All About NYC - 2
April showers bring May flowers. ဆိုပေမဲ့ မေလ မရောက်ခင် ဧပရယ်လမှာပဲ ပန်းတွေ ဖူးပွင့်ကြတာ မေစီလျှော့ပင်းမောလ်မှာပါ။ အပတ်စဉ် သောကြာနေ့တိုင်း  ရုံးချုပ်မှာ နေ့လည်စာကျွှေးတာကို ၁၅ မိနစ်လောက် လမ်းလျှောက်ရမှာ ပျင်း၊ အပတ်တိုင်း တဆိုင်တည်းသောဆိုင်က အစားအသောက်တွေကိုပဲ  ကျွှေး၊ စားပြီးရင် ရေငတ်၊ အကြောတက်လို့ MSG အချိုမှုန့်ပါတယ်ထင်လို့ အပတ်တိုင်း သွားမစားဖြစ်ဘူး။ ရုံးချုပ်မှာ မဖြစ်မနေ သောကြာနေ့ နေ့လည်စာ သွားစားတဲ့အခါ LGA (LaGuardia Airport  လဂွာရီရာပရောဂျက်) မှာ အတူတွဲလုပ်ဖူး လက်ပေါက်ကပ်တဲ့ ဂျူးမကြီးက မေစီက နှင်းဆီဂါဝန်လေးက အရမ်းလှတာပဲ။ ဘဟီတာ အိန္ဒိယသူလေးကို သွားဖို့တိုက်တွန်းနေလို့ မေးကြည့်တော့ မေစီပန်းပြပွဲ ဆိုတာ သိရတယ်။
သွားကြည့်တော့ တကယ်လှတယ်။ ဒါနဲ့ စနေနေ့မှာ နောက်ထပ်တခေါက် ထပ်သွားတယ်။ ချယ်ရီပင်တွေ မတွေ့တော့ဘူး။ ပန်းဒီဇိုင်နာတွေ သူ့ရက်နဲ့သူ အလှဆင်ပါတယ်။ နာရီဝက်တကြိမ်ကျ ဂိုက်က လေဆာလိုက်နဲ့ထိုးပြကာ ပန်းတွေအကြောင်း ရှင်းပြပါတယ်။ ပန်းပွဲ လာတဲ့သူတွေ၊ ဒစ်စကောက်ချလို့ လျှော့ပင်းကြသူတွေနဲ့ ကြိတ်ကြိတ်တိုး စည်ပါတယ်။ မေစီရဲ့ Secret Garden အလှကို ငေးမောကြရအောင်။
               n                     
ပန်းတွေအများကြီးကို တနေရာတည်းမှာ တစုတစည်းတည်း တွေ့လိုက်ရတော့ OMG ! That is amazing. Unbelievable ! တွေ ဖြစ်ကုန်ကြတာပေါ့။ ဒစ်စကောင့်တွေချလို့ ပန်းတွေကြည့်ရင်း လျှော့ပင်းတဲ့သူတွေရော၊ ဈေးမဝယ်ဘဲ ပန်းတွေလာကြည့်၊ ဓာတ်ပုံလာရိုက်တဲ့သူတွေရော အားလုံးကို မေစီက ဝဲကမ်းပါတဲ့။ အရှေ့ဖက်ကမ်းခြေ နယူးယောက်ပြည်နယ် နယူးယောက်မြို့၊ ပင်စယ်ဗေးနီးယားပြည်နယ် ဖီလာဒဲဖီးယားမြို့၊ အနောက်မြောက်ဖက် အီလီနွိုက်ပြည်နယ် ချီကာဂိုမြို့၊ မီနီဆိုးတားပြည်နယ် မီးနီးပိုလစ်မြို့၊ အနောက်ဖက် ဆန်ဖရန်စစ်စကိုမြို့ မေစီလျှော့ပင်းမောလ်မှာ နှစ်စဉ်ဧပြီလတွေတိုင်း ကျင်းပတဲ့ The Secret Garden ပန်းပြပွဲက တကယ့်ကို အံ့မခန်းပါဘဲ။ တော်တော်အကုန်အကျခံပြီး ပန်းဥယျာဉ်လုပ်ထားတာပဲ။ အဲဒီပိုက်ဆံတွေကိုသာ လိုအပ်တဲ့နေရာမှာ လှုဒါန်းလိုက်ရင်...။
ရန်ကုန်တက္ကသိုလ်က အဓိပတိလမ်းလို ကိုယ်တို့တက္ကသိုလ်မှာလည်း တော်ဝင်လမ်း ရှိတယ်။ လမ်းမကြီးကနေ တော်တော်လေးဝင်ရလို့ တော်ဝင်လမ်းလို့ အမည်တွင်တာပါ။ အဲဒီတော်ဝင်လမ်းမ အလယ်ခေါင်မှာ "ကျောင်းခေါ်ချိန် ၇၅ % မပြည့်လျှင် စာမေးပွဲဖြေဆိုခွင့် လုံးဝမပြု"ဆိုတဲ့ ဆိုင်းပုဒ်ကြီး ချိတ်ထားတဲ့ ကုက္ကိုပင်ကြီးတပင် ထီးထီးကြီးရှိတယ်။ "အဓိပတိလမ်း မရှိပေမဲ့ တော်ဝင်လမ်းရှိတယ်...သစ်ပုတ်ပင် မရှိပေမဲ့ ကုက္ကိုပင်ရှိတယ်...အင်းလျားကန် မရှိပေမဲ့ သာဓုကန်ရှိတယ်...ဦးချစ်ဆိုင် မရှိပေမဲ့ အောင်ရှိတယ်...ကဲ..ဘာလိုသေးလဲ..."။ ကိုယ့်သူငယ်ချင်းတယောက် ကျောင်း Address Book မှာ ရေးထားတဲ့ ကဗျာလေး။ ဘာလိုလိုနဲ့ ကိုယ်တို့ကျောင်းပြီးတာ ဆယ်နှစ်တောင် ရှိပါရောလား။ အချိန်ကုန်တာ မြန်လိုက်တာ..။
ကိုယ်တို့အုပ်စုထဲမှာ ကိုယ်ပိုင်ကားစီးနိုင်တဲ့သူ မပါတော့ အတန်းလစ်ကြပြီဆိုရင် ဘတ်စ်ကားစီးဖို့ ကျောင်းထိပ်ကို တမျှော်တခေါ်ကြီး လမ်းလျှောက်ရတယ်။ ကျောင်းဖယ်ရီတွေက နေပူကြဲကြဲ အရိပ်အာဝါသမရှိတဲ့ တော်ဝင်လမ်းမှာ လမ်းလျှောက်နေတဲ့ ကျောင်းသားတွေကို လမ်းထိပ်အထိ ခေါ်သွားပေးတတ်တယ်။ နေကပူ၊ ဖယ်ရီကားကမကြုံ၊ ကိုယ်ပိုင်ကားတစီးတလေများ ဖြတ်သွားရင် လမ်းကြုံလိုက်ဖို့ ကိုယ့်အသိတွေများ ဖြစ်မလားလို့ လှည့်ကြည့်ရတာ အမော။ မဟုတ်ရင် သက်ပြင်းကို ဟူးကနဲမှုတ်လို့ ငါ့မှာသာ ကိုယ်ပိုင်ကားရှိလို့ကတော့ လမ်းလျှောက်နေတဲ့သူတွေကို တင်သွားမယ်လို့ တယောက်ကပြောရင် အဲဒီအချိန်ဆို နင် တော်ဝင်လမ်းလျှောက်ရတဲ့ဒုက္ခကို မေ့နေတော့မှာ။ လမ်းကြုံခေါ်ဖို့မပြောနဲ့ ကားကို ဝူးခနဲနေအောင် မောင်းထွက်သွားမှာလို့ ဝိုင်းပြောကြတယ်။
ခရိုနီတစ်ယောက် ဒေါ်လာအုပ်လိုက်ကိုင်ပြီး မော်ဒယ်မလေးတွေနဲ့ ကာရာအိုကေမှာ သုံးဖြုန်းနေတဲ့သတင်း ဖတ်ရတော့ ငါသာ သူ့လိုချမ်းသာရင် ကာရာအိုကေမှာ သုံးပစ်မဲ့အစား လှုပစ်လိုက်မှာလို့ တွေးမိတယ်။ တကယ်လို့ ကိုယ်သာ ခရိုနီဖြစ်ခဲ့ရင် လှုဒါန်းဖို့မေ့ပြီး အဲဒီလို သုံးဖြုန်းနေမလားဘဲ။ ခရိုနီမဖြစ်သေးတော့ မသိသေးပါ။ အသိအစ်မက သူ့မွေးနေ့မှာ ယိုးဒယားဘုန်းကြီးကျောင်းသွားလှုမယ်၊ အားရင်လိုက်ခဲ့လေလို့ ဖိတ်ခေါ်တာနဲ့ ယိုးဒယားဘုရင်ကိုယ်တိုင် ဖွင့်လှစ်ပေးပြီး ဆုတောင်းပြည့်တယ်ဆိုတဲ့ ယိုးဒယားဘုန်းကြီးကျောင်း Wat Buddha Thai Thavorn Vanaram ကို ရောက်ခဲ့ပါတယ်။ ကျောင်းမှာရှိတဲ့ သင်္ကန်းနဲ့လှုဖွယ်တွေယူ၊ ရေစက်ခွက်ချ ဘုရားစာရွတ်ဖတ်တာကို နားထောင်တော့ နမောတသ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓ ကိုပဲ သုံးခါတိတိ လိုက်ဆိုနိုင်တယ်။ စာအိတ်နဲ့ဝထ္ထုငွေကို လုံးဝအကပ်မခံဘူး အလှုခံဗုံးထဲသွားထည့်တဲ့။ နောက်တော့ ဆွမ်းဟင်းတွေကို မီးဖိုချောင်ကနေ ဆရာတော်တွေဆီ လက်ဆင့်ကမ်းကြတယ်။ အမျိုးသားတွေကပဲ ဆွမ်းဟင်းတွေကို ဆရာတော့် သပိတ်ထဲ ကပ်ကြတယ်။ ဆရာတော်တွေက သပိတ်နဲ့ပဲ ဆွမ်းဘုဉ်းပေးကြတယ်။
ဝထ္ထုငွေကို ကပ္မိယကနေတဆင့် ကပ်ရပြီး သိမ်နားကနေ ဆွမ်းစားဆောင်ထိ ဆွမ်းခံကြွတာကို သပိတ်ထဲ ဆွမ်းဟင်းတွေ လောင်းလှုရတဲ့ မှော်ဘီဝါးနက်ချောင်း ဗောဓိရိပ်ငြိမ်တောရကို သတိရမိတယ်။ စားဖိုဆောင်မှာ ဟင်းတွေမှ အများကြီး။ ထိုင်းတွေက ဖော်ရွေတယ်။ နောက်နှစ်ပတ်မှာ ကျင်းပတဲ့ Songkarn ထိုင်းသင်္ကြန်မှာ ကားလမ်းမကို ပိတ်ပြီး နိဗ္ဗာန်ဈေးပွဲတော်၊ မော်ဒယ်ရှိုးပွဲတွေ ကျင်းပလို့ လာလည်ဖို့ ဖိတ်ပါတယ်။ မြန်မာဘုန်းကြီးကျောင်းတွေမှာလည်း နှစ်သစ်ကူးသင်္ကြန်ပွဲတွေရှိပေမဲ့ အဲဒီအချိန် ဝါရှင်တန်ဒီစီ ချယ်ရီပွဲတော်ဆီ ရောက်နေမှာမို့ ထိုင်းသင်္ကြန် မကြုံလိုက်ဘူး။ အပေါ်ထပ်က မြဘုရားကျောင်းဆောင်ဆီ တက်ဖူးကြတယ်။ ထိုင်းဘုရားကျောင်းတွေထုံးစံအတိုင်း စလစ်မွှန်းချွှန်းတွေနဲ့ လေက တဟူးဟူး အပေါ်ထပ်မှာ ပုရိတ်ကြီး ၁၁ သုတ် ရွှတ်ဖတ်ပူဇော်ကြတယ်။ Laughing Buddha ၊ မဟာပိန္နဲ၊ တရုတ်နတ်၊ ကွမ်ရင်မယ်တော် ရုပ်ထုတွေရှိတယ်။ ဆုတောင်းပြည့်ရင် ဆင်ရုပ်နဲ့ကြက်ဥ လာလှုကြလို့ ဆုတောင်းပြည့်သွားသူတွေရဲ့ ဆင်ရုပ်လေးတွေ တွေ့ရပါတယ်။ ကိုယ်လည်း ဆုတစ်ခု တောင်းခဲ့တယ်။ ဆုတောင်းပြည့်ရင် ထုံးစံအတိုင်း ဆင်ရုပ်နဲ့ ကြက်ဥ သွားလှုဦးမယ်။
ကိုယ့်လိုပဲ ယိုးဒယားဘုန်းကြီးကျောင်း မရောက်ဖူးသေးလို့လိုက်တဲ့ ကြီးကြီး၊ ဘဘတို့နဲ့ အလ္လာဘသလာဘ ပြောကြတော့ သာယာဝတီ သုံးဆယ်ကတဲ့။ ဒါဆို မကြီးသူဋ္ဌေးကိုများ သိမလားမေးကြည့်တော့ မသိဘဲဘယ်နေပါ့မလဲ တလမ်းတည်းနေတာတဲ့။ သူတို့သမီးအငယ်ဆုံးက အန်ဂျီအိုမှာ လုပ်နေတာ၊ ဘယ်တက္ကသိုလ်ထွက်လဲ၊ ဆယ်တန်း ဘယ်နှစ်အောင်တာလဲ မေးမြန်းကြည့်တော့ လား..လား...ပထမနှစ်တုန်းက တလလောက် အတူတူထိုင်ခဲ့ဖူးတဲ့ အသားဖြူဖြူ၊ ဆံပင်ရှည်ရှည်ပိုင်ရှင် ရွှေဇင် ဖြစ်နေတယ်။ ကိုယ်က အဲဒီတုန်းက လန်ဒန်တက္ကသိုလ်တစ်ခုက လာဖွင့်တဲ့ ပထမနှစ်ဒီပလိုမာသင်တန်းတက်နေတော့ ကျောင်းသိပ်မတက်ဖြစ်ဘူး။
သွားတက်တဲ့ တလလောက်က အတူတူထိုင်တာက အဲဒီဆံပင်ရှည်မလေး ရွှေဇင်၊ ကျောင်းသိပ်မလာတဲ့ ငါ့ကို ဘာလို့အီးစီ ခန့်ကြပါလိမ်လို့ဆိုတဲ့ ခပ်ဟော့ဟော့ ဝတ်တတ်တဲ့ ထက်ထက်ခိုင် ခုတော့ သြဇီ ရောက်နေတယ် ကြားတယ်၊ အသားဖြူဖြူ ထောင်ထောင်မောင်းမောင်း ဘူတာရုံလမ်းနားက လေးလေးခိုင်၊ အသားညိုညို  ရခိုင်မလေး မြရည်ညို (အဲဒီနာမည်ကို သိပ်သဘောကျတာ)၊ ခင်ခင်ဝင်း အဲဒီတစ်ယောက် နာမည်ကို ရင်းနှီးနေပေမဲ့ ခုထိမျက်စိထဲ မမြင်သေးဘူး။ အစပိုင်းကတော့ ကျောင်းတက်မလိုနဲ့ နောက်တော့ လန်ဒန်ကျောင်းကိုပဲ ကေအမ်ဒီမှာ တက်ရတယ်။ ဒုတိယနှစ်ကျတော့ ရိုးကော ကျောင်းခေါ်ချိန်တွေ ခိုးထိုးပေးလို့မရတော့ ဒုတိယနှစ်ကျပဲ ကျောင်းတကယ် တက်ဖြစ်တော့တယ်။ ရွှေစင်တို့အုပ်စုနဲ့ အခန်းမတူတော့သလို ဝေ၊ အိကေ၊ အေးသက်လှိုင်၊ မြတ်မွန်၊ သစ်သစ်၊ သဇင်၊ ခိုင်ဇာ  သူငယ်ချင်းအသစ်တွေရပြီး သူတို့နဲ့ ကျောင်းပြီးတဲ့အထိ တတွဲတွဲ။ ရွှေစင်တို့အုပ်စုက ပထမနှစ်ကနေ နောက်ဆုံးနှစ်အထိ တတွဲတွဲ ခုထိလည်း တွဲတုန်း။ ကယ်လီဖိုးနီးယားရောက်နေတဲ့ ခင်ခင်ဝင်းက နယူးယောက်က ရွှေစင့်အဖေ၊ အဖေတို့ကို ဖုန်းလှမ်းဆက်ပြီး နေကောင်းလားလို့ သတင်းမေးတာ ကြားရတော့ သူငယ်ချင်းတွေဆိုတာ ဘယ်နေရာရောက်ရောက် နွေးထွေးတာပဲလို့ တွေးမိတယ်။
ချစ်ကွန်းကို သိလား သမီးတို့ထက် ငယ်တယ်၊ တော်တယ်၊ ကွန်ပျူတာကပဲလေ၊ ခု စင်္ကာပူမှာလို့ပြောတော့ သိဘူးလို့။ နောက်မှ ကေအမ်ဒီမှာ သီဟန်တို့ စူပါဗိုက်ဆာ၊ ရွှေစင့်ဦးလေး (ဦးလေးဆိုပေမဲ့ တူမထက် ငယ်တယ်) ဆိုတာ သတိရသွားတယ်။ ကိုယ့်ကိုဖိတ်တဲ့အစ်မက မကြီးငယ်သူငယ်ချင်းနဲ့ ဆေးဖက်ကျွှမ်းကျင်တက္ကသိုလ်မှာ တဆောင်တည်းနေပြီး ကျောင်းအတူတူတက်ခဲ့တဲ့ သူငယ်ချင်းညီအစ်မတွေ။ မကြီးနဲ့ သူ့ငယ်သူငယ်ချင်းက သူငယ်တန်းကနေ ရှစ်တန်းအထိ ဟိုင်းကြီးကျောင်း၊  ၉  တန်း၊ ၁၀ တန်းကို ပုသိမ် ထ ၂  ကို အတူနေ အတူတက်ခဲ့တာ။ ရန်ကုန်မှာ တက္ကသိုလ်တွေ မတူပေမဲ့လည်း တရွာတည်းသားတွေဆိုတော့ ဆွေမျိုးလိုပါပဲ။ ကိုယ့်မှာ အဲဒီလို ငယ်သူငယ်ချင်း မရှိဘူး။ မကြီးငယ်သူငယ်ချင်းရဲ့ သူငယ်ချင်းဆိုတော့လည်း သိနေတာပေါ့။ ဆယ့်ငါးနှစ်လောက်ကြာမှ နယူးယောက်မှာ ပြန်ဆုံတော့ ညီမလေးတစ်ယောက်လို စောင့်ရှောက်တယ်။
နယူးယောက်က နာမည်ကြီးဘလော့ဂါနဲ့ ဘယ်လိုသိတာတုန်း။ ဘလော့ဒေးအမှတ်တရရေးတော့ ဖေ့ဘွတ်ကဘလော့ဂါ စာရင်းမှာပါဖို့ ဖိတ်ခေါ်လို့သိတာ။ ငါလည်း ဘလော့ရေးတယ် --- နာမည်နဲ့။ ဟင် ဟုတ်လား သမီးက ဘလော့သိပ်မဂင်းလို့ သိပ်မသိဘူး။ သူနဲ့ ငါက အိုင်အလ်ဘီစီမှာ အင်္ဂလိပ်စာတက်ကတည်းက သူငယ်ချင်း၊ ငါ နယူးယောက်ရောက်ပြီး သိပ်မကြာဘူး သူလည်း ရောက်လာတာပဲ။ ဟိုးတလောက မီးပြတိုက်ကို သွားတုန်းကတောင် သူပါတယ်။ ဒါနဲ့ နေပါဦး ကြည်ကြည်စိမ်းနဲ့ မေဝါလွင်ကို ဘယ်လိုသိတာတုန်း။ လန်ဒန်တက္ကသိုလ်ပထမနှစ် ဒီပလိုမာသင်တန်း အိုင်ဒီစီအက်စ် IDCS (International Diploma in Computer Studies) Section 13 ကေအမ်ဒီမှာ တက်တုန်းက တခန်းတည်း အတူတူတက်ခဲ့တာ။ အဲဒါ့ ငါ့သူငယ်ချင်းတွေ သူတို့အိမ်က ငါ့စားအိမ်သောက်အိမ်ပဲ။ အဲဒီနေ့က ကမ္ဘာကြီးဟာ ကျဉ်းကျဉ်းလေးပါလားလို့ သဘောပေါက်သွားတယ်။
နယူးယောက်မြေအောက်ရထားလိုင်က တနေ့ကို လူသန်းချီ သယ်ယူပို့ဆောင်ပေးနေတော့ အလွန်ရှုပ်သလို ပြုပြင်ရတာလည်း များတယ်။ ပိတ်ရက်တွေဆို ရထားလမ်းပြင်နေလို့ ဘယ်နေရာကနေ ဘယ်နေရာအထိ ရထားမရှိဘူး၊ ဖရီးရှယ်တယ် စီးရင်စီး၊ မစီးရင် တခြားရထား ပြောင်းစီးရတယ်။ ရှေ့မှာ လမ်းပြင်နေလို့ ဒီဘူတာက နောက်ဆုံးပါ...အောက်ရထားလိုင်းကို ပြောင်းစီးပါလို့ ကြေငြာရင် ပြောင်းရပြန်ရော။ ရထားမြေပုံကို ဖုန်း၊ အိုင်ပတ်မှာ ဆောင်ထားရတယ်။ E ရထားစီးနေရင်း ဒီရထားက F လိုင်းက သွားမှာပါလို့ ကြေငြာရင် မြေပုံထုတ်၊ ဘယ်ဘူတာမှာ ဆင်းရမလဲ၊ ဘယ်ရထားထပ်ပြောင်းစီးရင် သွားမဲ့နေရာ ရောက်မလဲ၊ Local ( ဘူတာစဉ်တိုင်းရပ်တဲ့ရထား)  စီးနေရင်း ခုရထားက Express ( ဘူတာကြီးတွေပဲရပ်တဲ့ရထား) လို့ကြေငြာရင် ပြန်ပြောင်းစီး။ နယူးယောက်ရထားဋီကာတွေကို စာဖွဲ့ရရင် ပို့စ်တစ်ခု ရမယ်။
ရုံးတက်ရုံးဆင်းချိန်ဆိုရင် တခါတလေ တံခါးပိတ်လို့မရဘူး။ လူတွေ ဒီလောက်ကျပ်နေတာတောင် နောက်မကျချင်တဲ့ သူတွေက အတင်းတက်ကြတာကိုး။ တံခါးအားလုံးပိတ်လို့မရရင် ရထားက မထွက်နိုင်။ ဒီတော့ ဒီလေး delay ဖြစ်။ ရထားမောင်းတဲ့သူက စိတ်တို Use all available doors. Stand clear closing door. If you block the door, the train can't move. If there is no room, please wait for next train, right behind us. လို့အော် တံခါးကိုဆောင့်ပိတ်။ နယူးယောက်မြေအောက် ရထားမောင်းတဲ့သူတွေ အော်ဟစ်တာ ရန်ကုန်ဘတ်စ်ကား စပယ်ရာတွေနဲ့တူတယ်။ ရန်ကုန်က ဘတ်စ်ကားစပယ်ရာတွေလို မိန်းကလေးကို ခါးမပွေ့ချီတာတစ်ခုပဲ။ တချို့ရထားမောင်းတဲ့သူတွေက သဘောကောင်းတယ် အသံလေးက ချိုနေတာပဲ Express ရထားက ဘယ်နှစ်မိနစ်ဆိုရင် ရောက်ပါလိမ့်မယ်၊ ဒီဘူတာကနေ ဘယ်ရထားလိုင်းတွေ ပြောင်းစီးလို့ရတယ်ဆိုတာက ကြေငြာတယ်။ တချို့ကျတော့လည်း လှုရွှင်တော်အသံနဲ့ အသံကြားတာနဲ့ ပြုံးမိတယ်
မနက် ၈ နာရီခွဲ ရုံးတက် ည ၇ နာရီ မှ ရုံးပြန်ရတာ နှစ်ပတ်ရှိပြီ။ အိမ်ပြန်တဲ့အချိန်ဆို ရထားမှာ လူရှင်းနေတယ်။ အဲဒီနေ့ညနေက မိုးရွာနေတယ်။ Dear passengers, there is a big rainbow on the right side. လို့ ရထားမောင်းတဲ့သူက ကြေငြာတော့ ရထားပြတင်းပေါက်ကနေ ကောင်းကင်ကို အားလုံး လှမ်းကြည့်ကြတယ်။ လှလိုက်တဲ့ သက်တန့်လေး။  သက်တန့်မတွေ့ရတာတောင် တော်တော်ကြာပြီ။ နောက်ဆုံးတွေ့ခဲ့တာ ၂၀၁၃ မေ မန်မိုရီယမ်ဒေးပိတ်ရက် နိုင်အာဂရာရေတံခွန်မှာ။ ကောင်းကင်ဆီကနေ မဟုတ်ဘဲ ရေတံခွန်နားမှာ သုံးခုတွေ့ခဲ့တာ။
Niagara Falls
နိုင်အာဂရာရေတံခွန်နားမှာ အမေရိကန်နဲ့ ကနေဒါကို ပေါင်းကူးထားတဲ့ တံတားက Rainbow Bridge တဲ့။  သက်တန့်ဒီဇိုင်းအတိုင်း ဆောက်ထားတာမို့လို့ အဲဒီနာမည်ပေးတာတဲ့။ နိုင်အာဂရာသွားတုန်းက သတိမထားမိဘူး။ ဟိုတပတ်စနေနေ့က လမ်းလျှောက်အဖွဲ့နဲ့  မက်ဟန်တန်နဲ့ကွင်းကြားက ရုစဗဲ့အိုင်လန်ကျွှန်းကိုသွားရင်း renowned Japanese-American sculptor, landscape architect, and designer Isamu Noguchhi နာမည်ကျော် ဂျပန်အမေရိကန် ပန်းပု၊ အာခိတက်၊ ဒီဇိုင်နာ နာဂူချီပြတိုက်ကို သွားလို့ ဒီဇိုင်းစာအုပ်ကို ဟိုလှန်ဒီလှန်ကြည့်ရင်း တွေ့ခဲ့တာ။ တံတားအများစုက ထောက်တိုင်တွေ ရှိပေမဲ့ သက်တန့်တံတားမှာ မရှိဘူး။ သက်တန့်လေးလို  ကွေးကွေးခုံးခုံးလေးနဲ့ အင်မတန်လှတယ်တဲ့။ အဲဒီတော့မှ သတိထားမိတယ် လှသား။ ခြင်္သေ့ကျွှန်းက Handerson Wave တံတားကလည်း လှိုင်းသဏ္ဌန်ဆောက်ထားတာ လှတယ်။
Rainbow Bridge between Canada (left side) and USA (right side)
Henderson Wave Bridge, Singapore
credit to TravelerFolio.com
သဘာဝအလှတရားကို ခံစားတတ်တဲ့ ရထားမောင်းသူလိုပဲ ကောင်းကင်မှာ သက်တန့်လေး တွေ့ခဲ့ရင် မမြင်သေးတဲ့ သူငယ်ချင်းတွေ၊ မိတ်ဆွေတွေ၊ မိသားစုတွေကို အသိပေးလိုက်ပါ။ စိုးရိမ်သောကဗျာပါဒတွေ ကင်းစင်းပြီး သက်တန့်ကြည့်နေတဲ့ အခိုက်အတန့်လေးမှာ စိတ်ကြည်နူးရတယ်မလား။ နယူးယောက်တခွင် ဖလမ်းဖလမ်း ဂျလမ်းဂျလမ်းသမျှကို နောက်အပတ်မှ ဆက်ရအောင်။
"A thing of beauty is a joy forever."
စန်းထွန်း
မေ ၁၅၊ ၂၀၁၄။
2 comments:
Thu said...
San San Htun said...
Thu said...
ပထမဆုံးပန်းဂါဝန်အနီလေးကလှလိုက်တာနော်။
ကွန်ပျုတာကျောင်းသူချင်းဆိုတော့ဘဝတူတယ်။
ကျွန်တော်တို့မန်းလေးတအုံကွန်ပျုတာဆို ရန်-မန်းလမ်းကနေ၃မိုင်လောက်ဝင်ပြီးမှရောက်တယ်။ကျောင်းပြေးရင်လဲ လိုက်လိုက်ဖမ်းလို့ပြေးရတာလဲ.တခါတလေကိုယ့်ဘာသာကိုယ်တိုက်ပွဲထဲမှာပြေးနေရသလိုကိုမှတ်တာ..ဟိဟိ
အမတို့တွေကတော်ကျတယ်နော်။သူများနိုင်ငံမှာနေရာတစ်နေရာရနေပြီ။အသူတို့ကတော့ :'(
June 16, 2014 at 3:56 AM