ဒီစီသွား တောလား - ၁
ဒီဇင်ဘာ ၂၁၊ ၂၀၁၂ သောကြာနေ့။
ခရစ်တော်မပေါ်မှီ နှစ်ပေါင်းများစွာကတည်းက သိပ္ပံ၊ သချာၤဘာသာရပ်များ ကျွှမ်းကျင်ပိုင်နိုင်ကာ ယဉ်ကျေးမှုအဆင့်မြင့်မားသည့် မာယာလူမျိုးစု၏ ပြက္ခဒိန်သည် ၂၀၁၂ ဒီဇင်ဘာ ၂၁ တွင် အဆုံးသတ်သည်မို့ ကမ္ဘာပျက်လိမ့်မည်ဟု ကောလဟာလထွက်နေသည့် ထိုနေ့တွင် ကျွှန်ုပ်မှာကား အလုပ်ရှုပ်နေလေသည်။ အလုပ်တွင် CAD ဌာန၏ Line List Processor module အား အပြတ်ဖြတ်နေရသလို အိမ်ရောက်သည့်အခါတွင်ကား ၁၁ ရက်ကြာမည့် ခရီးအတွက် အထုပ်ပြင်၊ အဝတ်ဟောင်း လျှော်၊ လွှင့်ပစ်ရမည့် အစားအသောက်တွေကို လွှင့်ပစ်၊ အိပ်ခန်း၊ ရေချိုးခန်း သန့်ရှင်းရေးလုပ်ရသည်နှင့် ကမ္ဘာပျက်သွားလျှင်တောင် သိလိုက်မည် မထင်။
ပိတ်ရက်တွင် ဝါရှင်တန် သွားလည်မည်လို့ ဆိုလိုက်လျှင် ဘယ်ဝါရှင်တန်တုန်း ...အနောက်ဖက်ကမ်းခြေ စီရေတယ်မြို့ရှိတယ့် ဝါရှင်တန်ပြည်နယ်လား ၊ အရှေ့ဖက်ကမ်းခြေ နယူးယောက်နားက ဝါရှင်တန်မြို့လားဟု  မေးကြသည်။ District of Columbia ပြည်နယ်တွင် ရှိသော အစိုးရရုံးစိုက်ရာ ဝါရှင်တန်မြို့ကို ကွဲပြားအောင် ဝါရှင်တန်ဒီစီဟု ခေါ်ကြသည်။
ခရစ်မမတ်အကြို၊ ခရစ်စမတ်၊ နယူးရီးယားအကြို၊ နယူးရီးယားအထိ စနေ၊ တနင်္ဂနွေ ပိတ်ရက်များ ပေါင်းလိုက်လျှင် ခွင့်၃ရက်ယူရုံနှင့် အားလပ်ရက် ၁၁ ရက် ရသည်မို့ ခရစ်စမတ်၊ နယူးရီးယားတွင် တစ်ယောက်တည်း ငေါင်နေမည့်အစား သူတို့ဆီ လာလည်ပါလားဟု ဆူနမ်နှင့်ရာမား ဖိတ်ခေါ်သည်နှင့် ချက်ချင်း လေယာဉ်ဘွတ်တော့သည်။ သိပ်မသွားချင်ရှာဘေ။ အလည်ခေါ်သော်ငြား ခြွင်းချက်ရှိသည်။ နယူးယောက်သွားလည်ချင်သည်၊ ဘယ်သွားချင်သည်၊ ညာသွားချင်သည်ဟု ပူဆာခွင့်မရှိ။ ရာသီဥတုအေးသည်မို့ သူတို့လည်း ဘယ်မှ မသွား။ အတူတူ အိမ်တွင်းအောင်းမည်ဆိုလျှင် လာလည်နိုင်သည်။ မန်နေဂျာထံ ခွင့်သွားပန်တော့ သူလည်း အဲဒီအချိန် ခရီးထွက်မည်။  တော်တော်များများလည်း အဲဒီအချိန် ခွင့်ယူကြမည်မို့ ဟတ်ပီးဟောလီးဒေး..။
လမ်းမကြီးက ပြောသော သမိုင်း..
လှုဒါန်းပစ္စည်းများကို ဈေးသက်သက်သာသာဖြင့် ရောင်းချသော ဂွတ်‌ဝေလ်ဆိုင် တည်ထောင်သူ..
ေကျာင်းတက်တုန်းက ကျွှန်ုပ်သည် ဂွတ်‌ဝေလ်လ်ေဖာက်သည်တယောက်ြဖစ်ြပီး
အမ်ဘီေအမှ ဂျူနီယာကမေ္ဘာဒီးယားမလေးများကို ဂွတ်ေဝလ်သို့ ေခါ်ဆောင်ေပးခဲ့ဖူးသည်။
ဒီဇင်ဘာ ၂၂၊ ၂၀၁၂ စနေနေ့
လေဆိပ်သို့ လေယာဉ်ထွက်ချိန်ထက် ၂ နာရီ စောရောက်ရမည်မို့ မနက် ၈ နာရီ ကတည်းက အိမ်က ထွက်သည်။  ဒီတစ်ခေါက်တော့ ကားပါကင်ကို လွယ်လွယ်ကူကူ ရှာတွေ့သည်။ သို့ပါသော်ငြား ကားတွေက ဒင်းကြမ်းပြည့်နေသည်မို့ နေရာမရှိ ပြန်ထွက်။ ၂ဒေါ်လာပိုဈေးကြီးသည့်  ဂယောင်းပါကင်ကို သွားပါဟု ညွန်သည်။ ကံကောင်းချင်သောအခါ အရှေ ့ဖက်ခြမ်းပါကင်တွင် နေရာရသည်။ ရှယ်တယ်လေးက လေဆိပ်ဆီ ခေါ်သွားသည်။ ရှယ်တယ်ဒရိုင်ဘာမှ အလိုက်သိစွာ ပါကင်နေရာစာရွက်လေး ပေးသည်။ ဟုတ်ပါ့ ဘယ်နေရာမှာ ပါကင်းခဲ့မှန်း မသိ။
ဒီတခေါက်တော့ ၂၅ ကျပ်ပေးပြီး ဟမ်းကယ်ရီအိတ်ကို ချက်ကင် မဝင်တော့။ ဟမ်းပဲ ကယ်ရီတော့သည်။ ၃.၄ အောင်စထက်ကျော်သည့်လိုရှင်းဘူးတွေဆိုလျှင် လွှင့်ပစ်သောကြောင့် မျက်နှာသစ်ဆပ်ပြာရည်၊ လိုရှင်း၊ ဘီဘီခရင်မိတ်ကပ်ရည်၊ ဆေးများကို ပလပ်စတစ်အိတ်အကြည်ထဲ ထည့်။ ခရီးသွားရာသီမို့ လေဆိပ်တွင် ကြိတ်ကြိတ်တိုးနေသည်။ စတိတ်လေဆိပ်ထုံးစံအတိုင်း ကွန်ပျူတာ၊ ကင်မရာ၊ ဖုန်း၊ ခါးပတ်၊ မုန့်၊ ရေဘူး၊ အနွေးထည်၊ ပုဝါ၊ ဖိနပ်တွေကို ဗန်းထဲထည့်ကာ စကန်ဖတ်သည်။ လူဝီဗီလ်လေဆိပ်တွင်တော့ လက်တွေကို ပြရပြီး ဒီစီလေဆိပ်မှာတော့ ဆံပင်တွေသပ်ကာ စစ်သည်။
၁၁ နာရီတွင် လူဝီဗီလ်မှ ထွက်ခွာခဲ့ပြီး ၁ နာရီခွဲ ကြာသောအခါ ဝါရှင်တန်လေဆိပ်ကို ဆင်းသက်သည်။ လေထန်နေသည်မို့ လေယာဉ်တခုလုံး တုန်ခါနေပြီး နိမ့်သွားလိုက်၊ မြင့်သွားလိုက်နဲ့ ရိုလာကိုစတာစီးရသည်နှင့် တူသည်။ အမြင့်ကနေ အောက်ကို ပြုတ်ကျသွားသလို အသည်းထဲ အေးသွားသလို ခံစားလိုက်ရသည့်အခါ ဘုရားတကြသည်။ ကလေးများက အလန့်တကြား အော်ငိုကြကာ ကြွက်ကြွက်ညံသွားသည်။ လေယာဉ်ဘီး  မြေပြင်သို့ အောင်အောင်မြင်မြင် ချနိုင်သည့်အခါ လေယာဉ်မယ်၊ ခရီးသည်များ လက်ခုပ်တီးကာ လေယာဉ်မှုးကို ကောင်းချီးပေးကြသည်။
လမ်းမကြီးမှ ပြောသော သမိုင်း..
နာမည်ကြီး စာရေးဆရာ..ဘတ်စ်ကားစီးရင် ..
သူ ့နာမည် ဂုဏ်ပြုထားသည့် လမ်းတချို ့ေတွ ့ခဲ့သည်။
စုပေါင်းစပ်ပေါင်းစီးမည့် ရှယ်တယ်ကို ဆယ့်ငါးမိနစ်လောက်စောင့်ပြီး အုပ်တောင့်သည့် အာရပ်မိသားစု၊ လူဝီဗီလ်ကနေ လေယာဉ်တစီးတည်း စီးလာသည့် အန်ကယ်ကြီးတို့ စုံတွဲများကို သက်ဆိုင်ရာ ဟိုတယ်ဆီ ပို့ပြီး နောက်ဆုံးတွင် ၄၅ မိနစ်ဝေးသော ကျွန်ုပ်၏ခရီးအား စတင်သည် ဒရိုင်ဘာအန်တီကြီးက ဖော်ရွေပြီး ပျော်ရွှင်တက်ကြွနေသည်။ ဘယ်ကလာတာလဲ..လူဝီဗီလ် ကန်တက်ကီက ဆိုတော့ ဟိုင်းဖိုက် လုပ်သည်။ သူ လူဝီဗီလ်ကို ၂ ပတ်လောက် လာလည်ဖူးသည်။ သာယာလှပတယ့် နေရာလေးဟု ဆိုသည်။ ကားဝင်ပေါက်က တံခါးသေးလေးတွင် သူတို့ ခန္ဓာကိုယ်ကြီးတွေနှင့် ဝင်ရခက်သောအခါ လူဝီဗီလ်က အန်တီကြီးက မျက်နှာရှစ်ခေါက်ချိုးသည်။
ဒရိုင်ဘာအန်တီကြီးမှာ  တံခါးပေါက်သေးသည်ကို သူဘာမှ မလုပ်ပေးနိုင်သော်ငြား သူလုပ်ပေးနိုင်သော ဝန်ဆောင်မူကို အကောင်းဆုံး လုပ်ဆောင်သွားသည်။ ခရီးသည်က မျက်နှာမကောင်းသောအခါ သူ စိတ်မကောင်း။ ဈေးသက်သာချင်လျှင် ဒီလိုဒုက္ခခံရပြီး ဒီလိုဒုက္ခမခံချင်လျှင် ဈေးကြီးသည့် တက္ကစီ စီးသင့်သည်ဟု ကျွန်ုပ်က ဆိုသောအခါ ဒရိုင်ဘာအန်တီကြီးက နားလည်ပေးတာ ကျေးဇူးတင်သည်။ နောင် တက္ကစီပဲ စီးမယ်ဟု အန်တီကြီးက အန်ကယ်ကြီးကို ရာဇသံပေးသံ  ကြားလိုက်ရသည်။ ဒီဟာက မိုးနှုမတ်၊ ကက်ပီတယ်၊ အိမ်ဖြူတော်၊ ဂျက်ဖာဆန်မိုးနှုမတ် ဆိုပြီး ဒရိုင်ဘာအန်တီကြီးက အခမဲ့ တိုးဂိုက်လုပ်သည်။
အိမ်ဖြူတော်နား မရောက်ခင်..ဗိုလ်ချုပ်အောင်ဆန်း ရုပ်တုနဲ့ ဆင်သည်..
ဗိုက်ဆာတယ်ဟ ဆိုသောအခါ ကျွှန်ုပ် ရောက်သည်နှင့် စားသောက်ဆိုင်တွင် သွားတီးမည်ဟု  စီစဉ်ထားသော်လည်း ကျွှန်ုပ် ရောက်တာ နောက်ကျ ဗိုက်ဆာလွန်းလို့ မစောင့်နိုင်တော့ဘူး  ဆိုကာ ဝါးတီးပြီးနှင့်ပြီ။ ထုံးစံအတိုင်း ကိုရီးယားခါက်ဆွဲပြုတ်နှင့် နှစ်ပါးသွားရပေတော့သည်။ ပင်လယ်စာမကြိုက်၊ မဆလာနှင့် အာလူးပါမှ စားဝင်သော ဆူနမ်တို့နှင့်သွားလျှင် အိန္ဒိယစားသောက်ဆိုင်များတွင် စားသောက်ရသည်။ မဆာလာ၊ ပဲ ၊ ဟင်းခတ် အမွှေးအကြိုင်ပါသည့် အိန္ဒိယလက်ဖက်ရည် မကြိုက်သည့် ကျွှန်ုပ် မှာကား စားလို့ရသည်များကို ရွေးချယ်စားသောက်ရလေသည်။ အိန္ဒိယစားသောက်ဆိုင်ရောက်လျှင်  ကျွှန်ုပ် မပျက်မကွက် နှစ်သက်စွာ မှာယူသည့်အရာကတော့ မန်းဂိုးလက်ဆီဖြစ်သည် ။
စားသောက်နေတုန်း ဟင်းပွဲတွေ လာမည်ဖြစ်၍ စားနေသည့်ပန်းကန်ကို အတင်းသိမ်းမည့်ပုံရသော သိပ်မကျွှမ်းကျင်၊ အသစ်ဝင်ခါစဖြစ်ဟန်တူသော မိန်းကလေး၏ ဝန်ဆောင်မှုကို မကွန်ပလိမ်းတတ်သော ဆူနမ်တယောက် လေသံတိုးတိုးလေးနှင့် ကွန်ပလိမ်းသည်။
ဒီနေ့ရှယ်တယ်ပေါ်ကနေ အားလုံးမြင်ခဲ့ပြီးပြီဆိုတော့ ဒီစီ သွားလည်ဖို့ မလိုတော့ဘူးပေါ့..
ဘယ်သူပြောတုန်း..
ဒီဇင်ဘာ ၂၃၊ ၂၀၁၂ တနင်္ဂနွေ။
အောင်မလေး ပင်ပန်းလို့ တကိုယ်လုံး ကိုက်ခဲနေတာပဲ..ဒီနေ့ ဘယ်သွားမှာလဲ..
မနေ့က နင် အိပ်ပျော်နေတုန်း ငါနဲ့ ရာမား ဒီစီကို ဘယ်လိုသွားမလဲ ရှာဖွေနေတာ..အဆိုင်းမင့်တင်ပြီးရင် သွားမယ်..
နေ့လည် ၂ နာရီတွင် နာရီဝက်အဝေးတွင် ရှိသော ဘူတာရုံဆီ ချီတက်ကြသည်။ ရထားဘူတာနားက ဖရီးကားပါးကင်တွင် ပါကင်ထိုးပြီး လက်မှတ်ဝယ်သည်။ အိမ်ဖြူတော်ဆီ သွားလည်ချင်လို့ လက်မှတ်ဘယ်လို ဝယ်ရမှာလဲ ကောင်တာမှာ သွားမေးသောအခါ  ၉ ကျပ်ဖိုးဝယ်ပြီး မတ်တရိုစင်တာဘူတာမှာ ဆင်းဟု ညွှန်သည်။ ရထားနှစ်စီးရပ်ထားလို့ ဘယ်အစီးက မြို့ထဲသွားမှာလည်း မေးတော့ ဒီနေရာက ဂိတ်ဆုံး... ရထားတွေအားလုံး မြို့ထဲသွားမှာ..ဒီအစီးကတော့ အရင်ထွက်မှာ..တက်..တက်..
ရထားထွက်မှပင် ကိုယ်စီးသည့် ဘူတာနာမည် သိသည် ရှယ်ဒီဂရု..။ မင်ထရိုစင်တာအင်တာချိန်းမှာ ဆင်းပြီး အိမ်ဖြူတော်ကို ဘယ်လိုသွားရမလဲ ရထားကောင်တာတွင် သွားမေးတော့ သုံးဘလောက်လျှောက် ဘယ်ချိုး ညာချိုး။ မြေအောက်က တက်တည်နှင့် အား..အေးလိုက်တာဟု အော်ကာ သံချပ်ကာလက်နက်များဖြစ်သည့် ဦးထုပ်၊ လက်အိတ်၊ ပုဝါတွေ ထုတ်ကာ အအေးဒဏ်ကို ရွပ်ရွပ်ချွံချွံ တိုက်ပွဲဝင်ကြသည်။
နား..နား..ြပီး လည်
တိုင်းပြည်၏ အရေးကြီးသော ဥပဒေ၊ ဆုံးဖြတ်ချက်များ ချမှတ်ရာ ခန့်ညားလှပသည့် ကပ်ပီတယ် အဆောက်အဦး၊ အထိမ်းအမှတ်ကျောက်တိုင်ကို နေရာတိုင်းက မြင်နိုင်သည်။ ဗြိတိသျှလက်ရာအဆောက်အဦးများနှင့် ဒီစီမြို့တော်ကြီးက ခန့်ညားလှသည်။ အေးလျှင် ခြေထောက်တွင် အနီရောင်ကွက်ပေါ်လာကာ  ယားလာသည့် အလာဂျီရှိသော ရာမားကြောင့် ထိုင်ထိုင်နားရပြီး ချီတက်ရသည်။ ခြံစည်းရိုးနားမှာ လူတွေကြိတ်ကြိတ်တိုးနေတာ ဘာလဲဟ.. အဲဒါ အိမ်ဖြူတော်..ဟေ....အဲဒါဆို ငါလည်း သွားတိုးလိုက်ဦးမယ်။ ရှေ့တင်လေးပေမည့် ကာထားသည်များကို  ကွေ့ပတ်လျှောက်ကာ အမေရိကန်သမ္မတများ အစဉ်အဆက်နေထိုင်ရာ အိမ်ဖြူတော်ကို ခြံစည်းရိုးသံဇကာကြားကနေ ဓာတ်ပုံရိုက်သည်။ ကွင်းပြင်ကြီးထဲတွင် ပြည်နယ်ပေါင်းစုံက ခရစ်စမတ်သစ်ပင်မျိုးစုံတွေ ပြထားသည်ကိုတော့ ဝင်မတိုးတော့ပါ။
ဟိုးအဝေးက အိမ်ဖြူတော်ကို ခြံစည်းရိုးကြားထဲက ရိုက်သည်..
အိမ်ဖြူတော်ကို ဓာတ်ပုံရိုက်နေသော ကျွှန်ုပ်အား စောင့်နေဆိုင်နေသော ဆူနမ်နှင့် ရာမား..
အိမ်ဖြူတော်ရှေ့ကွင်းပြင်ထဲမှာ ပြည်နယ်ပေါင်းစုံက ခရစ်စမတ်သစ်ပင်အလှပြပွဲမှာ ကြိတ်ကြိတ်တိုးနေကြသည်။
ခေတ်မှီ အဆောက်အဦးထက် ခုလို ရှေးဟောင်းအဆောက်အဦးများကို သဘောကျသည်။
အိမ်ဖြူတော်လည်း ငါ မကြိုက်ဘူး၊ ကယ်ပီတယ်လည်း ငါမကြိုက်ဘူး..ဒီစီမှာ ငါအကြိုက်ဆုံး နေရာတခု ငါပြမယ်..
လွတ်မြောက်မှုကို အမျိုးသမီးရုပ်ပုံဖြင့် ကိုယ်စားပြုသည်။
နေဝင်ချိန် တိမ်တောက်သောအခါ
လက်ရှိနေထိုင်သော ပြည်နယ်
ကျောင်းပြီး၍ အလုပ်ရှာဖို့ မိုင်း၊ ဆူနမ်တို့နှင့် တလနေခဲ့ဖူးသော ပြည်နယ်
ကျောင်းဖွင့်ချိန်စောင့်ရင်း နှစ်လနေခဲ့ဖူးသော ပြည်နယ်
စတိတ် အလယ်ဗဟိုတွင်ရှိသော ကျွန်ုပ်၏ ဇာတိ ပြည်နယ်
ရေပန်း၊ ရေကန်နှင့် လှပသည့် ဒုတိယကမ္ဘာစစ်အထိမ်းအမှတ်နေရာလေး။ ပြည်နယ်အကုန်ရှိတယ်..ကန်တက်ကီကို သွားရှာ...။ ကန်တက်ကီပြည်နယ် ရှာပုံတော်ထွက်သော ကျွှန်ုပ် တယောက် နောက် ၁၅ မိနစ်အကြာတွင်မှ ရေကန်တပတ် ပတ်ပြီးပတ်ကာ  ပြန်ရောက်လာလေသည်။
တဖက်ကမ်းတွင်ရှိသော ဂျက်ဖာဆန် အထိမ်းအမှတ် အဆောက်အအုံ..
ကန်ပီတယ်ဆီ သွားချင်တယ်...ကြည့်တော့တာ နီးတာ အဝေးကြီးဟ..နင်တို့ မတ်ထရိုစင်တာဘူတာမှာ စောင့်နေလေ..ငါ ပြန်လာခဲ့မယ်..နင်တယောက်တည်း မှောင်နေပြီ စမတ်ဖုန်းလည်း မရှိ လမ်းပျောက်သွားရင် ဘယ်လို လုပ်မတုန်း..ဒီစီက စိတ်ချရတာ မဟုတ်ဘူး..တားမရသော ကျွှန်ုပ် သွားရာနောက်သို့ နားလိုက် လျှောက်လိုက်နှင့် နာရီဝက်လောက် လျှောက်ပြီးသောအခါမှ ရောက်လေသည်။ ကဲ နင်ရဲ့ ကယ်ပီတယ်ဆီ ရာက်ပြီ ...ဒီအဆောက်အအုံနဲ့ ဓာတ်ပုံရိုက်ချင်တယ်..မှောင်မည်းနေ၍ ဘာမှ မမြင်ရ။
ကယ်ပီတယ်၏ ညအလှ
ဘူတာရုံအား ရှာဖွေသောအခါ မတွေ့။ ခြေကုန်လက်ပန်း ကျနေပြီ။ ဂူဂယ်ကနေ ဘူတာရုံ ရှာဖွေနေတုန်း ဆူနမ်နှင့်ရာမားတို့၏ အိုင်ဖုန်း ဘတ်ထရီ ဒေါင်းသွားသည်။ ဖြတ်သွားဖြတ်လာများကို မေးကြည့်သောအခါ သုံးဘလောက်လျှောက်ဟု ညွှန်သည်။ သုံးဘလောက်လျှောက်သော်ငြား အမ်ဟုရေးထားသော ဘူတာရုံနှင့်တူသည်ကိုပင် မတွေ့ရ။ လမ်းပျောက်နေလေပြီ။ ဖြတ်သွားဖြတ်လာ တယောက်မျှ မတွေ့ရ။ ဖြတ်သွားဖြတ်လာများတွေ့ရသည့် လမ်းမဖက်ဆီ ဦးတည်ကြသည်။ ကပ်ပီတယ်အဆောက်အဦးနား ပတ်ချာလည်ရိုက်နေသည်။ တရုတ်အုပ်စုကို မေးမြန်းဖို့ အလှည့်ကျသူက ကျွှန်ုပ်။  အနီးဆုံး ဘူတာရုံက ကျွှန်ုပ်တို့ လျှောက်နေသည့်အရပ်နှင့် ဆန့်ကျင်ဖက်အရပ် ၁၅ မိနစ်အဝေးမှာ။ တိန်..ခြေထောက်လည်းတို နေလည်းညှိပြီ..ငါ့ကို အိမ်ပြန်ပို့ကြပါတော့..။
မတ်ထရိုဘူတာကိုတော့ မတွေ့ မတ်ထရိုဘတ်စ်တော့ တွေ့သည်။ မှတ်တိုင်တွင် ရပ်လာသည့် ဘတ်စ်ကားကို အနီးဆုံးဘူတာရုံများ ရောက်မလားမေးတော့ တက်..တက်။ ကားပေါ်တွင် လူတစ်ယောက်မှ မရှိ။ ဘတ်စ်ကားခ ဘယ်လောက်ကျလဲဟင်..။ လက်ကာပြသည်။ သုံးယောက်သား တယောက်မျက်နှာတယောက်ကြည့်ကာ မျက်စိကိုဖွင့် နားကိုစွင့်..။ သေနတ်ထောက်တောင်း၍ ပိုက်ဆံမပေးလျှင် အန္တရာယ်ပေးသောကြောင့် ပိုက်ဆံဆောင်ထားဟု ဆိုကြသော ဒီစီမြို့တော်ကို ပထမဆုံးအကြိမ် ကြောက်စိတ်ဝင်မိသည်။ ကားခပေးဖို့ ဆူနမ်တို့တွေ ငါးကျပ်ထုတ်တာ တွေ့သည်။ ဘူတာရုံကို လမ်းညွှန်ပေးရုံမက ဘတ်စ်ကားခပေးသော်လည်းမယူ တစ်ဖ်ဟုဆိုကာ အတင်းပေးသော်လည်း မယူသော အနှီဒရိုင်ဘာကို ကျွှန်ုပ်တို့မှာ  အံ့အားတသင့်ဖြစ်ကြလေသည်။ မျက်စိလည်လမ်းပျောက်နေသော အိန်ကျယ်လေးများကို လမ်းပြကူညီသော အမည်မသိ၊ ရုပ်လည်းမမှတ်မိသော အနှီဒရိုင်ဘာ၏ ကူညီမူကိုကား လမ်းပျောက်ပြီး ဘတ်စ်ကားစီးရတိုင်း ကျွှန်ုပ်တို့ အမြဲအမှတ်ရနေမည်ထင်သည်။
လမ်းပျောက်နေ၊ ညောင်းလွန်းပေမယ့်လည်း မီးတွေ ဆင်ထားတာ လှလွန်းလို့ ရိုက်တယ်..
နောက်မှ သိတယ် အဲဒါ ဝါရှင်တန်ဘော်တနစ် အင်ဒိုး ဂါးဒန်း...
နာကျင်နေသော ခြေထောက်၊ အေးစက်နေသော ခန္ဓာကိုယ်၊ တကျုတ်ကျုတ်မြည်နေသော ဝမ်းကိုဖြည့်ဖို့ ရှာဖွေသောအခါ စတားဘတ်ကော်ဖီဆိုင် တွေ့လေသည်။ နောင်ဆယ်မိနစ်ကြာလျှင် ပိတ်မည်ဟု ဆိုသည်။ ၆နာရီကျော်ပဲ ရှိသေးသည်။ ရထားတွင် အစားအသောက်ခွင့်မပြုသောကြောင့် ဆိုင်အပြင်ဖက် ထိုင်ခုံတွင် ထိုင်ကာ ဝမ်းဖြည့်ကြလေသည်။ အဝါရောင်လိုင်း Archives ဘူတာကနေ တမှတ်တိုင်းစီးပြီး ရထားပြောင်းဖို့ Gallery Place ဘူတာတွင် ဆင်းရသည်။ အပေါ်တက် အနီရောင်လိုင်းပြောင်းချိန် Shady Grove ဆီသွားမည့် အနီရောင် ရထားလာနေသောကြောင့် ပြေးကြလေသည်။
အင်တာချိန်းဖြစ်သောကြောင့် လူတက်လူဆင်း များသည်။ လူရှင်းသော တံခါးပေါက်ဆီ ပြေးချိန် တံခါးပိတ်သွားလေသည်။ နောက်တစ်ကြိမ် တံခါးပြန်ဖွင့်သောအခါ အပြေးဝင်လိုက်မည် ပြင်သော်လည်း ဖျပ်ခနဲဖွင့်လာသော တံခါးသည် ဖျပ်ခနဲ ပြန်ပိတ်ကာ Step Back..Door is closing ဆိုကာ မောင်းထွက်သွားလေသည်။ ကျွှန်ုပ်တို့ သုံးယောက်သား ရှက်ရှက်နှင့် ရယ်လိုက်ကြသည်မှာ တော်တော်နဲ့ မရပ်။ အဘယ့်ကြောင့်ဆိုသော် ရထားနှင့် ထုပ်ဆီးထိုးကြသူမှာ တဘူတာလုံးတွင် ကျွှန်ုပ်တို့ သုံးယောက်သာရှိပြီး ကျွှန်ုပ် တို့ဖြစ်အင်ကို စိတ်ဝင်တစား ကြည့်နေသော ရထားထဲမှ မျက်လုံးများကို တွေ့လိုက်ရသောကြောင့် ဖြစ်သည်။
ဂိတ်ဆုံးထိ စီးရမည်ဖြစ်သောကြောင့် ဘူတာမှားဆင်းမည်ကို  စိုးရိမ်စိတ်မရှိတော့ဘဲ စိတ်ချလက်ချ ငိုက်လာလေသည်။ ပင်ပန်းလွန်းသောကြောင့် မချက်ပြုတ်ချင် စားသောက်ဆိုင်တွင် သွားစားမည်ကို ကန့်ကွက်မှုမရှိ တညီတညွှတ်တည်း ထောက်ခံကြလေသည်။ ထိုနေ့က ဝန်ဆောင်မှုကောင်းသလို အစားအသောက်များလည်း တကယ်ကောင်းလေသည်။ မြန်မာပြည်တွင် စမူဆာကြိုက်သော ကျွှန်ုပ်သည် စတိတ်အိန္ဒိယစားသောက်ဆိုင်မှ စမူဆာများကို လုံးဝစားမဝင်။
ထိုနေ့က ပင်ပန်းလိုက်သည်မှာကား ဆိုဖွယ်မရှိတော့။ ကျွှန်ုပ်ကြောင့် ပင်ပန်းဒုက္ခရောက်သော်လည်း အပြစ်တင် စကားတခွန်းမှ မဆိုသော ကျွှန်ုပ်သူငယ်ချင်းများအား သနားမိလေသည်။ နောင် ဘယ်တော့မှ ကျွှန်ုပ်ကြောင့် ဒုက္ခမရောက်စေရ။
ဆည်းဆာချိန် အလှ
ဒီဇင်ဘာ ၂၄၊ ၂၀၁၂။ တနင်္လာနေ့။
အိုဟိုင်းရိုးပြည်နယ် စင်စင်နာတီမြို့ အိမ်ပါကင်းဝင်းတွင် ရပ်ထားရင်း ဝင်တိုက်ခံရသော ဆူနမ့်ကားကို ပြင်ဖို့ ၁ နာရီ အဝေးက  မေရီလန်းပြည်နယ် ဘာတီမိုးမြို့ကို မနက် ၈ နာရီ တွင် ခရီးစတင်လေသည်။ မြို့ထဲတွင် ကားမောင်းဖို့ ကြောက်လှသော ဆူနမ်တယောက် ဒီစီမြို့ထဲကို ဖြတ်ကျော်မောင်းနှင်ရလေသည်။ မနေ့က လမ်းကြောင်းကြည့်တုန်းက ဒီစီမြို့ထဲကို မဖြတ်ရပါဘူး..ဂျီပီအက်စ်များ မှားညွန်လေသလားဆိုပြီး ရာမားရဲ့ ဂျီပီအက်စ်ကို လမ်းညွှန်ခိုင်းတော့လည်း အတူတူ။ De Tour ရှိပုံရသည်။ ဒီစီပြည်နယ်၊ မေရီလန်းပြည်နယ်၊ ဗာဂျီးနီးယားပြည်နယ်များကို ပိုတိုမတ်မြစ်ဖြင့် ပိုင်းခြားထားသည်။ ပိုတိုမတ်မြစ်ကြောင့်ပင် ဒီစီသည် အအေးပိုသည်။ တိန်.တိန် မြည်နေလို့ ဘာတုန်းဟ ဆိုတော့ ရှေ့မှာ အရှိန်စောင့်ကြည့်တယ့် ကင်မရာရှိလို့ သတ်မှတ်မိုင်နှုန်းအတိုင်း မောင်းဖို့ ဂျီပီအက်စ်က တတိန်တိန်နဲ့ အသံပေးနေတာတယ့်။ တလမ်းလုံးလည်း တတိန်တိန်တွေ များသား။ ဒီပြည်နယ်တွေမှာ စောင့်ကြည့်ကင်မရာ များတာမို့ သက်မှတ်ထားတာထက် ပိုမောင်းလို့ကတော့ လာထား တစ်ကဒ်။
ဘာတီမိုးမြို့ဆိုရင် ဘယ်ရဲဝန်ထမ်းမှ တာဝန်မထမ်းဆောင်ချင်ပါ။ သူ့ကားပြင်နေချိန်မှာ သုံးဖို့ ကားတိုက်တယ့်သူရဲ့ အာမခံကုမ္ပဏီဆီက ကားတစီး ပေးပါတယ်။ ၂၀၁၃ တိုရိုတာ ဘလူးတုလည်း ပါတယ်။ တိုရိုတာရဲ့ ဝန်ဆောင်မှုကောင်းပုံကတော့ ဘယ်သူမှ လာမပေး၊ ၉ နာရီချိန်းထားတာ နောက်ကျလို့ အပြစ်တင်ချင်သေး။
နီပေါကနေ လူကြံကြုံပါးလိုက်သောပစ္စည်းယူဖို့ ရာမားအမျိုးရှိရာ မြို့ဆီ ချီတက်ကြပြန်သည်။ လက်အုပ်လေးချီကာ နမတ်စတေးဟု သူတို့နှုတ်ခွန်းဆက်သလို လိုက်လုပ်သည်။ ဟင်းခတ်အမွှေးအကြိုင်ထည့်သော နီပေါတီး တိုက်သောအခါ သူက ဂရင်းတီးပဲသောက်တာဆိုပြီး ငြင်းလေသည်။ အလ္လာဘသလ္ထာဘ စကားဆိုရင်း နင်တို့ဆီမှာ ဘာစားလဲ မေးတော့ ခေါက်ဆွဲလို့ ပြောလိုက်သည်နှင့် ခေါက်ဆွဲပြုတ် ကျွှေးတော့သည်။ မဆာလာမကြိုက်သော ကျွှန်ုပ်အတွက် မဆလာမထည့်။ မစားနိုင်သော်လည်း အိမ်ရှင်ကျေနပ်အောင် ကျွှန်ုပ်တို့သုံးယောက်သား ပြောင်အာင် တီးခဲ့လေသည်။
မနက်ဖြန် ခရစ်စမတ်ကို ဆင်နွှဲဖို့ ဝိုင်ဝယ်ရန် ဝေါမတ်ဆီ ရောက်ကာမှ ရာမားအိတ် ကျန်ခဲ့မှန်း သိလေသည်။ နှင်းတဖွဲဖွဲကနေ ထူထူထဲထဲ ကျလာသည်။ ၄၅ မိနစ်ဝေးသော ရာမားအဒေါ်အိမ် ချီတက်ကြပြန်သည်။ ကားမောင်းလိုင်စင်၊ အိမ်သော့ အားလုံးက အိတ်ထဲမှာ။ ဝေါမတ်တွင် ခရစ်စမတ်အကြိုနေ့မို့ စည်ကားလှသည်။ ဝိုင်ရှာဖွေသော်ငြား မတွေ့သောကြောင့် မေးကြည့်သောအခါ ဒီဝေါမတ်တွင် ဝိုင်မရောင်းပါ။ မေကြီး ဘယ်ရောက်နေလဲ ဆိုသော မြန်မာစကား ကြားလိုက်သည်။
ဆူနမ်တကောင် ဘာလို့ဒီလောက်ကြာအောင် ရိုက်နေတာပါလိမ်..
.ဒီမှာ မော်ဒယ်တွေ ချမ်းလို့ ဂစ်ဂစ် ဖြစ်နေပြီ..
ဒီဇင်ဘာ ၂၅၊ ၂၀၁၂ အင်္ဂါနေ့။
နှင်းဖြူဖြူလေးတွေ တဖွဲဖွဲ ကျနေသော ခရစ်မတ်နေ့လေးသည် ချစ်စရာကောင်းလှသည်။  လည်ပတ်စရာများက မြို့လယ်ကောင်တွင် ရှိပြီး  တနေရာနှင့် တနေရာ တပြသာသာ ဝေးကာ ခရီးသွားတွေအများကြီး၊ တစ်ကြိမ်လည်း ရောက်ဖူးပြီမို့ ကျွှန်ုပ်တစ်ယောက်တည်း တိုးရစ်မည်ကို ဆူနမ်တို့က ခွင့်ပြုလေသည်။ သို့သော် မမှောင်ခင် အိမ်အရောက်ပြန်ရမည်ဟု ဆိုသည်။ အိမ်နားမှ ဘတ်စ်ကားစီးပြီး ဘူတာရုံသွား၊ မြို့ထဲသွားလည်ဖို့ လမ်းကြောင်းသိသွားသော ကျွှန်ုပ်တစ်ယောက် ဂူဂယ်ရင်း ဘယ်နေရာကို လည်ပတ်လျှင် ကောင်းမလဲဟု ကြံစည်နေတော့သည်။
Happy Traveling!
စန်းထွန်း
ဇန်နဝါရီ ၆၊ ၂၀၁၃။
12 comments:
Anonymous said...
မမအိုင်အိုရာ
rose of sharon said...
Mon Petit Avatar said...
ညိမ်းနိုင် said...
Aunty Tint said...
မေတ္တာဖြင့်
အန်တီတင့်
မနာလိုလိုက်တာနော်။
ခြေထောက်လဲသွက်
နေလဲထွက်ပြီ
Anonymous said...
တိမ်ပြာ(မနောမြေ)
လင်းခေတ်ဒီနို said...
khin said...
Oh!
ဟန်ကြည် said...
San San Htun said...
Anonymous said...
ခရီးသွားတဲ့အခါပင်ပန်းတာကိုတောင့်ခံပြီးသွားလို့ရသလောက်သွားသာသွားစန်းထွန်းရေ။ (လဲတော့မကျသွားစေနဲ့ပေ့ါ း))))တခါတခါပြန်ရောက်ဖို့လွယ်တာဟုတ်ဘူး။)
ကိုယ် လွန်ခဲ့တဲ့ရှစ်နှစ်လောက်က ဆီယက်တလ်သွားတုန်းကလည်း ညကြီးလမ်းပျောက်နေလို့ဘေးကိုရောက်လာတဲ့ဘတ်စ်ကားကိုဝမ်းသာအားရလမ်းမေးတော့ဒရိုင်ဘာကအမျိုးသမီးဘဲ။ တက်တက်တဲ့။ ပိုက်ဆံလည်းမပေးနဲ့တဲ့။ ဟိုတယ်ကိုရောက်မဲ့လမ်းထိပ်ကျတော့ရပ်ပေးပြီးလမ်းထပ်ညွှန်ပေးသွားတယ်။
ဒီစီမှာတော့အချိန်မရလို့ကားနဲ့ချည့်လည်လိုက်ရတယ်။ နဲနဲဘဲလျှောက်လိုက်ရတယ်။
စန်းထွန်းစာတွေဖတ်ချင်နေတာ။ မြန်မြန်တင်နော်။
မမအိုင်အိုရာ
January 6, 2013 at 4:25 PM
rose of sharon said...
တခါမှမရောက်ဖူးသေးဘူး...သွားချင်နေတဲ့နိုင်ငံထဲမှာတခုအပါအဝင်ပေါ့... ဓာတ်ပုံလေးတွေကောင်းတယ်... ကြည့်ရင်း အရမ်းသွားချင်စိတ်တွေပေါ်လာတယ်... ချမ်းနေတဲ့မော်ဒယ်လေးတွေကချစ်စရာကွယ်...
January 6, 2013 at 10:06 PM
Mon Petit Avatar said...
Such a wonderful post about your travel sis, thank you for this!!!
January 6, 2013 at 11:10 PM
ညိမ်းနိုင် said...
ဝူးးးးးးးးးးးး ဝါရှင်တန်တစ်ခွင်ကို စန်းထွန်းရဲ့ ခြေရာနောက်
တစ်ကောက်ကောက် လိုက်,လိုက်တာ.....မောထှာဗျာ... :)))
January 7, 2013 at 3:37 AM
Aunty Tint said...
ခရီးအတော်ဆန့်နိုင်တဲ့ စန်းစန်းပါလား အားကျစရာကောင်းသလို ဗဟုသုတတွေလည်း အများကြီးဝေမျှပေးတဲ့အတွက် ကျေးဇူးတင်တယ်နော်။ အရေးအသားနဲ့ ရိုက်ချက်တွေက ကိုယ်တိုင်သွားနေတဲ့ခရီးတစ်ခုလို ပီပြင်ပါပေတယ်။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
မေတ္တာဖြင့်
အန်တီတင့်
January 7, 2013 at 5:14 AM
သူကြီးမင်း (တုံးဖလား) said...
မနာလိုလိုက်တာနော်။
အဲဒီနေရာကြီးတွေ ရောက်ဖူးချင်ပါတယ်ဆိုနေမှ။ စာထဲ ပုံတွေထဲ ခဏခဏ မြင်ရပေမဲ့လဲ ကိုယ်တိုင် ရောက်သွားသလိုမျိုးတော့ ဘယ်ဟန်ကျမတုန်း။
ခြေထောက်လဲသွက်
နေလဲထွက်ပြီ
ငါတို့.. ခရီးဆက်ကြပါစို့။ း)
January 7, 2013 at 12:22 PM
Anonymous said...
အရင်အပတ်ကပဲ louisville ကိုရောက်ခဲ့သေးတယ်၊၊ စိတ်ထဲမှာတော့ ဒါ စန်းထွန်းရဲ့ မြို့များလားပေါ့၊၊ Kentucky မှာနေတာပဲ သိတာကိုး..ပုံတွေကြည့်ပြီး စိတ်ကူးနဲ့ ဒီစီကို သွားလည်လိုက်ပြီနော် :)
တိမ်ပြာ(မနောမြေ)
January 7, 2013 at 10:18 PM
. . လင်းခေတ်ဒီနို . . said...
ဒီစီကတော့ နေချင့်စဖွယ် သန့်ရှင်း နေတဲ့ မြို့လေးပါ ။ နယူးယောက်နဲ့ ကွာပါ့ဗျာ ။
January 8, 2013 at 2:06 PM
Angelhlaing(May everybody be happy and healthy! said...
မနာလိုချင်စရာ ကောင်းလိုက်တာ စန်းထွန်းရာ...:P
January 9, 2013 at 2:03 PM
khin said...
Oh!
Let me know next time, I'll be your host in DC...just e-mail me.
January 9, 2013 at 9:51 PM
ဟန်ကြည် said...
ဟိုဟာမစား သည်ဟာမကြိုက်နဲ့ စန်းထွန်းကတော့ သည်တစ်သက် ဝမယ့်ကိန်းမမြင်ပေါင်...ဦးဟန်ကြည်ကတော့ Anthony Bourdain ရဲ့ No reservation ကို ထိုင်ကြည့်ရင်းနဲ့ သူ့ကို အားကျလိုက်တာမှ လွန်ရော...ဟိုပုဂ္ဂိုလ်ကြီးက တွေ့ကရာအကုန် ပါးစပ်ထဲ ထိုးထည့်ပစ်တာရယ် း)
January 27, 2013 at 3:34 AM