အချစ်ကို မယုံကြည်ကြသူများ...၃
ငါ စာသင်ရတယ့် ကလေးတွေကို သနားပါတယ်...
ဘာဖြစ်လို့..
ကျောင်းက ပြန်ရောက်တာနဲ့ ဂိုက်သာ တယောက်ပြီးတယောက် ပြောင်းသွားတယ်..သူတို့တွေက ထိုင်ခုံက မထရဘူး...မိဘတွေက တတ်စေချင်ပေမယ့် ကလေးတွေမှာ ဝန်ထုပ်ဝန်ပိုး ဖြစ်နေသလားလို့...
ငါဆို လေးတန်းလောက်မှ ကျူရှင် တက်ရတာ...ဒါတောင် ကျောင်းက ပေးလိုက်တယ့် အိမ်စာရယ်၊ အသစ်နည်းနည်း သင်ပေးတာလောက်ပဲ..ငါတို့ကလေးတုန်းက ဆော့ရသေးတယ်..ခုခေတ် ကလေးတွေ ဂိုက်ပိနေသလားလို့...
အဲဒီကျူရှင်က ဘာသာစုံ သင်တာမလား...
အင်း..
ခုခေတ်က မြန်မာစာဆို ဂိုက်တယောက်..အင်္ဂလိပ်စာဆို ဂိုက်တယောက်..သင်္ချာဆို တယောက်..မြန်မာစာ စာစီစာကုံးအတွက်က တယောက်...
တတ်နိုင်သူတွေ ချဲ ့တာထင်တယ်...
ခုခေတ်ကလည်း ငါတို့ခေတ်ကလို  မဟုတ်ဘူး...အတန်းပိုင်ဆရာမဆီမှာ ကျူရှင်မတတ်ရင် အမှတ်မကောင်း အဆင့်ကျလို့ အိမ်နားက စာသင်ကောင်းတယ့် ကျူရှင်မှာ ထားချင်ပေမယ့်လည်း အတန်းပိုင်ဆရာမဆီမှာ ထားရတယ်...အတန်းပိုင်ဆရာမ စာသင်မကောင်းရင် စာသင်ကောင်းတယ့် နေရာမှာ ထားရပြန်ရော..ဒီလိုနဲ့ ကလေးတွေ ကျူရှင်ပိရော...
ကလေးတွေကိုသာ ပြောနေတယ်။။ တက္ကသိုလ်ကျောင်းသူ သူတို့တွေလည်း ကျူရှင်ယူနေရတုန်း။ ကျူရှင်မသင်ရ ကျူရှင်သင်ရင် ဘာဖြစ်မယ် ညာဖြစ်မယ် ဆိုပေမယ့်လည်း တိုးတိုးတိတ်တိတ် သင်တယ့်ကျူရှင်ဝိုင်းတွေကို သူတို့ တက်နေရတုန်း။
သူကျွှမ်းကျင်တယ့် ဘာသာထက် မသင်ချင်တယ့် ဘာသာကို သင်ရတယ့် ဆရာ့အချိန် အလယ်နားနေခန်းမှာ စကားထိုင်ပြောပြီး အတန်းလစ်တယ့် ငါတို့ကို အတန်းပြီးလို့ ထွက်လာတယ့် ဆရာက လှမ်းခေါ်တယ်..သူ့အတန်း မတက်လို့ ဆူမလို့လားမသိဘူးဆိုပြီး ငါတို့မှာ လန့်သွားတာပဲ..ဘယ်ဟုတ်ရမလဲ ရိုးကော (အတန်းတက်ချိန်) ထိုးဖို့ လှမ်းခေါ်နေတာ..ဘယ်လောက်ချစ်ဖို့ကောင်းတယ့် ဆရာလဲနော်..ဆရာ့မိန်းမ သားလေးမွေးတယ် ကြားတော့ ဆရာ့ကိုတွေ့တိုင်း ယောက္ခမကြီးလို့ အော်တော့တာပဲ...
တက္ကသိုလ်ပေါင်းစုံ ဘောလုံးပြိုင်ပွဲအတွက်  ချောက်တီးချောက်ချက် မနည်းစုဆောင်းထားရတယ့် ကျောင်းဘောလုံးအသင်းကို လေ့ကျင့်ပေးနေရလို့ မအားရှာတယ့် ဆရာက လက်ကာပြလိုက်ရင် အီးစီက နေ့လယ် ဆရာ့အတန်း မရှိဘူးဆိုရင်ဘဲ ငါတို့တခန်းလုံး အတန်းလစ်ကြတာ ကျောင်းအုပ်ကြီး သိသွားလို့ နောက်နေ့ ဆရာ့ကို ခေါ်ဆူတယ် ကြားတယ်..ဆရာ ဆရာ့ကို ဆရာမကြီးက မုန့်ဟင်းခါး ခေါ်ကျွှေးတာလားဆိုတော့ ဟုတ်တယ်လေ...အကြော်တောင် အဆစ်ပါလိုက်သေးတယ်တယ့်...
အတန်းခေါ်ချိန်မပြည့်လို့ စာမေးပွဲ မဖြေရတယ့် ကျောင်းသားစားရင်းမှာ ကျောင်းမလာ ကျောင်းမတက်တယ့် အကောင်ကြီးကြီး သားသမီးတွေက မပါဘဲ ကျောင်းတက်တယ့်သူတွေ နာမည်စာရင်းထဲ ပါလာတာကို မကျေနပ်တယ့် ကျောင်းသားတွေ မိန်းလမ်းမကြီးကို ပိတ်ပြီး ဆန္ဒပြကြတယ်.. နောက်တော့ ညှိလို့ရသွားတယ်...ဆန္ဒပြတယ့် ခေါင်းဆောင် စာမေးပွဲ ကျမလားလို့ စောင့်ကြည့်နေတာ အောင်သွားတယ်...
ကျောင်းလခသွင်းထားတယ့် ဘောက်ချာပျောက်သွားလို့ ကျောင်းလခ ထပ်သွင်းရတယ်...ဘောက်ချာပြန်တွေ့လို့ ပြန်တောင်းတာ နောက်နှစ်မှ ပြန်ရတယ်...
တော်သေးတာပေါ့ ပြန်ရတာ...
ကျောင်းသားရေးရာဌာနက မိန်းမတွေ အချိုးမပြေတာများ ယောကျ်ားလေးဆို ချက်ချင်း လုပ်ပေးတယ်...
ငါဆို ကျောင်းသားရေးရာကိစ္စတွေကို ငါ့ဘော်ဒါကောင်လေးတွေကို လုပ်ခိုင်းရတယ်...
အောင်မလေး ဖရက်ရှာလေးတွေလေ...
ဘာလဲ ကျောင်းကားကို ဝှီး..ဝှီး..ဝှီး သိုင်းနဲ့ ဦးပြန်ပြီလား...
ဘယ်ကလာ...မိုးရေ ထွက်ချိုးကြတာ...
ဟေ... သူတို့ဘာသာ ငယ်ငယ်ကလို မိုးရေထွက်ချိုးတာ ဘာဖြစ်လို့တုန်း..ငါတော့ ချိုးချင်ပါဘူး..ချမ်းက ချမ်းပါဘိနဲ့..
ငါ့ စကားဆုံးအောင် နားထောင်ပါဦး...နင် ထင်တာတွေ စွတ်ပြောနေတာပဲ..ဖရက်ရှာလေးတွေ မိုးရေထွက်ချိုးကြတာ မိန်းလမ်းမကြီးမှာ..ဘာပြောကောင်းမလဲ ကျောင်းအုပ်ကြီး ကားနဲ့ ပတ်ဖမ်းတာ အိမ်သာထဲ ထွက်ပြေးတယ့်သူတွေ လွတ်တယ်..မိသွားတယ့် သူတွေရဲ ့ မိဘခေါ်မယ် ပြောတယ်...
အောင်မလေး...ငါတော့ ကျောင်းသာ ပြီးတော့တယ်..မိုးရေ တခါမှ ထွက်မချိုးဖူးသေးဘူး..ဒီတခါ မိုးရွာရင် ထွက်ချိုးဦးမှ....
နင်တို့ ကျောင်းအုပ်ကြီး ကားနဲ့ လိုက်ဖမ်းမှ ဂွိနေဦးမယ်...
မိုးရေ ထွက်ချိုးတာတော့ ဟုတ်ပါပြီ..ကျောင်းဆင်းတယ့်အထိ စိုထိစိုဖတ် အင်္ကျီရေစိုနဲ့ နေရမှာ...နေမကောင်းဖြစ်မှာ မစိုးရိမ်ဘူးလား မသိဘူးနော်....
ကွာတယ်လေ...ငါတို့တွေက ၈၈ အရေးအခင်းမှာ တနှစ်အောက်တာနဲ့ ဆယ်တန်းအောင်ပြီးလို့ တက္ကသိုလ်တက်ဖို့ တနှစ်ခွဲ၊ နှစ်နှစ်ခွဲလောက် စောင့်ရတာနဲ့ တက္ကသိုလ် တက်ချိန်မှာ အသက် ၁၈၊ ၂၀...သူတို့တွေက ၁၆ နှစ်...
သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန လက်အောက်တွင်ရှိသော ဂျီတီစီနှင့် ကွန်ပျူတာက္ကသိုလ်ကျောင်းများသည် ယူနီဖောင်း ဝတ်ရသည်။ ကွန်ပျူတာတက္ကသိုလ် ယူနီဖောင်းအရောင်သည် သူတို့အမြင်တွင် ဘဏ်စာရေးမ အရောင်နှင့် တူသည်။ ကံကောင်းသည်က သူတို့တက္ကသိုလ်များသည် ယူနီဖောင်း ဝတ်ရန် မလိုဘေ။ ဆယ်တန်းတွင်လည်း အဖြူအစိမ်း ယူနီဖောင်း ဝတ်ခဲ့ပြီးပြီ။ တက္ကသိုလ်တွင်လည်း ယူနီဖောင်း ဝတ်ရမည်။ ဘွဲ့ရပြီးလို့ လုပ်ငန်းခွင် ဝင်လျှင် ယူနီဖောင်း ဝတ်ရဦးမည်။
ထိုကျောင်းများသည် ပညာရေးဝန်ကြီးဌာန လက်အောက်တွင် မရှိဘဲ အဘယ်ကြောင့် သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန လက်အောက်တွင်ရှိမှန်း သူတို့ မသိပါ။ အတန်းချိန် မပြည့်လို့ ၊ ယူနီဖောင်းမဝတ်လို့ မိဘခေါ်တွေ့ရတယ့်ခံရသူတွေ၊  ကျောင်းအုပ်ကြီးနဲ့ အဆင်မပြေလို့ နယ်ပြောင်းခံထိတယ့် ဆရာမတွေ တက္ကသိုလ်ရဲ့ မလှပတယ့် အခြားတဖက်ကိုလည်း သူတို့မြင်တွေ့ခဲ့သည်။ ကျောင်းစောင့်ရ၊ ယူနီဖောင်း မဝတ်သော ကျောင်းသားများကို ဖမ်းရ၊ မြို့ပြင်တွင်ရှိသော နယ်တက္ကသိုလ်များတွင် တာဝန်ထမ်းရသော ဆရာမများကို ကြည့်ကာ တက္ကသိုလ်ဆရာမ ဖြစ်ချင်နေသော ခိုင်မေ့စိတ်ကူးယဉ် အိမ်မက်များ ပျက်ပြယ်သွားလေတော့သည်။
အကြိုက်ဆုံး သရုပ်ဆောင်...ဒါရိုက်တာရင်..(ဒါရိုက်တာနင်)
အကြိုက်ဆုံး အစားအစာ..နေကြာစေ့၊ နွားနို့၊ ရှောက်သီးသုပ် (အဲဒီသုံးမျိုး တခါတည်းစား ဂန့်မှာသေချာတယ်...းP )
မေထက် သူငယ်ချင်းများ လက်စွမ်းပြထားသော"ရေးပေးပါ"  စာအုပ်သည် သူတို့အတွက် အကောင်းဆုံးဟာသစာအုပ်ဖြစ်သည်။
ယောကျ်ားလေးအိမ်သာဝတွင် ပိတ်ရပ်နေသော သင်းခိုင်ကို တွေ့လိုက်ရသော အောင်ကျော်ခမျာ
ဟင်..သင်းခိုင်..နင် ယောကျ်ားလေးအိမ်သာဝမှာ ဘာလုပ်နေတာတုန်း...
ကင်းစောင့်နေတာ..အထဲမှာ ငါ့ဘော်ဒါတွေ...
ဟေ..နင်တို့ မိန်းကလေးအိမ်သာ ဘာဖြစ်လို့လဲ...
ဘာမှ မဖြစ်ဘူး..စာမေးပွဲခန်းဝင်ဖို့ ခေါင်းလောင်းတီးတော့မယ်..အပေါ်ထပ် မိန်းကလေးအိမ်သာကို တက်ရင် ငါးမိနစ်လောက် ကြာဦးမှာ..ဒါကြောင့် ဒီမှာ ကိစ္စရှင်းနေတာ..နင် မဝင်နဲ့ဦး...ခဏလေးစောင့်...
တိန်..
ယောကျ်ားလေးအိမ်သာကို အပိုင်စီးသော ထိုမိန်းကလေးများကို အောင်ကျော်ခမျာ ဆလံသလေသည်။
သူတို့ အထက်တန်းကျောင်းတက်တုန်းက တရုတ်သိုင်းကားများ ခေတ်စားသည်။ ဆယ်တန်းအောင်ချိန်တွင်  မီးရထားရုံပိုင်ကြီး မွေးစားသော မိန်းကလေးတယောက်၏ ဘဝဇာတ်ကြောင်း ၊ ကုန်တိုက်အလုပ်သမားလေး အစ်ပေ့၊ အမြဲလွဲနေတတ်သော ဆရာဝန်မလေး နနကို၊ မိဘများ ဆုံးပါးသွားသောကြောင့် ညီငယ်၊ ညီမငယ်လေးများကို စောင့်ရှောက်ရသော အအဂျာ ဂျပန်ကားများ ခေတ်စားသည်။ တက္ကသိုလ်တက်ချိန်တွင် ကိုရီးယား ခေတ်စားလာသည်နှင့်အမျှ  သူတို့သည်လည်း ကိုရီးယား ခရေဇီ ဖြစ်လာသည်။
ငါ့ရည်းစားရရင် အိုပါးလို့ ခေါ်မယ်...
အမ်..နင့်ထက် အသက်ကြီးရင် အိုပါးလို့ ခေါ်လို့ရတယ်..နင့်ထက် ငယ်နေရင် ဘယ်လိုခေါ်မှာတုန်း...
အိုနီးဆိုတာ မိန်းကလေး အချင်းချင်းခေါ်တာ.. ယောကျ်ားငယ်လေးက သူ့ထက် အသက်ကြီးတယ့် အမကို နူနား လို့ ခေါ်တယ်...ဒါပေမယ့် အသက်ငယ်တယ့် ကောင်လေးကို ဘယ်လိုခေါ်မှန်း မသိဘူး...ငါ့သူငယ်ချင်း ကိုရီးယားဘာသာ တက်နေတယ့်သူကို မေးလိုက်ဦးမယ်....
ငါ့ထက် ငယ်ငယ် ကြီးကြီး...အိုပါးပဲ...
ဟင်...ဇွတ်ကြီးပဲ...
ဝေမာက အိုပါးဟု ခေါ်သော ဝေမာ့ချစ်သူ ကျောင်းကိုလာသောအခါ ဝရန်တာတွင် ခေါင်းကွယ်ကာ ဝေမာ့အိုပါးဟု သူတို့ လှမ်းအော်ကြဖူးသည်။
ကိုရီးယားစကားပြော သင်တန်းတောင် တက်စရာ မလိုဘူး..ကိုရီးယားကားကြည့်ပြီး ကိုရီးယားစကားပြောတတ်နေပြီး...အနယ်ကဆိုင်ယော် (မင်္ဂလာပါ)..အိုပါး ဆားရာငယ် (ချစ်တယ် အကို)..
ယော်ဘိုးဆိုတာ ဟန်နီ၊ ဒါလင်..ဘာဘိုးဆိုတာ စတူးပစ်..ယော်ဘိုးနဲ့ဘာဘိုး သွားမရောနဲ့နော်...
အေးပါ ဘာဘိုး..အဲလေ ယော်ဘိုး..
ဘီယာနယ် (တောင်းပန်ပါတယ်)...
ဘီယာနယ်ဆိုတာ ဘာတုန်းဟ..
မသိရင် မှတ်ထား..အဲဒါ ဘီယာနည်းနေပြီ ထပ်ထည့်ပါလို့ ကိုရီးယားလို ပြောတာ..
ဟေ..ဟုတ်လား...
အဲဒီကတည်းကစလို့ ငါ့သူငယ်ချင်း အောင်ကြီး ဘီယာသောက်တိုင်း ဘီယာနယ်လို့ အော်တော့တာပဲ...
မီးပြတ်သောနေ့ဖြစ်လျှင် အင်ဗာတာဖြင့် မီးမဖွင့်ဘဲ ကိုရီးယားကားကြည့်ဖို့ လျှပ်စစ်ဓာတ်အား ချွှေတာတတ်ကြသည်။ နောင် လမ်းဘေးကူးခွေများ ပေါလာသောအခါ တထောင်ဖိုး သုံးခွေ  ကိုးရီးယားကား ဝယ်ယူကြကာ အချင်းချင်း ငှားကြည့်ကြသည်။ မူပိုင်ခွင့်ကို အားပေးသည့်အနေဖြင့် မူရင်းခွေ ဝယ်ယူပါဆိုသော်လည်း ဈေးချိုသော လမ်းဘေးကူးခွေကိုသာ အားပေးကြသည်။
စာဖတ်ဝါသနာပါကြသော ခိုင်မေ၊ မေထက်၊ ဖြိုးဝေ၊ ဝတ်ရည်၊ ရွှေစင်တို့သည် စာအုပ်လဲဖတ်ကြသည်။ လှည်းတန်းရှိ စာပေလောကသည် သူတို့အမြဲလည်ပတ်ရာနေရာ ဖြစ်သည်။ ဆရာကြီး မြသန်းတင့်၏ လေရူးသုန်သုန်၏ ဇာတ်လိုက် စကားလက် အိုဟာရာ၊ ဆရာကြီး ရွှေဥဒေါင်း၏ ဘဝတသက်တာမှတ်တမ်း၊ ဆရာ ဒဂုန်တာရာ၏ နာမည်ကြီး မေ၊ ရဲအောင်၊ စိုးမြတ်သူဇာ သရုပ်ဆောင်သော "မရှိမဖြစ်မိုး" ရုပ်ရှင်ကို သူတို့ကြည့်ဖူးကြသော်လည်း မူရင်း ဆရာဂျူး ဝထ္ထုကို ခုမှ ဖတ်ဖြစ်ကြသည်။
အစုစု ကွဲပြားနေသော နယ်မြေများကို စည်းရုံးပြီး ဗုဒ္ဓဘာသာဖြင့် ပထမနိုင်ငံတော် တည်ထောင်ခဲ့သော အနော်ရထာမင်း၏ ပုဂံပြည်၊ ခြေဖြင့် လှော်ခတ်သော အင်းလေးကန်၊ အလယ်ပိုင်းမှ အိုအေစစ် ပုပ္ပားတောင်၊ နောက်ဆုံး မင်းနေပြည်တော် မန္တလေးတို့ကို ကျောင်းခရီးစဉ်ဖြင့် သူတို့ လည်ပတ်ခဲ့သည်။ မေထက် အဘိုးအဘွားများ နေထိုင်ရာ ဧရာဝတီတိုင်းဖက်ကို သွားလည်ပတ်ကြသည်။  မျက်စိတဆုံး ကျယ်ပြန့်သော ပင်လယ်ပြာပြာ၊ သဲဖြူဖြူ လွလွကို နင်းလျှောက်ရင်း ဆားငန်နံ့သင်းနေသော ပင်လယ်လေကို ရှုရှိုက်ရသည်မှာ  မြို့သူများဖြစ်သော သူတို့အတွက် အဆန်းတကြယ် ဖြစ်သည်။
ချစ်သူမောင်စံရှားကို  မိဘများနှင့် မိတ်ဆက်ပေးချိန် ထိုင်ကန်တော့သော မောင်စံရှားကို ဖေဖေက သဘောကျသော်လည်း မေမေက သဘောကျဟန်မတူ။ အိမ်သို့ ဝင်ထွက်ခွင့်ပေး၍ အရင်လို ခိုးကြောင်ခိုးဝှက် တွေ့ရန်မလိုသောကြောင့် သာယာပျော်ရွှင်ရသော နေ့ရက်များသည် ကြာကြာမခံလိုက်။ မောင်စံရှားနှင့် ဆက်တွဲလျှင် မေမေ့နှလုံးရောဂါ တိုးအောင် လုပ်နေသလိုပဲ ဆိုလာသောအခါ မေမေ့ကို မဖြတ်နိုင်သော ဝတ်ရည်သည် မောင်စံရှားကို ဖြတ်ရလေသည်။ ဝတ်ရည်တယောက်တည်းကိုသောချစ်သော မောင်စံရှားကိုလည်း သနားသည်။ မေမေနှင့် မောင်စံရှား မည်သူ့ကိုမျှ မဖြတ်နိုင်သော ဝတ်ရည် ဘယ်လိုလုပ်ရမှန်းမသိ။ မောင်စံရှားနှင့် မဆက်သွယ်သော်လည်း မောင်စံရှားမှလွဲ၍ တခြားမည်သူ့ကိုမှ မချစ်နိုင်။ မေမေ လက်ခံလာအောင် နောက်သုံးနှစ် ကြိုးစားဖို့ ဆုံးဖြတ်လိုက်သည်။
ဘယ်လိုအကြောင်းနှင့်မျှ မဖြတ်နိုင်ဟု ဆိုလာသော ကိုကြီးအောင်ကို သင်းခိုင် ဘယ်လိုမှ ပြန်လက်မခံခဲ့။ ဘယ်သို့ပင် ဖြတ်သော်ငြား အသေးငယ်ဆုံးနှင့် ခိုင်မြဲဆုံးကြိုးလေးမှာ မိသားစုသံယောဇဉ်ကြိုး ဖြစ်သည်။ သူ့ကြောင့် သူတို့မိသားစုကြိုးလေး ပြတ်တောက်မှာ သင်းခိုင် မလိုလား။ မောင်ငယ်၊ ညီမငယ်များအတွက် အကိုကြီး အဖရာဖြစ်နေသော ကိုကြီးအောင်ကို သားလိမ္မာလေးသာ ဖြစ်စေချင်သည်။ မိသားစုအသိုင်းအဝိုင်းနှစ်စု ပေါင်းစည်းရာတွင်  သူ့ကို မလိုလားသော မိသားစုနှင့် သူ မပေါင်းစည်းချင်။
ကိုဂျိမ်းစ်နှင့် သဘောမတူသော ကြီးမေသည် ကိုနိုင်ကိုတော့ သဘောကျလေသည်။ ငယ်ငယ်ကတည်းက အတူကြီးပြင်းခဲ့သော ကိုနိုင်သည် ရွှေစင့်အတွက် အကိုကြီးတယောက်သာ။ ကိုနိုင်၊ ကိုပိုင် သားယောကျ်ားလေးများသာ ရှိသော ကြီးကြီးလေးကတော့ ရွှေစင့်ကို သမီးတယောက်လို ချစ်သည်။ ရွှေလမ်းငွေလမ်း ခင်းချင်ကြသော်လည်း ဘွဲ့ယူပြီးမှ အိမ်ထောင်ရေးကို စဉ်းစားမည်ဆိုသော ရွှေစင့်စကားကြောင့် ဘာစကားမှ ဆိုမလာသေးသော်လည်း ရွှေစင် သိနေသည်။ ကိုဂျိမ်းစ်နှင့်လည်း မခွဲနိုင် ကျေးဇူးကြီးမားသော ကြီးမေကိုလည်း ကျေးမစွတ်ရက်။
အိမ်သို့ လာလည်သော သူငယ်ချင်းမလေးများအား အကြည့်ချင်းဆုံနေသော အိမ်ခြေရင်း ဘောလုံးဒိုင်က ထွန်းထွန်းကို ပြသောအခါ  နင့်ရည်းစားက အလုပ်အကိုင်က ဘာလဲလို့ မေးတယ့်အခါ ဘောလုံးဒိုင်မှာ လုပ်တယ်လို့ ပြောမှာလား ၊ ငယ်လည်း ငယ်တယ် ငါတို့ကတော့ သဘောမကျဘူးဟု ကောင်းချီးပေးကြသည်။ ဆန်ပွဲရုံမှ ကိုအောင်က မေထက်ကို သဘောကျသောအခါ အားလုံးက ဝိုင်းကန့်ကွက်ကြလေသည်။ သူငယ်ချင်းများ ရင်ဖွင့်သမျှကိုသာ နားထောင်ပေးပြီး အချစ်ဆိုသည့်စကား တခွန်းမှ မကြားခဲ့ရသော ဖြိုးဝေထံမှ အချစ်ဆိုသောစကားကို မေထက် ကြားခဲ့ရလေသည်။
မေထက်..ငါ ဆယ်တန်းတုန်းက အကိုကြီးတယောက် ငါ့ကို  အသေအလဲလိုက်တာ..သူ့အိမ်ကလည်း သိတယ်..ငါ လက်မခံဘူး..ဘာလို့လဲ သိလား...
သိဘူး...
အရက် အရမ်းသောက်လို့...သူက လုံးဝ ဖြတ်မယ် ပြောတယ်...မရခင်တုန်းကသာ ဖြတ်မယ်ပြောတာ..ရလည်းရရော မင်းကိုသာ ဖြတ်မယ်..အရက်ကိုတော့ မဖြတ်နိုင်ဘူးလို့ လာမှာ...ကိုအောင်က စိတ်ထားကောင်းတယ်..ကူညီတတ်တယ်..နင့်ကိုလည်း ချစ်ပါတယ်..ဒါပေမယ့် သူတို့ လို စီးပွားရေး အသိုင်းအဝိုင်းနဲ့ နင် မအပ်စပ်ဘူး...အချစ်ဆိုတာ နှစ်နှစ် ခံမခံ စောင့်ကြည့်လိုက်ရအောင်..အားလုံးကပဲ သဘောမကျလို့လား၊ မေထက်ကပဲ တကယ် မချစ်လို့ပဲလား၊ ပျိုတိုင်းကြိုက်တယ့် နှင်းဆီခိုင် ကိုအောင့်မာန ထိပါးသွားလို့လား၊ အချစ်ကပဲ နှစ်နှစ် မခံလို့ဘဲလားတော့မသိ ပင်ပန်းလွန်းသော ဟောက်ဆာဂျင်ကျောင်းသူလေး၏ ဖူးပွင့်လာသော အချစ်ပန်းလေးခမျာ ရေမလောင်း ပေါင်းမသင်သောကြောင့် ပွင့်လန်းခွင့် မရရှာဘဲ ညှိုးလျော်သွားလေတော့သည်။
ဆေးကျောင်းသူ မေထက်ကတော့ ကျောင်းပြီးလျှင် ဆရာဝန်ဖြစ်မှာ သေချာသော်လည်း သူတို့ကတော့ ကျောင်းပြီးလျှင် ဘာလုပ်ရမည်မှန်း မသိ။ ဖြိုးဝေကတော့ သူ့မိခင်ပန်းဆိုင်ကို ဦးစီးကာ ဘာအပင်၊ ဘာမျိုးစိတ်ဆိုတာ ခွဲခြမ်းစိတ်ဖြာလို့ ကျောင်းမှာသင်ယူခဲ့သော ရုက္ခဗေဒဘာသာရပ်ကို သူ့ပန်းဆိုင်တွင် အသုံးချနိုင်မည်ဟု ဆိုသည်။
ကမ္ဘာမြေကြီးဆွဲငင်အား၊ အလင်းနှစ် တွက်ချက်မူများ၊ ကမ္ဘာမြေကြီးကို  အကြိမ်များစွာပတ်ပြီးမှ ကမ္ဘာမြေဆွဲငင်အားကို တွန်းကန်ရသော အာကာသယာဉ် လွှတ်တင်ခြင်း တွက်ချက်မူများသည် တစ်စင်တီမီတာလောက် လွဲသွားရုံမှဖြင့် လ၊ အင်္ဂါဂြိုလ်များသို့ မရောက်ဘဲ အာကသထဲ မဆုံးသော ခရီးလမ်း ရောက်သွားနိုင်မူများကြောင့် အခရာကျသော ရူပဗေဒဘာသာရပ်ယူရင်း တက္ကသိုလ်ဆရာမ ဖြစ်ချင်ခဲ့သော  ခိုင်မေသည် တက္ကသိုလ်တက်ပြီးမှ တက္ကသိုလ်ဆရာမဖြစ်ချင်စိတ် ကုန်ခမ်းသွားကာ စာသင်ဂိုက်သာ လုပ်မည်ဆိုသည်။
စီးပွားရေးစီမံခန့်ခွဲမူ ဘာသာရပ် တတ်နေသော ဝတ်ရည်ကတော့ စီမံခန့်ခွဲစရာ ကိုယ်ပိုင်စီးပွားရေး မရှိသောကြောင့် သူ့မိဘလို အစိုးရဝန်ထမ်းလုပ်မည် ဆိုသည်။ သတ္တဗေဒဘာသာရပ် တတ်နေသော သင်းခိုင်ကတော့ အကောင်ပလောင်များ၏ မျိုးစိတ်၊ သားဖောက်ရန် မွေးမြူရေးကန် မရှိသောကြောင့် မိဘလက်ငုတ်လက်ရင်း ကုန်စုံဆိုင်သာ ဦးစီးမည်ဟု ဆိုသည်။ သူ့မောင်၏ ငါးမွေးကန်ထဲမှ ငါးများကို ကြည့်ရင်း ဒီအကောင်မျိုးစိတ်ကို ငါသိပါတယ်ဟုဆိုကာ နာမည်မေ့နေတတ်သော သင်းခိုင်သည်  သူသင်ယူထားသော ဘာသာရပ်ကို တခါတရံ အသုံးချတတ်သူ ဖြစ်သည်။ ကြီးကြီးမေ၏ စာရင်းဇယားများကို ကူလုပ်ပေးရင်း သင်ယူထားသောကို သချာၤဘာသာရပ် အသုံးချမည်ဟု ရွှေစင်က ဆိုသည်။
ရီယာဇယ်နှင့် ဘွဲ့ယူသောနေ့တွင် ဝတ်ဆင်ဖို့ အင်္ကျီအဝတ်အစား၊ ဖိနပ်၊ အိတ်၊ မိတ်ကပ်၊ ပန်း၊ လက်ဝတ်ရတနာ၊ လိုက်ပါသော မိဘမောင်နှမအတွက် အရောင်ကိုက်ညီဖို့ ပြင်ဆင်ရသည်မှာ အတော်ပင်ပန်းလေသည်။ ယောကျ်ားလေးများသည် လည်ကတုံးအဖြူ၊ ပုဆိုးအသစ်၊ ကတ္တီပါခြေညှပ်ဖိနပ်စီးလျှင် ပြီးသော်လည်း မိန်းကလေးများကတော့ အလုပ်အတော်ရှုပ်သည်။ ယောက်ျားလေးများ ထိုကဲ့သို့ ကိစ္စရှင်းသည်ကိုပင် ဘုန်းဟု ခေါ်သည်ထင်သည်။ မည်သို့ပင်ဖြစ်စေ  တက္ကသိုလ်မှ သက်ဆိုင်ရာဘွဲ့အသီးသီး သူတို့ သင်ယူပြီးမြောက်ခဲ့ကြသည်။
(ကျောင်းပြီးသွားကြသော ထိုမိန်းကလေးများ ဘာတွေ ဆက်ဖြစ်ဦးမှာလဲ...ဆက်ရန်)
စန်းထွန်း
 ဧပြီ ၄၊ ၂၀၁၃။
All photos are from Google.
5 comments:
ညိမ်းနိုင် said...
Thandar Lwin said...
မြသွေးနီ said...
Anonymous said...
မျှော်နေတယ်နော်။
အိုင်အိုရာ
San San Htun said...
ညိမ်းနိုင် said...
အောင်မလေးဗျ...ယောင်္ကျားလေးအိမ်သာ အနုကြမ်းစီး
တာဖတ်ပြီး လန့်သွားသဗျိုး...... :)))))
April 3, 2013 at 7:21 AM
Thandar Lwin said...
ဘာဆက်ဖြစ်မှာလဲ ။ ယောကျားလေးအိမ်သာအပိုင်စီးတဲ့ သူလေးတွေ ကျောင်းပြီးတော့ ဘာဆက်ဖြစ်ကြဦးမှာလဲ စောင့်ဖတ်နေမယ်။
နှစ်သစ်မှာ စန်းထွန်းတစ်ယောက် စုတ်ရော လာဘ်ပါ ဝင်ပါစေ ။
ရေတခါထဲလောင်းသွားမယ် ဗွမ်း ဗွမ်း ဗွမ်း
April 5, 2013 at 11:02 PM
မြသွေးနီ said...
ဆက်ရန်ကိုမျှော်နေမိပြီ..
ဖတ်ရင်း သူငယ်ချင်းတွေနဲ့ ကျောင်းတုန်းက ဘဝကိုလဲ မတရားလွမ်းနေမိပြီ..
April 6, 2013 at 4:16 AM
Anonymous said...
မျှော်နေတယ်နော်။
အိုင်အိုရာ
April 8, 2013 at 10:15 PM