ရပ်ကွက်ထဲမှာတော့ဗျာ - ၂၁
အင်တာဗျူးဖို့ လာကတည်းက အဲဒီရုံးနေရာလေးကို သဘောကျနေခဲ့တာပါ။ ရုံးက ယူအက်စ်ကယ်ပီတယ်နဲ့ကပ်လျက်။ ဘယ်အချိန်ချိန်ကြည့်ကြည့် အမိုးဖြူဖြူဝိုင်းဝိုင်းလေးနဲ့ လှပခန့်ညားတဲ့ ကယ်ပီတယ်ကို မြင်တိုင်း မကြည့်ဘဲ ဘယ်လိုမှမနေနိုင်ဘူး။ အင်တာဗျူး ပြန်လာကတည်းက အဲဒီအလုပ်ကို ရချင်နေတာ။ ရုံးနေရာကိုရော၊ အစိုးရရုံးတွေမို့ ရုံးဝတ်စုံအပြည့်ဝတ် ရုံးတက်ကြတဲ့သူတွေကိုရော ကြိုက်လို့။ အလုပ်က offer ပေးလာတော့ ပျော်လိုက်တာ။
တခါတလေ နေ့လည်စာကို ဝယ်လာပြီး ယူအက်စ်ကယ်ပီတယ်ဘေးက ရောဘတ် အေ တက်ဖ် အမှတ်တရ ရုပ်တု၊ ခေါင်းလောင်းရှိတဲ့ ပန်းခြံက ခုံလေးမှာ သွားထိုင်စား။ လာစပ်စုတတ်တဲ့ ရှဉ့်ကလေးတွေကို ပြုံးပြ။ သူတို့အချင်းချင်း ရန်ဖြစ်ကြတဲ့အခါ ရယ်မော။ သောကြာနေ့ ညနေစောင်းတွေဆိုရင် ကယ်ပီတယ်ကနေ ဟိုးအောက်ဖက် မိုးနူးမတ်ကျောက်တိုင်အထိ နေရှယ်နယ်မောအတိုင်း လမ်းလျှောက်ပြီး ကင်မရာတကားကားနဲ့ မြင်သမျှရိုက်။
အစိုးရရုံးစိုက်ရာမြို့ပေမဲ့ နယူးယောက်မြို့ကြီးလို လူမရှုပ် ညစ်ပတ်မနေဘဲ ရှေးဟောင်းလက်ရာတွေနဲ့ သန့်ရှင်းလှပတယ်။ ယူအက်စ်ကယ်ပီတယ်ဘေးတဝိုက် စိုက်ပျိုးထားတဲ့ ပန်းပင်၊ သစ်ပင်တွေက လှလွန်းလို့ ဖြတ်သွားတိုင်း ဓာတ်ပုံရိုက်တယ်။ ကလယ်ရား ဝယ်ထားတဲ့ ခေါက်လို့ရတဲ့စက်ဘီးကို မနေ့က ညနေရုံးဆင်းချိန် ကယ်ပီတယ်နောက်ဖက်မှာ သွားစီးသေးတယ်။ စက်ဘီးကိုခေါက်ပြီး အိတ်ထဲထည့် သယ်သွားလို့ရတယ်။
ဒီစီမှာ မတ်ထရိုဘိုက် စက်ဘီးကို စထွင်ခဲ့တာ အောင်မြင်လို့ တခြားမြို့တွေကပါ လိုက်လုပ်နေတယ်။ မတ်ထရိုဆိုတာ ရထားကို ခေါ်တာပါ။ နယူးယောက်မှာတော့ ဆပ်ဝေး subway လို့ခေါ်တယ်။ မန်ဘာဝင်ထားရင် ဘူတာတွေမှာရှိတဲ့ မတ်ထရိုဘိုက် metro bike တွေကို ယူစီးပြီး ခရီးဆုံးနားက ဘူတာတွေမှာ ထားခဲ့လို့ရပါတယ်။ ကိုယ်ပိုင်စက်ဘီးဆိုရင်တော့ ရုံးတက်၊ ရုံးဆင်းချိန် မဟုတ်ရင် ရထားမှာ သယ်ယူလို့ရတယ်။
သေနတ်ပစ်မှုတွေ အများဆုံးဖြစ်တာ ဘယ်နိုင်ငံလဲလို့မေးရင် ယူအက်စ်လို့ ဖြေကြလိမ့်မယ်။ ဟုတ်တယ် ယူအက်စ်မှာ ဘာလို့ သေနတ်ပစ်မှုတွေ အများဆုံးဖြစ်သလဲဆိုရင် သေနတ်ကို အလွယ်တကူနဲ့ ဝယ်လို့ရလို့နဲ့တူတယ်။ ကိုယ်တို့တိုင်းပြည်မှာတော့ သေနတ်ပစ်မှုဆိုတာ မရှိသလောက်ဘဲ။ ရှိခဲ့ရင်လည်း သေနတ်ကိုင်တဲ့ စစ်တပ်၊ ရဲတွေက သေနတ်မဲ့ ပြည်သူတွေကို ပစ်တာပဲ ဖြစ်လိမ့်မယ်။ အင်္ဂလိပ်တွေဆီက လွတ်လပ်ရေးရဖို့ အမေရိကန်တိုင်း လက်နက်စွဲကိုင် တိုက်ပွဲဝင်ပါတယ်။ နောက်တော့ အမဲလိုက်ဖို့၊ ကိုယ့်ကိုကိုယ် ကာကွယ်ဖို့ ဆောင်တယ်။ အိမ်ပိုင်နက်ထဲ ခိုးဖို့ဖြစ်ဖြစ်၊ လုယက်ဖို့ပဲဖြစ်ဖြစ် ဝင်ရောက်လာတဲ့သူကို သေနတ်နဲ့ပစ်လို့ သေသွားရင် ကိုယ့်ကိုကိုယ် ကာကွယ်တာဖြစ်လို့ ပြစ်မှုမမြောက်ပါဘူး။ ချီကာဂိုမှာ အရက်မူးပြီး ကိုယ့်အိမ်ထင်ကာ ခိုးဝင်တဲ့ ဆယ်ကျော်သက်ကောင်လေးတယောက်ကို အိမ်ပိုင်ရှင်က သူခိုးထင်ပြီး ပစ်လိုက်တာ သေသွားတယ်။
မနှစ်က ကွန်ကပ်တီနက်ပြည်နယ် ဆန်ဒီဟွတ်ကျောင်းမှာ သေနတ်ပစ်မှုဖြစ်လို့ ၂၀ ကျော် သေသွားတယ်။ ရှေ့လကပဲ ဝါရှင်တန်ဒီစီ နေဗီရပ်မှာ သေနတ်ပစ်လို့ ၆ ယောက် သေပြီး တော်တော်များများ ဒဏ်ရာရတယ်။ နေဗီရပ်ဆိုတာ လုံခြုံရေး အတော်တင်းကျပ်တဲ့ နေရာပါ။ ပစ်တဲ့သူက အဲဒီမှာ အလုပ်လုပ်တဲ့တယောက်။ Security Clearance ရှိတယ်။ အစိုးရအလုပ်တော်တော်များများက Security Clearance လိုပါတယ်။ Security Clearance က အဆင်ဆင့် ရှိပါတယ်။ အနိမ့်ဆုံးက Public Trust ။ ရုံးမှာ ကိုယ်ကလွဲရင် အားလုံးက Public Trust Clearance ရှိပါတယ်။ Public Trust Clearance ရဖို့ အမေရိကန်နိုင်ငံသားဖြစ်ပြီး FBI က မိသားစု၊ သူငယ်ချင်း၊ လုပ်ဖော်ကိုင်ဖက်၊ အိမ်နီးနားချင်း၊ ဆွေမျိုးသားချင်း၊ ကျောင်းနေဖက် အကုန်စစ်မေးပြီး ယုံကြည်မှ ပေးတာပါ။
ကန်တက်ကီရုံးက စီနီယာဝီလီယမ်ဂရင်းက အိုင်အိုဝါပြည်နယ် စီဒါးရပ်ပစ်မြို့က လေတပ်အတွက်ဆော့ဝဲတွေ ရေးတဲ့ကုမ္ဗဏီမှာ လုပ်ခဲ့တာမို့ Security Clearance ရှိပါတယ်။ တွမ်ဆို ဒုံးပျံကုမ္ဗဏီမှာ လုပ်ခဲ့တော့ Top Secret Clearance ရှိတယ်။ အဲဒီ clearance က နည်းနည်းပိုခက်တယ်။ ဘယ်အချိန် ဘယ်နေရာ ဘယ်သူနဲ့တွေ့တယ် ဆိုတာကအစ မှတ်တမ်းတင်ရတယ်။ နေဗီရပ်မှာသေနတ်ပစ်တဲ့သူက လွန်ခဲ့တဲ့သုံးလလောက်က သူ့နောက်ကို လူတွေလိုက်နေတယ်ထင်ပြီး ရဲခေါ်ဖူးတယ်။ သူ့ကို လုပ်ကြံတဲ့သူတွေ ရှိတယ်ဆိုပြီး အိပ်မပျော်လို့ စိတ်ကျန်းမာရေးဆရာဝန်နဲ့ ပြနေတာပါ။ အမေရိကန်ပြည်သူတွေရဲ့ အီးမေးလ်အဆက်အသွယ်တွေကို အစိုးရက လျှို့ဝှက်သိမ်းတယ်လို့ ဖွင့်ချပြီး ရုရှမှာ ခိုလှုံခွင့်တောင်းတဲ့ စနိုဒင်ဝှိုက်နဲ့ နေဗီရပ်သေနတ်ပစ်သမားကို  security clearance ထုတ်ပေးတဲ့ကုမ္ဗဏီက တခုတည်းဖြစ်နေတော့ အဲဒီကုမ္ဗဏီရဲ့ security clearance ထုတ်ပေးတဲ့  standard ကို မေးခွန်းထုတ်နေကြတယ်။
ဒီနေ့ နေ့လည် ၃ နာရီလောက်မှာ ရဲကားသံတဝီဝီ ကြားနေတော့ ကလဲရားကိုတောင် ပြောနေသေးတယ် ဒီစီကိုမကြိုက်တာ အဲဒီရဲကားတဝီဝီမြည်သံလို့ ပြောနေသေးတယ်။ တဝီဝီက ဆက်နေတော့ ဘယ်များဖြစ်နေပါလိမ့်လို့ စီအန်အန်၊ အေဘီစီ၊ ရာဟူးကို ဖွင့်လိုက်တော့....လား...လား...
ဘုရားရေ...ဘရိတ်ကင်းနယူးစ်...ကေပီတယ်ဟေးလ်မှာ သေနတ်ပစ်လို့....'Shelter in place' order & stay away from windows at all Senate buildings..
ဒါကြောင့် ရဲကားတွေ တဝီဝီ မြည်နေတာကိုး..နေဗီရပ်က ဝ.၃ မိုင် ကယ်ပီတယ်ဟေးလ်က ဝ.၁ မိုင် ဘေးမှာ။ ပြတင်းပေါက်ကနေ ကြည့်လိုက်တော့ ရဲကားတွေ တင်းကျမ်းပြည့်၊ လူနာတင်ယာဉ်သံ ကြားတော့ လူတွေထိခိုက်မူတော့ ရှိမယ်ထင်တယ်။ သတင်းတွေက မသေချာမရေရာသေး။ ၅ နာရီ ရုံးစောဆင်းတော့ ပင်စယ်ဗေးနီးယားလမ်းမကြီး ပိတ်ထားပြီး ကယ်ပီတယ်နား ဘယ်သူမှ အဝင်မခံတော့ဘူး။ တိုက်ရိုက်အသံလွင့်တဲ့သူတွေ၊ သတင်းသမားတွေ၊ ကိုယ့်လို စပ်စုဓာတ်ပုံရိုက်ကြသူတွေ အုံနေတာပေါ့။
ယူအက်စ်အစိုးရရဲ့ Fiscal year က အောက်တိုဘာ ၁ ရက်မှာ စတင်ပါတယ်။ သမ္မတ အိုဘားမားရဲ့ အိုဘားမားကဲ Obamacare လို့ခေါ်တဲ့ လူတိုင်းကျန်းမားရေးအာမခံရှိပြီး ဈေးသက်သက်သာသာနဲ့ ဆေးကုနိုင်တဲ့ ဥပဒေကို ဒီမိုကရက်တွေကြီးစိုးတဲ့ အောက်လွှတ်တော်က အတည်ပြုပြီး ရီပါပလီကန်တွေကြီးစိုးတဲ့ အထက်လွှတ်တော်က အိုဘာမားကဲကြောင့် လူတွေအခွန်အတုပ် ပိုဆောင်ရတယ် စီးပွားရေးထိခိုက်တယ်ဆိုပြီး ပယ်ချပါတယ်။ အကြွေးထပ်တိုးယူပြီး အစိုးရဘတ်ဂျက်ချပေးဖို့ကို ရီပါပလင်ကန်နဲ့ ဒီမိုကရက် စက်တင်ဘာ ၃၀ ရက်နေ့ ညသန်းခေါင်တိုင်အောင် ညှိလို့မရတာနဲ့ အစိုးရပိတ် federal government shutdown ပါတယ်။
အရေးမကြီးတဲ့ အစိုးရလုပ်ငန်းတွေ ရပ်လိုက်တာမို့ သောင်းချီနေတဲ့ဖက်ဒရယ် အစိုးရဝန်ထမ်းတွေဟာ လစာမရပါဘူး။ ဖယ်ဒရယ်အစိုးရရဲ့ National Institute of Health (NIH) မှာ အလုပ်လုပ်တဲ့ ရာမားနဲ့ အမ်းထရူး ရုံးမတက်ရသလို လစာလည်း မရဘူး။ ပြတိုက်တွေ၊ ပန်းခြံတွေ ပိတ်လိုက်သလို လေဆိပ်မှာ လုံခြုံရေးစစ်ဆေးသူ အရေအတွက် နည်းသွားတာမို့ အကြာကြီးတန်းစီ စောင့်ရတာမျိုး၊ အရင်က ရဲကား၃စီးရှိတဲ့ ကယ်ပီတယ်လုံခြုံရေးဂိတ်မှာ ရဲကားတစီးသာ ရှိတာမျိုး၊ ပတ်စ်ပို့၊ ဗီဇာလျှောက်ရင် ပုံမှန်ထက် ကြန့်ကြာတာမျိုး၊ အစိုးရရုံးတွေကို ဖုန်းခေါ်၊ အီးမေးလ်ပို့ရင် ဖြေကြားမဲ့သူ မရှိတာမျိုးတွေ ဖြစ်ပါတယ်။ ပန်းခြံထဲမှာ ကမ့်ပင်း၊ တောင်တက်နေသူတွေ ၄၈ နာရီအတွင်း ထွက်ခွာရပါတယ်။ ပန်းခြံတွေ၊ မန်မိုရီယမ်တွေမှာ ကျင်းပမဲ့မင်္ဂလာပွဲတွေကို ရက်အကန့်အသက်မရှိ ရွှေ့ဆိုင်းရပါတယ်။
ရှပ်ဒေါင်းကြောင့် ကယ်ပီတယ်မှာ လွှတ်တော်အမတ်တွေ သဘောတူညီမှုရဖို့ အသည်းအသန် ငြင်းခုံဆွေးနွေးနေကြပါတယ်။ သတင်းထူးသတင်းဦးတွေ တင်ဆက်နိုင်ဖို့သတင်းထောက်တွေလည်း ကယ်ပီတယ်နားမှာ ပလူပျံနေကြတယ်။ Debt ceiling limit လို့ခေါ်တဲ့ ကြွေးမြီထပ်ယူကာ အစိုးရကို လည်ပတ်စေဖို့  ကြွေးမြီပမာဏ ဘယ်လောက်ထပ်ယူမယ်ဆိုတာ အောက်တိုဘာ ၁၇ မတိုင်မှီ ဆုံးဖြတ်ရပါမယ်။ အဲဒီနေ့အထိ ကြွေးမြီထပ်ယူမလား၊ ရှပ်ဒေါင်းမလား ရေရာတိကျတဲ့အဖြေတခု အောက်တိုဘာ ၁၇ ရက်နေ့မှ မရရင် ယူအက်စ်တော့ ဘစ်ဒရာဘယ် big trouble ပါတဲ့။ ဒီကနေ့တော့ သတင်းထောက်တွေ ဘရိက်ကင်းနယူးစ် တင်ဆက်ကြပါတယ်။ အစိုးရရှပ်ဒေါင်း shutdown အတွက်တော့ မဟုတ်ဘူး ကယ်ပီတယ်ကို လော့ဒါင်း lockdown လိုက်တဲ့အကြောင်း။
နေ့လည် ၂ နာရီခွဲလောက်မှာ အိမ်ဖြူတော်နားမှာ အင်ဖစ်နတီအနက်ရောင်ဆီဒင်ကားက လုံခြုံရေးအတားဆီးကို ဖြတ်ကျော်ဖို့ကြိုးစားလို့ ရဲကားတွေ ပိတ်ဝိုင်းပြီး ရဲ ၇ ယောက်က ထွက်ခဲ့ဖို့ အမိန့်ပေးတာ မောင်းပြေးလို့ ပစ်။ ဒီစီရဲ့ အထင်ကရလမ်းမကြီးဖြစ်တဲ့ ပင်စင်ဗေးနီးယားလမ်းမကြီးကနေ ၈၅ မိုင်နဲ့ ( မြို့ထဲမှာ ၂၅ မိုင်ပဲ မောင်းခွင့်ရှိပါတယ်) မီးနီဖြတ် ကယ်ပီတယ်နားက အဝိုင်းထိ မောင်းပြေးတာ ရဲကားတွေလိုက်။ ရဲတွေပစ်လို့ သံသယရှိသူ အမျိုးသမီး သေသွားပါတယ်။ ကားထဲက ၁ နှစ်အရွယ်ကလေးကတော့ ဘာမှမဖြစ်ဘူး။ ရဲတွေ ထိခိုက်မိ၊ ရဲကားတွေ ပျက်စီးသွားပါတယ်။ သံသယရှိသူအမျိုးသမီးမှာ လက်နက်မရှိပါဘူး။ သူက ကွန်ကပ်တီနပ်ပြည်နယ်မှာ နေထိုင်ပြီး စိတ်ကျန်းမာရေးချို့တဲ့နေသူလို့ ဆိုပါတယ်။ ဘာကြောင့် အိမ်ဖြူတော်လုံခြံ ုရေးအတားအဆီးကို ကျော်ဖြတ်ဖို့ ကြိုးစားလဲဆိုတာကိုတော့ လူတိုင်းသိချင်နေကြပါတယ်။
သမ္မတနေတဲ့ အိမ်ဖြူတော်နဲ့ ဆီးနိတ် Senate ၊ ဟောက်စ် House ၊ ကယ်ပီတယ်ဆိုတာ ယူအက်စ်မှာ လုံခြုံရေး အတင်းကျပ်ဆုံး၊ ကမ္ဘာပေါ်မှာ ရဲအစောင့်အများဆုံး နေရာတွေလို့ ဆိုရမယ်။ အိမ်ဖြူတော်ရဲ့ မှန်တံခါးတွေက ကျည်ကာမှန်တွေဖြစ်ပြီး ကယ်ပီတယ်အနီးအနားတဝိုက်ကို ဗင်ကားတွေ ဝင်ခွင့်မရှိပါဘူး။ အစိမ်းရောင်ဝတ်လုံခြုံရေးအစောင့်တွေက ကားတွေကို စောင့်ကြည့်နေတတ်ပါတယ်။ ကယ်ပီတယ်အမိုးပေါ်မှာ လက်နက်ကိုင်အစောင့် အမြဲရှိတယ်။ စစ်သားတွေ ကင်းလှည့်နေတဲ့၊ လုံခြုံရေးတင်းကျပ်တဲ့ နေဗီရပ်၊ ယူအက်စ်မှာ လုံခြုံရေး အတင်းကျပ်ဆုံးနေရာတွေလို့ဆိုရမဲ့ အိမ်ဖြူတော်၊ ကယ်ပီတယ်လို နေရာမျိုးတွေမှာ သေနတ်ပစ်မှုတွေ ဖြစ်ပွားတော့ မေးခွန်းတစ်ခု ခေါင်းထဲရောက်လာတယ်။
ယူအက်စ်မှာ ဘယ်နေရာက လုံခြုံစိတ်ချရဆုံးပါလဲ...
ဖေ့ဘွတ်က စတေးတပ်တွေ့လို့ စိတ်ပူသတင်းမေးကြတဲ့ မိတ်ဆွေတွေ၊ သူငယ်ချင်းတွေ အားလုံးကို ကျေးဇူးတင်ပါတယ်။ စန်းထွန်းတယောက် ဘေးရန်ကင်းလို့ ဒီပို့စ်လေး ရေးနိုင်ကြောင်းဗျား။ ကယ်ပီတယ်ဖက်ကို ခြေဦးလှည့်ဖို့ကတော့...
စန်းထွန်း
အောက်တိုဘာ ၄၊ ၂၀၁၃။
9 comments:
goldfish said...
Crime rate is going high here in New York.. A bunch of my friends got robbed withing last two months..
:(
Anonymous said...
စန်းထွန်းရေ..
အဲတော့ကံကောင်းအောင်ပဲနည်းမျိုးစုံနဲ့ ကြိုးစားကြတာပေါ့။
ကံကောင်းစေမဲ့မျိုးစေ့လေးတွေချကြတာပေါ့..ဟုတ်ဖူးလား။
ချစ်သော..
မမအိုင်အိုရာ
mstint said...
မေတ္တာဖြင့်
အန်တီတင့်
ညိမ်းနိုင် said...
ပဲရှိတယ်... :)
မလေး said...
ချစ်ခင်တဲ့
မလေးမြတ်
စန်းထွန်းရေ
အစစ အဆင်ပြေပါစေနော်။
မီးမီးငယျ said...
စန်းထွန်းလေးရေ...
သတင်းကြားကတဲက
ဘဲကြီးသင်ထားတာတော့
အစစ အဆင်ပြေပါစေနော်။
ဟန်ကြည် said...
San San Htun said...
Anonymous said...
စန်းထွန်းရေ..
ယူအက်စ်မှာဘယ်နေရာကကျည်ဆံလာမလဲအမြဲတွေးမိတယ်။
ကံတရားကတော့ဘယ်မှာနေနေအတူတူပဲဖြစ်မှာပါ။
အဲတော့ကံကောင်းအောင်ပဲနည်းမျိုးစုံနဲ့ကြိုးစားကြတာပေ့ါ။
ကံကောင်းစေမဲ့မျိုးစေ့လေးတွေချကြတာပေ့ါ..ဟုတ်ဖူးလား။
ချစ်သော..
မမအိုင်အိုရာ
October 4, 2013 at 8:25 PM
mstint said...
ဒီကနေ့တော့ ရတဲ့အချိန်လေးမှာ ရပ်ကွက်လေးထဲ ရောက်ခဲ့တယ် စန်းစန်းရေ.. မှတ်သားစရာတွေဖတ်ခွင့်ရသလို ဖတ်ရတာလဲ မထိတ်သာမလန့်သာတွေလဲပါလာတယ်... ဓမ္မစက်တွေအချိန်ရတိုင်း ရွတ်ပွားသရဇ္ဈာယ်ပါနော်..
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
မေတ္တာဖြင့်
အန်တီတင့်
October 4, 2013 at 10:02 PM
ညိမ်းနိုင် said...
ဒို့ရွှေပြည်ကြီးမှာတော့ ဘယ်တော့သေနတ်ပစ်ခံရမလဲ
တွေးပူစရာမရှိပေါင်..။သေနတ်နဲ့ကလွဲလို့ ကျန်တာ
တွေနဲ့ သေရဖို့ကတော့ စက္ကန့်နဲ့အမျှတွေးပူနေရတာ
ပဲရှိတယ်... :)
October 5, 2013 at 12:46 AM
မလေး said...
စန်းထွန်းရေ အစစအရာရာ ဂရုစိုက်ပါကွယ်။
ချစ်ခင်တဲ့
မလေးမြတ်
October 5, 2013 at 9:21 AM
ချော(အစိမ်းရောင်လွင်ပြင်) said...
စန်းထွန်းရေ
အဆင်ပြေပြီး အန္တရာယ်ကင်းတယ်ဆိုလို့ ဝမ်းသာပါတယ်
စာမရေးဖြစ် လာမဖတ်ဖြစ်ပေမဲ့ သတိတရ ရှိနေပါတယ်။
အချိန်မလုံလောက်လို့ စာရေးကျဲနေရတာပါ။
အစစ အဆင်ပြေပါစေနော်။
October 6, 2013 at 1:51 AM
မီးမီးငယ် said...
စန်းထွန်းလေးရေ...
သတင်းကြားကတဲက
သတိရနေတာ စန်းထွန်းအလုပ်နဲ့နီးမှန်းလည်းသိတယ်
ဒီမှာကဒီလိုတွေဘဲနော်..
တနေ့နေ့ဝေါ်ဝေါ်ဆိုတဲ့
ကားသံကိုဘဲကြောက်နေရတယ်
ဘဲကြီးသင်ထားတာတော့
တခုခုအသံကြားရင်..ဝပ်သာနေတော့တဲ့..
အစစ အဆင်ပြေပါစေနော်။
October 6, 2013 at 7:05 PM
ဟန်ကြည် said...
စန်းထွန်း ဘာမှမပူနဲ့...ဒီလောက် ပိန်ပိန် ဖရိန်လေးကို တော်ရုံသေနတ်ကျည်လာမှန်ဖို့ သိပ်မလွယ်ဘူး ဟဲ ဟဲ ဦးဟန်ကြည်လို ဘော်ဒီကြီးဟက်နေနေရင်တော့ မလွယ်ကြောပဲ...
တော်ပြီ တောမှာပဲ နေတော့မယ် း)
October 8, 2013 at 4:02 PM