31 August 2016

Happy Blog Day ...




ရုံးပိတ်ရက်ဆို အမေနဲ့မကြီးကို နယူးယောက်တခွင် လိုက်ပို့နေလို့ ၊ မိသားစုအတူတူ ဆုံချိန်လေးမို့ အချိန်ပေးချင်လို့နဲ့ ဘလော့မှာ စာမရေးဖြစ်တာ အတော်ကြာပြီ။ အမေ ရန်ကုန်ပြန်သွားတာ ၂ ပတ်ကျော်ပြီ အားတဲ့အချိန်တွေ ရှိလာပေမဲ့ စာမရေးတာကြာသွားလို့လားမသိဘူး စာရေးရမှာကို ပျင်းနေတယ်။ ရေးချင်တဲ့စိတ်မရှိ ရေးရမဲ့အကြောင်းအရာမရှိ ဒီလိုနဲ့စာတွေမရေးဖြစ်။ ဖေ့ဘွတ်မှာ ဘလော့ဂါတွေရဲ့ ဘလော့ဒေးအမှတ်တရ စကားလေးတွေ မြင်တော့မှ ဒီနေ့ဘလော့ဒေးမှန်း သိတော့တယ်။ဘလော့ဒေးအစဉ်အလာအရဆို ဘလော့အသစ်တွေကို မိတ်ဆက်ပေးရမှာ။ ဘလော့အသစ် မိတ်ဆက်ပေးဖို့နေနေသာသာ ကိုယ့်ဘလော့ကိုယ်တောင် တလတခါ ဖုန်ခါဖို့ အနိုင်နိုင်ဆိုတော့။ သူများဘလော့ကိုလည်း သွားမလည်ဖြစ် ကိုယ့်ဘလော့ကိုတောင် မနည်းကုတ်ကပ် တက်နေရတယ်။ ဝါရှင်တန်ဒီစီ၊ နိုင်အာဂရာရေတံခွန် သွားတဲ့အကြောင်း၊ ကိုယ့်လုပက်စ်အခြေအနေ၊ မျိုးရိုးထဲကဆိုးပေ အသစ်တွေအကြောင်း ရေးစရာတွေတော့ရှိသား။ ဘလော့မရေးဖြစ်ပေမဲ့ စာအုပ်တွေတော့ ဖတ်ဖြစ်တယ်။ ဖတ်ဖြစ်တဲ့စာအုပ်တွေက Cheryl Strayed ရဲ့ Wild From lost to found on The Pacific Crest Trail အမေရိကန်မှာ ပေါ်ပြူလာဖြစ်တဲ့စာအုပ် Reese Witherspoon ဗီဒီယိုရိုက်ကတည်းက ကြည့်နေချင်တာ ခုထိမကြည့်ဖြစ်သေးဘူး။ စာကြည့်တိုက်မှာ ဒီဗွီဒီငှားလို့ရပေမဲ့ ကိုယ့်ပန်းသီးကွန်ပျူတာမှာ စီဒီရွမ်ဒရိုက်မပါတော့ မငှားဖြစ်ဘူး။ တောင်တက်တဲ့အကြောင်းမို့လို့လားမသိဘူး အဲဒီစာအုပ်လေးက စိတ်ဝင်စားဖို့ကောင်းသား။ အဲဒီလိုတောင်တက်ချင်တာ ဒါပေမဲ့ မိုင်၁၀၀၀တော့ မတက်နိုင်ဘူး။ Lee Kuan Yew ရဲ့ From Third World to First ကတော့ စာကြည့်တိုက်မှာ မရှိတာနဲ့ အမေဇွန်က ဝယ်လိုက်တယ်။ အသိအစ်မရဲ့ စာအုပ်စင်မှာ တွေ့လိုက်လို့ ငှားဖတ်မလား စိတ်ကူးသေးတယ်။ နောက်တော့ ဝယ်သိမ်းသင့်တဲ့စာအုပ်၊ ဈေးလည်းသက်သာတာနဲ့ ဝယ်လိုက်တယ်။ အရင်တုန်းကတော့ အသက်ကြီးလာရင် လွှတ်တော်အမတ်၊ ဝန်ကြီးလုပ်ဖို့ စိတ်ကူးသေးတယ်။ အဲဒီစာအုပ် ဖတ်ပြီးတော့ နိုင်ငံကို ဦးဆောင်ဖို့၊ သမ္မတလုပ်ဖို့ အရည်အချင်း လုံးဝမရှိမှန်း အသေအချာ သိသွားတယ်။ အဲဒီစာအုပ် ဖတ်ကြည့်ဖို့ တိုက်တွန်းပါရစေ။ Anthony Doerr ရဲ့ All the light we cannot see ပေါ်ပြူလာဖြ စ်တဲ့စာအုပ် စာကြည့်တိုက်မှာ hold လုပ်ပြီးစောင့်နေတဲ့သူ ၂၅၀ လောက်ရှိတယ်။ စာကြောင်းအတိုလေးတွေနဲ့ စကားပြေ အရေးအသား ပြေပြစ်ပြီး စကားလုံးတွေ ရွေးချယ်တာလည်း သိပ်ကောင်းတယ်။ ဇာတ်လမ်းလေးကလည်း စိတ်ဝင်စားဖို့ကောင်းတယ်။ နိုင်ငံရေး၊ သတင်းတွေ စိတ်ဝင်စားတဲ့သူမို့လား မသိဘူး Hilary Clinton ရဲ့ Hard Choices က အတော်စိတ်ဝင်စားဖို့ကောင်းတယ်။ မကြီးကတော့ Walter Isaacson ရဲ့ Steve Jobs ဖတ်နေတယ်။ ခုနောက်ဆုံး ဖတ်ပြီးသွားတာကတော့ ဘလော့ဂါတွေရဲ့ ပို့စ်တွေကို စုစည်းထုတ်ဝေထားတဲ့ စကားဝါပန်းတို့ရဲ့ ဒိုင်ယာရီစာမျက်နှာများ စာအုပ်။ ကိုယ့်ကို အဲဒီလိုစာအုပ်ထုတ်စေချင်တဲ့ မခိုင် လက်ဆောင်ပေးတာ။ ခုဖတ်ချင်နေတာက Eben Alexander ရဲ့ Proof of Heaven: A Neurosurgeon's Journey Into the Afterlife ။ ခန္ဓာကိုယ်က မကိုက်ခဲတော့ ဂစ်တာတီး ပြန်သင်မယ်၊ ခရီးသွားမယ်၊ ဓာတ်ပုံရိုက်မယ်၊ တောင်တက်မယ်၊ လေ့ကျင့်ခန်းလုပ်မယ်၊ တရားထိုင်မယ်၊ လှလှပပနေမယ်၊ တရုတ်စာပြန်သင်မယ်၊ စာဖတ်မယ်၊ စာတွေရေးမယ်ဆိုတဲ့ စိတ်ကူးတွေ။ အင်း ... စိတ်ထဲမှာတော့ ကူးနေတုန်း။

Happy Blog Day to All !

စန်းထွန်း
သြဂုတ် ၃၁၊ ၂၀၁၆။

23 July 2016

ယူအက်စ်သွား တောလား - ၁၆

ဇွန် ၇ ရက်နေ့ ၂ နာရီ ဂျွှန်အက်ဖ်ကနေဒီလေဆိပ်ရောက်တော့ ကသေးပစိဖိတ်လေယာဉ်က ရောက်နှင့်နေပြီ။ တခြားလေယာဉ်က လူတွေသာ ထွက်လာပေမဲ့ ကသေးပစိဖိတ် လေယာဉ်မယ်တွေ ထွက်လာတာလည်းမတွေ့။ လုံခြုံရေးဝန်ထမ်းက လေယာဉ်ပေါ်မှာ လူတစ်ယောက် သေသွားတယ် ခပ်ဝဝတဲ့။ လည်ပင်းက ရှည်လှပြီ ထွက်မလာသေးဘူး။ ကိုယ့်လိုပဲ လည်ပင်းရှည်နေတဲ့ ဖိလစ်ပိုင်မနဲ့စကားပြောဖြစ်တော့ ကိုယ့်လိုပဲ ကသေးပစိဖိတ်လေယာဉ်ကို စောင့်နေတာတဲ့။ ဒေါ်နယ်ထရန့်သာ သမ္မတဖြစ်လို့ကတော့ တခြားနိုင်ငံကို ပြောင်းမယ်တဲ့။ ၃ နာရီလောက်မှ ထွက်လာတယ် ထရော်လီငှားတာ ၆ ကျပ်တောင် ပေးရတယ်ဆိုပဲ။ တက္ကဆီမောင်းသမားနဲ့ စကားပြောကြတော့ သူက Documentary ဗီဒီယိုရိုက်တာ ဝါသနာပါတယ်။ ဘရားဇီးမှာ ပေါ်ပြူလာဖြစ်တဲ့ အကတစ်မျိုးအကြောင်းတောင် ရှင်းပြနေသေးတယ်။ ကားခပိုက်ဆံပေးတာ ၁၀ ပြန်ပေးနေသေးလို့ ကြောင်တောင်တောင် တောင်ဖြစ်သွားတယ်။ နောက်မှ သေချာရှင်းပြ တစ်ဖ်ပေးပြီး ပိုက်ဆံယူတဲ့အခါ သေချာယူဖို့ သတိပေးလိုက်ရတယ်။ နေ့နဲ့ညနဲ့ မှားနေလို့ ညနေ ၅ နာရီလောက် အိပ်ပျော်နေတာကို အတင်းနိုး တိုင်းစကွဲယားကို သွားလည်ရအောင်ဆိုတော့ မလိုက်ချင်ဘူး အိပ်ချင်တယ်တဲ့။ မရဘူး ရထားပေါ်မှာအိပ် ထထ သွားရအောင် အတင်းနိုးပြီး ၃၄ လမ်း၊ ရော်ခါဖယ်လာစင်တာ၊ တိုင်းစကွဲယားကို သွားလည်ကြတယ်။ အိမ်အပြင်ရောက်တာနဲ့ ရာသီဥတုက အေးလို့တဲ့ အနွေးထည် ပြေးယူရတယ်။ နယူးယောက်တခွင် လည်သမျှ ဓာတ်ပုံလေးတွေ တင်လိုက်ပါတယ်။ ပို့စ်အသစ်တွေ မတင်လို့ နေများမကောင်းဘူးလားထင်ပြီး သတိတရ စီဘောက်မှာ မေးလာတဲ့ မဖြူဖြူထွန်းရေ နေကောင်းပါတယ် အမေနဲ့အစ်မ အလည်ရောက်နေလို့ပိတ်ရက်တွေမှာ နယူးယောက်တခွင် လိုက်ပို့နေတာ မအားလို့ ပို့စ်တွေမတင်ဖြစ်တာပါ။

ဂွျှန်အက်ဖန်ကနေဒီလေဆိပ် တာမင်နယ် ၇
ဂရမ်းစင်ထရယ်ကနေ ၇ ရထား တဘူတာစီး Vernon Blv/Juction Blv
မှတ်တိုင်မှာစီးပြီး လမ်းလျှောက်ရင် မက်ဟက်တန်စကိုင်းလိုင်းကို မြင်ရတဲ့နေရာ
အစ်မ ငယ်သူငယ်ချင်းရဲ့ သူငယ်ချင်း(ဘလော်ဂါ မစုညဏ်) နဲ့
သူ့သမီးလေး လုလု
သမီးလေး လုလု
ဘလော်ဂါ မမီးငယ် လိုက်ကွျှေးတဲ့ အရသာရှိလှတဲ့ ဒင်ဆမ်း
ဂရမ်းစင်ထရယ်ထဲက နာရီစင်
နှစ်ပေါင်းရာကျော်ပြီဖြစ်တဲ့ ဂရမ်းစင်ထရယ်ထဲမှာ
ဂရမ်းစင်ထရယ်
Chrysler အဆောက်အဦး
New York Public Library ‌ရှေ့မှာ
စာကြည့်တိုက်အတွင်းမှာ
စာကြည့်တိုက်တွင်းက ခေါင်မိုး
စန်းထွန်း
ဇူလှိုင် ၂၃၊ ၂၀၁၆။

20 July 2016

ပီအေရုံးမှ မိတ်ဆွေများ - ၂

ဘော့စ် ရော့စာချိုမှာလည်း သားသမီး ၄ ယောက်ရှိတယ်။ သမီး ၁ ယောက်၊ သား ၃ ယောက်၊ သား ၂ ယောက်က အမွှာ၊ ရော့က အသက် ၂၀ ကျော်အရွယ် အမွှာညီနောင်နဲ့ အဖွဲ့ကျတယ်။ ညဆို ၉  နာရီခွဲအိပ် မနက် ၇ နာရီခွဲရုံးတက် ညနေ ၄ နာရီ ရုံးဆင်းတယ်။ ရော့က ဒီဒီကို သဘောမကျဘူး။ ၁၇ ထပ်ရောက်တော့ တပတ်တခါ ဒီဒီ၊ လင်းမင်း၊ ရူဒီ၊ ယန်း၊ ကိုယ်တို့ နေ့လည်စာကို  မီတင်းခုံမှာစားပြီး စကားစမြည် ပြောကြတယ်။ ဘော့စ်ရော့စာချိုက heart attack ဖြစ်လို့ အဖေ့လိုမျိုး နှလုံးသွေးကြောထဲကို စတန်ချောင်းလေးတွေ ထည့်ထားရတယ်။ ကြက်စွပ်ပြုတ် အမြဲစားပြီး ယောဂလေ့ကျင့်ခန်း လုပ်တယ်။ နောက်တော့ ဒီဒီက ပီအမ်အိုရုံး 4WTC ကို ပြောင်းသွားတယ်။ ဂျော့ဘရော့ဘန်းက ကိုယ်တို့မန်နေဂျာ ဖြစ်လာတယ်။ ဂျော့ဘရော့ဘန်းက သက်သက်လွတ်စားတယ်၊ စကားကို ချိုချိုသာသာပြောတယ်၊ System ကို သေချာနားမလည်ဘဲ dcoument ကို ဂရုစိုက်ပြီး ဟိုဟာပြင်ခိုင်း၊ ဒီဟာပြင်ခိုင်းဆိုတော့ ကိုယ်နဲ့ငြင်းခုန်ရတယ်။ တခါတလေ ပရိုဂရမ်မှာ အမှားရှိတာလား၊ ဆာဗာကြောင့်လား မသိတော့ ဟိုလိုလုပ်ပေးပါ၊ ဒီလိုလုပ်ပေးပါဆိုရင် မလုပ်ပေးဘူး လက်သီးနဲ့ထိုးချင်တာ လက်ကိုယားနေတော့တာပဲ။ ဂျော့က ပင်ဆယ်ဗေးနီးယားပြည်နယ် ဖီလာဒဲဖီးယားမြို့ကနေ ၂ နာရီ ရထားစီးပြီး ရုံးတက်တယ်။ ပီအေရုံးမှာလုပ်တာ အတော်ကြာပြီ ဟိုင်းလောက်ပဲ နှုတ်ဆက်ပြီး မခင်ဘူး။ အသားဝါဝင်းတဲ့ ယိုးဒယားသား ဝတ်တနာ၊ ဖိလစ်ပိုင်သား နိုဝယ်၊ တရုတ်ကြီး ကျင်းဆုန်း၊ ဖူကျန့်သူ ဇီဒန်းတို့နဲ့ နေ့လည်စာစားရင်း အသိအကျွှမ်းတွေ ဖြစ်လာတယ်။

နှုတ်ခမ်းမွှေးစစ၊ မျက်မှန်နဲ့ ပိန်ပိန်ရှည်ရှည် ယိုးဒယားတစ်ယောက်က တာချီလိတ်ကို ရောက်ဖူးတယ် မြန်မာအစားအစာတွေ တကယ်ကောင်းတယ်တဲ့။ စကားကို နာရီဝက်လောက် မရပ်မနား တရစပ်ပြောနိုင်တာပဲနော်ဆိုတော့ ရယ်လိုက်တာ။ ၂ နာရီလုံးလုံး စကားပြောနိုင်တယ်၊ သူ့အလုပ်ကလည်း စကားတွေအများကြီး ပြောရတဲ့ အလုပ်တဲ့။ ယိုးဒယားတွေက ဗမာကို မုန်းတယ်နော်ဆိုတော့ သူတို့သင်ခန်းစာထဲမှာ သင်ရတယ်တဲ့။ အမေစုအစိုးရလက်ထက်မှာ မြန်မာပြည် ကောင်းလာတော့မယ် နောင်အနှစ် ၂၀ ဆိုရင် ယိုးဒယားတွေ မြန်မာပြည်ကိုလာပြီး အလုပ်လုပ်ရမလား မသိဘူးနော်ဆိုတော့ ဖြစ်နိုင်တယ်တဲ့။ ယိုးဒယားတွေက ဘုရင်ကို ကိုးကွယ်တဲ့အကြောင်းတွေ ပြောဖြစ်တယ်။ ဖိလစ်ပိုင်တွေက မြန်မာ့နိုင်ငံရေးအကြောင်း အတော်သိတယ်။ ၂၀၁၄ ခရစ်စမတ်ပါတီကို Exchange Place ကရုံးမှာလုပ်တာ ပျော်စရာကြီး၊ ခရစ်စမတ်လက်ဆောင်တွေလဲကြ ဝိုင်အရက်ကို လုကြနဲ့။ ၂၀၁၅ နှစ်ဝက်လောက်မှာ ပီအေအင်ဂျင်ဋ္ဌာနတစ်ခုလုံး ဝေါထရိတ်စင်တာ တဖက်ကမ်း Exchange Place ရုံးကို ပြောင်းလာတယ်။ ရစ်ကီက အလုပ်လုပ်တာ မတော်ဘူး သူ့ရီပို့စ်မှာ အမှားတွေ အများကြီးတဲ့။ ယန်းကို မေးကြည့်တော့ ဟုတ်ပါ့ အမှားတွေအများကြီး။ ကိုယ်တို့အားလုံးက ရစ်ကီအလုပ်ပြုတ်မယ်လို့ ထင်နေတာ ရစ်ကီကမပြုတ်ဘဲ အမ်တီအေရုံးမှာ ကိုယ်နဲ့အတူလုပ်ခဲ့ဖူးတဲ့ တရုတ်အန်တီကြီးစူးက ၆ လနဲ့ အလုပ်ပြုတ်တယ်။ ယန်းကတော့ စူးအလုပ်လုပ်တာ တော်တယ်လို့ ယူဆပေမဲ့ မန်နေဂျာသစ် ပါကစ္စတန်သူ ဆားဒီးယားက စူးကို မကြိုက်ဘူး။ ယန်းလည်း ဆားဒီယားနဲ့ အလုပ်လုပ်တာ အဆင်မပြေဘူး။

ပတ်ထရီရာချန်က ပီအေဝန်ထမ်း ဖြစ်လာတယ်။ ပတ်ထရီရှာနဲ့ ခရစ်စမတ်ပါတီ၊ Staff Meeting တွေမှာ ဆုံတွေဖြစ်သလို့ မတ်ဆေ့စ်တွေပို့ရင်း အဆက်အသွယ်မပြတ် ခင်နေတုန်း။ နောက်တော့ စတယ်လာရုံးကနေ သက်သက်လွှတ်စားတဲ့ အိန္ဒိယမလေးနီးရှာ၊ ကော်ဖီကြိုက်တဲ့ ဆန်ကာ၊ အမ်တီအေပရောဂျက်ကြောင့် ကိုယ်နဲ့လူချင်းမတွေ့ဖူးပေမဲ့ ဖုန်းနဲ့အဆက်အသွယ်ရှိတဲ့ တရုတ်မလေး ကော်နီ (စူးနေရာမှာ အစားထိုးဖို့) မန်နေဂျာဆားဒီးယားအောက်မှာလုပ်ဖို့ ရောက်လာတယ်။ ကော်နီကို တိုးတိုးကြိတ်ကြိတ် မှာရတယ် ဆားဒီးယားကို သတိထားဖို့။ အုန်ကာ၊ နီးရှာ၊ ရီနာ၊ ဆန်ကာ၊ ဆားဒီးယား အိန္ဒိယတွေကြားထဲမှာ ကော်နီက တစ်ဦးတည်းသော တရုတ်မ။ ဆားဒီးယားတို့အုပ်စုက 4WTC နဲ့ Exchange Place ရုံး တလှည့်စီ ထိုင်ရတယ်။ ပီအေရုံးမှာ ၁၆ နှစ်လောက်ရှိပြီဖြစ်တဲ့ ပွာတိုရီကိုသူ စက္ကတေရီ လီဆာက တဟဲဟဲရယ်နေတတ်တယ်။ ထောင်ထောင်မောင်းမောင်း အေမီရှိရင် တရုံးလုံး သူ့အသံကျယ်ကျယ်လောင်လောင်ကို ကြားရတယ်။ ဒိုင်ယန်း ကွတ်ကီးတွေဖုတ်ပြီး စားပွဲခုံမှာတင်ထားရင် ကိုယ်တို့တွေ ပြောင်သလင်းခါအောင် အားပေးလေ့ရှိတယ်။ မကြာခင်မှာဘဲ ရစ်ကီက Dropbox သုံးလို့ဆိုပြီး TSD အုပ်စုက လူတွေလာပြီး ချက်ချင်းပစ္စည်းသိမ်းပြီး ထွက်သွားခိုင်းတယ်။ ပီအေရုံးရဲ့ ပေါ်လစီက ဆော့ဝဲတွေကို ဒေါင်းလို့မရဘူး HelpDesk ကနေ ကွန်ပျူတာထဲ သွင်းပေးရတာ။ ရစ်ကီမှာ Administrator User Right ရှိတယ်နဲ့တူတယ်။ အဲဒီကစလို့ ရုံးကကွန်ပျူတာမှာ အင်တာနက်က ဆော့ဝဲတွေ မဒေါင်းရဲဘူး။ Chief Estimator  ရွန်မိုနာကို အငြိမ်းစားယူသွားတယ်။ ရွန်က မြို့တော်ဝန်လည်း လုပ်တယ် မြို့တော်ဝန်တစ်ယောက်အနေနဲ့ သတို့သားနဲ့ သတို့သမီးတို့ရဲ့ မင်္ဂလာအသိသက်သေ လုပ်ပေးရတာ အကောင်းဆုံးအချိန်ပါပဲတဲ့။

ရွန်က ကလေးလည်း မွေးပေးဖူးတယ်တဲ့။ ရွန့်အိမ်မှာ ကြက်တွေမွေးထားတယ်။ တချို့ရုံးတွေက လူတွေတော်တယ် မကောင်းဘူး၊ တချို့ရုံးတွေက လူတွေကောင်းတယ် ဒါပေမဲ့ မတော်ဘူး၊ ပီအေရုံးကတော့ လူတွေက တော်လည်းတော်တယ် ကောင်းလည်းကောင်းတယ်တဲ့ ရွန်က မှတ်ချက်ပေးသွားလေရဲ့။ ရွန့်နေရာကို ဆက်ခံသူက တရုံးလုံးမှာ အဝဆုံး အန်ဒီ။ အန်ဒီက ဟိုဟာမလုပ်ချင်ဘူး၊ ဒီဟာမလုပ်ချင်ဘူးဆိုတော့ အက်စတီမိတ်တာတွေ ကိုယ့်ကို အကူအညီတောင်းပြီး လုပ်ခိုင်းရတယ်။ Estimating ပရောဂျက်ပြီးတော့ ရွန်က ရုံးတိုင်းကို သွားပြီး ဘယ်လိုသုံးရမလဲလို့ သင်ပေးတယ်။ အန်ဒီကတော့ Webinar အွန်လိုင်းကနေ သင်တယ်။ နောက်တော့ မျက်ခုံးမွှေးကောင်းကောင်း၊ ထောင်ထောင်မောင်းမောင်း၊ ခန့်ချောတဲ့ ပရိုဂရမ်ဒါရိုက်တာ အိန်ဂျယ်ရောက်လာတယ်။ အိန်ဂျယ်က အလုပ်အရမ်းလုပ်တယ်။ မန်နေဂျာပေါလ်ကယ်ရေရဲ့ ဘာဘီကျူပါတီကနေ ဟောင်ကောင်သား ဟိုဂမ်လမ်းက ကိုယ်တို့မန်နေဂျာဖြစ်လာခဲ့တယ်။ ဒီဒီနဲ့ ဂျော့ ကိုယ်တို့မန်နေဂျာဖြစ်တုန်းက မီတင်းဆိုတာလည်း သိပ်မရှိ၊ စာရွက်စာတမ်းလည်း မရှိ၊ ဟိုကမ် မန်နေဂျာဖြစ်လာတော့ အပတ်တိုင်း ဘာတွေလုပ်ခဲ့တယ်၊ ဘယ်တွေလုပ်မယ်ဆိုတာ တနင်္လာနေ့မီတင်းမှာ ပြောရတယ်။ သောကြာနေ့တွေဆို ကိုယ်တို့အုပ်စု နေ့လည်စာ ထွက်စားတယ်။ တလနှစ်ခါ Power Luch နေ့လည်စာအတူစားရင်း ကိုယ်တို့လုပ်နေတဲ့ ပရောဂျက်ကို ကိုယ့်အဖွဲ့ကို ရှင်းပြတယ်။ နောက်တော့ ရီနာက 4WTC ရုံးကို ပြောင်းသွားတယ် မန်နေဂျာဆာဒီးယားကို ကွန်းပလိမ်းတက်ခဲ့တယ်။ ရုံးချုပ်မှာ ကိုယ်နဲ့ပရောဂျက် လုပ်ခဲ့ဖူးတဲ့ တရုတ်မလေး မစ်ချဲလ်ရောက်လာတယ်။

မစ်ချဲလ်က ဝါရှင်တန်ဒီစီက ဂျော့ဝါရှင်တန်တက္ကသိုလ်မှာ မာစတာတက်နေတာ။ ရုံးချုပ်မှာ နှစ်နှစ်လောက်နေပြီး ခုမှ ကလိုင့်ရင့်ရုံးကို ရောက်တာ။ သူနေတဲ့ အိပ်ခန်းလေးခန်းပါ တိုက်ခန်းမှာ ဘာကိုနီအကျယ်ကြီးရှိတယ် ၁၂ ထပ် သူ့အိမ်ကနေ လစ်ဘာတီရုပ်ထုကို မြင်ရတယ်ဆိုပြီး ဂုဏ်ယူတတ်တဲ့ ကလေးမလေး။ စတယ်လာကုမ္ဗဏီ ညစာစားပွဲတွေမှာ နှစ်တိုင်းဆုအကြီးတွေ ပေါက်လေ့ရှိတဲ့ ကံကောင်းလေ့ရှိတဲ့ ကလေးမလေး။ ယန်းက ပီအေဝန်ထမ်း ဖြစ်လာတယ်။ အရင်တုန်းကတော့ နေ့လည်စာကို ကိုယ့်ခုံမှာပဲ စားပေမဲ့ နောက်တော့ Pantry မှာ စားဖြစ်တယ်။ နေ့လည်စာစားရင်း ဂျော်ဒန်ကြီး ဂျမားနဲ့ခင်လာတယ်။ ဂျမားက ၁၉၈၃ မှာ လူဝီစီယားနားတက္ကသိုလ်မှာ ကျောင်းလာတက်တာ။ Criminal Justic တက်နေတဲ့ သား၁ ယောက်၊ ၅ နှစ်အရွယ် သမီးတစ်ယောက်ရှိတယ်။ ဆီးရီးယားမှာ အာဆတ် သမ္မတဖြစ်တော့ အသက် ၃၃ နှစ်ပဲ ရှိသေးတယ်။ အခြေခံဥပဒေမှာက အသက် ၃၅ နှစ်မှ သမ္မတဖြစ်ရမှာဆိုတော့ အခြေခံဥပဒေကို ပြင်လိုက်တယ်။ နင်တို့အမေစုလည်း အာဏာရှိလာရင် အာဆတ်လို ဖြစ်မှာ လုံးဝပဲ။ သူက အာဏာမလိုချင်ပေမဲ့ သူ့သားက လိုချင်မယ်၊ သူ့ဆွေမျိုးတွေက လိုချင်မယ် အာဏာရှုးလာမှာပဲ လုံးဝလုံးဝကို မဖြစ်နိုင်ဘူး။ ဒါ လူ့သဘာဝပဲ ဒါပေမဲ့ အမေစုက ချွှင်းချက် နောက် ၂ နှစ်နေမှ ပြောရအောင်။ ဂျမားကစရင် ကိုယ်ကလည်း ကက်ကက်လန်အောင် ပြန်ရန်တွေ့လေ့ရှိတယ်။ ဂျမားဟာ အတော်ဗဟုသုတစုံတဲ့လူ ပြောစရာတွေ၊ ဆွေးနွေးစရာတွေ အများကြီး။

မြောက်အမေရိကတိုက်နဲ့ တောင်အမေရိကတိုက်ကြားက အယ်ဆာဗေးဒိုးကနိုင်ငံသား အဲရစ်။ အယ်ဆာဗေးဒိုးနိုင်ငံကို တခါမှ မကြားဖူးဘူး ကွမ်တီမာလာ၊ ဟွန်ဒူရပ်၊ ပနားမားလောက်ပဲ သိတာ။ အရင်တုန်းက စစ်တပ်အုပ်ချုပ်တယ် ခုတော့ ဒီမိုကရေစီ လူဆိုးဂိုဏ်းတွေ များတယ် ပတ်ဝန်းကျင်ထိန်းသိမ်းရေးကို လုံးဝဂရုမစိုက်ဘူး။ အဲရစ်နဲ့ သူ့သားက ဘောလုံးကန်တယ်။ အသိအမှတ်ပြုအင်ဂျင်နီယာစာမေးပွဲက မနက် ၈ နာရီကနေ ည ၈ နာရီအထိ ဖြေရတာတဲ့။ စားပွဲခုံ၊ စာရွက်စာတမ်း၊ အစားအသောက် ကိုယ့်ဘာသာ ယူလာရတာတဲ့။ တစ်နှစ်မှာ နှစ်ကြိမ်ဖြေခွင့်ရှိတယ် ခုတော့ တစ်နှစ်မှာ ၄ ကြိမ်လောက် ဖြေခွင့်ရှိတယ်။ ဂျဗားက တခါတည်းနဲ့အောင်တာတဲ့။ ပီအေရုံးကတစ်ယောက်ဆိုရင် ၁၃ ကြိမ်တောင် ဖြေရတာဆိုပဲ။ တွင်းရေပဲသောက်တဲ့ ဘရိုင်ယန်က လေတိုက်တဲ့အခါ တံတားရဲ့ တုန်ခါမှု၊ လှုပ်ယမ်းမှုတွေအကြောင်း ပြောပြတယ်။ နီပါလီကြီး ပါရာမိုနဲ့ ကိုယ့်နီပေါသူငယ်ချင်းတွေအကြောင်း ပြောဖြစ်တယ်။ လွန်ခဲ့တဲ့တပတ်ကပဲ ပရောဂျက်ဆက်လုပ်ဖို့ ဆုံးဖြတ်ခဲ့တာဆိုတော့ ဒီနှစ်ကုန်အထိ ပီအေရုံးမှာ ဆက်နေဖြစ်မယ်ထင်တာ။ ဒီတပတ် ဗုဒ္ဓဟူးနေ့မှာ မန်နေဂျာက ဒီသောကြာဟာ ကိုယ့်နောက်ဆုံးနေ့ပါတဲ့။ ပရောဂျက်တွေကို ယန်းကိုလွှဲပေး နေ့လည်စာစား နောက်ကျတော့ ဂျမားတို့နဲ့လည်း မဆုံဖြစ်ဘူး။

သောကြာနေ့ကျတော့ ကိုယ့် Farewell ပွဲကို ဂျပန်ဆိုင်မှာ သွားစားကြတယ်။ အားလုံးက လာနှုတ်ဆက်ကြတော့ ဝမ်းနည်းတယ်။ ယန်းကတောင် ပြောနေသေးတယ် ဂျမားတို့ကို သွားနှုတ်ဆက်ရအောင်တဲ့ ဘယ်မှာထိုင်မှန်းမသိလို့ သွားမနှုတ်ဆက်တော့ပါဘူး။ ညနေ ၅ နာရီလောက်ကျတော့ ဂျမားရောက်လာတယ်။ အမျိုးသားအိမ်သာမှာ ဝမ်နဲ့ဆုံတော့ ဝမ်ကပြောပြလို့ လာနှုတ်ဆက်တာတဲ့။ ဂျမားကိုလည်းတွေ့ရော မျက်ရည်တွေ အလိုလိုကျလာတော့တာပဲ။ သူ တစ်ခုပဲစိတ်မကောင်းဖြစ်တာ အမေစုအကြောင်းနဲ့ ကိုယ့်ကိုစခဲ့လို့တဲ့။ နောက် ၂ နှစ်ကြာရင် ကိုယ်တို့အဲဒီအကြောင်း ဆွေးနွေးကြဦးမှာပေါ့။ ကိုယ်တို့တွေ တကယ့်ကို အချိန်ကောင်းတွေ ရှိခဲ့ကြတယ်။ ဂျမားက ပါးကို ကစ်ပေးပြီး နှုတ်ဆက်သွားတယ်။ ကိုယ့်ပစ္စည်းတွေက သိပ်မများဘူး ကျွှတ်ကျွှတ်အိတ်နှစ်လုံး ရထားပေါ်မှာ မျက်ရည်က အလိုလိုကျလာတယ်။ ပီအေရုံးမှာ တစ်နှစ်ခွဲ လုပ်ခဲ့တယ်။ ကိုယ် ပီအေရုံးကလူတွေကို ခင်မင်တွယ်တာသလို ပီအေရုံးကလူတွေကလည်း ကိုယ့်ကို ချစ်ခင်ကြတယ်။ ကိုယ့်ကိုချစ်တဲ့ ကိုယ်ကချစ်တဲ့ရုံးလေးကို ခွဲရတာ အတော်စိတ်မကောင်းစရာဘဲ။ ပျော်ရာမှာ မနေရ ကလိုင်းရင့်ရုံးတွေကို ဆင်းရတဲ့ ကွန်ဆာတန့်ဘဝကို စိတ်ကုန်သွားတယ်။ ဂရင်းကဒ်ရပြီးရင် ဒီအလုပ်ကထွက်မယ် ပီအေရုံးလိုမျိုး အေးအေးချမ်းချမ်းရုံးမှာ ပင်စင်ယူတဲ့အထိ အလုပ်လုပ်သွားချင်တယ်။ တနင်္လာနေ့ကစပြီး ၃၆ လမ်းရုံးမှာ ရုံးတက်ရမယ်။ ရုံးချုပ်မှာပဲ နေရမှာလား၊ ကလိုင့်ရင့်ရုံးကို ဆင်းရမှာလား မသိသေးဘူး။

စင်္ကာပူကနေ စတိတ်ကို လာတုန်းက၊ ဆူနမ်တို့ ကျောင်းကနေ ထွက်ခွာသွားတုန်းက၊ ကန်တက်ကီရုံးကို ခွဲရတုန်းက တကယ့်ကို ဝမ်းနည်းပက်လက် ငိုခဲ့ဖူးတယ်။ ကိုယ့်ကိုကိုယ် ရင့်ကျက်လာတယ် ထင်ပေမဲ့ ပီအေရုံးကို ခွဲရချိန်မှာ ငိုနေမိတုန်း။ ဒီပို့စ်ကို ရေးနေတုန်းလည်း မျက်ရည်တွေက ဘာလို့အလိုလိုကျလာမှန်း မသိ။ တွေ့ဆုံကြုံကွဲကြတဲ့ လောကကြီးမှာ ရေစက်ရှိရင် ပြန်တွေ့ကြဦးမှာပေါ့။ ခုတော့ Exchange Place က ပီအေရုံးရယ်၊ ယန်း၊ ဝမ်၊ နေသန်၊ ဟင်နရီ၊ ရမ်ဒီ၊ ရူဒီ၊ လင်းမင်၊ ဂျာမား၊ အဲရစ်၊ ဘရိုင်ယန်၊ ပရာမို၊ ရော့စာချို၊ ပေါလ်၊ လီဆာ၊ အေမီ၊ ဒိုင်ယန်း ပီအေရုံးက မိတ်ဆွေတွေကို လွမ်းနေမိတော့တာပဲ။

စန်းထွန်း
ဇူလှိုင် ၂၀၊ ၂၀၁၆။

05 June 2016

ပီအေရုံးမှ မိတ်ဆွေများ - ၁

၂၀၁၄ ဒီဇင်ဘာ နယူးယောက်က စတယ်လာကုမ္ဗဏီမှာ အလုပ်ရတော့ ၃၆လမ်းက ရုံးချုပ်မှာ ၁ လလောက်ပဲ နေရတယ်။ ပြီးတော့ ကလိုင်းရင့် ဂရမ်းစင်ထရယ်နား ၄၄ လမ်းက အမ်တီအေ မတ်ထရိုနော့ရုံးကို ရောက်သွားတယ်။ နယူးယောက်မှာ အမ်တီအေကို မသိတဲ့သူမရှိဘူး။ ဘာဖြစ်လို့လဲဆိုတော့ နယူးယော့ကာတိုင်း အမ်တီအေ မြေအောက်ရထား၊ ဘတ်စ်ကားကို စီးရတာကိုး။ စီနီယာခဲတန်က ကိုယ့်တစ်ယောက်တည်း ပရောဂျက်တွေကို ကောင်းကောင်းထိန်းနိုင်တယ်ဆိုပြီး စိတ်ချလက်ချ ထားခဲ့တာ ၈ လပြီးလို့ အမ်တီအေ ပရောဂျက်အပ်ပြီးတဲ့အခါ ပရောဂျက်မန်နေဂျာ ပတ်ထရီရှာချန်နဲ့ကိုယ် ရုံးချုပ်ကို ပြန်ရတယ်။ ရုံးချုပ်မှာက မနက် ၉  နာရီကနေ ညနေ ၆ နာရီအထိ ရုံးတက်ရပြီး နေ့လည်ထမင်းစားချိန်ကို ၁ နာရီယူရတယ်။ ကလိုင်းရင့်ရုံးတွေမှာလို မနက် ၈ နာရီရုံးတက် ညနေ ၄ နာရီပြန် နေ့လည်ထမင်းစားချိန်ကို နာရီဝက်လောက်ပဲ ယူလို့မရဘူး။ နေ့လည်စာထမင်းစားပြီးရင် ၄၂လမ်း ဘရိုင်ယန်ပါ့ခ်ကို ပတ်ထရီရှာနဲ့ကိုယ်တို့လမ်းလျှောက်လေ့ရှိတယ်။ ရုံးမှာက လူသစ်တရုတ်တွေများ ကိုယ်ကလည်း ရုံးချုပ်မှာ နေရတဲ့အချိန်နည်းတော့ ရုံးကလူတွေကို သိပ်မသိဘူး။ ပတ်ထရီရှာချန်က ပီအေလို့အတိုကောက်ခေါ်တဲ့ THE PORT AUTHORITY OF NEW YORK & NEW JERSEY ကလိုင်းရင့်ရုံးမှာ ပရောဂျက်ရလို့ နယူးဂျာစီပြည်နယ် Newark မြို့မှာ အလုပ်ဆင်းသွားတော့ ကိုယ်တစ်ယောက်တည်း ပျင်းကျန်နေရစ်ခဲ့တာပေါ့။

ရုံးချုပ်မှာက မန်နေဂျာတွေများတော့ ဟိုလူကခိုင်း ဒီလူကခိုင်းနဲ့ ပရောဂျက် ၃ခုလောက်ကို တပြိုင်တည်းလုပ်ရတယ်။ နေရာကကျဉ်း၊ ကာထားတဲ့ဟာမရှိ၊ ကိုယ်ဘာကြည့်နေတာဆိုတာ အားလုံးကမြင်နိုင်ပြီး အလုပ်လုပ်ရတဲ့ ပတ်ဝန်းကျင်က မကောင်းဘူး။ ပြီးတော့ စာသင်ကျောင်းတွေကို ကွန်ပျူတာတွေ လိုက်ဆင်တဲ့ တရုတ်တွေက ဝင်လာလိုက်၊ ထွက်သွားလိုက်၊ စကားကို အော်ကြီးဟစ်ကျယ်ပြောလိုက်နဲ့ ဆူညံနေတာပဲ။ နောက်တော့ နယူးဂျာဆီပြည်နယ် Newark မြို့ 2GateAway Center မှာရှိတဲ့ ပီအေရုံးမှာ အင်တာဗျူးသွားဖြေရတယ်။ မန်နေဂျာက ဒီဒီကား ပန်ချာပီအိန္ဒိယမ အရပ်ကငါးပေလောက်၊ ပုပုဝဝ၊ အသားညိုညို၊ မျက်ခုံးကောင်းကောင်း၊ ခန့်ခန့်ချောချော၊ စကားကို အမြဲတမ်းပြုံးပြီး ချိုချိုသာသာ ပြောတတ်တယ်။ ကိုယ်တို့လို ပရိုဂရမ်မာကနေ မန်နေဂျာဖြစ်လာတဲ့သူ၊ စကားပြောတာ ရှင်းလင်းပြတ်သားတယ်၊ အရမ်းတော်ပြီး ထက်မြက်တယ်။ အင်တာဗျူးတဲ့သူတွေက စတယ်လာရုံးကနေ ကလိုင်းရင့်ပီအေမှာ အလုပ်လုပ်နေတာ ၄ နှစ်လောက်ရှိပြီဖြစ်တဲ့ ယူနန်သူ တရုတ်မယန်း၊ အရင်တုန်းက စတယ်လာမှာအလုပ်လုပ်ခဲ့ပြီး အခုပီအေဝန်ထမ်းဖြစ်နေတဲ့ တရုတ်ကြီးလင်းမင်။ ပီအေရုံးမှာ အလုပ်ရတော့ ကိုယ်ကသိပ်မသွားချင်ဘူး ၁ နာရီခွဲတောင် ရထားစီးပြီး ရုံးတက်ရမှာဆိုတော့လေ။ ကိုယ့်အိမ်ကနေ 7 ရထားနှစ်ဘူတာစီးပြီး ဂျက်ဆင်ဟိုက်ဘူတာမှာ အမြန်ရထား F ကိုစီး။

၂၅ မိနစ်လောက်စီးပြီးတော့ ၃၄ လမ်းဘူတာမှာဆင်း။ ၃၃ လမ်းကနေ နယူးဂျာစီကို သွားမဲ့ PATH ရထားကို မိနစ် ၂၀ လောက်စီးပြီး ဂိတ်ဆုံး ဂျာနယ်စကွဲမှာဆင်းပြီး ဝေါထရိတ်စင်တာကနေ Newark ဆီသွားမဲ့ရထားစီး။ ရထားလေးဆင့်စီးပြီး ၁ နာရီခွဲကြာတော့ နယူးဂျာစီဖက်မှာ အိမ်ရှာရမလား စဉ်းစားသေးတယ်။ ဂျပန်အိမ်မှာက နေရတာ တော်တော်လေး အဆင်ပြေတော့ ရုံးတက်ရတာ ဝေးပေမဲ့ အိမ်မပြောင်းချင်တော့ဘူး။ အဆင်ပြေတဲ့ roommate ကောင်းကောင်းရဖို့ဆိုတာ ခက်လှပါဘိ။ စီနီယာခဲတန်ကလည်း ဝေးပေမဲ့ ကလိုင့်ရင့်ရုံးမှာ လုပ်ရတာကောင်းတယ် သွားသာသွားတဲ့။ ကိုယ့်ရှေ့ထိုင်တာက ဖိလစ်ပိုင်ကြီး အက်စတီမိတ်တာ နေသန်ဒီမေစစ်။ သူက စင်္ကာပူမှာလည်း နေခဲ့ဖူးတယ် ဒိုဘီဂါ့စ်ဘူတာကို သူတို့ဆောက်ခဲ့တာဆိုပဲ။ နေသန်မှာ ဟိုင်းစကူးတက်နေပြီဖြစ်တဲ့ သမီးတစ်ယောက်၊ သားတစ်ယောက်ရှိတယ်။ စင်္ကာပူအကြောင်း၊ ဖိလစ်ပိုင်အကြောင်း၊ မြန်မာအကြောင်းပြောပြီး ကိုယ်နဲ့လေပေး အတော်ဖြောင့်တဲ့သူ။ ကိုယ့်အလုပ်ကလည်း အက်စတီမိတ်တာတွေနဲ့ တိုင်ပင်ဆွေးနွေးရတော့ ခင်နေတာပေါ့။ ကိုယ့်ဘေးမှာထိုင်တာက စတယ်လာရုံးက တရုတ်လေးရစ်ကီချန် တခါတလေ ရထားအတူစီးဖြစ်ရင် ရုံးကလူတွေအကြောင်း အတင်းတွေချတယ်။ ရစ်ကီချန်မှာက လေးနှစ်နဲ့တစ်နှစ်အရွယ် သမီးနှစ်ယောက်ရှိတယ်။ အငယ်ကလေးမှာ အရေပြား Asthma ရှိတယ် တကိုယ်လုံးယားလို့ ကုတ်နေရတာတဲ့။

autoimmune disorder disease ခန္ဓာကိုယ်ရဲ့ ကိုယ်ခံအားစနစ်က ရောဂါတွေ၊ ဘတ်တီးရီးယားတွေကို တိုက်ရမဲ့အစား ကိုယ့်ခန္ဓာကိုယ်ကို ပြန်တိုက်တဲ့ရောဂါ။ လူးပက်စ်လိုမျိုးပဲ ဘာကြောင့်ဖြစ်မှန်း မသိသလို ကုသမပျောက်ကင်းနိုင်ဘူး၊ ဆေးသောက်ပြီးထိန်းလို့ရတယ်။ ရစ်ကီပြောပြတော့မှ အရေပြားအက်စ်တမာဆိုတာ ကြားဖူးတော့တယ်။ လင်းမင်နဲ့ရစ်ကီက ကွင်းကောလိပ်ထွက်တွေ။ ရစ်ကီအရှေ့မှာ ထိုင်တာက အက်စတီမိတ်တာ ကိုရီးယားကြီး ကင်ယောင်ကီ။ ကိုယ်က ကိုယ်သိတဲ့ ကိုရီးယားစကားတွေနဲ့ နှုတ်ဆက်တော့ ကိုရီယားစကား သင်ဖူးလားလို့မေးတယ်။ ဟင့်အင်း ကိုရီးယားရုပ်ရှင်တွေကြည့်ပြီး ကိုရီးယားစကား နည်းနည်းတတ်တာလို့ပြောတော့ အံ့တွေသြလို့။ ကိုယ်နဲ့ ကိုရီးယားရုပ်ရှင်၊ အစားအစာ၊ အိုပါးဂန်းဏန်းစတိုင် အကြောင်းပြောပြီး လေပေးဖြောင့်လေ့ရှိတယ်။ ဆိုးလ်မှာ ဂန်းနန်းရပ်ကွက်ဆိုတာ တကယ်ရှိသတဲ့။ ရှန်ဟိုင်းသား တရုတ်ကြီးလင်းမင်က စတယ်လာရုံးမှာ ၆နှစ်လုပ်ပြီး ပီအေဝန်ထမ်းဖြစ်လာတဲ့သူ ။ အတော်လေး သဘောကောင်းပြီး ကူညီတတ်တယ်။ ပီအေရုံးမှာ အိုင်ဒီကဒ်ရဖို့၊ ကွန်ပျူတာရဖို့က အတော်စောင့်ရတယ်။ နောက်တော့ မန်နေဂျာဒီဒီရဲ့ဘေးက မီတင်းခုံဝိုင်းမှာ ကွန်ပျူတာထားပေးပြီး ကိုယ့်ကိုထိုင်ခိုင်းတယ်။ မန်နေဂျာဘေးနားမှာ ထိုင်ရတာဆိုတော့ အနေကျုံ့တယ်။ ဒီဒီကလည်း မန်နေဂျာဆိုတော့ အစည်းအဝေးတက်နေရတာ များတယ်။ ဒီဒီက မိဘတွေနဲ့ အတူနေပြီး သားတစ်ယောက်ရှိတယ် အင်ဂျင်နီယာမေဂျာ တက်နေတယ်။ ဒီဒီက ရုံးကို ၂ နာရီလောက် ရထားစီးပြီး ရုံးတက်တယ်။

ဒီဒီရှေ့မှာထိုင်တာက ပီအေမှာ ၄ နှစ်လောက်ရှိပြီဖြစ်တဲ့ စတယ်လာရုံးက မြန်မာပြည်နဲ့ နယ်ချင်းဆက်နေတဲ့ ယူနန်သူ တရုတ်မယန်း။ စကားပြောရင် အားနဲ့မာန်နဲ့ပြောတတ် ငြင်းခုန်တတ်ပြီး စိတ်ရင်းကောင်းပြီး ကူညီတတ်တယ်။ ညနေ ၄ နာရီ မန်နေဂျာတွေ ပြန်သွားရင် ကိုယ်က ယန်းဆီသွားပြီး စကားတွေပြောတယ်။ ကိုယ်နဲ့သက်တူရွယ်တူ၊ ကိုယ်နဲ့ဘေးချင်းကပ်ထိုင်၊ ကိုယ်မသိတာတွေ မေးမြန်းတိုင်ပင်ရတဲ့သူ ပီအေမှာ ကိုယ်အခင်ဆုံး သူတစ်ယောက် ဖြစ်လာခဲ့တယ်။ ရုံးဆင်းရင် နှစ်ဘူတာလောက် ရထားအတူစီးဖြစ်ပြီး ခင်လာတဲ့သူက အသားညိုညို၊ အရပ်ငါးပေ၊ ခန္ဓာကိုယ်သေးသေးကွေးကွေးပေမဲ့ အမြဲသွက်လက်နေတဲ့ အက်စတီမိတ်တာ ဖိလစ်ပိုင်သူ လူစီတာ။ တလောက ရုတ်တရက် ဆုံးသွားလို့ လူစီတာဆိုတဲ့ပို့စ်တောင် ရေးဖြစ်သေးတယ်။ အက်စတီမိတ်တာ ဖိလစ်ပိုင်ကြီး မိုက်ကယ်က ဖိလစ်ပိုင်နဲ့တူလို့တဲ့ ဖိလစ်ပိုင်လားလို့ မေးလာတယ်။ မက်ဂမ်ဒါ အုမ်မာဂမ် (ကောင်းသော နံနက်ခင်းပါ) လို့ သင်ပေပြီး မိုက်ကယ်နဲ့ကိုယ် ဖိလစ်ပိုင်လို နှုတ်ဆက်လေ့ရှိကြတယ်။ နောက်တော့ မိုက်ကယ် ပင်စင်ယူသွားတယ်။ အိန္ဒိယတောင်ပိုင်းသား အုန်ကာ၊ ရီနာတို့နဲ့ အသိမိတ်ဆွေ ဖြစ်လာတယ်။ ရီနာက သက်သက်လွှတ်သမား၊ ယိုးဒယားမှာ ၁၆ နှစ်လောက် နေခဲ့တော့ ယိုးဒယားစကားတတ်တယ်။ သူ့သမီးက SAT စာမေးပွဲဖြေဖို့ လုပ်နေတယ်။ ပရောဂျက်ကို ရှင်းပြဖို့ မန်နေဂျာဒီဒီ အကူအညီတောင်းတာက အက်စ်စတီမိတ်တာ ထိုင်ဝမ်သား ခရစ်ယာန်ဘာသာဝင် ဝမ်ချန်။

သူ့အမျိုးသမီးနဲ့ ဘုရားကျောင်းမှာ တွေ့တာတဲ့ သားတစ်ယောက်ရှိတယ်။ ဝမ်က သဘောမနောကောင်းတယ်၊ ပေါင်းသင်းဆက်ဆံရေးလည်းကောင်းတယ်၊ သူနဲ့ဆို ကိုယ်တို့မှာ ပြောစရာတွေ မကုန်မခမ်းနိုင်အောင်ပဲ။ သူရဲ့ပထမဆုံးရုံးက ဝေါထရိတ်စင်တာ ၉ /၁၁ တုန်းက လူတွေ ဝေါထရိတ်စင်တာကနေ ခုန်ချတာကို မြင်ခဲ့ရတယ်။ အင်ဂျင်နီယာဋ္ဌာနရဲ့ အကြီးဆုံးဘော့စ်က အစည်းအဝေးရှိလို့ အပေါ်ဆုံးထပ်မှာ ရှိနေခဲ့တာ လေယာဉ်တိုက်ပြီးတော့ ပြန်မဆင်းလာနိုင်ခဲ့ဘူး။ သေဆုံးသွားတဲ့သူတွေရဲ့ ဓာတ်ပုံတွေကို ခုထိပီအေရုံးမှာ ချိတ်ဆွဲထားတယ်။ ဝမ်က စားသောက်ဆိုင်တွေမှာ နေ့လည်စာသွားစားဖို့ ဦးဆောင်စီစဉ်လေ့ရှိတယ်။ နောက်တော့ ဟောင်ကောင်သား အက်စတီမိတ်တာ ဟင်နရီယုက အမ်တီအေမှာ ၇ နှစ်လုပ်ပြီး ပီအေကို ပြောင်းလာတယ်။ ဝမ်နဲ့ဟင်နရီက အဖွဲ့ကျတယ်။ နောက်အက်စတီမိတ်တာတွေကတော့ အိန္ဒိယတောင်ပိုင်းသားတွေဖြစ်တဲ့ ရမ်ဒီနဲ့ဗန်ကာတာရှ် ရမ်ဒီနဲ့ကိုယ်က သူ့ရဲ့ တစ်နှစ်အရွယ် သမီး၊ ဟိန္ဒူနတ်ဘုရားတွေ အကြောင်းပြောပြီး အဖွဲ့ကျတယ်။ အက်စတီမိတ်တာတွေရဲ့ဘော့စ်က Chief Estimator အရပ်ငါးပေ၊ လူကောင်သေးတဲ့ ရွန်မိုနာကို။ ရွန်က အတော်သဘောကောင်းတယ် စကားပြောတာလည်း ရှင်းလင်းတယ်။ ရွန်က ပရောဂျက်ကို ဒီလိုလုပ်ချင်တယ်၊ ဒီဒီက ဒီလိုလုပ်လို့ မဖြစ်နိုင်ဘူးလို့ ငြင်းတယ်။ တခြားဋ္ဌာနတွေနဲ့ တိုင်ပင်ဆွေးနွေးကြတယ်။

အဲဒီရုံးမှာ ၆ လလောက်က ပရောဂျက်ကို လေ့လာရင်း၊ အစည်းအဝေးတွေတက်ရင်းနဲ့ လေ့လာသင်ယူရတယ်။ ကိုယ်က ပရိုဂရမ်းမင်း ကုတ်တင်း၊ စာရွက်စာတမ်းနိုင်ပေမဲ့ ကိုယ့်အားနည်းချက်က အစည်းအဝေးမှာ ပါဝင်ဆွေးနွေးတာ နည်းတယ်။ ကိုယ်လည်း ဒီရုံးရောက်မှ Meeting Summary Notes ရေးနည်း၊ Documents တွေရေးနည်း၊ မန်နေဂျာကို သတင်းပို့၊ တိုင်ပင်ဆွေးနွေးရတာ၊ အက်စတီမိတ်တာတွေက တောင်းဆိုတဲ့ဟာတွေကို မန်နေဂျာကို တင်ပြ၊ မန်နေဂျာက သဘောတူတော့မှ လုပ်ရမှယ်ဆိုတာ သိတော့တယ်။ တခါတုန်းက စီနီယာခဲတန် အက်စတီမိတ်တာတွေ ပြင်ခိုင်းသမျှပြင် ပြင်နေတာ ဒီဒီသိတော့ စိတ်ဆိုးလိုက်တာတဲ့။ ဒီဒီက ကိုယ့်ကို သဘောမကျဘူး ကိုယ် ဘာတွေလုပ်နေမှန်း သူမသိဘူး။ ကိုယ်ကလည်း ဒီဒီ့ကို သဘောမကျဘူး ကိုယ့်ကို ဘာမှမဆွေးနွေး၊ ညွှန်ကြားချက် မပေးလို့ တရုတ်မယန်းက ကိုယ်တို့နှစ်ယောက်ကြား ညှိနှိုင်းပေးတယ်။ နောက်တော့ ၁၁ ထပ်ကနေ ၁၇ ထပ်ကို ဒီဒီ၊ လင်းမင်း၊ ယန်း၊ ရုရှားကြီး ရူဒီ၊ ကိုယ်တို့ ပြောင်းရတယ်။ ရုရှားကြီးယူဒီက စတယ်လာမှာလုပ်တာ ၆ နှစ်လောက်ရှိပြီ ပီအေမှာလည်းကြာပြီ။ ၁၇ ထပ်ရောက်တော့မှ ကိုယ်လည်း ရူဒီနဲ့ခင်သွားတော့တယ်။ ရူဒီ မနက် ၇ နာရီရုံးတက်ပြီး ၄ နာရီရုံးဆင်းတယ်။ သူ့ရုရှားအသံထွက်ကို ကိုယ်တို့တွေ နားမလည်သလို သူကလည်း ကိုယ်တို့အေးရှန်းအသံထွက်ကို နားမလည်ဘူး။ တခါတလေ ဘော့စ်ရော့စာချိုကို သွားမေးပြီး ငြင်းခုန်တာကို ဆုံးဖြတ်ရတယ်။ ရူဒီမှာ အရွယ်ရောက်နေပြီဖြစ်တဲ့ သားသမီး ယောကျာ်းလေး ၃ ယောက်၊ မိန်းကလေး ၁ ယောက် ရှိတယ်။ သူနာပြုကောလိပ်တက်နေတဲ့ သမီးမိန်းကလေးကို အချစ်ဆုံးတဲ့။

ဆက်ပါဥ◌ီးမည်...
စန်းထွန်း
ဇွန် ၅၊ ၂၀၁၆။

01 June 2016

အိမ်လခတောင်းတဲ့ ဦးလေးကြီး ...

အိမ်ရှင်ဦးလေးကြီးက မနက် ၄ နာရီ အိပ်ယာက ထကတည်းက ဧည့်ခန်းထဲမှာ တီဗွီကြည့်တယ်။ ဧည့်ခန်းက ကိုယ့်အခန်းရှေ့ဆိုတော့ တခါတလေ ကြားရတယ်။ တခါတုန်းက ကိုယ့်ကို သမီးလေး အိမ်လခပေးပြီးပြီလားလို့ လာမေးလို့ ဒေါသထောင်းကနဲ ထွက်သွားတယ်။ မနေ့က ပေးပြီးပြီလို့ ပြောလိုက်တော့ စိတ်မရှိနဲ့နော် သမီးတွေ ပြောနေတာကြားလို့တဲ့။ ကိစ္စမရှိပါဘူးလို့ ပြောလိုက်ပေမဲ့ ဒေါသထွက်မိတာကတော့ အမှန်ပဲ။ (ကိုယ်ကလည်း အဲဒါလေး မေးတာလေးကို ဘာလို့ဒေါသထွက်မှန်းမသိ)။ မကြီးကို ပြောပြတော့ ဘာမှမဟုတ်တာလေးကို ဒေါသထွက်မနေနဲ့ မြန်မာလူကြီးတွေက အဲဒီလို ကိုယ်နဲ့မဆိုင်တာတွေ ဝင်,ဝင်ရှုပ်တတ်တယ်တဲ့။ အမေရိကန်မှာနေတဲ့ ငါးနှစ်အတွင်း ကိုယ်တခါမှ အိမ်မငှားဖူးဘူး။ အိမ်လခမှန်သမျှကို အိမ်ရှင်အစ်မတွေနဲ့ပဲ ပေးနေတာ တခါမှအဲဒီလို အိမ်လခပေးပြီးပြီလားလို့ အမေးမခံရဖူးဘူး။ အထူးသဖြင့် ယောကျ်ားတစ်ယောက်က မေးလာတာမျိုးပေါ့။ အရင်တုန်းကတော့ မနက်ရုံးသွားရင် ဧည့်ခန်းမှာထိုင်ပြီး တီဗွီကြည့်နေတဲ့ ဦးလေးကြီးကို သွားပြီဦးလေးရေလို့ နှုတ်ဆက်သေးတယ်။ ခုတော့ စိတ်ခုသွားလို့ နှုတ်ကိုမဆက်တော့ဘူး။ မီးဖိုချောင်မှာ ကိုယ်ပန်းကန်တွေ ဆေးကြောနေရင် အိမ်ရှင်ဦးလေးကြီးက ဝင်လာပြီး ထမင်းအိုးတည်တာတို့၊ ပန်းကန်ဆေးတာတို့၊ မိုက်ခရိုဝေ့စ် ဝင်နွှေးတာတို့လုပ်တယ်။

ဘာသဘောနဲ့မျှ မဟုတ်ပေမဲ့ ကိုယ်လုပ်နေတာကို ဝင်ရှုပ်တာမျိုး၊ ကိုယ်က စောင့်ရတာမျိုးကို စိတ်မရှည်တာ။ ကိုယ်က ဘယ်လောက်မှ ကြာတာလည်းမဟုတ် အိမ်ငှားမတင်ဖူးဘူးလား မသိဘူး။ ကိုယ်မကျေနပ်တာတွေကို  အသံကျယ်ကြီးနဲ့မကြီးကို ပြောပြနေတာကို ဧည့်ခန်းထဲကနေ (အိမ်ရှင်ဦးလေးကြီးက ညဖက်ဆိုရင် ဧည့်ခန်းထဲမှာအိပ်တယ်) ကြားတယ်နဲ့ တူပါရဲ့။ သူ ပန်းကန်ဆေးနေတုန်း ကိုယ် ဝင်လာရင် ကိုယ့်ကိုဦးစားပေးတော့တာပဲ။ ကိုယ်ကလည်း ရပါတယ်လို့ အားနာပါးနာလေးတောင် မပြောဘူး။ ရုံးမဆင်းခင် အိမ်သာဝင်ခဲ့ပေမဲ့ ရထား ၁ နာရီစီးပြီးလို့ အိမ်ရောက်တာနဲ့ ရှုးပေါက်ချင်ပြီ။ အဲဒီအချိန်ဆို အိမ်ရှင်မိသားစုလေးယောက်က တန်းစီပြီး ရေချိုးခန်း ဝင်ကြတော့ ရေချိုးခန်းအိမ်သာ ဒုက္ခရောက်တယ်။ အိမ်ရှင်တွေနားတဲ့ တနင်္ဂနွေနေ့မျိုးဆို လူစုံတော့ ရေချိုးခန်းအိမ်သာကို ချောင်းနေရတယ်။ ကိုယ့်မွေးစားအစ်မနဲ့ ခင်လာတာ နှစ်နှစ်ကျော်ပြီ အသက်ဘယ်လောက်လဲ၊ ဘာလုပ်သလဲ၊ ဘယ်လောက်ရသလဲ၊ စီတီဇင်တွေလားလို့ ကိုယ်တခါမှ မမေးခဲ့ဘူး။ ကိုယ့်အသက်ကိုမေးပြီး အိမ်ထောင်မပြုသေးဘူးလား၊ လစာဘယ်လောက်ရသလဲ၊ ကိုယ့်မွေးစားအစ်မက ဘာလုပ်သလဲ၊ စီတီဇင်တွေလား၊ အဖေနဲ့ ဖုန်းပြောနေတာကိုကြားပြီး အဖေပါ နယူးယောက်ကို လာမှာလားလို့မေးတဲ့ သိပ်စပ်စုတတ်တဲ့ အန်တီကြီး၊ မဆိုင်တာတွေ ဝင်ရှုပ်တတ်တဲ့ အန်ကယ်ကြီး၊ ဒီအိမ်ရှင်လူကြီးတွေရဲ့ စရိုက်ကို မကြိုက်လို့ ရေရှည်နေဖို့ မစဉ်းစားတော့ဘူး။ ကိုယ့်ကျန်းမာရေးကလည်း ကောင်းလာပြီ၊ မကြီးလည်း လာတော့မယ်ဆိုတော့ တိုက်ခန်းရှာနေတယ် မကြာခင် အိမ်ပြောင်းတော့မယ်။

စန်းထွန်း
ဇွန် ၁၊ ၂၀၁၆။