အော်ရီဂွန်ပြည်နယ် ပေါ့လန်းမြို့နဲ့ ဝါရှင်တန်ပြည်နယ်က ဆီရေတယ်မြို့ကို သွားလည်မလို့ itinerary ဆွဲ စီစဥ်ထားတာ လွန်ခဲ့တဲ့နှစ်နှစ်ကတည်းက။ ဝိုင်းက ခွင့်မရတာနဲ့ မသွားဖြစ်တာ။ အားရင် သက်သာတဲ့ လေယာဥ်လက်မှတ်စျေးနှုန်းတွေ ရှာနေတဲ့ဝိုင်းက စျေးသက်သာတယ်လို့ အသိပေးတာနဲ့ itinerary ဟောင်းပြန်ကြည့်။ တိုးတွေရွေး ဘယ်မြို့ ဘယ်နှစ်ရက်လည်မယ်လို့ တိုင်ပင်ပြီး ချက်ချင်းဘွတ်။ ကိုယ့်သာသာကားမောင်းပြီး လည်မယ်ဆိုရင် တမြို့အနည်းဆုံး တပတ်လောက် လည်မှစုံမယ်။ ကိုယ်တွေကတော့ ကားမမောင်းတဲ့သူတွေဆိုတော့ ကြိုက်တဲ့တိုးကိုပဲ ရွေးပြီးလည်တာဆိုတော့ ရက်ကအကန့်အသတ်ရှိတယ်။ ၂၀၂၂ အောက်တိုဘာ ည ၈ နာရီ လေယာဥ် နယူးဂျာဆီပြည်နယ် Newark လေဆိပ်ကနေ အော်ရီဂွန်ပြည်နယ် Portland မြို့ကို ၆ နာရီ ၁၈ မိနစ် စီးရပါတယ်။ စတိတ်အနောက်ဖက်ခြမ်းမှာမို့ နယူးယောက်ထက် ၃ နာရီ နောက်ကျပါတယ်။ မက်ဟန်တန် ဂရမ်းစင်ထရယ်ကနေ Newark လေဆိပ်ဆီသွားတဲ့ Coach USA Express Bus က တယောက် $ ၂၀ ကျော်ကျပါတယ်။ ၄၂ လမ်းက ဂျပန်ဆိုင်မှာ ညစာသွားဝယ် ဘာစားချင်လဲလို့ ဝိုင်းကိုလှမ်းမေးတာ ဖုန်းမကိုင်။ ကိုယ်နဲ့အကြိုက်တူ အစားအသောက်ဂျီးမထူ ကိုယ်စားတာသူစားမှပဲဆိုပြီး bento boxဝယ်ခဲ့တယ်။ ညနေ ၅ နာရီ ဘတ်စ်ကားက မိနစ် ၂၀ လောက်နောက်ကျလို့ အချိန်မှီရောက်ပါ့မလားလို့ စိတ်ပူ။ ကျောပိုးအိတ်ပဲဆိုတော့ ချက်ကင်တာမြန်တယ်။ Security မှာ ကြာနေတာ လိုင်းကတိုတိုလေးပဲထင်နေတာ အကွေ့အကောက်တွေနဲ့။ ၇ နာရီခွဲနေပြီ တန်းစီနေတုန်းမို့လို့ ဝန်ထမ်းတယောက်ကို ၈ နာရီ လေယာဥ်လက်မှတ်ပြပြီး ငါတို့ကျော်တက်ပြီး လုပ်လို့ရမလားမေးတော့ မှီပါတယ်တဲ့။
၇ နာရီ ၄၅ မိနစ်မှပြီးလို့ ဂိတ်ကိုပြေးလိုက်ရတာ အသည်းအသန်။ လေယာဥ်ခုမှရောက်လို့ နာရီဝက်နောက်ကျမယ်တဲ့။ ညစာအမြန်စား ပေါ့လန်းကို ည ၁၁ ခွဲမှ ရောက်တယ်။ ပေါ့လန်းမြို့ထဲသွားမဲ့ရထားက ထွက်မဲ့ပုံလည်းမပေါ်လို့ မေးကြည့်တော့ ရထားလမ်းပြင်နေလို့ ဘတ်စ်ကားနဲ့ ရှေ့ဘူတာထိ ပို့ပေးတယ်တဲ့။ ဟိုတယ်နဲ့နီးတဲ့ဘူတာကို မြို့ထဲမှာဆင်း လမ်းလျှောက်မယ်လို့ စိတ်ကူးထားတယ်။ လူတွေအကုန်ဆင်းပြီး နောက်ရထားကို ပြောင်းစီးရမယ်တဲ့။ အန်ကယ်တယောက်ကို မေးကြည့်တော့ ဟိုတယ်နဲ့နီးတဲ့ဘူတာကို လမ်းညွှန်သွားတယ်။ မြို့ထဲမှာပဲ ည ၁၂ နာရီကျော်မို့လို့ လူပြတ်တယ်။ ၁၅ မိနစ်လောက်လျှောက်ပြီး ဟိုတယ်ရောက်တော့ ညွှန်ကြားထားတဲ့အတိုင်း ကောင်တာက စာအိတ်ထဲမှာ သော့ယူ။ အပေါ်ဆုံးထပ်က အခန်းကို အသံမထွက်အောင်တက်။ မနက် ၇ နာရီထ ရေချိုး မနက်စာစား တိုးကားလာခေါ် မဲ့ဟိုတယ်ဆီ ၁၅ မိနစ်လမ်းလျှောက်။ တိုးကားက နောက်ကျမယ်ဆိုလို့ အနီးအနားက ပန်းခြံကိုသွား သယ်လာတဲ့မုန့်တွေစား။ မြို့လေးက သစ်ပင်တွေ စိမ်းစိမ်းစိုစိုနဲ့ ချစ်စရာလေး။ အော်ရီဂွန်ကမ်းခြေတလျှောက် လိုက်ပို့မဲ့ ၈ နာရီကြာတဲ့တိုး။ ပထမဆုံး Ecola State Park ကို ပို့ပေးတယ်။ အမြဲစိမ်းဝက်သစ်ချပင်တွေ အမြင့်ကြီးတွေနဲ့ နေပျောက်မထိုးနိုင်အောင် အုံ့ဆိုင်းနေတယ်။ လေကတကယ်သန့်ပြီး တိတ်ဆိတ်နေတယ်။ တိုးဂိုက်က တိတ်ဆိတ်နေတာကို နားထောင်ခိုင်းတယ်။ စတိတ်ပါ့ခ်မှာ လုပ်အားပေးရင်း RV နဲ့ camp နေလို့ရတယ်။ ပင်စင်စားတွေ အဲ့လိုလာနေကြတယ်တဲ့။ RV နဲ့ စတိတ်အရှေ့ခြမ်းကနေ အနောက်ခြမ်း ပတ်ချင်နေတာ။
အောရီဂွန်ပြည်နယ်က fire ring ငလျင်ကြောမှရှိလို့ ၆၅ ပေထက်နိမ့်တဲ့နေရာတွေကို ဆူနာမီအန္တရာယ်ရှိတဲ့နေရာလို့ သတ်မှတ်ထားတယ်တဲ့။ ကမ်းခြေတလျှောက်မှာလည်း သတိပေးဆိုင်းဘုတ်တွေ တွေ့ရတယ်။ ဒုတိယကမ္ဘာစစ်တွင်းက ဂျပန်တွေလာရင် အသိပေးဖို့ သတိပေးစနစ်ရှိတယ်တဲ့။ တခါမှမသုံးလိုက်ရဘူး ခုတော့ ဆူနာမီသတိပေးစနစ်အဖြစ် သုံးတယ်တဲ့။ ပင်လယ်ထဲမှာ ငလျင်လှုပ်ရင် ဆူနာမီလှိုင်းလုံးတွေက ကမ်းခြေဆီရောက်ဖို့ နာရီဝက်လောက် ကြာတယ်တဲ့။ သတိပေးစနစ်က ဥသြသံမြည်တဲ့အချိန်ကနေ ၆၅ ပေထက်မြင့်ထက်နေရာကိုပြေးဖို့ နာရီဝက်အချိန်ရတယ်တဲ့။ ဥသြမြည်ရင် ရောက်ရာအရပ်ကနေ ကားဆီလာဖို့မှာတယ်။ တခါမှတော့ မဖြစ်သေးဘူး ဖြစ်ခဲ့သည်ရှိသော် ဘာလုပ်ရမလဲဆိုတာ သိအောင်ပြောပြထားတာပါတဲ့။ Indian Beach ကနေ မြင်ရတဲ့ရှုခင်း အင်မတန်လှတယ်။ မြူတွေဆိုင်းနေလို့ သေသေချာချာ မမြင်ရတာတောင် အတော်လှတယ်။ တနာရီအချိန်ပေးလို့ ကမ်းခြေတလျှောက် လမ်းလျှောက်ကြတယ်။ လိုလိုမယ်မယ် အနွေးထည်ဆောင်လာတာ မှန်သွားတယ်။ weather forecast 70 F လို့ပြတယ်လို့ တိုးဂိုက်ကိုပြောတော့ အဲ့ဒါ မြို့ပေါ်မှာလေ ခုက တောင်ထဲတောင်ထဲမှာတဲ့။ ဟိုးအဝေးမှာ မြင်ရတဲ့မီးပြတိုက်က အတော်ခက်ခက်ခဲခဲ ဆောက်ထားရတာ။ ပထမဆုံးတာဝန်ထမ်းဆောင်တဲ့သူက အဆုံးစီရင်တယ်။ နောက်တယောက်လည်း အဲ့လိုပဲ။ နောက်ဆုံး လင်မယားပဲ တာဝန်ထမ်းဆောင်ခိုင်းတယ်။ ခုတော့ ၈ သန်းနဲ့ရောင်းနေတယ် သေဆုံးသွားတဲ့သူတွေရဲ့ အရိုးပြာကိုလည်း မြုပ်လို့ရတယ်တဲ့။ အော်ရီဂွန်ပြည်နယ်ရဲ့ တောတောင်ရေမြေ၊ တွေ့ရတဲ့ သစ်ပင်ပန်းမန်၊ တိရစ္ဆာန်တွေအကြောင်း ရှင်းပြတာ အတော်စိတ်ဝင်စားဖို့ကောင်းတယ်။ နောက်သွားလည်တဲ့ နေရာတွေကိုတော့ နောက်ပို့စ်မှပဲ တင်ပါတော့မယ်။
Happy Travelling!
စန်းထွန်း
မတ် ၅၊ ၂၀၂၃။
https://www.viator.com/tours/Portland/Oregon-Coast-Tour-Full-Day/d5065-194901P4