ကိပ်ကော့သွား တောလား - ၁

မေ ၂၉  တနင်္လာနေ့ Memorial Day ရုံးပိတ်ရက်ဟာ စတိတ်မှာ ခရီးသွားကြတဲ့အချိန် ဆိုပါတော့။ ဆူနမ်နဲ့ရာမားက ခွင့် ၂ ရက် ဆက်ယူပြီး ကော်လိုရာဒိုပြည်နယ်ဖက်ကို သွားမလို့ လိုက်မလားတဲ့။ သောကြာနေ့ည ကော်လိုရာဒိုသွား တနင်္လာနေ့ည (သို့မဟုတ်) အင်္ဂါနေ့မနက်စောစော နယူးယောက်ကိုပြန်။ ကိုယ်က အလုပ်သစ်ဝင်ခါစဆိုတော့ ၃ လအထိ ခွင့်ယူလို့မရသေးတာရော၊ နယူးယောက်ကနေ ကော်လိုရာဒိုပြည်နယ် Denver မြို့ကို လေယာဉ်ခ ဈေးကြီးနေတာရောနဲ့ ဆူနမ်တို့နဲ့ မလိုက်ဖြစ်တော့ဘူး။ ကော်လိုရာဒိုပြည်နယ်ဟာ အလယ်ပိုင်းမှာရှိပြီး နှင်းလျှောစီးစခန်း၊ ဆောင်းဦးရာသီအလှကြောင့် နာမည်ကျော်တာမို့ ကိုယ်သွားလည်ချင်တဲ့ နေရာတစ်ခုပါ။ ကော်လိုရာဒိုခရီးကို မလိုက်ဖြစ်တော့ ပိတ်ရက်ဘယ်ကို သွားလည်ရင်ကောင်းမလဲ။ ခရီးတွေကလည်း အရှေ့မြောက်ဖက်ခြမ်းမှာ တော်တော်များများ သွားဖူးထားပြီ။ ဗီယက်နမ်မလေးဝိုင်းက ကိပ်ကော့ခရီးကို ရွှေးခြယ်ပြီး ကိုယ်ကလည်း မရောက်ဖူးသေးတာကြောင့် မေ ၂၇ ကနေ ၂၉ အထိ ကွန်နက်တီကပ်နဲ့ မက်ဆာချူးဆက်ပြည်နယ်ဖက်ကို ၃ ရက် ခရီးထွက်ဖြစ်တော့ ကိပ်ကော့သွား တောလားပို့စ်လေး ဖြစ်လာပါတယ်။ ၂ ယောက်ဆိုရင် ၃ ယောက်မြောက်က အလကားဆိုတော့ အသိအစ်မနှစ်ယောက်ကို လိုက်မလားလို့ ခေါ်သေးတယ်။ တစ်ယောက်က မိသားစုကို အချိန်ပေးချင်လို့၊ တစ်ယောက်က မြန်မာပြည်က ပြန်ရောက်ခါစဆိုတော့ မလိုက်ဖြစ်တော့ဘူး။ မက်ဟန်တန် တရုတ်တန်းကနေ ကားက မနက် ၇ နာရီ ၄၀ ထွက်မယ်၊ ငွေသားထုတ်ထားဖို့၊ ထီး၊ မိုးကာအင်္ကီျဆောင်လာဖို့ တိုးဂိုက်က မတ်ဆေ့ပို့တယ်။

ရုံးပိတ်ရက်ဆို ရထားက မနက် ၆ နာရီ ၂၀ မိနစ်၊  ၄၅ မိနစ် မှာပဲရှိတော့  ၆ နာရီ ၄၅ မိနစ် ရထားကိုစီးရင် ၇ နာရီ ၄၀ ကွက်တိရောက်နိုင်ပေမဲ့ ၆ နာရီ ၂၀ မိနစ်ရထားက တခုခုဖြစ်လို့ နောက်ကျသွားခဲ့ရင် ၆ နာရီ ၄၅ မိနစ်ရထားနဲ့ မှီနိုင်သေးတာကြောင့် ၆ နာရီ ၂၀ ရထားပဲစီးဖို့ ဆုံးဖြတ်လိုက်တော့တယ်။ အိမ်ကနေ  ဝေါထရိတ်စင်တာအထိ PATH ရထားစီး ဝေါထရိတ်စင်တာကနေ တရုတ်တန်းကို R ရထားစီး။ ရထားကနေ ၁၀ မိနစ်လောက်လမ်းလျှောက်တော့ ခရီးသွားမဲ့လူအုပ်ကြီးကို တွေ့ရတယ်။ ခရမ်းရောင်အင်္ကီျဝတ်ထားတဲ့ တိုးဂိုက်ကို မေးကြည့်တော့ ကိုယ့်တိုးဂိုက်တဲ့။ ချက်ကင်ဝင်ပြီးတဲ့ အချိန်က ၇ နာရီ ၁၅ မိနစ်။ ဝိုင်းကို မေးကြည့်တော့ လာနေပြီတဲ့ ၇ နာရီ ၃၅။ ဝိုင်းက 6 ရထားပေါ်မှာ တဘူတာအဝေးမှာ ရထားက ရုတ်တရက် ရပ်သွားလို့တဲ့။ ၇ နာရီ ၄၅ မိနစ် ခေါင်းကိုချာလပရမ်း တောင်ကြည့်မြောက်ကြည့် ပျာယိပျာယာနဲ့ ဝိုင်း ရောက်လာတယ်။ ဝိုင်းက အာဖရိကတိုက်က တိုဂို၊ အာရှက ကာဂျီကစ်စတန်၊ ဥရောပက အောစတီးရီးယားဖက်ကို တလလောက်အလုပ်ကိစ္စနဲ့ သွားနေရတာ ရှေ့တပတ်ကမှ နယူးယောက်ကို ပြန်ရောက်လာတာ။ သူ့အလုပ်အကြောင်း၊ ကျောင်းအကြောင်းတွေကိုမေး။ ဝိုင်းက နယ်သာလန်က နာမည်ကြီးကျောင်းမှာ ပါရဂူဘွဲ့ကို တက်နေတာ မနှစ်ကတည်းက။ သူ့အတန်းဖော်တွေက ကိန်းဘရစ်ချ်၊ အောက်စဖို့ဒ်၊ ကိုလံဘီယာကျောင်းဆင်း၊ ရာထူးကြီးကြီး၊ high profile တွေဆိုတော့ ယိုးဒယားက AIT တက္ကသိုလ်နဲ့ ESCP Europe Paris ကနေ မာစတာရထားတဲ့ ဝိုင်းက မျက်နှာငယ်တယ်တဲ့။  ပါရဂူစာတမ်းတင်ဖို့၊ ပရော်ဖက်ဆာရဲ့လက်ချာတက်ဖို့နဲ့ ၄ လတခါလောက် နယ်သာလန်ကို သွားရတယ်။


ပါရဂူဘွဲ့က ၄ နှစ်လောက် တက်ရမှာတဲ့ ကိုယ်လား မာစတာကိုတောင် ဂျွှမ်းပစ်နေအောင် တက်ခဲ့ရတာ ပါရဂူဘွဲ့ဆိုရင်တော့လား။ ကလေး ၃ ယောက်၊ အလုပ်တဖက်၊ မာစတာ ၃ ခု၊ ခုလည်း ပါရဂူဘွဲ့ဆက်တက်နေတဲ့ အစ်မတစ်ယောက်ကိုတော့ လုပ်နိုင်ပါပေတယ်လို့ ချီးကျူးမိတယ်။ ဝိုင်းရဲ့အလုပ်က ခရီးတွေသွားရတော့ အားကျမိပေမဲ့ သူ့လို ခရီးသွားနိုင်ဖို့ဆိုတာ ကျန်းမာပြီး ခံနိုင်ရည် အတော်ရှိမှဖြစ်မှာ။ ရောက်ပြီးနောက်နေ့ ပရောဂျက်တွေစလုပ်၊ စာတမ်းတွေကိုစစ်၊ နယ်တွေကွင်းဆင်းနဲ့။ မတူညီတဲ့နိုင်ငံ၊ အချိန်နာရီကွာခြားချက်၊ ရာသီဥတုကို ခံနိုင်ဖို့ဆိုတာ အတော်မလွယ်တာဘဲ။ အာဖရိကမှာ နွှေ၊ ကာဂျီကစ်စတန်မှာ ဆောင်း၊ သြစတီးယားမှာ နွှေဦး။ ကိုယ်သာဆိုရင် ဂျက်လက်တပတ်လောက် ဖြစ်နေတာနဲ့ အလုပ်လုပ်နိုင်မှာ မဟုတ်တော့ဘူး။ ခရီးသည်အစုံရောက်နေပုံပေမဲ့ ကားကမရောက်သေးဘူးနဲ့တူတယ်။ မနေ့ကတည်းက ရထားမှာ လူရှင်းနေတယ် ဒီနေ့လူတွေ ခရီးစထွက်ကြတော့ လမ်းတွေပိတ်နေမှာ။ မုန်တိုင်းရှိလို့ လေယာဉ်တွေ နောက်ကျကုန်တယ်တဲ့ ဆူနမ်တို့ အဆင်ပြေရဲ့လားမသိ။ တိုးဂိုက်က ဝိုင်းဆီ မတ်ဆေ့ပို့တယ်တဲ့ သူ့မတ်ဆေ့ကို ရလားလို့ မေးတယ်တဲ့။ ဝိုင်းက မတ်ဆေ့တော့ မရဘူး ခရီးအတူသွားမဲ့ သူငယ်ချင်းက ပို့ပေးလို့ရတယ်။ မနက် ၇ နာရီခွဲ ရောက်အောင်လာပါလို့ပြောလို့ မင်းပို့တဲ့မတ်ဆေ့ထဲမှာ ၇ နာရီ ၄၀ လို့ရေးထားတယ်။ စိတ်မပူနဲ့ ၇ နာရီ ၄၀ ရောက်အောင်လာမှာ ၇ နာရီ ၃၀ လို့တော့ မပြောနဲ့။ ဝိုင်းက အဲဒီလို အချိန်တိကျတယ်။

ကိုယ့်အလုပ်အသစ်အကြောင်း၊ ဗီဇာကိစ္စတွေအကြာင်း၊ မိသားစု၊ သူငယ်ချင်းတွေအကြောင်းပြောပြီး စောင့်နေလိုက်တာ ကားက ၈ နာရီ ၁၀ မိနစ်မှ ရောက်လာတယ်။ ဒီနေ့ သူတို့ကုမ္ဗဏီက ကား ၂၈ စီးထွက်တယ်တဲ့ ဖလပ်ရှင်းဖက်ကနေ လာတဲ့သူတွေကို ကြိုပို့လုပ်ပေးပြီး လမ်းမှာကားပိတ်နေလို့ ကြာနေတာပါတဲ့။ ပထမဆုံးနေ့မှာတော့ ကွန်နက်တီကပ်ပြည်နယ်က ရေနွှေးငွေ့မီးရထား၊ ဘုတ်သင်္ဘော၊ Rode Island ပြည်နယ်က တိရစ္ဆာန်ဥယျာဉ်၊ ဒုတိယနေ့မှာ မက်ဆာချူးဆက်ပြည်နယ်က ဝေလငါးကြည့်တဲ့ခရူသင်္ဘော၊ တတိယနေ့မှာတော့ Marthas Vineyard ကိုသွားလည်ကြမယ်။ တိုးခရီးစဉ်ကို ဘွှတ်ကင်လုပ်တုန်းက ကျသင့်ငွေက ဟိုတယ်ခ၊ ကားခပဲ ပါဝင်ပြီးတော့ ခုမှဝင်လည်မဲ့နေရာတွေရဲ့ ဝင်ကြေးငွေကို ကောက်ပါတယ်။ တိုးဂိုက်နဲ့ကားဒရိုင်ဘာခက တနေ့ကို ၈ ကျပ်၊ ၃ ရက်စာ ၂၄ ကျပ်ကို ခရီးစဉ်နောက်ဆုံးနေ့မှ ကောက်ပါတယ်။ ကားမှာအိမ်သာပါပေမဲ့ အရေးပေါ်မှသုံးပါမယ်တဲ့ ၂ နာရီတခါ Rest Area တွေမှာ အိပ်သာအတွက် ကားခဏရပ်နားပါတယ်။ တိုးဂိုက်က သူ့ဖုံးနံပါတ်နဲ့ ကားနံပါတ်ကို မှတ်ခိုင်းပြီး အချိန်မှီပြန်လာဖို့ မှာကြားပါတယ်။ မနက် ၅ နာရီခွဲကတည်းက အိပ်ယာထပြီး ခရီးထွက်ဖို့ ပြင်ဆင်ရတော့ မနက်စာစားချိန် မရှိလိုက်ဘူး။ ခုမှပဲ ထောပတ်သီးကြက်ဥမီးကင် ထုတ်စားရတယ်။ အဲဒီနည်းက မကြီးသင်ပေးခဲ့တာ လုပ်ရတာလွယ်သလို ပရိုတင်းဓာတ်တွေ ပြည့်ဝတော့ ထောပတ်သီး၁လုံး ကြက်ဥ ၂ လုံးစားထားရင် ဗိုက်ကိုတင်းနေတာပဲ နေ့လည်စာတောင် သိပ်မဆာဘူး။


ထောပတ်သီးအစေ့ကိုထုတ်၊ အသားကိုဇွှန်းနဲ့နည်းနည်းခြစ်၊ ကြက်ဥဖောက်ထည့်၊ ဆား၊ ငရုတ်ကောင်း နည်းနည်းဖြူး၊ မိုက်ခရိုဝေ့စ်ထဲ  ၂ မိနစ်လောက်ဆိုရင် ရပြီ။ ဝိုင်းက လောကကြီးက ကျဉ်းကျဉ်းလေးဆိုတာ အမှန်ပဲ သူနဲ့အစည်းဝေး၊ သင်တန်းတွေမှာ ငါးခါလောက်ဆုံဖူးတဲ့ အာဖရိကန်တစ်ယောက်နဲ့ တိုဂိုမှာ ပြန်ဆုံတယ်တဲ့။ သူ့ဟိုတယ်ကနေ ရုံးကိုလမ်းလျှောက်သွားရင် တွေ့ရတဲ့အဆောက်အဦးကြီးက နာမည်ကျော်အာဖရိကဘဏ်တစ်ခု။ မတ်ဆေ့တွေပို့ နှုတ်ဆက်တော့ အဲဒီအဆောက်အဦးကြီးမှာ အလုပ်လုပ်နေတာတဲ့။ ဝိုင်းအတွက် လက်ဆောင်အဖြစ် တိုဂိုနိုင်ငံထွက် စလင်းဘတ်အိတ်၊ အုန်းသီးခြောက်မုန့်တွေ ပေးလိုက်တယ်။ စလင်းဘတ်အိတ်က အရာင်တွေက မြင်လိုက်တာနဲ့ အာဖရိကကမှန်း သိသာတယ်။ အုန်းသီးခြစ် မီးကင်လေးကတော့ ကြွှပ်ရွှနေပြီး အတော်စားကောင်းတယ်။ သူ့မှာ သမီးတစ်ယောက်ရှိတယ် နောက်ထပ်ကလေးမယူတော့ဘဲ သူ့သမီးရဲ့ပညာရေးကို အကောင်းဆုံးဖြစ်အောင် ပံ့ပိုးမယ်တဲ့။ သူက လူကသာအမည်း အတွေးအခေါ်ကတော့ အဖြူတွေအတိုင်းပဲ။ အာဖရိကန်အများစုက တတ်နိုင်သမျှ ကလေး‌မွေးကြတာကိုး။ ခဏကြာတော့ တရေးမှေးနေတာ တိုးဂိုက်က Rest Area ရောက်ပါတော့မယ် ၁၀ နာရီ ငါးမိနစ်ကျရင် ကားဆီပြန်လာပါလို့ ကြေငြာတော့ ဆင်းဖို့ပြင်ဆင်နေတာ ဆယ်မိနစ်ကြာလည်း Rest Area မရောက်သေးဘူး။ ဘယ်လိုပါလိမ့် ၁၀ နာရီ ၁၀ မိနစ်မှ Rest Area ရောက်ပြီး ဆယ်ငါးမိနစ် အချိန်ပေးတယ်တဲ့။ ဝိုင်းက သူလည်း အဲဒီလိုကြားတယ်တဲ့ ဒီတိုးဂိုက်ရဲ့ အင်္ဂလိပ်စကားက မလွယ်ကြောဘဲ သတိထားရမယ် သေချာအောင် ထပ်မေးရလိမ့်မယ်။

အိပ်သာဝင် တိုးဂိုက်က နေ့လည်စာကို Rest Area ကနေဝယ်နော် ဘုတ်သင်္ဘောမှာ ဈေးကြီးတယ် ဟော့ဒေါ့တစ်ခုကို ငါးကျပ်တောင် ပေးရတာလို့မှာတယ်။ Rest Area က ဆိုင်တွေက ဒိုးနက်၊ ပီဇာ၊ ပေါင်မုန့်တွေကို မစားချင်တော့ သယ်လာတဲ့ မုန့်တွေပဲ စားတော့မယ်။ ၃ ရက်ခရီးအတွက် အဝတ်အစားထုပ်က ကျောပိုးအိတ်သေးသေးလေး အဲ ရိက္ခာထုပ်ကတော့ ငါးပေါင်ကျော်လောက် လေးတယ်။ ပထမဆုံး သွားရောက်လည်ပတ်တဲ့ နေရာကတော့ နယူးယောက်ကနေ အရှေ့မြောက်ဖက်စူးစူး မိုင် ၁၁၀၊ ၂ နာရီလောက်မောင်းရင် ကွန်နပ်တီကပ်ပြည်နယ် Essex မြို့လေးကနေ နေ့လည် ၂ နာရီထွက်မဲ့ ကျောက်မီးသွေးသုံး ရေနွှေးငွေ့နဲ့မောင်းတဲ့ ရှေးဟောင်းရထားကို စီးကြမှာပါ။ ကျောက်မီးသွေးသုံး ရေနွှေးငွေ့နဲ့မောင်းတဲ့ရထားဆိုတာ သမိုင်းမှာ သင်ခဲ့ဖူးတာ ခုတော့ တကယ်စီးဖူးတော့မယ်။
၁၉၇၁ ခုနှစ်ကတည်းက ပြေးဆွဲနေပြီး Essex မြို့ကနေ ကွန်နက်တီကပ်မြစ်အတိုင်း ၁၂ မိုင် ခရီးက သာယာလှပတဲ့ရှုခင်းတွေကို မြင်တွေ့ရမှာပါတဲ့။ ခေါင်းကနေ ရေနွှေးငွေ့မီးခိုးတွေ တထောင်းထောင်းထနေတဲ့ ရထားကြီး ဝင်လာတာကို ဓာတ်ပုံရိုက်။ ရထားခေါင်းကို သွားရှာတော့ မရှိတော့ဘူး တဖက်ခေါင်းဖက်ကို ရောက်နေတယ်။ ရထားခေါင်းနဲ့ ဓာတ်ပုံရိုက် ကိုယ်တို့စီးရမဲ့အတွဲက ၅၀၁ ရထားတွဲငါးတွဲလောက်ပဲပါတယ်။ ရထားက အတော်ကျယ်ဝန်ပြီး သစ်သားခုံတွေနဲ့ဟိုးအရင်ခေတ်က အငွေ့အသက်ကို ခံစားရတယ်။ လမ်းတလျှောက် မြင်ကွင်းတွေက အတော်စိမ်းလန်းတယ် ကျော်ဖြတ်သွားတဲ့ မြို့အကြောင်းတွေ ရှင်းပြတယ်။


သင်္ဘောတွေမှ အများကြီး အရင်တုန်းက ရေလမ်းခရီးကြောင့် အတော်စည်ကားခဲ့တဲ့ မြို့တွေပေါ့။ သင်္ဘောဘုတ်ဆိပ်မှာ ရပ်ပေးတော့ ဆင်းကြပြီး သင်္ဘောစီးဖို့ လက်မှတ်ပြ ဒုတိယထပ် ရှေ့ဆုံးနားလောက်က အစွန်ဆုံးခုံမှာထိုင်။ ကွန်နက်တီကပ်မြစ်ကို ဆန်တက်ပြီး ဘေးပတ်ဝန်းကျင် ရှုခင်းတွေက သာယာတယ်။ စပိဘုတ်သင်္ဘောတွေ ဖြတ်သွားတဲ့အခါ လှိုင်းကြောင့် သင်္ဘောယိမ်းတယ်။ ငါးမျှားနေတဲ့သူတွေ၊ စပိဘုတ်သင်္ဘောပေါ်က လူတွေက လက်ပြနှုတ်ဆက်တယ်။ သင်္ဘောပေါ်က လူတွေကလည်း လက်ဝှေ့ယမ်း နှုတ်ဆက်တယ်။ မြစ်ရေပြင်က ကြည်စိမ်းနေသလို ဘေးပတ်ဝန်းကျင်ကလည်း သစ်ပင်တောတောင်တွေနဲ့ စိမ်းလန်းတယ်။ ဟိုအရင်တုန်းက မြစ်ရေက ညစ်ညမ်းလွန်းလို့ နယူးယောက်တိုင်းမ် သတင်းစာမှာတောင် ပါတယ်တဲ့။ နောက်တော့ ဝိုင်းဝန်းကြိုးပမ်းဆောင်ရွှက်ကြလို့ သန့်ရှင်းသွားပေမဲ့ မြစ်ရေကို ဒီအတိုင်းသောက်လို့ မရပါဘူးတဲ့။ သတ်မှတ်ထားတဲ့ မိုင်နှုန်းထက် ပိုမောင်းတဲ့သင်္ဘောကို ဖမ်းပြီးဒဏ်ရိုက်ပါသတဲ့။ သင်္ဘောအရှိန်လျှော့ရတဲ့အကြောင်းရင်းက ဆိပ်ကမ်းမှာသင်္ဘောတွေ ရှိတဲ့အခါ လှိုင်းအရှိန်ကြောင့် မှောက်ကုန်မှာစိုးလို့တဲ့။ ဟိုင်းကြီးကျွှန်းသူ ကိုယ်ကတော့ ဒီလိုသင်္ဘော စီးနေကြဆိုတော့ မထူးဆန်းဘူးပေါ့။ ရဲတိုက်ဆိုလို့ ကြည့်လိုက်တာ့ ခေါင်မိုးမရှိသေးတဲ့ ခနော်ချိတဲ့တဲ့ crappy ရဲတိုက်၊ ခရီးစဉ်ရှင်းပြသူက သူတို့သင်္ဘောမှာ အစားအသောက်၊ ရေ၊ အအေး၊ ဘီယာ၊ အကောင်းဆုံးဟော့ဒေါ့ကို အောက်ထပ်က ကောင်တာမှာ ရနိုင်ပါတယ်လို့ ကြေငြာတော့ ဘယ်ကသာ ဈေးအကြီးဆုံးဟော့ဒေါ့ဆိုပြီး တိုးတိုးလေး ဟားကြသေးတယ်။ သင်္ဘောခရီးစဉ်က ၁ နာရီခွဲကြာပြီး သင်္ဘောဆိပ်ပြန်ရောက်တော့ ရထားက ရောက်နှင့်နေပြီ။

ရထားပေါ်ပြန်တက် Essex မြို့ဆီ ပြန်တဲ့လမ်းမှာ Treasure Haunting ဂိမ်းကစားကြတယ်။ သင့်ရဲ့ဘယ်ဖက်ခြမ်းမှာ တံတားတစ်ခုကို ရှာဖွေတွေ့ရှိနိုင်မလား၊ သေသေချာချာ ရှာကြည့်မှ တွေ့မှာပါ၊ ရောက်တော့မယ် မျက်စိကိုအစွမ်းကုန်ဖွင့်ပြီး သတိထားပြီးရှာပါ ဟော တွေ့ပြီ ဟိုမှာတံတား။ နောက်တစ်ခုက သင့်ရဲ့ညာဖက်ခြမ်းမှာ နှင်းကျုံးတဲ့ကားကို ရှာပါ သေသေချာချာရှာဖွေမှ တွေ့မှာပါ အဲဒီနှင်းကျုံးကားက သာမန်နှင်းကျုံးကားတော့ မဟုတ်ပါဘူး City of Connecticut လို့ ရေးထားပါတယ်။ မျက်စိပြူးနေအောင် ရှာဖွေတော့ တွေ့တယ်။ သင့်ရဲ့ညာဖက်ခြမ်းမှာ သံဆိုင်ဘုတ်တစ်ခုကို ရှာဖွေပါ --- လို့ ရေးထားပါတယ် ချုံပုတ်တွေအောက်မှာ ကွယ်နေတော့ သေသေချာချာ ရှာဖွေမှ တွေ့မှာပါ။ ကလေးတွေတင် မကပါဘူး ကိုယ်တို့လည်း အဲဒီဂိမ်းကို ပါဝင်ကစားတယ်။ ဂိမ်းပါဝင်ကစားတဲ့ ကလေးတွေ ဘူတာမှာ အမှတ်တရပစ္စည်း ထုတ်ယူနိုင်ပါတယ်တဲ့။ ရထားတစ်စီးလုံး ခရီးသည်အပြည့်ပဲ ရေနွှေးငွေ့ရထားစီးရတဲ့ အတွေ့အကြုံအသစ်တစ်ခုပေါ့။ ကားပေါ်ရောက်တော့ ဗိုက်ဆာနေပြီ ပါလာတဲ့ ကြက်ဥပြုတ် ၃ လုံး၊ မုန့်တွေစား၊ ဝိုင်းက အာလူးကြော်ထုပ်ကို ယူသွားရမှာ သင်္ဘောစီးတဲ့အချိန်မှာ စားဖို့တဲ့။ ညနေ ၄ နာရီခွဲနေပြီမို့ Rode Island ပြည်နယ်က Roger William Zoo Park ကို မဝင်တော့ဘူးတဲ့။ တိရစ္ဆာန်ရုံက ၇၅ မိုင် တစ်နာရီအဝေးမှာရှိတာမို့ ညနေ ၅ နာရီခွဲမှရောက်မှာ။ ည ၆ နာရီမှာ တိရစ္ဆာန်ရုံပိတ်မှာဆိုတော့ နာရီဝက်တည်းနဲ့ သွားလည်ဖို့ အကျိုးမရှိတာနဲ့ ဝင်မလည်တော့ဘူး။ တိရစ္ဆာန်ရုံဝင်ခတွေ ပြန်ပေးမယ် ဘော်စတွန်ကွန်စီဈေးမှာ ဈေးဝယ် ညနေစာစားကြမယ်။ ကွန်စီဈေးမှာ ညစာစားပြီး ဈေးဝယ်ထွက်၊ နောက်နေ့ သင်္ဘော ၄ နာရီစီးပြီး ဝေလငါးသွားကြည့်တဲ့ အကြောင်းကတော့ အပိုင်း ၂ မှ ဆက်ပါဦးမယ်။

စန်းထွန်း
ဇွန် ၄၊ ၂၀၁၇။


No comments: