နိုင်အာဂရာရေတံခွန်က ဂငယ်ပုံစံ အတွင်းဖက်ကို ကွေ့ဝင်နေတော့ အမေရိကန်ဖက်ကနေ သိပ်မမြင်ရဘူး။ သင်္ဘောနဲ့သွားကြည့်မှ သေသေချာချာ မြင်ရတယ်။ ကနေဒါဖက်ကတော့ အသေအချာမြင်ရတယ် ကနေဒါဖက်က မြင်ကွင်းပိုလှတယ် ဟိုတယ်တွေလည်း များတယ်။ အမေရိကန်နိုင်ငံသားတွေကတော့ ဗီဇာမလိုပေမဲ့ ကိုယ်တွေသွားရင် ဗီဇာလိုတော့ တံတားဖြတ်လိုက်ရုံပဲဆိုပေမဲ့ ကနေဒါဖက်ကို မရောက်ဖြစ်သေးဘူး။ နိုင်အာဂရာရေတံခွန်ကတော့ အမြဲတမ်းလူစည်ကားနေတာပါပဲ။ ကမ္ဘာ့အံဖွယ်ထဲကတစ်ခု အမေရိကန်မှာ မဖြစ်မနေသွားလည်သင့်တဲ့ နေရာတစ်ခုဆိုပါတော့။ ရေတံခွန်ဘေးနား တောင်အမြင့်လေးကို လူတွေတက်နေကြတာမြင်တော့ အမေ့ကို အောက်ခြေမှာစောင့်ခိုင်းပြီး တောင်ထိပ်တက်ကြတယ်။ လူသွားလမ်းလေးက ကျဉ်းကျဉ်းလေး တက်တဲ့ဆင်းတဲ့သူ တအားများတော့ ဓာတ်ပုံအေးအေးဆေးဆေး မရိုက်နိုင်ဘူး။ လျှပ်တပြက် အပြေးအလွှား ရိုက်ရတယ်။ လူရှင်းအောင် စောင့်ဖို့ကလည်း လူကဘယ်တော့မှ ရှင်းမှာမဟုတ်ဘူး။ ဓာတ်ပုံရိုက်နေရင် ဆင်းတဲ့သူတက်တဲ့သူတွေ အကုန်လုံး ရှေ့ဆက်မတိုးနိုင်တော့ ခပ်သုတ်သုတ်တက် ခပ်သုတ်သုတ်ရိုက်။ ကိုယ်တွေရိုက်နေတုန်း အိန္ဒိယအမျိုးသမီးတစ်ယောက် ခပ်တည်တည်ပဲ မပြောမဆို ကိုယ်တို့ဘေးမှာ ဝင်ရိုက်တယ်။ နည်းနည်းလေးမှ အားနာတဲ့ပုံလည်း မပြဘူး ဘယ်လိုဟာတွေပါလိမ့်။
ဓာတ်ပုံတွေကို ပြန်ကြည့်တော့ အတော်လေးလှနေတာ တွေ့ရတယ်။ နင်အရင်အခေါက် လာတုန်းကအဲဒီလို မရိုက်ဖူးဘူးမလား လာ ရိုက်ပေးမယ် သံဘောင်ကိုကျော်တက်။ မကြီးအကူအညီနဲ့ သံဘောင်ကိုအတော်လေး ဖက်တက်လိုက်ရတယ်။ ဓာတ်ပုံရိုက်လို့ မပြီးသေးခင်မှာပဲ လုံခြုံရေးယူနီဖောင်း ဝတ်ထားတဲ့ မိန်းကလေးက စက်ဘီးနဲ့ လုံခြုံရေးကင်းလှည့်နေတုန်း တွေ့သွားလို့ ခုဆင်းပါလို့ ပြောသွားတယ်။ ဓာတ်ပုံလှလှလေး တစ်ပုံရဖို့ဆိုတာ အချိန်လည်း ပေးရတယ် စိတ်လည်း အတော်ရှည်ရတယ်။ အမေက သမီးမျက်နှာတွေ နီလာသလိုပဲလို့ပြောတော့ ကိုယ့်ကိုနေရိပ်ထဲ အတင်းဝင်ခိုင်း။ နေပူထဲမှာ အကြာကြီး ဓာတ်ပုံရိုက်ခိုင်းတယ်ဆိုပြီး အမေက မကြီးကိုဆူ။ ကိုယ်ကလည်း ရောက်တုန်းရောက်ခိုက် ဓာတ်ပုံရိုက်ပေးမယ်ဆိုပြီး မကြီးကင်မရာကိုလု၊ မကြီးက ကိုယ့်ကိုနေရိပ်ထဲ အတင်းဝင်ခိုင်း၊ မကြီးက အမေ့ကို ဓာတ်ပုံရိုက်ပုံရိုက်နည်း သင်ပေးပြီးဓာတ်ပုံရိုက်။ ကိုယ့်မျက်နှာ နီလာတာ Butterfly rash ဖြစ်တာ လူးပက်စ် flare ဖြစ်တာလို့ခေါ်တယ်။ ၂၀၁၅ ဘော်စတွန်ခရူစ်စီးတုန်းက အမေကတော့ပြောသား သမီးမျက်နှာ နီလာသလိုပဲတဲ့။ နေပူလို့ဖြစ်မှာပါဆိုပြီး နေလိုက်တာ ညဖက်မျက်နှာသစ်တော့ မျက်နှာတခုလုံး နီရဲနေတာပဲ။ မျက်နှာတခုလုံး နီရဲယောင်ကိုင်းနေပြီး ညတိုင်းအဖျားနည်းနည်းတက်တယ်။ လူးပစ်ကြောင့် ပင်ပန်းလို့ ည ၉ နာရီဆိုရင် အိပ်ငိုက်နေပြီ။ အရေပြားဆရာဝန်နဲ့ သွားပြတော့ တော်တော်ပြင်းတဲ့ butterfly rash တဲ့။
ရုံးကလူတွေက sun burn ဖြစ်တယ်လို့ထင်ကြတယ် လူးပက်စ်ကြောင့်လို့ ရှင်းမပြတော့ဘူး။ ယောင်တာတွေ သက်သာသွားတော့ မျက်နှာတပြင်လုံး မည်းကျန်ခဲ့တာ တနှစ်လောက်ကုယူရတယ်။နေကာခရမ်အမြဲလိမ်း၊ လက်ရှည်၊ ဘောင်းဘီရှည်၊ ဦးထုပ်အမြဲဆောင်းပြီး နေအရမ်းပူတဲ့ နေ့လည်နေပူထဲမှာ အကြာကြီးနေတာကို ရှောင်ရတယ်။ နေ့လည်စာကို food court မှာစား အဲဒီ food court က အစားအစာတွေက ဈေးကြီးပြီး မကောင်းဘူး။ မနေ့ညက တရုတ်ဘူဖေးဆိုင်မှာ စားကောင်းလိုက်တာ ကိုယ်က ၁၆ ကျပ်ပဲပေးပေမဲ့ ၃၀ ဖိုးလောက် စားပလိုက်တော့ ဆိုင်ရှင်ရှုံးတာပေါ့။ နိုင်အာဂရာရေတံခွန်ကနေ အမေရိကန် အရှေ့ဖက်ခြမ်းကနေ အနောက်ဖက်ခြမ်းအထိ ကနေဒါနဲ့ကပ်လျက် ဖောက်ထားတဲ့ I 90 ဟိုင်းဝေလမ်းမအတိုင်း အရှေ့ဖက်စူးစူးကို ၂ နာရီလောက်မောင်းပြီး တောင်ဖက်စူးစူးကို ၁ နာရီလောက်မောင်းရင် မိုင် ၁၅၅ ဝေးတဲ့ Watkins Gen အမျိုးသားဥယျာဉ်ကို ရောက်ပါတယ်။ အွန်တေရီရိုရေကန် Lake Ontario အောက်ဖက် လက်ချောင်းကလေးလို ပုံသဏန်ရှိတဲ့ Finger Lakes ဒေသကို ဖြတ်ကျော်ခဲ့တယ်။ ရေကန်တွေ ပေါများလှတဲ့ အဲဒီဒေသဟာ အင်မတန်သာယာတယ်။ ကယ်လီဖိုးနီးယားက Napa Valley လို စပျစ်ခြံတော်တော်များများ တွေ့ရတယ်။ ဒီဒေသကထွက်တဲ့ ဘီယာ၊ ဝိုင်က နာမည်ကြီးပါသတဲ့။ Watkins Glen အမျိုးသားဥယျာဉ်က Gorge Trail က ပေ ၄၀၀ နက်ပြီး ပေ ၂၀၀ မြင့်တဲ့ ကျောက်ကမ်းပါးတွေကြားက စီးဆင်းနေတဲ့ မြစ်အတိုင်း ၂ မိုင်လောက် လမ်းလျှောက်ရပါတယ်။ အဆင်း ၁ နာရီလောက်ဆင်းရပြီး ပတ်ဝန်းကျင်ရှုခင်းက အင်မတန်သာယာတယ်။ ကိုယ်ကတော့ အဆင်းကိုတောင်မောလို့ အဖြူစုံတွဲတစ်တွဲဆို ကလေးငယ်လေးကို ကျောပိုးပြီး တောင်တက်လာတယ်။
လမ်းကလည်း လူတစ်ကိုယ်စာ သွားလောက်ရုံ။ မနှစ်က အဖေတို့နဲ့သွားတုန်းက တိုးဂိုက်က မြန်မြန်လျှောက်ရင် မိနစ် ၂၀ နဲ့တင် ရောက်တယ်ဆိုလို့ ဆင်းလိုက်တာ ၁ နာရီလောက် ဟိုက်နေအောင် ဆင်းခဲ့ရဖူးတယ်။ အမှန်ကတော့ ၂ မိုင်ဆိုတော့ ပုံမှန်လျှောက်နှုန်းနဲ့ဆိုရင် မိနစ် ၄၀၊ ခပ်မြန်မြန်လျှောက်ရင် နာရီဝက်လောက်နဲ့တင် ရောက်နိုင်ပါတယ်။ ကိုယ်က ခြေထောက်ကလည်းနာ ရှုခင်းတွေကလည်းလှတော့ ၁၀ မိနစ်လျှောက်ပြီးရင် ဓာတ်ပုံရိုက်တော့ ၁ နာနီနဲ့ ၁၀ မိနစ်လောက်ကြာတယ်။ မနှစ်ကလည်း ရောက်ဖူးတယ် လမ်းအရင်ကလို သိပ်မလျှောက်နိုင်တော့လို့ အမေ့ကို မဆင်းခိုင်းတော့ဘူး။ တိုးဘတ်စ်ကားက ကိုယ်တို့ချပေးခဲ့ပြီး တောင်ခြေမှာ စောင့်နေမှာ အမေ ဘတ်စ်ကားနဲ့ လိုက်သွားနော်လို့ အသေအချာရှင်းပြ ဖုန်းပေးပြီး တောင်ခြေကို ဆင်းကြတယ်။ ရှုခင်းတွေကလှတော့ ဓာတ်ပုံမရိုက်ဘဲမနေနိုင် ၁ နာရီနဲ့ ၁၀ မိနစ်အကြာ တောင်ခြေကိုရောက်တော့ တိုးဂိုက်မလေးက နင့်အမေကို မတွေ့တော့ဘူး ကားဒရိုင်ဘာလည်း လိုက်ရှာတာ နှံ့နေပြီ နင့်အမေ့ကို မတွေ့သေးလို့ ကားက တောင်ခြေကို ဆင်းမလာသေးဘူး နင့်အမေ့ကို ဖုန်းဆက်ပြီး ကားဆီကိုသွားပါလို့ပြောပါ။ တိုးဂိုက်စ်မလေးက ပြောတော့ ပင်ပန်းနေရတဲ့အထဲ အမေ့ကို စိတ်အရမ်းပူသွားလို့ လူကခွေလဲမလိုတောင် ဖြစ်တယ်။ အမေ့ကို ဖုန်းခေါ်တော့ ကလေးကစားကွင်းမှာတဲ့ ကားကိုပြန်သွားပါ ကားနံပါတ်ကို မှတ်မိလားဆိုတော့ မှတ်မိတယ် ၇၄၇တဲ့။ ကားဒရိုင်ဘာက အမေ့ကိုတွေ့ပြီ တောင်အောက်ကို ဆင်းလာပြီဆိုတော့မှ ဟင်းချနိုင်တော့တယ်။ အဲဒီလိုဖြစ်မှာစိုးလို့ အသေအချာ ရှင်းပြတာကို ခေါင်းတော့ညိတ်တယ် တော်သေးတယ် ဖုန်းကိုင်သေးလို့။
အမေက ဖုန်းမခေါ်တတ် ဖုန်းမကိုင်တတ်တာကို ကိုယ်တို့တွေက အားမလိုအားမရဖြစ်။ အဖေ့ကိုလည်း သင်ဖို့ပြော သင်ခိုင်း။ အဖေက သင်ပေးပေမဲ့ အမေက သိပ်မသုံးတော့ မေ့သွားပြန်ရော။ အဖေ့ကို အားကိုးလွန်းတော့ အဖေ့ကိုပဲ အားကိုးမနေနဲ့လို့ ပြောရတယ်။ မနှစ်က နိုင်အာဂရာရေတံခွန်မှာ ကိုယ်တို့ကို မစောင့်ဘဲ လျှောက်ကြည့်နေလို့ အဖေက လိုက်ခေါ်ရတယ်။ အမေ လမ်းလျှောက်တာ တကယ်မြန်တယ် ကိုယ်က ခြေထောက်နာနေလို့ အဖေ့ကို လိုက်ဖမ်းခိုင်းရတယ်။ အမေ ဘာလို့ သမီးတို့ကို မစောင့်ဘဲ သွားရတာလဲဆိုတော့ ကြည့်ချင်လို့တဲ့။ တချို့ငယ်တဲ့ ကလေးတွေကို ကြိုးပါတဲ့ ကျောပိုးအိတ်လေး လွယ်ပေးထားတယ် မိဘတွေက ကြိုးလေးဆွဲပြီး ထိန်းလို့ရတယ်။ အမေ့ကိုလည်း အဲဒီကျောပိုးအိတ် လွယ်ခိုင်းရမယ်လို့ပြတော့ ရယ်လိုက်ကြတာ။ ပတ္တရားသွားတုန်းကလည်း အမေက အဲဒီလို လျှောက်သွားလို့ မကြီးတို့မှာ စိတ်ပူပြီး လိုက်ရှာရတယ်။ သမီးတွေနဲ့ လူကွဲသွားလို့ ရဲကိုသွားပြောရင် အင်္ဂလိပ်စကားမပြောတတ် ကိုယ်တို့ဖုန်းနံပါတ်လည်း မသိ ဖုန်းလည်းမရှိတော့ ဘယ်လိုရှာမလဲ။ ကန်တက်ကီအိမ်ရှင်မက ရင်သားကင်ဆာ လမ်းလျှောက်ပွဲ မသွားခင် ၈ နှစ် လူးကတ်နဲ့ ၅ နှစ် ကက်သရင်းကို အမေ၊ အမေ နာမည်၊ ဒီနေ့ဝတ်ထားတဲ့ အင်္ကီျအရောင်၊ ဖုန်းနံပါတ်၊ အိမ်လိပ်စာ မေးတယ်။ အပြင်သွားရင် အဖေတို့ကို အိမ်လိပ်စာ၊ ဖုန်းနံပါတ်၊ နာမည်ပါတဲ့ စာရွက်လေး ထည့်ပေးထားတယ်။ လူကွဲသွားခဲ့ရင် ရဲဆီသွားပြီး အဲဒီစာရွက်လေးပြပြီး ဖုန်းခေါ်ခိုင်းဖို့ မှာထားရတယ်။
အဖေက လူရိပ်လူကဲသိတော့ စိတ်မပူရဘူး အမေက သူ့သားသမီးကလွဲရင် ကျန်တာတွေ စိတ်မဝင်စားတော့ စိတ်ပူရတယ်။ အမေ့ကို အဖေ့လောက် ညဏ်မကောင်းဘူးလို့ထင်တာ အမေက သူသွားခဲ့ဖူးတဲ့ နေရာတွေက အပင်တွေ၊ အဆောက်အဦးတွေကို အံ့သြစရာကောင်းလောက်အောင် မှတ်မိနေတယ်။ ကိုယ့်ဦးထုပ်ပြုတ်ကျတဲ့နေရာ၊ ခြံစည်းရိုးကိုကျော်ပြီး ဓာတ်ပုံရိုက်တဲ့နေရာကို ဂူကယ်မတ်နဲ့ကြည့်ပြီး အယ်မလေး အဲဒီနေရာက အမြင့်ကြီးပါလား ပြုတ်ကျရင်တော့ သေပြီဆရာဆိုပြီး အမြင့်ကြောက်တတ်တဲ့ မကြီးက ဓာတ်ပုံရိုက်တုန်းက မကြောက်ဘဲ ခုမှကြောက်နေလေရဲ့။ မြစ်ထဲလူပြုတ်ကျခဲ့ရင် ကယ်ဆယ်ဖို့အတွက် ရေစီးနှေးသွားအောင် လုပ်လို့ရတယ်၊ ညဖက်ရောက်ရင် ရေကိုပြောင်းပြန် စီးစေပြီး လျှပ်စစ်ဓာတ်အား ထုတ်တယ်၊ နိုင်အာဂရာရေတံခွန်ကို ၃ ယောက် ဖြတ်ဖူးတယ် တတိယမြောက်က အသက် ၆၅ နှစ်အရွယ် အမျိုးသမီး ကြောင်နက်ကလေးလည်း ပါသေးတယ်။ ရေတံခွန်ဖြတ်ပြီးတဲ့အခါ ကြောင်နက်ကလေးက ကြောင်ဖြူလေး ဖြစ်သွားတယ်လို့ တိုးဂိုက်မလေးက ရှင်းပြတယ်။ ကြောင်အနက်ကနေ အဖြူဖြစ်သွားတာ အရမ်းကြောက်သွားလို့ ဖြစ်ရမယ်။ ဇူလှိုင် ၅ တနင်္လာနေ့ ဝါရှင်တန်ဒီစီက ကယ်ပီတယ်၊ အာကာသပြတိုက်၊ ပတ်တိုးမတ်ခရူစ်၊ လင်ကွန်းမန်မိုရီယမ်၊ ပန်စယ်ဗေးနီးယားက လွတ်လပ်ရေးခေါင်းလောင်း၊ လွတ်လပ်ရေးအဆောက်အဦးတွေ အကြာင်းကတော့ နောက်ပို့စ်မှပဲ တင်ပါတော့မယ်။
Happy Traveling !
စန်းထွန်း
နိုဝင်ဘာ ၅၊ ၂၀၁၆။
4 comments:
တိမ်ပြာ (မနောမြေ)
မျှော်နေတာ အမ၇ယ်..ပိုစ့်များများတင်ပါ..။
ဆုမြတ်
စန်းထွန်းလေးပျော်နေလို့ ကို်ယ်လည်းပျော်ရတယ်။
မမအိုင်အိုရာ
Anonymous said...
ခုချိန်ထိ စာတွေရေးဖြစ်နေဆဲပဲနော်၊ အားကျမိပါတယ်
တိမ်ပြာ (မနောမြေ)
November 6, 2016 at 12:44 AM
Anonymous said...
မျှော်နေတာ အမရယ်..ပိုစ့်များများတင်ပါ..။
ဆုမြတ်
November 6, 2016 at 1:34 AM
Anonymous said...
စန်းထွန်းလေးပျော်နေလို့ကိုယ်လည်းပျော်ရတယ်။
မမအိုင်အိုရာ
November 11, 2016 at 2:17 PM
Post a Comment