ခြင်၊ အမှိုက်၊ ပညာရေး...

ဒီဗွီဒီယိုလေးတွေ ကြည့်ရတဲ့အခါ ပညာရှင်တွေ၊ ရိုက်ကူးထုတ်လုပ် တင်ဆက်တဲ့သူတွေကို ကျေးဇူးတင်မိတယ်၊ မြန်မာပြည်မှာ အဲဒါလေးတွေလုပ်နိုင်ရင် သိပ်ကောင်းမှာပဲလို့ တွေးမိတယ်။

ခြင်...
မြန်မာပြည်မှာ ခြင်အင်မတန်ကိုက်တယ်။ တောမှာလည်း ခြင်ကိုက်တယ် မြို့မှာလည်း ခြင်ကိုက်တယ်။ မိုးရာသီ တုပ်ကွေးဆိုရင် တနယ်လုံးက ကလေးတွေ ကွေးကြတော့တာပဲ။ စင်္ကာပူရောက်တော့ ခြင်မရှိ မီးမပျက်တာကို သိပ်သဘောကျတယ်။ စင်္ကာပူမှာလည်း ဒန်းကီး သွေးလွန်တုတ်ကွေးဖြစ်မှာ သိပ်ကြောက်ကြတယ်။ ဟောင်ကောင်၊ မကာအို၊ အင်ဒိုနီးရှားမှာ ခြင်မရှိဘူး။ ဘာလို့ခြင်မရှိတာလည်းလို့ စဥ◌်းစားကြည့်လိုက်တော့ ရေစီးရေလာကောင်းတယ်၊ ရေမြောင်းတွေ ပိတ်ဆို့မှုမရှိဘူး၊ မိုးရွာရင် မြေပြင်ပေါ်မှာ ရေတစက်မှမကျန်ဘူး၊ အမှိုက်မရှိဘူး။ မျိုးရိုးဗီဇ ပြုပြင်ထားတဲ့ ခြင်တွေနဲ့ နှိမ်နင်းတဲ့အကြောင်း ဆောင်းပါးဖတ်ဖူးပေမဲ့  သေသေချာချာ နားမလည်ဘူး။ NAS Daily ရဲ့ဗွီဒီယို ကြည့်ရတဲ့အခါကျမှ သေသေချာချာ နားလည်သွားတော့တယ်။ မျိုးရိုးဗီဇ ပြုပြင်ထားတဲ့ ခြင်အဖိုတွေက လူကိုမကိုက်ဘူး။ အဲ့ဒီခြင်ဖိုတွေနဲ့ ဒန်ကီး၊ ဇီကာဗိုင်းရပ်ပိုး သယ်ဆောင်တဲ့ ခြင်အမတွေ ပေါင်းဖက်ကြတဲ့အခါ ခြင်ကလေးတွေ ထပ်မွေးတော့ဘူး။ ခြင်ကိုခြင်နဲ့ နှိမ်နင်းတဲ့နည်း ဘယ်လောက်ကောင်းတဲ့နည်းလဲ။ ဒီဗွီဒီယိုကြည့်ရတဲ့အခါ မြန်မာပြည်မှာ အဲ့ဒီလိုလုပ်ရင် သိပ်ကောင်းမှာပဲလို့ တွေးမိတယ်။



အမှိုက်...
မြန်မာပြည်မှာ အမှိုက်အင်မတန်ပေါတယ်။ အမှိုက်ကို စနစ်တကျပစ်ဖို့ မသွန်သင်ဘူး။ စည်းကမ်းမဲ့ တွေ့ရာနေရာ အမှိုက်ပစ်လိုက်ကြတာပဲ။ လူတွေ စည်းကမ်းတကျ အမှိုက်ပစ်အောင် စည်ပင်ကလည်း မလုပ်ပေးဘူး။ နေရာတိုင်းမှာ အမှိုက်ပုံးမရှိဘူး၊ စည်ပင်က အမှိုက်ကိုလည်း စနစ်တကျ မသိမ်းဆည်းနိုင်ဘူး။ စင်္ကာပူရောက်တော့ အမှိုက်မရှိ နေရာတိုင်းမှာ သန့်ရှင်းသပ်ရပ် သစ်ပင်တွေနဲ့ စိမ်းလန်းနေတာကို သဘောကျတယ်။ တခြားနိုင်ငံသွားတော့ စင်္ကာပူလောက် မသန့်ရှင်းပေမဲ့ ကိုယ့်နိုင်ငံထက်တော့ အများကြီးသာတာပဲ။ စင်္ကာပူစည်ပင် အမှိုက်‌တွေကို ဘယ်လိုထိန်းသိမ်းတယ်ဆိုတာ လေ့လာချင်လိုက်တာလို့ အဲဒီမှာနေတုန်းက တွေးမိတယ်။ NAS Daily ရဲ့ ဗွီဒီယိုတွေ့တော့ သဘောကျလိုက်တာ အမှိုက်ကနေ လျှပ်စစ်ဓာတ်အားထုတ် စွန့်ပစ်အမှိုက်နဲ့ ကျွှန်းဆောက်။ အမှိုက်စက်ရုံကနေ ထွက်လာတဲ့လေက သန့်ရှင်းတယ်။ အမှိုက်စွန့်ပစ်တဲ့ကျွှန်းနားမှာ အပင်‌တွေနဲ့ စိမ်းလန်းတယ်။ မြန်မာပြည်မှာ အဲ့ဒီလိုလုပ်နိုင်ရင် သိပ်ကောင်းမှာပဲ။ ကန်တက်ကီပြည်နယ်မှာ အလုပ်လုပ်တဲ့ကုမ္ပဏီက သဘာဝဓာတ်ငွေ့နဲ့ လျှပ်စစ်ဓာတ်အားထုတ်တဲ့ကုမ္ပဏီ။ မြန်မာပြည်မှာ သဘာဝဓာတ်ငွေ့တွေ အများကြီး သဘာဝဓာတ်‌ငွေ့သုံး လျှပ်စစ်ဓာတ်အား‌ပေးရုံ ဆောက်ရင်ကောင်းမှာပဲလို့ တွေးမိတယ်။ တိုင်းပြည်တိုးတက်ဖို့ လျှပ်စစ်ဓာတ်အား လုံလောက်စွာရဖို့က အင်မတန်အရေးပါတယ်။ အသိအင်ဂျင်နီယာအန်ကယ်ကြီးကို မေးကြည့်တော့ မြန်မာပြည်မှာ လျှပ်စစ်ဓာတ်အားပေးစက်ရုံ၊ တာဝါတိုင်တွေ အများကြီးရှိဖို့လိုတယ်တဲ့။ မနေ့က ဂျာမနီ DW Documentary ရဲ့ green enery အကြောင်း ကြည့်လိုက်ရတယ်။ ဆိုလာ၊ လေရဟတ်၊ နျူးကလီးယား ဓာတ်ပေါင်းဖို၊ နိုင်ငံခြားကနေဝယ်တဲ့ လျှပ်စစ်ဓာတ်အားတွေနဲ့ ဂျာမနီဟာ နောင်ဆယ်နှစ်မှာ တနိုင်ငံလုံး green enery ဖြစ်ဖို့ကြိုးပမ်းနေပါတယ်တဲ့။



ပညာရေး..
ဒီဗွီဒီယိုလေးကြည့်ရတဲ့အခါ ဂျပန်ပညာရေးစနစ်ကို အင်မတန်သဘောကျမိတယ်။ ဂျပန်ကလေးတွေ ရထားနှစ်ဆင့်၊ သုံးဆင့်စီးပြီး ကိုယ့်ဘာသာကျောင်းသွား၊ ကျောင်းမှာ သန့်ရှင်းရေးလုပ်၊ နေ့လည်စာအတွက် ကူညီလုပ်ဆောင်ပေးကြတာကို မြင်ရတဲ့အခါ မြန်မာပြည်ကျောင်းတွေမှာ အဲ့ဒီလိုသင်ပေးရင် သိပ်ကောင်းမှာပဲလို့ တွေးမိတယ်။ အမေရိကန်ပညာရေးစနစ်က ကောင်းတော့ကောင်းပါရဲ့ ကလေးတွေကို နည်းနည်းကာကွယ်လွန်းတယ်။ စတိတ်မှာတော့ ၈နှစ်၊ ၉ နှစ်အရွယ်ကလေးတွေ မိဘနဲ့အတူမရှိရင် မိဘကို ရဲက တစ်ကဒ်ပေးတယ်။ သဘာဝဘေးအန္တရာယ်ကြုံလို့ လူစုလူဝေးရင် အမှိုက်တစမှမကျန်အောင် စည်းကမ်းကြီးတဲ့ ဂျပန်လူမျိုးကို လေးစားမိတယ်။

မနေ့က မြန်မာပြည်မှာ ဘာမကြိုက်တာရှိလဲလို့ နိုင်ငံခြားတွေကိုမေးတော့ တံတွေးတပစ်ပစ်ထွေးတာ၊ အချိန်မလေးစားတာ၊ အစည်းအဝေးမှာ အကြံညဏ်ထင်မြင်ချက် မပေးတာတဲ့။ အများဆုံးကတော့ တံထွေးထွေးတာ။ မြန်မာပြည်မှာ ယောက်ျားလေးတော်တော်များများ တံထွေးထွေးကြတော့ ဘာလိုမှထူးထူးခြားခြား ခံစားရမှာမဟုတ်ဘူး။ ကိုယ့်ဘေးပတ်ဝန်းကျင်မှာ တံထွေးလာထွေးရင် အင်မတန်ရွံဖို့ကောင်းတယ်။ တံထွေးထွေးတာ၊ စည်းကမ်းမဲ့ အမှိုက်ပစ်တာ၊ အချိန်မလေးစားတာ ပြင်ဖို့လိုတယ်။ အစည်းအဝေးမှာ အကြံညဏ်တွေ မတင်ပြတာကတော့ ပညာရေးနဲ့ဆိုင်ပါတယ်။ မေးခွန်းမေးရဲတဲ့အကျင့်၊ ကိုယ့်အတွေးအခေါ်၊ အကြံညဏ်တွေ တင်ပြရဲအောင်၊ စုပေါင်းလုပ်တတ်အောင် ကျောင်းမှာကတည်းက သင်ပေးဖို့လိုတယ်။ ခေါင်းဆောင် နမူနာပြ၊ မီဒီယာတွေနဲ့ ပညာ‌ပေး၊ ပြည်သူ‌တွေကလည်း လိုက်လုပ်ဖို့လိုတယ်။ ကိုဗစ်ဖြစ်တော့ အစိုးရက မတ်စ်တပ်ပါလို့ ဘယ်လိုပဲအမိန့်ထုတ်ထုတ် ပြည်သူတွေက ပူးပေါင်းပါဝင်မှုမရှိရင် အလကားပဲ။ မတ်စ်မတပ်ရင်၊ စည်းကမ်းမလိုက်နာရင် ဥပဒေနဲ့ ထိန်းချုပ်ရတာပေါ့လေ။ ဝိုင်း ဗီယက်နမ်ပြည်သူ့လွှတ်တော်မှာ အလုပ်လုပ်တုန်းက ရုံးဖုန်းကို ကိုယ်ရေးကိုယ်တာ ကိစ္စအတွက် သုံးတယ်။ နိုင်ငံခြားရောက်တော့မှ ရုံးဖုန်းကို ကိုယ်ရေးကိုယ်တာကိစ္စအတွက် မသုံးသင့်ဘူးဆိုတာ သိတယ်တဲ့။ ဗီယက်နမ်မှာ တော်တော်များများ ရုံးဖုန်းကို ကိုယ်ရေးကိုယ်တာအတွက် သုံးကြတော့ သူများသုံးသလို လိုက်သုံးလိုက်တာပဲတဲ့။ ခွေးအကြောင်းဆောင်းပါးတပုဒ် ဖတ်ဖူးတယ် ဘယ်မှာဖတ်လိုက်မှန်း မမှတ်မိတော့ဘူး။ ဂျာမန်ခွေးဆိုရင် ရဲခွေးလို့သိကြတယ် မြန်မာခွေးကို ရဲခွေးလို လေ့ကျင့်ပေးလို့ မရဘူးလားလို့ လေ့ကျင့်ပေးသူကို မေးကြည့်တော့ မြန်မာခွေးက ညဏ်ကောင်းတယ်၊ သင်လွယ်တတ်လွယ်တယ်၊ ဒါပေမဲ့ စည်းကမ်းမရှိဘူးတဲ့။ ခွေးလို သဘောထားတော့ ခွေးလိုပဲခိုင်းလို့ရတယ်တဲ့။ ဂျာမန်ခွေးကို ရဲတယောက်လို သဘောထား၊ လေးစားမှုနဲ့ ဆက်ဆံတော့ ရဲတယောက်လို ခိုင်းလို့ရတယ်တဲ့။ မြန်မာခွေးကို ဂျာမန်ခွေးလို ပြုမူဆက်ဆံပေးရင် အနှစ်နှစ်ဆယ်ကြာတဲ့အခါ ဂျာမန်ခွေးလို ဖြစ်လာနိုင်ပါတယ်တဲ့။ နှစ်,နှစ်ဆယိကြာတဲ့အခါ ခြင်၊ အမှိုက်ကင်း၊ ပညာရေး အဆင့်အတန်းမြင့်တဲ့နိုင်ငံဖြစ်လာဖို့ မျှော်လင့်ရတာပဲလေ။

စန်းထွန်း
ဩဂုတ် ၂၈၊ ၂၀၂၀။
Credit to Nas Daily, CafCu Media, original unloaders.


No comments: