အချစ်ကို မယုံကြည်ကြသူများ...၂

အရင်လို နေ့စဉ်မတွေ့ကြသော်လည်း သင်္ကြန်ကျောင်းပိတ်ရက်၊ အင်္ဂလိပ်စာသင်တန်းကျောင်း၏  ဆရာကန်တော့ပွဲ၊ ဒီဇင်ဘာကျောင်းပိတ်ရက်များတွင် တွေ့ကြသည်။ အဖြူ၊ အစိမ်း တူညီဝတ်စုံဝတ်ကာ အတန်းပိုင်ဆရာမ ချထားပေးသော နေရာတဝိုက်နားက သူငယ်ချင်း၊ အိမ်နီးနားချင်း သူငယ်ချင်းများသာ ရှိခဲ့သော အထက်တန်းကျောင်းသူဘဝမှ ကိုယ်ကြိုက်သလို ဝတ်စားဆင်ယင်ခွင့်၊  ကြိုက်သည့်နေရာ ရွေးချယ်ထိုင်ခွင့်၊  ကြိုက်သည့်သူငယ်ချင်း ရွေးချယ်ပေါင်းသင်း မိတ်ဖွဲ့နိုင်သည့် တက္ကသိုလ်ကျောင်းသူဘဝသည် သူတို့အတွက် စိတ်လှုပ်ရှားစရာ၊ စူးစမ်းစရာ၊ လေ့လာသင်ယူစရာ အပြည့်ဖြစ်သည်။

တက္ကသိုလ်ပထမနေ့ရက် အတွေ့အကြုံများအကြောင်း၊ သူငယ်ချင်းသစ်များအကြောင်း၊ လေ့လာဆည်းပူးနေသည့် ဘာသာရပ်များအကြောင်း၊ တက္ကသိုလ်ဆရာ၊ ဆရာများအကြောင်း၊ သူတို့တက္ကသိုလ်များမှ တမူထူးခြားသူများ၊ ကျောင်းကားစောင့်စီးရသည့် အတွေ့အကြုံများ၊ ကန်တင်းထိုင်ကြသည့် အကြောင်း၊ တက္ကသိုလ်မှ နာမည်ကြီးသည့် အစားအသောက်အကြောင်းများဖြင့် ပြောစရာကျယ်ပြန့်လာခဲ့သည်။ ပြီးတော့..တက္ကသိုလ်ကျောင်းမှ သူတို့၏ ငွေလမင်းများ အကြောင်း....

သေချာသည်ကတော့ အချစ်ဆိုသော အရာသည် သူတို့ထံတွင် နှစ်နှစ်ပင် မခံလိုက်။ မေထက်သည် အနောကို သတိမရတော့သလို နဖူးပေါ်ဝဲနေသည့် ဆံပင်များကို လက်ဖြင့်သပ်ကာ စူးစူးစိုက်စိုက် ကြည့်တတ်သည့် မျက်ဝန်းပိုင်ရှင် ကွန်းဗတ်ဖိနပ်နီနီ စီးထားသော ကောင်လေးတယောက်ကို သဘောကျနေပြီ ဖြစ်သည်။ အတန်းလစ်တတ်သော မေထက်သည် နပ်နပ် (နာမည်မသိသောကြောင့် ကွန်းဗတ်ဖိနပ် အတိုကောက် သူတို့ပေးထားသော နာမည်) ကို တွေ့ပြီးကတည်းက အတန်းမှန်လာသည်။


ခိုင်မေသည် အအဂျာဆိုသော အကိုကြီးတယောက်ကို သတိမရတော့သလို သူ့သူငယ်ချင်း ရဲရဲနှင့် သူငယ်ချင်းထက် ပိုလာကာ နေ့စဉ် မြင်ချင်သောကြောင့် ကျောင်းမှန်မှန်တက်သည်။ ရွှေစင်သည် ပဲဘဝင်ဆိုသော ဘဝင်လေဟပ် နေပုံရသည့် ကောင်လေးတယောက်ကို သတိမရတော့ဘဲ ကိုဂျိမ်းစ်ဆိုသော သဘောမနောကောင်းလှသည့် သူငယ်ချင်းကို သံယောဇဉ်တွယ်လာသည်။ ပိုးပန်းသူများသော အလှပဂေး ဝတ်ရည်ကို စိတ်မချနိုင်သော မောင်စံရှားခမျာ ခွင့်ရသည်နှင့် ကျောင်းသို့လိုက်ကာ ပိုင်ရှင်ရှိမှန်း မဏ္ဍပ်တိုင် တက်ပြရလေသည်။

အဆင်မပြေကြသော နှစ်ဖက်မိဘများကြောင့် ချစ်ကြိုး တိခနဲ ဖျက်တောက်ခဲ့သော သင်းခိုင်သည် သူ့သူငယ်ချင်းမလေးများ ရင်ခုန်မြတ်နိုးခြင်း တေးသီးချင်းများ သီကျူးနေချိန် စီးပွာရေးကို ဇောက်ချလုပ်သည်။ ချူခြာလှသော ဖြိုးဝေကတော့ သူငယ်ချင်းများ၏ ရင်ဖွင့်သံကို နားထောင်မျှဝေပေးသည်။ အချစ်ကြောင့်ပဲလား၊ တက္ကသိုလ်ကြောင့်ပဲလားတော့ မသိ။ သေချာသည်ကတော့ တက္ကသိုလ်ရောက်မှ သူတို့ ပိုလှလာသည်။

ငါ့မိဘအသိုင်းအဝိုင်းမှာ ဆရာဝန်မရှိဘူးဟ..ငါ ဆေးမှတ်မှီတော့ အဖေနဲ့ အမေ ဝမ်းသာလိုက်တာ...သူ့သမီး ဆရာဝန်ဖြစ်ရင် ကျန်းမာရေး စောင့်ရှောက်မယ့် သူ ရှိပြီဆိုပြီးတော့... တကယ်တော့ ငါ ဆရာဝန် မဖြစ်ချင်ဘူး ...ဝါသနာလည်း မပါဘူး...
ဒါဆို နင်က ဘာဖြစ်ချင်တာလဲ..ဘာဝါသနာပါလဲ..
ဘာဖြစ်ချင်မှန်း၊ ဘာဝါသနာပါမှန်း ငါလည်း မသိဘူး..
ဟေ..ကောင်းရော....


ငါတို့ အခန်းထဲမှာ ပိုးမင်းသားနဲ့တူတယ့်ကောင်လေး ရှိတယ်...
မြဝတီကလွှင့်တယ့်  ပိုးမင်းသားနဲ့သိုင်းဝိညာဉ် တရုတ်သိုင်းကားထဲက မင်းသားလား..
အေး..
ဟေ..ဒါဆို ချောတာပေါ့..
အသားဖြူဖြူ အရပ်ရှည်ရှည် မျက်ခုံးထူထူ ပါးချိုင့်လေးနဲ့...ရယ်လိုက်ရင် ပိုးမင်းသားနဲ့တော်တော်တူတယ်..အတန်းကင်းအဖြစ် မဲပေးမလို့ဟာ နာမည်မသိလို့သွားမေးတော် မူရတယ်..ဒင်းက ရှက်နေသေးတယ်..
အေးလေ..နင် အီစီကလီ မုန်လာဥ လာလုပ်တယ် ထင်မှာပေါ့..
ကင်းပေးမလို့ နာမည်လေး မစတော်မူပါဆိုပြီး အောက်ကျနောက်ကျ တောင်းရတယ်..တကယ်ထဲမှပဲ.
နင်တို့နှစ် ကင်းက သူလား..
အမြဲ ဘောင်းဘီဖင်ကျပ် ဗရုတ်ကျတယ့် တခြားအခန်းကကင်းက အဲဒီနေ့ကျမှ လည်ကတုံးအဖြူလေးနဲ့ခန့်ချောကြီး ဖြစ်နေလို့ ကင်းရသွားတယ်..ငါတို့အတန်းက ကင်းကို ကင်း ရစေချင်ပါတယ်ဆိုမှ... မောင်မယ်သစ်လွင်ကြိုဆိုပွဲနေ့မှာ ဒင်းက မလာဘူးလေ...

ငါတို့အတန်းကို သင်တယ့် ဆရာမလေးကဟယ် ငယ်ငယ်လေး..မာစတာပြီးခါစ.. ပထမဆုံး ငါတို့အတန်းကို သင်တာတယ့်..ငါတို့ထက်ကြီးလှ သုံးနှစ်ပေါ့..ဆရာမက ခါးလည်အထိ ဆံပင်ရှည်ရှည် ပိန်ပိန်နွဲ့နွဲ့လေးနဲ့ ချောတယ်.. ခရမ်းဝတ်ရောင် ဝတ်တယ့်နေ့ဆိုရင် ကလစ်၊ မျက်လုံး၊ အင်္ကျီ၊ ထမီ၊ လက်ကိုင်အိတ် အားလုံးက ခရမ်းရောင်၊ စာသင်တာလည်း ကောင်းတယ်။ အကောင်ကြီးကြီး တယောက်ရဲ့ သမီးနဲ့တူတယ်။ မတ်ခ်တူးနဲ့လာတာ။ ဒရိုင်ဘာက စစ်သားတယောက်။ ဆရာမအချိန်ဆို လူအပြည့်ပဲ... တခြားအခန်းက ကောင်လေးတွေပါ လာတက်တာ...ငသူရိန်ဆို စာသွားသွား မေးရတာ အမော..

ဆရာမနာမည်က နေခြည်..ဇော်ပိုင်ရဲ့ ရွှေပုံပေါ်မှာ ပျော်ပါ နေခြည်...အချစ်နဲ့ဘဝဟာ တကယ်တော့ တခြားဆီ.. ပျော်ရွှင်ခြင်းတွေ မင်းရဲ့ဘဝမှာ အမြဲတမ်း ရှိပါစေ..နှုတ်ဆက်လိုက် ချစ်သူလေးရေ..ရွှေရောင်အလင်းတွေကို ပြန်ရုပ်သိမ်းလိုက်တော့... နေခြည် သီချင်းက သူတို့အကြိုက်ပေါ့။ ဟိုတနေ့က ဆရာမကို သူ့ရည်းစား စစ်ဗိုလ်နဲ့ ဗိုလ်ချူပ်ဈေးမှာ တွေ့လိုက်ကတည်းက ငသူရိန်တကောင် အသည်းကွဲပါရောလား...


ဖရက်ရှာလေးတွေလေ နေရာဦးတတ်လိုက်တာဟယ်..ကျောင်းကားက အနားတောင်မရောက်သေးဘူး သူတို့က လွှားခနဲတက်ပြီး စာအုပ်တွေနဲ့နေရာဦးတာများ တရုတ်သိုင်းကားထဲကအတိုင်း ဝှီး..ဝှီး..ဝှီး နေတာ
နင်က ပြန်ဦးလိုက်ပါလား ဝှစ်..ဝှစ်..ဝှစ်..သိုင်းနဲ့... ပထမနှစ်လေးပဲ ခုံလေးနဲ့ စမတ်ကျကျ ထိုင်ရပါတယ်.. အတန်းကြီးလာတာနဲ့အမျှ မတ်တပ်ရပ်လို့တမျိုး၊ စက်ဖုံးပေါ်မှာ တသွယ်နဲ့ ဘီးဖက် မလိုက်ရုံ တမယ်ပါပဲဟယ်.

လမ်းကလည်း ဆိုးလိုက်တာ..မနက်စာ စားသွားရင် ကျောင်းရောက်တာနဲ့ ထပ်ဆာနေပြီ..ကားဆောင့်လို့ မနက်စာတွေ ကြေသွားပြီ..အစာကြေဆေး စားစရာ မလိုဘူး..ကျောင်းရောက်တာနဲ့ ထမင်းဘူးဖွင့်စား၊ ထမင်းဘူး မပါရင် ကန်တင်းပြေးပေရော့ပဲ... အဲ..လူကြီး လာမယ်ဆိုရင်တော့ ကတ္တရာလမ်းက  နေ့ချင်းညချင်း ဖြူးသွားရော..
ငါတော့ ဆုတောင်းမိတယ် ငါတို့ကျောင်းကို ခြောက်လတကြိမ်လောက် လူကြီး လာပါစေလို့...

ကျောင်းကား သန်လျင်တံတားမှာ ပျက်လို့ကတော့ စောင့်ပေရော့ပဲ..ကျောင်းသားတွေကလည်း တံတားပေါ်မှာ လမ်းသလားကြ..ငါတို့ကျောင်းကားပေါ်က ဂျီတီစီတက်နေတယ့်ကောင်က  ဘယ်လိုပြောလဲဆိုတော့ တံတားရဲ့ အောက်ဖက် ဖောင်ဒေးရှင်းက  မြစ်ရေတိုက်စားလို့ အရင်လောက် မကြံ့ခိုင်တော့ဘူး။ မြန်မာပြည်က တံတားတွေကလည်း နင်တို့သိသည့်အတိုင်း ဘတ်ဂျက်ရဲ့ ၃၀ ရာခိုင်နှုန်းလောက်နဲ့ပဲ ဆောက်ထားတာ။ ခုချိန်များ တံတားပြိုခဲ့ရင် ငါတို့တော့ ကွိပြီတယ့်။ ငါ့မှာ တံတားပေါ်မှာ ရဲရဲမလျှောက် ရဲတော့တယ့် ဘဝ...

မနက်ကျောင်းကားစောင့်ချိန်ဆို လှပကြော့ရှင်းနေပေမယ့် ကျောင်းဆင်းချိန်ဆိုလျှင် ဆံပင်စုပ်ဖွား၊ သနပ်ခါးပျယ်သော မျက်နှာဖြင့် သရဲရုပ်ပေါက်နေတတ်သည်။ နေ့လည် အတန်းလစ်ကာ နှစ်နာရီခန့် ဘတ်စ်ကားစီးပြီး  မြို့ထဲ ရုပ်ရှင် သွားကြည့်တတ်ကြသေးသည်။ သေချာသည်ကတော့ သူတို့ တက္ကသိုလ်ကျောင်းသူဘဝသည် ငယ်ငယ်တုန်းက သူတို့ ကြားဖူးခဲ့သော တက္ကသိုလ်ကျောင်းသူဘဝနှင့်တော့ ခြားနားနေခဲ့သည်။
အဆောင်မှာ ထမင်းဟင်းတွေ စားမကောင်းရင် စိတ်မညစ်နဲ့... အတူနေရတော့မှ မင်းကို ချက်ကျွှေးမှာ...
အင်းလျားဆောင်သူလေးရေ ..အင်းလျားဆောင်သူလေးရေ သိပ်ချစ်မိတယ့်အကြောင်း မင်း သိပါစေ...
မောင့်ရဲ့ သီရိမေ..မောင်ရဲ့သီရိမေ... ပျော်ရွှင်ပါစေ..ငြိမ်းချမ်းမူအပေါင်းတွေ ခရောက်နိုင်ပါစေ...
ငယ်ငယ်က သူတို့ ကြားဖူးခဲ့သော တက္ကသိုလ်ဖွဲ့ သီချင်းများသည် သူတို့နှင့် လားလားမှ မဆိုင်ခဲ့ပါ။  စာအုပ်အောက်ချကာ ကူးကြသော ကျူတိုရီယမ်ချိန်များ၊ ဓာတ်ပြုပစ္စည်း လိုတာထက် ပိုထည့်မိ၍ အရောင်မပြောင်းသော ပရယ်တီကယ်ချိန်များ၊ ဖြတ်ညှပ်ကပ် တင်ကြသော အဆိုင်းမင့်များ၊ အတန်းလက်မှတ် ခိုးထိုးပေးချိန်များကတော့  သူတို့ခေတ် သူတို့အခါ တက္ကသိုလ်၏ ရန်ခုန်စိတ်လှုပ်ရှားဖွယ် အကောင်းဆုံးအချိန်များ ဖြစ်မည်ထင်ပါသည်။

သူတို့ တက္ကသိုလ်တွင် အင်းလျားဆောင်၊ မာလာဆောင်၊ သီရိဆောင်များ မရှိပါ။
ဖွင့်ပြီးမကြာခင် မိုးယို၍ ပြောင်းပြေးရသော အဆောင်များတော့ ရှိသည်။
သစ်ပုတ်ပင် မရှိပါ ။ ကုက္ကိုပင်များတော့ ရှိသည်။
အင်းလျားကန် မရှိပါ။ မိုးရွာလျှင် ရေပြည့်နေတတ်ပြီး နေပူလျှင် ဖုန်ထထောင်းထာင်း ထနေတတ်သော လယ်ကွင်းများတော့ ရှိသည်။
အဓိပတိလမ်း မရှိပါ။ ကျောင်းမုခ်ဝမှ တော်တော်လေး ဝင်ရသော တော်ဝင်လမ်းတော့ ရှိသည်။
သို့သော်လည်း သူတို့တက္ကသိုလ်ကျောင်းသူဘဝသည် ဟိုးအရင်တုန်းက တက္ကသိုလ်ကျောင်းသူများနည်းတူ သူ့နည်းသူ့ဟန်ဖြင့်တော့ ပျော်ရွှင်ခဲ့ကြသည်သာ ဖြစ်သည်။

မြို့ပြင်များတွင်ရှိသည့် တက္ကသိုလ်များအနီးရှိ အရက်ဆိုင်များတွင် အရက်ကို လွယ်လွယ်ကူကူ ရနိုင်လေသည်။ ကျောင်းစတက်တယ့်နေ့အထိမ်းအမှတ်၊ ကျောင်းနောက်ဆုံးနေ့စသည်ဖြင့် အမှတ်တရ အရက်ဝိုင်းပါတီများ ဆင်နွှဲရင်း အရက်သမားလုံးလုံး ဖြစ်သွားသူ ရှိသည်။ ကျောင်းကားပေါ်မှာ ပိုကာဒေါင်းရင်း ဖဲသမားလုံးလုံး ဖြစ်သွားသူ ရှိသည်။ စာအုပ်ကို မျက်နှာနှင့်မခွာ ပုလင်းဖင် မှန်ကြောင် ငကြောင်များလည်း ရှိသည်။ ကဗျာစာအုပ်၊ ဝထ္ထုတိုစာအုပ် ပေါင်းထုတ်၊ ပြဇာတ်က၊ ကျောင်းသီချင်းခွေ ထုတ်ကြသော ကဗျာရူး၊ စာရူး၊ အနုပညာရူးများလည်း ရှိသည်။ ကျောင်းအားကစားကွင်း မရှိသော်လည်း ချိန်းကန်ကြသော ဘောလုံးပွဲများ ရှိသည်။


သိန်းသုံးဆယ်၊ လေးဆယ်တန် ဆယ်လူလာဖုန်း ပေါ်လာသောအခါ ဖုန်းကိုင်နိုင်သူဟူ၍ တကျောင်းလုံးတွင် လက်ချိုးရေ၍ ရသည်။ အကောင်ကြီးကြီး သားသမီးများနှင့် လူချမ်းသာ သားသမီးများသာ ကိုင်နိုင်သည်။ အကြောင်းအမျိုးမျိုးကြောင့် ချိန်းသည့်အချိန်ကို အချိန်မှီ မရောက်နိုင်သောအခါ ဘတ်စ်ကားမှတ်တိုင်၊ စားသောက်ဆိုင်များတွင် စောင့်ဆိုင်းနေသည့် သူငယ်ချင်းများကို ဆက်သွယ်အကြောင်းကြားဖို့ လိုချိန်တွင်တော့ လက်ကိုင်ဖုန်း လိုချင်မိသည်။ လူလတ်တန်းစားများဖြစ်သော သူတို့နှင့် ဆယ်လူလာဖုန်းသည် အတော်လေး အလှမ်းဝေးနေခဲ့သည်။

တိုးတက်သော နိုင်ငံများ၊ လူတိုင်းကားစီးနိုင်သော နိုင်ငံများတွင် ကားမှထုတ်လွှင့်သော ကာဗွန်ဒိုင်အောက်ဆိုဒ် လျှော့ချဖို့၊ ကားလမ်းပိတ်ခြင်းကို လျှော့နည်းစေဖို့ အစိုးရမှ ကိုယ်ပိုင်ကားများအစား အများသုံး ဘတ်စ်ကားစီးဖို့၊ ရထားစီးဖို့ တိုက်တွန်းသည်ဟူ၍။  လေထုညစ်ညမ်း လျှော့ချခြင်းကို တတပ်တအား ပါဝင်သည့်အလား သူတို့သည်လည်း ဘတ်စ်ကားသာ စီးလေသည်။ တခါတရံ လှည်းတန်းမှ ဆင်မလိုက်အဝေးပြေး မှတ်တိုင်ထိ နှစ်မှတ်တိုင်၊ အင်းလျားမှ လှည်းတန်းထိ  စကားလည်း ကြာကြာပြောရအောင်၊ ဘတ်စ်ကားကျပ်ခြင်းကိုလည်း ရှောင်ရင်း ကားခလည်း သက်သာအောင် လမ်းလျှောက်တတ်ကြသေးသည်။

ငါ့ သူငယ်ချင်းတယောက် အနှိုက်ခံရလို့...
ဟေ..ပိုက်ဆံ ပါသွားရောလား...
ဟုတ်ဘူး လူကို နှိုက်တာ...
အရှေ့လား အနောက်လား...
အရှေ ့အလယ်ပိုင်းကို..
ဟေ...

ငါ့ ဘေးနားက ကောင်လေးတယောက် အငြိမ်မနေဖြစ်နေလို့ လှည့်ကြည့်လိုက်တော့ သူက အန်ကယ်ကြီး တယောက်ကို ကြည့်နေတယ်..အန်ကယ်ကြီးက အသက် ၆၀ကျော်လောက်..တိုက်ပုံတွေ ဘာတွေနဲ့ ..ပုဆိုးမှာ အပေါက်ကြီးနဲ့...
ဟင်...ပုဆိုးမှာ ပေါက်နေတာ မသိဘူးလား..ရှက်သွားမှာပဲနော်...
အောင်မလေးဟဲ့.. နင်ကလည်း ထုံးဝေးလိုက်တာ..သူ့ဟာနားမှာ ဖောက်ထားတာ..ငါနဲ့အဲဒီကောင်လေး ကြည့်နေမှန်းသိတော့ တခါတည်း ဆင်းပြေးသွားတာပဲ...နင်တို့တွေ ဘတ်စ်ကားစီးရင် သတိထားနော်...


သမင်မွှေးရောင်ထမီ ဝယ်ချင်လို့ လှည်းတန်းဈေး လိုက်ခဲ့။ တဈေးလုံး ပတ်ရှာသော်ငြား မတွေ့၍ မင်္ဂလာဈေးသွားမည်ဟု သင်းခိုင်က ဆိုသောအခါ အားလုံးက
ငါ့ခြေထောက်တော့ မရတော့ဘူး..ဖြိုးဝေ နင် သင်းခိုင်နဲ့ အဖော်လိုက်သွားလိုက်..
ဟေ..လေးဖက်နာသမားကို နှိပ်စက်တော့မှာလား...
ခိုင်မေ..နင် အဖော်လိုက်ခဲ့...
ငါ စာသွားသင်ရဦးမယ်...
ရွှေစင် နင်ရော..
ငါ ကြီးမေခိုင်းတာ သွားလုပ်ရဦးမယ်..
မေထက် နင်ရော ဘယ်လိုလဲ..
ငါ စဉ်းစားနေတာ သမင်မွှေးရောင်ဆိုတာ ဘယ်လိုအရောင်လဲလို့..အညိုလား...အညိုနဲ့ ရွှေရောင် ကြားထဲက အရောင်လားး...ငါ တိရစ္ဆာန်ရုံကို သွားကြည့်လိုက်ဦးမယ်...
ထို သမင်မွှေးရောင် ရှာပုံတော် ဖွင့်ပြီးကတည်းက သင်းခိုင် လျှော့ပင်းမည်ဆိုလျှင် အားလုံးတညီတညွှတ်တည်း ဆိုသောစကားက နင့်ဘာသာ သွား...

ရွှေစင်နှင့် မေထက်ကတော့ အရင်လို ဆံပင်တိုဆဲမြဲ ဖြစ်သော်လည်း ဝတ်ရည်နှင့် ခိုင်မေကတော့ ပခုံးကျော်ခန့်ရှည်လာခဲ့သည်။ ဖြိ  ုးဝေနှင့် သင်းခိုင်က ခါးလယ်ခန့် ရှည်သည်။ ကျန်းမားရေးမကောင်း ချုချာသည့် ဖြိုးဝေကို ဆံပင်ညှပ်ဖို့ တိုက်တွန်းသောအခါ
ငါ ဘာလို့ ဆံပင်ရှည်ထားတာလဲ သိလား...
သိဘူး...
ခုခေတ် ဆံပင်ဈေးကောင်းတာများ တပိသာဆို သောင်းချီရတယ်..ဘိုင်ပြတ်ရင် ဆံပင်ဖြတ် ရောင်းစားမလို့...
တိန်.. အကြံကြီး အကြီးကြံ ပါပေတယ်...


သီချင်းဆိုဝါသနာပါကာ သီချင်းတညည်းညည်း ရှိနေတတ်သော ရွှေစင်သည် ခရစ်ယာန်ဘာသာဝင် ဘုရားကျောင်တီးဝိုင်းတွင် ဂီတာတီးသော သူငယ်ချင်းကိုဂျိမ်းစ်ထံမှ ဂီတာတီး သင်ယူသည်။ တယောက်ကိုတယောက် ချစ်ကြသော်လည်း သဘောမတူသော ကြီးမေကြောင့် သူတို့ချစ်ခရီးလမ်းသည် ပန်းခင်းလမ်းလို မဖြောင့်ဖြူးခဲ့။ ဂျိမ်းစ်က ရိုးသားတယ် ရွှေစင့်ကို တကယ်ချစ်တယ်ဆိုတာ ကြီးမေ ယုံပါတယ်။ ခရစ်ယာန် တရားဟောဆရာရဲ့သား ဂျိမ်းစ်က ဘာသာပြောင်းမှာ မဟုတ်သလို ရွှေစင့်ကိုလည်း သမီးတို့တွေ ဘာသာပြောင်းစေချင်မယ် မထင်ဘူး။ ကြီးမေကို နားလည်ပေးပါဟု ပြောလာသောအခါ ကြီးမေရင်ထဲက ခံစားချက်ကို သူတို့နားလည်မိသည်။ အိမ်ထောင်မပြုဘဲ တူမလေးကို ကိုယ့်သမီး အရင်းနှင့်မခြား ကျွှေးမွှေးပြုစုစောင့်ရှောက်ခဲ့သော ကြီးမေ၏ မေတ္တာကို သူတို့လေးစားမိသည်။ ရွှေစင် ကြီးမေက လုံးဝ သဘောမတူဘူးနော်..ဇွှတ်မတိုးနဲ့...ကြီးမေ ကျေးဖူးတွေ နင့်အပေါ်မှာ အများကြီး...

ဆံပင်ရှည်ရှည်..အရပ်မြင့်မြင့် ကိုယ့်ချစ်သူလေး..
ခါးလယ်ခန့် ဆံပင်ရှည်ရှည်များဖြင့် အရပ်မမြင့်သူမှာ သင်းခိုင်ဖြစ်သည်။ သူငယ်ချင်း၏ အကိုဖြစ်သူ သင်္ဘောသား ကိုကြီးအောင်နှင့် ချစ်သူဖြစ်ပြီးသောအခါမှ သူငယ်ချင်းအားလုံးကို အသိပေးသည်။ ကိုကြီးအောင်အတွက် အစားအသောက်၊ လိုအပ်သော ပစ္စည်းများ ပို့ပေးတတ်သလို စာရေးကာ သူတို့၏ ချစ်သူအိမ်မက်ကို တည်ဆောက်ကြသည်။ ကိုကြီးအောင်က သူ့စုဆောင်းငွေကို သင်းခိုင်ထံပို့ပြီး မင်္ဂလာဆောင်လျှင် နေထိုင်ဖို့ တိုက်ခန်းဝယ်ခိုင်းသော အချိန်တွင် ဇာတ်လမ်းစလေသည်။

ကိုကြီးအောင်၏ လုပ်အားခဝင်ငွေကိုသာ အားထားနေရသော မိသားစုသည် ကိုကြီးအောင်ထံမှ အရင်လို မရသောအခါ ရည်းစားဖြစ်သူ သင်းခိုင်ကို ငြူစူကြလေသည်။ မယူခင်ကတည်းက နိုင်စားနေပြီ ယူပြီးရင်တော့ဖြင့် ကိုကြီးအောင်လစာ တပြားမှ ထိရတော့မှာ မဟုတ်တော့ဘူးဖြင့် စကားတွေက ချဲ ့ကားလာသောအခါ သင်းခိုင်မာန ထိပါးလာသည်။ ငါ့မှာ ကိုယ်ပိုင်ဆိုင် ရှိတယ်။ ငါက ကိုကြီးအောင်လစာ မရဘဲ ရပ်တည်နိုင်တယ်။ ခေါင်းမာသော သင်းခိုင်သည် ကိုကြီးအောင် မြတ်နိုးလှပါသည်ဆိုသော ဆံပင်ရှည်များကို ဖြတ်လိုက်သလို ဒီလိုမိသားစုနဲ့ မပတ်သက်ချင်ဘူးဆိုကာ ကိုကြီးအောင်ကိုပါ ဖြတ်လေသည်။

ချစ်သူရဲရဲ ရုတ်တရက် မထင်မှတ်ဘဲ အိမ်ထောင်ပြုသောအခါ သူငယ်ချင်းအားလုံးက ခိုင်မေ့အတွက် ခံပြင်းဒေါသထွက်ကြသည်။ ရဲရဲအတွက် နုတ်စ်၊ အတန်းလက်မှတ်၊ ပရယ်တီကယ်ချိန်အားလုံးက ခိုင်မေ့တာဝန်။ နားမလည်သော စာများကို ရှင်းပြပေးရသေးသည်။ ခိုင်မေ့ကြောင့်သာ မဟုတ်လျှင် ရဲရဲ ပထမနှစ် အောင်ခဲ့မည်မထင်။ မိန်းကလေးက ထောင်ဖမ်းတာပဲဆိုဆို၊ အရက်မူးလို့ မှားသွားတာပဲဆိုဆို ရဲရဲသည် တခြားသူတယောက်၏ ယောက်ျားဖြစ်နေပေပြီ။
ခိုင်မေ..ငါ့ကို ခွှင့်လွှတ်ပါနော်..
ငါ နင့်ကို အပြစ်မတင်ပါဘူး ရဲရဲရယ်..ငါ့ကံလို့ပဲ သဘောထားပါတယ်..။

ကျောင်းမှ သူငယ်ချင်းများရှေ့တွင် ဟန်မပျက် ဘာမှမဖြစ်သလို ဟန်ဆောင်နိုင်သော်လည်း သူတို့ရှေ့တွင်တော့ ခိုင်မေ  ဟန်မဆောင်နိုင်ပါ။ အစပိုင်းတွင် ရဲရဲကို သတိရသော်လည်း သူ့နှလုံးသား ဒဏ်ရာဒဏ်ချက်များသည် အကောင်းဆုံးသမားတော်ဖြစ်သော အချိန်က ကုစားသွားလေသည်။ နှစ်ကြိမ်တိတိ ခဲမှန်ဖူးထားသော စာသူငယ်သည် အချစ်ဆိုသောအရာကို တကယ် ကြောက်သွားလေသည်။

မောင်စံရှားက ချစ်သူသက်တမ်း သုံးနှစ်ပြည့် ချစ်သက်လက်ဆောင် ရွှေလက်စွပ်ပေးသောအခါ ဝတ်ရည်တယောက် အခက်တွေ့လေသည်။ သမီး လက်စွပ်က အသစ်လား.... မေမေ အရင်က မမြင်ဖူးပါဘူး။ လမ်းဘေးမှာရောင်းတယ့် လက်စွပ်တွေကို ခိုင်မေတို့နဲ့ တယောက်တခု ဝယ်ကြတာ မေမေ။ သူတို့နာမည်အတိုကောက် ထွင်းထားသော လက်စွပ်အတွင်းဖက်ကို မြင်သွားလျှင် လမ်းဘေးမှ ဝယ်လာတာဟု ဘယ်လိုမှ မေမေ ယုံကြည်မယ် မထင်။ မောင်စံရှားက အမြဲဝတ်စေချင်သော်လည်း နှစ်ဦးသား တွေ့ဆုံသောအခါမှ ဝတ်ဆင်လေသည်။

အသည်းရောင်အသားဝါဘီပိုးရှိသောကြောင့် စစ်ဖက်မှ အရပ်ဖက်သို့ မောင်စံရှား ပြောင်းလာသည်။ ချိန်းတိုင်း ဖေဖေ၊ မေမေ၊ မောင်လေး ကျင်လည်တတ်သော နေရာများကို ရှောင်ကြဉ်ရသည်။ မောင်စံရှားက အိမ်ကို အသိပေးချင်သော်လည်း မေမေ့ကို ဝတ်ရည် ကြောက်သည်။ ကျောင်းပြီးမှ အိမ်ကို အသိပေးဖို့ စီစဉ်ထားသည်။

နိုင်ငံခြားကို ထွက်သွားတာလား၊ ကျောင်းပြောင်းသွားတာလားတော့မသိ ဒုတိယနှစ်တွင် နပ်နပ်ကို မေထက် မတွေ့တော့။ မကြာမှီ  အသားညိုညို၊ အရပ်မြင့်မြင့်၊ မျက်ခုံးထူထူ၊ နှာတံမြင့်မြင့်၊ ကချင်လွယ်အိတ်အနီရောင်လေး လွယ်တတ်သော ခိုင်ဟု သူတို့ခေါ်ကြသော ကောင်လေးတယောက်ကို မေထက် ချစ်မိသွားသည်။ တကျောင်းတည်း တနှစ်တည်း မျက်မှန်းတန်းမိသော်လည်း ခိုင်ကလည်း မေထက် အနားမလာခဲ့သလို  မေထက်ကလည်း ခိုင့်အနား မရောက်ခဲ့ပါ။

အကြည့်တွေဆုံ...
ရင်တွေခုန်...
ဖွင့်ဟလာနိုး...
မယ်မျှာ်ကိုး...
မိန်းကလေးအိန္ဒြေဖြင့် မျှော်ကိုးနေသော မေထက်ကို အားမလို အားမရ ဖြစ်မိသည်။ နင် တကယ်လိုချင်ရင် နင်ကလည်း ကြိုးစားရမယ်။ မြောင်းမပေးဘဲ ရေက ဘယ်လို လာမှာတုန်း။ မေထက်တယောက်ကတော့ မျက်လုံးချင်း စကားပြောကာ သံယောဇဉ်တွေ တိုးရစ်လာသည်။ မေထက်မျက်နှာတွင်ရှိသော တင်းတိပ်အမည်းကို အကြောင်းပြု၍ စနောက်သော ခိုင့်ကို မေထက် နာကြဉ်းသွားသည်။ သူတပါး၏ အားနည်းချက်ကို လှောင်ပြောင်ခြင်းသည် အရုပ်ဆိုးအကျည်းတန်ဆုံး  ဖြစ်သည်။

အရင်ကတည်းက မနီးကြသော သူတို့နှစ်ယောက် ပိုဝေးသွားခဲ့သည်။ တကယ်ချစ်လျှင် နီးစပ်ဖို့ အခွင့်အရေးတွေ အများကြီး ရှိရဲ့သားနဲ့ ဖွင့်ဟမလာတာ မေထက်ကို တကယ်မချစ်လို့ဆိုတာ သူတို့က ရှင်းရှင်းလင်းလင်း နားလည်သော်လည်း ကာယကံရှင် မေထက်ကတော့ ခိုင် သူ့ကို ချစ်တယ်ဟု ယုံကြည်နေခဲ့သည်။

ဆေးကျောင်းတက်တိုင်း ဆရာဝန်မဖြစ်သူများတွင် ခိုင်လည်း တယောက်အပါအဝင် ဖြစ်သည်။ အစိုးရရုံးတွင် အလုပ်လုပ်ရင်း သူငယ်ချင်းများရှိရာ ဆေးကျောင်းသို့ တခါတရံ လာရောက်လည်ပတ်ချိန်များတွင် မေထက်တယောက် အတိုင်းမသိ ပျော်ရွှင်ရသည်။ ခိုင် ချစ်သူရှိပြီဆိုတာ သိရသည့်နေ့က  မေထက်တယောက် အသည်းကွဲလေသည်။

အင်းလျားရေပြင်ကို ဖြတ်သန်းတိုက်ခတ်လာသော လေနုအေးလေးမှာ အသည်းကွဲသူ မေထက်ရင်ကို မအေးစေပါ။
( မေထက် ) ဘီယာသောက်မယ်..
( ဖြိုးဝေ ) ဘီယာတော့ မသောက်နဲ့ ဘီယာနဲ့အရောင်တူတယ့် ကြံရည်သောက်...
( မေထက်) ငါ  သူ့ကို မျှော်လင့်နေတာ၊ ချစ်နေတာ သူ မသိဘူးလား..ခိုင် ငါ့ကို မချစ်ဘူး..ဟီး..ဟီး..
( သင်းခိုင် ) ရည်းစားတောင် မထားရသေးဘဲ အသည်းကွဲရတယ်လို့..ငိုမနေနဲ့ တိတ်..ခိုင့်ထက် သာတာ လာမှာ...
( မေထက် ) ရည်းစားရှိမှ အသည်းကွဲရမှာလား..ရည်းစားမရှိရင် အသည်းမကွဲရတော့ဘူးလား..ဟီး...ဟီး...
( ခိုင်မေ) နင် အရင်တုန်းက ပြောဖူးပါတယ်.. အချစ်က နှစ်နှစ်ပဲ ခံတယ်ဆို..နှစ်နှစ် ခံမခံ စမ်းသပ်လိုက်ရအောင်...

တက္ကသိုလ်ကျောင်းမှ ငွေလမင်းကြောင့် သူတို့တွင် လှပသော လပြည့်ရက်များ ရှိခဲ့သလို မှောင်မည်းသော လကွယ်ရက်များလည်း ရှိခဲ့ဖူးသည်။

(ကျောင်းပြီးလျှင် ထိုမိန်းကလေးတွေ အရင်လို ခံစားချက်တွေ မျှဝေတုန်းလား..ဆက်ရန်)

စန်းထွန်း
မတ်လ ၂၃၊ ၂၀၁၃။
All photos are from Google.

10 comments:

SML (The Chara Project) said...


ညိမ်းနိုင် said...

သတိတရရှိရပြန်ရော.....၊

blackroze said...

အထွန်းရေ
ရေးထားတာဖတ်ပြီး
ဒဂုံမှာနေပူပူဖုန်ထူထူ
တက္ကသိုလ်တက်ခဲ့ရတဲ့

Anonymous said...

စန်းထွန်းလေးရေ..
မမအိုင်အိုရာ

Aunty Tint said...


မေတ္တာဖြင့်
အန်တီတင့်

မြသွေးနီ said...


TunTun said...

I also miss my college student life. But I don't miss the back and forth trip between GTC and home(in Lammadaw)



ဟန်ကြည် said...




San San Htun said...

တိမ်ပြာ(မနောမြေ) said...
အဟ လွမ်းသား ငယ်ငယ်ကအချိန်တွေ :)
March 24, 2013 at 1:28 AM
ညိမ်းနိုင် said...
မိုက်တယ်....၊တက္ကသိုလ်ကျောင်းများက ငွေလမင်းများ
အကြောင်းလေးတွေက စိတ်ဝင်စားစရာ....၊ဒီလိုကျပြန်
တော့ တက္ကသိုလ်တက်ခဲ့တဲ့ ငွေရောင်ကာလများကို
သတိတရရှိရပြန်ရော.....၊
March 24, 2013 at 9:48 AM
blackroze said...
အထွန်းရေ
ရေးထားတာဖတ်ပြီး
ဒဂုံမှာနေပူူပူဖုန်ထူထူ
ကျောင်းကားစောင့်စီးပြီး
တက္ကသိုလ်တက်ခဲ့ရတဲ့
နေ့ရက်တွေကိုပြန်လွမ်းမိတယ်...
March 24, 2013 at 1:49 PM
Anonymous said...
စန်းထွန်းလေးရေ..
မမအိုင်အိုရာတို့ကတော့သက်ကြီးရွယ်အိုတွေဆိုတော့အဓိပတိလမ်းတို့အင်းယားကန်တို့နဲ့ရင်းနှီးကျွမ်းဝင်ခဲ့ ရသေးတာပေါ့။ ပြီးတော့ဟိုပုဆိုးပေါက်သူရဲကြီးတွေလည်းကြောက်ခဲ့ရပါတယ်ကွယ်။
ငွေလမင်းတွေလည်းဟောတစ်ယောက်ဟောတစ်ယောက်ပြောင်းခဲ့ရှိတ်ခဲ့ကြရတာပေါ့။
နုစဉ်အချိန်တွေအမှတ်တရပြန်သတိရစေလို့ရယ်မောရင်းကျေးဇူးတင်လိုက်ပါတယ်နော်။
မမအိုင်အိုရာ
March 24, 2013 at 2:59 PM
Aunty Tint said...
တစ်ခါတုန်းက တက္ကသိုလ်ကို ပြန်လွမ်းသွားတယ် စန်းစန်းရေ... တက္ကသိုလ်အနှစ်သာရကို အပီအပြင်ခံစားခွင့်ရခဲ့တာမို့ တိုက်ဆိုင်မှုလေးတွေ ဖတ်မိတိုင်း အတိတ်ကပုံရိပ်လေးတွေထဲမှာ တဒင်္ဂမျောသွားမိတာကြည်နူးစရာပါ...
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်
March 25, 2013 at 3:11 AM
မြသွေးနီ said...
ပျော်ရွှင်ဖွယ်ရာတက္ကသိုလ်ကျောင်းသူဘဝက ပြန်တွေးရင် လွမ်းမောဖွယ်ရာပါ..။ အရောင်အသွေးတွေ ကွဲပြားပေမယ့် အပြစ်တွေ ကင်းစင်ကြတယ်..။ ဘယ်တော့မှ မမေ့ပျောက်နိုင်မယ့် ငယ်ဘဝရဲ့ ခြေရာတွေ။
March 25, 2013 at 6:47 AM
ပျိုးယုဝသုန် (Pyo Yu Wathone) said...
ဆက်ရန်ဆိုတာကြီး ကို ကြည့်ချင်ပါဘူး အေရယ်..။ တက္ကသိုလ်ရဲ့ ရက်တွေကို လွမ်းသွားတယ်..
March 25, 2013 at 6:31 PM
ဟန်ကြည် said...
ဖတ်ပြီးတာကြာပြီ ကလေးတွေ စာမေးပွဲတွင်းဆိုတော့ အလုပ်ပိနေလို့ မမန့်ရသေးတာ အခုမှပဲ ပြန်မန့်ရတော့မှာပ... ဦးဟန်ကြည်တို့ကတော့ မန်းလေးမှာပဲ ကျောင်းတက်ရလေတော့ လိုင်းကားဖီလင်တော့ မသိပေါင်ဗျာ...လိုင်းကားမြင်တာနဲ့ ငါတော့ ခါးပိုက်နှိုက်ခံရတော့မှာပဲလို့ချည်း တွေးပူမိတာက အရင် း)

သမင်မွေးရောင် ထဘီဆိုတာကို မျက်စိထဲ ပုံဖော်ကြည့်မိပါသဗျား...ရွှေအိုရောင်များ ဖြစ်မလားမသိပေါင်...

သည်တစ်ခေါက် ရန်ကုန်ရောက်မှ အင်းလျားဘက်ကို မရောက်ရောက်အောင်သွားဦးမယ်...တို့များလည်း သူများတွေလို မြကျွန်းသာနံ့ ရှူချင်ပေသပေါ့ကွယ်...
March 25, 2013 at 8:13 PM