ရွက်ကြွေအတွေး...
စာမေးပွဲပြီးရင် သူငယ်ချင်းတွေနဲ့ နေ့လည်စာအတူတူ သွားစားမယ်ဆိုတဲ့ ကိုယ့်စိတ်ကူး အကောင်အထည် မဖေါ်ဖြစ်ပါဘူး။ သူတို့က ဒယ်လာဝဲယားပြည်နယ် စီနီယာအစ်မအိမ် သွားကြလေရဲh။ လူမျိုးမတူ၊ ဘာသာစကားမတူ၊ ဓလေ့ထုံးစံမတူ သွားရင်လည်း ကိုယ်တယောက်တည်း ငေါင်နေရတော့ မခေါ်တာလည်း ခပ်ကောင်းကောင်း။ သူတို့ဘာသာ ပတ်ချာလည် ရိုက်နေတာ တခါတလေ ကိုယ်အနားမှာ ရှိမှန်းတောင် သိရဲ့လားမသိ။ သူတို့သုံးယောက်က တဖွဲ့၊ ကိုယ်တစ်ယောက်တည်း သီးသန့်ဆန်လွန်းတာ သိသာလွန်းလို့ ကိုယ့်ဘာသာစကားနဲ့ ငြင်းခုန်ရန်ဖြစ်မဲ့ သူငယ်ချင်း မရှိတဲ့ဘဝကို တော်တော် ဝမ်းနည်းမိတယ်။ သူတို့နဲ့ဆိုရင် အထီးကျန်တယ် ခံစားရလို့ သူတို့ဆီ မသွားဖြစ်ပေမဲ့ အထီးကျန်လိုက်တာလို့ ခံစားရတိုင်း သူတို့ဆီ သွားလည်လိုက် အထီးကျန်လိုက်တာလို့ ခံစားရပြီး ပြန်လာလိုက်နဲ့ အထီးကျန်သံသရာ လည်နေတယ်။
ဒါပေမယ့် သူတို့တွေ အနားမှာ ရှိနေရုံနဲ့ကိုယ့်မိသားစု အနားမှာ ရှိနေရသလို လုံခြုံစိတ်ချနွေးထွေးမှုကို ခံစားရလို့ အိမ်ကိုလွမ်းတိုင်း သူတို့ဆီ သွားလည်ဖြစ်တယ်။ ကြီးမားကျယ်ပြန့်တဲ့ ဒီနိုင်ငံမှာ မောင်နှမတွေလို ချစ်ခင်ကြတယ့် သူငယ်ချင်းတွေက နာရီဝက်အဝေးမှာ ရှိနေတာ ကိုယ့်အတွက် ကံကောင်းတယ်လို့ ဆိုရမယ်။ မြောက်ပိုင်း မီနီဆိုးတားပြည်နယ် အိုင်ဘီအမ်မှာ အလုပ်လုပ်နေတဲ့ ရာဂျတ်က ကိုယ်တို့လေးယောက် ခရီးတွေထွက်ကြတာ အားကျတဲ့အကြောင်း၊ သူ့မှာ တစ်ယောက်တည်း  အထီးကျန်တဲ့အကြောင်း ညည်းညှုဖူးတယ်။
တိမ်တွေပြိုဆင်းနေတာ လှလွန်းလို့ ကားမောင်းရင်း ရိုက်တာ..တော်သေးတယ် ကားရှင်းနေလို့...
ရာဂျတ်ဆိုတာ ကိုယ်နဲ့အတူ ကျောင်းတက်ကြတဲ့ နီပေါအုပ်စုထဲက တစ်ယောက်။ မျက်လုံး၊ မျက်ခုံးက အိန္ဒိယဆန်ဆန်၊ အသားအရည်က အနက်နုရောင်၊ ဇာတ်နိမ့်ဇာတ်မြင့်ခွဲခြားတဲ့ နီပေါမှာ ရာဂျတ်တို့မျိုးနွယ်က အနိမ့်ဆုံး။ နီပေါကနေ အိန္ဒိယ၊ ကာတာ၊ လန်ဒန် ၊ အီလွီနွိုက်ပြည်နယ် ချီကာဂို၊ အိုင်အိုဝါပြည်နယ် စီဒါးရက်ပစ်အထိ မိုင်သောင်းချီခရီးကို ကမ္ဘာ့အနောက်ဖက်ခြမ်းကနေ ၂ ရက်ကျော်ခရီး အတူတူ နှင်လာကြတာ ဆူနမ်၊ ရာမား၊ အမ်းထရူး၊ ဂင်္ဂါ၊ ရာဂျတ်။ အိန္ဒိယမှာ လက်ကေ့ခ်အိတ် ပျောက်လို့၊ လန်ဒန် ထရန်စစ်ကို ဗီဇာခေါ်ရစ်လို့ သူတို့ကြုံရတဲ့ အခက်အခဲတွေက များသား။
သူတို့နဲ့ မရှေးမနှောင်း အိုင်အိုဝါပြည်နယ် စီဒါးရက်ပစ်လေဆိပ်ကို ဆိုက်ရောက်လာတာ ဗီယက်နမ်က မိုင်းနဲ့ဟွား။ ငါ့နာမည်ကို ဗီယက်နမ်အသံထွက်နဲ့ ပီပီသသ ခေါ်လိုက်သံကြားရတော့ မိုင်းက ငါတောင် အူကြောင်ကြောင် ဖြစ်သွားတယ်တဲ့။ ဘွဲ့ရပြီးတာနဲ့ အလုပ်ဝင်တဲ့ ကုမ္ပဏီမှာ ဟွားနဲ့မိုင်း သိခဲ့ကြတာပါ။ မိုင်းလည်း အဲဒီကုမ္ပဏီက ထွက်လို့တခြားကုမ္ပဏီပြောင်း၊ နောက် မလေးရှားက အိတ်ချ်ပီ၊ အိတ်ချ်ပီကနေ ကယ်လီဖိုးနီးယားက စစ်စတာကုမ္ပဏီကိုလွှတ်၊ ၂၀၀၈ ရီဆက်ရှင်းဖြစ်တော့ ဗီယက်နမ်ပြန်လာ၊ ၂၀၁၁ ဖေဖေါ်ဝါရီမှာ ကျောင်းဝင်ခွင့်ရလို့ စတိတ်ကိုလာ။ ဟွားကလည်း တခြားကုမ္ပဏီကိုပြောင်း၊ ကိုရီးယားမှာ အလုပ်လုပ်။ ဒီလိုနဲ့ အဆက်အသွယ်တွေ ပြတ်သွားလိုက်တာ ငါးနှစ်ကျော်အကြာ အိုင်အိုဝါပြည်နယ် စီဒါးရက်ပစ်လေဆိပ်မှာ လာတွေ့ကြတယ်ဆိုပဲ။ ရေစက်တွေများနော်။ တကျောင်းတည်း တတန်းတည်း အတူတူ တက်ရမယ်ဆိုတာ လုံးလုံးမသိကြပါဘူးတဲ့။ နီပေါအုပ်စုနဲ့ ဗီယက်နမ်အုပ်စု ရှယ်တယ်ကို အတူတူ ငှားစီးပြီး ကျောင်းကို အတူတူ ရောက်လာကြတယ်။
ကိုယ်ကတော့ သူတို့ထက် သုံးရက်နောက်ကျပြီးတော့မှ ရောက်ခဲ့တာပါ။ မနက် ၆ နာရီ စင်္ကာပူကနေ ဟောင်ကောင်ထိ ၃ နာရီ၊ ၁ နာရီ ထရန်စစ်၊ ဟောင်ကောင်ကနေ ချီကာဂိုကို ၁၅ နာရီစီး၊ ၄ နာရီ ထရန်စစ်၊ ချီကာဂိုကနေ အိုင်အိုဝါပြည်နယ် စီဒါးရက်ပစ်ထိ ၁ နာရီ။ ဖေဖေါ်ဝါရီ ၁၉ မှာ စင်္ကာပူကနေ ထွက်လာလိုက်တာ ဖေဖေါ်ဝါရီ ၁၉ မှာပဲ စတိတ်ကို ရောက်တယ်။ ကိုယ်က ယူနိုက်တက်အဲလိုင်းစီးလာတာ ဆားဗစ်မကောင်းဘူး။ စီနီယာ Nga  က ကိုရီးယန်းအဲလိုင်း စီးလာတာ လေယာဉ်မောင်မယ်တွေ ချောတယ်ဆိုပဲ။ ဆူနမ်တို့က ကာတာအဲလိုင်းစီးလာတာ လေယာဉ်မောင်လေးတွေ ချောလွန်းလို့တလမ်းလုံး ငေးလာတယ်ဆိုပဲ။
မြန်မာပြည်မှာတော့ ကံဆိုတာ မသိသာလွန်းပေမဲ့ နိုင်ငံခြားမှာတော့ ကံက သိသာလွန်းတယ်။ ရာဂျတ်က တက်နက်စီပြည်နယ် မန်းဖစ်မြို့ FedEx ရုံးမှာ အမ်းထရူးနဲ့အလုပ်အတူတူ လုပ်ခဲ့တော့ဆိုတော့ ရာဂျတ်အရည်အချင်းကို အမ်းထရူးက ကောင်းကောင်းသိတာပေါ့။ ဆူပါဗိုက်ဆာကို သူ မသိလို့ လွယ်တာတွေပဲ ခိုင်းပါလို့ ပြောတာတဲ့ အံ့ရော။ ကွန်းထရပ်ကုန်တော့ အလုပ်ရတာ အိုင်ဘီအမ်မှာ။ မနှစ်က ခရစ်စမတ် ဒီစီကို လာလည်တုန်းကတောင် ဆူနမ်တို့ကို ပြောနေသေးတယ်။ ရာဂျတ် အိုင်ဘီအမ်မှာ အလုပ်ရတယ်ထင်တယ် လင့်ခ်အင်မှာ တွေ့လိုက်တယ်လို့။ ရာမားကတောင် ပြောလိုက်သေးတယ် မျက်မှန်မတပ်လို့ နင် အမြင်မှားတာနေမှာပါတဲ့။ နောက် အမ်းထရူးက အတည်ပြုတယ် ရာဂျတ် အိုင်ဘီအမ်မှာ စီနီယာရာထူးနဲ့ အမြဲတမ်းဝန်ထမ်း ဖြစ်သွားပြီဆိုတဲ့အကြောင်း။
အားလုံး ရှော့ခ်ဖြစ်သွားတယ်။ အိုင်ဘီအမ်ဆိုတာ အလုပ်ရဖို့ အရမ်းခက်တာ။ အင်တာဗျူး ငါးကြိမ်ဗျူးတယ်။ မာစတာဘရိန်း မိုင်း ၄ ကြိမ်မြောက်မှာ ပြုတ်တယ်။ စီနီယာ ဝီလီယမ်ဂရင်း ၂ ကြိမ်မြောက်မှာ ပြုတ်တယ်။ ရာဂျတ် ဘယ်လိုအလုပ်ရလဲ စုံစမ်းကြတော့ သူ့အိန္ဒိယသူငယ်ချင်း အဆက်အသွယ်နဲ့ ဝင်တာပါတဲ့။ စတိတ်မှာ Networking ဆိုတဲ့ အဆက်အသွယ်က အရေးပါတယ်။ ထူးချွှန်တဲ့ကျောင်းသားတွေက အလုပ်ကောင်းကောင်းရဖို့ သေချာပါတယ်။ Algorithms ဘာသာကို A+ ထက်ကျော်လွန်ပြီး A Honous ရတဲ့ တရုတ်နဲ့ နီပေါ ကျောင်းသားနှစ်ယောက်ကို ပရော်ဖက်ဆာ ဒေါက်တာ ကလောက်ဒီ ရူဘီ ထောက်ခံစာရေးပေးလိုက်တာ အမေဇုန် ( Amazon ) ကို တန်းသွားရတယ်။ အမေဇုန် အင်တာဗျူးက တခြားအင်တာဗျူးလို တစ်နာရီပဲ ဗျူးတာမဟုတ်ဘူး တနေကုန်ဗျူးတာ။
တချို့ကျတော့လည်း မတော်ပေမဲ့ အလုပ်ကောင်းကောင်းရတယ်။ တချို့ကျတော့လည်း တော်ပေမဲ့ အလုပ်ကောင်းကောင်း မရပြန်ဘူး။ လူတိုင်း ကုမ္ဗဏီကောင်းကောင်း၊ အလုပ်ကောင်းကောင်း၊ လစာကောင်းကောင်း လိုချင်ကြတာချည်းပါပဲ။ ကိုယ်ကံနဲ့ထိုက်တန်တဲ့ အလုပ်ပဲရတယ်။ ဗီဇာပယ်ချခံရလို့ ရာဂျတ်က သူ့မိန်းမကို စတိတ်ကို ခေါ်လို့မရဘူး။ အလုပ်ထဲမှာလည်း သူငယ်ချင်းအသစ်ရဖို့ အခွင့်အလမ်း နည်းတယ်။ မိသားစုရှိတဲ့သူတွေက အချိန်မပေးနိုင်၊ လူလွတ်ဆိုရင်လည်း ကိုယ့်နဲ့အကျင့်စရိုက်၊ ဝါသနာတူတဲ့ သူငယ်ချင်းရဖို့ အတော်ခက်တယ်။ အချိန်အတိုင်းအတာ တခုအထိ ဝါသနာ၊ အကျင့်စရိုက်၊ စကားလုံးတွေ၊ ခံစားချက်တွေ ဖလှယ်၊ ကောင်းကွက်တွေကို သိသလို ဆိုးတာတွေကိုလည်း သည်းခံနိုင်မှ သူငယ်ချင်း ဖြစ်တာကိုး။ ရာဂျတ်က သူ့မှာ သူငယ်ချင်း မရှိဘူး မင်းတို့ကို အားကျတယ်ဆိုတော့ ကိုယ်ချင်းစာမိတယ်။ သူ့လိုမျိုး အိုင်ဘီအမ်မှာ အလုပ်ရလို့ကတော့ အထီးကျန်ချင် ကျန်ပလေ့စေ ဆိုပေမဲ့ ကိုယ်လည်းသူ့နေရာမှာဆိုရင် သူငယ်ချင်းတွေနဲ့ နီးနီးနားနား အလုပ်မျိုးပဲ လိုချင်တော့တယ်လို့ ညည်းညူမိမလား။
ငယ်ငယ်တုန်းကတော့ သူငယ်ချင်းဆိုတာ စာသင်ကျောင်းက ခုံနီးနားချင်း၊ အိမ်နီးနားချင်း၊ ကျူရှင်အတူတူ တက်ခဲ့ကြသူတွေ၊ အတူတူ ဆော့ဖော်ဆော့ဖက်တွေပေါ့။ ဟိုင်းကြီးတကျွှန်းလုံးက ကျောင်း၊ ပုသိမ်၊ ရန်ကုန်ကျောင်းတွေ တက်ခဲ့တော့ ကိုယ့်မှာ ငယ်သူငယ်ချင်း မရှိသလောက် ရှားတယ်။ မူလတန်းကတည်းက ငယ်သူငယ်ချင်းလေ ဆိုတဲ့သူတွေကို အားကျတယ်။ မြို့ကျောင်းတက်တဲ့ကိုယ့်ကို နယ်ကသူတွေက မြို့သူလို့မြင်ပြီး မြို့ကသူတွေက မြစ်ဝကျွှန်းပေါ်သူတဲ့။  လှည်းတန်းက အင်္ဂလိပ်စာသင်တန်းတက်တော့ ရင်ဘတ်ချင်းနီးတဲ့ သူငယ်ချင်းတွေ ရတယ်။ သွားမယ်၊ စားမယ်၊ စကားပြောမယ်၊ စာဖတ်မယ် အကျင့်တူလို့ စုမိကြတယ် ဆိုပါတော့။ ၉၉ မှာ သူငယ်ချင်းဖြစ်ခဲ့ကြတာ ၂၀၀၁ တက္ကသိုလ်တွေ တက်ကြတော့ သိပ်မတွေ့ဖြစ်တော့ဘူး။ ကိုယ် နိုင်ငံခြားထွက်လာပြီးကတည်းက သူတို့နဲ့ အဆက်အသွယ် ပြတ်သွားတော့တယ်။ ဝေးနေပေမဲ့ သူတို့အကြောင်း တွေးမိတိုင်း ရင်ဘတ်ထဲ နီးတယ်။ တခါတလေ ရင်ဘတ်ထဲက စကားလုံးတွေ အံကျချင်ရင် သူတို့ကို သတိရတယ်။
လန်ဒန်တက္ကသိုလ်တခုက လာဖွင့်တဲ့ အခန်းနံပါတ် ၁၃ သင်တန်း တက်တုန်းက သူငယ်ချင်းတွေနဲ့တိရစ ္ဆာန်ဥယျာဉ်သွား ပင်လယ်ဓားပြလှေစီး၊ အာလာဒင်မှာ ဒန့်စင်းဂိမ်း သွားဆော့။ ဆယ်ကျော်သက်အရွယ်ရဲ့  အပူအပင်မရှိ လွတ်လပ်ပျော်ရွှင်မှုတွေ ပိုင်ဆိုင်ဖူးတယ်။  တက္ကသိုလ်တုန်းက သူငယ်ချင်းတွေက ရင်ဘတ်ချင်း နီးသလို၊ မိသားစုတွေပါ သိကြတယ်။ ဆူနမ်တို့တွေ သီချင်းသံပြိုင်ဆိုကြတော့ သူတို့လို သီချင်းသံပြိုင်ဆိုခဲ့တာ ဘယ်အချိန်တုန်းကပါလိမ့်လို့ တွေးမိတယ်။ ကျောင်းခရီးစဉ်တွေဖြစ်တဲ့ ပုဂံခရီး အပြန်တုန်းက လေးဖြူ၊ ဇော်ပိုင် သီချင်းတွေဆိုတုန်းကလား ဟုတ်သေးဘူး။ တောင်ကြီးခရီး အပြန်တုန်းက ချစ်တဲ့ကျောင်းတော်ကြီးကို ခွဲရပြီမို့ ကျောင်းသီချင်းတွေ သံပြိုင်ဟစ်တုန်းကလား  ဟင့်အင်း။ ကျောင်းက မြေအောက်ထပ်မှာ ဝေနဲ့အတူ အိုင်စီသီချင်းတွေ အော်ဟစ်ပြီး စာသင်ချိန်လစ် မြေအောက်ထပ်မှာ လာအိပ်တတ်တဲ့ ကျောင်းသားတွေကို အသံနဲ့နှိပ်စက်ခဲ့တာ နောက်ဆုံးထင်တယ်။
ခြင်္သေ့ကျွှန်းကို ကျောင်းလာတတ်တော့ အသက်အစိတ်ပြည့်လို့ နှစ်နှစ်တောင် စွန်းနေပြီ။ မြန်မာပြည် ကိုယ်တို့တက္ကသိုလ်က အတန်းအတူတူ တက်ခဲ့သူတွေ၊ ဂျူနီယာတွေ၊ မြန်မာအများစုဆိုတော့ မြန်မာကျောင်း တက်ရသလိုပါပဲ။ ပရောဂျက်ကြောင့် ကျောင်းမှာ ၂ညအိပ်ရဖူး၊ ပင်ပန်းပေမဲ့ ပျော်ပါတယ်။ လျှော့ပင်း၊ ဂျော့ဂင်းဆို မကြီး၊ တောင်တက်ဖို့ဆို အိအိ၊ လမ်းလျှောက်ဖို့ဆို မိစိမ့်။ စတိတ်ကို ရောက်လာတော့ တမြို့လုံးမှာ မြန်မာဆိုလို့ ကိုယ်တယောက်တည်း။ သူငယ်ချင်းညီအစ်မတွေဖြစ်တဲ့ ဆူနမ်၊ ရာမား၊ မိုင်းတို့နဲ့ အဆောင်အခန်းချင်းကလည်း ဘေးချင်းကပ်၊ ကျောင်းကလည်း အတူတူ၊ လက်ချာ၊ အဆိုင်းမင့်တွေ ပိတော့ ပျင်းချိန်တောင် မရှိ။ ကန်တက်ကီပြည်နယ် လူဝီဗီလ်မှာ အလုပ်ရတော့ သူငယ်ချင်းမရှိ။ မိုင် ၁၀၀ ကား ၂ နာရီ မောင်းရတဲ့ အိုဟိုင်းရိုးပြည်နယ် စင်စင်နာတီက ဆူနမ်နဲ့မိုင်းဆီ တလတခေါက် သွားလည်။ မိုင်းက သူ့ချစ်သူနေတဲ့ ဗာမွန်ပြည်နယ် ဘာလင်တန်ကို ပြောင်းတော့ ဆူနမ်တယောက် ဟာတာတာ ဖြစ်သွားတယ်။ သောကြာနေ့ညဆို တပတ်စာ ဈေးဝယ်၊ ပိတ်ရက်မှာ အိမ်တွင်းအောင်း၊ ရုံးတက်ရက်ဆိုရင်လည်း အလုပ်နဲ့အိမ်။ ကိုယ် သူ့ဆီ သွားလည်တော့မှ စားသောက်ဆိုင်မှာ ထွက်စားတယ်။ ဆူနမ်ရယ် နင့်ကြည့်ရတာ အထီးကျန်လိုက်တာ ငါ့လို ပိတ်ရက်တွေမှာ လျှော့ပင်းမောလ်သွား၊ အပြင်ထွက်စားလို့ ကိုယ်က အကြံပေးတယ်။
ဆူနမ်က တိုက်ခန်းမှာ တယောက်တည်း နေတာဆိုတော့ ပိုအထီးကျန်တယ်။ ရာမားနဲ့ အမြဲတမ်း ဗွီဒီယို ဖေ့စ်တိုင်းမ် ဖွင့်ထား ဒီတော့မှ တယောက်တည်းလို့ မခံစားရတော့ဘူးတဲ့။ ကိုယ်က ကန်တက်ကီမှာ အမေရိကန်မိသားစု အိမ်မှာနေတော့ လုကပ်၊ ကေတီ ကလေးတွေနဲ့ကစား၊ အိမ်ရှင်အမနဲ့ စကားပြောဖော်ရတော့ တော်သေးတယ်။ တစ်နှစ်ပြည့်ခါနီး၊ အိမ်ကနေ အလုပ်လုပ်နိုင်တယ်လို့ ယုံကြည်မှုရှိတာနဲ့ ရာမားနေတဲ့ မေရီလန်းဆီ ဆူနမ်ပြောင်းတော့တာပဲ။ တိုက်ခန်းစာချုပ်က နောက်၃လမှ ပြည့်မှာ တလနို့တစ် ပေးတဲ့အခါ စာချုပ်ထဲမှာမပါ  စာချုပ်ပြည့်တဲ့အထိ နေချင်နေ မနေချင်ရင် ကျန်တဲ့လစာ ပေးပြီးပြောင်းဆိုလို့ ၃လစာပေးပြီး ပြောင်းတယ်။ ဆူနမ်ပြောင်းသွားတော့ ကိုယ့်လည်း ဟာတာတာ ဖြစ်သွားတယ် သွားလည်ရမဲ့ သူငယ်ချင်း မရှိတော့လို့။
မကြာပါဘူး ကွန်ထရပ်မကုန်ခင် လေးအော့ဖ်လို့ ဆူနမ်တို့ဆီ ကိုယ်လိုက်ရတော့တာပဲ။ အဲဒါလည်း ခပ်ကောင်းကောင်း ဆူနမ်တို့နဲ့ မနီးမဝေးမှာ အလုပ်ရတယ်။ Blessing in Disguise ကံကောင်းခြင်းတွေဟာ ကံဆိုးချင်ဟန်ဆောင်ပြီး လာတယ်လို့ ဆိုမလားဘဲ။ Blessing တွေ မလာခင် အလုပ်ရှာတဲ့ အချိန်တုန်းက စိတ်ဖိစီးမှုတွေ၊ ၂ လခွဲအတွင်း အလုပ်မရသေးရင် ကျောင်းသားဗီဇာကို ဆက်ထိန်းထားဖို့ ကျောင်းကိုပြန်ပြီး  စီမီနာကို့စ် တက်ချိန်တုန်းက ပင်ပန်းဆင်းရဲမှုတွေကို ညည်းညူရရင် လူစင်စစ်ကနေ ခိုဖြစ်သွားမလား မသိ။
စိတ်တူကိုယ်တူ သူငယ်ချင်း၊ ချစ်သူ၊ မိသားစုဝင်တွေနဲ့ဆိုရင် ဘဝက သာယာပျော်ရွှင်ဖွယ်အတိ။ စိတ်တူကိုယ်တူ သူငယ်ချင်း၊ ချစ်သူ၊ မိသားစု ရဖို့ကလည်း ခက်သား။ လျှော့ပင်းဖို့ဆို မကြီးက လာထား အိအိက ဟင့်အင်း။ တောင်တက်ဖို့ဆို အိအိက အိုကေ မကြီးက နိုး။ ဆူနမ်တို့လို အိမ်မှာ တနေကုန် ရုပ်ရှင် ကိုယ် မကြည့်နိုင်။ ကိုယ့်လို လည်ပတ်ဖို့ ဆူနမ်တို့ စိတ်မဝင်စား။ တယောက်တည်းလည်း ဘဝကို ပျော်တတ်မှ ဖြစ်တယ်။ ပိတ်ရက်တွေမှာ ဒီစီသွားလည်၊ တောင်တက်၊ ဆူနမ်တို့ အိမ်နားက ရေကန်နား ဂျော့ကင်သွားပြေး၊ အိမ်နားက မတ်သရူးဟန်ဆန်ထရေးဆီ လမ်းသွားလျှောက်၊ ဂီတာတီးသင်၊ စိတ်ဖိစီးလို့ တရားထိုင်။ မေရီလန်းမှာ ပျော်နေတုန်း ပရောဂျက်ရပ်တော့မယ်ဆိုတော့ အလုပ်အသစ်ရှာရပြန်ပြီ။ ဘယ်ဝယ်ဘယ်ဆီ ရောက်မယ်မှန်းမသိ။ ကိုယ့်သူငယ်ချင်းတွေက ကိုယ့်ကို အားကျတယ်။ ကိုယ်က မိသားစုနဲ့ အခြေတကျဖြစ်နေတဲ့ သူတို့ကို အားကျတယ်။
ဆောင်းလေမြူးလို့ရွက်ကြွေချိန် ကံကြမ္မာလေနှင်ရာအတိုင်း မျောလွင့်နေရတဲ့ ရွက်ကြွေလေးတရွက် ဖြစ်ရတဲ့အခါ အမြစ်တွေက ဟိုး မြေကြီးအောက် နက်နက်ဝင်ဝင် ကုပ်တွယ်ပြီး နေဒဏ်၊ လေဒဏ်၊ ရာသီဥတုဒဏ်ကို ကြံကြံခံတဲ့ သစ်ပင်လေးတပင် ဖြစ်ချင်မိတယ်။
စန်းထွန်း
စက်တင်ဘာ ၁၉ ၊ ၂၀၁၃။
(စနေနေ့က စာမေးပွဲဖြေပြီးလို့ ပင်ပန်းပေမဲ့ ရာသီဥတုက သာယာလွန်းတာ အိမ်တွင်းအောင်းဖို့ နှမြာတာနဲ့ အိမ်နားက မတ်သရူးဟန်ဆန်ထရေးမှာ လမ်းလျှောက်ရင်း ရိုက်ထားတယ့် ပုံတွေပါ။  မကြာခင် ဆောင်းရောက်တော့မှာမို့ခုလို သစ်ပင်တွေ စိမ်းစိုလန်းဆန်းနေတာ ဒီနှစ်အတွက် နောက်ဆုံးနှုတ်ဆက်လက်ဆောင်များလား)
7 comments:
ဟန်ကြည် said...
ညိမ်းနိုင် said...
Anonymous said...
စန်းထွန်းလေးရေ..
ဒါကြောင့်ရွက်ကြွေလေးဘ၀ကိုပျော်ရွှင်စွာနဲ့ ခံယူရင်း စိတ်လက်ပေါ့ပါးစွာဘ၀ကိုကြံ့ကြံ့ခံနိုင်ပါစေလို့ မေတ္တာအပြည့်နဲ့ ဆုတောင်းပေးပါတယ်။
လောကဓံခံရမှာပါ။
စိတ်ဓါတ်မကျပါနဲ့ ။
ချစ်သောမမအိုင်အိုရာ
သိ င်္ဂါ ရ said...
မလေး said...
ချစ်ခင်တဲ့
မလေးမြတ်
စံပယ်ချို said...
San San Htun said...
ဟန်ကြည် said...
စန်းထွန်းရဲ့ ပို့စ်ဖတ်ပြီး အားကျသလို တရားရသလို ခံစားရတယ်...ဘဝဆိုတာ ဒီလိုပါပဲ ကိုယ့်ရဲ့ ကိုင်းညွှတ်မှု ကိုယ့်ရဲ့မြတ်နိုးမှုတွေအပေါ်မှာ မူတည်ပြီး တန်ဖိုးတွေ ပြောင်းလဲတတ်ကြတာကလား...သူငယ်ချင်းတွေအကြောင်း ဖတ်ရင်းနဲ့ ပျော်လိုက်လာတာ ဘဝအကြောင်းရောက်လာတော့ မောလာပြန်ရော...
ဖြည်းဖြည်းပေါ့လေ...သစ်ပင်ကြီးတွေဆိုတာလည်း တစ်ခါတည်း အမြစ်ကုတ်နိုင်ခဲ့တာမှ မဟုတ်ဘဲ...အချိန်တန်ရင်တော့လည်း ရေသောက်မြစ်တွေ ထွက်လာမှာပေါ့...လတ်တလောကတော့ လေရူးနှင့်အတူ ဝေ့ပေဦးတော့ စန်းထွန်းရေ...
September 19, 2013 at 7:06 AM
ညိမ်းနိုင် said...
ဖတ်ရတာ နဲနဲမောသွားတယ် စန်းထွန်းရာ...။
ဂလိုပဲပေါ့လေ....ကံဇာတ်ဆရာပစ်ချရာ နေရာမှာ
အကောင်းဆုံးဖြစ်အောင်နေ နေရာပေါ့လေ....နော့
September 19, 2013 at 8:16 AM
Anonymous said...
စန်းထွန်းလေးရေ..
ရွက်ကြွေလေးတွေကလေအဝေ့နဲ့ပဲပါသွားသွား..
မုန်တိုင်းပဲတိုက်တိုက်..ပျက်စီးသွားခဲပါတယ်။ သူ့ရဲ့ပျော့ပြောင်းမှုသတ္တိလွင့်မျောနိုင်မှုသတ္တိကြောင့်
လေဝေ့ရာပါသွားရပေမဲ့မြေပေါ်ပြန်ကျကျလေပေါ်ဝဲ၀ဲ အကျမနာပါဘူး။
အမြစ်အကြီးကြီးဖြစ်လာလေလေပြိုလဲဖို့လွယ်လေလေပါ။ သူ့ရဲ့မာကြောမှုသတ္တိ၊ အမြစ်တွယ်အခြေကုတ်မှု သတ္တိကြောင့်ပဲ မုန်တိုင်းလာပြန်တော့ရွက်ကြွေလေးလိုအလိုက်သင့်
မဝေ့နိုင်ပဲ ပြိုကျရသေးတာပါ။
ဒါကြောင့်ရွက်ကြွေလေးဘဝကိုပျော်ရွှင်စွာနဲ့ခံယူရင်း စိတ်လက်ပေ့ါပါးစွာဘဝကိုကြံ့ကြံ့ခံနိုင်ပါစေလို့မေတ္တာအပြည့်နဲ့ဆုတောင်းပေးပါတယ်။
ရွက်ကြွေလေးလည်းရွက်ကြွေလေးအဖြစ်..
သစ်ပင်ကြီးလည်းသစ်ပင်ကြီးအဖြစ်..
လောကဓံခံရမှာပါ။
စိတ်ဓါတ်မကျပါနဲ့။
သစ်ရွက်ဘဝလေးတွေကသစ်ပင်ဘဝကိုသဘောကျ၊
သစ်ပင်ဘဝကသစ်ရွက်လေးတွေရဲ့ဘဝကိုသဘောကျနေကြတာပါဘဲ။
စန်းထွန်းနဲ့ကိုယ်တို့လိုဘဝတွေအများကြီးပါ။
အမေရိကန်တွေလည်းတချိန်လုံးရွှေ့နေပြောင်းနေကြတာပါဘဲ။ ပင်စင်စားဖြစ်မှဘဲမရွှေ့ကြတော့သလိုပါဘဲ။
(ပြောမဲ့သာပြောရကိုယ်လည်းသစ်ရွက်မကျသစ်ပင်မကျဘဝပါ။)
ချစ်သောမမအိုင်အိုရာ
September 20, 2013 at 1:23 AM
သိ င်္ဂ ါ ရ said...
ပုခုံးချင်း ဝင်တိုက်မိတာတောင် လူတွေ အပေါင်းအသင်း ဖြစ်ဖို့ ခဲယဉ်းသား ... ။ သူငယ်ချင်းတွေ နဲ့ အတူ နေရတဲ့ အချိန်တွေ က အမှတ်တရတွေချည်းပါပဲ ... ။ ရှုခင်းပုံတွေ ကြည့်ရတာလည်း သဘာဝကို မြင်ရလို့ အရမ်း သဘောကျမိတယ် ။ ဒီ ပို့စ် ကို ... congratulations ပါ ...........
September 20, 2013 at 1:59 AM
မလေး said...
ညီမစန်းထွန်းရေ အဝေးမှာနေရတော့
အထီးကျန်တယ်လို့ခံစားရတယ်။ မလေးဆိုလည်းအရင်တုန်းက ဒီလိုပဲ လူမျိုးမတူ၊ ဘာသာမတူ တစိမ်းတွေကြားထဲမှာ
အထီးကျန်စွာနေရတော့ ကိုယ်ချင်းစာမိပါတယ်။ ဘယ်နေရာပဲရောက်၂ ကိုယ့်စိတ်ပျော်အောင်သာ နေနော်။
ချစ်ခင်တဲ့
မလေးမြတ်
September 20, 2013 at 2:52 AM
စံပယ်ချို said...
စန်းထွန်းရေ---အရမ်းအထီးကျန်ဖြစ်နေတာလား
အမဂျက်တို့ဆီကိုခေါ်ချင်တယ် ဝေးလွန်လွန်းလို့ ခေါ်ရတာအားနာတယ်လေ......တွေ့လဲတွေ့ချင်တယ်
စန်းထွန်းကြိုက်မယ့်မြန်မာအစားအစာလေးတွေကိုချက်ပေးချင်တယ်
September 21, 2013 at 2:27 PM