ဆယ်ကျော်သက်အရွယ် လောကကြီးကို စူးစမ်းဖို စာဖတ်သည်။
နှစ်ဆယ်ကျော်အရွယ် ဗဟုသုတတိုးဖို့ စာဖတ်သည်။
သုံးဆယ်ကျော်အရွယ် စိတ်အာဟာရအတွက် စာဖတ်သည်။
မူလတန်းကျောင်းသူအရွယ်တုန်းက အတန်းမှန်မှန်အောင်ဖို့ စာတွေ မဖတ်ချင်လည်းဖတ်၊ ဖတ်ချင်လည်း ဖတ်ရသည်။ စာရှည်ရှည်တွေကို မဖတ်နိုင်သေးသလို မျောက်ရှုံးအောင် ဆော့ကစားသဖြင့် အပြင်စာမဖတ်ဖြစ်။ အလယ်တန်းရောက်သောအခါမှ အပြင်စာများ ဖတ်ဖြစ်လာသည်။ ဇာတိမြို့လေးသည် မြို့ဆန်သည်ဟု ဆိုရမည်။ ညနေစောင်းတွင် ဆိုက်ကပ်သော ပုသိမ်သင်္ဘောနှင့်အတူ ပါလာသော အသစ်ထွက်သည့် ဝထ္ထုစာအုပ်များကို ငှားရမ်းဖို့ မိန်းမပျိုလေးများသည် ဝတ်ကောင်းစားလှ ဝတ်ဆင်ကာ ကမ်းနားဆင်းကြသည်၊ စာအုပ်ဆိုင်သွားကြသည်၊ သူူငယ်ချင်း အပေါင်းအသင်းများနှင့် မုန့်ဆိုင်ထိုင်ကြသည်။
ဆွေမင်း ဓနုဖြူ၏ မြိုင်ရာဇာတွတ်ပီ၊ လေးမွန်၊ ထွေးမွန်၊ ကာတွန်းငွေကြည် ရုပ်ပြများကို နှစ်သက်သည်။ စာရှည်ရှည် ဖတ်နိုင်လာသောအခါ ဝထ္ထု၊ မဂ္ဂဇင်းများကို ဖတ်သည်။ နွေရာသီ ကျောင်းပိတ်ရက်များတွင် ဇာတိမြို့သို့ ပြန်လာသောအခါ မြို့တွင် တောသူ၊ တောတွင် မြို့သူဖြစ်၍ သူငယ်ချင်းအပေါင်းအသင်း ရှားသည်။ ထိုပျင်းရိဖွယ်ကောင်းသော နွေရက်များတွင် ဖခင်၏စာအုပ်စင်မှ စာအုပ်များကို ဖတ်ခြင်း၊ ဘေးအိမ်ရှိ စာအုပ်ဗီရိုမှ စာအုပ်များကို ငှားရမ်းဖတ်ရှုခြင်း၊ စာအုပ်ဆိုင်များမှ စာအုပ်များကို ငှားရမ်းဖတ်ရှုခြင်းဖြင့် ကုန်ဆုံးစေသည်။
တမှတ်သည် တဘဝဟုဆိုကြသော ဘဝအဆုံးအဖြတ်ပေးမည့် ဆယ်တန်းကျောင်းသူဘဝတွင် ကျောင်းစာပိနေပြီး အပြင်စာ မဖတ်ခဲ့။ တက္ကသိုလ်တက်ရန် စောင့်စားရင်း တက်ခဲ့သော အင်္ဂလိပ်စာသင်တန်းကျောင်းမှ သူငယ်ချင်းများသည် စာဖတ်အလွန်ဝါသနာပါသည်။ စာအုပ်ဆိုင်များသို့ လစဉ်သွားရောက်ကာ စာအုပ်ဝယ်ကြသည်၊ စာမြည်းကြသည်၊ ဆွေးနွေးကြသည်၊ လဲဖတ်ကြသည်။ နှစ်နှစ်ခန့်သာ သင်္ကြန်လည်ပတ်ပြီး ကျန်နှစ်များတွင် စာအုပ် ၂၀၊ ၃၀ ခန့် ငှားထားပြီး မောင်နှမနှစ်ယောက် သင်္ကြန်တတွင်းလုံး အိမ်တွင်းအောင်းကာ စာဖတ်ကြသည်။
စာဖတ်သက်ရင့်လာသည်နှင့်အမျှ စာအုပ်ကောင်းကောင်းများကို ရွေးချယ်ဖတ်တတ်လာသည်။ မြသန်းတင့်၏ လေရူးသုန်သုန်၊ ရွှေဥဒေါင်း၏ ဘဝတသက်တာမှတ်တမ်းများ၊ ဂျူး ၊ ဝင်းဝင်းလတ်၊ မင်းလူ၊ နီကိုရဲ ၊ မိုးမိုး (အင်းလျား) ၊ ခင်နှင်းယု ၊ ဂျာနယ်ကျော်မမလေး၊ ဖေမြင့် ၊ ချစ်ဦးညို လင်္ကာဒီပချစ်သူ၊ မောင်စိန်ဝင်း ( ပုတီးကုန်း) ၊ နွမ်ဂျာသိုင်း ၊ ဆရာတော် ဦးဇောတိက အရှုပ်ထဲမှာ ရှင်းအောင်နေ စသည်ဖြင့် နှစ်သက်သောစာအုပ် တော်တော်များသည်။
နိုင်ငံခြားတိုင်းပြည်များတွင် ကျောင်းစာကြည့်တိုက်၊ ပြည်သူ့စာကြည့်တိုက်များ အများအပြား ရှိသည်။ မိဘများသည် ကလေးများကို အပတ်စဉ် စာကြည့်တိုက် လိုက်ပို့ရသည်။ ကလေးစာအုပ်ဆိုသော်ငြား ရောင်စုံဓာတ်ပုံများ၊ ကာလာများဖြင့် ပျင်းဖို့ကောင်းမနေ။ စိတ်ဝင်စားဖွယ်ကောင်းသောကြောင့် တခါတရံ တောင်းယူဖတ်ရှုရသည်။ ကျမ်းပြုစာအုပ်အတွက် လိုအပ်သော အထောက်အထားစာအုပ်များ ဖတ်ရှုဖို့ တက္ကသိုလ်စာကြည့်တိုက်သို့ တခါဝင်ဖူးသည်။ ထိုကျောင်းစာကြည့်တိုက်သည် နောက်ထပ်တခါ ထပ်လာဖို့ မဆွဲဆောင်ခဲ့။
နိုင်ငံခြားကျောင်းမှ စာကြည့်တိုက်သည် လွန်စွာကြီးမားပြီး လိုချင်သည့်စာအုပ်ကို အလွယ်တကူ ရှာဖွေနိုင်သည်။ အမျိုးအစားစုံလင်လှပြီး တိတ်ဆိတ်အေးချမ်းသည်။ စာအုပ်များသာမက စီဒီ၊ ဒီဗွီဒီ၊ ပရင့်တာ၊ အင်တာနက်ဝိုင်ဖိုင်ရသည်။ တိတ်ဆိတ်သော စာကြည့်တိုက်တွင် လာအိပ်သောကျောင်းသားများကို လုံခြုံရေးစောင့်က လာနိုးတတ်သည်။ အိမ်တွင် အင်တာနက်ဒေါင်းသွားသောအခါ အိမ်နားရှိ ဂျက်ဖာဆန်ကောင်တီစာကြည့်တိုက်တွင် တနေကုန်သွားနေဖူးသည်။
ကားစီးသောအခါ အပြင်ဖက်သို့ ငေးနေ၍ရသော်လည်း ရထားမြေအောက်ထဲ ဝင်သွားသောအခါ ငေးစရာ တရိပ်ရိပ်ပြေးနေသော အမည်းရောင်လှိုဏ်ခေါင်းသာ ရှိသည်။ ထိုင်ခုံနေရာရ၍ ပင်ပန်းနေလျှင် မျက်စိမှိတ်ကာ အိပ်တတ်သော်လည်း များသောအားဖြင့် ထိုင်ခုံနေရာ မရတတ်။ ရထားသည်လည်း ယိမ်းယိုင်မှု နည်းပါးသောကြောင့် စာအုပ်တအုပ်ဆောင်ထားကာ ထိုင်ခုံနေရာမရလျှင် စာဖတ်ဖြစ်သည်။ အင်္ဂလိပ်စာသင်တန်းတုန်းက စာဖတ်တန်းတွင် ဆရာနှင့်အတူ ခြောက်လခန့်ဖတ်ခဲ့သော Colorful Myanmar စာအုပ်ကို သုံးလအတွင်း ဖတ်ပြီးသွားသည်။ တဦးတယောက် ကြည့်သည်ကို မကြိုက်သော နိုင်ငံခြားတွင် မျက်လုံးအကြည့်များကို ရှောင်ရှားဖို့ကား၊ ရထား စီးချိန်၊ စောင့်နေချိန်များတွင် စာဖတ်ဖြစ်သည်။
မိခင်နိုင်ငံတွင် ထိုသို့စာဖတ်လျှင် စာဂျပိုး၊ ဂေါက်နေသည့်ကောင်ဟု တီးတိုးနိုင်သော်လည်း နိုင်ငံရပ်ခြားတွင် မထူးဆန်းလှ။ တနေ့ရထားပေါ်တွင် ဥရောပသားတယောက် စာအုပ်ကဲ့သို့သော အီလက်ထရွန်းနစ်ပစ္စည်းတခုကိုင်ကာ စာဖတ်နေသည်။ ထိုအချိန်တုန်းက အိုင်ပတ်တူးပေါ်ခါစ ဖြစ်သောကြောင့် ခြင်္သေ့ကျွှန်းသူကျွှန်းသားများ ကျောက်သင်ပုန်း တကိုင်ကိုင် ဖြစ်နေချိန် ကျောက်သင်ပုန်းထက်သေးငယ်ပြီး တကယ့်စာအုပ် ဖတ်ရသလို ထင်ရသည့် ထိုအရာကို စိတ်ဝင်စားမိသည်။ သို့သော် မည်သည့်အရာမှန်း မသိခဲ့။
ဟောင်ကောင်မှ ချီကာဂိုသို့ ပစိဖိတ်သမုဒ္ဒရာကို ဖြတ်ကျော်ကာ ၁၂ နာရီ လေယာဉ်စီးရချိန် ညဖက်ဖြစ်သောကြောင့် မှောင်မည်းနေသည်။ ဘေးမှအန်တီကြီးသည် ထိုစာအုပ်ကဲ့သို့အရာကို ထုတ်ကာ စာဖတ်လေသည်။ လေယာဉ်ပျံ တစင်းလုံးတွင်လည်း တော်တော်များများ ထိုအရာကို ကိုင်ဖတ်ကြသည်။ ထိုအရာသည် အမေဇုန်မှ ကင်ဒမ်ခေါ် အီးဘွတ်ရီဒါဖြစ်မှန်း စတိတ်ရောက်ပြီး တော်တော်ကြာမှ သိလေသည်။ စတိတ်တွင် မြို့ငယ်လေးနှင့် မလိုက်ဖက်အောင် ကြီးမားလှသော စာကြည့်တိုက်၊ စည်ကားနေတတ်သော စာကြည့်တိုက် တော်တော်များများ ရှိသည်။ စာကြည့်တိုက်တွင် စာအုပ်များသာမက စီဒီ၊ ဒီဗွီဒီများ ရှိသည်။
ကန်တက်ကီအိမ်ရှင်အမသည် ညတိုင်း သူ့ကလေးများကို ပုံပြင်စာအုပ် ဖတ်ပြသည်။ စောင့်ဆိုင်းရချိန်များတွင် အော်ဒီယိုအီးဘွတ်ဖွင့်ကာ နားထောင်သည်။ တက္ကဆက်ပြည်နယ်မှ သူ့မိခင်သည် စာကြည့်တိုက်မှုးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင့် စာအုပ်များကို နှစ်သက်သည်။ ကင်ဒယ်သာမက စာအုပ်များကိုလည်း ဖတ်သည်။ ဂိမ်းကစားဖို့ ကွန်ပျူတာကို မြေးနှင့်အပြိုင် လုတတ်သော အဘွား ၊ အိမ်တကာလည် အတင်းတုပ်တတ်သော အဘွား၊ နှလုံးထီတွက်သော အဘွားထက် စာအုပ်ဖတ်နေသော အဘွားသည် ကျက်သရေရှိသည်။ ထို့ထက် တရားအားထုတ်နေသောသူ၊ သတိအမှတ်ကလေးနှင့်နေသောသူသည် ပိုကျက်သရေရှိသည်။ ကန်တက်ကီတွင် ကားမောင်းရသောကြောင့် စာသိပ်မဖတ်ဖြစ်။ ဝါရှင်တန်ဒီစီသို့ အသွားအပြန် နာရီဝက်ရထား စီးချိန်များတွင် စာဖတ်ဖြစ်သည်။
ဒီစီတွင် ဘူတာရုံတိုင်း ဖရီးသတင်းစာပုံးများ ထားရှိသလို သတင်းစာကမ်းသူများ ရှိသည်။ သတင်းစာပုံးမှ ယူဖို့မေ့လျော့နေလျှင်တောင် သတင်းစာကမ်းသူများကြောင့် သတင်းစာဖတ်ဖြစ်သည်။ ထိုသတင်းစာကမ်းသူများသည် စာဖတ်ဖို့ ဆော်သြသူများဖြစ်သည်။ ဆင်းရမည့်ဘူတာရောက်လျှင် ဖတ်ပြီးသားသတင်းစာကို သတင်းစာ သီးသန့်ပစ်သည့် အမှိုက်ပုံးသို့ ပစ်သည်။ ညဖက် ရုံးဆင်းလျှင် ရထားစီးသူ အများစုသည် စာအုပ်၊ အီးဘွတ်ရီဒါ၊ အိုင်ပတ်၊ မီနီများထုတ်ကာ စာဖတ်ကြသည်။ အီးဘွတ်ရီဒါ၊ အိုင်ပတ်ထက် စာအုပ်ကို လက်ဖြင့်ကိုင်ကာ ဖတ်ရခြင်းကို နှစ်သက်သော်လည်း တချို့စာအုပ်များကို ပီဒီအက်ဖ်ဖိုင်အဖြစ် ဒေါင်းထားသောကြောင့် အီးဘွတ်ဖြင့်သာ ဖတ်နိုင်သည်။ ဒီစီသူဒီစီသားများသည် စာအုပ်၊ အီးဘွတ်ဆောင်ကာ စာဖတ်ကြသည်။ ကောင်းသောအလေ့အထပင်တည်း။
လူမည်းအိမ်စေ အမျိုးသမီး လူဖြူအိမ်များသို့ အစေခံအလုပ်သွားလုပ်လျှင် လူဖြူ အိမ်များတွင် စာကြည့်ခန်း ရှိသည်။ လူဖြူမိဘများသည် ကလေးများကို ညနေတိုင်း စာဖတ်ကြသည်။ လူမည်းများသည် ထိုကဲ့သို့ စာမဖတ်သောကြောင့် မတိုးတက်။ ထိုလူမည်းမသည် စာကြည့်တိုက်မှ စာအုပ်များကို ငှားရမ်းကာ သားဖြစ်သူကို ဖတ်ပြခိုင်းသည်။ သားဖြစ်သူမှာ စာဖတ်ခြင်းတန်ဖိုးကိုသိကာ ပညာရှာသောကြောင့် တခြားလူမည်းကလေးများလို ဆိုးပေလေလွင့်မနေဘဲ ကြီးပွားသွားသည်။
စာဖတ်သည့် လူမျိုး၊ စာကြည့်တိုက်တွင် စည်ကားနေတတ်သော တိုင်းပြည်သည် တိုးတက်သည်။ စာမဖတ်သည့်နေ့သည် တိုးတက်မှုမရှိသောနေ့ ဖြစ်သည်။ စာအုပ်၊ အီးဘွတ်ရီဒါဆောင်လျှင် အချိန်ကိုအကျိုးရှိရှိ အသုံးချနိုင်သည်။ စာဖတ်ခြင်းသည် အယ်ဇိုင်းမားရောဂါကို ကာကွယ်သည်။ ထို့ပြင် စာဖတ်နေသည့် လူတယောက်ဟန်ပန်သည် ဆွဲဆောင်မှုတမျိုး ရှိသည်။
အပျင်းပြေစေရန်၊ ဗဟုသုတတိုးရန်၊ လေ့လာဆည်းပူးရန်၊ စိတ်အာဟာရဖြစ်စေရန် မည်သည့်အတွက်ပင်ဖြစ်ဖြစ် စာဖတ်နေသူများကို မြင်ရသည်မှာ တမျိုးငြိမ်းချမ်းသည်။
စန်းထွန်း
ဇွန် ၂၂၊ ၂၀၁၃။
All photos are from Google & Amazon.
5 comments:
စာဖတ်သူများ၊စာအုပ်များအကြောင်းကိုေ၇းထားတဲ့ ပို့စ်လေး ဖတ်ရတာလဲ ငြိမ်းချမ်းပါတယ် စန်းထွန်းေ၇ :) လာဖတ်သွားတယ်နော်။
ဘာအတွက်ဘဲဖတ်ဖတ်
ဘာနဲ့ ဘဲဖတ်ဖတ်
ဖတ်တဲ့စာကဘာစာမျိုးလည်းဆိုတာလည်း
ကြုံလို့ ရေးမိတာပါ။ စာတောင်ရှည်သွားပြီ။
ချစ်သောမမအိုင်အိုရာ
မမအိုင်အိုရာ
တိမ်ပြာ(မနောမြေ)
MaNyein said...
အပျင်းပြေစေရန်၊ ဗဟုသုတတိုးရန်၊ လေ့လာဆည်းပူးရန်၊ စိတ်အာဟာရဖြစ်စေရန် မည်သည့်အတွက်ပင်ဖြစ်ဖြစ် စာဖတ်နေသူများကို မြင်ရသည်မှာ တမျိုးငြိမ်းချမ်းသည်။
စာဖတ်သူများ၊စာအုပ်များအကြောင်းကိုရေးထားတဲ့ ပို့စ်လေး ဖတ်ရတာလဲ ငြိမ်းချမ်းပါတယ် စန်းထွန်းရေ :) လာဖတ်သွားတယ်နော်။
June 23, 2013 at 11:31 AM
Anonymous said...
ဘာအတွက်ဘဲဖတ်ဖတ်
ဘာနဲ့ဘဲဖတ်ဖတ်
စာဖတ်တာကောင်းတဲ့အလေ့ပါ။
ဖတ်တဲ့စာကဘာစာမျိူးလည်းဆိုတာလည်း
ဖတ်သူရဲ့ရွေးချယ်မှုဘဲ။
ဖက်ရှင်စာအုပ်ဖတ်လို့..အထင်သေးတယ်ကြီးတယ်လည်းဖြစ်ဘို့မလို။
အာကာသစာအုပ်ဖတ်လို့အထင်ကြီးတယ် မကြီးဘူးလည်းဖြစ်ဘို့မလို။
ဧရိယာတိုင်းအတွက် စာပေလိုအပ်ပါတယ်။
တစ်ခုဘဲ..ခုတလောတွေးဖြစ်နေတာ..
ဖဘကတချို့အရည်မရအဖတ်မရ..ကိုးကားမပါ..တာတွေကို ငယ်ရွယ်တဲ့လူငယ်လေးတွေဖတ်ရင်းအချိန်ကုန် မရေမရာတွေအမှန်ထင်ပြန်ရှဲနဲ့…
အကောင်းနဲ့အဆိုးဖတ်ခြင်းတော်တော်ခွဲယူနိုင်အောင်ကျင့်ဘို့လိုမယ်ထင်တယ်နော်။
ဖဘဟာမကောင်းဘူးလို့မဆိုလိုဘူးနော်။
ဖဘစာဖတ်ခြင်းမှာ အကျိုးရှိတာတွေလည်းအများကြီးရှိပါတယ်။ စိတ်အပန်းပြေတယ်။ စိတ်ရွှင်လန်းစေတယ်။ တချို့မသိတာတွေလည်းသိလာရပါတယ်။
ကြုံလို့ရေးမိတာပါ။ စာတောင်ရှည်သွားပြီ။
ကျောင်းတက်တုန်းကဆိုဘတ်စ်ကားပေါ်မှာဖတ်ဘို့ အိမ်ကထွက်ကတည်းကရယ်ဒီလုပ်သွားရတယ်။
စာဖတ်ဘို့ထုတ်ရခက်ပြီးမဖတ်လိုက်ရရင်အဲဒီအချိန်လေးတွေကိုအရမ်းနှမျောမိတယ်။ အမေရိကန်တွေမှာအချိန်ရှားတာလည်းတစ်ကြောင်းဖြစ်မယ်ထင်တယ်။ သွားရင်းလာရင်းဖတ် ကြတာ။ အချိန်ကိုသိပ်အဖိုးထားသူတွေဆိုတော့။
ချစ်သောမမအိုင်အိုရာ
June 23, 2013 at 12:17 PM
San San Htun said...
မငြိမ်း ကွန့်မန့်ဖတ်ရတာလည်း ငြိမ်းချမ်းတယ်...း)
မမအိုင်အိုရာ
ဖေ့ဘွတ်ရဲ့ အကောင်းအဆိုး၊ စာဖတ်ခြင်းအကြောင်း ပို့စ်တပို့စ်လောက် ရေးပါဦး...
June 23, 2013 at 4:03 PM
Anonymous said...
ငယ်ငယ်ကတည်းက စာဖတ်ဝါသနာပါကဲ့ပေမယ့် ကောလိပ်ရောက်တော့ ကျောင်းစာနဲ့လုံးပမ်းပြီး အပြင်စာမဖတ်ဖြစ်တော့ဘူး၊၊ ဖတ်လက်စ စာအုပ်လေးတောင် ၈လရှိပြီ၊၊ မပြီးသေးဘူး၊၊ အစစအရာရာ အဆင်ပြေပါစေနော် စန်းထွန်းရေ :)
တိမ်ပြာ(မနောမြေ)
June 24, 2013 at 11:18 AM
Post a Comment