Duck Tour စီးမလား၊ ဟားဗတ်သွားမလား။
ဟားဗတ်..
ဟားဗတ်မှာ ရုပ်ထုတခုပဲ ရှိတာနော်..ပြီးမှ ဟားဗတ်မှာ ဘာမှလည်း မရှိဘူးလို့ မပြောနဲ့..Duck Tour မစီးမိတာ မှားလေခြင်းလို့ နောင်တမရနဲ့..Duck Tour လား၊ ဟားဗတ်လား..
ဟားဗတ်
Love Story In Harvard ကိုရီးယားရုပ်ရှင်ကြည့်ပြီးကတည်းက ဟားဗတ်ရူး ရူးနေတဲ့ စန်းထွန်းကို လိုက်ပို့ဖို့ လမ်းကြောင်းတွေ ရွေးရပြီ။ အလုပ်လည်းတူ၊ တအိမ်တည်းအတူနေတဲ့ အင်ဒိုမလေး နေတီနဲ့ ကားကြုံလိုက်ပြီး ရုံးသွားမယ် သူ့ကား ယူသွားလို့ ရာမားက ပြောပေမဲ့ ကားပါကင်နေရာကို လှည့်ပတ်ပြီး ရှာရတာ စိတ်ကုန်တယ်။ (အမှန်က သူ့ Parallel Parking ကို သူ့ကိုယ်တိုင်က မယုံတာ..မသိရင် ခက်မယ် :D ) စန်းစန်း ရထားနဲ့ သွားမယ် ဘယ်လိုလဲ။ စတိတ်မှာ ရထားမစီးဖူးသေးဘူးဟ။ စီးဖူးတယ်ရှိအောင် စီးမယ်။
မနက်အစောကြီး မထနိုင်တာနဲ့ နေ့လည် ၁၁ ၄၅ ရထားကို ရွေးလိုက်ကြတယ်။ ရထားက မြန်မာပြည်က ရထားလိုမျိုး။ ကိုယ်ရပ်နေတဲ့နေရာနားက အတွဲတွေက တံခါးမဖွင့်လို့ ဖွင့်တဲ့အတွဲကို ပြေးလိုက်ရသေးတယ်။ မီးရထားဝန်ထမ်းက စောင့်ပေးရှာပါတယ်။ ရထားလက်မှတ်ကို ဘူတာရုံက စက်မှာ ဝယ်လို့ရပေမဲ့ ဆူနမ်က သူမသိလို့ ရထားပေါ်မှာပဲ လတ်မှတ်စစ်ဆီက ဝယ်ပါတယ်။ ကဒ်နဲ့ပေးတိုင်း အဆင်မပြေလို့ ငွေသားနဲ့ပဲ လတ်မှတ်ဝယ်ပါတယ်။ အသွားအပြန် တယောက် ၄၀ ကျော် ကျတယ်။ ဆူနမ်က ရထားခ ဈေးတက်သွားတယ်တဲ့။ ကုန်ဈေးနူန်းဆိုတာ ဘယ်တုန်းက ဈေးကျဖူးလို့တုန်းအေ။
၁နာရီလောက် မီးရထားကြီး ဂျုံးဂျုံးဂျက်ဂျက် စီးပြီးတော့ North Station ဘူတာကို ရောက်ပါတယ်။ ဟားဗတ်ဆိုတာသာသိပြီး ဘယ်အရောင်လိုင်း၊ ဘယ်ဘူတာဆိုတာ မသိလို့ ဘူတာရုံဝန်ထမ်းကို မေးရသေးတယ်။ အစိမ်းရောင်လိုင်းကနေ အနီရောင်လိုင်းကိုပြောင်း၊ ဟားဗတ်ဘူတာမှာ ဆင်းပါတဲ့။ ရထားလိုင်းတွေ ပြောင်းတိုင်း လတ်မှတ်ဝယ်ရမှာ။ One Day Pass ဝယ်ရင် ကြိုက်သလောက်စီး အဲ.. ဈေးတော့နည်းနည်းကြီးတယ်။ စက်မှာ လတ်မှတ်ဝယ်တာ ဘူတာရုံဝန်ထမ်းတွေက ကူညီပေးလို့ အဆင်ပြေသွားပါတယ်။ Map ကလေးကိုင်ကာ မီးရထားခရီးစဉ်တွေ ဖတ်ကြည့်တော့မှ ကိုယ်စီးရမဲ့အခြမ်းက ဟိုဖက်ခြမ်းဆိုတော့ အပေါ်ပြန်တက်။ ရထားပေါ်ရောက်လို့ Next Station HayMarket လို့ အော်မှပဲ..
ဟူး
စင်္ကာပူနဲ့ ဟောင်ကောင်မှာတော့ မီးရထားကြေငြာသံက မိန်းကလေးသံ။ ဘော့စတွန်မှာတော့ ဘယ့်နှယ့် ယောက်ျားသံပါလိမ့်။ Park St ဘူတာရောက်တော့ အနီရောင်လိုင်းကို ပြောင်းရပြန်တယ်။ ကိုလိုနီခေတ်စတိုင် အဆောက်အဦးတွေကို ရှေးဟောင်းလက်ရာမပျက် ထိန်းသိမ်းထားတဲ့ ဘော့စတွန်မြို့လေးက သာယာလှပတယ်။ မြစ်တခုကို ဖြတ်ကျော်တယ်။ အဲဒီလိုင်းကတော့ ဟားဗတ်၊ အမ်အိုင်တီ တက္ကသိုလ်တွေ ရှိတဲ့ ရထားလိုင်းဆိုတော့ ကျောင်းသားတွေ များပါတယ်။ ကျောင်းသားတွေ၊ လာရောက်လည်ပတ်တဲ့သူတွေနဲ့ ကြိတ်ကြိတ်တိုး စည်းကားနေတဲ့ ဟားဗတ်စကွဲယား။
တကြုတ်ကြုတ်မြည်နေတဲ့ဝမ်းကို ဖြည့်ဖို့ ကျောင်းကင်တင်းဆီ အရင်ချီတက်ကြတယ်။ ကျောင်းကင်တင်းတွေက ဈေးလည်းသက်သာ၊ စားလို့လည်း ကောင်းတယ်။ NUS Science & Art Canteen က Steam Boat၊ ကုန်းဘောင်ကြီး ၊ Engineering Canteen က ဂျပန်အစားအစာတွေဆို တကယ်ကောင်းတယ်။ အနံ့သိပ်မပြင်းရင်၊ အရမ်းမစပ်ရင် ကိုယ်က အကုန်တီးနိုင်ပေမယ့် မချိုမှ၊ မဆလာပါမှ စားဝင်တဲ့၊ တကူးတကလိုက်ပို့ပေးတဲ့ ဆူနမ့်အတွက် နီပါလီဆိုင်ကိုပဲ ရွေးလိုက်ပါတယ်။ မိုမိုလို့ နီပါလီလိုခေါ်တဲ့ အဲဒီဆိုင်က ဖက်ထုပ်က ဆူနမ့်အသည်းစွဲ။ ဟားဗတ်ရောက်ရင် အဲဒီဖက်ထုပ်ကို မဖြစ်ဖြစ်အောင် စားမယ်လို့ ကြုံးဝါးထားလေရဲ့။ မကုန်တဲ့ အသားတွေကို ပလပ်စတစ်ဘူးတောင်းပြီး သယ်ပါတယ်။ စင်္ကာပူမှာတော့ မကုန်ရင် သယ်တဲ့ဓလေ့မရှိပေမဲ့ စတိတ်မှာတော့ သယ်ကြတယ်။ လယ်သမားတွေရဲ့ လုပ်အားတွေ၊ ပင်ပင်ပန်းပန်းရှာရဖွေရတဲ့ ပိုက်ဆံကို ဖြုန်းတီးရာမရောက်လို့ သိပ်ကောင်းတဲ့ ဓလေ့။
ဝင်းထဲဝင်တာနဲ့ လူတွေတရုန်းရုန်းဖြစ်နေတဲ့ တခုကို တွေ့တယ်။ ကျောင်းတည်ထောင်သူ ဂျွှန်ဟားဗတ်ရဲ့ ရုပ်ထုနားမှာ လေ့လာရေးထွက်ကြတဲ့ အထက်တန်းကျောင်းသားအဖွဲ့တွေ၊ လာရောက်လည်ပတ်သူတွေက ဂျွှန်ဟားဗတ်ရုပ်ထုနဲ့ ဓာတ်ပုံရိုက်ဖို့အတွက် တန်းစီရတယ်။ ညာဖက်ဖိနပ်ကို ပွတ်တိုက်ရင် ညဏ်ကောင်းတယ်လို့ ယူဆပြီး ပွတ်တိုက်ကြလို့ ညာဖိနပ်ထိပ်က ပြောင်လက်နေပါတယ်။
၁၆၃၆မှာ အင်္ဂလိပ်လူမျိုး ဝန်ကြီး ဂျွှန်ဟားဗတ် စတင်တည်ထောင်ခဲ့တဲ့ တက္ကသိုလ်ကြီးဟာ ၃၇၅ နှစ် သက်တမ်းရှိနေပါပြီ။ တက္ကသိုလ်အကျယ်အဝန်းက ၅၀၇၆ ဧကကျယ်ဝန်ပြီး စာကြည့်တိုက်မှာ စာအုပ် ၁၇သန်း ရှိပါတယ်။ ဟားဗတ်တက္ကသိုလ်က ကမ္ဘာ့အဆင့် ၁၊ ၂ စာရင်းဝင်ပါတယ်။ ဝင်ခွင့်ကလည်း အရမ်းခက်သလို ကျောင်းသားတွေ ကိုယ့်ကိုကိုယ် သတ်သေနူန်းလည်း မြှင့်ပါတယ်။ မနက် ၃ နာရီ ကိုယ်တွေ အိပ်လို့ အကောင်းဆုံးအချိန်မှာ ဟားဗတ်က္ကသိုလ် စာကြည့်တိုက်ကြီးမှာ မီးထိန်ထိန်လင်းလျက် ကျောင်းသားတွေ အားသွန်ခွန်စိုက် စာကြည့်နေကြတဲ့ ဓာတ်ပုံကို ဖေ့ဘွတ်မှာ တွေ့ဖူးကြမယ် ထင်ပါတယ်။
နာမည်မကြီးတဲ့တက္ကသိုလ်မှာတောင် ဘီ (အောင်ရုံ) တောင် မနည်းအသည်းအသန် ကြိုးစားနေရတာ ဝင်ခွင့်လည်း အရမ်းခက်၊ ပြိုင်ဆိုင်မူ၊ လေကျင့်သင်ကြားမှု ပြင်းထန်တဲ့ နာမည်ကြီးတက္ကသိုလ်မှာ ကျောင်းတက်နေသူတွေဆို တကယ်လေးစား အားကျမိတယ်။ နာမည်ကြီးတက္ကသိုလ်ဆိုတာ အကြောင်းမဲ့ နာမည်ကြီးတာ မဟုတ်ပါဘူး။ နာမည်ကြီးလောက်တဲ့ အရည်အသွေးတွေရှိလို့ နာမည်ကြီးတာပါ။ ကမ္ဘာ့အဆင့် ၂၄ရှိတဲ့ NUS ကျောင်းနဲ့ အဆင့်အများကြီးနိမ့်တဲ့ကျောင်း သင်ကြားမှုစနစ်၊ ထောက်ပံ့မှု၊ အလုပ်ရနူန်း တကယ့်ကို ကွာပါတယ်။ နာမည်မကြီးတဲ့ကျောင်းက ကျောင်းဆင်းတွေ ခြေတိုအောင် အလုပ်ရှာရချိန်မှာ ဟားဗတ်ကျောင်းဆင်းတွေကတော့ လာကမ်းလှမ်းတဲ့ အလုပ်တွေကို ခေါင်းခေါက်ရွေးရုံပဲ။ အပုံကြီး ကွာသဗျား။
အဆောက်အဦးတွေက နှစ်၃၀၀ကျော်ပေမဲ့ ခန့်ငြားထည်ဝါဆဲ။ ဂုဏ်ကျက်သရေနဲ့ တင့်တယ်ဆဲ။ တိုင်းပြည်အတွက် အဖိုးတန်ရတနာလေးတွေ မွေးထုတ်ပေးနေဆဲ။
တပတ်လောက်ပတ် ဟိုရိုက်ဒီရိုက်ပြီး
ဟားဗတ်က ဒါပဲလားဟ..ကျဉ်းကျဉ်းလေး..(၅၀၇၆ ဧက ကျယ်ဝန်းသည်ကို မသိရှာသော စန်းထွန်း)
ဘယ်ကသာ..ငါ အင်တာဗျူးမယ့် နေရာမတွေ့လို့ ၁နာရီကျော်လောက် ပတ်ရှာတာတောင် ဟားဗတ်ဝင်းကြီးက မဆုံးသေးဘူး..ဘယ်လောက်ကျယ်လည်း မှန်းကြည့်စမ်း..
အမ်..ဂလိုလား..ဒါဆိုလည်း တော်ပြီဟာ..ညောင်းတယ်..အမ်တိုင်တီကို သွားမယ်..
ဟမ်..ညောင်းတယ်လည်းဆိုသေး..အမ်တိုင်တီကို သွားဦးမယ်..
ညောင်းတော့ညောင်းတာပေါ့..ဒါပေမယ့် ညောင်းဘူး..ရောက်တုန်းလေး နှံ့အောင်လို့ပါ..နင်လည်း အမ်အိုင်တီကို မရောက်ဖူးဘူး မလား..ဟားဗတ်ဘူတာကနေ နှစ်ဘူတာမြောက် Kendall/MIT ဘူတာပဲ..အမ်အိုင်တီမှာလည်း ဘာမှမရှိပါဘူး..မိန်းအဆောက်အဦးကို ကြည့်ပြီး ပြန်မယ်လေ..
အိုကေ..
မြေပြင်ပေါ်ရောက်လို့ ဘူတာအနီးတဝိုက်နား လှည့်ပတ်ရှာကြည့်တော့ အမ်အိုင်တီနဲ့တူတာမတွေ့
ဖြတ်သန်းဖြတ်လာတွေထဲက သိမယ်ထင်တဲ့တယောက်ကို မေးကြည့်တော့
တည့်တည့်သွား မြစ်တွေ့ရင် ညာကွေ့
ညွှန်တဲ့အတိုင်း မြစ်တွေ့တာနဲ့ ညာကွေ့တယ်
ဟိုဖက်ကမ်းက ညာဖက်မိုးမျှော်တိုက်ကြီးက Prudential Tower & Skywalk ။ လျှော့ပင်းမောလ်က တကယ့်ကို အကြီးကြီး။ အမ်အိုင်တီပြီးရင် သွားမယ်.. လျှော့တော့ မလျှော့ပင်းနဲ့ပေါ့ဟာ။ ရောက်ဖူးတယ်ဆိုရုံပေါ့။ ည ၅ နာရီခွဲ ရထားကို မှီအောင် ပြန်ရမယ်မလား..
လျှော့ပင်းနိုင်လွန်းသူ စန်းထွန်း လျှော့ပင်းမှာကို သူတို့ (မိုင်း၊ ဆူနမ်) အလွန်ကြောက်ကြရှာလေသည်။
အေးပါ..လျှော့ပင်းချင်ရင်တောင် ခြေထောက်နာနေလို့ မလျှော့ပင်းနိုင်တော့ဘူး..စိတ်ချ လုံးဝ မလျှော့ပင်းဘူး..တကယ် ကြောတာ..
ဆယ်ငါးမိနစ်ခန့် လျှောက်ပြီးသောအခါ
အမ်အိုင်တီကို ရောက်သေးဘူးလားဟာ..ညောင်းလှပြီ..ရူးရူးပေါက်ချင်ပြီ..
အေးဟာ..အမ်အိုင်တီ ရောက်တာနဲ့ ဓာတ်ပုံမရိုက်ဘူး..အိမ်သာ အရင်ရှာမယ်နော်..
စန်းစန်း..စတော့..စတော့ ( stop)
ဘာတုန်း..
အဲဒါ အမ်အိုင်တီပဲ..Paras (နီပေါလေး) I am at IMT ဆိုပြီး ဒီအဆောက်အဦးရှေ့မှာ ရိုက်ထားတဲ့ ဓာတ်ပုံကို ငါ ဖေ့ဘွတ်မှာ တွေ့ဖူးတယ်..
အဆောက်အဦးထိပ်မှာ ရေးထားတဲ့ စာကို အသေအချာ ပြ ူးကြည့်တယ်..
ဟုတ်ပါ့..အမ်အိုင်တီ အစစ်ပဲ..
ကိုင်း..အိမ်သာ ရှာလိုက်ကြည်စို့ သယ်ရင်း...
အမ်အိုင်တီလည်း နာမည်ကြီးသည်။ ဟားဗတ်လောက် လာရောက်လည်ပတ်သူ မများ။ အဆောက်အဦးတွေက သစ်လွင်လှပ ခေတ်မှီပေမဲ့ ဟားဗတ်လောက် မခမ်းနား။ တိုးအဖွဲ့တွေ၊ ပန်းချီသင်တန်းသားတွေ အဖွဲ့လိုက် ပန်းချီဆွဲနေတာကိုလည်း ငေးတယ်။
ဤသို့ဖြင့် နာမည်ကြီးလှသော အမ်အိုင်တီကျောင်းတော်ကြီးတွင် ရှုးရှုးပေါက်ခဲ့ဖူးလေသည်။
Inbound လား၊ OutBound လား
အောက်ဘောင်းလို့ ထင်တယ်..
ဘူတာစဉ်ကို ဖတ်ကြည့်တော့မှ မြို့ထဲသွားမှာမို့ အင်ဘောင်း ရွေးရမှာ..
ငါမပြောဘူးလား အင်ဘောင်းလို့..
မှားတဲ့ အခါလည်း မှားပေမပေါ့ ကိုသောင်းရယ်..အဲ..ဆူနမ်ရယ်..
မြေပြင်ပေါ် ပြန်တက်..လမ်းကူး မြေအောက်ဆင်း..
ရထားလက်မှတ် ဖြတ်တော့..
This ticket is already used..
Whatt...
တခြားစက်တွေ ဖြတ်တော့လည်း ဒီလိုပဲ အော်နေတော့ မဟုတ်သေးပါဘူး..ဝမ်းဒေးပတ်ဆိုတာ ကြိုက်သလောက် စီးလို့ရတဲ့ဟာ..ဘယ့်နှယ့်ပါလိမ့်..
အေးလေ..လာ ဟိုမှာ Booth လေး တွေ့တယ်..သွားမေးမယ်..
သူလည်း မသိပါဘူးတဲ့..သူတို့က One Month Unlimited Pass ဝယ်သုံးတာ..ညည်းတို့ ဝယ်ထားတဲ့ ဝမ်းဒေးပတ်စ်က နောက်နေ့နေ့လည်အထိ Valid ဖြစ်တယ်..မသိတော့ပါဘူးအေ..မီးရထားဝန်ထမ်းကိုသာ မေးကြည့်တော့..
Duck Tour အကြောင်း စပ်စုကြသည်။ ၄၀ ပေးရပြီး ဘော့စတွန် ပြဲပြဲစင်ရုံမက နောက်နေ့ကို ကြိုက်တဲ့ ခရီးစဉ်တခု ရွေးလို့ရတယ်..
ငါ မပြောဘူးလား.. Duck Tour က ဟားဗတ်၊ အမ်အိုင်တီအပြင် တမြို့လည်း နှံ့တယ်..
အေးပါဟယ်..နောင် အခါများမှပေါ့..
System Down နေလို့ လတ်မှတ်တွေ ဖြတ်တိုင်း တတီတီအော်နေလို့ ရုံပိုင်က အရေးပေါ် လာဖွင့်ပေးလို့ ကဒ်မဖြတ်လိုက်ရ။ ညနေ ရုံးဆင်းချိန်မို့ ရထားကျပ်ပါတယ်။ ဒါပေမယ့် စင်္ကာပူလောက်တော့ မကျပ်သေးဘူး။ ရထားတွေကလည်း ခေတ်ဟောင်းရထားတွေ။ ရထားတွဲထဲမှာလည်း ခုံတွေက အနိမ့်အမြင့်။ လှိုဏ်ခေါင်းက မကျယ်တော့ ပြတင်းပေါက်နဲ့ မြေကြီး ကပ်နေလို့ အသက်ရူမဝသလို ခံစားရတယ်။ လမ်းကြောင်းကလည်း ကွေ့လိုက်ကောက်လိုက်။ ရထားလာပြီအချက်ပေးသံကလည်း စင်္ကာပူမှာလို Train is coming..Train is coming..Love your ride ! လို့ သီချင်းလေးနဲ့ လာတာမဟုတ်။ ရထားလာရင် စာသင်ကျောင်းက ခေါင်းလောင်းသံလို အချက်ပေးပြီး ရထားကလည်း ဂျုံးဂျုံးဂျက်ဂျက် မမြည်ဘဲ တကျွှီကျွှီ အသံပေါင်းစုံပေးပြီး လာတာ။
လန်ဒန်မှာဆို မီးရထားစနစ်က တကယ်ကောင်းတာ။ ကားမလိုဘူးလို့ သူ့အစ်မ လန်ဒန်သူ ပြောတာကို ဆူနမ်က ဖောက်သည်ချတယ်။ ၂ဘူတာပဲ စီးရသေး Out of Service အကုန်ဆင်းပါဆိုလို့ ဆင်းရ။ နောက်လာတဲ့ ရထား၃စင်းကလည်း Out of Service ဆိုတော့ မတက်ရ။ မြို့ပြဘဝ မွန်းကြပ်လွန်းလှတယ်။ Prudential Mall ကို သွားဖို့ထား၊ အိမ်ပြန်ဖို့ နောက်ဆုံးရထား ၆ နာရီ မှီအောင် မနည်း။ ရထားမမှီလို့ တက္ကစီငှားရမယ်ဆို သေပြီဆရာ။
ဗိုက်ဟောင်းလောင်းကို ဖြည့်ဖို့ ဒိုးနတ်၊ အအေးဝယ်၊ အပြေးပြေး အလွှားလွှားနဲ့ နောက်ဆုံးမှာတော့ ၆နာရီ ရထားကို လက်မတင်လေး မှီပါတယ်။ ဘော့စတွန်လာတဲ့လူတိုင်း ဘာလို့ ဟားဗတ်သွားချင်တာလဲ မသိဘူး။ ဂျွှန်ဟားဗတ်ရုပ်တုပဲ ရှိတဲ့ဟာကို ဗားဗတ်ကို သုံးကြိမ်တိတိ ရောက်သော ဆူနမ်က မကျေမချမ်း ရေရွတ်တယ်။
တခေါက်လောက်တော့ ရောက်ဖူးချင်တာပေါ့ဟ နာမည်ကြီးကျောင်းကိုး။ ဘော့စတွန်ကို စရောက်ရောက်ချင်း စီနီယာ နီပေါအကိုကြီး ဆူနမ်နဲ့ ရာမားကို လိုက်ပို့တာက ဟားဗတ်၊ ခရစ်စမတ် အက်စ်မီတာမန်ချေးတို့ လာလည်တုန်းက လိုက်ပို့ပေးရတာက ဟားဗတ်၊ အခု စန်းထွန်း လာလည်တော့လည်း လိုက်ပို့ပေးရတာက ဟားဗတ်။
မိုင်းဖန်လည်း Love Story in Harvard ကိုရီးယားရုပ်ရှင် ကြည့်ပြီးကတည်းက ဟားဗတ်ရောက်ဖူးချင်နေတာ..သူ ဘော့စတွန် လာလည်ရင် ဟားဗတ်ကို မဖြစ်ဖြစ်အောင် သွားမယ် ပြောတယ်..
သေချာတယ်ဟ...မိုင်းဖန် လာလည်ရင် နင် လိုက်ပို့ပေးရမှာ ဟားဗတ်..
တိန်
စီနီယာ ဝီလီယမ် ဂရင်းကို ဘော့စတွန်က ရထားအကြောင်း ပြောပြတော့ One month unlimited ဝယ်ထားတဲ့သူတွေက ကဒ်ဖြတ်ပြီး တခြားတယောက်ကို ရထားလက်မှတ် ပေးတာကို ကာကွယ်တဲ့ အနေနဲ့ ကဒ်ဖြတ်ပြီး ၅ မိနစ်လောက်အတွင်း ကဒ်ပြန်ဖြတ်လို့ မရပါဘူတဲ့။ ကိုယ်တွေ လတ်မှတ်ဖြတ်ပြီးမှ သွားရမယ့် ခရီးစဉ် မဟုတ်လို့ ပြန်ထွက် နောက်တခါ ထပ်ဖြတ်တော့ This ticket is already used လို့ အော်တော့တာပေါ့။ စတိတ်မှာ ရထားမစီးဖူးတဲ့ တောသူလေးတွေရဲ့ အတွေ့အကြုံလေးတွေပေါ့။
ဇူလှိုင် ၃ ရက် ရာမားမွေးနေ့ကို နောက်ပို့စ်မှာ ဆင်နွှဲပြီး ဘော့စတွန်ခရီး အဆုံးသတ်ပါမယ် ခင်ညာ။
စန်းထွန်း
ဇူလှိုင် ၂၅၊ ၂၀၁၂။