ဇွန် ၃ ရက် တနင်္လာနေ့ ည ၁၁ ခွဲ အီကွေဒေါ ၆ ရက် ခရီးအတွက် အထုပ်အပိုးပြင်နေတုန်း မကြီးဆီက ဖုန်းဝင်လာတယ်။ မောင်မောင် ကားတိုက်လို့ ပဲခူးဆေးရုံရောက်နေတယ် ခုထိဘာသတင်းမှ မသိရသေးဘူး။ နင့်မှာ ပဲခူးသူငယ်ချင်းတွေ မရှိဘူးလား ရှိရင်အကူအညီတောင်းပြီး ဆေးရုံကိုသွားကြည့်ခိုင်းပါလား။ အိုင်အိုဝါပြည်နယ်မှာနေတဲ့ ပဲခူးသူပုံ့ပုံ့က ဒီအချိန်ဆိုရင် အိပ်နေလောက်ပြီ။ ခိုင်မေ၊ ဖြိုးတို့ကို မေးကြည့်တော့ ပဲခူးမှာသူငယ်ချင်းမရှိဘူးတဲ့။ ခိုင်မေက ကားမောင်းရင် ကားတိုက်မှုဖြစ်မယ် အသက်မသေရင်ပြီးရော။ သူဆိုလည်း သူ့မောင်လေးကြောင့် ရုံးရောက်၊ ဂတ်ရောက်၊ ဆေးရုံရောက်ဖူးတယ်တဲ့။ စင်္ကာပူမှာနေတဲ့ သိင်္ဂီျ ဘအမျိုးသားကိုမင်းဆွေကို အကူအညီတောင်းတော့ သိင်္ဂီျဘအွန်လိုင်းတက်လာတယ်။ သူ့အစ်မကို ဆေးရုံဆီ ဆိုင်ကယ်နဲ့သွားခိုင်းလိုက်မယ်တဲ့။ မကြီးက အင်တာနက်ကနေရှာပြီး ပဲခူးဆေးရုံကို ဖုန်းဆက်တော့ ဆေးရုံတာဝန်ခံနဲ့တွေ့တယ်။ ဆယ်မိနစ်တကြိမ်လောက် ဖုန်းဆက်နေလို့ ဆေးရုံပတ်ကြည့်ဦးရဦးမယ် မိနစ်၂၀လောက်မှ ပြန်ဆက်ပါတဲ့။ မကြီးစိတ်ပူတာက ဆေးရုံကို ပိုင်ရှင်မဲ့လူနာ အနေနဲ့ရောက်သွားရင် ထိရောက်တဲ့ဆေးကုသမှုမရဘဲ ပစ်ထားမှာကို စိုးရိမ်လို့တဲ့။ သိင်္ဂီျဘက ဖုန်းပြန်ဆက်တယ် နာမည်၊ အသက်၊ ကားမေးတယ်။ ကားတိုက်တယ်ဆိုတော့ လက်ကျိုးခြေကျိုးလောက်ပဲ ဖြစ်မယ်လို့ထင်ထားတာ။ ဖုန်းအပြန်အလှန် ပြောနေကြတုန်း မကြီးဆီ အဖေ့ဆီက ဖုန်းဝင်လာတယ်။ ချက်ချင်း မကြီးပြန်ဆက်တယ် ဆို့နင့်ကြေကွဲနေတဲ့အသံနဲ့ "စန်းထွန်းရေ မောင်မောင် ဆုံးပြီတဲ့ ... ငါ ရန်ကုန်ကို ချက်ချင်းပြန်ရမယ်"။ ခဏကြောင်သွားပြီး တုန်လှုပ်ခြောက်ချားသွားတယ်။ မျက်ရည်တွေဖြိုင်ဖြိုင်ကျ ဝမ်းနည်းပက်လက် ရင်တခုလုံးဗြန်းဗြန်း ကွဲလုမတတ် နာကျင်ခံစားရတယ်။ သူငယ်ချင်းတွေဆီကို မောင်မောင်ဆုံးပြီလို့ မတ်ဆေ့ပို့။ ခိုင်မေ၊ ဖြိုးတို့က မယုံဘူး ဟုတ်လို့လားလို့ မေးနေလို့ ငါ့အဖေ့ဆီကို ဖုန်းဆက်လိုက်။ ဝိုင်းဖုန်းဆက်တဲ့အချိန်မှာ ရင်ကွဲမတတ် အော်ငိုနေပြီ။ ဖြိုးက ဖုန်းဆက်တယ် အဖေတို့က ဟိုင်းကြီးမှာ... ကိုယ့်ယောင်းမတယောက်တည်းဖြစ်နေရင် ပဲခူးကိုသူတို့လိုက်ပေးရမလား...ဘာကူညီပေးရမလဲ။ ယောင်းမဖုန်းနံပါတ်ကို မကြီးဆီကတောင်းပြီး ပေးလိုက်တော့ ယောင်းမဆီကို ဖုန်းဆက်ကြတယ်။ ဇွန် ၃ ရက် ည ၁၁ ခွဲ ပဲခူးအဝင် ဘုရားကြီးကုန်းမြို့ မယင်းကျေးရွာ ငါးကန်အနီးမှာ ရပ်ထားတဲ့ဝါးကားကို ဝင်တိုက်ပြီး ပွဲချင်းပြီးဆုံးတာတဲ့။ ပဲခူးဆေးရုံတာဝန်ခံက ဆုံးပြီဆိုတဲ့အကြောင်း စလုံးဖုန်းကို တကူးတက ဖုန်းပြန်ဆက်ပေးတယ်။ အမယ်လေး...ဘုရားရေ သောကြာနေ့ညကပဲ မက်ဆင်ဂျာကနေ ဗွီဒီယိုကောခေါ်ပြောသေးတယ်။ သူ့သားက PreKG တက်ပြီမို့လို့ စာများလာပြီ မအားဘူးလို့ပြောတယ်တဲ့။
မနက်ဖြန်ရန်ကုန်ကို သွားမဲ့လေယာဉ်ကို ဝိုင်းကကူရှာပေးတယ်။ တညလုံးအိပ်မပျော်ဘူး မောင်မောင့်အကြောင်းတွေး မျက်ရည်တွေကျ။ မနက်ကျတော့ ကိုယ်လက်တွေကိုက် သြော် ... စိတ်ဖိစီးမှု သေကွဲကွဲတဲ့ဝေဒနာ။ မနက်ကျတော့ ရုံးကို urgent leave နှစ်ပတ်ယူတဲ့အကြောင်း အီးမေးလ်ပို့လိုက်တယ်။ ရင်ဘတ်အောင့်နေလို့ ဆေးရုံမှာအာထရာဆောင်း သွားရိုက်တဲ့လမ်းတလျှောက် မျက်ရည်တွေကျငို။ ပြန်ရောက်တာနဲ့ လက်ကေ့အိတ်ဆွဲပြီး လေဆိပ်သွား။ လေယာဉ်ပေါ်မှာလည်း တရှုံ့ရှုံ့ငို ပုံ့ပုံ့ပြောတဲ့အတိုင်း ဝိုင်နှစ်ခွက်သောက်တာတောင် အိပ်မပျော်ချင်ဘူး။ နယူးယောက်ကနေ ဟောင်ကောင်ကို ၁၆ နာရီ ဟောင်ကောင်ရောက်ခါနီးမှ အိပ်ပျော်သွားတယ်။ ဟောင်ကောင်မှာ သုံးနာရီထရန်စစ်၊ ဟောင်ကောင်ကနေ သုံးနာရီစီးပြီးတော့ ဗုဒ္ဓဟူးနေ့ညဉ့်သန်းခေါင်မှာ ရန်ကုန်ရောက်တယ်။ မကြီးကိုပြေးဖက်ပြီး ညီအစ်မတွေ ငိုလိုက်ကြတာ အဖေ၊ အမေတို့ရှေ့မှာမငိုနဲ့နော်။ ဖြေမဆည်နိုင်ဖြစ်နေတဲ့ အဖေနဲ့အမေ့ကို မကြီးကဖြောင်းဖျ ကျန်းမာရေးကို ဂရုစိုက်တယ်။ မောင်မောင်ဟာ စိတ်ထားကောင်းတဲ့ကလေး အသက်မွေးဝမ်းကြောင်းမှု စင်ကြယ်တယ်။ သူ့ဘဝမှာ သူတပါးထိခိုက်နစ်နာအောင် ဘာတခုမှမလုပ်ခဲ့ဘူး။ ကောင်းရာမွန်ရာရောက်နေမှာ သူအခုနတ်ပြည်ရောက်နေမယ်ဆိုရင် လူ့ဘဝထက်တောင် ပိုမကောင်းဘူးလား။ လူ့ဘဝမှာတောင် ပင်ပင်ပန်းပန်း ရှာစားရသေးတယ် နတ်ပြည်မှာရှာစားစရာမလိုဘူး။ အဖေ၊ အမေ စိတ်ထိန်းပါ သမီးတွေရှိသေးတယ် မြေးရှိသေးတယ်။ သမီးတို့အတွက် အဖေအမေက အရေးကြီးတယ် ထပ်ပြီးမဆုံးရှုံးရပါစေနဲ့။ မကြီးပြောပြတော့ အဖေနဲ့အမေ ငိုတာနည်းနည်းလျော့တယ်။ အစကအကွေ့မှာများ အရှိန်မထိန်းနိုင်လို့ဖြစ်တာလား၊ ညဖက်အိပ်ငိုက်သွားလို့လား။ ဓာတ်ပုံတွေကြည့်လိုက်တော့ လမ်းကဖြောင့်ဖြောင့်ဖြူးဖြူးကြီး၊ ညဖက်အိပ်ငိုက်ရအောင်ကလည်း ဖြစ်တဲ့အချိန်က ည ၁၁ နာရီခွဲ။ ကားသမားတွေမပြောနဲ့ ကိုယ်တွေတောင် မအိပ်သေးတဲ့အချိန်။ ဝါးကားက လမ်းမကြီးပေါ်မှာ ရပ်ထားပြီး ရောင်ပြန်မီးလည်းမပြ တခြားလမ်းဖက်က မီးရောင်ကြောင့် ကားကိုမီးချလိုက်တဲ့အချိန်မှာ တိုက်မိတာဖြစ်မယ်တဲ့။ အရှိန်များလို့လား အရှိန်တော့မများနိုင်ဘူး နောက်မှာဆန်အိတ်ဝိတ်တွေရှိနေတယ်။ မောင်မောင်က မနက် ၈ နာရီ၊ ည ၈ နာရီ အဖေ့ဆီကို ဖုန်းဆက်တယ်။ အဲ့ဒီညက အဖေ့ဆီကို ည ၈ နာရီ၊ ယောင်းမဆီကို ည ၉ နာရီ၊ မန္တလေးဂိတ်ကလူတွေနဲ့ ည ၁၀ နာရီအထိ စနောက်နေကြသေးတယ်တဲ့။
|
၂၀၁၉ ဖေဖေါ်ဝါရီ ၁၀ မိသားစုဓာတ်ပုံရိုက်ဖို့မောင်မောင် ပခုက္ကူကနေ ဆင်းလာတယ်...
စတိတ်ကနေ ရန်ကုန်မပြန်တာ ၈ နှစ်ဆိုတော့ ရောက်တုန်းရောက်ခိုက် မိသားစုဓာတ်ပုံ မဖြစ်မနေ ရိုက်တယ်...
ခုတော့ မောင်မောင်နဲ့ရိုက်ခဲ့တဲ့ နောက်ဆုံးမိသားစုပုံဓာတ်ပုံ ဖြစ်သွားပြီ...
|
|
၂၀၁၉ ဖေဖေါ်ဝါရီ ၁၃ ပုဂံရောက်တော့ ပခုက္ကူကနေလာပြီး ကျွှေးချင်လို့ကို
တကူးတကလာကျွှေးတာလို့ ပြောခဲ့တဲ့ မောင်မောင်... |
ဝုန်းဒိုင်းပွဲချင်းပြီး ဆုံးသွားတဲ့အတွက် ဝေဒနာမခံစားရဘူး သူ့အတွက်ကောင်းတယ်လို့တွေးမိတယ်။ ကိုယ်ဆိုလုပက်ဖြစ်တဲ့အချိန် နာကျင်ကိုက်ခဲလွန်းလို့ တခါတလေ သေတာကတောင် ကောင်းသေးတယ်လို တွေးမိတယ်။ ကိုယ့်ကိုကိုယ် သေနိုင်တယ် သေမလားလို့တွေးမိပေမဲ့ မောင်မောင့်ကို တခါမှသေမယ်လို့ မတွေးမိဘူး။ ငယ်လည်းငယ် ကျန်းလည်းမာ နေမကောင်းတခါမှ မဖြစ်တဲ့သူကိုး။ နောက်နေ့ ဖျာပုံမြို့မှာ ဟောက်ဆာဂျင်လေးတွေရဲ့ကား ဓာတ်တိုင်လုံးတွေ တင်ထားတဲ့ကားကို တိုက်မိလို့ သုံးယောက်သေတယ်ဆိုတဲ့သတင်း ဖေ့ဘွတ်မှာ ရှယ်တာတွေတွေ့တော့ မောင်မောင်နဲ့ဘဝတူတွေလို့ တွေးမိတယ်။ ဓာတ်တိုင်လုံးတင်တဲ့ကားက လမ်းမကြီးပေါ် တက်ရပ်ထားတယ်၊ ရောင်ပြန်မီးလည်းမထွန်း၊ မနက်၃နာရီ မီးမရှိတဲ့လမ်းမှာ မသေသင့်ဘဲသေရတာတွေ။ ဆရာဝန်တယောက်ဖြစ်ဖို့ဆိုတာ လွယ်တာမဟုတ်ဘူး ပြည်သူတွေအတွက် အရမ်းကိုနစ်နာဆုံးရှုံးတာပဲ။ ဝိုင်းပြောစကားအရဆိုရင် victims of poor country ဆင်းရဲတဲ့တိုင်းပြည်ရဲ့သားကောင်တွေ။ ဝေ၊ မြတ်မွန်နဲ့ပြောတော့ နယ်မှာဆိုရင် လိုင်စင်ဖြေစရာတောင်မလိုဘူး ပိုက်ဆံပေးရင် လိုင်စင်ရတယ်။ ဆိုင်ကယ်၊ ကား ယာဉ်စည်းကမ်းလည်း နားမလည် မောင်းချင်သလိုမောင်း။ ဦးထုပ်မဆောင်း၊ ခါးပတ်မပတ်။ သစ်လုံးကားတွေဆိုရင် သေသေချာချာ ကြိုးတွေချည်ထားရဲ့လားမသိ။ ယာဉ်တိုက်မှုဖြစ်တဲ့နေရာမှာ ဗောဓိရိပ်ငြိမ်တောရက ဆရာတော်သုံးပါး၊ ဓမ္မစကူးက ဆရာတော်နှစ်ပါးကိုပင့်ပြီး သင်္ကန်းကပ်၊ ပရိတ်ရွတ်တယ်။ အဲ့ဒီနေရာမှာပဲ ယာဉ်တိုက်မှုဖြစ်လို့ တလအတွင်းငါးယောက် ဆုံးသွားပြီတဲ့။ ပရိတ်ရေတွေဖျန်းတော့ ဖိနပ်တဖက်တွေလို့စိတ်ထဲမှာ မောင်မောင်တို့ကားကများလား၊ မောင်မောင့်ဖိနပ်များလား။ စိတ်ထဲတမျိုးလေးခံစားရလို့ ယောင်းမကိုမေးကြည့်တော့ ဟုတ်တယ် မောင်မောင့်ဖိနပ်တဲ့။ ဆင်ကြယ်ဖိနပ်ကလေးကို မကြီးကိုပြလိုက်တော့ မျက်ရည်ဖြေမဆည်နိုင်။ လူပျိုဘဝတုန်းက ကျော့မော့နေတဲ့မောင်မောင် ဆင်ကြယ်ဖိနပ်စီးနေတာမြင်တော့ အစ်မဖြစ်သူတွေ ရင်ထဲမချိဘူး။ အသုဘချတဲ့နေ့မှာ အပြင်းထန်ဆုံးခံစားရတာမို့လို့ ဆရာဝန်ခေါ်ထားရတယ်။ ဖြိုးက ငိုချလိုက် ငိုချလိုက် စိတ်ထဲထိန်းချုပ်မထားနဲ့။ အဖေနဲ့အမေက ဆို့နင့်နေလို့ တွဲယူရတယ်။ မောင်မောင့်ကို လူချစ်လူခင်များလို့ သူ့အသုဘ စည်ကားတယ်။ ဟိုင်းကြီး၊ ဖျာပုံ၊ ရခိုင်ဖက်ကတောင် အသုဘပို့ဖို့ လာကြတယ်။ ကိုယ်တို့ညီအစ်မ အဖေအမေရှေ့မှာ မငိုရဲဘူး အိမ်သာ၊ အိပ်ယာထဲမှာ ကျိတ်ငိုရတယ်။ နယူးယောက်မှာ ရုံးစတက်တဲ့နေ့ ရုံးကလူတွေ လာမေးကြလို့ မျက်ရည်ဖြေမဆည်နိုင်။
ခုမှပဲ တယောက်တည်း လွတ်လွတ်လပ်လပ် အားရပါးရ ငိုရတော့တယ်။ အဖိုး အသက် ၈၆ နှစ် ဘာရောဂါမှမရှိဘဲ လူကြီးရောဂါနဲ့ဆုံးတော့ မျက်ရည်တောင် မကျဘူး။ အဒေါ် ကင်ဆာနဲ့ဆုံးတော့ ဆုံးမယ်ဆိုတာသိ ကုသလိုက်ရတော့ နည်းနည်းဝမ်းနည်းတယ်။ မောင်မောင်ကျတော့ ရုတ်တရက်ကြီးဖြစ် ချစ်တဲ့မောင်လေးဆိုတော့ ရင်ထဲဝမ်းနည်းပက်လက် နာကျင်ကြေကွဲ တွေးမိတိုင်းနေ့တိုင်း မျက်ရည်ကျ ခန္ဓာကိုယ်ထဲက အစိတ်အပိုင်းတခု ဆုံးရှုံးသွားသလို ခံစားရတယ်။ ကိုယ်တောင် ဒီလောက်ခံစားနေရရင် အဖေ၊ အမေဆို ဘယ်လောက်ခံစားရလိုက်လေမလဲ။ တချိန်လုံး ငယ်ငယ်တုန်းကနေ ခုချိန်ထိ မောင်မောင့်အကြောင်း ရုပ်ရှင်ကြည့်နေသလို ပြန်မြင်နေပြီး မျက်စိထဲကကို မထွက်ဘူး။ မျက်နှာလေး ညှိုးငယ်ငယ်၊ မျက်ရည်လေးဝဲတဲတဲ၊ ထစ်ခနဲဆိုမျက်ရည်ကျလို့ တစ်ရှူးဆောင်ထားရတယ်။ ဒီလိုသာတချိန်လုံး မျက်ရည်ကျ ငိုနေမယ်ဆိုရင် မလွယ်ပါလား အနည်းဆုံးသုံးနှစ်တဲ့။ မစားနိုင် မအိပ်နိုင် ပုံမှန်လုပ်နေကျ အလုပ်တွေလည်း မလုပ်နိုင် ရုပ်ရှင်လည်းမကြည့် သီချင်းလည်း နားမထောင် စာလည်းမဖတ်။ နာနာမနာနာ တရားတချိန်လုံး ဖွင့်ထားရတယ်။ စိတ်နဲ့လူနဲ့မကပ် တယောတီးသင်တန်းရှိလို့ shoulder rest ၊ တယောစာအုပ်သယ်ပေမဲ့ တယောသယ်ဖို့လုံးလုံးမေ့။ ဒီလိုအချိန်မှာ တယောက်တည်းနေဖို့ မသင့်ဘူး။ တတ်နိုင်သမျှ သူငယ်ချင်းတွေနဲ့ တွေ့ဆုံဖို့ လုပ်ရတယ်။ ကျန်းမာရေးကို ဂရုစိုက်ရတယ် တယောက်တည်း မကျန်းမာရင် မလွယ်ဘူး။ စားမဝင်ပေမဲ့ ကုန်အောင် ဖြစ်ညှစ်ပြီးစားတယ်။ ဘုရားလက်ထက်တုန်းက ပဋ္ဌာစာရီ လင်သေ၊ သားသေ၊ မိဘမောင်ဘွားသေလို့ ရူးသွားတယ်ဆိုတာဟုတ်မှာ။ သေဆုံးသွားတဲ့သူတွေအကြောင်း ပြောလိုက်တိုင်း မျက်ရည်ဝဲတဲတဲ ဖြစ်တဲ့သူတွေကို ကိုယ်ချင်းစာတတ်ပြီ။ မောင်မောင် မရှိတော့ဘူးဆိုတဲ့ အတွေးနဲ့တင် အတော်ဝမ်းနည်းနာကျင်မိတယ်။ အငယ်ဆုံးဖြစ်တဲ့ မောင်မောင်ကတော့ ရှေ့ကသွားနှင့်ပြီ ကိုယ်တွေလည်း ဒီလမ်းကို တနေ့နောက်ကလိုက်ရမှာ။ မောင်မောင်က တရားပြသွားတယ် သေခြင်းတရားဆိုတာ အနီးကလေး။ ဘယ်အချိန် ဘယ်နေရာ ဘယ်လိုနေရာမှာ ဘယ်လိုကြုံတွေ့ရမလဲ။ တယောက်တည်း သွားရမဲ့ခရီးအတွက် အဆင်သင့်ဖြစ်ပြီလား။ မောင်မောင့်အတွက် ရည်စူးပြီး ကုသိုလ်ကောင်းမှုတွေ များများလုပ်ဖြစ်တယ်။ အစ်မတို့ပြုလုပ်သမျှ ဒါန၊သီလ၊ ဘာဝနာ ကုသိုလ်ကောင်းမှု အစုစုတို့ကို မောင်မောင့်အား ကုသိုလ် အမျှ အမျှ အမျှ ပေးဝေပါတယ်....ရောက်ရာဘုံဘဝကနေ သာဓု သာဓု သာဓု ခေါ်ဆိုနိုင်ပါစေ...ကောင်းရာသုဂတိရောက်ပါစေ...။
စန်းထွန်း
ဇွန် ၂၉ ၊ ၂၀၁၉ ။