ဘော့စတွန်သွား ‌တောလား - ၄
ဇူလှိုင် ၃ ၊ ၂၀၁၂။ အင်္ဂါနေ့။
မနေ့က  ဟားဗတ်နဲ့ အမ်အိုင်တီတခွင် အလည်ကောင်းတဲ့ အကျိုးတွေ ဒီနေ့တော့ ရေရေလည်လည် ခံနေရပါပြီ။ Duck Tour စီးချင်တာလို့ ထပ်တောင်းဆိုတော့ ဘော့စတွန်မြို့တော်ကြီးဆီကို ၁ နာရီခွဲလောက် သွားရမှာ၊ ကိုယ်လက်တွေ ညောင်းညာနေလို့ နီးနီးနားနား ပင်လယ်ကိုပဲ သွားရအောင်နော်။ ပင်ပန်းနွမ်းနယ်နေတဲ့ ရုပ်ကလေး၊ လေသံပျော့လေးနဲ့ ဆူနမ်က ပယ်ချလိုက်ပါတယ်။ ကိုယ်က သွားချင်ပေမဲ့ သူက လိုက်ပို့ပေးမှ ရောက်မှာကိုး။ ကိုယ်တိုင်ကလည်း ဟိုသွားဒီသွားချင်တဲ့ စိတ်သာရှိသာ ဖလက်ပြနေပြီ။
ပင်လယ်ဆီတောင် မရောက်လိုက်ပါဘူး။ နှစ်ကောင်သား တညီတညွှတ်တည်း ရေကန်ဘေးထိုင် ပန်လန်လက်ပြီး ပင်လယ်ကြီးကို ငေးကြတော့တာဗျား။ ဆူနမ်က ထုံးစံအတိုင်း သူ့Gurung မျိုးနွယ်ကို မကြိုက်တဲ့အကြောင်း ဓာတ်ပြားဖွင့်ပါတော့တယ်။ သူတို့မိသားစု အိန္ဒိယမှာ နေတုန်းက သူ့မိဘတွေက ခေတ်မှီပွင့်လင်းပါတယ်။ နီပေါလည်း ပြန်ရောက်ရော သူတို့ဓလေ့ထုံးစံအတိုင်း ပြန်ဖြစ်သွားရော။
နီပေါ၊ အိန္ဒိယမှာက ဇာတ်ခွဲခြားမှု ပြင်းထန်ပါတယ်။ မျိုးနွယ်စု မတူတဲ့သူတွေနဲ့ ယူတယ်လို့ကြားတိုင်း မျိုးနွယ်စုတူတာကို ယူဖို့ ဆူနမ့်ဘာဘာ(အဖေ)က  ဓာတ်ပြားဖွင့်လေတိုင်း  သူ့ကို မယုံဘူးဆိုပြီး ဆူနမ်က ဒေါသပုန်ထ။ ဆူနမ့်ဘာဘာက ဆူနမ့်ကို ယုံကြည်ပေမဲ့ တခုခုဖြစ်သွားမှာကို စိုးရိမ်နေတာပါ။ ဖေ၊ မေ၊ မကြီးကလည်း တကောင်ကြွက်ဖြစ်နေတဲ့ စန်းထွန်းကို စိတ်အမြဲပူနေကြတာ။ စင်္ကာပူလောက် လုံခြုံမှုမရှိတဲ့ စတိတ်မှာ သူငယ်ချင်း၊ မိဘဆွေမျိုး၊ ကိုယ့်လူမျိုးမရှိတဲ့ အရပ်ဒေသမှာ တယောက်တည်း ရပ်တည်ရတဲ့ ဘဝက ခက်ခဲပင်ပန်းတယ်။
ရေကန်စိမ်းလဲ့လဲ့မှာ  ကူးခတ်နေတဲ့ စင်ရော်ငှက်ကလေးတွေရယ်၊ အဆုံးမရှိတဲ့ ပင်လယ်ပြာပြာကြီးရယ်၊ ပင်လယ်နဲ့ ရေကန်ကို ခြားနားပေးထားတဲ့ သစ်တောအုပ်လေးရယ်၊ ဆိုးတူကောင်းဖက် သူငယ်ချင်းတွေရယ်။ လုံခြုံစိတ်ချမှုမရှိတဲ့ နေ့ရက်တွေ၊ မောပန်းလွန်းတဲ့ နေ့ရက်တွေ၊ အထီးကျန်တဲ့ နေ့ရက်တွေ၊ ဓားမတုံးစေဖို့ သွေးနေရတဲ့ နေ့ရက်တွေကို ခဏမေ့ထားလို့။
ဂင်္ဂါက မွေးနေ့ကိတ်မုန့်မှာထားပြီးပြီလို့ ရာမားပြောလို့ နှပ်နေကြတာ ဂင်္ဂါကို မေးကြည့်တော့မှ မမှာပါဘူးတဲ့။ မွေးနေ့ကိတ် မလှီးချင်တဲ့ ရာမားအကြံတွေကို ရာမားထက် လည်တဲ့ ဆူနမ် မိသွားပြီ။ မွေးနေ့ကိတ် ဝင်ယူ၊ မွေးနေ့ကိတ်ကို အလှဆင်ဖို့ ဘောလုံးတွေ၊ ဖယောင်းတိုင်တွေ ဝယ်။ အုပ်စုထဲမှာ အသေးဆုံး ရာမားတောင် ဘောလုံး၃လုံး ရအောင် မှုတ်နိုင်တယ်။ အဖြစ်မရှိတဲ့ စန်းထွန်းကတော့ တလုံးမှ မမှုတ်နှိုင်။ ကြိုးစားပန်းစား မှုတ်ပေမဲ့ လက်သီးဆုပ်သာသာ ဘောလုံးကို ကြည့်ပြီး သူတို့ မှုတ်ပြီးသား ဘောလုံးတွေကို နံရံမှာ ချိတ်ခိုင်းတဲ့ တာဝန်ကြီး ပေးလိုက်တယ်။
ညနေစောင်းမှာ Independence Day Parade ကို သွားမော့ကြတယ်။ အိမ်ရှေ့ခုံချပြီး လူအကုန်ထွက်ကာ အားပေးကြတာပါ။ ရဲကားသုံးစီးလောက်က တဝီဝီ၊ မီးသတ်ကားတွေ တပွမ်ပွမ် ဥသြဆွဲပြီး ရှေ့ဆုံးက ချီတက်ပါတယ်။ နောက်မှာ သစ်တောဌာနက ကား၊ စစ်တွင်းခေတ်က ကား၊ ယူနီဖောင်းဝတ်တွေ ချီတက်တာကို လက်ခုပ်သံ တဖြောင်းဖြောင်းနဲ့ ကြိုဆိုကြပါတယ်။ ကားတွေပေါ်ကလည်း သကြားလုံးတွေ၊ ဆွဲကြိုးတွေ၊ တီရှပ်တွေ၊ ကူပွန်တွေ ကြဲပါတယ်။ တို့များ အလှုပွဲတွေမှာ သကြားလုံးတွေ၊ ပိုက်ဆံတွေ ကြဲသလိုပေါ့။
ဒီလောက်လှတဲ့ မွေးနေ့ကိတ်ကိုတော့ တခြားဘယ်မှာမှ မြင်ဖူးမယ် မထင်။ မိုက်တီး.. အဲ ဆူနမ့်ရဲ့ ရိုက်ချက်။
လွတ်လပ်ရေးနေ့ည  ၉နာရီခွဲ မှာ မြို့ကြီးတွေသာမက  မြို့သေးသေးလေးပါမကျန် တနိုင်ငံလုံး မီးရှုးမီးပန်း ဖောက်ပါတယ်။ မကြီးက အဲဒါ ငါတို့ပေးထားတဲ့အခွန်တွေနဲ့ မီးပန်းဖောက်နေတာလို့ဆိုပေမဲ့လည်း အဲဒါကို သွားမော့ရတာပါပဲ။ ကားလမ်းတွေ ရှင်းသွားတဲ့ ည ၁၀ နာရီလောက်မှ  ဘော့စတွန်ဆီ ရာမာ မွေးနေ့ဝါးတီးဖို့ ချီတက်ကြပါတယ်။ နှပ်နေတဲ့ စန်းထွန်းကို မျက်လုံးအတင်းဖွင့်ခိုင်းပြီး  ဘော့စတွန်ညအလှကို ရှုစားခိုင်းတယ်။ နီယွန်မီးရောင်တွေနဲ့ ဘော့စတွန်မြို့က ပြိုးပျက်လှပနေတယ်။
North Station နားက Zakim ကြိုးတံတားကြီးက မီးစလိုက်တွေနဲ့ လှပလို့။ ဟားဗတ်ကို သွားတုန်းက ရထားနဲ့ ကားသွားနိုင်တဲ့ Longfellow တံတားကြီးကတော့ ခန့်ညားတယ်။
Zakim Bridge
Longfellow Bridge
မြို့လယ်ကောင်မှာ စိတ်ညစ်ဖို့ အကောင်းဆုံးက ကားပါကင်နေရာကို ရှာရတာရယ်၊ တလမ်းမောင်းလမ်းတွေမို့ ဂျီပီအက်စ်က ညာကွေ့လို့ အော်ရင် ကွေ့ရမဲ့နေရာ မရောက်ခင် ကွေ့ထည့်လို က်လို့ နာရီဝက်ဆိုရင် မိနစ်၅၀ လောက် မောင်းရတယ်။ ကံကောင်းထောက်မစွာ တွေ့တဲ့ တနေရာလေးကို ဆူနမ် ပါကင်ထိုးတာ အဆင်မပြေလို့ အင်ဒိုနီးရှားမလေး နေတီက နှစ်ကြိမ် ဝင်ထိုးရတယ်။ နောက်က ကားတွေက ဟွန်းမတီးတာဘဲ အံ့သြစရာ။ စတိတ်မှာက ဟွန်းသိပ်ကြိုက်ကြသကိုး။
ကျောင်းမှာတုန်းက မိုင်းဖန်နဲ့ ကားမောင်းလေ့ကျင့်ရင်း လေပေးဖြောင့်ကြတာ မီးပွိုင့်မှာ မီးစိမ်းတာ မမြင်လိုက်လို့ ဟွန်းတီးခံရတာ တနေ့တည်း လေးကြိမ်။ ၃ လမ်းမောင်းဆိုရင် ညာဖက်အကျဆုံးက အနှေးလိမ်း၊ ဘယ်ဖက်အကျဆုံးက အမြန်လိမ်း။ တနာရီ ၆၅ မိုင် ဆိုရင် အလယ်လိမ်းက ၇၀၊ အမြန်လိမ်းက ၇၅၊ ၈၀။ အမြန်လိမ်းမှာနေပြီး နှေးနှေးမောင်းလို့ကတော့ လာထား ဟွန်း။ ပွတ်ကာသီကာလေး ဖြတ်ကာ ရှေ့မှာ ခပ်တည်တည် ဝင်ယူလိုက်ရင် လာထား ဟွန်း။ မိန်းလမ်းမက ကားတွေကို အကြာကြီး စောင့်ရင် လာထား ဟွန်း။ ဒီနေ့တော့ ဟွန်းဒေးပဲလို့ ပြောလိုက်မိတာ ဟွားနဲ့ မိုင်းဖန် ဗီယက်နမ်နှစ်ကောင် မပြုံးဘဲ ဝါးလုံးကွဲ ရယ်လိုက်ကြတာ။ ဟွန်း ဆိုတာ ဗီယက်နမ်လို ကစ်စ် အနမ်းလို့ အဓိပ္ပာယ်ရပါသတဲ့။ ဒီနေ့တော့ ဟွန်းဒေးဆိုတော့ အေး.. ကစ်စ်ဒေးပေါ့ဟာတဲ့။
စားသောက်ပြီး ပြန်တော့ မနက်၂နာရီ တီးနေပြီ။ စန်းထွန်းနဲ့ ရာမားကတော့ ကားပေါ်မှာ စက်တော်ခေါ်နေပြီ။ မနက်ငါးနာရီမှာ ဆူနမ့်ကို နိုး၊ အိမ်တံခါးဖွင့်တော့ တက္ကစီက ရောက်နင့်နေပြီ။ အမေရိကန်တွေက အချိန်တိကျတယ်။ အချိန်နောက်ကျမှ ရောက်တာဟာ ချိန်းဆိုထားသူကို မလေးစားရာ ရောက်ပါတယ်တဲ့။ ရာမားနဲ့ နေတီ့ကိုတောင် မနှုတ်ဆက်ခဲ့ရ။
လေဆိပ်ရောက်တော့ စက်မှာ ကိုယ့်ဘာသာ ချက်ကင်း ဝင်ရတယ်။ ဘော့စတွန်ကနေ ချီကာဂိုကို မနက် ၇ ၁၅ မှာ ထွက်ပါတယ်။ ချီကာဂိုရောက်တော့ ၉ နာရီ ခွဲနေပြီ။ လေယာဉ်က ၁၀ ၁၅ ထွက်မှာ။ အသည်းအသန် အူယားဖားရား ပြေးကာ ဘုတ်ဒင်းပတ်စ်ပေါ်က ဂိတ် စီ ၂၅ ကို သွားမေးတော့ စီ ၂၈ ပါတဲ့။ မမအိုင်အိုရာ ပြောတာ မှန်ပါတယ် ခင်ည။ ဘုတ်ဒင်းပတ်စ်နဲ့ မစစ်နဲ့။ Screen ပေါ်ကဟာနဲ့စစ်တဲ့။
၁၀ နာရီတောင် ထိုးတော့တယ်။ ဂိတ်မှာလည်း လူးဝစ်ဗီဆိုတာသာ ပေါ်နေပြီး တုပ်တုပ်မှ မလှုပ်။ လေယာဉ်များ နောက်ကျနေတာလား။ ဘုတ်အကြီးကြီးမှာ သွားကြည့်တော့လည်း ၁၀ ၁၅ Confirmed။ တခြားဂိတ်တွေမှာ သွားကြည့်တော့လည်း လူးဝစ်ဗီဆိုလို့ ဒီဘုတ်တခုတည်း။ ဘီလိုလုပ်ရမှာပါလိမ့်။
ကယောက်ကယက်ဖြစ်နေတဲ့စိတ်တွေ ငြိမ်အောင် မျက်မှန်လေးထုတ်ကာ ဆရာတော် ဦးဇောတိကရဲ့ လွတ်လပ်သောစိတ် စာအုပ်ထုတ်ဖတ်။ ဘုတ်ကို ကြည့်လိုက်တော့မှ လား..လား ..။ Central Time Zone မှာ ရှိတဲ့ ချီကာဂိုက Eastern Time Zone မှာ ရှိတဲ့ ဘော့စတွန်ထက် ၁ နာရီ နောက်ကျတာကို သတိမထားမိတဲ့ စန်းထွန်းတယောက် နောက်ကျနေပြီဆိုပြီး ပျာယာခတ်နေတာ။ ဖုန်းကို ထုတ်ကြည့်လိုက်တော့ ၉ ၁၅။ ဖုန်းက ဒေသစံတော်ချိန်ကိုလိုက်ပြီး အချိန်ပြောင်းပေးတာကို မသိတဲ့ စန်းထွန်း။ ဘုတ်ပေါ်က အချိန်ကို မျက်မှန်မတပ်လို့ မမြင်တဲ့ စန်းထွန်း။ အဲဒီတော့မှ စိတ်အေးလက်အေး စာဖတ်နိုင်တော့တယ်။
၉ ၅၀ မှာ ဂိတ်ဖွင့်ပါပြီ။ ချီကာဂိုကနေ ၁ နာရီစီးပြီးတော့ လေယာဉ်မယ်လေးက
Happy 4th. Welcome to Louisville
လို့နှုတ်ခွန်းဆက်ပါတယ်။
လေဆိပ်ကထွက်လို့ ကားပါကင်ဝင်းကြီးကို တွေ့ပေမဲ့ ဘယ်လိုသွားရမှန်း မသိ။ ဂိတ်ကို သွားမေးတော့ ကားပါကင်ကို သွားချင်ရင် အပြာရောင် ပါကင်းလော့ဆိုတဲ့ နေရာမှာ စောင့်နေ။ ပါကင်းဝင်းက Shuttle က လာခေါ်လိမ့်မယ်တဲ့။ သိပ်မကြာပါဘူး ကားလေးရောက်လာတော့ ကားကို ဘာနေရာမှာ ပါကင်းထားလဲ။ ဂျီ ။ ဘာကားအမျိုးအစား ဘာအရောင်လဲ။ ဗောက်ဝါဂွန် ခဲရောင်။ ကားနားမှာ ရပ်ပေးပါတယ်။ စက္ကူဘူးခွံမှာ ပိုက်ဆံတွေတွေ့တော့ ဒါတစ်ပ်ပေးထားတာနေမှာ။ ပေးဖို့ရှာတော့ အနုတ်သေးမရှိတော့ ဆောရီးလိုက်ရတယ်။ အထွက်ကို အသေအချာ ညွှန်လိုက်သေးတယ်။
လွန်ခဲ့သောဆယ်နှစ်တုန်းက အမေရိကန်တွေရဲ့ အိမ်မက်ကား..
အိမ်ရှင်က ပြောတယ် အသားတွေ မည်းသွားတယ်တဲ့။ အမြဲတမ်းဝန်ထမ်းဖြစ်တဲ့ ဆူနမ်က ခွင့်၄ရက်ယူပြီး တနင်္ဂနွေမှ ပြန်လာမှာပါ။ စန်းထွန်းမရှိတဲ့ စနေနေ့မှ သင်္ဘောသွားစီးကြမယ်တဲ့။ ကွန်ထရက်သမားလေး စန်းထွန်းခမျာ ခွင့်၂ရက်သာ ယူနိုင်ရှာလေသည်။ Delayမ သွားရာ Delay တတ်တဲ့ Delayမလေး ဆူနမ်တကောင် အပြန်ခရီးစဉ် Delay မဖြစ်စေဖို့ ဆုတောင်းရလေသည်။
ရုံးတက်ပြီး တစ်ရက်အကြာ ကားရှေ့မှန်မှာ စာတစောင် လာတင်ထားလေသည်။ ရည်းစားစာတော့ မဟုတ်။ သင့်ကား၏ ညာဖက်ထောင့်တွင် ရှိသော ကျွန်ုပ်ကားအရောင်နှင့် ကျွန်ုပ်ကားတွင် ရှိသော သင့်ကားအရောင်၊ သင့်ကား၏ အရာအတိုင်း ကျွန်ုပ်ကားတွင် ရှိသည်။ အဆိုပါ အချက်များကြောင့် သင်သည် ကျွနု်ပ်ကားကို ဝင်ဆောင့်သွားသည်။ ဆက်သွယ်ရန်ဖုန်း .... ။ ဂျရတ်ကို မေးတော့ ကန်တက်ကို တွေ့ဖို့လိုက်ပို့ပေးတယ်။ စန်းထွန်း၏ မျက်နှာချင်းဆိုင် ၂ နေရာမြောက်က ကန်တက်ရဲ့ အလုပ်နေရာ။ တွေ့တိုင်း ရယ်ပြနှုတ်ဆက်တတ်တဲ့ ရုံးနီးနားချင်း အမေရိကန်မလေး။
အဲဒီကား ဘာကားလဲလို့ မှန်အောင် ဖြေနိုင်သူကို တဆင့်တိတိ ဆုချပါ့မယ် ခင်ညာ..
ကားတိုက်ပြီး ဘာမှအသိမပေးဘဲ ထွက်သွားတာ ပြစ်မှုမြောက်တယ်။ တိုက်မိလို့ လူမရှိရင် ဆက်သွယ်ရမဲ့ ဖုန်းနံပါတ်တွေ ရေးပြီး စာကပ်ထားခဲ့လို့ ပီတာက ပြောတယ်။ အိမ်ရှင်က ၃၀၀ လောက်ဆိုရင် အာမခံ မသုံးနဲ့။ ကိုယ့်ဘာသာ ပေးလိုက်။ အာမခံသုံးရင် လစဉ်အာမခံကြေးတွေ တက်လိမ့်မယ်။ ဆူနမ့်အာမခံက ၆ လကို ၃၅၀။ ငါ အာမခံရှာတာ ၆၀၀ ကနေ ၉၀၀ ပဲတွေ့တယ်။ ၃၅၀ ဆိုတာ မတွေ့ဘူး ဆိုတော့ မိုင်းဖန်နဲ့ ဆူနမ် နှစ်ကောင်  Team Viewer သုံးပြီး စန်းထွန်း ကွန်ပြူတာကနေ ဝင်နှောက်ရှာဖွေပြီး စန်းထွန်းပြောတာ အမှန်မှန်း သိသွားကြတယ်။ ကန်တက်ကီပြည်နယ်ရဲ့ အကြီးဆုံးမြို့ လူးဝစ်ဗီက ဈေးကိုကြီးတာပါ။
ခန့်မှန်းတွက်ချက်ငွေ ၆၀၀ ကနေ ၁၃၀၀ ကြားကျမယ်ဆိုတော့ စန်းထွန်းတယောက် ဂစ်သွားရှာသည်။ တိုယိုတာ နောက်ဆုံးပေါ် ဈေးကြီးတဲ့ကားကိုမှ သွားတိုက်မိလေခြင်း။ အဲဒီကတည်းကစလို့ နောင်များ ကားလန်းလန်းတွေ တွေ့တိုင်း လိုချင်လိုက်တာလို့ မတွေးဘဲ ဝှောင်ဝှောင်ရှေးရမယ့်ဟာလေးတွေလို့ တွေးတယ်။ သူများတကာတွေ ရုံးနဲ့နီးနိုင်သမျှ နီးအောင် ပါကင်းဖို့ ကြိုးစားနေချိန်မှာ စန်းထွန်းတယောက်ကတော့ဖြင့် ဟိုးအဝေး ...အဝေးဆုံးမှာ တစီးတည်း ထီးထီးကြီး ပါကင်းနိုင်ဖို့ ကြိုးစားနေပါကြောင်း။
ဘော့စတွန်တောလား ဤတွင် ပြီး၏။
စန်းထွန်း
သြဂုတ်  ၁၊ ၂၀၁၂။
10 comments:
Anonymous said...
ဖတ်ရတာစုံနေတာဘဲ။
အိုင်အိုရာ
blackroze said...
အထွန်း
အထွန်း
mstint said...
မေတ္တာဖြင့်
အန်တီတင့်
စံပယ်ချို said...
ချစ်တဲ့ jasmine
အာဘွားးးးးးးးးးးး
မီးမီးငယျ said...
စန်းထွန်းလေးရေ...
:D
Anonymous said...
သူတို့နိုင်ငံတွေ
ဘာလို့
အဲ့လောက်တောင်
သန့်ပြန့်နေရတာလဲ
သိချင်နေတာ
အံ့သြစရား))
AH said...
SML (The Chara Project) said...
San San Htun said...
Anonymous said...
ဖတ်ရတာစုံနေတာဘဲ။
တိုင်းဇုန် တွေခြားတာကြောင့် အရင်တုန်းက ဆဲလ်ဖုန်းမကိုင်ပဲသွားလည်ခဲ့တုန်းက တစ်ချိန်လုံးနာရီတိုက်ရတယ်လေ။ း)
တိုက်ဆိုင်မှုလေးကြောင့်မမကိုသတိရသွားရတာဝမ်းသာပါတယ်။
အိုင်အိုရာ
August 2, 2012 at 1:26 AM
blackroze said...
အထွန်း
တယောက်တည်းဖြစ်နေတယ်ဆိုပေမဲ့
စိတ်ဓါတ်မကျပါနဲ့အထွန်း..
ကိုယ့်လိုလူတွေအများကြီးပါ
ကိုယ့်လိုဘဲတယောက်တည်းရုန်းကန်လှုပ်ရှား
နေတဲ့သူတွေအများကြီးရှိပါတယ
အထွန်း
အခုနေခါရင်ဆိုင်ရတာတွေဟာ
တချိန်မှာအမှတ်တရတွေ ဖြစ်သွားမှာအထွန်း
August 2, 2012 at 3:43 AM
mstint said...
အတော်ခရီးသွားနိုင်တဲ့ စန်းစန်းကို ကျေးဇူးတင်နေတယ် ဗဟုသုတအစုံရလို့လေ း)။ ကိုယ်တိုင်အလည်သွားရသလို ဖတ်လို့ကောင်းတယ်။ ပန်းပွင့်လေးနဲ့အသီးလေးတွေက အစပုံတွေအားလုံး သဘောကျတယ် း)
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
မေတ္တာဖြင့်
အန်တီတင့်
August 2, 2012 at 4:52 AM
စံပယ်ချို said...
ပုံလေးတွေကြည့်လိုက် စာလေးဖတ်လိုက်
ပန်းလေးတွေပါအဆစ်ပါသေးရဲ့
စန်းထွန်းဆီလာပြီးဗဟုသုတတွေသယ်ဆောင်သွားပါတယ်
ချစ်တဲ့ jasmine
အာဘွားးးးးးးးးးးး
August 2, 2012 at 6:50 AM
မီးမီးငယ် said...
စန်းထွန်းလေးရေ...
စုံစိနဖာခရီးလေးပါဘဲကွယ်..။
နောက်ထပ်ထပ်လာရင် ဝင်ခဲ့နော်..။
အားလုံးကရုန်းကန်လှုပ်ရှားရတာပါဘဲဟယ်။
စန်းထွန်းလိုအများကြီး မမီးအပါအဝင်နော်..။
:D
August 2, 2012 at 7:26 AM
Anonymous said...
သူတို့နိုင်ငံတွေ
ဘာလို့
အဲ့လောက်တောင်
သန့်ပြန့်နေရတာလဲ
သိချင်နေတာ
အံ့သြစရာ း))
August 2, 2012 at 9:38 AM
AH said...
ကားကတော့ ကားဒီလက် ကားကြီး.. မီးခွက်ကြည့်ရတာတော့ ၁၉၈၅ နောက်ပိုင်း၊ Sedan de Ville ထဲကဖြစ်လောက်မယ်... အဲ.. နှာယောင်ကြီး ရှေ့ကို ချွန်ထွက်လာတော့ ၁၉၉၃ နောက်ပိုင်းလောက် ထင်တာပဲ.. မှန်ရင်တော့ တစ်ဆင့်တိတိ ဆုပေးပါ :P
August 2, 2012 at 10:52 AM
တိမ်ပြာ(မနောမြေ) said...
GPS ပညာပြတာ ခံရတာတော့ တူတယ်နော် ဟီးဟီး၊၊ ကျွန်တော်လည်း အရင်အပတ်ကပဲ သူများကားကို ပါကင်ထိုးရင်းပွတ်မိတယ်၊၊ အေးအေးဆေးဆေးပြီးသွားပါတယ် :)
August 2, 2012 at 4:50 PM
Angelhlaing(May everybody be happy and healthy! said...
မနာလိုချင်စရာကောင်းထှာ...သွားနေရောပဲ...သူများတောင်ခေါ်ဘူး..:P:P ကားမောင်းတက်ဖို့ထက် ပါကင်ကောင်းကောင်းထိုးတက်ဖို့ အများကြိး လေ့ကျင့်ရမယ်တဲ့ စန်းထွန်း... ခုထိတော့ ကောင်းကောင်းမထိုးတက်သေးဘူး :D
August 7, 2012 at 3:09 AM