်းအမျိုးမျိုးနဲ့ စာကြည့်မျက်မှန်တွေ ထည်လဲတပ်ခဲ့ပေမဲ့ နေကာမျက်မှန်တော့ မရှိဘူး။
လွန်ခဲ့တဲ့ လေးနှစ်လောက်က ပထမဆုံးနေကာမျက်မှန်ကို မကြီးက မွေးနေ့လက်ဆောင်အဖြစ် ပေးတယ်။ ဘူးကစ်က ဆိုင်တွေ၊ မူဆာဖာကုန်တိုက်တခုလုံး မွှေနှောက်ပြီးတော့မှ ကြိုက်တာနှစ်ခုတွေ့တယ်။ ကိုယ်က ဈေးသင့်တဲ့ဟာ ယူမလို့စိတ်ကူးနေတာ မကြီးက သူကြိုက်တဲ့ ( ကိုယ်ကလည်းကြိုက်ပေမဲ့ ဈေးကြီးလို့ မယူဘူးလို့တွေးထားတဲ့ ) Emporio Armani မျက်မှန်ကို မွေးနေ့လက်ဆောင် ပေးတယ်။ အဲဒီမျက်မှန်က အတော်ကြီးပြီး ဒီဇိုင်းအတော်မိုက်တယ်။ အရင်တုန်းကတော့ စာကြည့်မျက်မှန် အမြဲတပ်လို့ နေကာမျက်မှန် တပ်ဖို့မလိုဘူးဆိုတဲ့တယောက် နေကာမျက်မှန် လက်ဆောင်ရတာနဲ့ မချွှတ်တော့ဘူး း) ။
မကာအို၊ ဟောင်ကောင်ကို သွားလည်တုန်းက ရုံးကအင်ဒိုနီးရှားလေး ဒါမာဝီ ဓာတ်ပုံရိုက်ရင် နေကာမျက်မှန်တပ်တယ် ရိုက်ပြီးရင် ချွှတ်ထားရော။ ဂမ်းစတားစတိုင် မျက်မှန်နဲ့မိုက်တယ် တပ်ထားဆိုတော့ မျက်မှန်တပ်ထားရင် မှောင်မည်းပြီး မမြင်ရလို့ ဓာတ်ပုံရိုက်တုန်းလေးတပ် ပြီးရင် ချွှတ်ထားရတာဆိုတော့ ကိုယ်တို့အားလုံး ရယ်လိုက်ရတာ း) ။  ကွာလတီမကောင်းတဲ့မျက်မှန်တပ်ရင် မူးနောက်နောက် ဖြစ်ကျန်ခဲ့လို့ မျက်မှန်သမားကိုယ်ကတော့ မျက်မှန်ဆို ကွာလတီကောင်းကောင်း ဝယ်ရတယ်။
ဆူနမ်တို့တွေ ရေဘမ် အေဗီရေတာမျက်မှန် ဝယ်တပ်ကြတော့ ကိုယ်လည်း အေဗီရေတာရောဂါရပြီး အမေဇုန်ကနေ ဝယ်တယ်။ ဆိုဒ်ကကြီး မျက်စိအေးသလို မခံစားရလို့ ဆူနမ်တို့ကို ပြောပြတော့ သူတို့ဆိုဒ်က ၅၅ တဲ့။ ကိုယ်ဝယ်တာလည်း ၅၅ ပါပဲ ။ ဆူနမ်တို့တွေက နှာတံပေါ်ပေါ် မျက်နှာကြီးကြီးဆိုတော့ အေဘီရေတာမျက်မှန်က သူတို့နဲ့လိုက်တယ်။ ကိုယ်က နှာပိပိ မျက်မှန်က လျှော..လျှောကျတော့လက်ညှိုးနဲ့ ခဏခဏ ပင့်တင်ရတယ်။ ကိုယ့်မျက်နှာက သူတို့ထက် သေးတော့ ဆိုဒ် ၅၅ ပေမဲ့ မျက်မှန်က ကိုယ့်မျက်နှာမှာ ကြီးနေပုံပေါက်တယ်။ အမေဇုန်က ဝယ်ပေမဲ့ ဂျူပလီဂိတ် duplicate တွေ ရှိလို့ မသေချာရင် ပြန်ပို့လို့ ဆူနမ်တို့က မှာကြားထားတာနဲ့ ပြန်ပို့လိုက်တယ်။
အာရှမှာတော့ ဆိုင်တွေကို သွား၊ ကိုယ်တိုင်စိတ်ကြိုက် တပ်ကြည့်ပြီးမှ ဝယ်ပေမဲ့ စတိတ်မှာတော့ မြို့တိုင်းမှာ ဆိုင်တွေမရှိ၊ ရှိပြန်ရင်လည်း ပစ္စည်းမစုံတော့ အွန်လိုင်းက ဝယ်ကြတာများတယ်။ ကလဲရားကလည်း Serengeti နေကာမျက်မှန်ကို အမေဇုန်ကနေ ဝယ်တာမကြိုက်လို့ ပြန်ပို့မလို့တဲ့။ ရုံးနားက ယူနီယမ်စတေးရှင်းမှာ ဝင်းဒိုးလျှော့ပင်းရင်း ရေဘမ်အေဗီရေတာမျက်မှန်နဲ့ ဓာတ်ပုံရိုက်ပြီး မကြီးကိုပြတော့ သူကလည်း အားကျမခံ H&M မှာ ဝင်းဒိုးလျှော့ပင်းရင်း ရိုက်ထားတဲ့ဓာတ်ပုံကို ယှဉ်တွဲပြတော့ ဟမ်းးးးးး..မလေး သူ့မျက်မှန်က ငါ့မျက်မှန်ထက် ကြီးနေပါရော့လား...။
မကျေပွဲ အွန်လိုင်းကနေ ထပ်ဝယ်တော့လည်း လျှောကျမြဲ၊ ကြီးနေဆဲ။ ပတ်တက်ဂွန်မောလ်၊ အောက်လက်လျှော့ပင်းမောလ်ကြီးကို သွားရှာတာလည်း စိတ်ကြိုက်မတွေ့။ မေစီမှာ သွားရှာတာလည်း မတွေ့။ သြော်..အေဗီရေတာ..အေဗီရေတာ သူများဆီမှာ လှပေမဲ့ ငါ့ဆီရောက်တော့ အလှမဲ့သွားရှာတယ်။ ဂရိတ်စမုတ်ကီသွား တောလား တုန်းက မျက်မှန်နဲ့ကိုင်း (ဂိုင်း) ကို  ဆက်ထားတဲ့မူလီ ကျွှတ်သွားလို့ ဘယ်မှာပြင်ရမှန်းမသိ၊ စတိတ်မှာ တန်ဖိုးထက် လက်ခက ဈေးကြီးတတ်တော့ (ကားရှေ့မီးလုံးလဲတာ တန်ဖိုးက ၁၀၊ တပ်ဆင်ခက ၃၀ ကိုယ်တွေ့..) ပြန်ပြင်မဲ့အစား အသစ်ဝယ်တာ အကောင်းဆုံးမို့ မျက်မှန်အသစ် ဝယ်ရဖို့ဖန်လာတယ်။ မေစီမှာ သွားရှာတော့ ရေဘမ်၊ ဂူစီ၊ ရပ်ဖဲလောရန်၊ တွန်မီ တခုမှမကြိုက် Tiffany မျက်မှန်နှစ်လက်ကိုတော့ သဘောကျတယ်။ ကိုယ့်စာကြည့်မျက်မှန်က အဲဒီဘရန်းဆိုတော့ ပေါ့ပြီးကွာလတီကောင်းမှန်း သိတယ်။
စတိတ်ကိုရောက်တာ နှစ်နှစ်ကျော်ပြီ မျက်မှန်ဒီဂရီ သွားစစ်ဦးမှဆိုပြီး ရုံးကလူတွေကို မေးမြန်းကြည့်တော့ မျက်စိအာမခံမရှိတော့ ဝေါမတ်မှာ သက်သာတယ်တဲ့။ မျက်စိဒီဂရီစစ်ပေးတာက အနီးအနားက ဝေါမတ်မှာမရှိ။ ရှိတဲ့မစ်ဒယ်တောင်းက ဝေါမတ်ကို သွားမေးတော့ မျက်စိဒီဂရီစစ်ပေးသူက ကြသပတေးနေ့မှ လာမှာတဲ့။ မျက်စိဒီဂရီစစ်ပြီး မှန်လဲရင်တောင် နောက်တပတ်လောက် စောင့်ရဦးမဲ့ပုံ ။ ဈေးသက်သာဖို့ စောင့်နိုင်ပေမဲ့ ကန်တက်ကီကနေ တပတ်အတွင်း ပြောင်းတော့မှာဆိုတော့ စောင့်နေလို့မရ။
တနေ့တည်း အပြီးလုပ်ပေးတဲ့ လျှော့ပင်းမောလ်က မျက်မှန်ဆိုင်မှာ မျက်စိဒီဂရီစစ်တော့ မျက်စိဒီဂရီရော၊ မျက်လုံးသူငယ် အတွင်းပိုင်းတွေပါ စစ်တယ်။ မျက်စိအာမခံမရှိလို့ စစ်ခ တရာလောက် ကျတယ်။ ဒီဂရီနည်းနည်းတိုးလို့ အလင်းမပြန်တဲ့မှန်ကို လဲမယ်ဆိုတော့ မှန်လဲခက ၂၀၀ ကျော် အောင်မငှီး...ဈေးကြီးလှချည်လား...ခြင်္သေ့ကျွှန်းမှာ အပြီးအစီး ၆၀ လောက်ပဲ ကျတာ။ မျက်မှန်အသစ်လဲရင်တော့ ၃၀ % ဒစ်စကောက်နဲ့ ၃၀၀ လောက်ကျမယ်။ အမ်... ၁၀၀ ပဲ ကွာတာ ဒါဆို အသစ်ပဲ လဲတော့မယ်။ မျက်မှန်ရှာပုံတော်ဖွင့်တော့ ရေဘမ်အနက်ရောင်နဲ့ အဲဒီအန်တီကြီး တပ်ထားတဲ့ တစ်ဖ်ဖနီမျက်မှန်ကို သဘောကျတယ်။ ပေါ့လဲပေါ့ စတိုင်လည်းမိ နှာခေါင်းမှာအဖုသီးမပါတဲ့ တစ်ဖ်ဖနီကို ရွေးလိုက်တယ်။ အဲ...မှန်းထားတာထက် ၅၀ ပိုကုန်သွားတယ်။
နေကာမျက်မှန် တစ်ဖ်ဖနီအသေးက ဘေးနားမှာ စိန်ပန်းပွင့် ခြယ်ထားတယ်။ ဘလင်းဘလင်းတွေ မကြိုက်သလို ဈေးကလည်း တော်တော်ကြီးလို့ မကြိုက်ဘူး း) ။ အကြီးကို ကြိုက်ပေမဲ့ ကလဲရားက too big တဲ့။ အရောင်းဝန်ထမ်းကောင်လေးက အဲဒီထက် ဈေးကြီးတာတွေ လာပြနေလို့ နိုး..နိုး မကြိုက်ဘူးလို့ ငြင်းလွှတ်ရတယ်။ မေစီအပြင်ရောက်တော့မှ ဒင်းက ငါ့တို့ကို သူဋ္ဌေးများ မှတ်နေလား မသိဘူး ဈေးကြီးတာတွေ လာပြနေတယ်။ အေးလေ ငါတို့က မူရင်းဈေးနဲ့ ဘယ်တော့မှ ဝယ်တာမဟုတ်ဘူး ဒစ်စကောက်ဆိုမှ ဝယ်တာ။ မနက် ရုံးလာတဲ့အချိန် ၉  နာရီ ရုံးဆင်းချိန် ၅ နာရီခွဲ နေက ခြစ်ခြစ်တောက်ပူတော့ မျက်မှန်မတပ်လို့မရ။ တစ်ဖ်ဖနီဝက်ဆိုဒ်မှာ ရှာကြည့်တော့ ၂ ခု တွေ့တယ်။ ရိုးရိုးပလိမ်းနဲ့ ဘေးမှာ x ပါတဲ့ဟာ (အဲဒီ   x ကြောင့် ပလိမ်းထက် ၄၀ ပိုဈေးကြီးတယ်) ။  စာကြည့်မျက်မှန်နဲ့ တူအောင် x ပါတာ ဝယ်လိုက်တယ်။
မူလီပြုတ်သွားတဲ့ မျက်မှန်ကို မကြီးဆီ ပြန်ပို့တော့ မျက်မှန်ပြင်ဆိုင်မှာ သွားပြင်တာ တကျပ်ကြီးများတောင်ကျတယ်တဲ့။ ဟေ...အဲလိုမှန်း သိရင် မပို့ပါဘူး မျက်မှန်ပြင်ဆိုင်မှာ သွားပြင်ပါတယ်။ ခုတော့ မျက်မှန်အသစ်လည်း ဝယ်ပြီးသွားပြီ ပြန်ပို့ရင်လည်း ပို့ခက....။ မကြီးမှာ Mango နဲ့ Fendi မျက်မှန်တွေ ရှိပေမဲ့ အာမနီမျက်မှန်ကြီးကို ကြိုက်လို့တဲ့ ပို့စ်အမျိုးမျိုးနဲ့ ဓာတ်ပုံရိုက်ပြီး ဖေ့ဘွတ်မှာ တင်တယ်။
ဒီအိုအယ်လ်ရုံးက လုံခြုံရေးအစောင့်၊ အိမ်ရှင်အန်တီကြီးနဲ့ တူမတို့က ကိုယ့်မျက်မှန်အသစ်ကို ကြိုက်ကြတယ်။ ဆူနမ်က ပြုံးတယ်...အေဗီရေတာမျက်မှန်ကို နင်က တူးဘစ် too big တဲ့..ဒီမျက်မှန်က အဲ့ဒီအေဗီရေတာထက် ပိုတူးဘစ်တယ်။
ကလဲရား း နင့်မျက်မှန်က ကြီးလှချည်လား
စန်းထွန် း ဆယ်လီဘရစ်တီတွေက ပါပါရာဇီရန်ရှောင်ဖို့ မျက်မှန်အကြီးကြီးတပ်ပြီး ရုပ်ဖျက်လေ့ရှိတယ်
ကလဲရား း နင်က ဆယ်လီဘရစ်တီမှ မဟုတ်တာ... ပါပါရာဇီတွေလည်း တယောက်မှ မတွေ့မိပေါင်
စန်းထွန်း း ငါလား... ပါပါရာဇီ တယောက်မှ မလိုက်တဲ့ ဆယ်လီဗြွတ်တီ..
ကလဲရား း တိန်
စန်းထွန်း
အောက်တိုဘာ ၈၊ ၂၀၁၃။
8 comments:
စံပယ္ခ်ိဳ said...
မလေးမြတ် said...
မီးမီးငယ် said...
ဦးဟန်ကြည် said...
ဘုန်းဘုန်းတောက် said...
Anonymous said...
ချစ်သောမမအိုင်အိုရာ
San San Htun said...
စံပယ်ချို said...
ဆယ်လီဗြွတ်တီနဲ့ ဂျက်ဂျက်နှမ အရမ်းကိုမိုက်နေပါလား
October 11, 2013 at 7:46 PM
မလေးမြတ် said...
စန်းထွန်းရေ မလေးလည်းနေကာမျက်မှန်အရမ်းကြိုက်တာမျက်မှန်လေးနဲ့လှ၏။ချစ်ခင်တဲ့
October 11, 2013 at 9:35 PM
မီးမီးငယ် said...
ဟား...အမိုက်စားလေးဘဲ..ကိုယ်တော့ခုထိနေကာမျက်မှန်ကိုမဝယ်ဖူးသေးဘူး..လက်ဆောင်ရတာနဲ့..ချစ်ချစ်ကြီးအလုပ်မှာတတ်တဲ့safety grass အမဲကြီးနဲ့တခါခါသွားလိုက်တာဘဲ..:P
October 11, 2013 at 9:36 PM
ဦးဟန်ကြည် said...
မျက်မှန်က တပ်စရှိရင် တပ်ချင်တာ ရောဂါတစ်မျိုးနော စန်းထွန်း...အွန်လိုင်းကတော့ မမှာချင်ပေါင်ဗျာ...မျက်မှန်ရဲ့သဘာဝက ပုံထဲမှာလှပေမယ့် ကိုယ်တပ်လိုက်ရင် လှချင်မှလှတာမျိုး...ဈေးဘယ်လောက်ကြီးတာတပ်တပ် ကိုယ်နဲ့မလိုက်လို့ကတော့ ငွေကုန်ခံပြီး ရုပ်ဆိုးအောင်လုပ်တာနဲ့ ဘာထူးလို့တုန်း...ဟဲ ဟဲဒါကြောင့် ဦးဟန်ကြည်တို့ကတော့ ဆိုင်မှာသွား အားရအောင်မွှေ ဟိုဟာတပ်ကြည့် သည်ဟာတပ်ကြည့် မဒမ်ဟန်ကြည်ကို မေးကြည့်...လှတယ် လိုက်တယ်ဆိုမှ ဝယ်ပါ၏...
October 11, 2013 at 9:39 PM
ဘုန်းဘုန်းတောက် said...
စန်းထွန်းရေ တန်ဖိုးထက် လက်ခက ဈေးကြီးတယ်ဆိုတာ လက်တော့တင် မှတ်နေတာ တခြားပစ္စည်းတွေလည်း အဲတိုင်းပဲပေါ့နော်။
October 11, 2013 at 9:42 PM
Anonymous said...
တစ်ဖ်နီနဲ့ရိုက်ထားတာလေးလည်းတင်အုန်းလေ။ပိုလှမှာပေါ့။ း)
ချစ်သောမမအိုင်အိုရာ
October 11, 2013 at 9:45 PM
သူကြီးမင်း (တုံးဖလား) said...
မျက်မှန် မဲမဲ ထူထူ ကြီးကြီး။ အခုခေတ်မှာ ခေတ်အစားသား။ စီလီဗြွတ်တီ စန်းထွန်းလဲ ဒမျက်မှန်ကြီးနဲ့ လိုက်ပါ့ဗျား။
October 12, 2013 at 8:05 AM