Summer Break...

ကိုယ့်မိဘတွေ ဂျွှန် ၁၆ ရက်နေ့မှာ မိုင်သောင်းချီ ခရီးနှင်လို့ ကိုယ့်ဆီကို လာပါတော့မယ်။  စတိတ်ကိုသွားမယ်လို့ ဆုံးဖြတ်လိုက်ပြီး ၂၀၁၀ ဒီဇင်ဘာမှာ ရန်ကုန်ကိုပြန်ပြီး မိဘ၊ သူငယ်ချင်းတွေကို နောက်ဆုံးနှုတ်ဆက်ခဲ့တာဆိုတော့ ကိုယ်အိမ်မပြန်တာ၊ ကိုယ်မိဘတွေနဲ့ မတွေ့ရတာ ငါးနှစ်ရှိပြီ။ ‌ချွှေတာရတဲ့ ကျောင်းသားဘဝဆိုတော့ လေယာဉ်ခ ပိုက်ဆံမတတ်နိုင်တာရော၊ မြန်မာပြည်ကိုပြန်ရင် ပြန်ဝင်ဖို့ ဗီဇာပြန်လျှောက်ရမှာရော၊ ကိုယ့်အလုပ် အဆင်မပြေတာတွေရောနဲ့ မပြန်ဖြစ်ဘူး။ ဗိုင်ဘာ၊ စကိုက် အင်တာနက်နဲ့ကျေးဇူးနဲ့ကြောင့် အဆက်အသွယ်မပြတ် ရှိနေခဲ့တာ။ နိုင်ငံခြားခရီးတွေ သွားဖူးနေတာတောင် စတိတ်ကို ပထမဆုံးအကြိမ် လာတဲ့ခရီးကတော့ စိတ်လှုပ်ရှားပြီး မှတ်မှတ်ရရ ရှိနေခဲ့တော့ မိဘတွေကို စိတ်ပူမိသား။ သုံးပတ်ခွင့်ယူပြီး အရှေ့ဖက်ခြမ်းက နိုင်အာဂရာရေတံခွန်၊ ဝါရှင်တန်ဒီစီ၊ ဖီလာဒဲပီးယား၊ ဘော်စတွန်၊ အနောက်ဖက်ခြမ်းက ကယ်လီဖိုးနီးယား၊ နီဗားဒါး၊ အိုင်ဒါဟို၊ ဝိုင်အိုမင်၊ ယူတာ့၊ အရီဇိုးနား ပြည်နယ်တွေကို ခရီးထွက်ဖို့ စီစဉ်ထားပါတယ်။ ဘလော့ပိတ်လို့ သုံးပတ်၊ တလလောက် summer break ယူဖို့ စိတ်ကူးထားပါတယ်။ ဒီကြားထဲမှာ ပို့အသစ်တွေ ရေးတင်ဖြစ်မှာ မဟုတ်ပါဘူး။ ခရီးကနေ ပြန်လာမှပဲ ကိုယ်သွားခဲ့တဲ့ တောလားတွေအကြောင်း၊ ကိုယ်မြင်တွေ့ခဲ့တာတွေ အကြောင်း ရေးတင်ပါဦးမယ်။ လာမယ် ကြာမယ် ဆိုပါတော့။

Happy Holidays ! Happy July 4th !

စန်းထွန်း
ဂျွှန် ၁၆၊ ၂၀၁၅။

My parents are waiting flight to NYC at Hong Kong International Airport.

I wonder ....



ကိုယ့်မှာ ဆန္ဒတစ်ခု ရှိနေခဲ့တယ် ကိုယ် သေဆုံးသွားခဲ့အခါ မျက်ကြည်လွှာ၊ နှလုံး၊ ကျောက်ကပ်၊ အသည်း လှုလို့ရတာ အကုန်လှုဒါန်းပြီး ခန္ဓာကိုယ်ကို သုတေသနလုပ်ငန်းအတွက် လှုဒါန်းချင်ခဲ့တာ။ မိသားစုက ခွင့်ပြုမပြုတော့ မသိ တချိန်ချိန်မှာတော့ ဖျောင်းဖြနှစ်သိမ့်နိုင်လိမ့်မယ်လို့ ထင်ပါတယ်။ ကိုယ့်နှလုံးကို လက်ခံရရှိတဲ့သူဟာ အကယ်၍များ မိန်းကလေး ဖြစ်နေခဲ့ရင် မျက်ခုံးထူထူ၊ နှာတံပေါ်ပေါ်၊ အသားညိုညို ၊ ပိန်သွယ်တဲ့ခန္ဓာကိုယ်၊ မြင့်မားတဲ့အရပ်အမောင်း၊ ကချင်လွယ်အိတ်အနီလေး လွယ်တတ်ပြီး စကားလုံးတွေနဲ့ ပစ်ပေါက်တတ်တဲ့ ကောင်လေးတစ်ယောက်ကိုများ ရင်ခုန်လေမလား။ နဖူးပေါ်ဝဲနေတဲ့ ရွှေရောင်ဆံပင်ညိုညိုလေးတွေကို ခေါင်းလေးငဲ့ကာ ခါယမ်းတတ်တဲ့၊ မျက်လုံးဝိုင်းဝိုင်းနက်နက်၊ စာအရမ်းတော်တဲ့ ကျောင်းသားတစ်ယောက်ကို စွဲလမ်းမိလေမလား။ မျက်ခုံးပါးလျလျအောက်က တည်ငြိမ်အေးချမ်းတဲ့ မျက်ဝန်းညိုညို၊ ပါးချိုင့်လေးတွေပေါ်အောင် အပြုံးချိုချိုလေးတွေ ပြုံးတတ်တဲ့၊ အရာရာကို အကောင်းဆုံးဖြစ်အောင် လုပ်တတ်တဲ့၊ သာမန်မထင်မရှား ရုပ်ရှည်ရှိတဲ့၊ စိတ်နှလုံးသား ကောင်းမွန်တဲ့ ကောင်လေးတစ်ယောက်ကို မြတ်နိုးနှစ်သက်နေလေမလား။ တီးလုံးသံသက်သက် သီချင်းတွေကို တခါတရံမှာ နားထောင်နေလေမလား။ လောကကြီးကို သိချင်စိတ် အပြည့်နဲ့ စူးစမ်းနေလေမလား။ သဘာဝတောတောင်ရေမြေကို နှစ်သက်ကာ တောင်ထိပ်ပေါ်ကနေ မြင်ရတဲ့ရှုခင်းကို စွဲလမ်းနှစ်သက်လေမလား။

သစ်ပင်တွေ အရောင်ပြောင်းတာ၊ အရွက်ကြွေတာကို ဂရုတစိုက် စောင့်ကြည့်တတ်လေမလား။ ပန်းပွင့်လေးတွေကို ငေးကြည့်နေတတ်လေမလား။ ကောင်းကင်ပြာပြာမှာ မျောလွင့်နေတဲ့ တိမ်ဆိုင်ဖြူဖြူတွေကို ငေးကြည့်ရင်း အတွေးတွေ ရွက်လွှင့်နေမလား။ စာအုပ်တစ်အုပ် အမြဲဆောင်ထားပြီး စောင့်နေရတဲ့အချိန်တွေမှာ စာဖတ်နေတတ်လေမလား။ ကြောင်လေး၊ ခွေးလေး၊ တိရစ္ဆာန်လေး၊ ကလေးတွေကို ချစ်တတ်လေမလား။ အလုပ်စားပွဲ ပန်းအိုးကနေ သစ်ရွက်စိမ်းကလေး ထွက်လာတာလေးကိုတောင် ပျော်နေတတ်လေမလား။ တစုံတယောက်ကို ချစ်နေမှန်း မသေချာလို့ ဦးနှောက်ကို စီတီစကန်ရိုက်ကြည့်ပြီး အချစ်ဟော်မုန်းတွေတွေ့ရင်တော့ ချစ်နေတာ သေချာမှာပေါ့ဆိုပြီး ခေါင်းကို စီတီစကန်ရိုက်ချင်တဲ့ ခပ်ကြောင်ကြောင် အတွေးတွေ တွေးနေမလား။ အများကြီးရှိဖို့ထက် တစ်ခုရှိရင် တော်ပြီလို့ တွေးနေလေသလား။ ဂါဝန်လှလှလေးတွေ နှစ်သက်ပေမဲ့ အများအားဖြင့် တီရှပ်နဲ့ ဂျင်းဘောင်းဘီကိုပဲ ဝတ်နေမလား။ ဦးထုပ်လှလှလေးတွေကို ဆောင်းရတာကို နှစ်သက်နေလေမလား။ စိတ်ပျော်ရွှင်တဲ့အခါ အစအဆုံးမဟုတ်ဘဲ ဟိုသီချင်းကတပုဒ်၊ ဒီသီချင်းကတပုဒ် ပေါက်ကရတွေ အော်ဟစ်နေလေမလား။ ချစ်သူနဲ့အင်္ကီျဆင်တူဝတ်ပြီး ဓာတ်ပုံရိုက်ဖို့ စိတ်ကူးယဉ်နေမလား။

ထီးမယူလာတဲ့နေ့မှာ ရုတ်တရက် မိုးရွာချတဲ့အခါ ချစ်သူရဲ့ဂျာကင်ကို ထီးလုပ်ပြီး မိုးရေထဲမှာ အတူတူပြေးလွှားရဖို့ကို စိတ်ကူးယဉ်မျှော်လင့်နေမလား။ ချစ်သူနဲ့ နားကြပ်တဖက်စီတပ်ပြီး နှစ်သက်တဲ့ သီချင်းတွေကို အတူတူနားထောင်ရဖို့ကို စိတ်ကူးယဉ်နေမလား။ သစ်တောအုပ်လေးထဲ ချစ်သူရဲ့ လက်ကလေးကို ဆုပ်ကိုင်လို့ လမ်းအတူတူ လျှောက်ရရင် သိပ်ကောင်းမှာလဲလို့ တွေးနေမလား။ ပင်လယ်ကမ်းခြေမှာ ချစ်သူနဲ့ စက်ဘီးအတူတူ စီးချင်လိုက်တာလို့ စိတ်ကူးယဉ်နေမလား။ ရေကန်ဘေးနားမှာ ပစ်ကနစ်ထွက်ပြီး ချစ်သူနဲ့ ဝစ်စပီး ဆော့ချင်လိုက်တာလို့ တွေးနေမလား။ ချစ်သူက ဓာတ်ပုံလှလှလေးတွေ ရိုက်တတ်တဲ့သူဆိုရင် ဘယ်လောက်ကောင်းမလဲလို့ တွေးနေမလား။
မြက်ခင်းစိမ်းစိမ်းလေးမှာ လဲလျောင်းရင်း နေရောင်နွေးနွေးလေးတွေ မျက်နှာပေါ်ဖြာဆင်းနေတာကို ခံယူရင်း ချစ်သူကို ငေးကြည့်နေလေမလား။ ကမ္ဘာပတ်ဖို့စိတ်ကူးယဉ်နေမလား။ သတင်းထောက်၊ အာကာသယဉ်မှုး ဖြစ်ချင်နေမလား။ ကိုယ့်နှလုံးသားကို လက်ခံရရှိတဲ့သူက ယောကျာ်းလေးဖြစ်နေရင် ဘယ်လိုမိန်းကလေးမျိုးကို ရင်ခုန်မှာပါလိမ့်။ ဘယ်လိုအတွေးတွေ တွေးနေမလဲ၊ ဘယ်လိုမျိုး စိတ်ကူးတွေ ယဉ်နေမှာလဲ။ တခါတလေတော့လည်း သိချင်မိသား။

စန်းထွန်း
ဂျွှန် ၁၃၊ ၂၀၁၅။

ဆုံစည်းခြင်း၏ အခြားဖက်၌...

အောင့်ကို ကိုယ်မတွေ့ရတာ တစ်နှစ်ကျော်ပြီ ကိုယ် တခြားမြို့မှာ အလုပ်ရလို့ ပြောင်းသွားတဲ့ အချိန်ကတည်းက ဆိုပါတော့။ တခါတလေ အောင်နဲ့ခပ်ဆင်ဆင်တူတဲ့ ကောင်လေးတွေကို တွေ့ရတဲ့အခါ အောင် ဘာတွေများ လုပ်နေပါလိမ့်လို့ သတိရမိသား။ အောင်များ ကိုယ့်ကို သတိရလေနေမလားလို့ ကိုယ် သိချင်မိသား။ ကိုယ် သိပါတယ် အောင်ဟာ အရာရာကို အကောင်းဆုံးဖြစ်အောင် ကြိုးစားတတ်တဲ့ ကောင်လေးတစ်ယောက်ဆိုတာ။ အောင့်ကို ဂျီမေးလ်၊ ဖေ့ဘွတ်၊ အီစတာဂရမ်၊ တွတ်တာ၊ ဗိုင်ဘာမှာ တွေ့ရပေမဲ့ ကိုယ်တို့တွေ စကားစမြည် မပြောဖြစ်ဘူး။ အောင်နဲ့ကိုယ်ဟာ သူငယ်ချင်းတွေဆိုပေမဲ့ အခင်ဆုံး၊ အချစ်ဆုံးသူငယ်ချင်းတွေတော့ မဟုတ်ခဲ့ဘူး။ အောင်နဲ့ကိုယ်ဟာ တတန်းတည်း အတူတူကျောင်းတက်ခဲ့ကြတဲ့ အတန်းဖော်သူငယ်ချင်း။ ဒါပေမဲ့ အောင်ဟာ ကိုယ်တို့သူငယ်ချင်း အုပ်စုထဲက မဟုတ်ဘူး။ ကျောင်းတုန်းက ကိုယ်က အောင့်ကို စိတ်မဝင်စားဘူး။ အောင်ကလည်း မိန်းကလေးတွေ စိတ်ဝင်စားလောက်အောင် ရုပ်ရည်ထူးထူးခြားခြား ချောမောမနေခဲ့ဘူး။ အောင်က အတန်းထဲမှာ စာတော်တဲ့ကျောင်းသားလည်း မဟုတ်၊ ကျောင်းမှာ ကျင်းပတဲ့အခမ်းအနားတွေမှာ တက်တက်ကြွကြွ ပါဝင်တာလည်းမရှိ၊ အားကစားလည်း မထူးချွှန်တဲ့ ဘာဆိုဘာမှ မထူးခြားလှတဲ့ သာမန်ယောကျ်ားလေးတစ်ယောက်။ ကျောင်းတုန်းက အောင် စိတ်ဝင်စားတဲ့ ကောင်မလေးရှိတယ်လို့ မကြားမိပါဘူး။ ကိုယ်တို့တွေကလည်း ရည်းစားထားဖို့ထက် စာအုပ်ကြားထဲ ခေါင်းစိုက်နေရတာတုန်း။

ကျောင်းပြီးလို့ အလုပ်အကိုင် ရှာဖွေကြတော့ အောင်အလုပ်ရတဲ့မြို့နဲ့ ကိုယ်အလုပ်ရတဲ့မြို့က တခြားစီ။ အဲဒီတုန်းက အလုပ်ထဲမှာ ကိုယ်သဘောကျနေတဲ့ ကောင်လေးတစ်ယောက်ရှိတယ်။ ကိုယ့်သူငယ်ချင်းတွေနဲ့ အောင်က မောင်နှမတွေလို ခင်မင်ကြတယ်။ သူတို့ဆီကို ကိုယ်က တလတခါ သွားလည်တတ်တယ်။ တခါတလေတော့လည်း ရေစက်ဆိုတာ ဆန်းကြယ်သား။ ပြန်တွေ့ကြလိမ့်မယ်လို့ ကိုယ်ဘယ်လိုမှ မျှော်လင့်မထားပေမဲ့ သူငယ်ချင်းအိမ်မှာနေပြီး ကိုယ်အလုပ်ရှာရဖို့ ဖန်လာတယ်။ အောင်ကလည်း မကြာခင်ကမှ အလုပ်ရှာဖို့ဆိုပြီး အဲဒီသူငယ်ချင်းအိမ်ကို ရောက်နေခဲ့တာ။ ကိုယ်ရောက်လာတော့လည်း ကိုယ်တို့သူငယ်ချင်းတွေ ကျောင်းတုန်းကလို တဝါးဝါးတဟားဟားနဲ့ပျော်စရာကြီး။ အောင်က ဟင်းချက်ကောင်းမှန်း ကိုယ်သိလိုက်ရတယ်။ အောင်လည်း အရင်တုန်းက ဟင်းချက်တတ်မယ်လို့ ကိုယ့်ဘာသာ မသိဘူးတဲ့။ ကျောင်းမှာ ပစ်ကနစ်အတွက် ဟင်းချက်ကြတော့မှ အောင်ဟင်းချက်ကောင်းမှန်း သိသွားတာတဲ့။ အောင့်လက်ရာ အတော်ကောင်းတယ်။ အောင့်ကြော်တဲ့ ငါးကြော်ဆို ကိုယ်တို့တွေ အမြဲတမ်း ပွဲတောင်းရတယ်။ အောင်က တကယ့်ငပျင်းလေး နေမြင့်အောင် အိပ်တတ်တယ်။ တခါတုန်းက ပန်းခြံထဲမှာ ဘာဘီကျူးကင်တော့ အောင်ပဲ လုပ်ကိုင်သွားတာပဲ။ အောင်က ကိုယ်တို့သူငယ်ချင်းတွေကြားထဲ တကယ်အားကိုးရတဲ့ သူတစ်ယောက်။

အောင်က ငါးမျှားဝါသနာပါတယ် ကိုယ်ကတော့ ငါးမျှားတံကို ငြိမ်ငြိမ်လေးကိုင်ပြီး စောင့်ဆိုင်းရတာကို စိတ်မရှည်တာ။ အသက်ကြီးလာလို့ တောင်တွေမတက်နိုင်တဲ့အခါ ငါးထိုင်မျှားဖြစ်လေမလားတော့မသိ။ စိမ်းညှို့နေတဲ့ ကန်ရေပြင်၊ ဦးထုပ်ငိုက်ငိုက်လေးဆောင်းပြီး ငါးမျှားနေတဲ့ အောင့်ကိုမြင်ရတာများ ပန်းချီကားတစ်ချပ်ကို ကြည့်ရသလိုပဲ။ အောင်ဟာ တခါတလေတော့လည်း အဲဒီလို လျှို့ဝှက်ပြီး သိရခက်တယ်။ သူငယ်ချင်းတွေက အောင်နဲ့ကိုယ့်ကို သဘောတူပြီး စကြရင် အောင်က တုပ်တုပ်မှမလှုပ်။ သူငယ်ချင်းအိမ်မှာ နှစ်လလောက်နေပြီး အောင်တို့မြို့နဲ့ မနီးမဝေးမှာ အလုပ်ရတော့ ပျော်လိုက်တာ။ ကိုယ် အောင့်ကို စိတ်ဝင်စားနေပြီလား။ တပတ်တခါ အောင်တို့ဆီကို သွားလည်းရင် အလွမ်းပြေတယ်။ အောင်တို့ဆီကို မသွားဖြစ်တဲ့အခါ အောင့်ကို လွမ်းနေမိတယ်။ ကိုယ်လွမ်းနေတာကို အောင်တယောက်ကတော့ သိမှသိပါလေစ။ အလုပ်အသစ်ရလို့  ခရစ်စမတ်ချိန်မှာ တခြားမြို့ကို ကိုယ်ပြောင်းရွှေ့ရတော့ ကိုယ့်မှာ ဝမ်းနည်းလိုက်တာ။ အောင်နဲ့တွေ့ရဖို့ဆိုတာ တကယ့်ကို မလွယ်တော့ဘူး။ ကိုယ့်အလွမ်းတွေလည်း တဖြည်းဖြည်း ပြယ်လွင့်သွားမလား။




မြို့အသစ်၊ အလုပ်အသစ်၊ အိမ်အသစ်၊ လူအသစ်တွေနဲ့ ကိုယ် အဆင်ပြေပါ့မလား။ သူငယ်ချင်းမိတ်ဆွေ တစ်ယောက်မှမရှိတဲ့ဒေသမှာ ကိုယ်ဘယ်လိုများ ရုန်းကန်နေပါလိမ့်လို့ အောင် စိတ်မပူဘူးလားလို့ ကိုယ်သိချင်မိတယ်။ အဆင်ပြေလားလို့ မေးလာတော့ ကိုယ့်မှာ ဝမ်းသာရသေးတယ်။ အောင်ရယ် စိတ်မပူပါနဲ့ ကိုယ်က အရာရာကို အကောင်းဆုံးဖြစ်အောင် ကြိုးစားတတ်တဲ့ မိန်းကလေးဆိုတာ အောင်ယုံကြည်တယ်မလား။ အီစတာဂရမ်မှာ ကိုယ်ဓာတ်ပုံတွေ မတင်ဖြစ်တော့ ကိုယ်သူငယ်ချင်းတွေက ဘာမှဖြစ်နေသလဲလို့ စိတ်ပူပြီးမေးလာတယ်။ အောင်ကတော့ နေနိုင်လိုက်ပါဘိ တခွန်းမှမေးဖော် မရဘူး။ လေးလခန့်အကြာမှာ အောင်တို့မြို့နဲ့ မနီးမဝေးမြို့မှာ အစည်းအဝေးတက်ဖို့ ကိုယ်လာခဲ့ပေမဲ့ အောင်က ခရီးသွားနေတော့ အောင်နဲ့ မတွေ့လိုက်ရဘူး။ ကိုယ် အောင့်ကို တွေ့ချင်လိုက်တာ၊ မြင်ချင်လိုက်တာ။ ကိုယ် အောင့်ကို ဘယ်အချိန်မှာ ချစ်မိသွားမှန်း မသိလိုက်ဘူး။ ကိုယ်သိလိုက်တဲ့အချိန်မှာ အောင်က ကိုယ့်နှလုံးသားထဲမှာ အတော်စိုးမိုးနေခဲ့ပြီ။ တကယ်တော့ အောင်နဲ့ကိုယ်က ခြားနားလွန်းတယ်။ ကိုယ်က ခေတ်မှီပွင့်လင်းတဲ့ မိသားစုမှာ ကြီးပြင်းခဲ့ပြီး အောင်ကတော့ ရိုးရာဓလေ့ ထုံးတမ်းစဉ်လာကို သိပ်အရေးပေးတဲ့ မိသားစုမှာ ကြီးပြင်းခဲ့တယ်။ အောင် လက်ထပ်မဲ့မိန်းကလေးဟာ သူ့မိဘတွေက သဘောကျနှစ်သက်တဲ့သူဖြစ်ဖို့ အရေးကြီးတယ်။ အောင်ဟာ နှလုံးသားထက် ဦးနှောက်နဲ့ရွေးချယ်မဲ့သူတစ်ယောက်။

ပြီးတော့ အောင်က ထက်မြက်တဲ့မိန်းကလေးကို လက်မတွဲချင်ဘူး။ အားကိုးခံချင်တဲ့ ယောကျာ်းသားမို့ သူ့လောက်မထက်မြက်တဲ့ မိန်းကလေးကိုပဲ လက်ထပ်ချင်ပါသတဲ့။ ကိုယ်ကသာ စိတ်လှုပ်ရှားနေရတာ အောင်က ကိုယ့်ကို နည်းနည်းကလေးမှ စိတ်ဝင်စားတဲ့ပုံ မရဘူး။ အောင် မိန်းကလေးသူငယ်ချင်းတွေနဲ့ ရိုက်ထားတဲ့ဓာတ်ပုံတင်ရင် ကိုယ့်မှာ အောင် ရည်းစားများ ရသွားပြီလား၊ ကိုယ်များနောက်ကျသွားပြီလားလို့ စိတ်ပူမိတယ်။ အောင် အရင်လို ဂစ်တာတွေ တီးနေတုန်းလား။ လွန်ခဲ့တဲ့တစ်လလောက်က ကိုယ် အောင်တို့မြို့မှာ အစည်းအဝေး သွားတက်တော့ အောင်နဲ့ဆုံဖြစ်တယ်။ တခြားသူငယ်ချင်းတွေက ခရီးသွားနေကြတော့ ကိုယ်တို့နှစ်ယောက်တည်း ပထမဆုံးတွေ့ဖြစ်တဲ့ အချိန်ဆိုပါတော့။ အောင်နဲ့တွေ့ရင် ဘယ်လိုနေမလဲ၊ အောင် ဘယ်လိုများ ပြောင်းလဲနေမိပြီလဲလို့ တွေးနေမိတယ်။ ကားပါကင်မှာ ရပ်ထားတဲ့ ကားအများကြီးထဲမှာ အောင့်ကားကို ချက်ချင်းတွေ့လိုက်တယ်။ ကိုယ့်နှလုံးသားက အောင်ရှိတဲ့နေရာကို တန်းသိတယ်နဲ့ တူပါရဲ့။ အောင်က အရင်အတိုင်း ဘာဆိုဘာမှ မပြောင်းလဲဘူး။ တွေ့တော့လည်း စကားတွေ ပြောလိုက်တာ ကိုယ်တို့တစ်နှစ်ကျော်လောက် အဆက်အသွယ် မရှိဘူးဆိုတာ မယုံနိုင်စရာဘဲ။

အောင် ပိန်သွားတယ်၊ ကြည့်ကောင်းလာတယ် ဝိတ်မနေတာ နှစ်လလောက် ရှိပြီတဲ့။ ကိုယ်ရည်စစ်သွားတော့ ဘာအဝတ်အစားဝတ်ဝတ် လိုက်ဖက်တယ်။ အရင်တုန်းက အောင်က ပြည့်ပြည်တစ်တစ်လေး အဲဒါကိုပဲ အောင်က ပိန်ချင်နေတာ ပိန်ဆေးသောက်ရတာနဲ့။ ခုတော့ တကယ်ပိန်သွားပြီ အောင် စိတ်ဝင်စားနေတဲ့ မိန်းကလေး ရှိနေပြီလား။ အောင် လှချင်နေတာ ဘာကြောင့်များပါလိမ့်။ နေ့လည်စာအတွက် စားသောက်ဆိုင်လေးခုလောက် အောင်ရွေးထားတာကို ကိုယ်က ထပ်ရွေးခြယ်ရတယ်။ သူငယ်ချင်းတွေအကြောင်း၊ အလုပ်အကြောင်း၊ မိသားစုအကြောင်း၊ သွားခဲ့ဖူးတဲ့ခရီးတွေအကြောင်းနဲ့ စကားတွေ အများကြီး ပြောဖြစ်တယ်။ အောင့်မျက်နှာလေး မြင်ရတာ ကြည်နူးလိုက်တာ ဒီလိုသာ အမြဲတမ်းတွေ့ရမယ်ဆိုရင် ဘယ်လောက်ကောင်းလိုက်မလဲ။ အရင်လိုပါပဲ အောင့်အပြုံးတွေက ချစ်စရာကောင်းနေဆဲ၊ အောင့်မျက်ဝန်းညိုညိုတွေက တောက်ပဆဲ၊ အမူအယာ အပြုအမူတွေ တည်ငြိမ်အေးဆေးဆဲ။ အောင့်ကို ကိုယ် မြတ်နိုးလိုက်တာ။ ကိုယ်က နေ့လည်စာစားပြီးရင် အနုပညာပြခန်းတစ်ခုကို သွားလည်ဖို့ စိတ်ကူးထားတာ အောင်က အောင်တို့အိမ်အနီးက ကိုယ်သွားလမ်းလျှောက်တတ်တဲ့ ပန်းခြံလေးကို ခေါ်သွားတယ်။ အောင် လေ့လာနေတဲ့ ဓာတ်ပုံပညာ၊ ကင်မရာတွေအကြောင်း ပြောဖြစ်တယ်။ အနားယူတဲ့ ဘိုတဲလေးရောက်တော့ တံတားဘောင်မှာ ခြေတွဲလွဲချထိုင်ပြီး အောင့်ကိုခေါ်တယ်။




ဆန်းကရင်မလိမ်းလာတဲ့အောင်က ဘိုတဲမှာပဲထိုင်နေတော့ ကိုယ့်မှာရယ်လိုက်ရတာ။ ကိုယ် အောင့်ဘေးနားသွားထိုင်တော့ စိတ်ထဲမှာပြီးပြည့်စုံသွားသလိုပဲ။ အောင်သာ အနားမှာရှိရင် ကိုယ့်စိတ်တွေ လုံခြုံစိတ်ချနွေးထွေးတယ်လို့ ခံစားမိတယ်။ အောင့်မျက်ဝန်းထဲမှာ ကိုယ်လိုချင်တဲ့ သံယောဇဉ် အငွေ့အယောင်တွေ တွေ့ရမလားလို့ ရှာဖွေကြည့်တော့ အောင့်မျက်ဝန်းထဲမှာ ဘာအငွေ့အသက် အရိပ်အယောင်မှ ရှိမနေခဲ့ဘူး။ အောင် ကိုယ့်ကို သူငယ်ချင်းတစ်ယောက်ထက် မပိုဘူးလား ကိုယ့်ကို နည်းနည်းကလေးမှ စိတ်မဝင်စားဘူးလား။ ပညာ၊ အလုပ်အကိုင် ပြည့်စုံနေပြီဖြစ်လို့ ကြင်ယာရှာဖို့ အောင့်မိဘ၊ မောင်နှမ၊ သူငယ်ချင်းတွေက တိုက်တွန်းကြတယ် ဆိုတဲ့အကြောင်း ကြားရတော့ ကိုယ့်မှာ သူတို့တွေကို စိတ်တိုလိုက်တာ။ အောင့်ဘာသာ အေးအေးဆေးဆေး နေတဲ့ဟာကို သူတို့တွေက အပူရှာခိုင်းနေတယ်။ အောင်က သူလက်ထပ်ချင်တဲ့ မိန်းကလေး မတွေ့သေးတဲ့အကြောင်း၊ အသက်ကြီးလာလို့ ရင်မခုန်တော့တဲ့အကြောင်း ကိုယ့်မှာ ဝမ်းသားရသေးတယ်။ လက်ထပ်ဖို့ အဆင်သင့် မဖြစ်သေးဘူးဆိုတဲ့ အောင်တစ်ယောက် ဘယ်တော့များမှ လက်ထပ်ဖို့ အဆင်သင့်ဖြစ်မှာပါလိမ့်။ အောင် ကိုယ့်ကို ရင်မခုန်ဘူးလားလို့ မေးချင်လိုက်တာ။ ဘယ်လိုမိန်းကလေးမျိုးကမှ အောင့်ရင်ကို ခုန်စေမှာလဲလို့ ကိုယ်သိချင်လိုက်တာ။ စမ်းချောင်းလေးကိုဖြတ်တော့ အောင် ကမ်းလင့်တဲ့လက်ကို ဆုပ်ကိုင်ခွင့်ရတော့ ကိုယ့်မှာ ဝမ်းသာလိုက်တာ။ ဒီလိုသာ အောင့်လက်ကို အမြဲတမ်းဆုပ်ကိုင်ခွင့်ရရင် ဘယ်လောက်ကောင်းမလဲနော်။  ကိုယ့်ကို ဘူတာရုံပြန်ပို့ဖို့အချိန်ရောက်တော့ ကိုယ့်မှာ ဝမ်းနည်းလိုက်တာ။ ကိုယ်မပြန်ဘဲ အောင့်အနားမှာပဲ အမြဲတမ်းနေခွင့်ရရင် ဘယ်လောက်ကောင်းလိုက်မလဲနော်။ ဘူတာရုံမှာ နှုတ်ဆက်လမ်းခွဲတော့ ကိုယ်က နှုတ်ဆက်ပွေ့ဖက်ခွင့်တောင်းတယ်။

အောင့်ကို ဒီလိုလေး နှစ်မိနစ်လောက် ပွေ့ဖက်ထားချင်လိုက်တာ။ အောင်နဲ့ဝေးရာကို သွားရတာ ရင်ထဲမှာ တစ်ခုခုလှစ်ဟာသွားသလိုပဲ။ သေချာပါတယ် ကိုယ့်နှလုံးသားတွေ အောင်နဲ့အတူ ပါသွားခဲ့ပြီ။ ရောက်တဲ့အကြောင်း မတ်ဆေ့ပို့နော်လို့ အောင်ပြောလာတော့ ဆက်ဆက်ပို့ပါ့မယ်အောင်ရဲ့။ အောင့်ကို ချန်ရစ်ထားခဲ့ရတာ ဝမ်းနည်းလိုက်တာ အောင့်ကို လှည့်မကြည့်နဲ့။ အောင့်မျက်နှာကို မြင်ရတဲ့အခါ ကိုယ်ခွဲခွာဖို့ အင်အားတွေမရှိဘဲ နေလိမ့်မယ်။ ဘိုင်ဘာကနေ ပိတ်ရက်တွေမှာ ဘာတွေလုပ်မှာလဲလို့ အောင့်ကိုမေးရင် ဘာမှထူးထူးခြားခြား မလုပ်ပါဘူးတဲ့။ ဒီခရစ်စမတ်မှာ အောင့်ကို တွေ့ချင်မိသား။ အောင် ဘာလို့များ မေတ္တာမကမ်းလင့်လာပါလိမ့်။ အောင့်မှာ တခြားမိန်းကလေး ရှိနေပြီလား။ ကိုယ့်ကို မချစ်လို့လား။ ယောကျ်ားလေးဆိုတာ သူတကယ်ချစ်ရင် ကိုယ့်အနားကို မရောက်ရောက်အောင် လာမှမဟုတ်ဘူးလား။ ဒီလိုသာ ပဝါတစ်ကမ်း၊ လက်တစ်ကမ်း သူငယ်ချင်းအဖြစ် နေတော့မှာလား။ ကိုယ့်အချစ်တွေကို နှလုံးသားရဲ့ ထောင့်တစ်နေရာမှာ သော့ခတ်သိမ်းလိုက်ရတော့မှာလား။ တခါတလေတော့လည်း ဒီအချိန် အောင် ဘာတွေလုပ်နေမလဲလို့ တွေးမိသား။ ကားပေါ်မှာ၊ အလုပ်ထဲမှာ၊ ပိတ်ရက်တွေဆို ဘယ်သူတွေနဲ့ ဘယ်ကိုသွားနေပါလိမ့်။ တခါတလေတော့လည်း အောင်က ကိုယ့်ဘေးနားမှာ ရောက်နေတယ်လို့ထင်နေမိသေးတယ်။ တခါတလေ အိမ်မက်ထဲထိတောင် ဝင်နှိပ်စက်သေးတယ်။

အောင် ချစ်သူရသွားရင်၊ အိမ်ထောင်ပြုသွားရင် ကိုယ်တော့ လူမသိသူမသိ အသည်းကွဲရဦးမယ်ထင်တယ်။ အောင် ဖွင့်ဟပြောလာမှာကို စောင့်စားရင်း အောင်နဲ့နောက်ထပ်တစ်ကြိမ် ဆုံတွေ့ခွင့်ကို စောင့်စားရင်း။ ရေစက်၊ ကံတရားကို ယုံကြည်တဲ့ကိုယ် ကိုယ်တို့နှစ်ယောက် ကံကိုပဲ ယုံကြည်ကိုးစားရလေမလား။ အောင်နဲ့ နီးစပ်ပါရစေလို့ ကိုယ်ဆုတောင်းနေမိတယ်။ ကိုယ့်ဆုတောင်းတွေ ပြည့်လာမလာတော့ ကိုယ်မသိသေးပါ။ နွေဦးဟာ ပန်းပွင့်မွှေးရနံ့တွေကို ဆောင်ကြဉ်းလာသလို အချစ်ဆိုတာလည်း အလွမ်းများကို ဆောင်ကြဉ်းခဲ့တယ်။ ဆုံစည်းခြင်းရဲ့ အခြားဖက်မှာ ခွဲခွားခြင်းတွေ ရှိခဲ့မယ်ဆိုရင် မဆုံစည်းခဲ့ရင် အကောင်းသား။ ဆုံစည်းရလို့ ဝမ်းသာကြည်နူးရသလို ခွဲခါတဲ့အခါမှာလည်း နာကျင်ခံစားရတာကို ခံနိုင်ရည်ရှိဖို့လိုတယ်။ ဆုံစည်းခြင်းရဲ့ အခြားဖက်မှာ ခွဲခွာရခြင်း၊ လွမ်းဆွတ်နာကျင်ရခြင်းတွေ ရှိပေမဲ့ ကိုယ် အောင်နဲ့ နောက်ထပ်ဆုံစည်းချင်ပါသေးတယ်။

စန်းထွန်း
ဂျွှန် ၁၀၊ ၂၀၁၅။

ဆုံစည်းခြင်း၏ အခြားဖက်...

မေ့ကို ကိုယ်မတွေ့ရတာ တစ်နှစ်ကျော်ပြီ မေ တခြားမြို့မှာ အလုပ်ရလို့ ပြောင်းသွားတဲ့ အချိန်ကတည်းက ဆိုပါတော့။ အီစတာဂရမ်မှာတင်တဲ့ မေ့ဓာတ်ပုံတွေကနေတဆင့် မေ့အလုပ်အသစ်၊ အိမ်အသစ်၊ မြို့အသစ်၊ သူငယ်ချင်းသစ်တွေအကြောင်း ကိုယ်သိခဲ့ရတယ်။ ကိုယ် သိပါတယ် မေဟာ အရာရာကို အကောင်းဆုံးဖြစ်အောင် ကြိုးစားတတ်တဲ့၊ ထက်မြက်တဲ့ မိန်းကလေးတစ်ယောက်ဆိုတာ။ ဂျီမေးလ်၊ ဖေ့ဘွတ်၊ အီစတာဂရမ်၊ တွတ်တာ၊ ဗိုင်ဘာမှာ မေ့ကို တွေ့ရပေမဲ့ ကိုယ်တို့တွေ စကားစမြည် မပြောဖြစ်ဘူး။ မေနဲ့ကိုယ်ဟာ သူငယ်ချင်းတွေဆိုပေမဲ့ အခင်ဆုံး၊ အချစ်ဆုံးသူငယ်ချင်းတွေတော့ မဟုတ်ခဲ့ဘူး။ မေနဲ့ကိုယ်ဟာ တတန်းတည်း အတူတူကျောင်းတက်ခဲ့ကြတဲ့ အတန်းဖော်သူငယ်ချင်း။ ဒါပေမဲ့ မေဟာ ကိုယ်တို့သူငယ်ချင်းအုပ်စုထဲက မဟုတ်ဘူး။ ကျောင်းတုန်းက ကိုယ်က မေ့ကို စိတ်မဝင်စားဘူး။ မေကလည်း ယောက်ျားလေးတွေ စိတ်ဝင်စားလောက်အောင် ခန္ဓာကိုယ်ဘော်ဒီ တောင့်တောင့်မဟုတ်။ ဖက်ရှင်ကလည်း ဆက်ဆီဖြစ်ဖို့လား ဝေလာဝေး တခါလာလည်း တီရှပ်နဲ့ဘောင်းဘီ ပွပွယောင်းယောင်း။ မျက်နှာကလည်း မိတ်ကပ်အခြယ်အသကင်းလို့ လိုးရှင်းလိမ်းထားတဲ့ မျက်နှာပြောင်။ တခါတလေကျတော့ အိပ်ယာကနေ ဝုန်းကနဲထ ကမန်းတတမ်း ပြေးလာရလို့ လိုးရှင်းတောင် မလိမ်းနိုင်၊ ဆံပင်တောင် မဖြီးနိုင်တဲ့ တကယ့်ကို ဗြုတ်စဗျင်းတောင်းကလေး။ ကျောင်းတုန်းက မေ့ကို စိတ်ဝင်စားတဲ့ကောင်လို့ တကောင်မှ မတွေ့မိဘူး။ ကိုယ်တို့တွေကလည်း ရည်းစားထားဖို့ထက် စာအုပ်ကြားထဲ ခေါင်းစိုက်နေရတာကိုး။

ကျောင်းပြီးလို့ အလုပ်အကိုင်ရှာဖွေကြတော့ မေအလုပ်ရတဲ့မြို့နဲ့ ကိုယ်အလုပ်ရတဲ့မြို့က တခြားစီ။ အဲဒီတုန်းက ကိုယ့်မှာ အွန်လိုင်းရည်းစားရှိတယ်။ ကိုယ်သူငယ်ချင်းတွေနဲ့ မေက ညီအစ်မတွေလိုပဲ။ သူတို့ဆီကို မေက တလတခါ သွားလည်တတ်တယ်။ တခါတလေတော့လည်း ရေစက်ဆိုတာ ဆန်းကြယ်သား။ ပြန်တွေ့ကြလိမ့်မယ်လို့ ကိုယ်ဘယ်လိုမှ မျှော်လင့်မထားပေမဲ့ ကိုယ့်သူငယ်ချင်းအိမ်ကို အလုပ်ရှာဖို့ မေရောက်လာခဲ့တယ်။ ကိုယ်ကလည်း မကြာခင်ကမှ အလုပ်ရှာဖို့ဆိုပြီး အဲဒီသူငယ်ချင်းအိမ်ကို ရောက်နေခဲ့တာ။ မေရောက်လာတော့လည်း ကိုယ်တို့သူငယ်ချင်းတွေ ကျောင်းတုန်းကလို တဝါးဝါး တဟားဟားနဲ့ ပျော်စရာကြီး။ မေက အချက်အပြုတ် မကျွှမ်းကျင်ဘူး။ သူ့ဘာသာချက်ပြီး သူ့ဘာသာ ကောင်းနေတာပဲ။ ကိုယ်က တခါတလေ မေ့လက်ရာကို မြည်းစမ်းပြီး ကောင်းပါတယ်ကွလို့ ချီးမွမ်းရင် မချိပြုံးလေး ပြုံးနေတတ်တယ်။ ချက်ဖို့ပြုတ်ဖို့ထက် စာဖတ်၊ တောင်တက်၊ ပြတိုက်သွား၊ သစ်တောအုပ်လေးထဲ လမ်းလျှောက်ဖို့ ပိုနှစ်သက်တဲ့ မိန်းကလေးတစ်ယောက်။ တခါတလေ ကိုယ်လက်စွမ်းပြ ချက်ပြုတ်‌ကျွှေးတဲ့ ခေါက်ဆွဲကြော်ကို ကောင်းတယ်လို့ ချီးမွမ်းတော့ ကိုယ့်မှာပျော်လိုက်တာ။ ကိုယ့်လက်ရာတွေကို မင်းကို အမြဲတမ်း‌ကျွှေးချင်ပါတယ် ကောင်မလေးရေ။

မနက်စောစောထပြီး အိမ်ဘေးက ရေကန်လေးနား လမ်းလျှောက်တတ်တဲ့မေက နေမြင့်အောင် အိပ်တတ်တဲ့ ကိုယ်တို့တွေကို ငပျင်းလေးတွေတဲ့။ တခါတုန်းက ပန်းခြံမှာ ဘာဘီကျူးကင်တော့ မေ ပြောင်းဖူး၊ ဖရဲသီးကြိုက်တာ ကိုယ်သိသွားတယ်။ ကိုယ်တို့သူငယ်ချင်းတွေ ငါးမျှားကြတော့ မေက တောင်စောင်းလေးမှာထိုင်ပြီး ငေးမောနေတတ်တယ်။ ကောင်းကင်ပြာပြာမှာ တိမ်ဆိုင်လေးတွေက မျောလွင့်လို့ မေ့ဆံနွယ်လေးတွေကလည်း တလွင့်လွင့် မျောလွင့်နေတာများ ပန်းချီကားတချပ်ကို ကြည့်ရသလိုပဲ။ မေဟာ တခါတလေတော့လည်း အဲဒီလို လျှို့ဝှက်ပြီး သိရခက်တယ်။ ကိုယ့်သူငယ်ချင်းတွေက ကိုယ်နဲ့မေ့ကို သဘောတူပြီး စကြရင် မေက တုပ်တုပ်မှမလှုပ်။ ကိုယ်တို့ဆီမှာ နှစ်လလောက်နေပြီး ကိုယ်တို့မြို့နဲ့ မနီးမဝေးမှာ မေ အလုပ်ရတော့ ကိုယ့်မှာပျော်လိုက်တာ။ ကိုယ် မေ့ကို စိတ်ဝင်စားနေပြီလား။ တပတ်တခါ ကိုယ်တို့ဆီကို လာလည်ရင် ကိုယ့်အလွမ်းပြေတယ်။ ကိုယ်တို့ဆီကို မလာဘဲ ပြတိုက်တွေဆီ သွားလည်ပတ်နေရင်၊ တောင်သွားတက်နေရင် ကိုယ့်မှာ လွမ်းနေရတယ်။ ကိုယ် လွမ်းနေတာကို မေတစ်ယောက်ကတော့ သိမှသိပါလေစ။ မေ အလုပ်အဆင်မပြေတာတွေ ကြားရတော့ ကိုယ့်မှာ စိတ်ပူမိတယ်။ ဒီလိုနဲ့ပဲ မြိ ု့ကြီးမှာ အလုပ်ရလို့ ခရစ်စမတ်မှာ မေ ပြောင်းရွှေ့သွားခဲ့တယ်။ ကိုယ် စိတ်မကောင်းလိုက်တာ။ မေနဲ့တွေ့ရဖို့ဆိုတာ တကယ့်ကို မလွယ်တော့ဘူး။ ကိုယ့်အလွမ်းတွေလည်း တဖြည်းဖြည်း ပြယ်လွင့်သွားမလား။



မြို့အသစ်၊ အလုပ်အသစ်၊ အိမ်အသစ်၊ လူအသစ်တွေနဲ့ မေ အဆင်ပြေပါ့မလား။ သူငယ်ချင်းမိတ်ဆွေ တစ်ယောက်မှမရှိတဲ့ဒေသမှာ မေ ဘယ်လိုမျိုးများ ရုန်းကန်နေရပါလိမ့်။ အီစတာဂရမ်မှာ မေ ဓာတ်ပုံတွေတင်တာ မတွေ့တာ ကိုယ့်မှာ စိတ်ပူရသေးတယ်။ ကိုယ့်သူငယ်ချင်းမလေးကို ပြောပြတော့ သူက မေးပေးပါတယ် မေက ဘီးစီးနေလို့တဲ့ ရာသီဥတုအေးလို့ ဘယ်မှမထွက်ဖြစ် အလုပ်အသစ်ဆိုတော့ စိတ်ဖိစီးလို့ ပိတ်ရက်တွေဆိုရင် ဘယ်မှမသွားဘဲ အိမ်မှာဘဲ နားနေဖြစ်တယ်လို့။ ကိုယ်ထင်သားပဲ မေ တခုခုဖြစ်နေပါတယ်လို့။ မေ အဆင်ပြေဖို့ ဆုတောင်းရုံမှတပါး ကိုယ်ဘာမှ မတတ်နိုင်ခဲ့ပါ။ လေးလခန့်အကြာမှာ ကိုယ်တို့မြို့နဲ့ မနီးမဝေးမြို့မှာ အစည်းအဝေးတက်ဖို့ မေလာခဲ့ပေမဲ့ ကိုယ်က ခရီးသွားနေတော့ မေနဲ့ မတွေ့လိုက်ရဘူး။ ကိုယ် မေ့ကို တွေ့ချင်လိုက်တာ၊ မြင်ချင်လိုက်တာ။ ကိုယ် မေ့ကို ဘယ်အချိန်မှာ ချစ်မိသွားမှန်း မသိလိုက်ဘူး။ ကိုယ် သိလိုက်တဲ့အချိန်မှာ မေက ကိုယ့်နှလုံးသားထဲမှာ အတော်စိုးမိုးနေခဲ့ပြီ။ တကယ်တော့ မေဟာ ပင်ယံထက်က ပန်းတစ်ပွင့်။ တခါတလေ  ကိုယ်နဲ့ထိုက်တန်ပါရဲ့လားလို့ တွေးမိတယ်။ မေက ပညာ၊ ရုပ်ရည်၊ အလုပ်အကိုင်၊ အရည်အချင်း ဘာမှပြောစရာ မလိုတဲ့မိန်းကလေး။ ထက်လည်း တကယ်ထက်တယ် လုပ်ဖော်ကိုင်ဖက် အချင်းချင်းကတောင် ချီးမွမ်းရတယ်။ ချစ်စရာလည်းကောင်းတယ် လုပ်ဖော်ကိုင်ဖက်၊ သူငယ်ချင်း၊ မိသားစု အကုန်လုံး မေ့ကိုချစ်ကြတယ်။

ပြီးတော့ မေက သူ့လောက် မတော်တဲ့ ယောကျ်ားလေး၊ မကြိုးစားတဲ့သူကို လုံးဝအထင်မကြီးဘူး။ ဆေးလိပ်သောက်တဲ့ယောကျာ်း၊ အိမ်မှုကိစ္စကူမလုပ်တဲ့ယောက်ျား၊ တက်တူးထိုးထားတဲ့ယောကျာ်းကို မနှစ်မြို့ဘူး။ ကိုယ်ကသာ စိတ်လှုပ်ရှားနေရတာ မေက ကိုယ့်ကို နည်းနည်းကလေးမှ စိတ်ဝင်စားတဲ့ပုံ မရဘူး။ ယောကျာ်းလေးသူငယ်ချင်းတွေနဲ့ ရိုက်ထားတဲ့ဓာတ်ပုံတင်ရင် ကိုယ့်မှာ မေ ရည်းစားများရသွားပြီလား၊ ကိုယ်များနောက်ကျသွားပြီလားလို့ စိတ်ပူမိတယ်။ မေ့အခန်းဖော်ရဲ့ခွေးတွေဖြစ်တဲ့ ဂျီဂျီ၊ ကီကီနဲ့တွဲရိုက်ထားတဲ့ ဓာတ်ပုံတွေတွေ့ရရင် မေချစ်တာကို ခံရတဲ့ ဒီကောင်တွေကို မနာလိုဖြစ်မိတယ်။ လွန်ခဲ့တဲ့တလလောက်က မေ ကိုယ်တို့မြို့ မှာ အစည်းအဝေးလာတက်တော့ မေနဲ့ကိုယ် ဆုံဖြစ်တယ်။ တခြားသူငယ်ချင်းတွေက ခရီးသွားနေကြတော့ ကိုယ်တို့နှစ်ယောက်တည်း ပထမဆုံးတွေ့ဖြစ်တဲ့အချိန် ဆိုပါတော့။ မေ ရထားပေါ်က ဆင်းလာမဲ့အချိန်ကို စောင့်စားရင်း မေ့ကိုတွေ့ရင် ဘယ်လိုနေမလဲ၊ မေ ဘယ်လိုများ ပြောင်းလဲနေပြီလဲလို့ တွေးနေမိတယ်။ ကိုယ်က မေ့ကို အရင်ဆုံး မြင်တွေ့ချင်တဲ့သူဖြစ်ချင်ပေမဲ့ တကယ်တမ်းမှာတော့ မေကကိုယ့်ကို အရင်ဆုံး မြင်တဲ့သူ ဖြစ်နေတယ်။ ကိုယ် စိတ်ထဲမှာ တယောက်ယောက်က ကိုယ့်ကိုကြည့်နေပါတယ်လို့ ခံစားရလို့ မော့ကြည့်လိုက်တဲ့အချိန်မှာ မေက ကိုယ့်ကားဘေးနား ရောက်နေပြီ။ မေက အရင်အတိုင်း ဘာဆိုဘာမှ မပြောင်းလဲဘူး။ တွေ့တော့လည်း စကားတွေ ပြောလိုက်တာ ကိုယ်တို့တစ်နှစ်ကျော်လောက် အဆက်အသွယ် မရှိဘူးဆိုတာ မယုံနိုင်စရာဘဲ။

ကိုယ် ပိန်သွားတယ်၊ ကြည့်ကောင်းလာတယ်လို့ ပြောတယ်။ ကိုယ် ဝိတ်မနေတာ တစ်လ၊ နှစ်လလောက် ရှိပြီ။ ကိုယ်ရည်စစ်သွားတော့ ဘာအဝတ်အစားဝတ်ဝတ် လိုက်ဖက်တယ် ဆက်လုပ်လို့ ချီးမွမ်းနေတယ်။ မေ့ ချီးမွမ်းစကား ကြားလိုက်ရတာနဲ့တင် ကိုယ်ဝိတ်တွေ ဆက်မဖို့ အားတွေရှိသွားတယ်။ မေ ကြိုက်မယ်ထင်တဲ့ စီချွှမ်၊ ဂျပန်၊ ကိုရီးယားဆိုင်တွေကို ရွေးချယ်ခိုင်တော့ မေက စီခွျှမ်ဆိုင်ကို ရွေးတယ်။ မေ အစပ်စားနိုင်ပါ့မလားလို့မေးတော့ မစပ်တာတွေ ရွေးစားမှာပေါ့တဲ့။ သူငယ်ချင်းတွေအကြောင်း၊ အလုပ်အကြောင်း၊ မိသားစုအကြောင်း၊ သွားခဲ့ဖူးတဲ့ခရီးတွေအကြောင်းနဲ့စကားတွေ အများကြီး ပြောဖြစ်တယ်။ မေ့မျက်နှာလေး မြင်ရတာ ကြည်နူးလိုက်တာ ဒီလိုသာ အမြဲတမ်းတွေ့ရဆိုမယ်ဆိုရင် ဘယ်လောက်ကောင်းလိုက်မလဲ။ အစည်းအဝေးကြောင့် ပင်ပန်းနွမ်းနယ်နေတဲ့ မျက်နှာလေးကို မြင်ရတော့ ကိုယ့်မှာ သနားလိုက်တာ။ အရင်လိုပါပဲ မေ့အပြုံးတွေက ချစ်စရာကောင်းနေဆဲ၊ မေ့မျက်ဝန်းညိုညိုတွေက တောက်ပဆဲ၊ အမူအယာ အပြုအမူတွေက တည်ငြိမ်အေးဆေးဆဲ။ မေ့ကို ကိုယ် မြတ်နိုးလိုက်တာ။ ဟင်းတွေအများကြီးမှာပေမဲ့ မေက ဟုတ်တိပတ်တိ မစားဘူး တို့ကနန်း ဆိတ်ကနန်း စားတော့ ကိုယ် အားမရလိုက်တာ။ ကိုယ်က မေ့ကို အများကြီး စားစေချင်တာ။ မေက မနက်စာကို အဝစားလာလို့ မစားနိုင်တာလို့ ပြောတယ်။ ကိုယ် သိပါတယ် မေက အစားအသောက် သိပ်မက်တဲ့သူ မဟုတ်ဘူး။ တခါတလေ ချက်ပြုတ်ရမှာပျင်းလို့ ကော်ဖီ၊ မုန့် စားတတ်တဲ့သူ။ မေက နေ့လည်စာစားပြီးရင် အနုပညာပြခန်းတစ်ခုကို သွားလည်ဖို့ စိတ်ကူးထားတာ ကိုယ်က ကိုယ်တို့အိမ်အနီးက မေ သွားလမ်းလျှောက်တတ်တဲ့ ပန်းခြံလေးကို ခေါ်သွားတယ်။ မေ လေ့လာနေတဲ့ ဓာတ်ပုံပညာ၊ ကင်မရာတွေအကြောင်း ပြောဖြစ်တယ်။ အနားယူတဲ့ ဘိုတဲလေးရောက်တော့ မေက တံတားဘောင်မှာ ခြေတွဲလွဲချထိုင်ပြီး ကိုယ့်ကိုခေါ်တယ်။




ဆန်းကရင်မလိမ်းလာတဲ့ကိုယ်က ဘိုတဲမှာပဲ ထိုင်နေတော့ မေက ရယ်လိုက်တာ။ မေက အဲဒီလို အလှအပကို သိပ်ဂရုမစိုက်တဲ့ ပေတေတေလေး။ မေ ကိုယ်ဘေးနား လာထိုင်တော့ စိတ်ထဲမှာ ပြီးပြည့်စုံသွားသလိုပဲ။ မေ့မျက်ဝန်းထဲမှာ ကိုယ်လိုချင်တဲ့ သံယောဇဉ်အငွေ့အယောင်တွေ တွေ့ရမလားလို့ ရှာဖွေကြည့်တော့ မေ့မျက်ဝန်းတွေထဲမှာ ဘာအရိပ်အယောင် အငွေ့အသက်မှ ရှိမနေခဲ့ဘူး။ မေ့ ကိုယ့်ကို သူငယ်ချင်းတစ်ယောက်ထက် မပိုဘူးလား ကိုယ့်ကို နည်းနည်းလေးမှ စိတ်မဝင်စားဘူးလား။ ကိုယ့်ကိုရတဲ့ မိန်းကလေးဟာ အတော်ကံကောင်းတဲ့သူပဲလို့ မေက ပြောတော့ မေးလိုက်ချင်တာ အဲဒီလို ကံကောင်းတဲ့မိန်းကလေး မေမဖြစ်ချင်ဘူးလားလို့။ ပညာ၊ အလုပ်အကိုင် ပြည့်စုံနေပြီဖြစ်ဖို့ ကြင်ယာရှာဖို့ မေ့မိဘ၊ မောင်နှမ၊ သူငယ်ချင်းတွေက တိုက်တွန်းကြတယ်ဆိုတဲ့အကြောင်း ကြားရတော့ ကိုယ့်မှာ သူတို့တွေကို စိတ်တိုလိုက်တာ။ မေ့ဘာသာ အေးအေးဆေးဆေး နေတဲ့ဟာကို သူတို့တွေက အပူရှာခိုင်းနေတယ်။ မေက သူလက်ထပ်ချင်တဲ့ ယောက်ျားလေး မတွေ့သေးအကြောင်း၊ အသက်ကြီးလာလို့ ရင်မခုန်တော့တဲ့အကြောင်းတွေ ပြောပြတော့ ကိုယ့်မှာ ဝမ်းသာရသေးတယ်။ မေ ကိုယ့်ကို ရင်မခုန်ဘူးလားလို့ မေးချင်လိုက်တာ။ ဘယ်လိုယောကျာ်းမျိုးကမှ မေ့ရင်ကို ခုန်စေမှာလဲလို့ ကိုယ်သိချင်လိုက်တာ။ စမ်းချောင်းလေးကိုဖြတ်တော့ ကိုယ် ကမ်းလင့်တဲ့လက်ကို မေ ဆုပ်ကိုင်လိုက်တော့ ကိုယ့်မှာ ဝမ်းသာလိုက်တာ။ ဒီလိုမျိုးလေး မေ့လက်ကို အမြဲတမ်းဆုပ်ကိုင်ရရင် ဘယ်လောက်ကောင်းမလဲလို့ တွေးနေတုန်း မေက ကိုယ့်လက်ကို ဖြ ုတ်လိုက်တယ်။ မေ့ပြီး ကိုယ်လက်ကို ဆုပ်ကိုင်ထားရင် ဘယ်လောက်ကောင်းမလဲနော်။ မေ့ကို ဘူတာရုံကို ပြန်ပို့ဖို့အချိန်ရောက်တော့ ကိုယ့်မှာ ဝမ်းနည်းလိုက်တာ။ မေ မပြန်ဘဲ ကိုယ့်အနားမှာပဲ အမြဲတမ်းနေမယ်ဆိုရင် ဘယ်လောက်ကောင်းမလဲနော်။ ဘူတာရုံမှာ နှုတ်ဆက်လမ်းခွဲတော့ မေက ပွေ့ဖက်နှုတ်ဆက်ခွင့်တောင်းတယ်။

မေရယ် ကိုယ့်ကို ဒီလိုလေး နှစ်မိနစ်လောက် ပွေ့ဖက်ထားပါလို့ ပြောချင်လိုက်တာ။ ဘူတာရုံကို လမ်းလျှောက်သွားတဲ့ မေ့ကိုမြင်ရတော့ ကိုယ့်မှာ ဝမ်းနည်းလိုက်တာ ရင်ထဲမှာ တခုခုလှစ်ဟာသွားသလိုပဲ။ ဟုတ်ပါတယ် ကိုယ့်နှလုံးသားတွေက မေနဲ့အတူ ပါသွားခဲ့ပြီ။ မေရေ ရောက်ရင်မတ်ဆေ့ပို့လိုက်ပါဆိုတော့ ညဉ့်နက်သန်းခေါင်မှ ရောက်မှာ ရောက်ရင် မတ်ဆေ့ ပို့လိုက်ပါ့မယ်တဲ့။ ကိုယ်ကတော့ မေ ရထားပေါ် တက်သွားတဲ့အထိ ငေးကြည့်နေခဲ့ပေမဲ့ မေကတော့ ကိုယ့်ကို တချက်ကလေးမှ လှည့်မကြည့်ခဲ့ဘူး။ မေရယ် နေနိုင်လိုက်တာ။ ဘိုင်ဘာကနေ ပိတ်ရက်တွေမှာ ဘာလုပ်မှာလဲလို့ မေက မေးတတ်တယ်။ ကိုယ်လား ဘာမှထူးထူးခြားခြား မလုပ်ဖြစ်ဘူး။ ဒီခရစ်စမတ်တော့ မေတို့မြိ ု့ကို သွားလည်ပြီး မေ့ကိုတွေ့ဖို့ ကြိ ုးစားဦးမယ်။ ကိုယ့်အချစ်တွေကို မေ့ကို ဖွင့်ဟဖို့ ကိုယ် သတ္တိမရှိဘူး။ မေ့ကို ဆုံးရှုံးသွားမှာလည်း စိုးရိမ်မိတယ်။ ကိုယ့်အချစ်တွေကို မေ့ကိုဖွင့်ဟလို့ မေက ငြင်းပယ်ခဲ့ရင် ကိုယ်တကယ် ဝမ်းနည်းမိမှာ။ ဒီအတိုင်း ပဝါတကမ်း၊ လက်တကမ်း သူငယ်ချင်းအဖြစ်နေတာကမှ အကောင်း ဖွင့်ဟလိုက်မှ သူငယ်ချင်းအဖြစ်ကိုတောင် ဆုံးရှုံးသွားမှာ စိုးရိမ်မိတယ်။ ကိုယ် မေ့ကို ဘယ်လိုဖွင့်ပြောရမှာပါလိမ့်။ မေ ကိုယ့်ကို ပြန်ချစ်ပါ့မလား။ ကိုယ့်မှာ မေလက်ခံနိုင်လောက်တဲ့ အရည်အချင်းရှိပါ့မလား။ ဒီလိုနဲ့ပဲ တွေဝေရင်း၊ ငေးမောရင်း သူငယ်ချင်းအဆင့်ကနေ ဘာမှထူးခြားမလာခဲ့။ တခါတလေတော့လည်း ဒီအချိန် မေ ဘာတွေလုပ်နေမလဲလို့ တွေးမိသား။ ရထားပေါ်မှာ၊ အလုပ်ထဲမှာ၊ ပိတ်ရက်တွေဆို ဘယ်သူတွေနဲ့ ဘယ်ကိုသွားနေပါလိမ့်။ တခါတလေတော့လည်း မေက ကိုယ့်ဘေးနားမှာ ရောက်နေတယ်လို့ ထင်နေမိသေးတယ်။ တခါတလေ အိမ်မက်ထဲထိအောင် ဝင်နှိပ်စက်သေးတယ်။

မေ ချစ်သူရသွားရင်၊ အိမ်ထောင်ပြုသွားရင် ကိုယ်တော့ လူမသိသူမသိ အသည်းကွဲရဦးမယ်ထင်တယ်။ ဖွင့်ဟပြောဖို့ သတ္တိလည်းမရှိ။ နောက်တခါ မေနဲ့ဆုံရင် မေ့ကို ကိုယ်မြတ်နိုးနေတာ ကြာပြီလို့ ဖွင့်ဟပြောဖြစ်လေမလား။ မေနဲ့ကိုယ် ဘယ်သောအခါများမှ ပြန်တွေ့ရမှာပါလိမ့်။ ရေစက်၊ ကံတရားကို ယုံကြည်တဲ့ကိုယ် ကိုယ်တို့နှစ်ယောက်ကံကိုပဲ ယုံကြည်ကိုးစားရလေမလား။ မေနဲ့နီးစပ်ပါရစေလို့ ကိုယ် ဆုတောင်းနေမိတယ်။ ကိုယ့်ဆုတောင်းတွေ ပြည့်လာမလာတော့ ကိုယ် မသိသေးပါ။ နွေဦးဟာ ပန်းပွင့်မွှေးရနံ့တွေကို ဆောင်ကြဉ်းလာသလို အချစ်ဆိုတာလည်း အလွမ်းများကို ဆောင်ကြဉ်းခဲ့တယ်။ ဆုံစည်းခြင်းရဲ့ အခြားဖက်မှာ ခွဲခွာခြင်းတွေ ရှိခဲ့မယ်ဆိုရင် မဆုံစည်းခဲ့ရင် အကောင်းသား။ ဆုံစည်းရလို့ ဝမ်းသာကြည်နူးရသလို ခွဲခွာတဲ့အခါမှာလည်း နာကျင်ခံစားရတာကို ခံနိုင်ရည်ရှိဖို့လိုတယ်။ ဆုံစည်းခြင်းရဲ့ အခြားဖက်မှာ ခွဲခွာရခြင်း၊ လွမ်းဆွတ်နာကျင်ရခြင်းတွေ ရှိပေမဲ့ ကိုယ် မေနဲ့ နောက်ထပ် ဆုံစည်းချင်ပါသေးတယ်။

စန်းထွန်း
ဂျွှန် ၆၊ ၂၀၁၅။

Living with lupus ...

ကိုယ့်မှာ လူးပစ်ရှိနေပြီလို့ သိလိုက်ရပြီးကတည်းက ကိုယ့်ဘဝ တကယ့်ကို ပြောင်းလဲသွားတယ်။ တခါတရံမှာ မခံမရပ်နိုင်အောင် နာကျင်ကိုက်ခဲတာ၊ ကြွက်သားတွေ ယောင်တာ၊ ပစ္စည်းအလေးတွေ မသယ်နိုင်တာ၊ လည်ချောင်းနာတာ၊ ပင်ပန်းတာတွေ ဖြစ်တယ်။ လူးပစ်ဖြစ်ပြီးတော့ ကိုယ့်ကိုကိုယ် ပိုဂရုစိုက်လာတယ်။ မနာမကျင်ဘဲ လမ်းလျှောက်နေရတဲ့ အချိန်များဆို ပျော်နေမိတယ်။ အရာရာကို နှေးနှေးကွေးကွေး အေးအေးဆေးဆေး လုပ်ဖို့ကြိုးစားရတယ်။ တခါတလေဆို နေ့လည်ဖက် အလုပ်ထဲမှာ အိပ်ငိုက်တယ်။ ဂျာနယ်စကွဲကနေ ၃၃ လမ်းအထိ PATH ရထားမှာ နေရာရရင် အိပ်တော့တာပဲ။ fatigue ကတော့ တော်တော်သိသာတယ်။ ညနေစာ စားပြီးရင် ကွန်ပျူတာဖွင့်ဖို့ထက် ကုတင်ထက်မှာ လဲနေတော့တာပဲ။ အလုပ်ထဲမှာလည်း ဆာဗာမိုင်ကရေးရှင်းတွေ လုပ်နေတော့ အဲရာတွေ အများကြီးကို ဖြေရှင်းရတော့ ပင်ပန်းတယ်။ ထမင်းဟင်းလား မချက်နိုင်ဘူး ဝယ်စားရတယ်။ အစားအသောက် မကောင်းဘူး ချက်ပြီးရင် မစားချင်ဘူး။ တခါတလေကျတော့လည်း ထမင်းဘူးသယ်ဖို့တောင် အားမရှိဘူး။ အသားအရေတွေ ခြောက်လာလို့ အရင်သုံးနေကျ အိုလေး၊ ဗက်စလင်းလိုးရှင်းတွေ သုံးလို့မရဘူး။ ကိုယ့်ဆူပါဗိုက်ဆာ တရုတ်မယန်းညွှန်းတဲ့ vanicream ဆိုတာ သုံးနေရတယ်။

ဆေးက တနေ့နှစ်ကြိမ် သောက်ရတယ်။ မခံမရပ်အောင် နာလာရင် pain reliever သောက်ရတယ်။ ကိုယ်က မသောက်ချင်ဘူး အတော့်ကို မခံမရပ်နိုင်မှ သောက်တယ်။ ကိုယ့်လူးပစ်က အဆစ်အမြစ်ကိုက်၊ ကြွက်သားယောင်တာ။ တခါတလေ ခြေထောက်တွေ ယောင်တယ်။ နှစ်ရက်လောက်ဆို ပျောက်သွားရော။ ကြွက်သားတွေ ယောင်ပြီးရင် မည်းပြီးကျန်ခဲ့တယ်။ ဆံပင်တွေ အရမ်းကျွှတ်တယ်။ နှစ်လတစ်ကြိမ် ဆရာဝန်နဲ့ သွားပြတော့ တနေ့ကို နည်းနည်းနာကျင်တာတွေ ရှိနေတုန်းဆိုတော့ ဆရာဝန်က သိပ်မကျေနပ်ဘူး။ လူးပစ်က all about medicine တဲ့ မှန်ကန်တဲ့ဆေးနဲ့တွေ့ရင် သာမန်လူလိုပဲ နာကျင်တာတွေ မရှိတော့ဘူး။ ဆေးပြင်းပေးမယ် ဘေးထွက်ဆိုးကျိုးက အသည်းကို ထိခိုက်မယ်ဆိုတော့ ကိုယ်က မသောက်ချင်ဘူး။ အခုဆေးတောင်မှ မျက်စိကို ခြောက်သွေ့စေလို့ ခြောက်လတကြိမ် မျက်စိဆရာဝန်နဲ့ ပြရတယ်။ ကိုယ်မသောက်ချင်တော့ ခုဆေးပဲသောက်နေ နောက်နှစ်လနေလို့မှ ဒီထက်ပိုကောင်းမလာရင် ဆေးပြင်းသောက်တဲ့။ လူးပစ်ဖြစ်ပြီးကတည်းက ဟိုက်ကင်းမသွားနိုင်တော့တာ ကိုယ့်အခြေအနေကို ကြည့်နေရတယ်။ လမ်းလျှောက်တာလည်းနှေး၊ လှေကားအတက်အဆင်းလည်းနှေး၊ လမ်းလျှောက်တာ ကွတကွတနဲ့ နာကျင်နေမှန်း သိသာတယ်တဲ့။ ကိုယ်အရင်စိတ်နဲ့ဆို လူးပစ်သမားတွေကို ပျင်းတာလို့ တွေးလိမ့်မယ်။ လူးပစ်ဖြစ်မှာပဲ ကွတကွတ၊ နှေးနှေးလမ်းလျှောက်တဲ့သူတွေကို ကိုယ်ချင်းစာတယ်။

တခါတလေ ကျတော့လည်း နာလွန်းလို့ မအိပ်နိုင်ဘူး။ တခါတလေကျတော့လည်း အိပ်လွန်းလို့ ငါဘာများဖြစ်ပါလိမ့်လို့တောင် တွေးမိတယ်။ လူးပစ်က တစ်ယောက်နဲ့တစ်ယောက် မတူဘူး။ စင်္ကာပူရုံးက အစ်မက မျက်နှာက လိပ်ပြာကွက် ထလာတယ်။ အပူနည်းနည်းရှိတယ်။ နေရောင်ခြည်ခံလို့ မရဘူး။ လူးပစ်က လေးဖက်နာနဲ့ သွားဆင်တော့ အများစုက လေးဖက်နာလို့ ထင်ကြတာ။ ဆရာဝန် ၃၊ ၄ ယောက် ပြောင်းပြီးတော့မှ လူးပစ်မှန်း သိကြတယ်။ ကိုယ့်ဆရာဝန် ဒေါက်တာလင်းက တကယ်တော်တယ် လူးပစ်လို့ထင်တယ်လို့ တခါတည်း တန်းသိတာ။ အိုမားသမီးအငယ်လည်း လူးပစ်ဖြစ်နေမှန်း မသိဘူး။ နှလုံးခုန်တအားမြန်လာလို့ ဆေးရုံတင်လိုက်တာ နှစ်ပတ်လောက်အထိ လူးပစ်မှန်း မသိဘူး။ ဆရာဝန်က လိင်ရောဂါလို့ ထင်နေတာတဲ့။ အိုမားက စိတ်တွေဆိုး ကလေးက ၁၂ နှစ်ပဲ ရှိသေးတယ် ကလေးသာသာ ယောက်ျားလေးကို စိတ်ဝင်စားရမှန်းတောင် မသိသေးဘူး။ ကော်ဖီခွက် မကိုင်နိုင်တာကို ဆရာဝန်က အမေကို ချွှဲနေတာလားတဲ့။ ဟိုက အဆစ်တွေယောင်လို့ တကယ်မကိုင်နိုင်တာ။ ဆေးသောက်ပြီး လူးပစ်ကို ထိန်းနိုင်သွားပြီ လုံးဝနာကျင်တာ မရှိတော့ဘူး။ မေ ၂၅ မန်မိုရီယမ်ဒေးပိတ်ရက်မှာ ယူအက်စ်ရောက်နေတဲ့ မိဘတွေကို နယူးယောက်လိုက်ပို့ချင်လို့ ဘယ်နေရာတွေကို ပို့ရမလဲလို့ မိုင်းက မေးလာတယ်။




မိုင်းနဲ့စကားမပြောဖြစ်တာ တော်တော်ကြာပြီ ၂၀၁၃ ဂျွန်လ အိုဟိုင်းရိုးပြည်နယ် စင်စင်နာတီမြို့ကနေ သူ့ရည်းစားရှိတဲ့ ဗာမွန်ပြည်နယ် ဗာလင်တန်မြို့ကို ပြောင်းသွားကတည်းက ဆိုပါတော့။ အီးမေးလ်နဲ့တော့ အဆက်အသွယ်ရှိတယ်။ မိုင်းက မန်မိုရီယမ်ဒေးမှာ မလာဖြစ်တော့တဲ့အကြောင်း ဖုန်းဆက်လှမ်းအသိပေးရင် စကားတွေပြောလိုက်ကြတာ ၁ နာရီကျော် ကြာတယ်။ သူငယ်ချင်းတွေ မတွေ့တာ နှစ်ချီကြာနေပမယ့်လည်း ရင်ဘတ်ချင်း နီးနေတုန်းလို့ ခံစားမိတုန်း။ မိုင်းမှာလည်း လူးပစ်ရှိတယ်။ မိုင်းက ကိုယ့်ခန္ဓာကိုယ်ရဲ့ တခြမ်းလောက်ပဲ ရှိတယ်။ သူ့ခြေထောက်က chopstick နဲ့တူလို့ chopstick လို့ နာမည်ပြောင် ပေးထားတယ်။ စားတာက ကိုယ့်ထက်နှစ်ဆ စားနိုင်တယ်။ စားတဲ့အားတွေ ဘယ်ရောက်သွားမှန်း မသိအောင် ပိန်ညောင်နေတော့ ရာသီဥတုအေးရင် ချောင်းတဟွတ်ဟွတ် ဆိုးနေတတ်တယ် သွေးအားနည်းလို့တဲ့။ ပိတ်ရက်တွေဆိုရင်လည်း ကုတင်ပေါ်မှာ အနားယူနေရတာ ခပ်များများ။ အိုဟိုင်းရိုးပြည်နယ် စင်စင်နာတီမြို့က တိုက်ခန်းမှာ စောစောအိပ်တတ်တဲ့ မိုင်းနဲ့ကိုယ်က ၁၁ နာရီလောက်ဆို အိပ်ဖို့ပြင်ရင် မအိပ်သေးဘဲ ကီးဘုတ်တဖျောက်ဖျောက် ရိုက်နေတဲ့ဆူနမ်ကို အိပ်တော့လို့ မိုင်းဖန်က အော်တတ်တယ်။ မိုင်းက သူ နှလုံးမကောင်းဘူးဆိုပြီး နှလုံးဆရာဝန်တွေနဲ့ ပြနေတာတဲ့။ ၂၀၁၃ ဗာမွန်ပြည်နယ် ဗာလင်တန်ကို ပြောင်းပြီးတော့လည်း နှလုံးဆရာဝန်နဲ့ ပြသေးတယ် ဘာမှမဖြစ်ဘူးတဲ့။ ရာသီဥတုအေးတဲ့နေ့မှာ နှင်းတွေကို ဂေါ်နဲ့ကျုံးပြီးတော့ အအေးမိသွားတယ် ထင်နေတာ။

မိသားစုဆရာဝန်ကို သွားပြတော့ သွေးစစ်ပြီး လူးပစ်ဖြစ်နေတယ်တဲ့။ တခါတုန်းက အဖျားကြီးပြီး အရေးပေါ်ဆေးရုံ တင်လိုက်ရတယ်။ ပုံမှန် နှလုံးခုန်နှုန်း ၉၀ ပဲ ရှိရမှာ ၁၇၀ လောက် ရှိနေတယ်တဲ့။ အဆုတ်၊ ကျောက်ကပ်မှာ ရေတွေဝင်နေလို့ စုပ်ထုတ်ရတယ်။ သေသွားနိုင်တယ်တဲ့ ဆေးရုံးစရိတ် ၆ သောင်းကျော်ကျတယ်။ dedcutable ကို ကိုယ်ကပေးပြီး ကျန်တာကို ကျန်းမာရေးအာမခံက ပေးပေမဲ့ pocket ကိုယ့်အိတ်က စိုက်ထုတ်ရတာပါပဲ။ ကိုယ့်ခန္ဓာကိုယ်ကို ကိုယ်သိပြီး ဂရုစိုက်ဖို့ တခုခုနေမကောင်းဘူးလို့ ထင်တာနဲ့ ဆရာဝန်ဆီသွားဖို့ မပေါ့ဆနဲ့တဲ့။ မိုင်းဖန်အစ်မလည်း လူးပစ်ကြောင့် သေသွားတာတဲ့ ၁၉၉၁ သူသုံးတန်းတုန်းကတဲ့။ လူးပစ်ဟာ မျိုးရိုးလိုက်တတ်လို့ ကိုယ့်မိသားစုမှာ လူးပစ်ရှိလားလို့ ဆရာဝန်က ရောဂါဇစ်မြစ် သေသေချာချာမေးတာ။ အဲဒီတုန်းက ဗီယက်နမ်မှာ ကောင်းမွန်တဲ့ ကျန်းမာရေးစောင့်ရှောက်မှု၊ ဆေးဝါးမရှိတော့ သေဆုံးရတာများတယ်။ ကိုယ့်အမေရိကန်မှာနေဖို့ ဆုံးဖြတ်လိုက်တာ လူးပစ်ကြောင့်လည်းပါတယ်။ အမေရိကန်မှာက သုတေသန၊ ဆေးဝါးကောင်းတော့ လူးပစ်ဖြစ်ပေမဲ့လည်း လူ့သက်တမ်းစေ့ နေနိုင်တယ်။ မိုင်းဖန်က မျက်နှာမှာ လိပ်ပြာကွက်တွေ ထလာတတ်တယ်။ ၂၊ ၃ ရက်လောက်ဆို ကောင်းသွားရော။ အဆစ်အမြစ်၊ ကြွက်သားတွေ ယောင်တယ်။ အရင်တုန်းက အလေးကြီးတွေ သယ်နိုင်ပေမဲ့ ခုတော့ မသယ်နိုင်တော့ဘူးတဲ့။

ဆံပင်တွေလည်း ကျွှတ်လိုက်တာ၊ အသားအရေလည်း ခြောက်တယ်။ ကိုယ့်အလုပ်အကိုင်၊ အိမ်၊ မိသားစု အခြေအနေကို မေးတယ်။ ဂရင်းကဒ်ကို မြန်မြန်လျှောက်ဖို့ တိုက်တွန်းတယ်။ စီနီယာငါးလေ စန်းစန်း သိတယ်မလား။ သိတယ် သူ ဂရင်းကဒ်ရပြီ သူလည်း အစာအိမ်ရောဂါဖြစ်လို့တဲ့ ဆေးရုံတက်ဖို့ကို နှစ်လလောက် စောင့်ရတယ်။ သူ့ကုမ္ဗဏီက ကျန်းမာရေးအာမခံ မပေးဘူး တလကို ၈၀၀ ပေးရတယ်တဲ့။ ငါးက ပြောနေတယ် ငါတို့တွေ စာကိုလည်း အသည်းအသန်ကြိုးစား၊ အလုပ်ကိုလည်း သူများထက် နှစ်ဆကြိုးစား၊ ကျန်းမာအောင်နေကြရဲ့သားနဲ့ ဘာလို့ဒီရောဂါတွေ ဖြစ်ပါလိမ့်။ ကျောင်းတုန်းကလည်း တနေ့ကို လေးနာရီလောက်ပဲအိပ်၊ မက်ဒေါနယ်က မက်ချစ်ကင်း ၂ ကျပ်တန်စားပြီး ‌ချွှေတာ။ မိုင်းဖန် မှတ်မိသေးလား ပိတ်ရက်တွေဆို တရုတ်ဘူဖေးတစ်ဘူး၊ အိန္ဒိယဘူဖေးတစ်ဘူးဝယ်ပြီး ကိုယ်တို့လေးယောက် ချွှေတာစားခဲ့တာလေ။ အဲဒီလို ကိုယ်ပင်ပန်း၊ စိတ်ဖိစီးမှုတွေနဲ့ ကြိုးစားခဲ့ကြလို့ ရောဂါဖြစ်တာနေမှာ။ ဘာမှမကြိုးစား အေးအေးဆေးဆေး သက်သက်သာသာနေရင် ရောဂါဘယ်ဖြစ်လိမ့်မတုန်း။ မိုင်းရေ ကြည့်ရတာ ကိုယ်က မိုင်းကို သိပ်ချစ်တာပဲနဲ့တူတယ်နော် မိုင်းမှာ လူးပစ်ဖြစ်တယ်ဆိုရော ကိုယ်လည်း လူးပစ်လိုက်ဖြစ်ရော။ ဆူနမ်ကိုလည်း သတိထား လူးပစ်ဖြစ်နေဦးမယ် ကိုယ်တို့သူငယ်ချင်းတွေက ကံတူအကျိုးပေးတွေလို့ပြောတော့ ဆူနမ်က မိုင်း အဲဒီလိုမပြောပါနဲ့ ကြောက်စရာကြီးတဲ့။




ကိုယ်က ရာမားကို သံသယရှိနေတာ။ ရာမားက အမြဲအားနည်းပြီး အပူနည်းနည်း ရှိနေတတ်တယ်။ ရာသီဥတုအေးလာရင် ခြေထောက်မှာ အနီကွက်တွေ ထတယ်။ ဆံပင်လည်း တအားကျွှတ်တယ်။ လူးပစ်လက္ခဏာတွေနဲ့ ဆင်တယ်။ ဘုရား...ဘုရား မဟုတ်ပါစေနဲ့။ စန်းစန်း နယူးယောက်မှာ ဗမာကောင်လေး မတွေ့ဘူးလား မတွေ့ပါဘူး။ ကောင်းကောင်းမွန်မွန်လေးတွေ့ရင် ဒိတ်လုပ်နော် အလုပ်ထဲမှာရော။ အလုပ်ထဲမှာက တရုတ်ကောင်တွေကြီးပဲ။ တရုတ်လည်း ယဉ်ကျေးမှုမကွာတော့ မဆိုးပါဘူး။ ဘာလဲ မြန်မာဗုဒ္ဓဘာသာမှ ယူမယ်လို့တွေးနေတုန်းလား။ လူးပစ်ဖြစ်ပြီးတော့ ကိုယ့်သတ်မှတ်ချက်တွေ ပြင်လိုက်ပြီ။ ဆူနမ်ကတော့ ခုထိ ဂူရုန်းမှ ဂူရုန်း ဖြစ်နေတုန်း။ ဆူနမ် အခုချက်တင်းလုပ်နေတဲ့ ဂူရုန်းတစ်ယောက် ရှိတယ်။ သူများကို သိပ်ဂရုစိုက်တဲ့သူ မဟုတ်ဘူးလို့ ခံစားရလို့ ချက်တင်းတာ ရပ်တော့မယ်တဲ့။ ဆူနမ်က မိသားစု၊ သူငယ်ချင်းတွေကို သိပ်ဂရုစိုက်တာ။ တသက်လုံး အတူနေသွားရမှာ သူ၊ သူ့မိဘတွေ မဟုတ်ဘူး မချစ်ဘူးလို့ ခံစားမိရင်ရပ်။ ဒီလူနဲ့ ကျန်တဲ့ဘဝတစ်ခုလုံးကို ဖြတ်သန်းသွားချင်လိုက်တာလို့ ခံစားမိရင် ဆက်လုပ်။ စန်းစန်း နင့်မိဘတွေလာရင် ကောင်လေးတစ်ယောက်ရှာခိုင်း။ ကိုယ်တို့မိသားစုက arranged marriage မရှိဘူး ကြိုက်ရင်ယူ ကောင်းရင်စံ ဖြစ်ရင်ခံ။ နေပါဦးမိုင်းရဲ့ မြန်မာပြည်ကလူကို ယူတာတော့ ထားပါတော့။ ကိုယ်က ယူအက်စ်မှာ အခြေချဖို့ ဆုံးဖြတ်ထားတာ။ မြန်မာပြည်ကလူကို လက်ထပ်ပြီး ယူအက်စ်ကိုခေါ်လာ သူက ယူအက်စ်မှာ ဘာလုပ်မှာတုန်း။ ကိုယ်တောင် ယူအက်စ်မှာ အခြေကျဖို့ လေးနှစ်လောက် အသည်းအသန် ကြိုးစားရတာ။ ထမင်းချက်၊ ကလေးမွေး၊ အိမ်ထောင်ထိန်းသိမ်းတဲ့ good house husband လုပ်မှာလား။ အယ်မလေး သူငယ်ချင်းတွေလို့ မပြောရဘူး ဆူနမ်နဲ့ တလေသံတည်း ထွက်တယ်။

သိလား စန်းစန်း ဂင်္ဂါနဲ့ရာမား မင်္ဂလာဆောင်တော့မယ်နဲ့တူတယ်။ ကိုယ်သိတယ် အမ်းထရူး ကိုယ့်ကိုပြောပြတယ်။ ကျောင်းမှာကတည်းက ဂင်္ဂါက ရာမားကို ကြိုက်နေတာ။ အိုင်အိုဝါပြည်နယ်မှာနေတဲ့ ဂင်္ဂါကို မေရီလန်းကိုလာဖို့ ရာမားက ဖိတ်ခေါ်လိုက်တာတဲ့။ ဂင်္ဂါအချစ်က တကယ်ခိုင်မြဲတယ်နော် ငါးနှစ်ကြီးများတောင်။ လွန်ခဲ့တဲ့နှစ်နှစ်က ကိုယ်မေးသေးတယ် ဆူနမ်က ဂင်္ဂါနဲ့ နိုးလို့ တူးတူးခါးခါးကြီး ငြင်းတယ်။ ရာမားကို သူ့အိမ်က ပေးစားမှာလေး ဘာလေးနဲ့။ ခုတော့ ဂင်္ဂါနဲ့သဘောတူလို့ အိမ်ကိုတောင် ခေါ်တင်ထားတယ်။ ဒါတောင် လုံးဝကြီး သဘောကျသေးတာ မဟုတ်ဘူးတဲ့။ ရာမားက ယောက်ျားယူတော့မယ် ဆူနမ် နင်တစ်ယောက်တည်း ကျန်ရစ်ဖြစ်တော့တယ် ယောကျာ်းရှာလို့ တိုက်တွန်းနေရတယ်။ ကျောင်းမှာတုန်းက ကိုယ်တို့ဘတ်ချ်၊ စီနီယာ၊ ဂျူနီယာတွေမှာ နီပေါတွေမှ အများကြီးကို တစ်ယောက်ရအောင် မချိတ်ဘူး။ သူက ဂူရုန်းမှ ဂူရုန်းတဲ့လေ။ အမ်းထရူးကျတော့လည်း ဂူရုန်းပေမဲ့ ယူလို့မရတဲ့ဂူရုန်းတဲ့။ ဈေးဝယ်တဲ့အခါ ခြင်းတောင်းကို မသယ်နိုင်တဲ့အခါ၊ အဝတ်လျှော်ဖို့ အဝတ်ခြင်းတောင်းကို မသယ်နိုင်တဲ့အခါ မိသားစုဝင်တစ်ယောက်လောက် အနားမှာရှိစေချင်သား။ ကလေးတွေကို မြင်ရတဲ့အခါ မိသားစုရှိသင့်ပြီလို့ တွေးမိသား။ တခါတလေကျတော့ ဒီလောက်နာကျင်ကိုက်ခဲနေတာ ဘယ်လိုလုပ် မိသားစုတာဝန်တွေ ထမ်းဆောင်နိုင်ပါ့မလဲလို့ တွေးမိသား။

စန်းစန်း မင်း အဒေါ်ဖြစ်သွားဖြစ်ပြီဆို ဟုတ်တယ်။ မင်းမောင်ကို သုံးယောက်မွေးခိုင်း တစ်ယောက်ကို မင်းအစ်မကမွေး၊ တစ်ယောက်ကိုမင်းကမွေး။ ဟဲ့ သူ့ကလေးကို မွေးမဲ့အစား ကိုယ့်ဘာသာမွေးမှာပေါ့။ အဲဒါကြောင့် ယောကျာ်းရှာဖို့ ပြောတာပေါ့။ ကိုယ်တို့ညီအစ်မတွေဆုံရင် မောင်မောင်နဲ့ကိုယ့်ယောက်မ အသုံးမကျတဲ့အကြောင်း ဘူတာဆိုက်သလို ဆူနမ်၊ မိုင်းတို့နဲ့ဆိုရင် ဒီယောက်ျားဘူတာပဲ ဆိုက်တယ်။ ကိုယ်တို့ပြသနာက ကိုယ်တို့လောက် ပညာတတ်၊ လစာကလည်း ကိုယ်တို့နီးပါးလောက်ရတဲ့သူ၊ လူမျိုး၊ ဘာသာလည်း တူဦးမှ။ မိုင်း မင်း သိပ်ကံကောင်းတယ် ဗီယက်နမ်ချင်းလည်း ဖြစ်သလို ဘွဲ့ရပညာတတ်၊ လစာလည်းကောင်း၊ ယူအက်စ်မှာ အခြေချတဲ့သူ၊ မင်းရဲ့ပထမဆုံးရည်းစားလည်း ဖြစ်တယ် မင်းကို သိပ်အားကျတာပဲ။ စန်းစန်း မြန်မာပြည် ဘယ်တော့အလည်ပြန်မလဲ။ ဒီနှစ်တော့ ကိုယ့်မိဘတွေ လာမှာဆိုတော့ မပြန်ဖြစ်တော့ပါဘူး။ ပြန်မယ်ဆိုရင်လည်း လေယာဉ်ခ၊ လက်ဆောင်တွေနဲ့ ပိုက်ဆံသိပ်ကုန်တာ။ ကိုယ့်မှာ တခြားကုန်စရာတွေ ရှိသေးတယ်။ စန်းစန်း ပူရီမာကို မှတ်မိတယ်မလား မှတ်မိတယ် ဘောစတွန်မှာလေ။ သူ့ကောင်လည်း ဘော်စတွန်မှာ ယူတော့မယ်နဲ့တူတယ်။ ကျောင်းမှာတုန်းက သူတို့နှစ်ယောက် သမီးရည်းစားလားလို့မေးတာ ဆူနမ်က နိုးလို့လုံးဝငြင်းတယ်။ ပူရီမာမှာ ရည်းစားရှိတယ်တဲ့။ ပူရီမာမှာ ရည်းစားရှိမရှိတော့ မသိဘူးဟေ့ သူတို့နှစ်ယောက်ကို တွေ့လိုက်တာနဲ့ သမီးရည်းစားမှန်း သိတယ်။




အဲဒါကို ဆူနမ်က နိုး ရိုးရိုးသားသားခင်တာလို့ ငြင်းနေသေးတယ်။ ဒီနီပေါတွေဟာလေ ရိုးသားအပြစ်ကင်း လွန်းကြတာလား မသိတော့ဘူး။ ခုထိ ဆူနမ်က နိုးလို့ငြင်းနေတုန်း။ ကယ်လီဖိုးနီးယားက စီနီယာငါးနဲ့ ဘော်စတွန်က ပူရီမာတို့ ဖလော်ရီဒါကို သွားတဲ့ဓာတ်ပုံတွေ ဖေ့ဘွတ်မှာ တွေ့လိုက်တယ်။ သူ့ကောင်လည်းပါတယ် ဆူနမ်တစ်ကောင်ဟာလေ ခုထိငြင်းနေတုန်း။ ဟိုက မင်္ဂလာဆောင်တော့မှပဲ ရက်စ်လို့ပြောတော့မယ်နဲ့တူတယ်။ ကိုယ်တော့ ဆူနမ်ကို နားမလည်နိုင်တော့ဘူး လယ်ပြင်မှာ ဆင်သွားသလို ရှင်းရှင်းလင်းလင်းကြီး မြင်ရဲ့သားနဲ့ ဘာလို့ဘူးခံနေပါလိမ့်။ စန်းစန်းရေ မင်းနှလုံးသားကို ဖွင့်နော်။ သင့်တော်တဲ့သူတွေ့ရင် သိပ်မစဉ်းစားနဲ့။ ကိုယ်တို့က ပညာ၊ အလုပ် အားလုံးပြည့်စုံနေပြီ အိမ်ထောင်ပြုသင့်တဲ့အရွယ် ရောက်ပြီ။ အင်းပါ ကိုယ်စဉ်းစားပါ့မယ်။ ဆူနမ်၊ ရာမားတို့ ကွန်းဖရင့်ကော ခေါ်ရအောင် စန်းစန်း အိပ်ချင်နေပြီလား ၁၁ နာရီ ထိုးလုပြီ။ အင်း ဟုတ်တယ် ကိုယ့်မျက်စိတွေ စင်းနေပြီ ကိုယ်အိပ်သင့်နေပြီ။ မအိပ်ရင် အဆစ်အမြစ်တွေ ပိုကိုက်တယ်။ ကိုယ် နားလည်ပါတယ် နောက်မှ ပြောကြအောင်လေ ဂွတ်နိုက်။

စန်းထွန်း
ဂျွှန် ၂၊ ၂၀၁၅။