စန်းထွန်း တောင်တက်နေသည် - ၄

လေဘာဒေးပိတ်ရက်မှာ မတက်လိုက်ရတဲ့တောင်ကို နောက်တပတ်မှ တက်ဖြစ်ပါတယ်။ စနေနေ့ မနက် ၈ နာရီ ဝါရှင်တန်ဒီစီ လမ်း ၁၆ နဲ့ အိုင်လမ်းမ ဆုံတဲ့နေရာမှာ စုရပ်ဖြစ်တာမို့ အိမ်ကနေ ၆ နာရီခွဲကတည်းက ထွက်တယ်။ ဘူတာရုံရောက်တော့ တံခါးပိတ်ထားတယ်။ ဟမ်းကမ်ရီကိုင်ပြီး စောင့်နေတဲ့ အမျိုးသမီးတယောက်ကို တွေ့တယ်။ ဖုန်းကနေ WMATA ဆိုဒ်ကို ကြည့်လိုက်တော့ လား...လား ရထားလမ်းတွေပြင်မှာမို့လို့ မနက် ၇ နာရီမှ ရထားတွေ ထွက်မယ်။ ရုပ်ဒီအိုက်လန်ဘူတာကနေ ဂျူဒီစနရီစကွဲဘူတာအထိ ရထားမရှိဘဲ ရှယ်တယ်တွေ ဆွဲပေးမယ်တဲ့။ ရထား၊ ရှယ်တယ်တွေ စီးပြီး ခရီးဆုံးဘူတာရောက်ဖို့ ၁ နာရီခွဲလောက် ကြာပါမယ်တဲ့။ မဖြစ်ချေဘူး ဆူနမ်တို့နားက အနီရောင်လိုင်း ဂိတ်စဘူတာ ရှယ်ဒီဂရုဘူတာဆီမောင်း ရထားစီး။ ၈ နာရီ မထိုးခင် ၁၅ မိနစ်အလိုမှာ ရောက်တယ်။ ဘယ်ဂိတ်ပေါက်က ထွက်ရသလဲ ဟိုကြည့်ဒီကြည့် ကြည့်နေတုန်း ဘယ်ကိုသွားမလို့လဲလို့ လေဒီတယောက်က လာမေးတယ်။ ကေလမ်းမဆိုတော့ ဒီအပေါက်တဲ့။ သေချာအောင် ဘူတာရုံဝန်ထမ်းကို သွားမေးတော့ ဒီအပေါက်ပါတဲ့။

စောနက လမ်းညွှန်သွားတဲ့ လေဒီနောက်ကို လိုက်နေရသလိုပဲ။ စုရပ်ရောက်တော့ သူလည်း တောင်တက်ဖို့လာတာကိုး။  ဘူတာမှာတွေ့တော့ တောင်တက်ဖို့လာမှန်း ဘယ်လိုလုပ်သိတာလဲဆိုတော့ ဒီအချိန် ဒီနေရာမှာ တောင်တက်ဖိနပ် စီးထားတော့ တောင်တက်ဖို့လာတာလို့ သူထင်တာတဲ့။ ၈ နာရီ လာမယ်ဆိုတဲ့ကားက နောက်ကျနေလို့ လီဒါတွေက ဖုန်းဆက်။ အရင်ဆို ၈ နာရီ မထိုးခင် ၁၅ မိနစ်ကတည်းက ဘတ်စ်ကားရောက်နေတတ်တာ ဒီတခါတော့ ထူးထူးဆန်းဆန်း နောက်ကျနေပါတယ်တဲ့။ စတားဘာ့ခ်ဆိုင်မှာ ကော်ဖီသွားသောက်တဲ့သူတွေက သွားသောက်၊ စာဖတ်တဲ့သူက ဖတ်၊ စကားလက်ဆုံကြတဲ့သူတွေက ကျ၊ ပါလာတဲ့မုန့်တွေကို ထုတ်စားတဲ့သူက စား၊ လီဒါက သူ့မှာပါတဲ့မုန့်တွေကို ဝေ။

Photo : Courtesy CHC

၉  နာရီခွဲမှာ ရောက်လာတဲ့ ဘတ်စ်ကားက ဗာဂျီးနီးယားပြည်နယ် ရိုစလင်းဘူတာနဲ့ဗီယက်နာဘူတာ စုရပ်တွေမှာ ဝင်ခေါ်။ ကားတစီးလုံး လူအပြည့်  ၄၇ ယောက် ဝိတ်တင်းလစ်မှာ စောင့်နေတဲ့သူတွေ ၂၀ ကျော်တယ်။ ပန်းခြံကဒ်တွေရှိရင် ယူခဲ့ပါဆိုလို့တနှစ်စာ ၈၀ ပေးပြီး ဝယ်ထားတဲ့ ကလဲရားရဲ့ အမေရိကန်ဗျူတီးပန်းခြံကဒ်ကို ငှားလားခဲ့ပြီး လီဒါကိုပေး။ လီဒါတွေက မြေပုံစာရွက်လေးတွေ ဝေပါတယ်။ လီဒါတွေရဲ့ ဖုန်းနံပါတ်တွေ၊ ပန်းခြံက အရေးပေါ်ခေါ်ဆိုနိုင်တဲ့ ဖုန်းနံပါတ်တွေ ပါပါတယ်။ အစားအသောက်၊ ရေ လုံလုံလောက်လောက်သယ်ဖို့၊ မျှားပြတဲ့အတိုင်း တက်ဖို့၊ ၃ နာရီမှ short hike ကို မပြီးသေးရင် long hike ကို မတက်ဖို့ ညွန်ကြားပါတယ်။ အရင်တပတ် စနေနေ့က လီဒါတွေ ကင်းထောက်ချိန် ဝက်ဝံနက်နဲ့ မြွှေတွေ တွေ့ခဲ့တာမို့ ကံကောင်းရင် တွေ့နိုင်ပါတယ်တဲ့။

ကိုယ့်ဘေးနား လာထိုင်တာ လီလီယာနာဆိုတဲ့ ခပ်ချောချော မက်ဆီကန်မလေး။  ဘဏ်အလုပ်ကိစ္စတွေကြောင့် အိန္ဒိယ၊ တရုတ်၊ ထိုင်းကို ရောက်ဖူးပေမဲ့ မြန်မာပြည်ကိုတော့ မရောက်ဖူးဘူးတဲ့။ ခုတခေါက်က သူရဲ့ တတိယမြောက်တောင်တက်တာ။ ဘူတာမှာတွေ့တဲ့ အမ်မလီဆိုရင်လည်း လေးခေါက်မြောက်တဲ့။ တောင်တက်မဲ့နေရာ မရောက်ခင် ၁၀ မိနစ်လောက်အလိုမှာ အင်္ကီျတွေလဲ၊ တောင်တက်ဖိနပ်တွေစီး အသင့်ပြင်ကြပါတယ်။ အသက် ၇၀ ဂရမ်မာဆိုရင် ဒီတောင်တက်အဖွဲ့နဲ့ တောင်တက်နေတာ ၂၅ နှစ်ကျော်ပါပြီတဲ့။  ဂုဏ်ထူးဆောင် အသင်းဝင်တစ်ယောက်။ တောင်တက်သူအများစု  လူလတ်ပိုင်းတွေ၊ လူကြီးပိုင်းတွေ များပါတယ်။

Photo : Courtesy CHC

တချို့လူတွေမှာ အပြာရောင်ပိုက်ကလေးတွေပါတော့ ဘာလဲလို့ စပ်စုကြည့်တော့ ရေဗူးပါတဲ့။ ရေဆာရင် ဗူးကိုဖွင့်စရာ မလိုတော့ဘဲ ပိုက်ကလေးကို စုပ်လိုက်ရုံပဲ ဟန်ကျသား။ sun scream တွေလိမ်း၊ အင်းဆက်ကာဆေးတွေလိမ်း။ လီဒါ မြေဖြူနဲ့ မြှားပုံသဏ္ဌာန် ပြထားတဲ့လမ်းကြောင်းအတိုင်း တက်ကြပါတယ်။ မတက်ခင်မှာ သစ်ပင်တွေကွယ်ကာ ရှူးရှူးပေါက်ကြ၊ မိန်းကလေးတွေ ကိစ္စပြီးလို့ ချွှီမှုတ်လိုက်မှ ယောက်ျားလေးတွေက လာကြပါတယ်။ နာရီဝက်လောက်အထိကတော့ မြေပြန့်ပဲ ရှိသေးပါတယ်။ သစ်ပင်တွေက စိမ်းညှို့နေတာ နေပြောက်မထိုး၊ လမ်းတွေကလည်း ကျောက်ခဲတွေများလို့ တောင်တက်ဖိနပ်ယူခဲ့ဖို့ မှာတာကိုး။ ကျေးငှက်သံတွေ တစီစီ၊ တောတောင်ရိပ်တွေ စိမ်းစိုစို၊ ရေစီးသံတွေ တသွင်သွင်နဲ့ အိမ်မှာကွန်ပျူတာရှေ့ မျက်နှာမခွာမဲ့အစား တောင်လာတက်တာ မှန်လိုက်တာလို့ တွေးမိတယ်။ သူတို့ကတော့ တောင်တက်နေကြမို့ လှစ်ခနဲ လှစ်ခနဲ ကျော်တက်သွားကြတယ်။

ကိုယ်ကတော့ စတိတ်ရောက်ပြီး ၂ နှစ်ခွဲအကြာမှ တောင်တက်တာဖြစ်သလို အားကစားလည်း မလုပ်။ ဒါတောင် တောင်တက်မလို့ဆိုပြီး လွန်ခဲ့တဲ့ တလလောက်က တပတ်လေးရက် နာရီဝက်လောက် အပြေးလေ့ကျင့်နေခဲ့တာပါ။ အတက်တွေဆို မောဟိုက်နေတာ စကားတောင်မပြောနိုင်။ တောင်တက်နေကြသူတွေမှာ စူးချွှန်တုတ်တွေ ပါပါတယ်။ အဲဒါတွေနဲ့ ကုပ်တက်တော့ သက်သာတာပေါ့။ ကိုယ်ကတော့ လျှာထွက်မတတ်ဘဲ။ ကျောပိုးအိတ်က ရေဗူးအစိမ်းရောင်လေးကို ကော်ဖီဘူးလားလို့မေးလို့ ရေနွေးကြမ်းဗူးလို့ ရှင်းပြလိုက်ရသေးတယ်။ အဲဒီအကိုကြီးက တလ နှစ်ခါ တောင်တက်၊ စက်ဘီးစီး၊ အပြေးလေ့ကျင့်တော့ မောတော့မောတယ် ကိုယ့်လောက် မမောဘူးရယ်။ မောလွန်းလို့ နားတော့ ဂရင်းတီး နားပြီလား ကျော်မယ်နော်နဲ့ ကျော်တက်သွားကြတယ်။

Photo : Courtesy CHC

တရုတ်မတယောက်ကို နိဟောင်လို့ နှုတ်ဆက်တော့ အဲဒီစကားလုံးကို သူနားလည်တယ် ဒါပေမဲ့ သူတရုတ်မဟုတ်ဘူးတဲ့။ ဘာလူမျိုးလည်းဆိုတော့ ကိုရီးယားတဲ့။ ကိုရီးယားကားကြည့်ပြီး သိထားသမျှ အနယ်ကဆိုင်ယို၊ ခမ်ဆာမည်တ၊ အိုနီး၊ အိုမား၊ အပူကျိ၊ ဟာရာပူကျိ၊ ဘီယာနယ်၊ အိုပါး ဆာရာနဲဆိုတော့ အိုး..နိုး ဆိုပြီး ကျော်တက်သွားတယ်။ ကားစောင့်နေရင်း ဆရာတော်ဦးဇောတိက စာအုပ်ဖတ်နေတာ့ မြန်မာလားတဲ့။ ဟင် မြန်မာမှန်း ဘယ်လိုသိတာလဲဆိုတော့ ထိုင်းဖက်ကနေ ကော့သောင်းကို တရက်လည်ဖူးတော့ မြန်မာစာလုံး ဝိုင်းဝိုင်းတွေကို သူမှတ်မိနေလို့ မြန်မာမှန်း သိတာတဲ့။ မြန်မာပြည်မှာ လည်ရတာ ဘယ်လိုနေလဲ မစပ်စုလိုက်ရပါဘူး ကားလာတာနဲ့။

Blue Ridge တောင်ရဲ့ ပေ ၆၀၀ အမြင့်ကနေ တက်လိုက်တာ Piney Branch ၊ Pole Bridge Link ၊ Sugarloaf Trail တွေ ဖြတ်ကျော်ကာ short hiker တွေက ၇မိုင် ပေ ၂၉၀၀ အတက် ပေ ၈၀၀ အဆင်း Skyline Drive က Hogback Overlook မှာ ဆုံးပြီး  long hiker တွေက ၁၀ မိုင်ဖြစ်အောင် နောက်ထပ် ၃ မိုင် ၁ နာရီ ထပ်တက် ပေ ၃၀၀၀ အတက် ပေ ၁၃၀၀ ဆင်းပြီး Gravel Spring Gap မှာ ဆုံးပါတယ်။ တောင်မတ်မတ်ကြီးတွေကို ဟိုက်နေအောင် တက်ရသလို တောင်အစွန်းပြေပြေလေးတွေကိုလည်း တက်ရတာလည်း ရှိတယ်။ တောလမ်းအောက်ဖက်က ချိုင့်ဝှမ်းကြီး။ ကိုယ့်ရှေ့ မနီးမဝေးမှာ အမည်းမလေး တီနာ။ သူက နှစ်ခေါက်တက်ဖူးပေမဲ့ ဒီလောက်မမက်ဘူး ပြေပြေလေးတဲ့ ဒီတခေါက်တော့ ဖားနေအောင် တက်ယူရတယ်။ ခြေထောက်မှာ သွေးထွက်နေတယ် ထင်တယ်တဲ့။ ဟုတ်တယ် နာနေတယ်။ ခု ငါတွေးနေတာ အိမ်မှာ အေးအေးဆေးဆေး မနေဘဲ ဘာလို့ဒီမှာ အပင်ပန်းလာခံပါလိမ့်။ ဘယ်သူမှလည်း မတိုက်တွန်းဘဲ ကိုယ့်ဒုက္ခကိုယ်ရှာပါလားနော်လို့ တွေးမိတယ်။ တီနာက သူလည်း ဒီအတိုင်း တွေးနေတာတဲ့။ မောလွန်းလို့ တောင်လာတက်တာ မှားလေခြင်းလို့ တွေးပေမဲ့ အိမ်မှာတနေကုန် နေပြန်ရင်လည်း ပျင်းလွန်းလို့ တောင်တက်ဦးမှလို့ တွေးပြန်ရောဆိုတော့ တီနာက အတူတူပဲတဲ့။

Photo : Courtesy CHC

လမ်းလျှောက်ပုံက ကွတွတွ၊ သွေးထွက်နေတော့ အစ်မတယောက်က အဆင်ပြေရဲ့လားလို့ လာမေးတယ်။ ခြေအိတ်အပိုပါလားဆိုတော့ ပါတယ်တဲ့။ ကိုယ့်ကို ခြေအိတ်မဝတ်ထားဘူးလားလို့ မေးတာ နှစ်ယောက်ရှိပြီ။ ပါတယ်ဆိုလို့ ငှားပြီးဝတ်မလို့ ဖိနပ်ချွှတ်လိုက်တော့ လား...လား သွေးတွေ ထွက်နေတာ မနည်းမနောပဲ။ ဘန်းဒစ်စပရေးဖျန်းတော့ စပ်လိုက်တာ၊ ပလာစတာကပ်၊ အပိုပါလာတဲ့ ခြေအိတ်ဝတ်၊ အစ်မဆီက ငှားတဲ့ ခြေအိတ်ထပ်ဝတ်။ ဖြတ်သွားတဲ့အုပ်စုက အကိုကြီးက ကျောပိုးအိတ်ကို ကူသယ်ပေးရမလားဆိုတော့ နေပါစေ ရတယ် ပေါ့ပေါ့လေး။ တို့တွေ short hike ဂိတ်ဆုံးနဲ့ တော်တော်နီးနေပြီ ဖြည်းဖြည်းတက်တဲ့။ ဆယ်ငါးမိနစ်လောက်မှာတော့ overlook လို့ ခေါ်ကြတဲ့ ဗျူးပွိုင့်မှာ ကားကရပ်ထားတယ်။ တောင်တက်သူတချို့ကိုလည်း တွေ့တယ်။

long hike ကြတဲ့တချို့ မှားပြီး ကားဖက်ဆီလာလို့ တောင်အောက်ဖက်ကို ဆင်းဖို့ ညွှန်ရသေးတယ်။ overlook ကနေ ကြည့်ရတဲ့  ရှုခင်းက တကယ်လှတယ်။ စိမ်းညှို့နေတဲ့ တောင်စဉ်တောင်တန်းတွေ၊ ပြာလဲ့နေတဲ့ ကောင်းကင်ကို မြင်လိုက်ရတာ မောပန်းသမျှ ယူပစ်သလို ပျောက်သွားတယ်။ ကျိုက်ထီးရိုးတောင်၊ ပုပ္ဗါးတောင်မကြီးက မြင်ရတဲ့ မြင်ကွင်းတွေနဲ့ တူတယ်။ မြန်မာစာကိုသိတဲ့ အကိုကြီးနဲ့ သူ့အချစ်ဆုံးသူငယ်ချင်းက မြန်မာဆိုတဲ့ ဥပဒေကျောင်းသူ ကောင်မလေးတယောက်နဲ့ စကားတွေ ပြောဖြစ်ကြတယ်။ လူစုံတော့ အောက်ဖက်ကို မောင်းပြီး long hike ကြသူတွေကို စောင့်ပါတယ်။


ကားဘေးမှာ ဘီယာတွေ၊ အစားအသောက်တွေနဲ့ အောင်ပွဲခံကြပေမဲ့ ကိုယ်ကတော့ ပင်ပန်းလွန်းလို့ ကားပေါ်မှာပဲ နားနေဖြစ်တယ်။ ခြေအိတ်ငှားတဲ့အမကြီးက တောင်တက်ခြေအိတ်ဝတ်ဖို့ ဒီလိုဒဏ်ရာမျိုး သူမမြင်ဖူးဘူးတဲ့အကြောင်း၊ အမြန်ဆုံး သက်သာပြီး တောင်ပြန်တက်နိုင်ဖို့ ဆုတောင်းပေးတယ်။ ခြင်္သေ့ကွျှန်းမှာ တောင်တက်ခဲ့ပေမဲ့ ကွန်းဗတ်ဖိနပ်နဲ့ တောင်တက်ခဲ့တာ၊ လမ်းတွေကလည်း ကတ္တရာလမ်းတွေ။ ခုမှ တကယ်တောင်တက်တာ။ တင်းဘာလန်းတောင်တက်ဖိနပ်က အသစ်ဖြစ်သလို ခြေအိတ်ကလည်း ရိုးရိုးကော်တွန်ခြေအိတ်။

အပြန်မှာ ဝက်ဝံကိုတွေ့တော့ တကားလုံး ဝမ်းသားအားရ အော်လိုက်ကြတာ။ ရိုစလင်း၊ ဗီယက်နာစုရပ်ကလူတွေကို ပြန်ပို့။ ဒီစီစုရပ်ကိုရောက်တော့ ညနေ ၆ နာရီကျော်နေပြီ။ ကိုယ့်လိုပဲ ပထမဆုံး တောင်တက်တဲ့ အရပ်ရှည်ရှည် အမေရိကန်မလေးလည်း ကွတတ လမ်းလျှောက်သွားတာ တွေ့တယ်။ ဖိနပ်ကို နောက်ပိတ်မစီးနိုင်လို့ ကွင်းထိုးစီး။ ရှယ်ဒီဂရုဘူတာရောက်တော့ ည ၇ နာရီကျော် မှောင်နေပြီ။ အိမ်ကို နာရီဝက်လောက် ကားမောင်းရဦးမှာ လူကပင်ပန်း ညဖက်ဆိုရင် အမြင်မှားတတ်လို့ ကားမောင်းဖို့ကြောက်။ အနီးအနားက ဆူနမ်တို့အိမ်ကို မောင်း။ ကိုယ့်ဒဏ်ရာတွေ မြင်တော့ ဆူနမ်တို့က စိတ်မချမ်းသာ။ လေဘာဒေး ခရီးထွက်ကတည်းက အိမ်ထဲမရောက်သေးတဲ့ ကားပေါ်က First Aid ကို အမ်းထရူးက သွားယူ၊ ကိုယ်က ခြေထောက်ကို ဆေးကြော၊ ဆူနမ်က ကိုယ့်အတွက် အိပ်ယာပြင်။

Photo : Courtesy CHC

ဒဏ်ရာဆေးထည့်တော့ စပ်လိုက်တာ၊ ပလာစတာ ကပ်လို့ရမလားဆိုတော့ မရဘူးတဲ့။ မနက်ဖြန် ခြောက်သွားမှ ကပ်တဲ့။ သုံးနာရီလောက် လေဝင်လေထွက် မရှိ၊ တောင်တက်တဲ့ အလေ့အကျင့်ကလည်း မရှိလို့ ဖြစ်တာ။ ကိုယ့်ဒုက္ခကိုယ် ကျင်းတူးပြီး ရှာတဲ့ ကိုယ့်ကို ဆူနမ်တို့က စုပ်တသပ်သပ်။ ပလာစတာ အထပ်ထပ်နဲ့ ဝေါ့ကင်းရှူးဖိနပ် မစီးနိုင်လို့ ရာမားရဲ့ ခြေညှက်ဖိနပ် ငှားစီးပြီး အိမ်ပြန်ရတယ်။ တနင်္လာနေ့ ခြေညှပ်ဖိနပ်နဲ့ ရုံးသွားတက်တာ အားလုံးဝိုင်းကြည့်တာနဲ့ ညနေရုံးဆင်းတာနဲ့ မေစီလျှော့ပင်းမောလ်မှာ ဖိနပ်ရှာပုံတော် ဖွင့်ရတယ်။ နောက်ပိတ်စီးလို့မရတော့ ရှေ့ကိုစွပ်ရုံစွပ် နောက်ပွင့်ထားတဲ့ ဖိနပ်ကလည်း ရှားရှားပါးပါး Skechers ဖိနပ် ၂ ရံပဲတွေ့တယ်။ တရံက ဆိုဒ်တော်တော်ကြီးပြီး တရံက တဆိုဒ်ကြီးနေတယ်။ ဒါပေမယ့် cutting က သေးတော့ တော်တယ်။

အရင်ကဆို ဒီလိုဖိနပ်မျိုးများ အလကားပေးရင်တောင် စီးမှာမဟုတ်ဘူး ပုံတုံးလွန်းလို့။ ခုတော့ ပုံတုံးတာတွေ၊ မလှတာတွေ အသာထား စီးလို့ရတာဆိုလို့ ဒီဖိနပ်ပဲရှိတာကိုး။ စီးရင်းနဲ့မှ အဲဒီဖိနပ်ကို အတော်ကြိုက်သွားတယ်။ ဒဏ်ရာအနာဖေး တက်နေတုန်းမို့ ရေချိုးရင် ရေမထိအောင် သတိထားချိုး၊ နေ့တိုင်း ပလာစတာလဲ၊ အသားတက်ယားလာလို့ ဆေးဝယ်ပြီး လိမ်းရသေးတယ် ပိုးမဝင်အောင်။ ခြေမနှစ်ဖက်လည်း သွေးခြေဥလို့ မည်းနေတယ်။ တက်ချင်ဦးဟဲ့ တောင်။

Formal dress with sport shoes is weird
but the only shoes I can wear right now are Skechers Biker.

ကားနောက်ကျလို့ တချို့တွေက ကွန်ပလိမ်းကျပေမဲ့ လီဒါတွေက အခကြေးငွေမရဘဲ ဝါသနာသက်သက် ဦးစီးတဲ့သူတွေပါ။ လီဒါတွေက ကင်းထောက် လမ်းကြောင်းရွေး အားလုံးစီစဉ်။ သူတို့ကြောင့်သာ ကိုယ်တို့တွေ အသာလေး တောင်တက်လိုက်ရုံပဲမလား။ ကပ်ပီတန်ဟိုက်ကင်းကလပ်ကလူတွေက နွေးထွေးပျူငှာပြီး စီစဉ်တာတွေ အတော်စနစ်ကျပါတယ်။ အစကတော့ ဒီစီမှာ ရှိနေတုန်းလေး တောင်တက်ဦးမဟဲ့လို့ စိတ်ကူးနေတာ မကြီးက တောင်တက်လို့ မတော်တဆ ထိခိုက်မိရင် နင့်ကို ဘယ်သူကြည့်မှာလဲ အန္တရာယ်များတယ် တောင်မတက်နဲ့ဆိုလာတယ်။ ဟုတ်တော့ ဟုတ်သားနော်။ တောင်တက်ဖိနပ်ကလည်း တခါသာ တောင်တက်လိုက်ရတယ် ဆောင်းတွင်းစီးဖို့ ဖြစ်သွားတယ်။

Photo : Courtesy CHC
Photo : Courtesy CHC
Photo : Courtesy CHC
Photo : Courtesy CHC
Photo : Courtesy CHC
Photo : Courtesy CHC

ခုတော့ စန်းထွန်းတယောက် တောင်မတက်တော့ဘဲ လမ်းလျှောက်နေကြောင်းဗျား...

စန်းထွန်း
စက်တင်ဘာ  ၂၉  ၊ ၂၀၁၃။
Photos : Courtesy Capital Hiking Club (CHC)

P. S :  မမအိုင်အိုရာ ကွန့်မန့်လေးက တောင်တက်မဲ့သူတွေအတွက် မှတ်သားစရာ ကောင်းတာမို့ ကူးတင်လိုက်ပါတယ်။
စန်းထွန်းလေး..
ဖတ်ရတာမောပေမဲ့ကြည်နူးစရာပါ။
ဒီလိုတောင်တက်ခရီးတွေကအုပ်စုလိုက်စီစဉ်ပြီးအဲလိုတက်တာမှကောင်းတာ။ ပရော်ဖက်ရှင်နယ်သမားတွေပါလို့အရေးအကြောင်းဆိုလည်းဘာလုပ်ရမလဲသိတယ်။
တောင်တက်ဖိနပ်စီးရင် wool socks တွေ ထူတာတွေဝတ်ရတယ်။ တကယ်လို့သိပ်မထူရင် နှစ်ထည်ထပ်စွပ်ပြီးဝတ်ရတယ်။ တောင်မတက်ခင်ခြေသည်းတွေ ရှည်မနေအောင်လည်းညှပ်ထားရတယ်။ သိပ်လည်းအသားကပ်တဲ့ထိမတိုရဘူး။ နဲနဲရှည်တာနဲ့တောင်တက်ပြီးရင် ခြေသည်းတွေပုပ်ကုန်ရော။ တအားတိုရင်လည်းတောင်ဆင်းတဲ့အခါနာတယ်။
ခြေအိတ်ကို ဆိုဒ်မှန်တာသတိထားဝယ်။ ခြေအိတ်ချောင်နေရင်တောင်တက်ရင်းနဲ့ရှေ့မှာသွားစုနေပြီးအဲဒီမှာဖုနေတာကြောင့်ခြေချောင်းတွေကိုအရမ်းနာစေတယ်။ တောင်တကယ်တက်ရင် ဖိနပ်ကအရမ်းအရေးကြီးတယ်။ အောက်ခြေက grip line တွေကနက်နေမှ တောင်တက်တဲ့အခါ safe ဖြစ်တယ်။ အဆင်းကြမ်းတဲ့အခါတွေနဲ့ချောတဲ့နေရာတွေမှာ grip မကောင်းတဲ့ဖိနပ်က အရမ်းဒုက္ခပေးတယ်။ grip ကောင်းတဲ့ဖိနပ်ဆို ဆင်းတဲ့အခါ ယုံကြည်မှုအပြည့်နဲ့သွက်သွက်လည်းဆင်းရဲတယ်။
ဖိနပ်ကြိုးချည်တာလည်းအရေးကြီးတယ်။
ကိုယ်ဆို ဖိနပ်ကြိုးကို အဆုံးချိတ်ထိမချိတ်ဘူး။ အဆုံးထိချိတ်ထားရင် ခဲတွေဘာတွေနင်းလို့ခြေပွတ်တိုင်လည်သွားတတ်တဲ့အခါမျိုးမှာ အထဲကခြေထောက်က မထိန်းနိုင်ပဲ လည်ပြီးလဲတဲ့အခါရှေ့ဆက်လျှောက်ဖို့ခက်တယ်။ ဖိနပ်ကြိုးကိုမလျော့မတင်းလေးချည်ထားမှ အဆင်ပြေတယ်။ ချောင်နေအောင်တော့မဟုတ်ဘူးနော်။ တချို့ဖိနပ်တွေကဈေးကြီးပေမဲ့ ဂရစ်ပ်လိုင်းက သိပ်မနက်ဘူး။ အဲဒါမျိုးက မြင့်တဲ့မတ်တဲ့တောင်တွေ ရေစိုပြီးချောတဲ့နေရာတွေတက်လို့ဆင်းလို့မကောင်းဘူး။
ရေခဲတောင်တက်ကိုယ်တွေ့အတွေ့အကြုံကြောင့်ပြောပြနိုင်တာပါ။
ချစ်သောမမအိုင်အိုရာ

CHC link

စန်းထွန်း တောင်တက်နေသည် - ၃
စန်းထွန်း တောင်တက်နေသည် - ၂
စန်းထွန်း တောင်တက်နေသည် - ၁

ဂရိတ်စမုတ်ကီသွား တောလား...


အာရှမှာတော့ အလုပ်သမားနေ့ မေဒေးနေ့ဆိုတာ မေလ ၁ ရက်နေ့ ဖြစ်ပေမဲ့ စတိတ်မှာတော့ စက်တင်ဘာလရဲ့ ပထမဆုံး တနင်္လာနေ့။ မေဒေးလို့ မခေါ်ဘဲ လေဘာဒေးလို့ ခေါ်တယ်။ စနေ၊ တနင်္ဂနွေ၊ လေဘာဒေး တနင်္လာနေ့ ပိတ်ရက် ၃ ရက်တောင် ခရီးထွက်ကြရအောင်ဆိုတော့ သူတို့က ဖလော်ရီဒါပြည်နယ် အော်လန်ဒိုမြို့က ဝေါဒစ်စနေသင်းပတ်ခ်ကို ခွင့် ၃ ရက်တောင် ယူပြီး သွားကြမှာ။ နီပေါအဖွဲ့နဲ့ သွားမှာဆိုတော့ ကိုယ့်ကိုခေါ်လို့ မရဘူး။ ပိတ်ရက် ၃ ရက်ကြီးများတောင် အိမ်မှာ မနေနိုင်ပါဘူး တခုခုတော့ သွားရမှဖြစ်မယ်။ တယောက်တည်း ခရီးထွက်လို့မရတော့ ကပ်ပီတယ် ဟိုက်ကင်းကလပ်နဲ့ ငါ တောင်သွားတက်မယ်။

တောင်တက်ဖို့ တင်ဘာလန်းဟိုက်ကင်းရှုးဝယ်၊   ခရီးစဉ်အတွက် ၄၅ ပေးပြီး Reserve လုပ်၊ စတိတ်ရောက်ပြီး ၃ နှစ်အကြာမှာ ငါရဲ့ ပထမဆုံး စတိတ်တောင်တက်ခြင်းလို့ ကြုံးဝါးမဟဲ့ ပြင်နေတုန်း သူတို့ခရီးစဉ် ပျက်သွားလို့ မြောက်ကာရိုလိုင်နားဖက်ကို ခရီးထွက်မလို့ လိုက်မလားတဲ့။ ဆူနမ်တို့နဲ့ဆိုရင် ဘယ်သွားသွား ကိုယ်က လိုက်ပြီးသား။ ဘယ်သွားမလဲဆိုတော့ ဘယ်သွားမယ်လို့ မစီစဉ်ထားတဲ့ ရောက်ချင်ရာရောက် Road Trip ခရီးစဉ်။ လိုက်ချင်သေးလား လိုက်ဦးမှာ။

စနေနေ့မနက် မေရီလန်းကနေ ဗာဂျီးနီးယားကို ဖြတ်ကျော်ပြီး တောင်ဖက်စူးစူး မြောက်ကာရိုလိုင်းနားကို မောင်းရမှာဆိုတော့ ဗာဂျီးနီးယားက ဘယ်နေရာတွေကို ဝင်လည်ရင် ကောင်းမလဲ ရှာဖွေတော့ Virginia Safari Park : 780 Acre Drive - Thru Adventure ကို သွားမယ်လို့ ဆုံးဖြတ်ကြတယ်။ ဗာဂျီးနီးယားကမ်းခြေရေက ကြည်လဲ့နေပြီး အိုးရှင်းစီးတီးကမ်းခြေထက် လှတယ်လို့ ငါ့အိမ်ရှင်က ပြောတယ်။ ဗာဂျီးနီးယားကမ်းခြေကို သွားလည်ရအောင်လို့ ကိုယ်အဆိုတင်သွင်းပေမဲ့ သုံးမဲတမဲနဲ့ ရှုံးတယ်။


တောရိုင်းတိရစ္ဆာန်တွေကို လှောင်အိမ်ထဲမဟုတ်ဘဲ သဘာဝအတိုင်း တောတောင်တွေမှာ လွတ်လွတ်လပ်လပ် ပြေးလွှားဆော့ကစားကျက်စားနေတာကို သဘာဝကျကျ တွေ့မြင်နိုင်ဖို့ ၂၀၀၀ နွေဦးမှာ ဗာဂျီးနီးယားဆာဖာရီပန်းခြံကို ဖွင့်လှစ်ခဲ့ပါတယ်။ ၃ မိုင် ကားမောင်းနေတဲ့တလျှောက် ကားပြတင်းပေါက်ကနေ အစားကျွှေးလို့ ရပါတယ်။ ကိုယ်တို့ကတော့ ကားမမောင်းတော့ဘဲ ဂိုက်က ဦးဆောင်လမ်းညွှန် ရှင်းပြတဲ့ ဝယ်ဂွန်စီးတယ်။ အစာကျွှေးတဲ့အခါ ခွက်ထဲ လက်မရောက်စေဘဲ ဘေးနှစ်ဖက်ကို သေသေချာချာကိုင်ဖို့၊ တကယ်လို့ ခွက်ကိုဆွဲထားရင်လည်း ပြန်မလုဖို့၊ ဇီးဘရားကတော့ ရန်လိုတတ်လို့ အစာမကျွှေးဖို့ ညွှန်ကြားပါတယ်။

ဒီအကောင်တွေက အာဖရိကက လာတာ၊ ကုလားအုတ်က ကန္တာရထဲမှာ ရေမသောက်ဘဲ ရက်ပေါင်းများစွာ နေနိုင်တဲ့အကြောင်း၊ ဒီအကောင်ကတော့ အမေရိကားက ရှားပါးမျိုးနွယ်စိတ်တွေဆိုတာ ဂိုက်က စိတ်ရှည်လက်ရှည် ရှင်းပြတယ်။ အစာကျွှေးရင် ခွက်အောက်ကို ပြုတ်ကျတာက ခပ်များများ။ အန်ကယ်ကြီးတယောက်က ပါးစပ်ထဲ လောင်းချပြီး အစာကျွှေးတာ ရှားပါးမျိုးစိတ် နွားနောက်ကလည်း အလိုက်အသိ ပါးစပ်ကြီး အကျယ်ကြီးဟလို့ ခံတယ်။ ခေါင်းမှာ ချိုရှည်ရှည်ရှိတဲ့ အကောင်တွေ လိုက်ခတ်ရင် သမင်တွေကပြေး။ ကျွှေးပြီးလို့ ကားတံခါးပိတ်လိုက်ရင်တောင် အဲဒီကားနားမှာပဲ ရပ်နေရင် တခြားကားတွေကလည်း စိတ်ခြေလက်ရှည် စောင့်လို့။ သစ်ကုလားအုတ်ကတော့ ဗိုက်ပြည့်နေပုံရတယ် ဟင့်အင်း လုံးဝမစားဘူးတဲ့။

သစ်ကုလားအုတ်၊ မျောက်၊ ကျားဖြူ၊ ကျားဝါ ၊ ငှက်တွေ။ မြွေ၊ ပုတ်သင်ညိုဖက်ရောက်တော့ Burmese Python စပါကြီးမြွေနှစ်မျိုးတောင်တွေ့တော ရာမားက နင်တို့နိုင်ငံက မြွေတော်တော်ပေါတယ် ထင်တယ်တဲ့။ သားပိုက်ကောင်ကိုတော့ မတွေ့ခဲ့ဘူး မိုးရွာနေလို့ အိမ်တွင်းအောင်းနေတယ်ထင်ပါ့။ အနှစ်တစ်ရာကျော်တောင် အသက်ရှည်တဲ့ ကမ္ဘာလိပ်တွေ တွေ့တယ်။ ဝါ ၊ ပြာ၊ စိမ်း အရောင်စုံနေတဲ့ ကြက်တူရွေးတွေက လှလိုက်တာ။ အစာကျွှေးလို့လည်း ရတယ်။


Red Jasmine Thai Cusine ထိုင်းဆိုင်မှာ ဝင်စားတော့ နေ့လည်တော်တော် စောင်းနေပြီ။ ဆူနမ် ဖေ့ဘွတ်မှာ ချက်ကင်တော့ ကိုယ်တို့ရောက်နေတာ ဗာဂျီးနီးယားပြည်နယ် Vinton ဗင်တန်မြို့တဲ့။ မြောက်ကာရိုလိုင်းနားက မီးပြတိုက် Light House ကို သွားမယ်လို့ ဆုံးဖြတ်လိုက်တယ်။ ဟင် နင်တို့က တောထဲကို သွားမှာဆိုလို့ ငါက အင်္ကီျနှစ်စုံပဲ ယူလာတာ ဆူနမ် နင်ရော။ ငါ နှစ်စုံ။ ရာမား နင်ရော ငါလည်း နှစ်စုံ။ အမ်းထရူး လက်သုံးချောင်း ထောင်ပြတယ်။ အံမယ် ဒင်းက မိန်းကလေးတွေထက် ပိုယူလာပါလား။ ကဲလေ ငါတို့မိန်းကလေးတွေ လျှော့ပင်းကြရအောင် အနီးအနားက Macy မှာရပ်။

တောင်တွေ ပတ်လည်ဝိုင်းရံထားတဲ့ မြို့ကလေးက သာယာလိုက်တာ။ စန်းစန်း တောင်တွေမြင်တော့ တောင်တက်ချင်နေလား၊ အနီးအနားက လေဆိပ်မှာ ချပေးမယ်၊ နီးစပ်ရာ လေယာဉ်နဲ့ပြန်ပြီး ရှန်နန်ဒိုးဝါးတောင်ကို သွားတက်ပေတော့။ ဟေ့ တောင်တက်တယ်ဆိုတာ နင်တို့ခရီးမသွားလို့ ငါ သွားတက်တာ။ နင်တို့ခရီးသွားမယ်ဆိုရော အဲဒီတောင်တက်တာ ဖျက်ပြီး နင်တို့နဲ့ ငါ လိုက်တာပဲ။ နင်တို့က ငါရဲ့ပထမ ဦးစားပေး သဘောပေါက် ဟွန့်။ သူတို့သည် ဤကဲ့သို့ ကျီစားတတ်ပါသည်။

အင်္ကီျ ၃ စုံပါတဲ့ အမ်းထရူးကပါ ဝင်လျှော့ပင်းတယ်။ ဆူနမ့်ဖေ့ဘွတ် ချက်ကင်အရ ကိုယ်တို့ရောက်နေတာ Vally View Mall ဗာဂျီးနီးယားပြည်နယ် Roanoke မြို့လေးတဲ့။ Receipt ကို ကြည့်ပြီး ရာမားက စန်းစန်း ဆူနမ့် အင်္ကီျ ဘယ်လောက်လဲ ခန့်မှန်းကြည့်စမ်း။ ၈ ကျပ် ၁၀ ။ ဘယ်ကသာ ၃ကျပ်တဲ့။ ဟား...ဟား...ဟား... ၃ ကျပ်တန် အင်္ကီျ တခါမှ မကြားဖူးဘူး ငါတို့အားလုံး ၁၅ ပေးရတာ။ အောင်မလေး ပိုးစိုးပက်စက် တန်တာနော်။ အိပ်တန်းပြန်တဲ့ငှက်တွေ၊ တိမ်ခိုးဝေနေတဲ့ တောင်တန်းတွေ။ အစက မြောက်ကာရိုလိုင်းနားပြည်နယ် Charlotte မြို့မှာ ညစာစားပြီး ညအိပ်မလို့ စိတ်ကူးထားတာ ည ၁၁ နာရီ ထိုးနေပြီ ချားလော့မြို့ကို နောက်ထပ် ၃ နာရီလောက် မောင်းရဦးမှာမို့ အနီးအနားကမြို့မှာ ရုပ်ရှင်ဝင်ကြည့်ပြီး  ညအိပ်မယ်လို့ ဆုံးဖြတ်လိုက်တယ်။


ည ၁၁ နာရီ The Grand Movie Theater မှာ 3D ကြည့်ကြတာ One Direction ။  1D ဆိုတာ ခုနာမည်ကြီးနေတဲ့ အင်္ဂလန်က Boy Band ပါ။ အဖွဲ့ဝင်အားလုံး ၁၈ နှစ် ကနေ ၂၁ နှစ် အသက်ကငယ်ငယ် ရုပ်ကချောချော သီချင်းကကောင်း။ ရေဒီယိုမှာ နားထောင်ဖူး၊ ယူကျူမှာ ကြည့်ဖူးပေမဲ့ ဒီလောက်နာမည်ကြီးမှန်း သိဘူး။ အဲဒီရုပ်ရှင်လည်းပြီးရော ဆူနမ်က သူ 1D ကို Fall in love ဖြစ်သွားပါရင်တဲ့။ 1D သီချင်းတွေ နားထောင်ရရင် ဦးနှောက်မှာ ပျော်ရွှင်မှုလို့ ခံစားရလို့လူတွေအသည်းခိုက်နေတာလို့ ဦးနှောက်နဲ့အာရုံကြောပညာရှင်က ဆိုပါတယ်။ ကိုယ်လည်း ဘာထူးလဲ 1D   ကို Fall in love ဖြစ်သွားလို့ ကြုံသလို နားထောင်တယ် း) ။ ဆူနမ့်ဖေ့ဘွတ်ချက်ကင်အရ ကိုယ်တို့ရောက်နေတာ မြောက်ကာရိုလိုင်းနားပြည်နယ် Winston - Salem မြို့ပါတဲ့။

ည ၁၂ နာရီကျော်နေပြီမို့ တမြို့လုံးက စားသောက်ဆိုင်တွေလည်း ပိတ်ကုန်ပြီ။ ဆူနမ်နဲ့ အမ်းထရူး ညစာထွက်ဝယ်ချိန်မှာ ကိုယ်က တရေးနှပ်။ ရာမားက ရေချိုးပြီး ထွက်အလာ ကိုယ်က မျက်လုံးအဖွင့် လန့်ပြီးမအော်မိတာ ကံကောင်း။ လား...လား အိုင်းရှဲဒိုးတွေက မျက်လုံးအောက်မှာ စွန်းနေတာ သရဲမှတ်လို့။ ဆူနမ်နဲ့ အမ်းထရူးကို ပြောပြတော့ အေး နောက်ဆို လက်ပါမြှောက်ပြီး စန်း...စန်း ဆိုပြီး နင့်ကို ခြောက်ခိုင်းမယ်တဲ့ ကောင်းရော။ Tacol Bell ဆိုင်က Chicken Tacol ဆိုတာ အတော်ကောင်းတယ်။ Tacol ဆိုတာ မက်ဆီကန် အစားအစာ နံပြားလိုဟာမျိုးမှာ ကြက်သား၊ ဂေါ်ဖီတို့ ထည့်ထားတာ။

ဂရိတ်စမုတ်ကီတောင်တွေနဲ့ နီးနေပြီမို့ တန်နက်ဆီပြည်နယ်ကို သွားဖို့ ဆုံးဖြတ်လိုက်တယ်။ ကမ့်ပင်းဖို့ နေရာဘွတ်ကင်းတော့  ၁ ထောင်ကျော် နေရာတွေက ပြည့်နေပြီ။ ကံကောင်းချင်တော့ တနေရာရတယ်။ အရီဇိုးနားပြည်နယ်က ဂရမ်းကမ်ညမ်  Grand Canyon ပြီးရင် တန်နက်ဆီပြည်နယ် ဂရိတ်စမုတ်ကီတောင် Great Smokey Mountains က လာရောက်လည်ပတ်သူ ဒုတိယအများဆုံး။ တန်နက်ဆီပြည်နယ် ဂရိတ်စမုတ်ကီ တောင်တွေထဲ ဝင်ရင်ပဲ တောင်တွေက စိမ်းညှို့လို့။ Waterville မြို့ဆိုတဲ့ဆိုင်းဘုတ်တွေ့လိုက်ရချိန် ကောင်းကင်က Water တွေ ပြိုဆင်းလာလို့Waterville မြို့က water တွေနဲ့ တကယ်ကြိုဆိုတာပဲလို့ ပြောစမှတ်တွင်ရော။


နေ့လည်စာကို တရုတ်ဘူဖေးဆိုင်မှာစားတော့ မကောင်းလိုက်တာ။ ဖေ့ဘွတ်မှာ ဆူနမ် ချက်မကင်ထားတော့ ဘယ်နေရာမှန်းတော့ မသိဘူး တန်နက်ဆီပြည်နယ် ဂရိတ်စမုတ်ကီးတောင်နားမှာ နေပါလိမ့်မယ်။ အနီးအနားက Walmart မှာ ဘာဘီကျူးအတွက် လိုအပ်တဲ့ အသားချောင်း၊ ကြက်သား၊ ပြောင်းဖူး၊ အာလူးဝယ်တော့ သေနတ်တွေရောင်းတာ တွေ့တယ်။ ဆူနမ်က Walmart မှာ သေနတ်တွေတွေ့၊ အမဲလိုက်အကြောင်း ပြောနေကြတာ၊ လူမည်း၊ အာရှ တယောက်မှ မတွေ့ဘူး၊ လူဖြူတွေ ကိုယ်တို့တွေကို အထူးအဆန်းလို ဝိုင်းကြည့်နေတာ တမျိုးမခံစားရဘူးလားတဲ့။ ငါလား...သိတောင် မသိလိုက်ဘူး.. ကောင်းရော။

ကန်တက်ကီအိမ်ရှင်အမက ပြောဖူးတယ်။ အိမ်က မြို့ရဲ့အရှေ့တောင်ဖက် လူလတ်တန်းစားတွေ နေတဲ့နေရာ၊ အလုပ်က အရှေ့ဖက် သူဋ္ဌေးတွေ နေတဲ့နေရာမှာ နင် ကံကောင်းတယ်တဲ့။ မြို့ရဲ့အနောက်ဖက်က သေနတ်ပစ်၊ မူးယစ်ဆေး၊ ခုနစ်လွှာချွှတ်ကလပ်တွေနဲ့ ဘလက်နယ်မြေ။ မြို့တောင်ဖက်က လက်လုပ်လက်စား လူဖြူတွေ။ သူတို့က တစိမ်းဆို မကြိုက်သလို ခေါ်ပြောလာနှုတ်ဆက်မှာ မဟုတ်လို့ တယောက်တည်းသီးသန့်နေရသလို ခံစားရလိမ့်မယ်တဲ့။

ကမ့်ပင်းတဲ့နေရာဆီ အသွား တောင်တွေကြားထဲက မြို့သေးသေးမှာ လူတွေကြိတ်ကြိတ်တိုး လမ်းတွေပိတ်နေလိုက်တာ။ အိုးရှင်းစီးတီးတွေ Ripley ရဲ ့ Believe it or not ၊ လေဆာရောင်ခြည်၊ ပွဲဈေးတန်းတွေ၊ ဟော်တယ်တွေနဲ့ စည်ကားတယ်။ တောင်ထိပ်အထိ ကေဘယ်လို ထိုင်ခုံစီးရင်း ရောက်တဲ့အရာ၊ မြို့လေးကို ဖြတ်သန်းစီးဆင်းနေတဲ့ စမ်းချောင်းလေးတွေနဲ့ သာယာလိုက်တာ။ သမိုင်းဝင် တန်နက်စီပြည်နယ် Gatlinburg မြို့လေးပါတဲ့။


ကောင်တာမှာ အွန်လိုင်းက ကမ့်ပင်းခပေးချေပြီးသားဖြစ်တဲ့ ဘွတ်ကင်းအကြောင်း သွားမေးတော့ ကိုယ်တို့ကမ့်ပင်းမယ့်နေရာက မိုင်၂၀ အဝေးက B - 19 ဆိုတယ့် နေရာပါတဲ့။ လမ်းတလျှောက် သစ်ပင်ကြီးတွေက စိမ်းလန်းလို့၊ တောင်တွေက မြူခိုးဝေလို့။ ဗျူးပွိုင့်ဆိုရင် ဓာတ်ပုံဆင်းရိုက်ကြတာ မိုးရွာမှပဲ ရပ်တော့တယ်။ ကမ့်ပင်းတဲ့နေရာရောက်ရော တော်တော်များများ ကမ့်ထိုးပြီးလို့ ဘာဘီကျူး အသီးသီး ကင်နေကြတာ မီးခိုးတွေတထောင်းထောင်း ထလို့။ ကမ်းပင်းစပေါ့မှာ ကားပါကင်ထိုးပြီး မြေဖို့ထားတဲ့နေရာမှာ တဲထိုးကြတယ်။ ကိုယ်တို့ရဲ့ပထမဆုံး ယူအက်စ်ကမ့်ပင်းပါ။ သံကြိုးတွေကိုဆက်၊ တဲ မယိုင်လဲအေင် လေးထောင့်မှာ အချွှန်တွေစိုက်၊ Sleeping Bag တွေ ခင်း၊ ခေါင်းအုံးတွေ၊ စောင်တွေသယ် ဖြန့်ခင်း။

ဘာဘီကျူးဖို့ ထင်းထည့် ဓာတ်ဆီဖြန်း မီးညှိ။ ဓာတ်ဆီကုန်ရော မီးက ငြိမ်းသွားပြန်ရော။ ဓာတ်ဆီထည့်လိုက် မီးတောက်လာလိုက် မီးငြိမ်းသွားလိုက် ဓာတ်ဆီထပ်ထည့်လိုက်နဲ့။ ဘေးနားကို ကြည့်လိုက်တော့ ဘာဘီကျူးတွေ ကင်နေကြတာ ညှော်နံ့တွေ တထောင်းထောင်း။ အဲဒီအနံ့တွေရရင် ဗိုက်ကဆာ။ ကိုယ်တွေမှာတော့ မီးခိုးတထောင်းထောင်း ထဖို့ထား မီးလေးတောင်မစွဲ။ ထင်းကအစို မိုးက တဖြောက်ဖြောက်။ အမ်းထရူးရဲ့ စိတ်ကူးအရ တစ်ရှူးတွေကို မီးစာစလိုလိပ် ဆီဆွတ်ပြီး မီးရှို့။ ဆီညှော်နံ့တွေ တထောင်းထောင်း၊ မီးခိုးတွေ တအူအူ။ စမုတ်ကီတောင်တန်းကြီး ပိုစမုတ်ကီဖြစ်အောင် ကိုယ်တို့ပါဝင်အားဖြည့်ပေးခဲ့တယ် ဆိုပါတော့။ ကိုယ်က တစ်ရှူး မပြတ်လိပ်၊ ရာမားက ဆီဆွတ်ပြီး ပစ်ထည့်၊ အမ်းထရူးက ဓာတ်ဆီထည့်၊ ဆူနမ်က မီးညှိ။ လေးယောက်သား ဘာဘီကျူးဖို့ မီးဖိုကြတာ တဖားဖားနေရောပဲ။

ထင်း မီးနည်းနည်းစွဲတော့ ဆူနမ်နဲ့ရာမားက တဖူးဖူးမှုတ်၊ ကိုယ်က လက်ကမ်းစာစောင်ယူ ယပ်ခပ်။ အမ်းထရူးက လက်ကမ်းစာစောင်ကို ပြောင်းလိုလိပ် ဖူးဖူးမှုတ်ပြရင်း ဒီနည်းက ပိုထိရောက်တယ်၊ လေလည်း ပိုရတယ်တဲ့။ ကိုယ်က ကော်ဗူးအဖုံးကို ယူပြီး လေကို တရစပ် မရပ်မနား ခပ်တော့ ထင်းက မီးပိုစွဲပြီး မီးနည်းနည်းတောက်လာတယ်။ ဆူနမ်နဲ့ အမ်းထရူးက San San, you can do it. you can do it လို သံပြိုင်ဝိုင်းအော်၊ ကိုယ်ကလည်း yes i can do it ဆိုပြီး ပလပ်စတစ်အဖုံးနဲ့ တရစပ် ယပ်ခပ်လိုက်တာ နောက်ဆုံးမီးတောက်လာတော့ ဆူနမ်နဲ့ အမ်းထရူးက ပခုံးပုတ်ပြီး  good job တဲ့။ တောက်လာတဲ့မီးလေး ငြိမ်းမသွားခင် ဆော့ဆိတ် အသားချောင်းကို တုတ်ထိုးပြီး ကင်ကြတယ်။


မီးအရှိန်ရလာတော့ ဗန်းပေါ်မှာ အသားတွေတင်။ မီးကမစွဲသေးတော့ တစ်ရှူးမီးစာ ဆီဆွတ်ထည့်၊ ဓာတ်ဆီလောင်း၊ ရာမားက တစ်ရှူးလိပ်ထဲက စက္ကူပြောင်းနဲ့ ဖူးဖူးမှုတ်၊ ကိုယ်က ယပ်ခတ်။ ဆူနမ်က နင် ခြင်္သေကျွှန်းက East Coast မှာ ဘာဘီကျူး ကင်တယ်ဆို နင် ဘာတွေလုပ်လဲ။ ငါလား.. ဘာမှမလုပ်ဘူး မလေးတရုတ်မ ထိန်ထိန်က မီးဖိုတယ်၊ ကင်တယ်၊ အကျက်ညီအောင် လှည့်ပေးတယ်။ ငါက နည်းနည်းကူလုပ်ပေးပြီး အဆင်သင့် ထိုင်စားတာ။ အင်း.. နင့်လုပ်အား ပါစေချင်ရင် ဘာဘီကျူးကင်မှပဲ။ ညစာကို ည ၁၀ လောက်မှ စားရတယ်။ ကိုယ်တို့စားဖူးသမျှထဲမှာ ဒီဘာဘီကျူးဆော့ဆိတ်က အကောင်းဆုံး။ တကယ့်ကို ခက်ခက်ခဲခဲ ကင်ရလို့နဲ့ တူပါရဲ့။ ရားမားက Phu Phu Master ကိုယ်က Wind Master ဖြစ်သွားတယ်။  တရုတ်သိုင်းကားထဲက နာမည်တွေလို့ မထင်နဲ့နော်။ ရာမားက ဖူးဖူး မှုတ်ရလို့ ကိုယ်က ပလတ်စတစ်အဖုံးနဲ့ လေရအောင် ယပ်ခပ်ရလို့ း) ။

ဝက်ဝံ ကျက်စားတတ်တဲ့ ဒေသမို့ အစားအသောက်တွေကို ကားနောက်ဖုံးထဲ ထည့်သိမ်းရတယ်။ အိပ်တော့လည်း ဝက်ဝံရန်ကြောင့် အလယ်ကို လုကြတယ်ဗျား။ အင်တာနက်လည်း မရ၊ ပင်ပန်းတော့ အံစာတုံးတပွဲတောင် မပြီးဘူး အိပ်ကြတော့တာပဲ။ ကိုယ်ငယ်ငယ်တုန်းက ဆော့ဖူးတဲ့ အံစားတုံးခေါက်၊ ကျတဲ့နံပါတ်အတိုင်းသွား၊ လှေကားနဲ့တွေ့ရင် အမြှင့်တက်၊ မြွေနဲ့တွေ့ရင် မြှိချခံရပြီး မြွေအမြီးထိ ဆင်းရတဲ့ ဆော့ကစားနည်းလေးပါ။

စမ်းရေစီးသံ တသွင်သွင်၊ ကျေးငှက်သံတွေ တစီစီနဲ့ မနက်ခင်းက အေးချမ်းလိုက်တာ။ မြေကြီးက မညီမညာဆိုတော့ ကျောနည်းနည်း နာတယ်။ အနီးအနားက အများသုံးအိမ်သာမှာ မျက်နှာသွားသစ်။ ကော်ဖီဖျော်ဖို့ ရေနွေးကြိုတော့ မီးဖိုတာ နည်းနည်းလွယ်တယ်။ မနေ့ကလောက် မခက်ဘူး။ ဘာဘီကျူးတွေ ပြန်နွေး၊ ပြောင်းဖူးကင်။ စမုတ်ကီကော်ဖီတဲ့ ကြားဖူးကြရဲ့လားဟင်။ မနေ့က ဘာဘီကျူးကင်ထားတဲ့ ဗန်းမှာ ရေနွေးအိုး ကြိုတော့ ဘာဘီကျူးနံ့ စွဲနေတဲ့ရေနဲ့ ဖျော်ထားတဲ့ကော်ဖီ။ မနက်အစောကြီး ဘာဘီကျူးစားရမှာလား ဟင့်အင်းဆိုတော့ ဒါ Brunch တဲ့။ စတိတ်မှာ Breakfast ထက်နောက်ကျ၊ Lunch ထက်လည်းစောတဲ့ Brunch ကို မနက် ၁၀၊ ၁၁ နာရီလောက်မှာ စားလေ့ရှိပါတယ်။


ပြီးတော့ အမ်းထရူးက ဂီတာတီး၊ ဆူနမ်နဲ့ရာမားက သံပြိုင်ဆို။ ရာမားက လက်နှစ်ဖက် အတင်းဆောင့်ပြီး ကပြ။ ကိုယ်နဲ့ ဘာသာစကားမတူတော့ သူတို့နဲ့ သံပြိုင်မဆိုနိုင်။ ကိုယ်ဆိုနိုင်တာဆိုလို့ ကွတ်ချီ ကွတ်ချီ ကိုယ်တာဟဲ ဆိုတဲ့တကြောင်းနဲ့ McFly ရဲ့ It's all about you သံပြိုင်ပိုဒ်။ တခါတလေ တွေးမိတယ် သူတို့တွေသာ မြန်မာစကားပြောတဲ့ မြန်မာလေးတွေဆိုရင် သိပ်ကောင်းမှာပဲလို့။ အမ်းထရူးက Guitarist ဆူနမ်က Singer ရာမားက Dancer ၊ Perfect Band လေး ကိုယ့်မှာရှိတယ်။

ပထမဆုံးအကြိမ်အဖြစ် ၁ နာရီ မြင်းစီးကြပါတယ်။ တန်ဖိုးထဲမှာ အာမခံလည်း ပါတယ်။ မော်တင်ဘုရားပွဲမှာ ဝါးသေနတ်ကိုင် မြင်းစီးရိုက်ထားတဲ့ ၅ နှစ်သား ပြောင်စပ်စပ် မောင်မောင့်ဓာတ်ပုံလေးကို ပြေးသတိရတယ်။ မြင်းစီးဖို့လား ဝေးရော...မြင်းကန်ရင် သေတတ်လို့ အမေက မြင်းနားတောင် ကပ်ခွင့်မပေးဘူး။ ဆူနမ်က စန်းစန်း နင် ရှေ့ကစီး ငါတို့နောက်ကလိုက်မယ်တဲ့။ ကိစ္စမရှိဘူး ခြင်္သေကျွှန်းက ရိုလာကိုစတာ အပြာမှာ ရှေ့ဆုံးတန်းမှာ ယောက်ျားတွေနဲ့အပြိုင်စီး အသေအော်ခဲ့တဲ့ ငါပါကွ။ ရှေ့ဆုံးကနေ မစီးလိုက်ရပါဘူး၊ ဆူနမ် လာ တက်၊ အမ်းထရူး လာ တက်၊ ကိုယ် လာ တက်၊ ရာမာ လာ တက်နဲ့ နောက်ဆုံး ခန္ဓာကိုယ်အလေးချိန်အလိုက် သင့်တော်ရာ မြင်းတွေခေါ်ပြီး စီးခိုင်းသွားတာပဲ။

ဘယ်ကွေ့ချင်ရင် ဘယ်ကိုဆွဲ၊ ညာကွေ့ချင်ရင် ညာကိုဆွဲ၊ သွားချင်ရင် ကန် လွယ်သားပဲ။ ခရီးတောင် မစသေးဘူး ကိုယ့်မြင်းက ဘေးလမ်းကို ကွေ့သွားလို့ ဘာလုပ်ရမှန်းမသိ ပူထူသွားတာ တခြားသူတွေ အော်တာလည်း မကြား။ ဆူပါဗိုက်ဆာက လာပြီးဆွဲပြ ကစ်ပြမှ သိသွားတယ်။ ကိုယ့်မြင်းက တလမ်းလုံး ပေကပ်ကပ်၊ ရပ်ပြီးအပင်တွေစား၊ ကိုယ်က အတင်းဆွဲ ကောင်းကောင်းသွားလို့ အော်၊ နောက်က ရာမားမြင်းက ကိုယ့်မြင်းကို ကြောက်လို့ အနားမကပ်ဘူး ကိုယ့်မြင်းနဲ့သူနဲ့ကြား နေရာအတော်လေး ခွာထားပြီး ရပ်နေတတ်တယ်။ ကိုယ့်မြင်းက ချယ်စီတဲ့ အညိုရောင် အသက် ၁၀နှစ် မြင်းတို့အသက်အရွယ်အရ ငယ်သေးတယ်လို့ ဆိုတယ်။


ကိုယ့်မြင့်က ရုတ်တရပ် ရပ်သွားလို့ ဘေးကိုကန် မထိဘူးထင်ပြီး အားထည့်ကန်။ ပြီးတော့မှ သိတယ် ရှူးရှူးပေါက်တာကိုး။ ကန်ပြီးသွားပြီ မတတ်နိုင်တော့ဘူး I am so sorry ပဲ တတ်နိုင်တော့တယ်။ မြင်းက နားလည်လား မလည်လားတော့မသိ။ ကိုယ်မြင်းက ရပ်ပြီး အပင်စား ကိုယ်က အတင်းဆွဲလှည့် ရာမားမြင်းက ကိုယ့်မြင်းကို ကြောက်လို့ သူသတ်မှတ်ထားတဲ့ နေရာအဝေးမှာနေပြီး ကိုယ်မြင်း အနီးအနား လုံးဝမလာ။ ကိုယ်တို့က ရာမားမြင်းကို စောင့်။ ဆူပါဗိုက်ဆာက မြင်းစီးနေတဲ့ကိုယ်တို့ကို ဓာတ်ပုံရိုက်ပေးတယ်။ ဆင်မယဉ်သာ လမ်းလျှောက်နေတဲ့ ရာမားကို အံမယ် ရာမား နင်က လူပါ မော်ဒယ်ဂဲလ် မဟုတ်ဘူး မြင်းကပါ မော်ဒယ်ဂဲလ်။ နင်ရော ဘာထူးလဲ လူက ပေကပ်ကပ်ရုံတင်မကဘူး မြင်းကပါ ပေကပ်ကပ်။

တောလမ်းလေးတလျှောက် နေပျောက်မထိုးတဲ့ သစ်ပင်ကြားတွေမှာ ဟိုးအောက်ကားလမ်းမကြီးက ကားသံတဝီဝီ နားဆင်လို့ မြင်းက ပေကပ်ကပ်လုပ်ရင်  ဆွဲလှည့်လိုက် ရာမားမြင်းကို စောင့်လိုက် စမ်းချောင်းတွေကို ဖြတ်ကျော်လိုက် တောင်မြင့်မြင့်တွေ တက်လိုက် တောင်စောင်းတွေကို အရှိန်နဲ့ဆင်းလိုက် လေလေးတချွှန်ချွှန် သီချင်းလေး တညည်းသည်းနဲ့ ပထမဆုံး မြင်းစီးရတာ ထိတ်လန့်သလို ပျော်စရာလည်း ကောင်းသား။ ဆားဗစ်ကောင်းတာမို့ လိုလိုလားလား တစ်ဖ်ပေးကြတယ်။ တနာရီစီးတာ ပေါင်တွေကွလို့။

အမေရိကန်တွေ သဘာဝတောတောင်တွေ ထိန်းသိမ်းထားတာ အတော့်ကို ချီးမွမ်းစရာ။ တတောင်ဆင်း တတောင်တက် မြင့်မားတဲ့သစ်ပင်ကြီးတွေ မြူခိုးဝေနေတဲ့တောင်တန်းတွေကို မော်တော်ဘိုက်နဲ့ လည်ကြသူတွေကို တွေ့တယ်။ ရေတံခွန်ဆီသွားတော့ အတက်မှာ မောဟိုက်နေပေမဲ့ ရေတံခွန်ကို မြင်လိုက်ရတာနဲ့ မောပန်းတာတွေ ပျောက်သွားလောက်အောင် ရေတံခွန်လေးက လှပတယ်။ နာမည်တော့ မမှတ်မိဘူး။


နေ့လည်စာကို တောနက်ထဲက မြို့သေးသေးလေးပေမဲ့ စည်ကားလွန်းတဲ့ Gatlinburg မြို့က မက်ဆီကန် စားသောက်ဆိုင်မှာ စားကြတယ်။ တောင်ထိအထိ ကေဘယ်ကားလို တရွေ့ရွေ့တက်နေတဲ့ ထိုင်ခုံကားကို ကိုယ်က တက်ချင်တာဆိုတော့ မေရီလန်းကို ၈ နာရီမောင်းရမှာ ခုနေတောက်လျှောက် မောင်းရင်တောင် မနက် ၁ နာရီမှ ရောက်မှာ အဲဒီဟာစီးရင် ၂ နာရီလောက် ကြာမှာ စီးနဲ့နော်။

ကားလမ်းဘေး လူလုပ်ရေတံခွန်လေးက ရေတွေဖြာဆင်းနေတော့
ဆူနမ် း Wow !
စန်းစန် း It is not wow !
ဆူနမ် း For me, it is wow.
အမ်းထရူး၊ ရာမား း ဟား...ဟား...

တိုက်အမြင့်ကြီးကို ကင်းကောင် ဖက်တွယ်နေသဏ္ဌန် ဆောက်ထားတော့ Wow ၊ တိုက်ကားတွေ၊ ရိုလာကိုစတာတွေ့တော့ အချိန်မရှိတော့လို့ကွာ... အချိန်များရှိလို့ကတော့လား... နာသကွာနဲ့ ဆူနမ်တို့က ညည်းညူကြတယ်။ အသက် ၃၀ ပေမဲ့ တိုက်ကားစီးချင်၊ ရိုလာကိုစတာစီးချင်ကြတဲ့ ဆူနမ်တို့ကို ကိုယ်က ကလေးတွေလို့ ဆိုပေမဲ့  အဲဒီ ကလေးတွေက ကိုယ့်ကို ပြန်စောင့်ရှောက်နေရတယ်။ လမ်းတလျှောက် သူတို့တွေက စကားတပြောပြော ကိုယ်ကလည်း တလမ်းလုံး အိပ်လာလိုက်တာ မနက် ၂ နာရီ အိမ်ရောက်တော့မှ နိုးတော့တယ်။


လေဘာဒေးနောက်နေ့ကို vacation leave ယူထားတာ ပရောဂျက်မန်နေဂျာ ကင်ဟန်ဒါဆန်က Work from home လို့ပြောင်းပေးပြီး vacation leave ကို သိမ်းထားတဲ့။ ကိုယ့်ကွန်ပျူတာက မတ်ဘွတ်မို့လို့ ရုံးကဆာဗာကို မချိတ်နိုင်တော့ ကိုယ်က work from home လို့ မရဘူး။ ဆူနမ်က သူ့ပုံတွေကို ဘလော့မှာတင်တာ မကြိkက်ဘူး။ သူ့နာမည်ကို ဂူဂယ်မှာ ရိုက်ထည့်လိုက်တာ ကိုယ့်ဘလော့ကြီး တက်လာပြီး ကိုယ့်ပုံကနည်းနည်း သူ့ပုံတွေများများ တင်လို့တဲ့ (အဲဒီတော့ ကိုယ့်ပုံတွေ များများတင်မယ်နော်) ။ ခရစ်ဒစ်ကဒ်ဓာတ်ပုံကို အိတ်မှောက်တဲ့ပို့စ်မှာ တွေ့လိုက်ရတော့ သူရှော့ခ်ဖြစ်သွားတဲ့ တင်စရာလားတဲ့။ ကိုယ့်ပုံပဲပါတဲ့ဓာတ်ပုံတွေပဲ ရွေးပေးတယ်။ အားလုံးပေးပါဟယ် နင့်ပုံတွေ မတင်ဘူးဆိုတော့ ယုံဘူးတဲ့။

သူမပေးတဲ့ သူတို့ပုံတွေက ကိုယ်ကလဲ ဘယ်ရမလဲ သူတို့ဖေ့ဘွတ်ကနေ ဒေါင်းပြီးတင်တယ်။ သူတို့မပါတဲ့ပုံတွေဆိုတာကလည်း မရှိသလောက် ( ကိုယ့်လို ဒီစီကို ကိုယ်တယောက်တည်း သွားလည်မှပဲ ရိုက်ပေးမဲ့သူမရှိလို့ ရှုခင်းပုံတွေ၊ အဆောက်အဦးပုံတွေ၊ ပန်းပုံတွေ ဘယ်သူမှမပါတဲ့ပုံတွေ ရမယ်)၊ ကိုယ်တို့အပျော်တွေကို ဓာတ်ပုံကနေ စာလာဖတ်သူတွေ ပျော်သွားရအောင် တင်တာပါ ဆူနမ်ရယ်။ ဒီပို့စ်ကို ဆူနမ်မြင်ရင် ကိုယ့်ကို ဘယ်လိုပြောဦးမလဲမသိ။ နင့်ကိုမယုံတာ အဲဒါကြောင့်လို့ ပြောမလား၊ နင့်ပုံမတင်ဘဲ ငါ့ပုံ ဘာလို့တင်တာလဲ ပြောမလား၊ ဘာလို့ဒါတွေ လျှောက်ရေးနေတာလဲ Privacy မရှိဘူးလို့ ပြောမလား။ ဘာပဲဖြစ်ဖြစ်

Smoky coffee, smoky corn & smoky BBQ
Smoky day at Great Smoky Mountains.

ဂရိတ်စမုတ်ကီတောင်တန်းများဆီမှ စမုတ်ကီခဲ့သော နေ့လေးတရက် အမှတ်တရ


စန်းထွန်း
စက်တင်ဘာ ၂၃၊ ၂၀၁၃။

P.S : Sunam does not like to put her photos on my blog. But we usually take the group photo and my photos are few. Sorry about that, Sunam. My apologizes.

ရွက်ကြွေအတွေး...

စာမေးပွဲပြီးရင် သူငယ်ချင်းတွေနဲ့ နေ့လည်စာအတူတူ သွားစားမယ်ဆိုတဲ့ ကိုယ့်စိတ်ကူး အကောင်အထည် မဖေါ်ဖြစ်ပါဘူး။ သူတို့က ဒယ်လာဝဲယားပြည်နယ် စီနီယာအစ်မအိမ် သွားကြလေရဲh။ လူမျိုးမတူ၊ ဘာသာစကားမတူ၊ ဓလေ့ထုံးစံမတူ သွားရင်လည်း ကိုယ်တယောက်တည်း ငေါင်နေရတော့ မခေါ်တာလည်း ခပ်ကောင်းကောင်း။ သူတို့ဘာသာ ပတ်ချာလည် ရိုက်နေတာ တခါတလေ ကိုယ်အနားမှာ ရှိမှန်းတောင် သိရဲ့လားမသိ။ သူတို့သုံးယောက်က တဖွဲ့၊ ကိုယ်တစ်ယောက်တည်း သီးသန့်ဆန်လွန်းတာ သိသာလွန်းလို့ ကိုယ့်ဘာသာစကားနဲ့ ငြင်းခုန်ရန်ဖြစ်မဲ့ သူငယ်ချင်း မရှိတဲ့ဘဝကို တော်တော် ဝမ်းနည်းမိတယ်။ သူတို့နဲ့ဆိုရင် အထီးကျန်တယ် ခံစားရလို့ သူတို့ဆီ မသွားဖြစ်ပေမဲ့ အထီးကျန်လိုက်တာလို့ ခံစားရတိုင်း သူတို့ဆီ သွားလည်လိုက် အထီးကျန်လိုက်တာလို့ ခံစားရပြီး ပြန်လာလိုက်နဲ့ အထီးကျန်သံသရာ လည်နေတယ်။

ဒါပေမယ့် သူတို့တွေ အနားမှာ ရှိနေရုံနဲ့ကိုယ့်မိသားစု အနားမှာ ရှိနေရသလို လုံခြုံစိတ်ချနွေးထွေးမှုကို ခံစားရလို့ အိမ်ကိုလွမ်းတိုင်း သူတို့ဆီ သွားလည်ဖြစ်တယ်။ ကြီးမားကျယ်ပြန့်တဲ့ ဒီနိုင်ငံမှာ မောင်နှမတွေလို ချစ်ခင်ကြတယ့် သူငယ်ချင်းတွေက နာရီဝက်အဝေးမှာ ရှိနေတာ ကိုယ့်အတွက် ကံကောင်းတယ်လို့ ဆိုရမယ်။ မြောက်ပိုင်း မီနီဆိုးတားပြည်နယ် အိုင်ဘီအမ်မှာ အလုပ်လုပ်နေတဲ့ ရာဂျတ်က ကိုယ်တို့လေးယောက် ခရီးတွေထွက်ကြတာ အားကျတဲ့အကြောင်း၊ သူ့မှာ တစ်ယောက်တည်း  အထီးကျန်တဲ့အကြောင်း ညည်းညှုဖူးတယ်။

တိမ်တွေပြိုဆင်းနေတာ လှလွန်းလို့ ကားမောင်းရင်း ရိုက်တာ..တော်သေးတယ် ကားရှင်းနေလို့...

ရာဂျတ်ဆိုတာ ကိုယ်နဲ့အတူ ကျောင်းတက်ကြတဲ့ နီပေါအုပ်စုထဲက တစ်ယောက်။ မျက်လုံး၊ မျက်ခုံးက အိန္ဒိယဆန်ဆန်၊ အသားအရည်က အနက်နုရောင်၊ ဇာတ်နိမ့်ဇာတ်မြင့်ခွဲခြားတဲ့ နီပေါမှာ ရာဂျတ်တို့မျိုးနွယ်က အနိမ့်ဆုံး။ နီပေါကနေ အိန္ဒိယ၊ ကာတာ၊ လန်ဒန် ၊ အီလွီနွိုက်ပြည်နယ် ချီကာဂို၊ အိုင်အိုဝါပြည်နယ် စီဒါးရက်ပစ်အထိ မိုင်သောင်းချီခရီးကို ကမ္ဘာ့အနောက်ဖက်ခြမ်းကနေ ၂ ရက်ကျော်ခရီး အတူတူ နှင်လာကြတာ ဆူနမ်၊ ရာမား၊ အမ်းထရူး၊ ဂင်္ဂါ၊ ရာဂျတ်။ အိန္ဒိယမှာ လက်ကေ့ခ်အိတ် ပျောက်လို့၊ လန်ဒန် ထရန်စစ်ကို ဗီဇာခေါ်ရစ်လို့ သူတို့ကြုံရတဲ့ အခက်အခဲတွေက များသား။

သူတို့နဲ့ မရှေးမနှောင်း အိုင်အိုဝါပြည်နယ် စီဒါးရက်ပစ်လေဆိပ်ကို ဆိုက်ရောက်လာတာ ဗီယက်နမ်က မိုင်းနဲ့ဟွား။ ငါ့နာမည်ကို ဗီယက်နမ်အသံထွက်နဲ့ ပီပီသသ ခေါ်လိုက်သံကြားရတော့ မိုင်းက ငါတောင် အူကြောင်ကြောင် ဖြစ်သွားတယ်တဲ့။ ဘွဲ့ရပြီးတာနဲ့ အလုပ်ဝင်တဲ့ ကုမ္ပဏီမှာ ဟွားနဲ့မိုင်း သိခဲ့ကြတာပါ။ မိုင်းလည်း အဲဒီကုမ္ပဏီက ထွက်လို့တခြားကုမ္ပဏီပြောင်း၊ နောက် မလေးရှားက အိတ်ချ်ပီ၊ အိတ်ချ်ပီကနေ ကယ်လီဖိုးနီးယားက စစ်စတာကုမ္ပဏီကိုလွှတ်၊ ၂၀၀၈ ရီဆက်ရှင်းဖြစ်တော့ ဗီယက်နမ်ပြန်လာ၊ ၂၀၁၁ ဖေဖေါ်ဝါရီမှာ ကျောင်းဝင်ခွင့်ရလို့ စတိတ်ကိုလာ။ ဟွားကလည်း တခြားကုမ္ပဏီကိုပြောင်း၊ ကိုရီးယားမှာ အလုပ်လုပ်။ ဒီလိုနဲ့ အဆက်အသွယ်တွေ ပြတ်သွားလိုက်တာ ငါးနှစ်ကျော်အကြာ အိုင်အိုဝါပြည်နယ် စီဒါးရက်ပစ်လေဆိပ်မှာ လာတွေ့ကြတယ်ဆိုပဲ။ ရေစက်တွေများနော်။ တကျောင်းတည်း တတန်းတည်း အတူတူ တက်ရမယ်ဆိုတာ လုံးလုံးမသိကြပါဘူးတဲ့။ နီပေါအုပ်စုနဲ့ ဗီယက်နမ်အုပ်စု ရှယ်တယ်ကို အတူတူ ငှားစီးပြီး ကျောင်းကို အတူတူ ရောက်လာကြတယ်။


ကိုယ်ကတော့ သူတို့ထက် သုံးရက်နောက်ကျပြီးတော့မှ ရောက်ခဲ့တာပါ။ မနက် ၆ နာရီ စင်္ကာပူကနေ ဟောင်ကောင်ထိ ၃ နာရီ၊ ၁ နာရီ ထရန်စစ်၊ ဟောင်ကောင်ကနေ ချီကာဂိုကို ၁၅ နာရီစီး၊ ၄ နာရီ ထရန်စစ်၊ ချီကာဂိုကနေ အိုင်အိုဝါပြည်နယ် စီဒါးရက်ပစ်ထိ ၁ နာရီ။ ဖေဖေါ်ဝါရီ ၁၉ မှာ စင်္ကာပူကနေ ထွက်လာလိုက်တာ ဖေဖေါ်ဝါရီ ၁၉ မှာပဲ စတိတ်ကို ရောက်တယ်။ ကိုယ်က ယူနိုက်တက်အဲလိုင်းစီးလာတာ ဆားဗစ်မကောင်းဘူး။ စီနီယာ Nga  က ကိုရီးယန်းအဲလိုင်း စီးလာတာ လေယာဉ်မောင်မယ်တွေ ချောတယ်ဆိုပဲ။ ဆူနမ်တို့က ကာတာအဲလိုင်းစီးလာတာ လေယာဉ်မောင်လေးတွေ ချောလွန်းလို့တလမ်းလုံး ငေးလာတယ်ဆိုပဲ။

မြန်မာပြည်မှာတော့ ကံဆိုတာ မသိသာလွန်းပေမဲ့ နိုင်ငံခြားမှာတော့ ကံက သိသာလွန်းတယ်။ ရာဂျတ်က တက်နက်စီပြည်နယ် မန်းဖစ်မြို့ FedEx ရုံးမှာ အမ်းထရူးနဲ့အလုပ်အတူတူ လုပ်ခဲ့တော့ဆိုတော့ ရာဂျတ်အရည်အချင်းကို အမ်းထရူးက ကောင်းကောင်းသိတာပေါ့။ ဆူပါဗိုက်ဆာကို သူ မသိလို့ လွယ်တာတွေပဲ ခိုင်းပါလို့ ပြောတာတဲ့ အံ့ရော။ ကွန်းထရပ်ကုန်တော့ အလုပ်ရတာ အိုင်ဘီအမ်မှာ။ မနှစ်က ခရစ်စမတ် ဒီစီကို လာလည်တုန်းကတောင် ဆူနမ်တို့ကို ပြောနေသေးတယ်။ ရာဂျတ် အိုင်ဘီအမ်မှာ အလုပ်ရတယ်ထင်တယ် လင့်ခ်အင်မှာ တွေ့လိုက်တယ်လို့။ ရာမားကတောင် ပြောလိုက်သေးတယ် မျက်မှန်မတပ်လို့ နင် အမြင်မှားတာနေမှာပါတဲ့။ နောက် အမ်းထရူးက အတည်ပြုတယ် ရာဂျတ် အိုင်ဘီအမ်မှာ စီနီယာရာထူးနဲ့ အမြဲတမ်းဝန်ထမ်း ဖြစ်သွားပြီဆိုတဲ့အကြောင်း။


အားလုံး ရှော့ခ်ဖြစ်သွားတယ်။ အိုင်ဘီအမ်ဆိုတာ အလုပ်ရဖို့ အရမ်းခက်တာ။ အင်တာဗျူး ငါးကြိမ်ဗျူးတယ်။ မာစတာဘရိန်း မိုင်း ၄ ကြိမ်မြောက်မှာ ပြုတ်တယ်။ စီနီယာ ဝီလီယမ်ဂရင်း ၂ ကြိမ်မြောက်မှာ ပြုတ်တယ်။ ရာဂျတ် ဘယ်လိုအလုပ်ရလဲ စုံစမ်းကြတော့ သူ့အိန္ဒိယသူငယ်ချင်း အဆက်အသွယ်နဲ့ ဝင်တာပါတဲ့။ စတိတ်မှာ Networking ဆိုတဲ့ အဆက်အသွယ်က အရေးပါတယ်။ ထူးချွှန်တဲ့ကျောင်းသားတွေက အလုပ်ကောင်းကောင်းရဖို့ သေချာပါတယ်။ Algorithms ဘာသာကို A+ ထက်ကျော်လွန်ပြီး A Honous ရတဲ့ တရုတ်နဲ့ နီပေါ ကျောင်းသားနှစ်ယောက်ကို ပရော်ဖက်ဆာ ဒေါက်တာ ကလောက်ဒီ ရူဘီ ထောက်ခံစာရေးပေးလိုက်တာ အမေဇုန် ( Amazon ) ကို တန်းသွားရတယ်။ အမေဇုန် အင်တာဗျူးက တခြားအင်တာဗျူးလို တစ်နာရီပဲ ဗျူးတာမဟုတ်ဘူး တနေကုန်ဗျူးတာ။

တချို့ကျတော့လည်း မတော်ပေမဲ့ အလုပ်ကောင်းကောင်းရတယ်။ တချို့ကျတော့လည်း တော်ပေမဲ့ အလုပ်ကောင်းကောင်း မရပြန်ဘူး။ လူတိုင်း ကုမ္ဗဏီကောင်းကောင်း၊ အလုပ်ကောင်းကောင်း၊ လစာကောင်းကောင်း လိုချင်ကြတာချည်းပါပဲ။ ကိုယ်ကံနဲ့ထိုက်တန်တဲ့ အလုပ်ပဲရတယ်။ ဗီဇာပယ်ချခံရလို့ ရာဂျတ်က သူ့မိန်းမကို စတိတ်ကို ခေါ်လို့မရဘူး။ အလုပ်ထဲမှာလည်း သူငယ်ချင်းအသစ်ရဖို့ အခွင့်အလမ်း နည်းတယ်။ မိသားစုရှိတဲ့သူတွေက အချိန်မပေးနိုင်၊ လူလွတ်ဆိုရင်လည်း ကိုယ့်နဲ့အကျင့်စရိုက်၊ ဝါသနာတူတဲ့ သူငယ်ချင်းရဖို့ အတော်ခက်တယ်။ အချိန်အတိုင်းအတာ တခုအထိ ဝါသနာ၊ အကျင့်စရိုက်၊ စကားလုံးတွေ၊ ခံစားချက်တွေ ဖလှယ်၊ ကောင်းကွက်တွေကို သိသလို ဆိုးတာတွေကိုလည်း သည်းခံနိုင်မှ သူငယ်ချင်း ဖြစ်တာကိုး။ ရာဂျတ်က သူ့မှာ သူငယ်ချင်း မရှိဘူး မင်းတို့ကို အားကျတယ်ဆိုတော့ ကိုယ်ချင်းစာမိတယ်။ သူ့လိုမျိုး အိုင်ဘီအမ်မှာ အလုပ်ရလို့ကတော့ အထီးကျန်ချင် ကျန်ပလေ့စေ ဆိုပေမဲ့ ကိုယ်လည်းသူ့နေရာမှာဆိုရင် သူငယ်ချင်းတွေနဲ့ နီးနီးနားနား အလုပ်မျိုးပဲ လိုချင်တော့တယ်လို့ ညည်းညူမိမလား။


ငယ်ငယ်တုန်းကတော့ သူငယ်ချင်းဆိုတာ စာသင်ကျောင်းက ခုံနီးနားချင်း၊ အိမ်နီးနားချင်း၊ ကျူရှင်အတူတူ တက်ခဲ့ကြသူတွေ၊ အတူတူ ဆော့ဖော်ဆော့ဖက်တွေပေါ့။ ဟိုင်းကြီးတကျွှန်းလုံးက ကျောင်း၊ ပုသိမ်၊ ရန်ကုန်ကျောင်းတွေ တက်ခဲ့တော့ ကိုယ့်မှာ ငယ်သူငယ်ချင်း မရှိသလောက် ရှားတယ်။ မူလတန်းကတည်းက ငယ်သူငယ်ချင်းလေ ဆိုတဲ့သူတွေကို အားကျတယ်။ မြို့ကျောင်းတက်တဲ့ကိုယ့်ကို နယ်ကသူတွေက မြို့သူလို့မြင်ပြီး မြို့ကသူတွေက မြစ်ဝကျွှန်းပေါ်သူတဲ့။  လှည်းတန်းက အင်္ဂလိပ်စာသင်တန်းတက်တော့ ရင်ဘတ်ချင်းနီးတဲ့ သူငယ်ချင်းတွေ ရတယ်။ သွားမယ်၊ စားမယ်၊ စကားပြောမယ်၊ စာဖတ်မယ် အကျင့်တူလို့ စုမိကြတယ် ဆိုပါတော့။ ၉၉ မှာ သူငယ်ချင်းဖြစ်ခဲ့ကြတာ ၂၀၀၁ တက္ကသိုလ်တွေ တက်ကြတော့ သိပ်မတွေ့ဖြစ်တော့ဘူး။ ကိုယ် နိုင်ငံခြားထွက်လာပြီးကတည်းက သူတို့နဲ့ အဆက်အသွယ် ပြတ်သွားတော့တယ်။ ဝေးနေပေမဲ့ သူတို့အကြောင်း တွေးမိတိုင်း ရင်ဘတ်ထဲ နီးတယ်။ တခါတလေ ရင်ဘတ်ထဲက စကားလုံးတွေ အံကျချင်ရင် သူတို့ကို သတိရတယ်။

လန်ဒန်တက္ကသိုလ်တခုက လာဖွင့်တဲ့ အခန်းနံပါတ် ၁၃ သင်တန်း တက်တုန်းက သူငယ်ချင်းတွေနဲ့တိရစ ္ဆာန်ဥယျာဉ်သွား ပင်လယ်ဓားပြလှေစီး၊ အာလာဒင်မှာ ဒန့်စင်းဂိမ်း သွားဆော့။ ဆယ်ကျော်သက်အရွယ်ရဲ့  အပူအပင်မရှိ လွတ်လပ်ပျော်ရွှင်မှုတွေ ပိုင်ဆိုင်ဖူးတယ်။  တက္ကသိုလ်တုန်းက သူငယ်ချင်းတွေက ရင်ဘတ်ချင်း နီးသလို၊ မိသားစုတွေပါ သိကြတယ်။ ဆူနမ်တို့တွေ သီချင်းသံပြိုင်ဆိုကြတော့ သူတို့လို သီချင်းသံပြိုင်ဆိုခဲ့တာ ဘယ်အချိန်တုန်းကပါလိမ့်လို့ တွေးမိတယ်။ ကျောင်းခရီးစဉ်တွေဖြစ်တဲ့ ပုဂံခရီး အပြန်တုန်းက လေးဖြူ၊ ဇော်ပိုင် သီချင်းတွေဆိုတုန်းကလား ဟုတ်သေးဘူး။ တောင်ကြီးခရီး အပြန်တုန်းက ချစ်တဲ့ကျောင်းတော်ကြီးကို ခွဲရပြီမို့ ကျောင်းသီချင်းတွေ သံပြိုင်ဟစ်တုန်းကလား  ဟင့်အင်း။ ကျောင်းက မြေအောက်ထပ်မှာ ဝေနဲ့အတူ အိုင်စီသီချင်းတွေ အော်ဟစ်ပြီး စာသင်ချိန်လစ် မြေအောက်ထပ်မှာ လာအိပ်တတ်တဲ့ ကျောင်းသားတွေကို အသံနဲ့နှိပ်စက်ခဲ့တာ နောက်ဆုံးထင်တယ်။


ခြင်္သေ့ကျွှန်းကို ကျောင်းလာတတ်တော့ အသက်အစိတ်ပြည့်လို့ နှစ်နှစ်တောင် စွန်းနေပြီ။ မြန်မာပြည် ကိုယ်တို့တက္ကသိုလ်က အတန်းအတူတူ တက်ခဲ့သူတွေ၊ ဂျူနီယာတွေ၊ မြန်မာအများစုဆိုတော့ မြန်မာကျောင်း တက်ရသလိုပါပဲ။ ပရောဂျက်ကြောင့် ကျောင်းမှာ ၂ညအိပ်ရဖူး၊ ပင်ပန်းပေမဲ့ ပျော်ပါတယ်။ လျှော့ပင်း၊ ဂျော့ဂင်းဆို မကြီး၊ တောင်တက်ဖို့ဆို အိအိ၊ လမ်းလျှောက်ဖို့ဆို မိစိမ့်။ စတိတ်ကို ရောက်လာတော့ တမြို့လုံးမှာ မြန်မာဆိုလို့ ကိုယ်တယောက်တည်း။ သူငယ်ချင်းညီအစ်မတွေဖြစ်တဲ့ ဆူနမ်၊ ရာမား၊ မိုင်းတို့နဲ့ အဆောင်အခန်းချင်းကလည်း ဘေးချင်းကပ်၊ ကျောင်းကလည်း အတူတူ၊ လက်ချာ၊ အဆိုင်းမင့်တွေ ပိတော့ ပျင်းချိန်တောင် မရှိ။ ကန်တက်ကီပြည်နယ် လူဝီဗီလ်မှာ အလုပ်ရတော့ သူငယ်ချင်းမရှိ။ မိုင် ၁၀၀ ကား ၂ နာရီ မောင်းရတဲ့ အိုဟိုင်းရိုးပြည်နယ် စင်စင်နာတီက ဆူနမ်နဲ့မိုင်းဆီ တလတခေါက် သွားလည်။ မိုင်းက သူ့ချစ်သူနေတဲ့ ဗာမွန်ပြည်နယ် ဘာလင်တန်ကို ပြောင်းတော့ ဆူနမ်တယောက် ဟာတာတာ ဖြစ်သွားတယ်။ သောကြာနေ့ညဆို တပတ်စာ ဈေးဝယ်၊ ပိတ်ရက်မှာ အိမ်တွင်းအောင်း၊ ရုံးတက်ရက်ဆိုရင်လည်း အလုပ်နဲ့အိမ်။ ကိုယ် သူ့ဆီ သွားလည်တော့မှ စားသောက်ဆိုင်မှာ ထွက်စားတယ်။ ဆူနမ်ရယ် နင့်ကြည့်ရတာ အထီးကျန်လိုက်တာ ငါ့လို ပိတ်ရက်တွေမှာ လျှော့ပင်းမောလ်သွား၊ အပြင်ထွက်စားလို့ ကိုယ်က အကြံပေးတယ်။

ဆူနမ်က တိုက်ခန်းမှာ တယောက်တည်း နေတာဆိုတော့ ပိုအထီးကျန်တယ်။ ရာမားနဲ့ အမြဲတမ်း ဗွီဒီယို ဖေ့စ်တိုင်းမ် ဖွင့်ထား ဒီတော့မှ တယောက်တည်းလို့ မခံစားရတော့ဘူးတဲ့။ ကိုယ်က ကန်တက်ကီမှာ အမေရိကန်မိသားစု အိမ်မှာနေတော့ လုကပ်၊ ကေတီ ကလေးတွေနဲ့ကစား၊ အိမ်ရှင်အမနဲ့ စကားပြောဖော်ရတော့ တော်သေးတယ်။ တစ်နှစ်ပြည့်ခါနီး၊ အိမ်ကနေ အလုပ်လုပ်နိုင်တယ်လို့ ယုံကြည်မှုရှိတာနဲ့ ရာမားနေတဲ့ မေရီလန်းဆီ ဆူနမ်ပြောင်းတော့တာပဲ။ တိုက်ခန်းစာချုပ်က နောက်၃လမှ ပြည့်မှာ တလနို့တစ် ပေးတဲ့အခါ စာချုပ်ထဲမှာမပါ  စာချုပ်ပြည့်တဲ့အထိ နေချင်နေ မနေချင်ရင် ကျန်တဲ့လစာ ပေးပြီးပြောင်းဆိုလို့ ၃လစာပေးပြီး ပြောင်းတယ်။ ဆူနမ်ပြောင်းသွားတော့ ကိုယ့်လည်း ဟာတာတာ ဖြစ်သွားတယ် သွားလည်ရမဲ့ သူငယ်ချင်း မရှိတော့လို့။


မကြာပါဘူး ကွန်ထရပ်မကုန်ခင် လေးအော့ဖ်လို့ ဆူနမ်တို့ဆီ ကိုယ်လိုက်ရတော့တာပဲ။ အဲဒါလည်း ခပ်ကောင်းကောင်း ဆူနမ်တို့နဲ့ မနီးမဝေးမှာ အလုပ်ရတယ်။ Blessing in Disguise ကံကောင်းခြင်းတွေဟာ ကံဆိုးချင်ဟန်ဆောင်ပြီး လာတယ်လို့ ဆိုမလားဘဲ။ Blessing တွေ မလာခင် အလုပ်ရှာတဲ့ အချိန်တုန်းက စိတ်ဖိစီးမှုတွေ၊ ၂ လခွဲအတွင်း အလုပ်မရသေးရင် ကျောင်းသားဗီဇာကို ဆက်ထိန်းထားဖို့ ကျောင်းကိုပြန်ပြီး  စီမီနာကို့စ် တက်ချိန်တုန်းက ပင်ပန်းဆင်းရဲမှုတွေကို ညည်းညူရရင် လူစင်စစ်ကနေ ခိုဖြစ်သွားမလား မသိ။

စိတ်တူကိုယ်တူ သူငယ်ချင်း၊ ချစ်သူ၊ မိသားစုဝင်တွေနဲ့ဆိုရင် ဘဝက သာယာပျော်ရွှင်ဖွယ်အတိ။ စိတ်တူကိုယ်တူ သူငယ်ချင်း၊ ချစ်သူ၊ မိသားစု ရဖို့ကလည်း ခက်သား။ လျှော့ပင်းဖို့ဆို မကြီးက လာထား အိအိက ဟင့်အင်း။ တောင်တက်ဖို့ဆို အိအိက အိုကေ မကြီးက နိုး။ ဆူနမ်တို့လို အိမ်မှာ တနေကုန် ရုပ်ရှင် ကိုယ် မကြည့်နိုင်။ ကိုယ့်လို လည်ပတ်ဖို့ ဆူနမ်တို့ စိတ်မဝင်စား။ တယောက်တည်းလည်း ဘဝကို ပျော်တတ်မှ ဖြစ်တယ်။ ပိတ်ရက်တွေမှာ ဒီစီသွားလည်၊ တောင်တက်၊ ဆူနမ်တို့ အိမ်နားက ရေကန်နား ဂျော့ကင်သွားပြေး၊ အိမ်နားက မတ်သရူးဟန်ဆန်ထရေးဆီ လမ်းသွားလျှောက်၊ ဂီတာတီးသင်၊ စိတ်ဖိစီးလို့ တရားထိုင်။ မေရီလန်းမှာ ပျော်နေတုန်း ပရောဂျက်ရပ်တော့မယ်ဆိုတော့ အလုပ်အသစ်ရှာရပြန်ပြီ။ ဘယ်ဝယ်ဘယ်ဆီ ရောက်မယ်မှန်းမသိ။ ကိုယ့်သူငယ်ချင်းတွေက ကိုယ့်ကို အားကျတယ်။ ကိုယ်က မိသားစုနဲ့ အခြေတကျဖြစ်နေတဲ့ သူတို့ကို အားကျတယ်။


ဆောင်းလေမြူးလို့ရွက်ကြွေချိန် ကံကြမ္မာလေနှင်ရာအတိုင်း မျောလွင့်နေရတဲ့ ရွက်ကြွေလေးတရွက် ဖြစ်ရတဲ့အခါ အမြစ်တွေက ဟိုး မြေကြီးအောက် နက်နက်ဝင်ဝင် ကုပ်တွယ်ပြီး နေဒဏ်၊ လေဒဏ်၊ ရာသီဥတုဒဏ်ကို ကြံကြံခံတဲ့ သစ်ပင်လေးတပင် ဖြစ်ချင်မိတယ်။

စန်းထွန်း
စက်တင်ဘာ ၁၉ ၊ ၂၀၁၃။

(စနေနေ့က စာမေးပွဲဖြေပြီးလို့ ပင်ပန်းပေမဲ့ ရာသီဥတုက သာယာလွန်းတာ အိမ်တွင်းအောင်းဖို့ နှမြာတာနဲ့ အိမ်နားက မတ်သရူးဟန်ဆန်ထရေးမှာ လမ်းလျှောက်ရင်း ရိုက်ထားတယ့် ပုံတွေပါ။  မကြာခင် ဆောင်းရောက်တော့မှာမို့ခုလို သစ်ပင်တွေ စိမ်းစိုလန်းဆန်းနေတာ ဒီနှစ်အတွက် နောက်ဆုံးနှုတ်ဆက်လက်ဆောင်များလား)