ဝမ်းမနည်းပါနဲ့ဗျာ …

တူတော်မောင်ကို သူငယ်ချင်းဝေ့သမီးတွေတက်တဲ့ အင်္ဂလိပ်စာသင်တန်းကျောင်းမှာ တက်ခိုင်းလိုက်တယ်။ တပတ် နှစ်ရက် စနေ၊ တနင်္ဂနွေ ညနေ ၄ နာရီကနေ ၆ နာရီအထိ။ မတက်ချင်ဘူးတဲ့ ပြောမရလို့ ယောင်းမက နင့်ကြီးကြီးက ပိုက်ဆံအကုန်အကျခံပြီး တက်ခိုင်းတာ နင့်ကြီးကြီးကိုပြောလို့နဲ့ တူပါရဲ့။ မကြီးကို မက်ဆင်ဂျာကနေ အသံဖိုင်ပို့ထားတယ် သင်တန်းချိန် သူကြိုက်တဲ့ကာတွန်းကား လာတဲ့အချိန်မို့လို့ မတက်ချင်ဘူးတဲ့။ ကြီးကြီး ပိုက်ဆံတွေ အကုန်သုံးပစ်လိုက်မယ် မတက်ဘူးတဲ့ မကြီး ခေါင်းကိုက်သွားတယ်။ သားတို့အရွယ်ဆိုတာ ကျောင်းတက်ရမယ်၊ ကစားရမယ်၊ ပုံဆွဲရမယ်။ ကြီးကြီးတို့ သားအရွယ်တုန်းကလည်း ကျောင်းတက်ခဲ့ရတာပဲ။ အဲ့လိုကျောင်းတက်မှ ကြီးလာရင် ပိုက်ဆံတွေအများကြီးရမှာ သားလိုချင်တာတွေ ဝယ်လို့ရမယ်။ နောင်တွေ့တိုင်း ကျောင်းဆိုတာ တက်ကိုတက်ရမှာ လုပ်ကိုလုပ်ရမှာလို့ပြောလို့ လက်ခံလာပေမဲ့ ကြီးကြီးကျောင်းလို့ အသံဖိုင်ပို့တော့ ကြီးကြီးကျောင်း မဟုတ်ဘူးဟေ့ သားတက်နေတာ သားသားကျောင်းလို့ အသံဖိုင်ပြန်ပို့။ အသံဖိုင်ပို့ရင်း ရန်တွေဖြစ်နေရတယ် ဝေးနေလို့နီးရင် တကျက်ကျက်နေမှာ။ တအိမ်လုံးပြောမရဘူးတဲ့ အမလေး ရင်လေးတယ်။ စာလိုက်နိုင်လားမေးတော့ ဆရာမပြောတာမြန်လို့ သိပ်မလိုက်နိုင်ဘူးတဲ့။ စကားလုံးတွေ အကုန်သိနေတော့ တခြားကလေးတွေစောင့်ရတာ စိတ်မရှည်လို့ ဆရာမကို လက်သီးထောင်ပြတယ်တဲ့။ 


စိတ်တိုရင် ကြမ်းပြင်ကို ထုနေလို့ trauma များရှိနေမလား အဖေက သားကိုသိပ်ချစ်တာ သူ့ကိုခွဲသွားတာမဟုတ်ဘဲ သေသွားလို့ဆိုတာ ရှင်းပြဖို့ ယောင်းမကို မကြီးကပြောပြတော့ ငယ်လို့နဲ့တူတယ် သိပ်ဝမ်းမနည်းဘူးတဲ့။ သူ့အဖေနဲ့တွေ့ချိန်ထက် ခွဲချိန်က များတာကိုး။ သူ့အဖေက ဘယ်လိုဆုံးသွားတယ်ဆိုတာ သူကတောင် ပြောပြနေတာတဲ့။ စိတ်ကြီးတယ် တခုခုဆို သူကအရင် ဆော်ထည့်လိုက်တာချည်းပဲတဲ့။ အမလေးတော် … သူ့အဖေနဲ့တခြားစီ သူ့အဖေက အိမ်မှာသာ ဘယ်လိုဆော်တီးပစ်လိုက်မယ်နဲ့ အပြင်မှာသူကချည်း ခံရတာ။ ဟေ့ ငါ့မောင်ကို ဘယ်သူတီးလိုက်တာလဲဆိုပြီး ကိုယ်က ဝင်ပွဲကြမ်းရတဲ့အဖြစ်။ သူ့အမေကိုတော့ အတော်ကြောက်တယ် ကြီးကြီးကို ဆော်ပလော်တီးပစ်လိုက်မယ်နဲ့ သူ့အမေပြောတဲ့စကားကို ပြန်ပြောတယ်။ သူ့အမေကိုလည်း သိပ်ချစ်တာ သားမေမေက သားသားကို သိပ်ချစ်တာလို့ အမြဲပြောတယ်။ သားမေမေဖုတ်တဲ့ ကိတ်မုန့်သိပ်ကောင်းတယ် ကြီးကြီး။ သားမေမေ မုန့်ဖုတ်ကျွှေးတော့ ကြီးကြီး မုန့်ပို့စရာမလိုတော့ဘူးပေါ့လို့ပြောတော့ ပို့ပါကြီးကြီး မပို့ဘဲမနေပါနဲ့တွေ ဖြစ်ကုန်ရော။ ကောင်းတာလည်း အရမ်းကြိုက် အရမ်းသိတယ်။ ကောင်းတာလေးများ စားရရင် ကောင်းလိုက်တာ ကောင်းလိုက်တာလို့ ပြောတတ်တယ်။ အိမ်မှာဘာချက်လဲဆိုတာသိတယ် တခါစားရင် ၂ ခုစားတယ် ၁၅ မိနစ်လောက်ကြာရင် ဗိုက်ဆာနေပြီတဲ့။ ၂ နှစ်အတွင်း လူကြီးဖြစ်လာပြီ အသက်ကသာ ၆ နှစ် အသိညဏ်က ၈ နှစ်လောက်ရှိတယ်။ တခါတလေ ၄ ယောက်ပြောမယ်လို့ ပြောတတ်တယ် ၄ ယောက်ဆိုတာ သူ၊ မကြီး၊ အဖေနဲ့ကိုယ်။ သူ့အိမ်က အကြီးကြီးလို့ ကြွားတယ် ကြွားတာကတော့ သူ့အဘိုး၊ သူ့အဖေအတိုင်းပဲ။ 




၆ နှစ်နဲ့စာတွေ အတော်ဖတ်တတ်နေပြီ ကိုယ်တို့တွေ လေးတန်းလောက်မှသိတဲ့စာကို သူက ခုကတည်းက သိနေပြီ။ ကိုယ့်ကလေးမှ မဟုတ်ဘူး ခုခေတ်ကလေးတွေ သိကိုသိကြတာ ဖုန်း၊ တီဗွီကနေ မြင်နေရတာကိုး။ အသိတယောက်ရဲ့ကလေးကို တနှစ်ခွဲ စကားတောင်မပြောတတ်သေးဘူး စိတ်ဆိုးရင် သူ့အဖေရဲ့ဂိမ်းစက်ကို ခွဲပစ်လိုက်မယ်လို့ လုပ်တယ်တဲ့။ သူ့အဖေ ဘာကိုလုပ်ရင် စိတ်ဆိုးတယ်ဆိုတာ သိတယ်။ မကြီးက ကြီးကြီးစန်းထွန်းနောက်ကို လိုက်သွားမယ်လို့ပြောရင် ကြီးကြီးစန်းထွန်းဆီ မသွားပါနဲ့ သူ့ဆီလာ သူ့ဆီမှာဘုရားတွေ အများကြီးရှိတယ်တဲ့။ ဆံပင်မညှပ်ချင်လို့ အိမ်မှာပတ်‌ပြေးနေတယ် ဘယ်လောက်ပတ်ပြေးပြေး နောက်ဆုံးတော့လည်း ညှပ်ရတာပဲတဲ့။ ကတုံးဆံပင်ပေါက်ကေကို မကြိုက်လို့ နှစ်ရက်လောက် ဦးထုပ်ဆောင်းထားတယ်တဲ့။ သင်တန်းကကလေးတွေ စုပေါင်းသီချင်းဆိုတဲ့အခါ ကျောင်းကပေးတဲ့ဆွယ်တာ ဝတ်ဖို့ကို မနည်းပြောရတယ်တဲ့။ ကိုယ်တွေတုန်းက စားဆိုစားလိုက်တာပဲ ဝတ်ဆိုဝတ်လိုက်တာပဲ ခုခေတ်ကလေးတွေ တော်တော်မလွယ်ဘူး။ သူ့ဗွီဒီယိုဖိုင်ပို့ပေးတော့ တူတော်မောင်ကို ရှာမတွေ့ဘူး သေးသေးမည်းမည်းတွေပဲဆိုတော့။ မကြီးက ကိုယ့်တူကိုကိုယ်မမှတ်မိဘူးလားတဲ့။ သူ့အင်္ဂလိပ်နာမည်က အဲလက်စ် နာမည်ပြောင်းချင်တယ် မကြိုက်လို့တဲ့။ ဘာပြောင်းချင်လဲဆိုတော့ အီးတီလို့ပြောင်းချင်တယ်တဲ့။ အီးတီတော့ မကောင်းဘူး တခြားဟာဆို ပြောင်းပေးမယ်။ အန်ယူအက်စ်တက်တုန်းက အင်တန်းရှစ်အတူဆင်းတဲ့ ညီမလေးတယောက်နာမည်က အီးတီ။ ဘာလို့အီးတီလို့ခေါ်ကြတာလဲမေးတော့ ငယ်ငယ်က အီးတီကိုအရမ်းကြိုက် အီးတီဖြစ်ချင်တာတဲ့။ သူငယ်ချင်းတွေကို အီးတီလို့ခေါ်ခိုင်းရာကနေ အီးတီလို့အမည်တွင်နေတာ။ 


သူသိသူတတ်တယ်ဆိုတာကြီးပဲ လေကနည်းနည်းလေးမှ မလျော့ဘူး ကိုယ်တို့က ဆရာကြီးလို့ သူ့ကွယ်ရာမှာ ခေါ်ကြတယ်။ ကြီးကြီး မအောင်မြင်ဘူးတဲ့ ပုံဆွဲတာ တူအောင်မဆွဲနိုင်တာကိုပြောတာ။ မအောင်မြင်တဲ့ပုံတွေဆို မပြဘူး။ သားလေ အိပ်မပျော်ဘူးတဲ့ ဘာတွေဆွဲရမလဲ ဘာကာတွန်းကားကြည့်ရမလဲလို့ တွေးနေတာတဲ့။ မအားဘူး မပို့ပေးနိုင်ဘူးနဲ့ ကလေးမှာလည်း ကလေးအလျောက် အလုပ်များရှားတယ် မအားဘူး။ သူဖုန်းခေါ်တဲ့အချိန် မကြီးက အိပ်နေသေးလို့ ဖုန်းမကိုင်‌ရင် ကြီးကြီး မတရားဘူးတဲ့။ ကိုယ့်မွေးနေ့တုန်းက ဟတ်ပီးဘတ်ဒေးဆိုခိုင်း၊ မွေးနေ့ကဒ်ဆွဲပေးဖို့ကို အာပေါက်အောင် ပြောရတယ်။ အဖေ့မွေးနေ့ကျတော့ ဟတ်ပီးဘတ်ဒေးဆိုပေး၊ မွေးနေ့ကဒ်ဆွဲပေးတယ်။ ပထမအကြိမ် နားဝင်အောင် ပြောရတာ အတော်ခက်တယ်။ ကြီးကြီးက သားသားနဲ့ အရမ်းတွေ့ချင်နေတာ… ခု ကိုဗစ်တွေဖြစ်လို့ မြန်မာပြည်ကို ပြန်လာလို့မရ  သားသားနဲ့မတွေ့ရလို့ ကြီးကြီးက အရမ်းဝမ်းနည်းတာလို့ မကြီးကပြောတော့ အဲဒီလောက် အရမ်းကြီးဝမ်းမနည်းပါနဲ့ဗျာ… အပြင်မှာမတွေ့ရလည်း ခုဖုန်းနဲ့တွေ့နေရတာပဲတဲ့။ ဒင်းကလေးကို နိုင်အောင်ပြောဖို့ဆိုတာမလွယ်။ ၆ နှစ်အရွယ်မှာတောင် ဒီလောက်ခက်နေရင် ဆယ်ကျော်သက်အရွယ်မှာ ဘယ်လိုများနေမလည်း မသိဘူး။


စန်းထွန်း

ဇန်နဝါရီ ၃၀၊ ၂၀၂၁။