Can’t Help Falling in Love...

လူတိုင်းသိကြတဲ့ အဲဗစ်ပရက်စလေရဲ့ ဂန္တဝင်မြောက်သီချင်းတစ်ပုဒ်။ ချစ်သူရှေ့မှာ ဆိုပြလိုက်ရင် ကြွေဆင်းသွားစေမဲ့သီချင်း။ အဲဗစ်ပရက်စလေဆိုတုန်းက သိပ်မကြိုက်ဘဲ Andre Rieu က စန္ဒရား၊ တယောနဲ့ တီးပြလိုက်တော့မှပဲ ကြိုက်လိုက်တာ အမြဲနားထောင်နေတော့တယ်။ အလွယ်ဆုံးဗာရှင်းရှာပြီး တီးတတ်အောင်ကျင့် ဖေ့ဘွတ်မှာတင်တယ်။ သီချင်းနာမည်ကို ပဟေဠိဖွက်တော့ ဩဇီကကျောင်းနေဖက်သူငယ်ချင်းက ကွန့်မန့်မှာလာရေးသွားတယ်။ ပျော်လိုက်တာ ငါ့တီးတာ မဆိုးဘူးဟ သီချင်းကိုခန့်မှန်းလို့ရသားပဲ။ ဝိုင်းက တယောတီးတာ တော်တော်တိုးတက်လာပြီ တယောအသစ် ဝယ်ထားတယ်။ သူတယောလေ့ကျင့်တာလေးတွေ ပို့ပြီးကြွားတယ်။ မင်းတီးတဲ့သီချင်းက အဲဗစ်ပရက်စလေရဲ့ Love me tender လားမေးတော့ ဝိုင်းတော်တော် ပျော်သွားတယ်။ သူတီးတာမဆိုးဘူး သီချင်းကိုခန့်မှန်းလို့ရသားပဲ ဒါတိုးတက်မှုတခုဆိုပြီးတော့လေ။ ခု ကိုယ်လည်း အဲ့ဒီလိုဖြစ်နေတာ။ Love me tender သီချင်းကို သိသွားတာက တယောသင်တန်းမစခင် ကျောင်းတံခါးဝမှာ စောင့်နေကြတုန်း တရုတ်ကလေးအမ်းဒရူး တီးပြလို့သိတာ။ အမ်းဒရူးက ငယ်ငယ်ကတည်းက စန္ဒရားတီးတတ်တယ်။ တယောသင်တန်းထဲမှာ အတော်ဆုံး အကြိုးစားဆုံး တနေ့တနာရီ လေ့ကျင့်တယ်။ သူ သီချင်းအသစ်တက်ရင် ကိုယ်တို့ကိုတီးပြပြီး ကြွားလေ့ရှိတယ်။ ကိုယ်တို့ကလည်း ဘာသီချင်းလဲ၊ နုတ်ပို့ပေးပါလို့ တောင်းဆိုကြတယ်။ ကိုယ်လည်း အတူတူပါပဲ သီချင်းအသစ်တပုဒ် တီးတတ်ရင် ဖေ့ဘွတ်၊ ဘလော့ကနေ ကြွားရတာအမော။ မိသားစု၊ သူငယ်ချင်း၊ မိတ်ဆွေ၊ တူတော်မောင်ပါမကျန် ဗွီဒီယိုပို့ပြီးကြွားတယ်။ ခုလည်း ဘလော့ကနေ ကြွားလိုက်ဦးမယ်နော့... 

Wise men say
Only fools rush in
But I can't help falling in love with you
Shall I stay?
Would it be a sin
If I can't help falling in love with you?
Like a river flows
Surely to the sea
Darling, so it goes
Some things are meant to be
Take my hand
Take my whole life too
For I can't help falling in love with you
Like a river flows
Surely to the sea
Darling, so it goes
Some things are meant to be
Take my hand
Take my whole life too
For I can't help falling in love with you
For I can't help falling in love with you

စန်းထွန်း
အောက်တိုဘာ ၃၀၊ ၂၀၂၀။

လှုဒါန်းခြင်း အနုပညာ…

၂၀၂၀ အောက်တိုဘာ ၇ ရက်နေ့ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းမှာ သုံးသိန်းတသောင်း လှုဒါန်းပါတယ်။ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းမှာ လှုချင်နေတာကြာပြီ နိုဝင်ဘာမွေးနေ့ကျမှ လှုမလို့ကို အမေက ခုကိုဗစ်ဖြစ်လို့ အလှုငွေပိုလိုအပ်တယ်။ နိုဝင်ဘာအထိ မစောင့်ပါနဲ့ ခုလှုလိုက်ပါ သုံးသိန်းအတိမလှုနဲ့ အစွန်းထွက်လေးနဲ့လှုလို့ပြောလို့ အမေစိတ်ချမ်းသာအောင် လှုလိုက်ပါတယ်။ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းက အလှုငွေလက်ခံတဲ့ ဘဏ်မှာအကောက်မရှိလို့ မကြီးယောင်းမက ကူညီလုပ်ဆောင်ပေးပါတယ်။ ၂၀၂၀ အောက်တိုဘာ ၁၁ တနင်္ဂနွေနေ့ ပန်ဆယ်ဗေးနီးယားပြည်နယ် ဘတ်သလေဟမ်မြို့ သစ္စာနန္ဒ ဓမ္မစင်တာကျောင်း ပါချုပ်ကျောင်းလို့ ခေါ်ကြတဲ့ ဘုန်းကြီးကျောင်းက ဆရာတော်တွေကို မခိုင်က တနင်္ဂနွေနေ့တိုင်း ဆွမ်းကပ်လှုတယ်။ နယူးယောက်ကို လာတုန်းက ကိုယ်ထည့်ပေးလိုက်တဲ့ ကြက်ဆီထမင်းကို ကြိုက်တယ်တဲ့။ အဲမဟာ့ရထားဘူတာနားက ယိုးဒယားကြက်ဆီထမင်းဆိုင်က ကြက်ဆီထမင်း တမျိုးတည်းရောင်းတယ်။ စနေနေ့ ဆုံကြမယ်ဆိုတော့ မခိုင်က ဆရာတော်တွေကို ဆွမ်းကပ်ဖို့ ကြက်ဆီထမင်းမှာတယ်။ ဆွမ်းမကပ်ရတာ ကြာပြီမို့လို့ ကိုယ့်အစားဆွမ်းကပ်ပေးပါလို့ပြောတော့ ကပ်ပေးမယ်တဲ့။ ဆွမ်းတင်မကဘဲ ဆရာတော်နှစ်ပါးအတွက် နဝကမ္မအလှုငွေ၊ ကျောင်းအတွက်ပါလှုလို့ မခိုင်က အကြံပေးတယ်။ ဆရာတော့်ကို ဓာတ်ပုံပြတော့ မှတ်မိတယ်တဲ့ ၂၀၁၈ လောက်တုန်းက အသိအစ်မနဲ့လိုက်သွားဖူးတယ် ပထမဆုံးရောက်ဖူးတာ။ ရခိုင်လူမျိုးပါ မခိုင်နဲ့သိတယ်လို့ ပြောဖူးလို့ မှတ်မိတာနေပါ။ ဆရာတော်က အသက် ၃၀ ကျော်ပဲရှိသေးတယ် အင်္ဂလိပ်လိုပြောတတ်တယ်။ နွေရာသီ ကလေးတွေကို ယဉ်ကျေးလိမ္မာသင်တန်းတွေ သင်ပေးတယ်။ ဆရာတော်က သပိတ်ထဲကိုထည့်ပြီး ဆွမ်းဘုန်းပေးတယ်။ ဆရာတော်ကို ဆွမ်းကပ်တာ ဗွီဒီယိုနဲ့ပြပေမဲ့ အဲ့ဒီအချိန်ကိုယ်က ရထားပေါ်မှာဆိုတော့ ကွန်နက်ရှင်မကောင်းလို့ မကြည့်လိုက်ရဘူး။ အလှုဖြစ်မြောက်အောင် လုပ်ဆောင်ပေးတဲ့ မခိုင်ကြောင့် လှုဖြစ်ခဲ့ပါတယ်။ ကိုယ်လှုချင်တာ ကိုယ်ဖြစ်ချင်တာ ဘာမဆိုကူညီပံ့ပိုးလုပ်ဆောင်ပေးတဲ့ မိသားစု၊ မိတ်ဆွေသူငယ်ချင်းရှိတာ ကံကောင်းခြင်းတမျိုးပါပဲ။ သူများ ကုသိုလ်ကောင်းမှုလုပ်တာကို ကြည်နူးပီတိဖြစ်ပြီး ဝမ်းမြောက်ဝမ်းသာ သာဓုခေါ်ရင် အလှုရှင်နဲ့ထပ်တူ ကုသိုလ်ရနိုင်တာမို့ ဝမ်းမြောက်ဝမ်းသာ သာဓုခေါ်ဆိုနိုင်ပါစေ။ ပြုလုပ်သမျှ ကောင်းမှုကုသိုလ်တွေကို နေ့စဉ်မောင်မောင့်အား ရည်စူးပြီး အမျှအတန်း ပေးဝေပါတယ် ရောက်ရာဘုံဘဝကနေ သာဓုခေါ်ဆိုနိုင်ပါစေ။ 

စန်းထွန်း 
အောက်တိုဘာ ၂၃၊ ၂၀၂၀။

ခင်မင်ခြင်း အနုပညာ…

၂၀၂၀ အောက်တိုဘာ ၁၀ စနေနေ့မနက် နယူးယောက်မြန်မာသံရုံးမှာ ကြိုတင်မဲသွားပေးတယ်။ ၂၀၁၅ မဲပေးတုန်းက နိုဝင်ဘာလမှာ မဲပေးရတာထင်တယ် အေးလို့ ဒေါင်းကုတ်ကြီး ဝတ်သွားရတာ မှတ်မိတယ်။ ၂၀၁၅ တုန်းက သတ်မှတ်ရက်အတွင်း မဲမပေးရမှာစိုးလို့ စင်္ကာပူကမြန်မာတွေ လမ်းပေါ်မှာညအိပ်စောင့်ပြီး မဲပေးကြတယ်။ စင်္ကာပူမှာ မြန်မာတွေများတော့ လူအင်အားတောင့်တယ် စည်းလုံးကြတယ်။ သံရုံးအဝမှာ အိတ်တွေသိမ်းထားပေးတယ်။ ဒီနှစ်တော့ ကိုဗစ်ကြောင့် ခြောက်ပေခွာ လက်ဆေးရည်ဗူးတွေ ချထားပေးပြီး လက်အိတ်ဝတ်ခိုင်းတယ်။ သံရုံးအဝမှာ အပူချိန်တိုင်းတယ်။ အဝင်ဝမှာ လိပ်စာ၊ နာမည်ပြောတော့ စာအိတ်တအိတ်ရတယ်။ လက်မှတ်ထိုးယူပြီး စာအိတ်ဖွင့်လိုက်တော့ ၃မဲရပြီး တိုင်းရင်းမဲမပါလို့ ကွန်ပလိမ်းတက်ချင်တယ် ဘယ်ကိုတိုင်ရမှာလဲလို့မေးတော့ သံရုံးအကြီးအကဲကို ပြောပေးမယ်တဲ့။ မဲအိတ်စုတ်ပြဲနေမနေစစ်၊ မြို့နယ်မှန်မမှန်စစ်၊ မဲထည့်ချင်တဲ့ပါတီနားမှာ အမှန်ခြစ်၊ စာအိတ်ကိုကော်ကပ်ပြီး ပုံးထဲသေချာထည့်တယ်။ ပယ်မဲဖြစ်နေမှာစိုးလို့ နှစ်ခါစစ်တယ်။ ကွန်းပလိန်းတက်ဖို့ သံရုံးအကြီးဆုံးက လာတွေ့တယ် ကိုယ့်ရှေ့က လေး၊ ငါးယောက်လောက်လည်း တိုင်းရင်းသားမဲမပါလို့ ကွန်ပလိမ်းတက်တယ်တဲ့။ ဘယ်လိုလုပ်ပေးမလဲမေးတော့ ရွေးကောက်ပွဲကော်မရှင်ကို တင်ပြပေးမယ်။ မဲအခြေအနေကို နေ့တိုင်းရွေးကောက်ပွဲကော်မရှင်ကို သတင်းပို့ရတယ်။ သံရုံးက မဲအိတ်တွေကို ဖောက်စစ်ခွင့်မရှိဘူး။ မဲပေးမဲ့သူလာမှ စာအိတ်ထုတ်ပေးရတာဆိုတော့ သူတို့လည်းမသိဘူးတဲ့။ မဲတမဲ အလကားမဆုံးချင်လို့။ ကွန်ပလိမ်းတက်တာကို ကျေးဇူးတင်ပါတယ် ဒါမှလည်းနောက် ဒီလိုမမှားအောင် ပြင်လို့ရတာပေါ့တဲ့။ အဲ့ဒီစကားကြားတော့ အံ့သ◌ြသွားတယ် နည်းနည်းတိုးတက်လာပြီ။ ရွေးကောက်ပွဲကလည်း နှစ်ကြိမ်ပဲရှိသေးတော့ လိုအပ်ချက်တွေ ရှိနေသေးတာ နားလည်ပါတယ်။ မဲပေးရတာ အရမ်းအဆင်ပြေပါတယ် အဝေးကြီးကနေလာပြီး မဲပေးကြတဲ့သူတွေကို ချီးကျူးတယ်။ အထွက်မှာ လက်ကို မှင်သုတ်ပါတဲ့။ လက်သန်းမှင်စွန်းခဲ့ပြီ နိုင်ငံသားတယောက်ရဲ့တာပွန် ကျေပွန်ခဲ့ပြီ။ ကိုယ်ကြိုက်တဲ့အစိုးရကို ကိုယ့်လက်နဲ့ရွေးချယ်ခွင့်ရတာ ဘယ်လောက်ကောင်းလိုက်သလဲ။ အနှစ်သုံးဆယ်လောက် ဒီလိုရွေးချယ်ခွင့် မရခဲ့ဘူး။ နိုင်ငံသားတွေက အုပ်ချုပ်မဲ့အစိုးရကို မဲပေးရွေးချယ် ရွေးချယ်လိုက်တဲ့အစိုးရက တိုင်းပြည်အတွက် အလုပ်,လုပ်။ နိုင်ငံသားတွေက နိုင်ငံသားအလုပ်လုပ် အစိုးရက အစိုးရအလုပ်,လုပ်။ ငါးနှစ်မှတခါ ပေးရတဲ့မဲကို မဲသွားမပေးလည်း ဘာမှမဖြစ်ပါဘူး၊ မဲပေးဖို့ စိတ်မဝင်စားတဲ့သူတွေ၊ မဲသွားမပေးတဲ့သူတွေကို အသည်းယားတယ်။ တမဲလည်းတမဲအလျောက် အရေးကြီးတယ်။ မမီးက ဘူတာရုံမှာ လာကြိုတယ် ပြီးတော့ မှာထားတဲ့ အိန္ဒိယအစားအစာယူပြီး ပန်းခြံကိုသွားတယ်။ မခိုင်က ရောက်နေတာ တနာရီကြာနေပြီ။ မခိုင်က အဲ့ဒီနေ့က 5K ကို နာရီဝက်နဲ့ပြေးပြီး သူ့အသက်အရွယ်တန်းမှာ ပထမဆုရတယ် ကွန်ကရက်ကျူလေးရှင်း။ မခိုင်က ပြေးတာ မိုင်တထောင်ကျော်နေပြီ။ မခိုင်အမျိုးသားက half marathon ပြေးတယ်။ ကိုယ်လည်း တပတ်နှစ်ရက် မနက်ရုံးမတက်ခင် တမိုင်သွားပြေးတယ်။ ပြေးပြီး ရေချိုးလိုက်တဲ့အခါ ပေါ့ပါးလန်းဆန်းသွားတဲ့ ဖီလင်ကိုကြိုက်တယ်။ အစားအသောက်တွေကလည်း အတော်ကောင်း ဗိုက်ဆာဆာနဲ့ စားလိုက်ကြတာ။ အိန္ဒိယစာမကြိုက်တဲ့ကိုယ်တောင် အတော်စားဖြစ်တယ်။ မမီးနဲ့မတွေ့တာ အတော်ကြာပြီ တစ်နှစ်လောက်ရှိပြီ။ မကြာခင်အေးတော့မှာ အိမ်တွင်းအောင်းရတော့မယ် ရှေ့နှစ်နွေဥ◌ီးလောက်မှပဲ ပြန်တွေ့ကြတော့မှာမို့လို့ ဆုံဖို့ချိန်းလိုက်ကြတာ။ မြစ်ဘေးနားက တောလမ်းလေးမှာ တမိုင်ကျော် လမ်းလျှောက်တယ်။ ညနေစောင်းကျတော့ မမီးနဲ့ မြစ်ကမ်းဘေးနားက ပန်းခြံဆီကို သုံးမိုင်လောက် လမ်းလျှောက်ကြတယ်။ သာယာအေးချမ်းလှပတယ် နယူးဂျာဆီမှာ နေချင်စိတ်ပေါက်သွားတယ်။ အဖေနဲ့အမေဆို အရမ်းသဘောကျမှာ မနက်၊ ညနေတိုင်း လမ်းလျှောက်နေကြမှာ။ အဖေနဲ့အဖေက ကိုယ်နေခဲ့တဲ့ နယူးဂျာဆီအိမ်ကို သဘောကျတယ် ကွင်းကိုသိပ်မကြိုက်ဘူး။ မြစ်ကမ်းဘေးမှာ ငါးတကောင်ကမ်းပေါ်တင်နေလို့ မြစ်ထဲပြန်လွှတ်ပေးခဲ့ရတယ်။ အဖေက ငါးက အခုန်လွန်လို့ ကမ်းစပ်ပေါ်ရောက်လာတာနေမှာတဒ့။ အဲ့ဒီနေ့က ခြေလှမ်းပေါင်း တသောင်းသုံးထောင် ည ၈ နာရီခွဲနဲ့ အိပ်ငိုက်တယ်။ ည ၉ ခွဲက အိပ်လိုက်တာ မနက် ၇ နာရီခွဲမှနိုးတယ်။ ကိုဗစ်ကာလအတွင်း မနက်၂နာရီမှ အိပ်ပျော်ပြီး မနက် ၈ နာရီခွဲမှထတယ်။ Fibit က အိပ်တာမဆိုးပါဘူးလို့ပြောပေမဲ့ အိပ်ရေးမဝသလိုဘဲ။ ပိတ်ရက်ဆိုရင် နေ့လည်အထိအိပ်တော့ အိပ်ရေးဝတယ်။ အသက်ကွာပေမဲ့ နေ့တိုင်းမတ်ဆေ့ပို့ပြီး ချက်ပြုတ်တာလေးတွေ အပြိုင်အဆိုင်ကြွားကြ စကြနောက်ကြတဲ့ ကိုယ်တို့သုံးယောက်။ ဖတ်ပြီးသွားတဲ့ The Prayer Box စာအုပ်ထဲက နှစ်သက်မိတဲ့စာသားလေးက Sisters are created not by blood, but by love တဲ့။ 

စန်းထွန်း
အောက်တိုဘာ ၁၆၊ ၂၀၂၀။

လက်သန်းမှင်စွန်းခဲ့ပြီ… နိုင်ငံသားတယောက်ရဲ့ အရေးကြီးတဲ့တာဝန်ကို ဒုတိယအကြိမ် ကျေပွန်ခဲ့ပြီ… 

Let vote Myanmar 2020 !

မမီးနဲ့မတွေ့တာ တစ်နှစ်ရှိပြီ… ဗိုက်ဆာဆာနဲ့ စားလိုက်ကြတာ...

Three musketeers...

5K သုံးမိုင်ကို နာရီဝက်နဲ့ ပန်းဝင်ပြီး သူ့အသက်အရွယ်ပိုင်းမှာ ပထမဆုရတဲ့ မခိုင်… ကွန်ကရက်ကျူလေးရှင်း….

သာယာတယ်နော်…. ဓာတ်ဖမ်းဆရာက မမီး...

သစ်ပင် ရေအိုင် မြစ်ချောင်း စိမ်းစိုနေတာလေးတွေ မြင်တာနဲ့တင် ပျော်နေတော့တာ… 

မျက်နှာဖုံးအောက်က ကိုယ့်အပြုံးကို သူမြင်နိုင်ပါစေ...

စိုက်ပျိုးခြင်း အနုပညာ…

ပြောတော့ဖြင့် အငြိမ်းစားယူရင် အပင်လေးတွေ စိုက်စားမယ်ဆိုပြီး မြက်နဲ့ကြက်သွန်မြိတ်ပင်ကိုတောင် မခွဲတတ်ဘူးဆိုတော့ ဘယ်လိုလုပ်ကြမလဲ။ ဒီအိမ်မှာ နှစ်နှစ်ကျော်ပြီ နွေရာသီဆိုရင် တလတခါ အိမ်ရှေ့လမ်းမက အပင်တွေနှုတ် မြက်တွေရိတ်ပေးတယ်။ တလောက ငှက်စာကျွှေးတဲ့ခွက် လေတိုက်လို့ ပြုတ်ကျပြီး ကွဲသွားတယ်။ အဲ့ဒီတော့ ခေါင်းရင်းက အဆောင်အောက်မှာ ငှက်စာကျွှေးရင်း အပင်တွေကို ကြည့်မိတယ်။ အသီးတွေတော့ သီးပါရဲ့ ဘာအပင်မှန်းမသိဘူး။ တလောကလည်း ပန်းပွင့်နေတဲ့အပင်ကို မြက်ပင်ထင်ပြီး ခုတ်လိုက်တာ အိမ်ရှင်က အဲ့ဒါ ၈၀ တောင် ပေးရတဲ့ ဒေလီယာပန်းပင် နောက်မခုတ်နဲ့တဲ့။ မခိုင်လာတော့ အပင်တွေကိုကြည့်ပြီး ဒီအသီးက တည်သီးစားလို့ရတယ်၊ အဲ့ဒီအပင်က chives၊ ဒါက ပူစီနံတဲ့။ chives တွေကို မြက်ပင်ထင်ပြီး နှုတ်ပစ်နေတာ ပူစီနံနဲ့တူတယ်လို့တော့ ထင်သား။ အပင်မှာ အပွင့်လေးတွေပွင့်နေလို့ အဖေတို့ကို ဘာအပင်လဲလို့ ဓာတ်ပုံပြပြီးမေးတော့ ဘေးချေ(ဦးလေး)က စိန်ပန်းပင်တဲ့။ နောက်တော့မှ ခရမ်းခဆော့သီးပင် ဖြစ်နေတယ်။ ခူးစားမလို့ဟာ အသီးတွေက မည်းနေလို့ မခိုင်က မစားပါနဲ့သမီးရယ် ဘာသီးတွေမှန်းမသိဘူးတဲ့။ မခိုင် ပြောတော့မှပဲ ခေါင်းရင်းကတည်သီးပင်ကို သွားသွားကြည့်တယ်။ ဝါလာရင်ခူးပြီး အုပ်ထားတယ် စားလို့မကောင်းဘူး ဖန်တန်တန်နဲ့။ အသီးတွေကို တနေ့တနေ့ သွားကြည့်တာအမော။ ဝါလာရင် ငှက်၊ ရှဉ့်တွေနဲ့အပြိုင် လုခူးတယ်။ ခုတော့ စားမကောင်းလို့ မခူးတော့ဘူး။ မနက်တိုင်း ငှက်ကလေးတွေကို အစားကျွှေးတယ်။ မနက် ၈ နာရီခွဲ ကိုယ်အစားကျွှေးတဲ့အချိန်ဆိုရင် ကျွှတ်ကျွှတ်ညံနေကြပြီ။ ကိုယ်ထွက်လာရင် ဘယ်သူရေ ဘယ်ဝါရေ ဒီမှာအစာကျွှေးနေပြီလို့ သူ့ဘော်ဒါတွေကို လှမ်းခေါ်ကြလေသလား မသိဘူး။ တချို့ငှက်က မကြောက်ဘူး ကိုယ့်အနားအထိ ပျံဝဲပြီးကြိုတယ်။ ရုံးပိတ်ရက် အိပ်ယာထနောက်ကျပြီး ကျွှေးရမဲ့အချိန် မကျွှေးရင် ကျွှတ်ကျွှတ်ညံနေကြပြီ။ အံမယ် … ငှက်တွေက အစားကျွှေးတဲ့သူနေတဲ့ အခန်းကိုသိတယ်တဲ့။ ရေလောင်းတာများလို့ သေသွားတဲ့ ZZ အပင်ကို အပြင်မှာထုတ်ထားတာ ပြန်ရှင်လာတယ် သေရွာပြန်ပင်။ စံပယ်ပင်ကတော့ သုံးနှစ်လောက်ရှိပြီ သေလိုက်ရှင်လိုက်နဲ့ အပွင့်လုံးဝမပွင့်ဘူး။ သစ်ခွခရမ်းရောင်လေးက သုံးခါလောက်ပွင့်ပြီး ကြက်ဥရည်တွေလောင်းတာ များသွားလို့ သေသွားတယ်။ ယုဇပင်ကတော့  အားအရဆုံးပဲ အတော်ပွင့်တယ် ပွင့်ရင်မွှေးလွန်းလို့ အိပ်ယာဘေးနား ထားအိပ်တယ်။ လေသန့်ပေးတဲ့ snake plant ထပ်ဝယ်ထားတယ်။ Golden Photos အရွက်နုလေးတွေထွက်လာရင် ပျော်နေတာ ခုပြန်ညှိုးနေပြန်ပြီ။ အပင်တွေမှာလည်း သူတို့ကြိုက်တဲ့နေရာ၊ မကြိုက်တဲ့နေရာရှိတယ်။ ကြိုက်တဲ့နေရာဆို ရွက်နုတွေဝေလို့ မကြိုက်တဲ့နေရာဆိုရင် အရွက်ကို ညှိုးနေတော့တာ။ အပင်ကို သတိထားကြည့်တဲ့သူဆိုရင် သိတယ်။ အိမ်တွင်းအိမ်ပြင် သစ်ပင်လေးတွေနဲ့ စိမ်းလန်းပြီး ပန်းရနံ့လေးတွေနဲ့ မွှေးထုံနေတဲ့အိမ်လို့ စိတ်ကူးယဉ်ပေမဲ့ ခုထိတော့ ဝယ်လိုက်၊ စိုက်လိုက်၊ သေလိုက် ဝယ်စိုက်သေ ဖြစ်နေတုန်း။ 

စန်းထွန်း 
အောက်တိုဘာ ၉၊ ၂၀၂၀။


တည်သီး… ဆင်ခရမ်းချည်သီးနဲ့တူတယ်…ကြိုက်တယ်

ခရမ်းခဆော့သီးနဲ့တူတယ်

မြက်လို့ထင်နေတာ Chives တဲ့

Chives ပါပဲ

ပူစီနံ တွေ့လား ရှာကြည့်

ငှက်စာနဲ့ရေ

သုံးနှစ်ရှိပြီ မကြီးမပွင့်တဲ့ စံပယ် ဘွန်ဆိုင်း

အသီးတွေ ဝါလာရင် ငှက်တွေ၊ ရှဥ◌့်တွေနဲ့အပြိုင် လုရတယ်…ခုတော့ မလုတော့ဘူး

၂၀၁၄ ကတည်းက လူစီတာ ပေးခဲ့တဲ့ Golden Photos
၊ လွန်ခဲ့တဲ့နှစ်ပတ်ကမှ ဝယ်ထားတဲ့ Snake Plant
သေရွာပြန် ZZ Plant ... သုံးနှစ်လောက်ရှိပြီ

အဆုပ်လိုက်ပွင့် မွှေးရနံ့သင်းပျံ့တဲ့ ယုဇန...သုံးနှစ်လောက်ရှိပြီ

သင်ယူခြင်း အနုပညာ…

၂၀၂၀ စက်တင်ဘာ ၂၈ ကနေ ၃၀ ရက်နေ့အထိ မိုက်ခရိုဆော့ သုံးရက်သင်တန်း အွန်လိုင်းကနေ တက်ရတယ်။ ဒါရိုက်တာမက ရုံးကရတဲ့ဘောက်ချာထဲကနေ ကိုယ်ကြိုက်တဲ့သင်တန်းကို ရွေးတက်ခိုင်းတယ်။ တဖွဲ့လုံးမှာ ကိုယ့်တယောက်တည်း ပေးတာ။ HelpDesk ကို အိုင်ဘီအမ်ကဟာ ပြောင်းသုံးတော့လည်း ကိုယ့်အဖွဲ့ကိုယ်စား လေးရက်သင်တန်း ကိုယ်တက်ရတယ်။ ticket တွေကို on hold ဘယ်လိုလုပ်ရမလဲ၊ ဘယ်လို close လုပ်ရမလဲ၊ user ကို ဘယ်လိုအီးမေးလ် ပို့ရမလဲ၊ tag ဘယ်လိုလုပ်ရမလဲ၊ child ticket ကို ဘယ်လိုချိတ်ရမလဲ၊ ဘယ်လို sort လုပ်ရမလဲ၊ column အသစ်ဘယ်လိုထည့်ရမလဲ တခုခုဆို ကိုယ့်ကိုမေးကြတော့တာပဲ။ ကိုယ်တက်ချင်တာ data analysing ဘာသာရပ်တွေ။ software developer အလုပ်မှာ ဂိတ်ဆုံးက senior developer ပဲရှိတယ်။ မန်နေဂျာဖြစ်ချင်ရင် ပရောဂျက် management ဖက်ကနေ သွားလို့ရတယ်။ ပရောဂျက်မန်နေဂျာဆိုတာ စကားပြောကျွှမ်းကျင်၊ meeting တွေကို ဥ◌ီးဆောင်နိုင်ရမယ်။ ကိုယ်တချို့အသံထွက်ကို လူတော်တော်များများ နားမလည်ဘူး။ ပြီးတော့ စကားပြောမကျွှမ်းကျင်ဘူး စင်မြင့်တက်ရမှာလည်း ကြောက်သေးတယ်။ ကိုယ့် mentor က data architect သူ့လိုဖြစ်ချင်တာ။ data architect နဲ့ data scientist ကို သဘောကျတယ်။ ခုခေတ်မှာ data analyzing က အရေးပါတယ်။ ရွေးကောက်ပွဲမှာ ဘယ်သူနိုင်မယ်လို့ ခန့်မှန်းတာမျိုး၊ ကိုဗစ်ကာလမှာ ဘယ်လိုအခြေအနေဆိုရင် ဘယ်လို model တွေနဲ့ တွက်ချက်ကြတာမျိုး။ ရုံးမှာ PowerBI မှာသုံးရမှာမို့ အဲ့ဒါပဲရွေးလိုက်တယ်။ မနက် ၈ နာရီခွဲကနေ ညနေ ၄ နာရီခွဲအထိ။ virtual class က zoom နဲ့ ဆရာက အင်္ဂလန်က၊ တပည့် ၁၆ ယောက်က နယူးယောက်၊ ဘော်စတွန်၊ ဆန်ဖရန်စစ္စကို၊ တိုရန်တိုက။ အလုပ်မှာသုံးနေလို့၊ သင်ဖို့လိုလို့ လာတက်ကြတာ။ lab ကို ဘယ်လိုဖွင့်ရမလဲ၊ lesson material ကို ဘယ်လိုဖွင့်ရမလဲ၊ license key က ဘာလို့မပေါ်တာလဲနဲ့ သင်တန်းစဖို့ကို တနာရီလောက်ကြာတယ်။ ဆရာ့ကွန်ပျူတာမျက်နှာပြင်ကိုပဲ မြင်ရပြီး ကိုယ့်ကွန်ပျူတာမျက်နှာပြင်လို ပြလို့မရတော့ chat ကနေ စာရိုက်၊ mic နဲ့ စကားလှမ်းပြော။ ဆရာက မှန်းပြီးပြောပြ အဆင်ပြေတာလည်းရှိ အဆင်မပြေတာလည်းရှိ။ စာသင်ခန်းထဲမှာ ပြသနာမဟုတ်တာတွေက ဒီမှာပြသနာ။ ဆရာသင်တာတွေ နားလည်ပေမဲ့ lab လုပ်ခိုင်းရင် အဆင်မပြေတော့ဘူး။  အချိန် ၄၅ မိနစ် အချိန်မလောက်မပြီးလို့ ဇောချွှေးပြန် ဆရာသင်တာကို စိတ်မဝင်းစားနိုင် ခိုးပြီး lab ဆက်လုပ် မရလို့ စိတ်ပျက်လက်ပျက်ဖြစ်။

မပြီးရင် ရှေ့ဆက်လို့မရလို့ စိတ်ပျက်ဇောချွှေးပြန် နေ့လည်စာထမင်းတောင် ကောင်းကောင်းမစားနိုင်ဘူး။ ညနေအတန်းပြီးတော့ ရှာဖွေကြည့်လိုက်တဲ့အခါ solution folder မှာ အဖြေသွားတွေ့တယ်။ အဲ့ဒါတွေကြည့်တော့မှ နားလည်သွားတယ်။ ပထမနေ့က ခေါင်းတွေကိုက်ပြီး ညစာစားပြီးတာနဲ့ ပင်ပန်းလို့ အိပ်ယာမှာ လဲနေတော့တာပဲ။ အမလေး စာသင်ရတာ ပင်ပန်းလိုက်တာ။ အွန်လိုင်းကနေ သင်ဖူးပါတယ် ၃ နှစ်လုံးလုံး အွန်လိုင်းကနေ ကျောင်းတက်ခဲ့တာပဲ။ သင်ခန်းစာ ဗွီဒီယိုဖိုင်တွေကြည့်၊ စာအုပ်ဖတ်၊ အပတ်တိုင်း assignent တင်၊ တလခွဲတခါ learning center တွေမှာ စာမေးပွဲသွားဖြေ။ ဆရာနာဂျစ်ကတော့ အွန်လိုင်းကနေ စာသင်တယ် စာသင်တာကို ကြိုက်တဲ့သူဆိုတော့ သတ်မှတ်ထားချိန်ထက် နောက်ကျပြီးမှပြီးတယ်။ ကျောင်းနဲ့ဝေးနေတာ ခြောက်နှစ်ရှိပြီ။ ၂၀၂၀ အစပိုင်းက data architect လုပ်မယ် ကျောင်းတက်မယ် လုပ်လိုက်သေးတယ်။ ခုပုံစံအတိုင်းဆို ကျောင်းတက်နိုင်ပါ့မလား။ လွန်ခဲ့တဲ့ဆယ်နှစ် ၂၀၀၈ စင်္ကာပူမှာကျောင်းတက်တုန်းကဆို မနက် ၇ နာရီခွဲအိမ်ကထွက် ၉ နာရီကျောင်းတက်။ ည ၁၁ နာရီ ၄၅ နောက်ဆုံးဘတ်စ်ကားနဲ့ ကျောင်းကနေပြန် နောက်ဆုံးရထားမှီအောင် ပြေးကြလွှားကြ။ အိမ်ကို ည ၁၂ ခွဲလောက်မှရောက်တယ်။ စနေ၊ တနင်္ဂနွေလည်း အဲ့ဒီအချိန်စာရင်းအတိုင်းပဲ။ အဲ့ဒီတုန်းက ပင်ပန်းပေမဲ့ ဒီလောက်မပင်ပန်းသလိုပဲ။ ဆယ်နှစ်ဆိုတဲ့အချိန် တကယ်စကားပြောတယ်။ ဒုတိယနေ့ကျတော့ ပထမနေ့လောက် မပင်ပန်းတော့ဘူး နည်းနည်းလိုက်နိုင်လာပြီ။ ကျောင်းသားတယောက် ထွက်သွားတယ် သင်တန်းကြေး နှမြောစရာ တနေ့ ၇၀၀ ကျော်ကျတယ်။ ဒီရုံးက သင်တန်းကြေးလည်းပေးတယ်၊ သင်တန်းတက်ချိန်ကိုလည်း အလုပ်လုပ်ချိန်ဆိုပြီးပေးတယ်။ ဒီတော့ ဘာလို့သင်တန်း မတက်ရမှာလဲနော့။ တရုတ်ကုမ္ပဏီတုန်းကဆို သင်တန်းကြေးကိုယ့်ဘာသာပေး အောင်ရင် ကုမ္ပဏီဆီက ပြန်တောင်းလို့ရတယ်။ ဒါပေမဲ့ သုံးနှစ်လုပ်ပေးပါမယ်လို့ လက်မှတ်ထိုးရတယ်။ သင်တန်းတက်ချိန်ကို ကိုယ့်အားလပ်ရက်ကနေ သုံးရတယ်။ သင်တန်းတက်ရတာ အလုပ်လုပ်ရတာထက် ပင်ပန်းပါလားလို့ တွေးမိတယ်။ ဒါတောင် စာမေးပွဲမဖြေသေးလို့ စာမေးပွဲဖြေမယ်ဆိုရင် အောင်ပါ့မလား၊ အမှတ်ကောင်းကောင်းရပါ့မလားနဲ့ ဘယ်လောက်တောင် စိတ်ဖိစီးလိုက်မလဲ မသိဘူး။ ပထမနေ့ကတော့ ဆရာသင်တာ ၁၀၀% ရ,ရမယ်လို့ ကြုံးဝါးတယ်။ ဒုတိယနေ့ကျတော့ ၈၀% ရရင် ကျေနပ်ပါပြီ။ တတိယနေ့ကျတော့ ၆၀% ရရင် အတော်ဟုတ်နေပြီလို့ တွေးမိတယ်။ တနေ့နေ့ လျော့လာလိုက်တာ တလလောက်များ တက်ရမယ်ဆိုရင် နောက်ဆုံးနေ့မှာ ၁% ရရင် ကျေနပ်ပါပြီလို့ ပြောနေမိမလားဘဲ…။

စန်းထွန်း
အောက်တိုဘာ ၂၊ ၂၀၂၀။
 
Credit to Twitter