၂၀၂၁ အောက်တိုဘာ ၁၁ က Columbus day အစိုးရပိတ်ရက် ခရီးတွေထွက်ကြတဲ့အချိန် ဆိုပါတော့။ ကမ့်ပင်းခရီးလိုက်ဖို့ခေါ်ပေမဲ့ ချစ်အစ်မတွေနဲ့ ဆုံမှာဆိုတော့ မလိုက်ဖြစ်တော့ဘူး။ မနက် ၉ နာရီ အိမ်ကထွက် Penn Station ကို ၁၀ နာရီရောက် ၁၀:၁၅ နယူးဂျာစီ Trenton ဆီသွားတဲ့ ရထားစီးတယ်။ ခရီးသွားကြတဲ့အချိန်ဆိုတော့ လူတွေအပြည့်ပဲ ရထားမထွက်ခင် ၁၀ မိနစ်အလိုမှ ဘယ် track ဆိုတာ ဆိုင်းဘုတ်မှာပေါ်တယ်။ မိုးကဖွဲဖွဲလေးရွာနေတယ် သီချင်းလေးနားထောင်လိုက်၊ ဝထ္ထုလေးဖတ်လိုက်၊ ဖေ့ဘွတ်လေးကြည့်လိုက်။ ရှေ့ကကောင်မလေးက သူ့ရည်စားနဲ့ဘယ်လိုဖြစ်တယ်ဆိုတာ သူ့သူငယ်ချင်းကို ဖုန်းဆက်ပြီးပြောတာ နားကြပ်တပ်ထားပေးမဲ့ အကုန်ကြားရတယ်။ နောက်ဆုံးကျတော့ ယောက်ျားပဲရှိရှိ၊ ရည်းစားပဲရှိရှိ ကိုယ့်ဘာသာ ရပ်တည်နိုင်တာ အကောင်းဆုံးပဲ။ အစ်မတွေနဲ့ မတွေ့တာ တစ်နှစ်ရှိပြီ တစ်နှစ်တစ်ခါ ဒီအချိန်ဆုံကြတယ်။ ကုလားဆိုင်မှာ စားစရာတွေသွားယူပြီး အိမ်မှာစားကြတယ်။ မနှစ်ကလည်း အဲ့ဒီကုလားဆိုင်ပဲ အတော်စားကောင်းတယ် ကုလားစာမကြိုက်တဲ့ ကိုယ်တောင်ကြိုက်တယ်။ Thanksgiving ခရီးထွက်ဖို့ စီစဉ်ကြတယ်။ မမိုးငွေ့ ကွန့်မန့်ဖတ်ရတော့မှပဲ အဲ့ဒီနေ့က မမိုးငွေ့နဲ့ ဗွီဒီယိုကောဖြစ်တာ သတိရသွားတယ်။ မမိုးငွေ့ရဲ့ အိန်ဂျယ်စီးရီးတွေက ဖတ်လို့တအားကောင်း လူကိုမမြင်ဖူးခင်က စာတွေဖတ်ပြီး ချစ်ခင်ရ၊ လူလုံးပြတော့ ခပ်ချောချောအမကြီး ချစ်စရာလေးဆိုပြီးချစ်ရ၊ ဗွီဒီယိုကောနဲ့ စကားပြောဖြစ်တော့ ပိုချစ်ခင်သွားရတာပါပဲ။ စာရေးသူနဲ့ စာဖတ်သူကြားက ချစ်ခင်မှုတွေက စာချစ်သူအချင်းချင်းပဲ နားလည်မယ်ထင်ပါရဲ့။ ညနေ ၃ နာရီခွဲ ရထားနဲ့ပြန်တယ်။ အလာတုန်းက ရထားတစီးထဲစီးတဲ့ တရုတ်မလေးလည်း အပြန်ရထားတူပြန်တယ်။ သူကတော့ ပေါ့ပါ့ပါးပါး ကျောပိုးအိတ်လေးနဲ့ ကိုယ်ကတော့ အသွားတုန်းက အိတ်ကြီးနှစ်အိတ် အပြန်အိတ်ကြီးတအိတ်။ အလာတုန်းက အမတွေအတွက် လက်ဆောင်တွေနဲ့ အပြန်ကျတော့ အမတွေဆီက မေတ္တာလက်ဆောင်တွေ စားစရာတွေနဲ့။ နေ့တိုင်းမတ်ဆေ့တွေပို့ပြီး အကြွားပြိုင်ကြတဲ့ မနိုင်စိန်သုံးယောက်…
စန်းထွန်း
အောက်တိုဘာ ၃၁၊ ၂၀၂၁။