ဒီစီမှာ အလုပ်လုပ်နေတုန်း စနေနေ့ဆိုရင် ဒီစီကိုသွားလည်ပြီး National Air & Space Museum ၊ National Gallery of Art ၊ Samithsonian National Museum of National History ၊ Samithsonian National Musuem of American History ၊ United States Botanical Garden ၊ Library of Congress ၊ National Washington Cathedral ၊ White House ၊ Capitol တို့ကို သွားလည်ဖြစ်တယ်။ ဒါတောင် ကိုယ်မရောက်သေးတဲ့ ပြတိုက် ၂ ခု ကျန်သေးတယ်။ ဒီစီမှာ ကိုယ်သွားလည်တဲ့ နေရာတွေအကြောင်းတွေကို All about DC ပို့စ်စီးရီးလ်တွေအနေနဲ့ ၂၀၁၃ တုန်းက တင်ဖူးပါတယ်။ ဆူနမ်အကြိုက်ဆုံးနေရာက World War II Memorial ၊ ကိုယ့်အကြိုက်ဆုံးနေရာက ကယ်ပီတယ်နဲ့ ချယ်ရီပွဲတော် ကျင်းပတဲ့ Tidal Basin ။ ပန်းခြံနားမှာ ကားရပ်ပေးပြီး အိမ်ဖြူတော်ကို ၁၀ မိနစ်လောက် လမ်းလျှောက် အိမ်ဖြူတော်ရှေ့မှာ ဓာတ်ပုံရိုက်။ အရင်ဆို ခြံစည်းရိုးဘေးနားကနေ ဓာတ်ပုံရိုက်လို့ရပေမဲ့ ဒီတခါတော့ လမ်းတဖက်ခြမ်းကနေ ဓာတ်ပုံရိုက်ရတယ်။ ပုံမှန်ဆို လူကြိတ်ကြိတ် တိုးနေတတ်တဲ့နေရာ မနက်စောစောလည်းဖြစ်ပြန် ကိုယ်တို့တိုးကားတစ်စီးပဲရှိတော့ လူရှင်းနေတယ်။ တဖက်ခြမ်းက မန်မိုရီယမ်ကျောက်တိုင်နဲ့ ဓာတ်ပုံရိုက်။ အိမ်ဖြူတော်ကနေ တိုးကားဆီအပြန် လမ်းဘေးမှာ ရောင်းနေတဲ့ ဒီစီအမှတ်တရပစ္စည်းဆိုင်ကနေ တူတော်မောင်အတွက် ရှပ်အင်္ကီျလေး တစ်ထည်ဝယ်တယ်။ မန်မိုရီယမ်ကျောက်တိုင်ဘေး တဖက်တချက်က မြက်ခင်းပြင် အကျယ်ကြီး။ ဘောလုံးကစားတဲ့သူ၊ ချယ်ရီပွဲတော်ချိန်ဆို စွန်လွှတ်တဲ့သူ၊ အပြေးလေ့ကျင့်တဲ့သူ၊တိုးရစ်တွေနဲ့ အတော်စည်တဲ့ နေရာတစ်ခု။
ကက်ပီတယ်ကနေ လင်ကွန်းမယ်မန်မိုရီရယ်အထိကို နယ်ရှင်နယ်မောလ်လို့ခေါ် ပြီး အဲဒီမြက်ခင်းပြင်တလျှောက် စာအုပ်ပွဲတော်၊ တရုတ်ယဉ်ကျေးမှုပွဲတော်၊ သမ္မတကျမ်းသစ္စာခံယူပွဲတွေ ကျင်းပကြတယ်။ ဒီစီမှာ လည်စရာနေရာ တော်တော်များက နေရှင်နယ်မောလ်တလျှောက်မှာဆိုတော့ လမ်းလျှောက်လည်တာက ပိုအဆင်ပြေတယ် ရထားစီးနေရင်တောင် ပိုကြာသေးတယ်။ အနီရောင် capital bike share စက်ဘီးလေးတွေက ဒီစီမှာ လူသုံးများတယ်။ အဲဒီစက်ဘီးလေးတွေနဲ့ ဒီစီတခွင် လည်ပတ်နိုင်သလို ကိုယ်နဲ့နီးတဲ့နေရာကနေ ယူစီးပြီး ကိုယ်သွားမဲ့နေရာ အနီးမှာ စက်ဘီးကိုထားခဲ့လို့ရတော့ အဆင်ပြေတယ်။ နယူးယောက်မှာလည်း အပြာရောင်စီးတီးဘိုက်ခ် citi bike ရှိတယ်။ မက်ဟက်တန်မှာနေတဲ့သူတွေကတော့ စီးတီးဘိုက်ခ် သုံးကြတယ်။ မေရီလန်းမှာ နေတုန်းက စက်ဘီးဝယ်ပြီး Bike Trail လမ်းမှာ စက်ဘီးစီး ထွက်ချင်တာ။ ကိုယ့်ကားက sedan ဆိုတော့ စက်ဘီးတင်လို့မရဘူး။ ကားနောက်မှာ စက်ဘီးတင်တဲ့ mount က စက်ဘီးထက် ဈေးကြီးတယ်။ ကားအသစ်လဲရင် စက်ဘီးတင်လို့ရတဲ့ SUV ကားဝယ်မယ်လို့ စိတ်ကူးထားတာ နယူးယောက်မှာ အလုပ်ရတော့ ကားကိုရောင်းပြီး နယူးယောက်ကို ပြောင်းလာပြီးကတည်းက ကားမမောင်းတော့တာ သုံးနှစ်လောက်ရှိပြီ။အမေရိကန်ပြည်တွင်းစစ်ပြီးတော့ လူမည်းတွေကို ကျွှန်အဖြစ်ကနေ လွှတ်ငြိမ်းခွင့်ပေးခဲ့တဲ့ အမေရိကန်သမ္မတ အေဗရာဟမ်လင်ကွန်း အမှတ်တရ တည်ဆောက်ထားတဲ့ လင်ကွန်းမန်မိုရီယမ်မှာ တိုးရစ်တွေနဲ့ စည်ကားတယ်။
မာတင်လူသာကင်း သမိုင်းဝင် I have a dream မိန့်ခွန်းပြောကြားခဲ့တဲ့ လင်ကွန်းမန်မိုရီယမ်ရှေ |
၁၉၆၃ သြဂုတ် ၂၈ March on Washington for Jobs and Freedom ချီတက်ပွဲတုန်းက နေရှင်နယ်မောလ်တလျှောက် ထောင်သောင်းချီတဲ့ လူထုကြီးကို မာတင်လူသာကင်းဂျူနီယာက သမိုင်းတွင်တဲ့ I have a dream မိန့်ခွန်းကို လင်ကွန်းမန်မိုရီယမ်ရှေ့မှာ ဟောပြောခဲ့တာပါ။ Lincoln Memorial Reflection Pool ရေကန်ဘေးနားတလျှောက် လမ်းလျှောက် ဓာတ်ပုံတွေ ရိုက်ပြီးတော့မှ ကိုရီးယားစစ်ပြန် မန်မိုရီယမ် Korean War Veterans Memorial ကိုတွေ့တော့ ဓာတ်ပုံသွားရိုက်ဖို့ အချိန်မရှိတော့ဘူး။ အာကသပြတိုက်ရှေ့နားမှာ ခရီးသည်တွေကို ချပေးခဲ့ပြီး ကယ်ပီတယ်ရှေ့မှာ ဓာတ်ပုံရိုက်ကြတယ်။ တိုးခရီးသည်တွေက ခပ်ဝေးဝေးကနေ ရိုက်ကြပေမဲ့ ကိုယ်တို့ကတော့ ကယ်ပီတယ်ကို ရှင်းရှင်းလင်းလင်း မြင်ရတဲ့အထိ ယာယီတဲကိုတွေကိုကျော်လွန်ပြီး မြင်ကွင်းကောင်းတဲ့အထိ လမ်းလျှောက်ပြီး ဓာတ်ပုံရိုက်ကြတယ်။ ကယ်ပီတယ်က ကြည့်ရင်နီးသလိုနဲ့ အတော်ဝေးတယ်။ ဒါတောင် ကယ်ပီတယ်ရှေ့နားက Capitol Reflection Pool ရေကန်နားတောင် မရောက်သေးဘူး။ အာကာသအမျိုးသား ပြတိုက်ကတော့ အမြဲစည်းကားတယ်။ လကမ္ဘာကို သွားရောက်ခဲ့တုန်းက အကြောင်း၊ ကမ္ဘာမြေ အပါအဝင် ဂြိုလ်ကိုးလုံးနဲ့ နေစကြာဝဋ္ဌာ၊ လေယာဉ်ကို ပထမဆုံးတီထွင်တဲ့ Wright Brothers ၊ ပထမကမ္ဘာစစ်၊ ဒုတိယကမ္ဘာစစ်တုန်းက သုံးခဲ့တဲ့ လေယာဉ်တွေအကြောင်းနဲ့ စိတ်ဝင်စားဖို့ အရမ်းကောင်းတယ် အာကာသကို စိတ်ဝင်စားတဲ့သူမို့လားမသိ။ ကိုယ်သွားလည်ချင်တဲ့ နေရာတစ်ခုက အာကာသယာဉ်တွေ လွှတ်တင်တဲ့ ဖလော်ရီဒါပြည်နယ် အောလန်ဒိုမြို့နားက ကနေဒီအာကသစင်တာ။
ပတ်တိုးမတ်မြစ်အတိုင်း စုန်ဆင်းပြီး Ronald Reagan Washington National Airport ၊ Alexandria မြို့ဟောင်း၊ ပတ်တဂွန်တို့ကို မြင်တွေ့ရတဲ့ ပတ်တိုးမတ်ခရူစ်ကို မကြီးစီးနေချိန်မှာ ကိုယ်နဲ့အမေက ကမ်းမှာထိုင်စောင့်ကြတယ်။ နေ့လည် နေပြင်းတဲ့ အချိန်ဆိုတော့ နေလောင်ကာခရင်တွေ ထုတ်လိမ်း၊ အမိုးပြာအောက်မှာထိုင်နေပေမဲ့ ပူလောင်အိုက်စပ်နေတယ်။ ခရူစ်စီးဖို့ စောင့်နေတဲ့ အမေရိကန်စုံတွဲကတော့ အေးဆေးပဲ အမိုးမရှိတဲ့နေရာမှာ ထိုင်နေတယ်။ သူတို့ကို ကြည့်ရတာ နေပူထဲမှာ ထိုင်နေတာ မဟုတ်သလိုဘဲ။ ဝါရှင်တန်ဒီစီကနေ အရှေ့မြောက်ဖက်စူးစူး ဘာတီမိုးမြို့ကို ကျော်ဖြတ်ပြီး မိုင် ၁၅၃ ၊ ၂ နာရီ ခွဲလောက်မောင်းရင် ပန်ဆယ်ဗေးနီးယားပြည်နယ်က မြို့တော်ဟောင်း ဖီလာဒဲဖီးယားမြို့ကို ရောက်ပါတယ်။ Philadelphia ဆိုတာ City of Brotherly Love လို့ အဓိပ္ဗာယ်ရပါသတဲ့။ ဖီလာဒဲဖီးယားမြို့က အမေရိကန်သမိုင်းမှာ အရေးပါလှတဲ့မြို့ပါ။ ၁၆၈၂ William Penn က ပန်ဆယ်ဗေးနီးယားကိုလိုနီရဲ့ မြို့တော်အဖြစ် တည်ထောင်ခဲ့ပြီး Founding Fathers of US အမေရိကန်နိုင်ငံ ထူထောင်သူတွေ တွေ့ဆုံရာမြို့၊ ၁၇၇၆ ဗြိတိသျှလက်အောက်ကနေ ခွဲထွက်ပြီး Declaration of Independence လွှတ်လပ်ရေးကြေငြာစာတမ်း လက်မှတ်ရေးထိုးကြတဲ့မြို့၊ ၁၇၈၇ Constitution အခြေခံဥပဒေကို ရေးဆွဲကြတဲ့မြို့၊ နယူးယောက်ကို မြို့တော်တည်ချင်ပေမဲ့ ဗြိတိသျှရေတပ် လာတိုက်မှာ စိုးရိမ်လို့ ဝါရှင်တန်ဒီစီကို မြို့တော်အဖြစ် ရွေးခဲ့တာပါတဲ့။ ဝါရှင်တန်ဒီစီကို မြို့တော်အဖြစ် တည်ဆောက်နေတုန်းမှာ ဖီလာဒဲဖီးယားမြို့ကို ယာယီမြို့တော် ဖြစ်ခဲ့ပါတယ်။ လွှတ်လပ်ရေးကြေငြာတုန်းက တီးခဲ့တဲ့ လွတ်လပ်ရေးခေါင်းလောင်းနဲ့ လွတ်လပ်ရေးခန်းမ ရှိပါတယ်။
Philadelphia Museum of Art ပြတိုက်ရှေ့က လှေကားထစ်တွေကို မရပ်မနားပြေးတက်ပြီး လက်နှစ်ဖက်ကိုမြှောက် ကြွေးကြော်တဲ့ နာမည်ကျော် စတားလုန်းရဲ့ Rocky ရုပ်ရှင်က ဖီလာဒဲဖီးယားမြို့မှာ ရိုက်ကူးခဲ့တာပါ။ ၂၀၁၄ ဖီလာဒဲဖီးယားကို သွားလည်တုန်းက ပြတိုက်ရှေ့မှာ Rocky စတိုင်အတိုင်း ဓာတ်ပုံရိုက်နေတာ တွေ့ခဲ့တယ်။ ကိုယ့်လိုပဲဆိုလိုခရီးထွက်လာတဲ့ အိန္ဒိယနိုင်ငံသား ဆရာဝန်အဘိုးကြီးက ပြတိုက်နားမှာ ရော့ကီရုပ်တုကို တွေ့ခဲ့ပေမဲ့ ကိုယ်ကတော့ မတွေ့ခဲ့ဘူးရယ်။ ကိုယ်တို့ရုံးက ဂျူနီယာပရောဂျက်မန်နေဂျာလေးက University of Pennsylvania တက္ကသိုလ်ထွက်တဲ့။ လွတ်လပ်ရေးခန်းမရှေ့မှာ ဓာတ်ပုံရိုက် ခန်းမထဲဝင်မလို့ တန်းစီနေတဲ့လူတွေကို မေးကြည့်တော့ ဝင်ကြေးအခမဲ့ တန်းစီနေတဲ့လူတန်းက အရှည်ကြီးဆိုတော့ မဝင်တော့ဘူး။ ၂၀၁၅ အဖေ၊ အမေတို့နဲ့ လာတုန်းက လွတ်လပ်ရေးခေါင်းလောင်းကို ပိုက်ဆံပေးမှ ဝင်ကြည့်လို့ရတယ်ထင်လို့ မဝင်ခဲ့ဘူး။ တုံးလိုက်ပုံများ သူများတွေကို မေးကြည့်တာ မဟုတ်ဘူး ဒါတောင် ၂၀၁၄တုန်းက တစ်ခေါက်ရောက်ဖူးထားတယ်။ ကိုယ့်ကိုကိုယ် မှတ်ညဏ်ကောင်းတယ်လို့ ထင်နေတာ ဒီတခါတော့ လွဲသွားပြီ။ လွတ်လပ်ရေးခေါင်းလောင်းကို အပြေးအလွှားဝင်ကြည့်။ ဖီလာဒဲဖီးယားကနေ အရှေ့မြောက်စူးစူး မိုင် ၉၆ ၊ ၂ နာရီသာသာမောင်းရင် နယူးယောက်ကို ရောက်ပါတယ်။ နယူးယောက်ရောက်တော့ ည ၈ နာရီ မြေအောက်ရထား ၄၅ မိနစ်လောက်စီး အိမ်ရောက်တော့ ည ၉ နာရီ။ အမေက မနှစ်တုန်းက ဘော်စတွန်ကို ရောက်ဖူးတယ် မကြီးက မရောက်ဖူးသေးဘူး လိုက်ပို့မလို့ဟာ ဘာတွေလုပ်နေလို့လဲမသိ မရောက်ဖြစ်ဘူး။ ဇူလှိုင်လကုန်မှာ နယူးဂျာဆီဖက်ကို ပြောင်းလာတယ်။ အိုင်အိုဝါ၊ အင်ဒီးယားနား၊ အိုဟိုင်းရိုး၊ ကန်တက်ကီ၊ မေရီလန်း၊ ဝါရှင်တန်ဒီစီ၊ နယူးယောက်ပြီးရင် ကိုယ်နေဖူးတဲ့ ၈ ခုမြောက်ပြည်နယ် ဆိုပါတော့။
The Beatles အဖွဲ့ထဲက အဆိုတော် John Lennon ရဲ့ Imagine အမှတ်တရ Central Park , New York |
Central Park |
သမီးတွေနဲ့ နေရတာပျော်ပေမဲ့ အဖေတစ်ယောက်တည်း ဘိုးဘိုးကို ပြုစုနေရတာကို စိတ်မချတော့ အမေက ပြန်ချင်တယ်။ ပြန်ဖို့လူကြုံရှာတော့ တချို့လူကြုံတွေက ပိုက်ဆံပေးရတယ်တဲ့။ အမေက ဘာလို့ပိုက်ဆံပေးရမှာလဲ ကိုယ့်ဘာသာပြန်မယ်တဲ့။ ကိုယ်က အမေက ဖုန်းလည်း မခေါ်တတ်နဲ့ ဘယ်လိုလုပ်ဖြစ်မှာလဲ အဲဒါကြောင့် အဖေ့ကို အားမကိုးဘဲ ကိုယ့်ဘာသာ ဖုန်းခေါ်တတ်အောင် သင်ပါဆိုတာ ဘာညာ အခြေအတင်ငြင်းခုန်ကျတော့ အမေ မျက်ရည်ကျပြီး စိတ်မကောင်းဖြစ်တယ် နှစ်ရက်လောက် မျက်နှာမကောင်းဘူး။ ဖုန်းခေါ်တတ်ပါတယ် နိုင်ငံခြားကိုလည်း အခေါက်ခေါက် သွားဖူးနေတာပဲနဲ့ အမေ့ကို ပြန်ချော့ရတယ်။ သြဂုတ် ၁၇ အရင်အိမ်ရှင် ညီမလေးက ရန်ကုန်ကိုပြန်တော့ အမေ့ကို ထည့်ပေးလိုက်တယ်။ လေဆိပ်မှာ အမေက လူဝင်မှုကြီးကြပ်ရေးကောင်တာ ဖြတ်ပြီးပေမဲ့ အိမ်ရှင်ညီမလေး လက်ကေ့စ်အိတ်တွေ အဆင်မပြေလို့ မဝင်နိုင်သေးဘူး။ နောက်ဆုံး လက်မှတ်ပြပြီး ညွှန်တဲ့နေရာသွား ဂိတ်ပေါက်ကို အတော်အကြာကြီးစောင့် လေယာဉ်ထွက်ခါနီးမှာ အိမ်ရှင်ညီမလေး ရောက်လာတယ်။ အမေက အတော်စိတ်ပူသွားတာတဲ့ ဖုန်းခေါ်မလို့ စဉ်းစားသေးတယ်တဲ့။ လေယာဉ်လက်မှတ်မှာ ဂိတ်ပေါက်နံပါတ်၊ လေယာဉ်နံပါတ်၊ လေယာဉ်ပေါ် တက်ခါနီး စောင့်ရတဲ့ Group နံပါတ်တွေကို ကြည့်ပုံကြည့်နည်း သင်ထားပေးတဲ့အပြင် အင်္ဂလိပ်၊ မြန်မာ နှစ်ဘာသာနဲ့ ရေးပေးထားတဲ့ စာရွက်လည်းရှိတော့ အဆင်ပြေမှာပါ။ အမေ ရန်ကုန်ကိုပြန်သွားတော့ ကိုယ်တို့ညီအစ်မတွေ ပျင်းကျန်ခဲ့တယ်။
Central Park |
Alice in Wonderlands, Central Park |
မဟာစည် သာသနာ့ရိပ်သာ မနာလပန်မြို့ နယူးဂျာဆီပြည်နယ် |
ပိတ်ရက်တွေမှာ Brooklyn Botanical Garden Hight Line နယူးယောက်တခွင်လောက်ပဲ သွားဖြစ်တယ်။ အောက်တိုဘာ ၁၅၊ ၁၆ သစ်ရွှက်တွေ အရောင်ပြောင်းချိန် Fall Foliage ဗာမွန်ပြည်နယ် ခရီးစဉ်အကြောင်းကိုတော့ နောက်ပို့စ်တွေမှ တင်ပါဦးမယ်။ ၂၀၁၅ မှာ ဗာမွန်ပြည်နယ်ဖက်ကို ခရီးထွက်ဖူးပေမဲ့ ခုတစ်ခေါက်က သစ်ပင်တွေ အရောင်ပြောင်းချိန် peak time မှာ သွားတာဆိုတော့ ပိုလှတယ်။ နယူးဂျာဆီပြည်နယ် Bear Mountain ဝက်ဝံတောင်၊ မက်ဟန်တန်အထက်ဖက် ဂျော့ဝါရှင်တန်တံတားကို ကျော်ဖြတ်ပြီး ဟက်ဆန်မြစ်ကမ်းဘေးက Palaside Park မှာ Hiking ထွက်တဲ့အကြောင်းတွေကိုလည်း တင်ပါဦးမယ်။ အဲ လာမယ် ကြာမယ် ဆိုပါတော့။
Happy Traveling !
စန်းထွန်း
နိုဝင်ဘာ ၂၀၊ ၂၀၁၆။
မကြီးမွေးနေ့ Kang Ho Dong Baekjeong ဆိုင် ကိုးရီးယားတောင်း မက်ဟန်တန် |
ဂွျှန်အက်ဖ်ကနေဒီ နိုင်ငံတကာလေဆိပ် အမေ ရန်ကုန်ပြန်တဲ့နေ့ သြဂုတ် ၁၇ |