14 October 2018

အလာစကာသွား ‌တောလား - ၁၀

ဂျူလှိုင် ၁၁ ဗုဒ္ဓဟူးနေ့ မနက် ၆ နာရီ ၄၅ ကတည်းက ဟိုတယ်ဧည့်ကြိုကောင်တာနားမှာ စောင့်ကြတယ်။ တောင်တွေဆီမှာ မြူတွေရစ်သိုင်းလို့ ရာသီဥတုက အေးစိမ့်နေတယ်။ မနက် ၇ နာရီမထိုးခင် ဆာဖာရီတိုးကား ရောက်လာတယ်။ ရှေ့ဆုံးခုံမှာ အန်တီကြီးတယောက်တည်း ထိုင်နေတော့ ထိုင်လို့ရမလားမေးပြီး ထိုင်တယ်။ မြင်ကွင်းကျယ်ကြည့်ရလို့ ရှေ့ဆုံးခုံကြိုက်သွားပြီကိုး။ ကိုယ်တို့ဟိုတယ် တဖက်ခြမ်းမှာရှိတဲ့ ဟိုတယ်ကို သွားကြိုတော့ စာရင်းပေးထားတဲ့ လူနှစ်ယောက်ကို မတွေ့ဘူး။ အကြောင်းအမျိုးမျိုးကြောင့် ဆာဖာရီတိုးကို မလိုက်ဖြစ်တဲ့သူတွေ ရှိတတ်ပါတယ်တဲ့။ တိုးဂိုက်က ဒန်နာလီအမျိုးသားဥယျာဉ်မှာ ဆောင်ရန်ရှောင်ရန်လေးတွေကို သတိပေးပါတယ်။ တောရိုင်းတိရစ္ဆာန်တွေ့ရင် သူ့ကိုအသိပေး အကောင်းဆုံးမြင်တွေ့ရဖို့ သူတတ်နိုင်သမျှ ကြိုးစားပေးမယ်။ သတ်မှတ်ထားတဲ့ အချိန်စေ့ရင် ကားဆီကိုပြန်လာဖို့၊ ဓာတ်ပုံရိုက်တဲ့အခါ၊ တောရိုင်းတိရစ္ဆာန်တွေကို မှန်ပြောင်းနဲ့ ကြည့်တဲ့အခါ ကိုယ့်ကိုကိုယ်ဂရုစိုက် သတိထားဖို့ပြောပါတယ်။ တောင်တက်သမားတွေ ဆယ်ဖီရိုက်ရင်း ပြုတ်ကျသေတာတွေ သတင်းမှာ တွေ့ဖူးနေတော့ ကိုယ့်အသက်ကို ကိုယ့်ဘာသာ စောင့်ရှောက်ထိန်းသိမ်းရမှာ။ ဒန်နာလီအမျိုးသားဥယျာဉ်ဟာ ဧက ၆ သန်းကျော် ကျယ်ဝန်းပြီး အမြင့်ပေ ၂၀၃၁၀ မြင့်ပြီး မြောက်အမေရိကတိုက်ရဲ့ အမြင့်ဆုံးတောင် ဒန်နာလီတောင် (အရင်တုန်းက မက်ကင်လေတောင်) ရှိပါတယ်။ ဒန်နာလီအမျိုးသားဥယျာဉ်ထဲကို ကိုယ်ပိုင်ယာဉ်တွေ ဝင်ခွင့်မရှိပါဘူး။ ဒန်နာလီအမျိုးသားဥယျာဉ်ကနေ ပြေးဆွဲတဲ့ ၅၊ ၆၊ ၈၊ ၁၃ နာရီ ကြာမြင့်တဲ့ တိုးကားတွေကိုပဲ စီးရပါတယ်။ လမ်းတွေက မြေသားလမ်းတွေ အကွေ့အကောက် တောင်ကုန်းတောင်တန်းတွေ ကားနှစ်စီးမျက်နှာချင်းဆိုင်တွေ့ရင် တစ်စီးကလမ်းဘေး နည်းနည်းကပ်ပေးမှ မောင်းလို့ရတယ်။ ဒန်နာလီအမျိုးသားဥယျာဉ်မှာ တွေ့ရတဲ့တောရိုင်းတိရစ္ဆာန်တွေကတော့ မြေခွေး၊ moose ၊ တောင်ပေါ်မှာ ကျက်စားလေ့ရှိတဲ့ dall's  sheep ၊ သိမ်းငှက်၊ ခေါင်းမှာချိုကားကားတွေ ရှိတဲ့ caribou ၊ ဝက်ဝံညို၊ ဝက်ဝံနက်၊ grizzly ဝက်ဝံ။ moose ၊ caribou ၊ bear ဒီသုံးမျိုးထဲမှာ ဘယ်အကောင်က လူကိုအန္တရာယ်အပေးဆုံးလဲလို့ တိုးဂိုက်ကမေးတော့ ဝက်ဝံလို့ရမ်းတုတ်လိုက်တာ အဖြေမှန်က caribou ပါတဲ့။

မှန်ပြောင်းနဲ့ ကြည့်ချင်ရင် ထိုင်ခုံခေါင်းပေါ်မှာရှိတဲ့ ပစ္စည်းထားတဲ့နေရာကနေ မှန်ပြောင်းတွေ ယူကြည့်လို့ရပါတယ်။ ကားလမ်းဘေးတဖက်တချက်က  အပင်တွေ၊ မြစ်တွေ၊ တောင်တွေအကြောင်း ရှင်းပြပါတယ်။ တောရိုင်းတိရစ္ဆာန်တွေ ကျက်စားတတ်တဲ့နေရာတွေဆိုရင် ကားကိုခဏရပ်ပြီး တိုးဂိုက်က မှန်ပြောင်းနဲ့ ရှာဖွေလေ့ရှိတယ်။ ဘေးက အန်တီကြီးကတော့ မျက်စိလျင်တယ် ကိုယ့်ကို ဘယ်နားမှာလို့ ပြပေးတယ်။ ဒန်နာလီအမျိုးသားဥယျာဉ်မှာ ကားတွေမျက်နှာချင်းဆိုင် ဆုံကြရင် ဒရိုင်ဘာအချင်းချင်း လက်ပြနှုတ်ဆက်၊ အရှိန်လျှော့မောင်းပြီး တယောက်ကိုတယောက် ဦးစားပေးနားလည်မှုနဲ့ မောင်းကြတယ်။ နယူးယောက်မြို့က ကားမောင်းသမားတွေနဲ့များ ကွာပါ့။ နှစ်နာရီလောက် မောင်းပြီးရင် အိမ်သာအတွက် ရပ်ပေးပါတယ်။ အိမ်သာတွေက ဘိုထိုင်အိမ်သာမဟုတ်ဘူး အောက်မှာဟောင်းလောင်းတွင်းကြီး။ လက်ဆေးဖို့ ရေ၊ ဆပ်ပြာမရှိဘူး hand sanitizer ပေးထားတယ်။ ရေခဲတောင်တွေ၊ မျက်စိတဆုံး စိမ်းလန်းနေတဲ့ တောတောင်တွေနဲ့ အင်မတန်လှတယ်။ ဟိုးတောင်ပေါ်မှာ မြင်ရတဲ့ ဖြူဖြူ အစက်ပျောက်လေးတွေက ရေခဲတွေမဟုတ်ဘူး Dall's sheep တွေလို့ ဘေးကအန်တီကြီးက ပြောပြတယ်။ ကော်ဖီမကြိုက်တဲ့သူတွေမို့ မိုကာသောက်ကြတယ် နွေးသွားတာပဲ။ ဝိုင်းက ကော်ခွက်ကိုမပစ်ဘူး အမှတ်တရပစ္စည်းအဖြစ် ယူသွားမယ်တဲ့။ မြေခွေးက ကားဘေးနားကနေ ဖြတ်ပြေးသွားလို့ ကားကိုခဏရပ်ပြီး ဓာတ်ပုံတွေရိုက်ကြတယ်။ မြေခွေးဆိုတာကို တီဗွီမှာပဲ မြင်ဖူးတာ ခုမှပဲအပြင်မှာ မြင်ဖူးတော့တယ်။ မျက်စိလျင်တဲ့သူတွေက ကားရဲ့ဘယ်ဖက် 10 o' clock မှာ တွေ့တယ်လို့ပြောရင် ဘယ်ဖက်ကိုကြည့် 10 o' clock ရှိမဲ့နေရာကို ပြူးပြဲကြည့်။ တချို့တွေက ဘယ်နေရာရဲ့ 10  o' clock လို့လဲမေး မျက်စိရှင်ရှင်ထားပြီး ရှာဖွေရတယ်။ ဟိုးအဝေးကြီး တောင်ထွပ်နားက ရေခဲပြင်မှာ ဝက်ဝံတကောင်တွေ့တယ်လို့ တိုးဂိုက်ကပြောတော့ မျက်စိကိုပြူးပြဲပြီးရှာ။ တချို့တွေက အယ်မလေး ဝက်ဝံညိုလေးက လိမ့်ပြီးတော့တောင် ဆော့နေသေးတယ် ချစ်ဖို့ကောင်းလိုက်တာ။ ကိုယ်ကတော့ အဖြူရောင်ရေခဲပြင်ပေါ်က အညိုရောင်အစက်အပျောက်လေးကို ပြူးပြဲရှာနေတုန်း။


ကိုယ့်ဘေးမှာထိုင်တဲ့ အန်တီကြီးက တယ်လီနိုစကုပ်မှန်ပြောင်းကင်မရာကြီးနဲ့ ရိုက်တယ်။ ဘေးထိုင်ခုံမှာထိုင်နေတဲ့ သူ့အမျိုးသားမှာလည်း မှန်ပြောင်းကင်မရာကြီးနဲ့။ ငါ့ပုံက ပိုကောင်းတယ် သူ့ပုံက ပိုကောင်းတယ်နဲ့ လင်မယားနှစ်ယောက် တယောက်နဲ့တယောက် ပြိ ုင်ကြသေးတယ်။ သူတို့ရိုက်ပြီးတဲ့ဓာတ်ပုံတွေကို ကိုယ့်ကိုပြတယ်။ အဲ့ဒီတော့မှ ကိုယ်က ဝက်ဝံညိုကို တွေ့တော့တယ်။ သူတို့ဓာတ်ပုံပညာသင်တာ မကြာသေးဘူး လွန်ခဲ့တဲ့နှစ်နှစ် အငြိမ်းစားယူပြီးတော့မှ သင်တာ။ မှန်ပြောင်းကင်မရာရတော့ ဓာတ်ပုံပညာကို ပိုသင်ဖြစ်တယ်။ စာအုပ်၊ အင်တာနက်၊ မိတ်ဆွေတွေဆီကနေ သင်တယ်။ ပန်ဆယ်ဗေးနီးယားပြည်နယ် လန်ကက်စတာဖက်မှာနေတာ သူတို့ဓာတ်ပုံတွေကို ဖေ့ဘွတ်၊ ဝက်ဆိုဒ်မှာတင်တယ်တဲ့။ လင်မယားနှစ်ယောက် ဝါသနာတူတာ အင်မတန်ကောင်းတာပဲ။ ကိုယ်လည်း အငြိမ်းစားယူရင် အဲ့ဒီလိုခရီးတွေထွက် ဓာတ်ပုံတွေရိုက် စာတွေရေးချင်တယ်။ ဒုတိယရပ်နားတဲ့ တောင်ထိပ်ပေါ်က visitor center ကတော့ အတော်လေးသားနားတယ် ဘိုင်ထိုင်အိမ်သာတွေနဲ့။ ဒန်နာလီအကြောင်း ဗွီဒီယိုပြနေလို့ ဝင်ကြည့်တော့ တာကီတီနာရိန်းဂျားစတေးရှင်မှာ ကြည့်ခဲ့တဲ့ဗွီဒီယိုဖြစ်နေတယ်။ ဒန်နာလီတောင်ထိပ်ကိုတက်ဖို့ အနည်းဆုံးနှစ်ပတ်ကြာပါတယ်။ တောင်ထိပ်မှာ နှင်းအမြဲကျနေပြီး ရာသီဥတုက ခန့်မှန်းလို့မရပါဘူး။ တောင်ထိပ်တက်ဖို့ အောက်ဆီဂျင်ဘူးတွေ မလိုပါဘူး။ တောင်တက်သမားတွေရဲ့ နှစ်ဆယ်ရာခိုင်နှုန်းပဲ တောင်ထိပ်ကို အောင်အောင်မြင်မြင် ရောက်ပါတယ်တဲ့။ အဝေးကနေ ဒန်နာလီတောင်ထိပ်ကို ရှင်းရှင်းလင်းမြင်ရတဲ့အချိန်က တစ်နှစ်လုံးမှာ နှစ်ပတ်လောက်ပဲရှိပါတယ်တဲ့။ မိုးဖွဲဖွဲလေးရွာပြီး အေးစိမ့်လာတယ်။ ဝမ်းဒါးရေကန်၊ ဒန်နာလီတောင်ထိပ် ဓာတ်ပုံကိုတွေ့ပြီးကတည်းက ဟန်က wonder lake ကို သွားချင်နေတာ။ ကိုယ်တို့ကားက ဝမ်းဒါးရေကန်ဘေးကနေ ဖြတ်သွားပေမဲ့ အပြင်က ဝမ်းဒါးရေကန်က ဓာတ်ပုံထဲကဝမ်းဒါးရေကန်လောက် မလှဘူး။ သစ်လုံးဟိုတယ်အိမ်လေးတွေကို ဖြတ်သွားတော့ ဟန်ကဘာလို့အဲ့ဒီမှာမတည်းတာလဲတဲ့။ အယ်မလေး ...  ဒန်နာလီအမျိုးသားဥယျာဉ်နဲ့ အတော်ဝေးတဲ့နေရာမှာတောင် ဟိုတယ်ခက တညကိုသုံးရာကျော်။ အဲ့ဒီသစ်လုံးအိမ်တွေဆို ဈေးအရမ်းကြီးမှာ။ ဟိုတယ်ပြန်ရောက်တော့မှ ရှာကြည့်လိုက်တော့ လား ... လား ... အဲ့ဒီသစ်လုံးအိမ် တည်းခိုခက တညကိုငါးရာကျော်တယ်။

စက်ဘီးစီးပြီး ဒန်နာလီအမျိုးသားဥယျာဉ်ကို လည်ပတ်တဲ့သူတွေလည်း တွေ့တယ်။ သူတို့စက်ဘီးမှာ စခန်းချဖို့ရွက်ဖျင်တဲ၊ အစားအစာ၊ ဆေးဝါး၊ အဝတ်အထည် အကုန်ပါတယ်။ အားတော့ကျမိပါရဲ့ အဲ့ဒီလုပ်တော့မလုပ်နိုင်ဘူး။ စက်ဘီးစီးတဲ့သူတွေကိုတွေ့တယ် သစ်လုံးအိမ်တွေမှာ တည်းတဲ့သူတွေနေမှာ။ ကက်တစ်ရှစ်နာရောက်တော့ နေ့လည်စာဘူဖေး‌ကျွှေးတယ်။ ဗိုက်ဆာနေလို့လားမသိ အတော်စားကောင်းတယ်။ မြစ်ကမ်းဘေးမှာ ရွှေကျင်တာကို သင်ပေးတယ် ဝင်သင်လို့ရတယ်။ ဖလော်ရီဒါကနေ လာကြတဲ့ ဆင်တူမိုးကာအင်္ကျီဝတ်ထားကြတဲ့ အငြိမ်းစားကြီးတွေ စကောဝိုင်းထဲ သဲတွေနဲ့ ဝါကျင်နေတဲ့ရေတွေထည့်ပြီး စကောကိုဝိုင်းလိုက်ဝိုင်းလိုက် ရွှေကျင်နေကြတယ်။ ဝိုင်းက သူကျင်ရင် အဲ့ဒီသူတွေထက်သာမှာ။ ကိုယ်လည်း ငယ်ငယ်တုန်းက ဆန်ကိုစကောထဲထည့်ပြီး ဝိုင်းလိုက်ဝိုင်းလိုက်လုပ် စပါးလုံးရွေး ပြီးရင် ဆန်တွေကို အပေါ်ကိုမြောက်ပြီး ပြာတွေဖွဲတွေ လွင့်သွားအောင် လုပ်ဖူးတယ်။ မြစ်ကမ်းဘေးနားလမ်းလျှောက် ဓာတ်ပုံရိုက် အင်မတန်သာယာတယ် အနားယူအပန်းဖြေဖို့ ကောင်းလိုက်တဲ့နေရာလေး ရေမြေရေသန့်ရှင်းတယ်။ နှစ်နာရီမှာ လမ်းလျှောက်တိုးစုရပ်ကိုသွားတော့ ကိုယ်တို့က ငါးမိနစ်လောက်နောက်ကျနေတော့ မမှီတော့ဘူး။ ဘယ်ဖက်ကိုသွားတာလဲမေးပြီး လိုက်ပေမဲ့မတွေ့ဘူး။ ကိုယ်တို့သွားတဲ့ထရေးလမ်းက မလှဘူး။ ကားဆီကို လမ်းပြန်လျှောက်ပြီး လမ်းမှာတွေ့သမျှပန်းတွေကို ဓာတ်ပုံရိုက်။ တိုးကားပေါ်က မိသားစုလေးယောက်က ဆင်းနေခဲ့တယ်။ ကက်တစ်ရှစ်နာကနေ ဒန်လာလီကကို ဟယ်လီကော်ပတာစီးပြီး ပြန်မလို့တဲ့။ အပြန်လမ်းက အလာလမ်းအတိုင်းပါပဲ နှစ်နာရီတခါ အိမ်သာအတွက် ရပ်ပေးတယ်။ မြင်ရတဲ့ရှုခင်းတွေက အင်မတန်လှတယ်။ ဟိုတယ်နားရောက်တော့ moose တွေတွေ့တယ်။ ကိုယ်တို့ဟိုတယ်မှာ အရင်ချပေးတယ်။ ဘေးမှာထိုင်တဲ့အန်တီကြီးက မနက်လေးနာရီကတည်းက ထလာရတာ သူတို့ဟိုတယ်က နောက်ဆုံးထင်ပါရဲ့တဲ့။ အိပ်ခန်း၊ မီးဖိုချောင်၊ ရေချိုးခန်း၊ အိမ်သာပါတဲ့ RV ကားတွေရပ်တဲ့နေရာမှာ ကားတွေအပြည့်။ ထုံးစံအတိုင်း အစားအသောက်တွေရောင်းတဲ့ ယိုးဒယားဆိုင်ထရပ်ကားကနေ ခေါက်ဆွဲကြော်၊ ထမင်းကြော်ဝယ်စားကြတယ်။ အခန်းထဲမှာစားရင် နံမှာစိုးလို့ အခန်းပြင်မှာစားကြတယ်။


ကိုယ်နဲ့ဟန်က ဖော့ဘူးအဖုံးနှစ်ခုနဲ့စားပြီး ဝိုင်းက ဖော့ရေဘူးခွက်လေးနဲ့ စားတယ်။ အတော်လေးပင်ပန်းနေကြပြီမို့ ရေချိုးပြီးတချိုးတည်း အိပ်ကြတော့တာပဲ။ နောက်နေ့ နေ့လည်ဘစ်ကားနဲ့ အမ်းကာရေ့ပြန်မှာမို့ အားနေတဲ့မနက်ပိုင်းမှာ ဘယ်ကိုသွားလည်မလဲလို့ စဉ်းစားကြတယ်။ ကိုယ်က လက်ကေ့အိတ်တွေ ရထားဘူတာရုံမှာ အပ်ထားမယ်လို့ပြောတော့ ဝိုင်းက လက်ကေ့အိတ်တွေကို ရထားမထွက်ခင် တစ်နာရီအလိုမှာမှာ အပ်လို့ရတယ်။ မအပ်ဘဲ ဒီအတိုင်းထားခဲ့ရင်ရော လုံခြုံရေးအရ မအပ်၊ လူမစောင့်တဲ့လက်ကေ့အိတ်တွေကို သိမ်းလိုက်မှာ။ ဝိုင်းက wilderness center ကနေ ယူလာတဲ့ ပန်းဖလက်လေးတွေဖတ်ပြီး လက်ကေ့အိတ်တွေကို အပ်လို့ရတဲ့နေရာရှိတယ်။ အဲ့ဒီမှာအပ်ပြီးရင် sleg dogs သရုပ်ပြတဲ့နေရာကို ရှယ်တယ်ဘတ်စ်တွေ ပြေးဆွဲပေးတယ်။ အဲ့ဒါပြီးရင် horseshoe ထရေးမှာ ဟိုက်ကင်းထွက်မယ်။ ဘတ်စ်ကားဂိတ်က ဘူတာရုံနဲ့ဘေးချင်းကပ်လျက် wilderness center နဲ့ လမ်းလျှောက်ရင် ငါးမိနစ်ပဲ။ အိုကေ အဲ့ဒါဆိုရင် မနက်၁၁နာရီလာခေါ်မဲ့ ရှယ်တယ်ဘတ်စ်ကို မနက်၉ နာရီခွဲလို့ ပြောင်းရမယ်။ ဟိုတယ်ကိုဖုန်းဆက်တော့ ရှယ်တယ်ဘတ်စ်က မနက် ၁၁၊ နေ့လည် ၂ နာရီ နှစ်ကြိမ်ပဲ ပို့ပေးတယ်။ ကြိုက်တဲ့အချိန်စီးချင်ရင် တက္ကစီဆားဗစ်ယူပါတဲ့။ ပိုက်ဆံထပ်ပေးရမယ် တယောက် ၈ ကျပ်။ ဝိုင်းက စိတ်တိုတာပေါ့ ဘယ်လိုဆားဗစ်ပါလိမ့် တည်းခိုသူတွေ ပြန်ချင်တဲ့အချိန် လိုက်ပို့ပေးရမှာပေါ့။ အဲ့ဒါဆိုရင် စောစီးကတည်းက ရှယ်တယ်နဲ့တက္ကစီအကြောင်း ရှင်းပြပါလား။ တခြားတက္ကစီကို ဖုန်းဆက်တော့ မနက် ၉  နာရီခွဲ လာကြိုနိုင်တယ် မိနစ်လေးဆယ်အဝေးကနေ လာရမှာ တက္ကစီခက ၄၅ ကျပ်။ နောက်ဆုံးတော့ ဟိုတယ်က တက္ကစီဆားဗစ်ကို ယူလိုက်တယ်။ ရှယ်တယ်ခပေးပြီးသားကို တက္ကစီထပ်ပေးရတော့ ဟိုတယ်ကို ကွန်ပလိမ်းလိုက်ကြသေးတယ်။ နောက်နေ့ sleg dogs ၊ horseshoe ထရေးမှာ ဟိုက်ကင်းထွက်တဲ့ အကြောင်းကတော့ နောက်ပို့စ်မှပဲ တင်ပါတော့မယ်။

Happy Traveling !
စန်းထွန်း
‌အောက်တိုဘာ ၁၄၊ ၂၀၁၈။

အိမ်လေးတွေက အိမ်သာ 
ရွှေကျင်ကြသူများ
Gold panning
အန်တီကြီးရဲ့ မှန်ပြောင်းကင်မရာကြီးနဲ့ မြင်ရတဲ့ ဟိုးအဝေးက ဝက်ဝံ
ဘယ်တိရစ္ဆာန်တွေ့ရင် ဘယ်လိုရှောင်ရမယ်ဆိုတာ သတိပေးဆိုင်းဘုတ်

07 October 2018

အလာစကာသွား တောလား - ၉

ဂျူလှိုင် ၁၀ မနက် အင်္ဂါနေ့ မနက်စာ ဟိုတယ်မှာစားပြီး ဘူတာရုံကိုသွားဖို့တက္ကစီလိုလားလို့ ဟိုတယ်ပိုင်ရှင်ကမေးတယ်။ ကျေးဇူးပဲနော် မလိုဘူးထင်တယ် မနက်စာစားပြီးတော့မှ အူဘာခေါ်လိုက်မယ်။ အူဘာခေါ်လိုက်တော့ မိနစ်နှစ်ဆယ်ကြာမှရောက်မယ် မဖြစ်ဘူးဟ။ ဟိုတယ်ပိုင်ရှင်ကို တက္ကစီခေါ်ပေးဖို့ပြောတော့ ဆယ်မိနစ်အတွင်းရောက်တယ်။ တက္ကစီဒရိုင်ဘာက ကိုယ်တို့နဲ့ အသက်မတိမ်းမယိမ်း အဖြူကောင် ဟမ်းကယ်ရီအိတ်တွေကို မသယ်ပေးဘူး။ စကားလည်းမပြောဘူး အပြုအမူ အပြောအဆို မယဉ်ကျေးဘူး။ ဝန်ဆောင်မူကိုမကြိုက်လို့ တစ်မပေးလိုက်ဘူး။ မနက် ၈ နာရီ ၁၅ ဖဲဘန့်ကနေ ထွက်ခွာလာတဲ့ ရထားဟာ ဒန်လာလီကို နေ့လည် ၁၂ နာရီ ၁၀ မိနစ်ရောက်ပါတယ်။ လေးနာရီခရီးစဉ်အတွင်းမှာ မြင်ရတဲ့တောတောင်ရေမြေတွေက အင်မတန်လှတယ်။ ဂိုက်ကလည်း ဘေးဘီမြင်ရတာတွေ ရှင်းပြတာ အင်မတန်ကောင်းတယ်။ နေ့လည်စားချိန် ရထားဝန်ထမ်းက ဘာမှာမလဲလို့ လာမေးတယ်။ ဒီမှာမှာ ခဏနေရင် စားသောက်တွဲမှာ သွားစားရတယ်။ စားသောက်ပြီးတာနဲ့ စကာတွေပြောမနေကြဘဲ ကိုယ့်ထိုင်ခုံကိုယ်ပြန်ထိုင်ပြီး စကားပြောဖို့၊ တခြားခရီးသည်တွေကို ထိုင်ခုံပေးဖို့ တိုက်တွန်းတယ်။ မနေ့က ယိုးဒယားဆိုင်ကနေ သယ်လာတဲ့ ထမင်းကြော်စားကြတယ်။ ဒန်နာလီဘူတာရောက်တော့ Grizzly Bear Resort ဆိုတဲ့ ဆိုင်းဘုတ်ကိုင်ထားတဲ့ ဟိုတယ်ဝန်ထမ်းကို ကိုယ်တို့က မှတ်မိနေတယ်။ တာကီတီနာကနေ ဖဲဘန့်ကို ရထားစီးတော့ ဒန်နာလီဘူတာမှာ ဟိုတယ်ဆိုင်းဘုတ်ကိုင်ထားတဲ့ ဟိုတယ်ဝန်ထမ်းကိုတွေ့တော့ ကိုယ်တို့တွေ ဖဲဘန့်ကနေ ဒန်လာလီကိုလာရင် အဲဒီလိုကြိုနေမှာလို့ ပြောခဲ့ကြသေးတယ်။ ဟမ်းကမ်းရီအိတ်တွေ လာချမဲ့နေရာမှာစောင့် အိတ်တွေရောက်လာတော့ ဟိုတယ်ဝန်ထမ်းကို ပြန်စောင့်။ ဟိုတယ်ဝန်ထမ်းကို အကူအညီတောင်းပြီး ဘူတာရုံကနေ မိနစ်လောက်ပဲဝေးတဲ့ Wilderness Center မှာ သတင်းအချက်အလက်၊ တိုးကားတွေအကြောင်း သတင်းစုံစမ်း။ ဟိုတယ်ကို မိနစ်နှစ်ဆယ်လောက် မောင်းရတယ်။ ဟိုတယ်ဝန်ထမ်းရဲ့လေသံက ရုရှသံပီပီပြင်ပြင်ကြီး။ ဘာလို့ ရုရှတွေ စကားပြောရင် ဒီလေသံပဲ ပေါက်တာလဲမသိဘူး။ ဟိုတယ်မှာ ချက်ကင်ဝင်တော့ နေ့လည် ၂ နာရီမှ ဝင်လို့ရမယ်။ ဟင် ... စောင့်ရဦးမယ် ရုရှဒရိုင်ဘာက သူတို့က ရထားနဲ့လာတာ။ သြော် ... အဲ့ဒါဆို ခုချက်ကင်ဝင်လို့ရတယ်။ ဒီအနီးအနားမှာ ဟိုက်ကင်းထွက်လို့ရမဲ့ ထရေးလမ်းတွေ မရှိဘူးလား။ ရှိတယ် ဟိုတယ်ကနေ လမ်းလျှောက်ရင် ဆယ်ငါးမိနစ်လောက်ပဲ။ Oxbow ထရေးလမ်းက တမိုင်ခွဲ Triple Lake ထရေးလမ်းက သုံးမိုင် ထရစ်ပယ်လိတ်ထရေးလမ်းက အင်မတန်လှတယ်။

တောင်စောင်းလေးမှာ ဆောက်ထားတဲ့အိမ်လေးတွေက ချစ်စရာလေး။ ဒန်နာလီမှာ ဟိုတယ်ခဈေးကြီးတယ် ဈေးအပေါဆုံးက သုံးရာကျော်တယ်။ လက်ကေ့အိတ်တွေ နေရာချ ခဏနားပြီးတော့ ဟိုက်ကင်းထွက်ဖို့ ပြင်ကြတယ်။ ဟိုင်းဝေးလမ်းမဆိုတော့ ကားတွေအရှိန်နဲ့မောင်းတာ လန့်စရာကြီး။ Oxbow ထရေးလမ်းက မြစ်ကမ်းဘေးနားမှာ ထင်ရှူးသစ်ပင်တွေ အမြင့်ကြီး။ water rafting လုပ်တဲ့လှေတွေကို လက်ပြတော့ သူတို့ကလည်း လက်ပြနှုတ်ဆက်တယ်။ မြစ်ကွေ့ဆင်းပြီး ဓာတ်ပုံရိုက်ကြတယ်။ မိုးကတဖြောက်ဖြောက် ဝိုင်းတို့ညီအစ်မက တယောက်ရိုက်ပေးတာ တယောက်မကြိုက်။ သူတို့ကိုကြည့်ပြီး ရယ်နေရတယ် ကိုယ်ကလမ်းများမှားသွားပြီလားလို့ စိတ်ပူတယ်။ ဖုန်းဂျီပီအက်စ်လည်း မမိဘူး ပြန်လှည့်မလားမေးတော့ ဟင့်အင်းတဲ့။ နှစ်မဲတမဲဆိုတော့ အသာနေလိုက်တယ် အကွေ့ရောက်တော့ အလာတုန်းကတွေ့ခဲ့တဲ့ ဆိုင်းဘုတ်ကြီး ပြန်တွေ့တော့ ဟော့တော့ ... ထရေးလမ်းပြီးသွားပြီ လျှောက်တောင်မလျှောက်လိုက်ရဘူး။ လာ ... ဟိုဖက်က ထရစ်ပယ်လိတ်ထရေးလမ်းကို သွားမယ်။ မြေပုံကြည့်ပြီး သုံးမိုင်ဆိုတော့ လျှောက်နိုင်ပါ့မလား ... နှစ်မိုင်လောက်တော့ လျှောက်နိုင်ပါတယ်။ ဒုတိယရေကန်ရောက်ရင် ပြန်မယ်လေ။ မြစ်ကမ်းဘေးအတိုင်း ခပ်မတ်မတ်လေး တက်ရပြီး ရထားသံလမ်းတွေ့တော့ ထရေးလမ်းမှ ဟုတ်ရဲ့လားလို့ ဇဝေဇဝါဖြစ်ကြတယ်။ ဟော ... ရထားလမ်းဟိုဖက်မှာ ထရေးလမ်းတွေ့တယ် ထရစ်ပယ်လိတ်ထရေးလမ်းနေမှာ။ သွားကြည့်တော့ မှန်တယ် moose တွေ့ရင် ခပ်ဝေးဝေးကို အသာကုန်ပြေး ဝက်ဝံတွေ့ရင် လူအချင်းချင်းကပ် ကြီးတယ်ထင်ရအောင် လက်တွေ ဝှေ့ရမ်း၊ အသံမြည်အောင် လက်ခုပ်တီး။ ကနေဒါကဘလော့ဂါအစ်မ မလေးအိမ့်ချမ်းမြေ့ တောင်တက်တော့ ဝက်ဝံခြောက်ဖို့အသံမြည်တဲ့ခြူသီး ဆောင်တယ်ပြောတယ်။ အယ်မလေး ... မောလိုက်တာ ခဏနားပါဦး တောင်ကမတ်နေတော့ မောဟိုက်နေအောင် တက်ရတယ်။ လမ်းကလည်း တယောက်ပဲသွားလို့ရတယ် တန်းစီပြီးတက် စကားတွေက တရစပ်ပြော ဝိုင်းက အမလေးတော့ .. moose ။ ကိုယ်တို့နဲ့ ဆယ်ပေလောက်တောင် မဝေးတဲ့နေရာမှာ moose က အရွက်တွေစားနေပြီး ကိုယ်တို့ကို ပြူးကြည့်နေတယ်။ ဘယ်လိုလုပ်မလဲ နောက်ပြန်လှည့်မလား moose တခြားကို သွားတဲ့အထိ ဒီမှာစောင့်မလား။ အန္တရာယ်များတယ် ပြန်လှည့်ရအောင်။ အတက်တုန်းက နှေးသလောက် အဆင်းကျတော့ မြန်လိုက်တာ။ နောက်ကိုလှည့်ကြည့် လှည့်ကြည့် moose များ လိုက်လာသလားလို့။ moose လိုက်လာခဲ့ရင် ဘယ်ကိုပြေးရမလဲ မသိဘူး ထင်ရူးပင်တွေကြား ပြေးရမလား။ ရထားသံလမ်းရောက်လို့ moose မလိုက်လာဘူးဆိုတာ သေချာမှာ အကြောက်ပြေတော့တယ်။

ရထားပေါ်ကနေ မြင်ရတဲ့ ဒန်နာလီ 

အမယ်မင်း ... three musketeers (အလက်ဇန္ဒားဒူးမတ်ရဲ့ နာမည်ကျော်ဝထ္ထု) သူရဲကောင်းသုံးယောက် moose တွေ့လို့ ပြေးလိုက်ကြတာ တန်းနေတာပဲ။ မြစ်ကိုဖြတ်ကျော်ပြီး ဟိုတယ်ဝင်းထဲက မြစ်ကမ်းဘေးတလျှောက် လမ်းလျှောက်ကြတယ်။ ပစ်ကနစ်ထွက်တဲ့နေရာ သာယာတယ် မြစ်ရေ ဝါညစ်ညစ် အရှိန်ပြင်းပြင်းနဲ့ စီးဆင်းနေတယ်။ ရေခဲတောင်ကနေ ကျလာတဲ့ရေဆိုတော့ အေးစက်နေမှာပဲ။ စန်းစန်း မင်း ခရီးသွားဘလော့ရေးတာ အနုအရွလေးတွေလည်း ရေးရမယ်။ ဗီယက်နမ်ဘလော့ဂါတယောက်ဆို လာဗင်ဒါပန်းခင်းထဲ သွားလည်ပြီး မြို့ထဲကိုအပြန် အမှတ်တမဲ့ လက်ကိုမွှေးကြည့်လိုက်တာ လာဗင်နံ့လေး သင်းနေတယ် အဲ့ဒီလို ကဗျာဆန်ဆန် ရေးရတယ်။ အေး ... ခု ထင်းရှူးပင်အောက်ခြေမှာ ထိုင်လိုက်တာ တင်ပါးမှာထင်းရှူးဆီတွေ ပေနေတယ်။ တင်ပါးဆီကနေ ထင်းရှူးနံ့လေး သင်းနေတယ်လို့ ရေးရင်ရော ... ဟွန့် ... သူများက အကောင်းပြောတာကို သူက misquote လုပ်နေတယ်။ ဟိုတယ်ဝင်းတခုလုံး နှံ့သလောက်ရှိနေပြီ လည်စရာမရှိတော့ဘူး ဟိုတယ်ပြန်မယ်။ ဟိုတယ်ကောင်တာက မိန်းကလေးတွေကို moose နဲ့တွေ့လို့ ပြန်ပြေးလာတဲ့အကြောင်း ပြောပြတော့ အလာစကာမှာ moose တွေ့တာ မထူးဆန်းလှဘူး။ moose နဲ့ နည်းနည်းဝေးတယ် moose က လူကိုမကြည့်နေဘူးဆိုရင် အေးဆေး။ လူကိုကြည့်နေတယ်ဆိုရင်တော့ အမြန်ဆုံးပြေးပေတော့။ အင်း ... ကိုယ်တို့အမြန်ဆုံးပြေးခဲ့ကြတယ်။ ထရစ်ပယ်လိတ်ကို ထပ်သွားကြည့်ပါလား ဒီတခါဆို moose တွေ့ချင်မှ တွေ့တော့ပါ။ ထရေးလမ်းက အင်မတန်သာယာတယ် ကိုယ်တို့ကို ထပ်သွားကြည့်ဖို့ တိုက်တွန်းတယ်။ တော်ပါပြီ ညနေခြောက်နာရီလည်း ခွဲပြီဆိုတော့ ဗိုက်ဆာနေပြီ ထရပ်ကားမှာ ယိုးဒယားစာ၊ မက်ဆီကန်စာ၊ အမေရိကန်စာရတယ် ဘာစားမလဲ ယိုးဒယားစာ။ ထမင်းကြော်တပွဲ၊ ခေါက်ဆွဲကြော်တပွဲမှာပြီး ဟိုတယ်အခန်းရှေ့မှာ စားကြတယ်။ အခန်းထဲမှာစားရင် အနံ့ရှိနေမှာစိုးလို့။ ဘူးအဖုံးကို ဖြဲလိုက်ပြီး ကိုယ်နဲ့ဟန်က ဘူးအဖုံးနဲ့စားတယ်။ ဝိုင်းက ဖော့ရေဘူးလေးနဲ့စားတယ်။ စားသောက်ပြီးတော့ ရေမိုးချိုးနား မနက်ဖြန် ဒန်နာလီ ဘက်ကော့ကောင်တီဆာဖာရီ ဆယ့်နှစ်နာရီတိုးအတွက် အားမွေးရမယ်။ ဂျူလှိုင် ၁၁ ဗုဒ္ဓဟူးနေ့ ဒန်နာလီအမျိုးသားဥယျာဉ် ဆာဖာရီတိုးကိုသွားလည်တဲ့အကြောင်းကတော့ နောက်ပို့စ်မှပဲ တင်ပါတော့မယ်။

Happy Traveling !
စန်းထွန်း
‌အောက်တိုဘာ ၇၊ ၂၀၁၈။

Water Rafting လှေပေါ်ကလူတွေကလည်း လက်ပြနှုတ်ဆက်
yayyy ... we made it Oxbow trail 1.5 miles
Triple Lakes Trail လမ်းမှာ moose နဲ့ မဆုံမှီ
ဟိုတယ်ဝင်းက မြစ်ကမ်းနား
ပစ်ကနစ် ထွက်တဲ့နေရာ 
ဝက်ဝံနဲ့ တွေ့ခဲ့ရင် ဆောင်ရမဲ့အရာများ
တောရိုင်းတိရစ္ဆာန် တွေ့ခဲ့ရင် ရှိနေသင့်တဲ့ အကွာအဝေး
food truck က ယိုးဒယားစာ ထမင်းကြော်၊ ခေါက်ဆွဲကြော်