ကျွှန်မ၏ သစ်ပင် ...


ဆရာမဂျူး၏ ကျွန်မ၏သစ်ပင် ဝထ္ထုထဲကလို နီနီဇော်၏ အုပ်စိုးဆိုသော သက်ရှိလူသား သစ်ပင်လေး မဟုတ်ခဲ့ပါ။ စန်းထွန်း၏ သစ်ပင်လေးကတော့ တကယ့်သစ်ပင်လေး ဖြစ်နေခဲ့သည်။

တိုရှီဘာ သစ်ပင်စိုက်ပျိုးပွဲကို NUS နဲ့ NTU ကျောင်းသားကျောင်းသူများ ဆင်နွှဲကြမှာမို့လို့ လုပ်အားပေးလိုသူများ ဆက်သွယ်ကြရန်ဆိုတဲ့ အီးမေးလ်ရလာတော့ ကျောင်းပြီးလို့ အလုပ်ရှာနေတုန်း ဖလမ်းဖလမ်းထဖို့ အခွင့်အရေးပေါ်လာပြန်သည်။ မိစိမ့်၊ သော်သော်တို့ကို အဖော်ညှိတော့ ဒီကောင်တွေက စိတ်မဝင်စား။ ကိုယ့်လို ဖလမ်းမလမ်းထချင်သူက မြန်မာမိန်ကလေးထဲမှာ အတော်မြင့်မားတဲ့ အရပ်ပိုင်ရှင် ၅ပေ၊ ၈ လက်မခန့် မော်ဒယ်လေးလို ပိန်သွယ်တဲ့ ရည်မွန်။ I am the most beautiful girl in the class. လို့  သူ့ team member Liang Yi  ကို စရင် Liang Yi ကလည်း No. No. You are the tallest girl in the class. လို့ ပြန်နောက်တတ်ပါတယ်။

၂၀၀၉ စက်တင်ဘာ ၂ တခုသော သောကြာနေ့မှာ စာမေးပွဲကျင်းပရာ ခန်းမရှိသော၊ ဘောလုံးကွင်းဘေးနား၊ ရေကူးကန်ရှိသော၊ အားကစားလေ့ကျင့်ရာခန်းမကြီးရှိသော အဆောက်အအုံ (နာမည်မေ့နေသဖြင့်)နားတွင် တွေ့ဆုံကြသည်။ တိုရှီဘာမှ တာဝန်ရှိသူ အမကြီးများမှ ကြိ ုဆိုကြသည်။ အင်္ကျီဆိုဒ်မေးသည်။ သူတို့သည် NUS Alumnus များဟု ဆိုသည်။ လူစုံတော့ ထွက်ခွာသည်။ ၁နာရီလောက် မောင်းပြီးချိန် အနီရောင်လိုင်းဖက် ဘယ်နေရာမှန်း မှန်းဆ၍မရသော နေရာသို့ ရောက်သည်။


တိုရှီဘာအင်္ကျီလဲရသည်။ Mangrove ခေါ် လမုတော ထိန်းသိမ်းစောင့်ရှောက်ပုံအကြောင်း ရှင်းပြသည်။ လမုတောသည် ကမ်းခြေတိုက်စားခြင်းကို ကာကွယ်ပေးသောကြောင့် အရေးကြီးသည်။ မှန်ပေသည် နေရာရှားပါးသည့် စင်္ကာပူကျွှန်း နိုင်ငံလေးအတွက် ဒီကိစ္စသည် အရေးပါသည်။ လမုတောသည် ဇီဝမျိုးစိတ်စုံ ရှင်သန်ကျက်စားသည်။ လမုပင်များသည် ရှင်သန်လွယ်သည်။ သို့သော် လမုပင်များပြားပါကလည်း ဇီဝမျိုးစိတ်တချို့ရှင်သန်ရေးအတွက် အခက်အခဲဖြစ်သည်။ သို့ပါသောကြောင့် ရှိသင့်သော အရေအတွက်ထက် မပိုအောင် ထိန်းသိမ်းရသည်။ မူလတန်းကျောင်းသားလေးများ လေ့လာရေးခရီးစဉ်အတွက် ရှင်းပြပေးသော လုပ်အားပေးဂိုက် ရှိသည်။ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေးကို စိတ်ဝင်စားသူများ၊ ငှက်ကြည့်သူများ လာရောက်တတ်သည်။ သစ်တောထိန်းသိမ်းစောင့်ရှောက်ပုံများကို ဓာတ်ပုံများနှင့်တကွ အရွှန်းဖောက်ကာ ရှင်းသွားသည်မှာ ရယ်သံတအုန်းအုန်းနှင့် မပျင်းရ။


သည့်နောက်တော့ တိုရှီဘာမှ ကြေငြာဝင် အဲလေ တိုရှီဘာ ဂရင်းအကြောင်း ရှင်းပြသည်။ တိုရှီဘာမှ ပစ္စည်များကို လေထုထဲသို့ ကာဘွန်ဒိုင်အောက်ဆိုဒ် နည်းနိုင်သမျှနည်းအောင် ကြိုးစားနေကြောင်း၊ တကမ္ဘာလုံးတွင် သစ်ပင်ဘယ်နှစ်သန်း စိုက်ပျိုးပြီးစီးကြောင်း၊ စင်္ကာပူတွင် ကိုယ်ပိုင် ပုဂ္ဂလိက ဒီလိုမျိုး လမုပင်စိုက်ဖို့ မလွယ်ကြောင်း၊ အဖွဲ့အစည်းဖြင့် စိုက်ပျိုးခွင့်ရသည်ကို ဂုဏ်ယူထိုက်သည်ဟု ရှင်းလင်းသည်ကို လက်ခုပ်သံတဖြောင်းဖြောင်းဖြင့် နိဂုံးချုပ်လိုက်သည်။


လက်အိတ်၊ ရွှံ့ထဲစီးဖို့ ဘွတ်ဖိနပ် လဲရသည်။ သစ်ပင်စိုက်ပျိုးပုံအကြောင်း သစ်တောအရာရှိများက ရှင်းပြသည်။ ကျောင်းသားများကို ကူညီရန် သစ်တောလုပ်သားကြီးများ ရှိသည်။ သုံးယောက်တဖွဲ့ သစ်ပင်သုံးပင်စိုက်မည်ဟု ကြေငြာတော့ သုံးယောက်တဖွဲ့  ဖွဲ့ရန်အတွက် တယောက်လိုနေသည်။ တကောင်တည်း အဖော်မဲ့နေသော ဗီယက်နမ်အကိုကြီးခမျာ ကံထူးသွားသည်။

ရွှံ့နွံဖြင့် စေးထန်းနေသော မြေသားကို တူးရသည်မှာ မလွယ်။ လူတရပ်ခန့်ရှိနေပြီဖြစ်သော သစ်ပင်ပေါက်၏ အမြစ် လွတ်လွတ်ကင်းကင်းဝင်ရန် အတော်လေး နက်နက်တူးရသည်။ လေးလံသော ပေါက်တူးကို တခါမကြည့်ရင်း ကိုယ့်အခြေအနေ သိသွားသည်။ ဗီယက်နမ်ကြီး တူးပြီး သစ်ပင်ထည့်သည့်အခါ မြေဖို့ရုံသာ စွမ်းဆောင်နိုင်သည်။ တဖွဲ့သုံးပင်စာအတွက် သုံးတွင်း တူးရမည်။



အားနာနာဖြင့်

အာ ယူ အိုကေ

၂နာရီ ပူပြင်းသောနေပူချိန်အောက် နဖူးမှ ကျလာသော ချွှေးကို လက်ဖြင့်သုတ်လိုက်ရင်း ဗီယက်နမ်ကြီးမှ လက်နှစ်ချောင်းထောင်ကာ ပြန်ဖြေသည်။

အို..အိုကေ ဟော..ဟဲ



သစ်တောလုပ်သားကြီးများမှ ဝိုင်းကူညီကြသည်။ မပြီးသေးသော အဖွဲ့ကို ပြီးသူများက ကူညီကြသည်။ မျက်နှာတွင် ရွှံ့ပေနေသော လူကိုကြည့်ပြီး ရယ်ကြသည်။ ပူပြင်းသော နေရောက်အောက်တွင် ကမ္ဘာမြေကြီး စိမ်းလန်းဖို့ တတပ်တအား အားထုတ်နေကြသည်။ ပင်ပန်းသော်လည်း သူတို့ပျော်ကြသည်။



အပြန်တွင် NTU ကျောင်းကို အရင်ပို့သည်။ ကျောင်းပရဝုဏ် တော်တော်ကျယ်သည်။ ပထမဆုံးနှင့် နောက်ဆုံးအကြိမ် ရောက်ဖူးခြင်း ဖြစ်သည်။

ဟိုင်းကြီးကျွှန်းသူဖြစ်သော ကျွန်မ ဒီရေတော၊ လမုတောတွင် ကြီးပြင်းခဲ့သည်။ လမုသီးများဖြင့် အိုးပုတ်တမ်းကစား၊ မီးဖိုချောင်းတွင် ထင်းအဖြစ် သုံးခဲ့သည်။ သို့သော် ထိန်းသိမ်းစောင့်ရှောက်သင့်မှန်း တခါမှ အတွေးမဝင်ခဲ့သလို လမုပင် တပင်မှလည်း မစိုက်ပျိုးခဲ့။ စင်္ကာပူတွင် သစ်ပင်များဖြင့် စိမ်းလန်းသောမြို့တော်ဖြစ်ရမည်ဆိုသော ဆိုင်းဘုတ် မရှိ။ သို့သော် နေရာကျဉ်းသော စင်္ကာပူသည် နေရာကျယ်သော ကျွန်မတို့တိုင်းပြည်ထက် ပို၍ စိမ်းလန်းနေခဲ့သည်။ ကမ္ဘာမြေ၏ စိမ်းလန်းမှုကို လူသားများက ဖျက်ဆီးသည်။ ထိုအကျိုးဆက်အဖြစ် ရာသီဥတုဖောက်ပြန်မှုဒဏ်ကို ခံရသည်။

ကျွှန်မ၏ သစ်ပင်လေးသည် မြစ်ကမ်းပါးတိုက်စားမှုကို ကာကွယ်ပေးပြီး လေထုထဲသို့အောက်ဆီဂျင်ဓာတ် ထုတ်လွှတ်ကာ ကမ္ဘာမြေကြီး စိမ်းလန်းရေးအတွက် တတပ်တအားပါဝင်သည်ကို တွေးမိတိုင်း ကြည်နူးမိသည်။

စန်းထွန်း
မတ်လ ၂၄၊ ၂၀၁၂။


ကျွှန်မ၏ မေမေ - ၄


မျက်စိမမြင်သောသူသည် မမြင်သော်ငြား  အသံကြား၍ စကားပြောနိုင်သည်။ စကားမပြောတတ်သော ကလေးသည် အသံကြားရ၍ ဝူးဝူးဝါးဝါး အသံများဖြင့် ဆက်သွယ်နိုင်သည်။ အကြားအာရုံ ချို့တဲ့သောသူမှာကား မကြားရ၍ စကားလည်း မပြောနိုင်။ ဆေးရုံတွင် စမ်းသပ်စစ်ဆေးပြီး သမီးလေး နားမကြားသည်ကို အတည်ပြုပေး လိုက်သောအခါတွင်ကား ကျွန်မရော၊ ကိုသက်ပါ ဆောက်တည်ရာမဲ့သွားခဲ့သည်။ မျက်ရည်ကာတာတံတိုင်း ကျိုးပေါက်သွားသည်။ ဝမ်းနည်းပူဆွေးရသည်မှာကား ဆိုဖွယ်ရာ မရှိတော့။

မေမေ နှစ်သက်သော စာသားလေး  ပါးထားသည့် စာလေးတစောင် ကျွန်မရရှိခဲ့သည်။ ဘုရားသခင်ဟာ အမေတို့ရဲ့ အရည်အချင်းတွေကို စမ်းသပ်ချင်လို့ အခက်အခဲတွေ၊ ဆင်းရဲဒုက္ခတွေ အမေတို့ဆီ ပို့ပေးလိုက်တာ သားရဲ့၊ ဒါပေမဲ့  တစ်ဖက်ကလဲ ဒါတွေရင်ဆိုင်ဖို့ လက်နက်တွေ အမေတို့မှာ တပ်ဆင်ပေးထားသေးတယ်။ မျှော်လင့်ချက်တို့၊ ယုံကြည်ချက်တို့၊ စိတ်ကူးအိမ်မက်တို့ဆိုတာတွေပေါ့။ အဲဒါတွေ ရှိနေသမျှ ဘာမှကြောက်စရာမလိုဘူး။ အဲဒါတွေကို စွန့်ပစ်လိုက်ပြီဆိုတော့မှသာ အရာရာ ဆုံးရှုံးတာ။  အမေ့သား မှတ်ထား၊ သားဘဝတစ်လျှောက် သားရဲ့မျှော်လင့်ချက်၊ ယုံကြည်ချက်တွေ၊ သားရဲ့ စိတ်ကူးအိမ်မက်တွေကို ဘယ်အရာ ဘယ်ကိစ္စကြောင့်မှ မပျောက်ပျက် မဆုံးရှုံးစေနဲ့သား။

အောင်မြင်ရေးအတွက် အဓိကသော့ချက်ဟာ ဆုံးဖြတ်ချက်တွေကို အလျင်စလို မချမိအောင် ထိန်းနိုင်ခြင်းပဲ သား။ ပြသနာတခုကြုံရင် ပထမဆုံး သေသေချာချာ စဉ်းစား၊ ပြီးတော့မှ စိတ်တည်တည်ငြိမ်ငြိမ်နဲ့ဆုံးဖြတ်ချက်ချ။ မေမေ့ဆီမှ စိတ်ဓာတ်ခွန်အားများကို စာလေးထံမှတဆင့် ကျွန်မရရှိခဲ့သည်။ ကိုသက့်ဆရာများ၊ မိတ်သင်္ဂဟများထံမှ ရရှိသော သတင်းများကြောင့် အားတက်ရသည်။  ခေတ်မှီစမ်းသပ်ကိရိယာများနှင့်  နားကြားကိရိယာတပ်၍ ရ၊ မရကို ဘန်ကောက်တွင် စမ်းသပ်နိုင်သည်ဟု ဆိုသည်။ စမ်းသပ်စစ်ဆေးပြီး နားကြားကိရိယာ ထည့်၍ ရသည့်အခါတွင်တော့ ညီမလေးရှိသော စင်္ကာပူကို ကျွန်မတို့ ရွေးချယ်ခဲ့သည်။

ငယ်သေး၍ နောင်၃လလောက်မှ ခွဲစိတ်သင့်သည်ဟု ဆရာဝန်အကြံပေးချက်အရ  နောက်၃လ ကြာသောအခါ တခေါက် ထပ်ရောက်ခဲ့ပြန်သည်။ နားကြားစက်ကို ဘယ်လိုထိန်းသိမ်းစောင့်ရှောက်ရပုံကို မိဘများကိုပါ သင်တန်းပေးသည်။ ကလေး၏ နားကြီးထွားနှုန်း၊ အသံဖမ်းစက်ကို မူတည်ပြီး လိုအပ်သလို ခွဲစိတ်ရသည်။

ဘယ်လောက်ဝေးဝေးကြီး သွားရဦးမယ်ဆိုတာ မစဉ်းစားနဲ့။ ရှေ့တမိုင်အတွက်ပဲ စဉ်းစား။ အဲဒါဆို သမီးတို့ ရောက်လမ့်မယ်လို့ မေမေ ယုံကြည်တယ်။  သမီးလေး ကျန်းမာဖို့၊ နားကြားစက် ကောင်းမွန်စွာ အလုပ်လုပ်ဖို့၊ သမီးလေး စကားတခွန်း တတ်မြောက်ဖို့။ ဒါပဲ ကျွန်မတို့ ခေါင်းထဲ ထည့်ထားသည်။ သည်လိုဖြင့် သူများကလေးတွေထက် နောက်ကျသော်ငြား မေမေဟု ခေါ်လာသည့် သမီးလေး၏ အသံလေးကို ကြည်နူးဝမ်းမြောက်စွာ နားထောင်ရင်း နောက်ဆုံးခရီးမိုင် ကျွန်မတို့ ကျော်လွှားအောင်မြင်ခဲ့ကြသည်။

သမီးလေး၏ စကားသံသည် ကျွန်မတို့အတွက်တော့ ဆည်းလည်းသံလေး ဖြစ်သည်။ စကားလုံးတွေ သင်ယူသည့်အရွယ်မှ သဘာဝပတ်ဝန်းကျင်ကို လေ့လာစူးစမ်းကာ မေးခွန်းလေးတွေ မေးလာသည်။ တခါတရံ ဖြေရခက်သော မေးခွန်းများ မေးလျှင်တော့ သမီးလေး ဆံပင်ကို ချစ်စနိုးဖွပြီး ကျွန်မ ရယ်မောခဲ့ရဖူးသည်။

သီတင်းကျွှတ်၊ နွေရာသီ ကျောင်းပိတ်ရက်များတွင် မေမေ့တို့ဆီ ကျွန်မတို့မိသားစု သွားလည်လေ့ရှိသည်။ ကျွန်မမေမေ တံမြက်စည်းလှည်းနေတုန်း သမီးလေးက ဘေးကနေကြည့်နေခဲ့သည်။ မေမေက ရုတ်တရက် တံမြက်စည်းထိုးပေးလိုက်သောအခါ

ဒီဒီ မလုပ်တတ်ဘူးဟု ငြင်းသည်။ မေမေက သမီးလေးကို တချက်စိုက်ကြည့်သည်။ ပြီးတော့မှ ဘယ်ဟုတ်မလဲ ကလေးရ၊ လှည်းကြည့်စမ်းပါ၊ တော်ကြာ ကလေးကျွှမ်းသွားမှာ။ ကိုယ်တကယ် မလုပ်ကြည့်သေးဘဲနဲ့လုပ်မရဘူးလို့ဘယ်တော့မှ မပြောနဲ့ကွ။

တယောတီးသင်သောအခါ ဒီဒီသည် ညဏ်ကောင်းသော်လည်း အားနည်းချက်ရှိသည်။ ပျင်းရိခြင်း။ တတ်ပြီးသား သီချင်းတပုဒ်ကိုသာ တီးခတ်နေတတ်သည်။ အသစ်လေ့ကျင့်ရမှာကို ပျင်းလေသည်။ ဘွားအေဖြစ်သူ သိသောအခါ ဂီတတခုတည်းမှ မဟုတ်ဘူး။ လုပ်ငန်းမှန်သမျှ ဒီအတိုင်းပဲ။ တချို့အပိုင်းတွေက လွယ်တယ်။ တချို့အပိုင်းတွေက ခက်တယ်။ ဘယ်လုပ်ငန်းမှာမဆို တကယ်တမ်း အောင်မြင်ချင်ရင် ခက်တဲ့အပိုင်းတွေလည်း မလွှဲမရှောင်သာ လေ့ကျင့်ရလိမ့်မယ်ဟု ဆုံးမခဲ့သည်။

သမီးလေးကို အကောင်းဆုံး ကျွန်မတို့ မျှော်လင့်ခဲ့ကြသော်လည်း သူ့စွမ်းဆောင်ရည်ထက် ပိုမမျှော်လင့်မိအောင် ကျွန်မတို့ ကြိုးပမ်းရသည်။ သမီးလေး၏ ညဏ်ရည်၊ လေ့လာအားထုတ်မှု၊ ဝါသနာကို မူတည်ကာ သူဖြစ်ချင်သည်ကိုသာ ကျွန်မတို့ ထိန်းကျောင်းပေးခဲ့ရသည်။ ကျွန်မမေမေ ရန်ကုန်ရောက်တုန်းရောက်ခိုက် ဆယ်တန်းစာမေးပွဲ ဖြေဆိုခါနီး စိတ်လှုပ်ရှားနေသော သမီးလေးကို လူ့ဘဝမှာ အရေးအကြီးဆုံးက ကလေး တကယ်လေ့လာတယ်၊ ကြိုးစားတယ်၊ ကိုယ်တတ်နိုင်သမျှ အကောင်းဆုံး ဆောင်ရွက်ခဲ့တယ်လို့ ကိုယ့်ဘာသာ လက်ခံဖို့ပဲ။ အဲဒါဆိုရင် ကိစ္စတခုပြီးမြောက်အောင် စွမ်းဆောင်နိုင်ပြီဆိုတဲ့သဘော။ အဲဒါဟာ အရေးကြီးတယ်။ အောင်မြင်တယ်လို့ ပြောကြတာ၊ သူတပါးတွေ ကိုယ့်ကို ချီးကျူးကြတာ၊ ဒါတွေလဲ ကောင်းပါတယ်။ အရသာရှိပါတယ်။ ဒါပေမဲ့ ကိစ္စတခုပြီးမြောက်အောင် ဆောင်ရွက်နိုင်မှုလောက် တန်ဖိုးမရှိဘူး။ ကျေနပ်အားရစရာလဲ မကောင်းဘူး။ အဲဒီတော့ အောင်မြင်တယ် မအောင်မြင်တယ်ဆိုတာတွေ အသာဘေးဖယ်ထား၊ ကိုယ်လုပ်စရာရှိတာကိုသာ အကောင်းဆုံး လုပ်နိုင်အောင် ကြိုးစားဟု ပြောခဲ့သည်။

သမီးလေးကို ညီမလေးတို့ဆီမှာ ကျောင်းဆက်တက်ရန် စီစဉ်သောအခါ သူခင်တွယ်သော မိသားစု၊ သူငယ်ချင်း၊ ပတ်ဝန်းကျင်မှ ခွဲရမည်စိုး၍ မေမေ ရက်စက်တယ်ဟု ငိုယိုခဲ့သည်။ သမီးလေး ဖေဖေ ဖျောင်းဖျပြောဆိုလျှင် သမီးလက်ခံမှာ မေမေ သိနေပါတယ် သမီးရယ်။ မေမေလည်း သိပ်ချစ်ရတဲ့သမီးလေးနှင့် မခွဲချင်ပါဘူး။ သမီးလေး နေထိုင်မကောင်းဖြစ်မှာ၊ စိတ်ပင်ပန်းမှာ၊ သူစိမ်းတွေအလယ်မှာ ကိုယ့်အားကိုယ်ကိုး ရုန်းကန်ရမှာ မေမေ စိတ်ပူမိပါတယ်။ ဒါပေမယ့် သမီးဘဝတိုးတက်ဖို့အတွက် မေမေ အားလုံးစတေးနိုင်ပါတယ်။

မေမေ့ဆီ ရောက်လျှင်တော့ ကျွန်မတို့ မောင်နှမတွေ မြို့မှာ ကျောင်းတက်ကြတော့ မေမေရဲ့ပူပင်သောကတွေကို မေးရင်း သမီးလေးအတွက် ကျွန်မ၏ စိုးရိမ်စိတ်၊ ပူပင်သောကတွေကို မေမေ့ကို ပြောပြဖြစ်မှာတော့ အသေအချာဖြစ်သည်။

ပြီးပါပြီ

(ဆရာဖေမြင့်၏ မဖြစ်နိုင်ဘူးဆိုတာ သေချာပြီလား၊ ဘဝ ဒသန ရသစာများ၊  မည်သို့ပင်ဖြစ်စေ စာအုပ်များမှ နှစ်သက်သော စာသားများကို ယူသုံးထားပါသည်။)

စန်းထွန်း
မတ် ၁၇၊ ၂၀၁၂။

ကျွှန်မ၏‌မေမေ - ၃



မေ ကိုသက်ကို အရင်လို ချစ်သေးရဲ့လားဟင်...
ကိုသက်ကရော...

ကျွန်မရဲ့ ဆိုင်ကလေးလောက် အချစ်က နေရာမပေးခံရလို့၊ အနေဝေးလို့ သွေးအေးသွားပြီဟု အထင်ကိုယ်စီနှင့် ကျွန်မတို့ကြားက သံယောဇဉ်ကြိုးလေး အနားလေးတွေ ဖွာနေပေမယ့် ခိုင်မြဲနေသေးသည်။

တနှစ်ကြာသောအခါ ရုံးတက်လက်မှတ်ထိုး၊ အိမ်တွင် သူငယ်ချင်းအပေါင်းအသင်းများကို ကျွေးမွှေးရင်း မင်္ဂလာဧည့်ခံပွဲ အကျဉ်းရုံးလေး ကျင်းပခဲ့သည်။ မင်္ဂလာလက်ဖွဲ့ရငွေထဲမှ တချို့ကို နှင်းဆီကုန်းဘိုးဘွားရိပ်သာ၊ မျက်မမြင်ကျောင်း၊ မိဘမဲ့ကလေးများ ပြုစုစောင့်ရှောက်သော မေတ္တာဝါဒီဘုန်းကြီးကျောင်းသို့ လှုဒန်းခဲ့သည်။ မေမေကတော့ မင်္ဂလာပွဲခမ်းခမ်းနားနား ဖြစ်စေချင်သော်လည်း ကျွန်မတို့၏ ရွှေးချယ်မှုကို အလေးထားခဲ့သည်။ ကျွန်မတို့မြို့လေးဆီ ကိုသက် ဆွေပြမျိုးပြ လိုက်လည်ခဲ့သည်။



ရိုးသားပွင့်လင်းသော၊ ဟန်ဆောင်မှုကင်းသော ကျေးလက်ကို မြို့သားကြီး ကိုသက် နှစ်သက်သွားခဲ့သည်။ ဝေးလံခေါင်သီသောဒေသက ကျေးလက်နေပြည်သူများ၏ ကျန်းမာရေးကို စောင့်ရှောက်မှုပေးချင်ခဲ့သည်မှာ သူ့အိမ်မက်ဖြစ်သည်။ တခါတရံတွင် ဆန္ဒများနှင့် လက်တွေ့က ကွာခြားနေတတ်သည်။ သို့သော် အိမ်မက်များ ရှိနေသေးလျှင်တော့ တနေ့နေ့တွင် ထိုအိမ်မက်များကို  အကောင်အထည်ဖော်ဖို့ အခွင့်အရေးများ ပေါ်လာတတ်သည်။

ကျွန်မတို့နယ်သားလုံးလုံးဖြစ်နေသော ကိုအောင်နှင့် ကိုသက် ဆုံတွေ့ခဲ့သည်။ တခါတလေ အတူတူငါးမျှား၊ ယမကာသောက်၊ သောင်ပြင် ဆိုင်ကယ်စီး၊ တောအုပ်ထဲ ကမ့်ထိုးပြီး စကားကောင်းနေတတ်သည်။ ခင်မင်ကြသော သူတို့နှစ်ယောက်ကို မြင်ရတော့ ကျွန်မ စိတ်လက်ပေါ့ပါးသွားသည်။ မေသာ ကိုအောင့်ကို လက်ထပ်ခဲ့ရင် ခုဆို သူဋ္ဌေးမကြီး ဖြစ်နေမှာဟု ကိုသက်က စတတ်သလို ကိုသက်လည်း မေ့ကို လက်မထပ်ခဲ့ရင် ဘိလပ်သားကြီး ဖြစ်နေမှာဟု ကျွန်မကလည်း နောက်ပြောင်တတ်သည်။

ကျွန်မတို့ ဘဝထဲသို့ ကိုယ်ပွားလေး ဝင်ရောက်လာသည်ကို သိရသောနေ့က ခံစားမှုများကို ကျွန်မ ဘယ်တော့မှ မေ့နိုင်တော့မည် မထင်ပါ။ သားလေးလား၊ သမီးလေးလား မသိရသေးခင်ကတည်းကပင် ကျွန်မ၏အတွေးများကို ကလေးကသာ စိုးမိုးထားခဲ့သည်။ ကျွန်မ အရမ်းကြိုက်သော အချဉ်၊ အစပ်များကို ကလေးထိခိုက်မည်စိုး၍ ရှောင်ကြဉ်ခဲ့သည်။ ကိုယ်တိုင်မိဘဖြစ်လာတော့မှ မိဘမေတ္တာ ဘယ်လောက်ထိကြီးမားမှန်း ကျွန်မ နားလည်သွားခဲ့သည်။ ဖေဖေနှင့် မေမေကို ကျွန်မ လက်ဆယ်ဖြာ ဦးထိပ်ထားကာ ရှိခိုးဦးချဖြစ်သည်။

ကျွန်မကတော့ ရိုးသားတည်ကြည်သော ကိုသက်ကိုယ်ပွားလေး လိုချင်သည်။ ကိုသက်ကတော့ ကျွန်မမေမေနှင့်တူသော ကိုယ်ပွားလေး လိုချင်သည်။ သမီးလေးမွေးသည့်နေ့က ပျော်ရွှင်ကြည်နူးမှုနှင့် အတူ စိုးရိမ်ပူပန်မှုများ လွန်ဆွဲနေခဲ့သည်။ အင်္ဂလုမာလသုတ်ကို ကပြောင်းကပြန်ရွတ်နေသော ကိုသက့်ကို မြင်ရတော့ နာကျင်မှုကြားက ကျွန်မပြုံးမိသေးသည်။ ယောက်ျားဖောင်စီး၊ မိန်းမမီးနေဆိုသည့်အတိုင်း အသက်ကို အပေါင်ထားပြီးမှ သမီးလေးကို ပိုင်ဆိုင်ခဲ့ရသည်။ ရှုမငြီးသည့် သမီးလေးကို ကြည့်မဝဖြစ်နေသည့်  အသစ်စက်စက်ဖခင်လောင်း ကိုသက်ကပင် သက်နဒီမေဆိုသော နာမည်ပေးခဲ့သည်။

သမီးလေး ကျွန်မတို့ဘဝထဲ ဝင်ရောက်လာသည့်အချိန်ကပင်စ၍ ကျွန်မဘဝ အဓိပ္ပာယ်၊ အားအင်များ
ပိုရှိလာခဲ့သည်။ အနီရောင်သွေးက မေတ္တာကြောင့် အရောင်ပြောင်းကာ နို့ချိုအဖြစ် တိုက်ကျွေးနေချိန်များသည်  မိခင်ဘဝအဖြစ် ကျေနပ်ရသောအချိန်များဖြစ်သည်။ မျက်စိရှေ့မှာတင် သမီးလေး လေးဖက်သွား၊ မတ်တပ်ရပ် ကြီးပြင်းလာခဲ့သည်။

တနေ့ ဖေဖေ၊ မေမေနှင့် မောင်လေး ဆိုင်းမဆင့်ဗုံမဆင့် ရောက်ချလာသောအခါ ကျွန်မအံ့သြသွားရသည်။ ဖေဖေ့မျက်နှာအရိပ်အကဲကိုကြည့်၍ အခြေအနေမကောင်းဟု ထင်မိသည်။ ဖေဖေ၊ မေမေတို့ကို တိုးတိုးတိတ်တိတ် မေးကြည့်သောအခါမှ မောင်လေးက မြို့က ကောင်မလေးတယောက်နှင့် ချိတ်တိတ်တိတ်ဖြစ်သည်။ ကောင်မလေးက သူဋ္ဌေးတယောက်၏တူမ။ သဘောမတူရသည့်အကြောင်းကို မေမေ့က ခုလို ရှင်းပြသည်။ သမီးသိတဲ့အတိုင်း မေမေတို့က ဆင်းရဲတာ၊ ချမ်းသာတာထက် အကျင့်စာရိတ္တကို ပိုတန်ဖိုးထားတယ်။ ချမ်းသာတယ်၊ ဆင်းရဲတယ်ဆိုတာ ကြိုးစားအားထုတ်မှု၊ ရှေးအတိတ်ကံ၊ ပါးနပ်လိမ္မာမှုနဲ့ ဆိုင်တယ်။ ဟိုလူ့ဆိုင်ကယ်နဲ့လိုက်၊ ဒီလူ့ဆိုင်ကယ်နဲ့လိုက်၊ ဟိုလူနဲ့ချိတ်တိတ်တိတ်၊ ဒီလူနဲ့ ချိတ်တိတ်တိတ်။ ဒီလိုအကျင့်စာရိတ္တရှိတဲ့ မိန်းကလေးနဲ့ဆိုရင်တော့ သူဋ္ဌေးသမီးဆိုဦးတော့ ဘယ်လိုမှ သဘောမတူနိုင်ဘူး။

ကြာရင် ညည်းမောင်ကို သုတ်ပြေးသွားမှာစိုးလို့ ရန်ကုန်ကိုမလာတာ။ နယ်ကိုလုံးဝမပြန်ခိုင်းနဲ့။ မောင်လေး စွတ်မိုက်မည်လားဟု ကျွန်မစိတ်ပူမိသေးသည်။ မေမေ စိတ်မချမ်းသာအောင် မလုပ်ပါဟု မောင်လေးက မေမေ့ကို ကတိပေးခဲ့သည်။ မေမေ၏စကားကို ကျွန်မတို့ မောင်နှမတွေ နာခံသည်ကတော့ မေမေ၏ အရည်အချင်းဖြစ်သည်။ မေမေ့ဆုံးဖြတ်ချက်သည် မှန်ကန်သည်ဟု စောဒကမတက်ဘဲ ကျွန်မတို့တတွေ တညီတညွတ်တည်း လက်ခံနိုင်လောက်အောင် မေမေသည် ထက်မြက်ပြတ်သားသည်။

ကလေးချစ်တတ်သော မောင်လေးသည် ဒီဒီ၏ အချစ်ဆုံးဦးလေး ဖြစ်လာသည်။ ညီမလေး ဘွဲ့နှင်းတက်ရောက်ရန် မေမေ၊ ဖေဖေ၊ မောင်လေးတို့ နိုင်ငံခြားသွားရောက်ခဲ့သည်။ ပြန်လာသောအခါ မေမေက သမီးကြီးလည်း အခြေအနေပေးရင် နိုင်ငံခြားရောက်ဖူးအောင် လုပ်ဦး။ ဒါမှ သူများနိုင်ငံတိုးတက်တာ၊ ဘယ်လိုဆောင်ရွက်တယ်ဆိုတာ နမူနာယူရမယ်။ နွားခြေရာခွက်ထဲက ဖားက ခြေရာခွက်ထဲက ရေကိုပဲ ပင်လယ်လို့ ထင်နေတာ။ တကယ့်ပင်လယ်ကို မြင်ဖူးတာ မဟုတ်ဘူး။ မေမေတို့လည်း သူများနိုင်ငံတိုးတက်နေတယ်ဆိုတာ စလောင်းမှာ မြင်ဖူးနေတာပဲ။ ဒါပေမယ့် ကိုယ်တိုင်ရောက်တော့မှ ဘယ်လိုကွားခြားတယ်ဆိုတာ သိတယ်။ မေမေ့စကားအတိုင်း တချိန်တွင်  နိုင်ငံခြားကို ကျွန်မ  ရောက်ဖူးခဲ့လေသည်။

ဒီဒီ သွားလေးတွေပေါက်၊ သွားဖုံးလေးတွေ ယားလျှင် သူ့သွားသေးသေးလေးတွေနှင့်ကိုက်။ ဒီဒီဆီမှ မေမေဟု ခေါ်မည့်အသံကို ကျွန်မ မျှော်လင့်စောင့်စားနေခဲ့သည်။ မေမေဟု အရင်ခေါ်မည်လား၊ ဖေဖေဟု အရင်ခေါ်မည်လားဟု ကျွန်မနှင့် ကိုသက် သိချင်နေခဲ့သည်။ ထမင်းစားခန်းထဲ ကြွေပန်းကန်ပြား မတော်တဆ ကျကွဲသည့်နေ့က ကျွန်မ၏ သံသယစိုးထိတ်မှုများကို တိကျသေချာသွားစေခဲ့သည်။ ကြွေပန်းကန်ပြား ကျကွဲသောအခါ ဒီဒီလန့်သွားမည်လားဟု စိုးရိမ်တကြီး လှည့်အကြည့် ဘာမှမဖြစ်သလို အဆော့မပျက်သည့် ဒီဒီ့ကို မြင်ရသည့်အခါ

ကို..ကို..ကိုသက်..ဒီ..ဒီဒီ မကြားဘူးနဲ့ တူတယ်..

ထိတ်လန့်ကြောက်ရွံ့မှုနှင့်အတူ မတ်တပ်ရပ်၍မရနိုင်အောင် ကျွန်မ တုန်ယင်သွားခဲ့သည်။

ဆက်ပါဦးမည်

စန်းထွန်း
မတ်လ ၉၊ ၂၀၁၂။

ငါးထောင်တန်ဖုန်းအပေါ် ဘလော့ဂ်ဂါတို့အမြင် (တဂ်ပို့စ်)



မဒိုးကန်အလင်းသစ်အိန်ဂျယ်လှိုင်သမီးစံတို့က သတိတရ တဂ်လာသောအခါ ဒီပို့စ်လေး ရေးဖြစ်ပါသည်။

၁ ။ ယခု ဆက်သွယ်ရေးက ချထားပေးမယ့် နှစ်သိန်းဝန်းကျင် ဖုန်းကို တန်ဖိုးနည်းဖုန်းလို့ သင်မြင်ပါသလား ။
ဟိုးအရင်တုန်းက ဖုန်းတွေထက် စာရင်တော့ တန်ဖိုးနည်းပါသည်။ သို့သော် အခြေခံလူတန်းစားတွေအတွက်တော့ တန်ဖိုးနည်းသည်ဟု မမြင်ပါ။  နိုင်ငံတကာတွင် ဒေါ်လာ ၂၀ကနေ ၄၀၊ ၅၀ဆို ဖုန်းတလုံး အလကားရပြီး မိနစ်ပလမ်၊ unlimited plan များ ရှိသည်။ ဒေါ်လာ ၂၀၀ (နှစ်သိန်းဝန်ကျင်) ဆိုသည်မှာ  နိုင်ငံတကာနဲ့ ယှဉ်လျှင် တော်တော် ဈေးများနေသေးသည်။

၂ ။ ငါးထောင်တန်ဖုန်းပေါ်လာစေဖို့ စတေကာကပ်ခြင်း နဲ့ တီရှပ်များ ပြုလုပ်ခြင်းအပေါ် သင်ဘယ် လိုမြင် မိပါသလဲ ။
ပြည်သူတွေကို အနှောင့်အယှက်မဖြစ်စေတဲ့ စတေကာကပ်ခြင်း၊ တီရှပ်များ ပြုလုပ်ပြီး တောင်းဆိုသင့်ပါသည်။

၃ ။ ငါးထောင်တန်ဖုန်းပေါ်လာစေဖို့ စုပေါင်းလက်မှတ်ထိုးပြီးလွှတ်တော်ကိုတင်ပြခြင်းအပေါ် သင်ဘယ် လိုမြင်မိ ပါသလဲ ။
စုပေါင်းလက်မှတ်ထိုးပြီး လွှတ်တော်ကို တင်ပြခြင်းသည် ပြည်သူများ၏ ဆန္ဒကို ထုတ်ဖော်ရာ ရောက်သည်။

၄ ။ ငါးထောင်တန် ဖုန်း များပေါ်ပေါက်လာစေဖို့ သင့်အနေနဲ့ ကြိုဆိုပါသလား ။
ကြိုဆိုပါသည်။ အိမ်နီးနားချင်းနိုင်ငံများတွင် လူတိုင်းဖုန်းကိုင်နိုင်ချိန် ရွှေပြည်ကြီးတွင်လည်း လူတိုင်းဖုန်းကိုင်စေချင်ပါသည်။

၅ ။ ငါးထောင်တန် ဖုန်းအပေါ် သင့်အမြင်လေး တစ်ပိုဒ်လောက်ချရေးပေးပါ ။
ဖုန်းဆိုသည်မှာ ပြယုဂ်တခုမဟုတ်တော့ဘဲ လူတိုင်းအတွက် သတင်းဖလှယ်၊ နိုးစက်၊ သီချင်းနားထောင်၊ ဓာတ်ပုံရိုက်ဖြင့် စွယ်စုံသုံး နေ့စဉ်မရှိမဖြစ်လိုအပ်သော ပစ္စည်းဖြစ်သည်။ ၁၀တန်ဖုန်းကဒ်သည် တခြားနိုင်ငံများသို့ မိနစ်ပေါင်းများစွာ ခေါ်ဆို၍ရပေမည့် ရွှေပြည်ကြီးကို ခေါ်ဆိုလျှင်တော့ မိနစ်၂၀သာ ရသည်။ ဟယ်လို ကြားရလား ကြားရလား၊ လူကြီးမင်းခေါ်ဆိုသော ဖုန်းသည် ဖုန်းခမသွင်းသောကြောင့် ၎င်း၊ ဆက်သွယ်ရေး ဧရိယာပြင်ပ ရောက်ရှိနေခြင်းကြောင့်၎င်း ၅မိနစ်ခန့် ကုန်သွားတတ်သည်။

ရွှေပြည်ကြီးသို့ ဖုန်းခေါ်တိုင်း ခုနစ်သံချီ အော်ဟစ်ရ၊ စိတ်တိုဒေါသထွက်ရသည်။ ဟယ်လို ကြားရလား ကြားရလား အဆင့်မှ လိုင်းကောင်းအောင် ဆောင်ရွက်သင့်ပါသည်။ သည်ဆင်းကဒ်သည် သည်ဖုန်းအတွက် မဟုတ်ဘဲ ဖုန်းအားလုံးအတွက် ဖြစ်သင့်သည်။ အစိုးရနှင့် ပနာရသူများကိုသာ ချထားပေသော စနစ်မှသည် အပြိုင်အဆိုင် လုပ်ကိုင်ခွင့် ပေးသည့်သည်။ ကုမ္ပဏီများ ဈေးကွက်ယှဉ်ပြိုင်ပါမှ ပြည်သူများ ကောင်းမွန်သော ဝန်ဆောင်မှုများ ရရှိနိုင်မည်။ အစိုးရမှ ထိန်းကျောင်းရုံသာ ပေးသင့်သည်။

အင်္ဂလိပ်စာသင်တန်းမှ ဆရာကြီးပြောပြသော စကားလေးကို သတိရမိသည်။ ဂျပန်ပြည် အနုမြူဗုံးဒဏ်ခံရပြီး ပြာပုံဘဝမှ တိုးတက်လာခဲ့သည်။ ဂျပန်သံအဖွဲ့ ဘိလပ်ပြည်သွားလည်သောအခါ ဘိလပ်ပြည်ဝန်ကြီးမှ ဘိလပ်ပြည်ကိုလည်း ဂျပန်ပြည်ကဲ့သို့ တိုးတက်ချင်သည် အကြံညဏ်များပေးပါဟု မေတ္တာရပ်ခံလာသည်။ ဂျပန်သံအဖွဲ့ ပေးသောအကြံညဏ်များမှာကား

တိုင်းပြည်ရေးရာတွေကို လွှတ်တော်ကနေပဲ ဆုံးဖြတ်တော့ တိုင်းပြည်တပြည်ကို လေ့လာချင်ရင် လွှတ်တော်ကို လေ့လာရပါတယ် ခင်ဗျ။ (သတိ - မြောက်ကိုရီးယား၊ ဆီးရီးယားနိုင်ငံ မပါဝင်ပါ ) ။ ဘိလပ်ပြည်က လွှတ်တော်ကို လေ့လာကြည့်တော့ နိပွန်လွှတ်တော်နဲ့ ကွာနေတာ သွားတွေ့တယ်ခင်ဗျ။ ဘိလပ်ပြည်လွှတ်တော်တွင် အများစုက ရှေ့နေဖြစ်သည်။ နိပွန်လွှတ်တော်တွင်တော့ အများစုက အင်ဂျင်နီယာဖြစ်သည်။ အင်ဂျင်နီယာများသည် ရှေ့နေကဲ့သို့ လေမများဘဲ တကယ်လုပ်သောသူဖြစ်ပါသည်။

စီအန်အန် သတင်းဌာနမှ ထုတ်လွှင့်သွားသော မြန်မာပြည်လွှတ်တော်အကြောင်း တစ်မိနစ်စာသတင်းတိုတွင် ဘိလပ်ပြည်မှ လေထွားသော ရှေ့နေလွှတ်တော်အမတ်၊ နိပွန်ပြည်မှ တကယ်အလုပ်လုပ်သော အင်ဂျင်နီယာလွှတ်တော်အမတ်များကဲ့သို့ ရွှေပြည်ကြီးမှ စက်တော်ခေါ်နေသော လွှတ်တော်အမတ်စိမ်းများကို မြင်ရသောအခါ၊ အာဆီယံတွင် တက္ကသိုလ်အများဆုံးရှိသည့်နိုင်ငံဟု လေလုံးထွားသည်ကို ကြားရသောအခါ၊ ကျောက်စိမ်း၊ ကျွန်းသစ်၊ ပိုလျှံ၍ နိုင်ငံခြားသို့တင်ပို့ရောင်းချရပါသည်ဆိုသော ဘဘာဝဓာတ်ငွေ့များနှင့် သဘာဝသယံဇာတ ပေါကြွယ်လှသော မြန်မာပြည် အကြွေးမီလျံများစွာရှိသည်ဟု ကြားသိရသောအခါ၊ စလုံးမှ tycoon တောင် မဝယ်နိုင်သော မန်ယူအသင်းကို မြန်မာပြည်ရှိ တယောက်သောသူမှ ဝယ်ယူမည် ဆိုသည်ကို Wikileaks မှတဆင့် သိရသောအခါ၊ double tax (အလုပ်လုပ်သောတိုင်းပြည်နှင့် မိခင်တိုင်းပြည် ၂နိုင်ငံ အခွန်ဆောင်ရခြင်း)ကို တခြားမည်သည့်လူမျိုးများမှ မစွမ်းဆောင်နိုင် မြန်မာလူမျိုးများသာလျှင် ပေးဆောင်နိုင်သည်ကို သိရသောအခါ ၊ ပြင်သစ်သတင်းဌာနမှ တင်ဆက်သွားသော ခမ်းနားပြီး လူတယောက်မှမရှိသော ဘိန်းပပျောက်မှုအထိမ်းအမှတ် အဆောက်အအုံကြီးနှင့် အာဖကန်နစ္စတန်နိုင်ငံပြီးလျှင် ကမ္ဘာပေါ်တွင် ဒုတိယဘိန်းအများဆုံးထုတ်လုပ်သောနိုင်ငံဖြစ်သည်ဆိုကြောင်း သိရသောအခါ၊ ကမ္ဘာပေါ်တွင် ဈေးအကြီးဆုံး  ဆင်းကဒ်သည် မြန်မာပြည်မှဖြစ်သည်ဟု ကြားသိရသောအခါ မြန်မာကွဟု ဂုဏ်ယူရဖူးသည်။

စန်းထွန်း
မတ် ၄၊ ၂၀၁၂။

ကျွန်မ၏ မေမေ -၂


မေမေ့စာထဲမှ တည်ငြိမ်ပြတ်သားမှုများ ကျွန်မကိုယ်ထဲ စီးဝင်သွားသည်။ ကိုအောင် ဖုန်းဆက်တိုင်း၊ အပြင်သွားလည်ဖို့ ခေါ်တိုင်း၊ ကျွန်မဆီ လာတွေ့တိုင်း အကြောင်းအမျိုးမျိုးပြကာ ကျွန်မငြင်းတော့သည်။ ကောင်မလေးတွေ ဝိုင်းဝိုင်းလည်နေသည့်သူတယောက်ကို ဘာမဟုတ်သည့်သာမာန်မိန်းကလေးတယောက်က ငြင်းတော့ ကိုအောင် ခံပြင်းပုံရသည်။ တခါတလေ ကိုအောင် သတိတရ ဖုန်းဆက်တတ်သည်။ ကျွန်မတို့ အိမ်နားက ကာရာအိုကေဆိုင်ကို လာရင်း ကျွန်မကို သတိရလို့ ဖုန်းဆက်သည်ဟု ဆိုသည်။ ကိုအောင့်သူငယ်ချင်းများ၏ ရယ်သံများ၊ ကောင်မလေးများ၏ ခိုးခိုးခစ်ခစ် ရယ်သံများကို ကြားရတော့ ကျွန်မကို သတိတရဖုန်းဆက်၍ ဝမ်းသာရမည်လား၊ ကာရာအိုကေ ကောင်မလေးများနှင့်ဆိုတော့ သဝန်များတိုရမည်လား။

အချစ်ဆိုသော ဓာတ်တမျိုး ကျွန်မဦးနှောက်ထဲ၌ ၂နှစ်တောင် ကြာရှည်လိုက်ဟန်မတူ။ ကျောင်းစာတဖက်၊ ပွဲရုံအကူ တဖက်၊ မေမေ့ဆိုင်အတွက် ပစ္စည်းအဝယ်တော်တာဝန်များနှင့် မီးဝေးသော ချိပ်ပမာ ကျွန်မ၏အချစ်ချိပ်ကလေး တင်းမာသွားခဲ့သည်။ ပုလင်းထောင်လွန်း၍ အစာအိမ်သွေးကြောပေါက်သွားသည့် ကိုအောင့်ဆီ လူမမာသတင်း သွားမေးရဖူးသည်။ မေမေပြောပြဖူးသော ကျွန်မတို့ ဆွေမျိုးမကင်းသည့် ဘကြီးအောင်အကြောင်း သတိရမိသည်။ ဘကြီးအောင် အရက်နဲ့ ကြီးတော်ခင် (ဘကြီးအောင် ကတော်) ဘာဖြတ်မလဲ မေးလျှင် အရက်တော့ ဖြတ်နိုင်ဘူးအေ။ ညည်းတို့ကြီးတော်ပဲ ဖြတ်မည်ဆိုသောကြောင့် ကျွန်မတို့ ဆွေမျိုးများအကြား ရယ်စရာဟာသတပုဒ် ဖြစ်ခဲ့သည်။ ကိုအောင့်ကိုတော့ အရက်နဲ့ကျွန်မ ဘယ်ဖြတ်မလဲမေးလျှင် ကျွန်မကို ဖြတ်မည်ဆိုတာ သေချာသောကြောင့် ကျွန်မမေးမြန်းဖို့ သတ္တိမရှိပါ။




အစာအိမ်ရောဂါနှင့် မေမေ ဆေးရုံတက်ရတော့ အလုပ်သင်ဆရာဝန် ကိုသက်နှင့် ကျွန်မ ဆုံတွေ့ခဲ့သည်။ ရိုးသားတည်ကြည်သော၊ စိတ်သဘောထား ကောင်းမွန်သော ကိုသက်ကို မေမေ သဘောကျသည်။ ကိုသက်နှင့်သာ ဆိုလျှင် ကျွန်မဘဝ သာယာအေးချမ်းလိမ့်မည်၊ အရာအားလုံး မိသားစုအတွက် ပေးဆပ်မည့်လူမျိုးဟု မေမေမှတ်ချက်ပြုခဲ့သည်။ မေမေ ထင်သည့်အတိုင်းပင် ရိုးသားအေးချမ်းသော၊ တည်ငြိမ်ရင့်ကျက်သော ကိုသက်ပခုံးတွင် ကျွန်မ၏ ဘဝအမောများ ဖြေသိမ့်ရသည်။ ကျွန်မကတော့ စိတ်မြန်လက်မြန်သလောက် ကိုသက်ကတော့ စိတ်ရှည်သည်။ ကျွန်မက ပူသော မီးတောက်ဖြစ်ပြီး ကိုသက်ကတော့ အေးချမ်းသော ရေဖြစ်သည်။ သူတင်းလျှင် ကိုယ်လျှော့လိုက်၊ ကိုယ်တင်းလျှင် သူလျှော့လိုက်နှင့် ကျွန်မတို့၏ အချစ်ကြိုးကလေး စည်းချက်ညီညီ ခိုင်မြဲနေခဲ့သည်။

ကိုသက် နိုင်ငံခြားဘွဲ့လွန်တက်နေချိန် ဆိုင်ကလေးဖွင့်နိုင်ဖို့ ကျွန်မ အလုပ်များနေခဲ့သည်။ မေမေစုဆောင်းထားငွေများ၊ ခဏဆွဲယူထားသောငွေများဖြင့် ဆိုင်သေးသေးလေး ဖွင့်နိုင်အောင် အတော်ကြိုးစားခဲ့ရသည်။ ကြိုက်ရာရွေးချယ်ပြီး ကီးချိန်း၊ ဟမ်းချိန်း အမှတ်တရလက်ဆောင် လုပ်ပေးသောဆိုင်လေးသည် ဖွင့်စလူသိပ်မသိခဲ့။ ကျွန်မဆိုင်၏ ပထမဆုံးဖောက်သည်ကို ကျွန်မ မှတ်မှတ်ရရ ရှိနေခဲ့သည်။ သူ့သူငယ်ချင်းမလေးအတွက် ဖုန်းမှာချိတ်ဆွဲသော ကီးချိန်းလေး လိုချင်သည်ဟု ဆို၏။ နာမည်အတိုကောက်အပြင် ကံကောင်းစေသည်ဟု ယူဆကြသော အရွက်လေးရွက်ရှိ သစ်ရွက်စိမ်းလေးပါ ထပ်ဖြည့်လိုက်သည်။ နောက်နေ့တွင်တော့ ကီးချိန်းလေးကို ကြိုက်သည်ဆိုကာ ထိုသူငယ်ချင်းမလေးပါ လာရောက်အားပေးခဲ့သည်။

Ki Ki Handmade Accessories ဆိုင်လေး လူငယ်ကြား နာမည်ရလာခဲ့သည်။ ထို့အတူ စာရေးကိရိယာလက်ဆောင်ပစ္စည်းလေးများပါ ထပ်တင်ခဲ့သည်။ ကျွန်မစိတ်ကူးလေးတွေ အကောင်အထည် ပေါ်လာရုံရှိသေး ခေတ်မှီဈေးသစ်ကြီးဆောက်လုပ်ရန် နေရာထဲတွင် ကျွန်မဆိုင်လေးက ကံဆိုးစွာ ကျရောက်နေခဲ့သည်။ ပန်းတိုင်ရောက်အောင် သွားဖို့လမ်းက တလမ်းတည်းရှိတာ မဟုတ်ဘူး လမ်းတွေအများကြီးရှိတယ် သမီး။ အားကုန်နေသော ဘတ္တရီလေးကျွန်မ မေမေ့ဆီမှာ ချာခြင်းသွင်းကာ အားတွေပြည့်သွားလေ့ရှိသည်။ မေမေ့ဆီက စိတ်ဓာတ်စွမ်းအား မရသောနေ့ဆိုတာ မရှိခဲ့။

အရင်နေရာလေးနှင့် သိပ်မဝေးသော နေရာတွင် ကျွန်မနေရာလေးတခု ရှာကြံကာ ဖွင့်ရပြန်သည်။ လူစည်ကားရာ နေရာနှင့်လည်း သိပ်မဝေး၊ လမ်းပန်းဆက်သွယ်ရေး အဆင်ပြေသော၊ အေးချမ်းဆိတ်ငြိမ်သာ နေရာလေးကို ကျွန်မတော်တော် ရှာဖွေခဲ့ရသည်။ လူလတ်တန်းစားများကို ရည်ရွယ်ကာ ဆိုင်အပြင်အဆင်၊ ဝန်ဆောင်မှု၊ ဈေးနှုန်းက အစ အကောင်းဆုံးဖြစ်အောင် ကျွန်မအားစိုက်ခဲ့ရသည်။ မူရင်း ဟမ်းမိတ် ချိန်းလေးတွေအပြင်၊ စာရေးကိရိယာ၊ စန္ဒရားသံ၊ တယောသံသက်သက် တီးလုံးလေးတွေ ဖွင့်ထားပေးသည့် ကော်ဖီသောက်ရင်း စာအုပ်အေးအေးဆေးဖတ်နေ၍ ရသည့် စာအုပ်ဆိုင်လေးပါ ထပ်ဖြည့်ခဲ့သည်။

အားပေးနေကျ ဖောက်သည်များအပြင် သူငယ်ချင်းမိတ်ဆွေအချင်းချင်း တွေ့ဆုံးချိန်းချက်ရာ နေရာလေးဖြစ်လာခဲ့သည်။ မွေးနေ့ပွဲ၊ သူငယ်ချင်းမိတ်ဆုံပွဲများဆိုလျှင်တော့ ဓာတ်ပုံရိုက်ပေးကာ အမှတ်တရစကားလေးတွေကိုတော့ ဖောက်သည်များက တက်တက်ကြွကြွ ဓာတ်ပုံမှာ ရေးသားကြလေ့ရှိသည်။ အလုပ်သစ်ရသည့်မိတ်ဆွေအတွက် ဂုဏ်ပြုဆုတောင်း၊ နိုင်ငံခြားသွားတော့မည့် သူငယ်ချင်းအတွက် အဆင်ပြေပါစေဆုတောင်း၊ မွေးနေ့ဆုတောင်းလေးတွေ ရေးသားကာ Wish Board တွင် ချိတ်ဆွဲထားတတ်သည်။

ကတိမတည်သူများ၊ တွန်းချမည့်သူများဖြင့် လျင်သူစား စီးပွားရေးလောကတွင် ကျွန်မရပ်တည်နိုင်အောင် တော်တော်ကြိုးစားခဲ့ရသည်။ ဆုံးဖြတ်ချက်ကို အချိန်မှန်၊ နေရာမှန် မချနိုင်၍ ဆုံးရှုံးမှုများ ကြံကြုံခဲ့ရသည်။ တစ်နေ့တွင် မေမေ ဒီတခါတော့ သမီး တကယ်သွားပြီထင်တယ်ဟု ပြောမိသည်။
သမီး တကယ်ကြိုးစားရဲ့လား
ဟုတ်ကဲ့ မေမေ
တကယ် သေသေချာချာ ကြိုးစားတာ အမှန်နော်
ဟုတ်ပါတယ်
ဒါဆို မပူနဲ့သမီး၊ တကယ်ကြိုးစားနေတာ မှန်ရင် မအောင်မြင်စရာ မရှိဘူး။ အောင်မြင်လိမ့်မယ်။ မကြိုးစားဘူးဆိုမှသာ တကယ်ဆုံးရှုံးသွားတာဟု စကားပြတ်ပြတ်သားသား မေမေ ဆိုခဲ့သည်။

တခါတလေ ပင်ပန်းလွန်း၍ အလုပ်မလုပ်ချင်တော့ဘူးဟု မေမေ့ကို ကျွန်မ ညည်းမိသည်။ အလုပ်မရှိဘဲ ပျော်မယ် ထင်သလား သမီး။ အလုပ်လုပ်လို့သာ ကိုယ့်ကိုကိုယ် ယုံကြည်စိတ် တိုးတက်တယ်။ တန်ဖိုးရှိသူတစ်ယောက်အဖြစ် ကိုယ့်ကိုကိုယ် တန်ဖိုးထားတယ်။ သမီးဒေါ်ဒေါ်လေး (ဖေဖေ့ညီမ ဝမ်းကွဲ)ဆို တသက်လုံး အေးအေးချမ်းချမ်းနေလာတာ ဟော သူ့ယောကျ်ားလည်းဆုံးရော ဘာမှ မလုပ်တတ်၊ မကိုင်တတ်နဲ့ ဒုက္ခတွေရောက်လိုက်တာ။ အမှီအခိုကင်းကင်း ရပ်တည်နိုင်ရမယ် သမီး။ ပိုက်ဆံနည်းနည်းပဲရရ အလုပ် လုပ်နေရမယ်။ နောက်နောင် မေမေ့ရှေ့မှာ အလုပ်မလုပ်ချင်တော့ဘူးလို့ ဘယ်တော့မှ လာမပြောနဲ့ ယတိပြတ်စကား မေမေဆိုခဲ့သည်။

ဆိုင်ဖွင့်ပြီး တော်တော်ကြာမှ အမြတ်အစွန်းရှိလာခဲ့သည်။ စာတော်သော ညီမလေး နိုင်ငံခြားပညာသွားသင်ချိန် ကျွန်မ ထောက်ပံ့နိုင်ခဲ့သည်။ ကျောင်းပိတ်ရက်တွင် အချိန်ပိုင်း မလုပ်ဘဲ စာကိုသာ ကြိုးစားရန်၊ ပိုက်ဆံကို မပူရန် ကျွန်မပြောသော်လည်း မေမေကတော့ ကျွန်မနှင့် ခြားနားစွာ အချိန်ပိုင်း လုပ်ပါစေ သမီးကြီး၊ ဒါမှ ပိုက်ဆံကို ဘယ်လိုပင်ပင်ပန်းပန်း ရှာဖွေရတယ်ဆိုတာ သိမယ်။ ကိုယ်တိုင်ရှာတော့မှ ပိုက်ဆံတန်ဖိုးသိမှာ။ ပိုက်ဆံကိုတန်ဖိုးထားရမှန်းသိမှ ပိုက်ဆံကို လက်လွတ်စပယ် မသုံးတော့မှာဟု ဆိုခဲ့သည်။

အလုပ်ပိလာသလို ကျွန်မ၏ ကိုယ်ပိုင်ချိန်များ နည်းလာသည်။ ကိုသက်နှင့် အပတ်စဉ် ဖုန်းပြောနေရာက စာမေးပွဲရှိလို့ သူမအား၊ အလုပ်ရှိလို့ ကိုယ်မအားနှင့် တွေ့ချိန်နည်းလာခဲ့သည်။ စိတ်ညစ်လွန်းရင်တော့ ကိုသက်ဆီကို ကျွန်မစာတွေရေးလေ့ရှိသည်။ ကျွန်မရင်ဆိုင်ကြုံတွေ့နေရသည့် အခက်အခဲများကို ချရေးပြီးတိုင်း ကိုသက်လည်း စာမေးပွဲတွေ၊ ဆေးရုံတာဝန်တွေနဲ့ ပင်ပန်းမှာကို တွေးမိပြီး ဘယ်တော့မှ မပို့ခဲ့။ ကိုသက် လိုအပ်မည်ထင်သော ဆေး၊ စာအုပ်၊ အစားအသောက်ကိုတော့ မပျက်မကွက် ပို့သည်။ ပစ္စည်းများရောက်လျှင်တော့ ကျေးဇူးတင်ကြောင်း၊ သတိရကြောင်း ဖုန်းဆက်ဖေါ်ရသည်။

စီးပွားရေးလောကမှ မိတ်ဆွေတချို့ ကမ်းလင့်မှုများကို ကျွန်မ ငြင်းပယ်ခဲ့သည်။ ကိုသက်ဆီမှ ကတိစကား မကြားရပေမယ့် ကျွန်မ ကိုသက်ကို သစ္စာစောင့်သိချင်သည်။ ကိုသက်မိတ်ဆွေများဆီမှ ကိုသက်အကြောင်း ကြားရတော့ ကျွန်မ မအံ့သြတော့ပါ။ မေမေပြောသလို အချစ်ဆိုသော ဓာတ်တမျိုး ဦးနှောက်ထဲမှာ မရှိတော့၍ဟုသာ တွေးမိသည်။ သံယောဇဉ်လက်ကျန်လေးများ ကျန်သေးလားဟုသာ သိချင်မိသည်။

အရင်အတိုင်းမပြောင်းလဲ နဂိုထက် အသားတွေဖြူနုလာသော ကိုသက်ကို တွေ့တော့ ကျွန်မက ရင့်ရော်သွားသလို ခံစားရသည်။ ကျောင်းတက်တုန်းက အတွေ့အကြုံအလွဲများကို ပြောပြရင်း ရယ်မောနေသည့် ကိုသက်၏ ရင်တွင်းခံစားချက်များကို ကျွန်မ ဖမ်းဆုပ်နိုင်အောင် ကြိုးစားနေမိသည်။ ကျွန်မ ကိုသက်ကို မေးခွန်းတခု မေးချင်သည်။ မေးရမှာလည်း  စိုးထိတ်မိသည်။ ကျွန်မစိတ်ကို အမြဲခန့်မှန်းနိုင်သော ကိုသက်က သူ့ကို မေးစရာမေးခွန်းမရှိဘူးလားဟု မေးလာခဲ့သည်။

ကြောက်စိတ်ကို ရဲရဲရင်ဆိုင်။ တကယ်ကြောက်တဲ့အရာဆိုရင် တခုခုလုပ်။ ငယ်ငယ်က မေမေတို့ညဖက် အပြင်သွားတိုင်း အိမ်မှာကျန်ခဲ့သည့် ကျွန်မတို့မောင်နှမတွေ ဘာကို ကြောက်မှန်းမသိ ကြောက်ကြသည်။ မေမေ ပြောသော စကားလေး။ ကြောက်နေ၍ မဖြစ်။ တခုခုလုပ်မှ ဖြစ်မည်။ ကြောက်စိတ်ကို ရင်ဆိုင်ရင်း ကိုသက်ကို မေးရန် အားခဲနေချိန် ကိုသက်က  မေးခွန်းတခု ကျွန်မအား မေးလာခဲ့သည်။

ဆက်ပါဦးမည်

(ဆရာဖေမြင့်၏ မဖြစ်နိုင်ဘူးဆိုတာ သေချာပြီလား၊ ဘဝ ဒသန ရသစာများ၊  မည်သို့ပင်ဖြစ်စေ စာအုပ်များမှ နှစ်သက်သော စာသားများကို ယူသုံးထားပါသည်။)

စန်းထွန်း
မတ် ၂၊ ၂၀၁၂။