ကိုယ့်မှာ ငယ်သူငယ်ချင်းရယ်လို့ သိပ်မရှိဘူး။ ကျောင်းတွေ ခဏခဏ ပြောင်းရ၊ ထုပ်ဆီးထိုးတမ်း၊ ကြိုးခုန်တမ်း ကစားရင် အငြင်းသန်၊ ရန်ဖြစ်ထားရင် စာရေးခုံကို စည်းတားထားပြီး နည်းနည်းလေးမှ မကျော်စေရ၊ ကိုယ်တို့ မောင်နှမတွေ၊ အိမ်နားက ကလေးတွေ အုပ်စုတောင့်တော့ ဆော့ကြတာများ ထမင်းမေ့၊ ဟင်းမေ့။ ကိုယ်တို့ ငယ်ငယ်တုန်းက ဆိုင်ကယ်တွေ၊ ကားတွေ မရှိသေးတော့ လမ်းမကြီးမှာ ကိုယ်တို့ကလေးတွေချည်းပဲ။ စာအံချိန်ဆို စာတော်တဲ့ ကျောင်းသားတွေက အတန်းရှေ့ထွက် ကျန်တဲ့ကျောင်းသားတွေက စာဆိုရတယ်။ ကိုယ့်ခေါင်းစည်းကြိုး၊ လွယ်အိတ်ကို ဆောင့်ဆွဲပြေးတတ်တဲ့ သကောင့်သားတွေကို ကိုယ်က စာလုံးဝ မထောက်ပေးဘူး။ ကိုယ် ငယ်ငယ်က တော်တော် ဆိုးဆိုးဝါးဝါးလေး။
တက္ကသိုလ်တက်တော့မှ ကိုယ့်မှာ သူငယ်ချင်းတွေ ရှိလာခဲ့တယ်။ ကျောင်းပြီးခါနီးတော့ ကိုယ့်သူငယ်ချင်းတွေနဲ့ ကိုယ့်ဇာတိမြို့လေးက တပေါင်းလဘုရားပွဲတော်ကို သွားလည်ကြတယ်။ ကိုယ်တို့နယ်ဖက်မှာတော့ တပေါင်းလဆန်း ၁ ရက်နေ့ကနေ လပြည့်နေ့အထိ ၁၅ ရက်တိုင်တိုင် ကျင်းပတဲ့ အဲဒီဘုရားပွဲတော်က အစည်ကားဆုံး။ ငယ်ငယ်တုန်းက မြို့ပေါ်ကိုလည်း အရောက်အပေါက်နည်းတော့ ဘုရားပွဲတော်ချိန်မှာမှ လိုအပ်တာတွေ ဝယ်ခြမ်းရတာ။ ခုခေတ် ကုန်စည်ပြပွဲလိုပေါ့။ ပွဲတော်နောက်ဆုံးနေ့ဆိုရင် ဈေးသည်တွေက ပြန်မသယ်ချင်တော့လို့ ဒစ်စကောက်နဲ့ရောင်းတော့ ဈေးဝယ်သူတွေနဲ့ ကြိတ်ကြိတ်တိုး စည်တယ်။
သဲသောင်ဖြူဖြူ၊ ပင်လယ်ပြာပြာ၊ အုန်းပင်စိမ်းစိမ်း၊ သာယာအေးချမ်းတဲ့ ကိုယ်တို့မြို့လေးကို ကားလမ်းမပေါက်ဘူး။ ရေလမ်းခရီး သင်္ဘောနဲ့သွားရတာဆိုတော့ ပင်လယ် မမြင်ဘူး၊ သင်္ဘောမစီးဖူးတဲ့ ရန်ကုန်သူ ကိုယ့်သူငယ်ချင်းတွေအတွက် အတွေ့အကြုံသစ်။ ဖော်ရွှေပျူငှာ ရိုးသားကြတဲ့ နယ်သားတွေကို သဘောကျမဆုံး။ သန့်ရှင်းလက်ဆတ်တဲ့ ပင်လယ်လေကို ရှုရှိုက်ပြီး သန့်ရှင်းလတ်ဆပ် ဆီနည်းတဲ့ တောဟင်းတွေက ခံတွင်းမြိန်လွန်းလို့ သူတို့တသက် မမေ့နိုင်တဲ့ ခရီးလေးပါတဲ့။ အမှတ်မထင် ဘွားကနဲ တွေ့လိုက်ရပြီး နောက်ထပ်ဘယ်တော့မှ မတွေ့တော့ပေမဲ့ ကိုယ်တို့တွေ အမှတ်တရ ရှိနေတတ်တဲ့ သူတစ်ယောက်ကို အဲဒီခရီးစဉ်မှာပဲ ဆုံတွေ့ခဲ့တယ်။
ဒီအသံ သေချာပါတယ် ကိုယ် ရင်းရင်းနှီးနှီးကို သိတာ။ ဆိုင်ကယ်ကို ဖေဖေ့လက်ထဲထည့်ပြီး မှောင်ရိပ်ထဲက အသံရှင်ကို ဘယ်သူလဲလို့ စူးစမ်းနေတုန်း အလင်းရောင်ထဲမှာ မြင်လိုက်ရသူက
ကိုသက်...
သူ့ကို မှတ်မိလို့ ကျေကျေနပ်နပ် နှစ်နှစ်ခြိုက်ခြိုက် ပြံပြုံးတယ်။ သူ့အပြုံး၊ သူ့မျက်ဝန်း၊ သူ့မျက်နှာ ငယ်ငယ်ကအတိုင်း ဘာဆိုဘာမှ မပြောင်းလဲပါလား။ အဲ အရပ်တော့ တော်တော်ရှည်လာတယ်။
နေ့လည်ကတောင် တစ်ခေါက် လာသေးတယ်။ ဘုရားပွဲက ပြန်မရောက်သေးဘူးဆိုလို့။ သူငယ်ချင်းတွေ ခေါ်ခဲ့လေ။ လက်ဖက်ရည်ဆိုင်သွားပြီး အေးအေးဆေးဆေး စကားပြောရအောင်။ ဦး ကျွှန်တော်တို့သူငယ်ချင်းတွေ လက်ဖက်ရည် သွားသောက်မလို့။ အပြန်ကျရင် ကျွှန်တော် လိုက်ပို့ပေးမှာပါ နောက်ကျရင် စိတ်မပူပါနဲ့။ ကိုယ်တို့မြို့က သုံးဆိုင်တည်းသော လက်ဖက်ရည်ဆိုင်တွေထဲမှာ ကိုယ့်အိမ်နဲ့အနီးဆုံး၊ ကိုယ်တို့နဲ့ ကျောင်းအတူတူ တက်ဖူးတဲ့ မမအေးဆိုင်မှာ ထိုင်ကြတယ်။
ကျွှန်တော် ကိုသက်ပါ။ သူနဲ့ အထက်တန်းကျောင်း အတူတူ တက်ခဲ့တာ။ သချာၤမေဂျာနဲ့ အဝေးသင် တက်နေတာ ဒီနှစ်ဆို ဘွဲ့ရပြီ။ ဋ္ဌာနမှုးရဲ့ ပီအေဆိုတော့ ဋ္ဌာနမှုးသွားတဲ့နောက် လိုက်နေရတာ။ မမအေးက မင်းရောက်နေတယ်လို့ ပြောလို့။ ကိုကို (ကိုယ့်မောင်လေးရဲ့သူငယ်ချင်း) ကတောင် ခုပဲ ဘုရားပေါ်တက်သွားတယ်ပြောလို့ ကိုယ် လိုက်ရှာသေးတယ်။ သြော် ကိုယ်တို့က အဆင်းကို တခြားဖက်က ဆင်းတာ။ ဘုရားပွဲက လူတအားများတယ် ရှာဖို့ မလွယ်ဘူး။ လူကွဲသွားရင်၊ လူပျောက်သွားရင် ကြီးကြပ်ရေးမှုးရုံးကိုသွားပြီး လော်စပီကာနဲ့ အော်ခိုင်းရတယ်။ ညနေစောင်း မင်းအိမ်ကို တစ်ခေါက် ရောက်သေးတယ်။ မင်းတို့ မရောက်သေးဘူးတဲ့။ ၉ တန်း စာမေးပွဲနောက်ဆုံးနေ့မှာ ဖေဖေ လာခေါ်လို့ ရန်ကုန်ကို ကိုယ်ပြောင်းသွားကတည်းက သူနဲ့ မတွေ့တော့။ ၇ နှစ်၊ ၈ နှစ် လောက် ရှိပြီပဲ။
ကိုယ်တို့ခွဲခွာတုန်းက အထက်တန်းကျောင်းသားအရွယ်။ ခုပြန်တွေ့ကြတော့ တက္ကသိုလ်ကျောင်းသားအရွယ်။ စီးကရက်ကို မီးညှိ မီးခိုးငွေ့တွေကို ပါးစပ်ကနေ မှုတ်ထုတ်ရင်း ကိုယ်မသိတဲ့ သူ့ဘဝအကြောင်း ပြောပြတယ်။ သူ့အမေနဲ့ စကားများပြီး ရန်ကုန်ကို ထွက်ခဲ့တယ်။ ပိုက်ဆံမရှိလို့ထမင်းငတ်ခဲ့တဲ့နေ့တွေ၊ အိမ်မပြန်ဘူး ဖြစ်လာသမျှ ခါးစည်းခံမယ်ဆိုပြီး မာနနဲ့ ကြိုးစားရုန်းကန်ခဲ့တာတွေ၊ အလုပ်ထဲက အခက်အခဲတွေ၊ သူ နေမကောင်း တော်တော်ဖြစ်တာ သူ့မေမေကသိသွားလို့ ငိုယို အိမ်ကိုပြန်ခဲ့ဖို့ခေါ်တော့မှ စိတ်မကောင်းဖြစ်၊ မိခင်ကိုလည်း သနား၊ နေမကောင်းလို့ အိမ်လွမ်းနေတာဆိုတော့ အိမ်ပြန်ခဲ့ပါတယ်တဲ့။
ထိုင်ခုံပုပုလေးမှာ ထိုင်ရတာကြာလို့ ညောင်းညာပေမဲ့ သူ ပြောတာတွေကို စိတ်ဝင်တစား နားထောင်ကြတယ်။ ဇင်ယော်တောင်ပံမျက်ခုံး၊ ဆံနွယ်ခွေခွေ၊ ပြုံးလိုက်ရင် ကြယ်ကလေးတွေလို တောက်ပတတ်တဲ့ မျက်ဝန်းညိုညို၊ ကြီးမားပြန့်ကားတဲ့ နားရွက်၊ ပါးစပ်နားရွက်ချိတ်မတတ် နှစ်နှစ်ခြိုက်ခြိုက် ပြုံးတတ်တဲ့ အပြုံး၊ အသားညိုညို၊ အရပ်ရှည်ရှည်၊ အားလုံးက ချစ်ခင်အောင် ပြောဆိုတတ်တဲ့ သူ့ကို ငေးကြည့်ရင်း သူ အရင်အတိုင်း မပြောင်းလဲပါလားလို့ တွေးနေမိတယ်။ စီးကရက်တွေ တလိပ်ပြီးတလိပ်သောက်လို့ ခိုင်မေက ဆေးလိပ်လျှော့သောက်ဖို့ပြောတော့ သူ ဆေးလိပ်ဖြတ်ဖို့ ကြိုးစားနေတယ် ဆေးလိပ်ဖြတ်ခိုင်းမဲ့ ကောင်မလေးမရှိဘူးတဲ့။ မမအေးက ဆိုင်ပိတ်တော့မယ်လို့ ပြောလာတော့မှ ကိုယ်တို့စကားဝိုင်း သိမ်းတယ်။ ဟုတ်ပါရဲ့ လမ်းသွားလမ်းလာတွေလည်း ရှင်းလို့ တမြို့လုံး အိပ်မောကျနေကြပြီ။ လက်ဖက်ရည်ဖိုးကို အိမ်ရှင်ဖြစ်တဲ့ ကိုယ်က ပေးမယ်၊ သူက ပေးမယ်လို့ ငြင်းခုန်ကြတာ မမအေးက ဘယ်သူမှ မပေးနဲ့သူ ဒကာခံတယ်လို့ပြောမှ ငြင်းခုန်တာ ရပ်တော့တယ်။
ရန်ကုန်အိမ် ဖုန်းနံပါတ်ကို ကိုယ်ရွတ်ပြပေမဲ့ သူ မှတ်မိမယ်မထင်။ နယ်တွေကို လှည့်လည်သွားလာ နေရတဲ့သူတစ်ယောက် ဖုန်းဆက်ပါ့မလား။ ပြီးတော့ သူနဲ့ကိုယ်က အဲဒီလောက် ခင်မင်ရင်းနှီးခဲ့ကြတာ မဟုတ်ဘူးလေ။ မြို့ကြီးတွေထက် လေထုညစ်ညမ်းမှုနည်းတော့ နယ်မြို့လေးရဲ့ ညချမ်း ကောင်းကင်ယံမှာ ကြယ်ရောင်စုံ လင်းလက်နေတယ်။ လပြည့်ခါနီးမို့ လရောင်ရွှန်းမြနေသလို တပေါင်းညချမ်းတွေမှာ လေညှင်းလေးက အေးစိမ့်စိမ့်လေး တိုက်ခတ်နေတယ်။ သူနဲ့ ဒီမှာ ပြန်တွေ့လိမ့်မယ်လို့ ကိုယ် ဘယ်လိုမှ မထင်ထားဘူးဆိုတော့ သူလည်းပဲတဲ့။ နက်ဖြန်ဆို ဒီမြို့လေးက ထွက်ခွာရမယ် လုံခြုံရေးကြောင့် ဘယ်မြို့ဆိုတာ သူ့မှာ ပြောခွင့်မရှိပါဘူးတဲ့။
ကိုယ်တို့စိတ်ဝင်စားတဲ့ ကောင်လေးတွေ၊ မိသားစု၊ ရည်မှန်းချက်၊ စိတ်ကူးယဉ် အိမ်မက်တွေ၊ ကြိုက်တဲ့ အစားအသာက်၊ စာအုပ်တွေ၊ ခံယူချက်တွေ၊ ယုံကြည်ချက်တွေ ကိုယ်တို့သူငယ်ချင်းတွေကြားမှာ ဘယ်လျှို့ဝှက်ချက်မှ ရှိမနေခဲ့ဘူး။ မင်း ကိုသက်အကြောင်း ကိုယ်တို့ကို တခါမှ မပြောပြဖူးဘူးနော်။ တကယ်တော့ သူဟာ ကိုယ့်ဘဝမှာ အမှတ်တမဲ့ ရှိနေခဲတဲ့လူတစ်ယောက် အဲဒီနေ့မတိုင်ခင်ကပေါ့။ အဲဒီညကတော့ ကိုယ် အထက်တန်းကျောင်းသူဘဝတုန်းက အမှတ်တမဲ့ ရှိခဲ့ဖူး ၊ အတန်းတူ၊ ကျူရှင်တူ၊ အိမ်နီးနားချင်းဆိုပေမဲ့ သူငယ်ချင်းမဖြစ်၊ ကိုယ်ရဲ့ ရှားပါးလှတဲ့ ငယ်သူငယ်ချင်းတွေထဲက တစ်ယောက်ဖြစ်တဲ့ ကိုသက်အကြောင်း ကိုယ့်သူငယ်ချင်းတွေကို ပြောပြခဲ့တယ်။
အဲဒီအချိန်တုန်းက ကိုယ်တို့မြို့မှာ မြို့ကျောင်းတက်တဲ့သူ မရှိသလောက်ဘဲ။ မြို့မှာ ကျောင်းကောင်းကောင်း၊ ကျူရှင်ကောင်းကောင်းရှိတော့ မြို့ပညာရေးက နယ်မှာထက်တော့ သာတယ်။ ပညာရေးကို အလေးထားတဲ့ ဖေဖေက မမကြီး ၉ တန်းရောက်တော့ မြို့ကျောင်း သွားထားတယ်။ ကိုယ်တို့မြို့မှာ မြို့ကျောင်းသွားတက်တာ မမကြီးက ပထမဆုံး။ ဆယ်တန်းကို နှစ်ချင်းပေါက်အောင်တဲ့အပြင် ဂုဏ်ထူးထွက်တော့ ကိုယ့်အလှည့်ရောက်ရော ၈ တန်းနှစ်ကတည်းက မြို့ပို့တယ်။ မမကြီး တက်ခဲ့တဲ့ ကျောင်းက မြို့ပေါ်မှာ နာမည်အကြီးဆုံးကျောင်း၊ အောင်ချက်ကောင်းသလို၊ စည်းကမ်းကြီး၊ ဝင်ခွင့်ခက်တယ်။ မမကြီးရဲ့ ညီမဆိုတော့ ဝင်ခွင့် အခက်အခဲမရှိဘူး။
ကိုယ်တို့မြို့လေးမှာ ပထမဆုရခဲ့ပေမဲ့ မြို့ရောက်တော့ နောက်ဆုံးခန်း အီးခန်းပဲ ရတယ်။ တော်မှ အေခန်း ဝင်ခွင့်ရမယ်တဲ့။ ဖေဖေ့မိတ်ဆွေရဲ့အသိ ဆရာမအိမ်မှာ ထမင်းလခပေးနေတယ်။ မမအေးက ၁၀ တန်း ကိုယ်နဲ့ တအိမ်တည်း အတူတူနေ၊ ကျောင်းအတူတူ တက်တယ်။ ဆရာမက အရင်တုန်းက ကိုယ်တို့ကျောင်းမှာ အင်္ဂလိပ်စာ သင်တာ။ ခုတော့ တောင်ပေါ်ကျောင်းမှာ သင်တယ်။ အင်္ဂလိပ်စာသင်တာ အရမ်းကောင်းတယ်။ အင်္ဂလိပ်စာကျူရှင်မှာ ကိုယ်တစ်ယောက်တည်း မိန်းကလေး။ ကိုယ်တို့ကျူရှင်ဝိုင်းမှာ ကိုသက်၊ ကျော်သူရဆိုတဲ့ တရုတ်ကလေး၊ အက်တန်ကွတ်ချာနဲ့တူတဲ့ ခပ်ချောချော ကောင်လေး၊ ကိုယ်မမှတ်မိတဲ့ နောက်ထပ်နှစ်ယောက်။
ကျော်သူရက အင်္ဂလိပ်စာတော်တယ်။ အင်္ဂလိပ်စာညံ့တဲ့ ကိုယ်က ယက်ကန်ယက်ကန်။ ဝါးရုံစာအုပ်ဆိုင်က Grammer စာအုပ်တွေဝယ်ပြီး လေ့ကျင့်ရတယ်။ မြို့မှာ ဆော့ဖို့သူငယ်ချင်းမရှိ၊ ဆော့ရမဲ့အရွယ်လည်း မဟုတ်တော့ စာကြိုးစားဖြစ်တယ်တော့ အတန်းထဲမှာ အမြဲပထမရတယ်။ နှစ်ဝက်စာမေးပွဲမှာ အတန်းငါးခန်းလုံးရဲ့ ပဋ္ဌမရတော့ အေတန်းကကောင်တွေ ဘယ်သူလဲလို့ လာကြည့်တယ်။ ၉ တန်းနှစ်ရောက်တော့ အေခန်းရောက်သွားတယ်။ တနယ်လုံးက ကျောင်းသားတွေ ပြောင်းလာလို့ကျောင်းသားတွေ အရမ်းများသလို တော်တဲ့သူတွေများတယ်။ အေခန်းက ကောင်မလေးတွေ၊ မြို့သူတွေက ဘာလို့ဒီလောက် လှကြပါလိမ့်။ ကိုယ်က အသားမည်းမည်း၊ ဘိုကေဆံပင်၊ နားကပ်တွဲလောင်း၊ ရှပ်အင်္ကျီ၊ စကပ်ကားကား၊ သနပ်ခါးဘဲကြား။
ကိုယ်တို့ကျောင်းက ၈ တန်းအထိ စကပ်ဝတ်လို့ရတယ်။ ၉ တန်းရောက်တော့ ရင်ဖုံးအင်္ကျီ၊ ထမီ ဝတ်ရတယ်။ ထမီကို ခပ်ရှည်ရှည် ဖုန်သိမ်းနေအောင် ဝတ်တဲ့စတိုင် ခေတ်စားတယ်။ ကျောင်းပေါက်ဝမှာ စည်းကမ်းထိန်းသိမ်းရေးမှုးက တုတ်တစ်ချောင်းနဲ့ ရှပ်အင်္ကျီ ရင်ဘတ်ကြယ်သီး ဖြုတ်ထားတဲ့ ကျောင်းသား၊ သနပ်ခါးပါးကွက် ကွက်တဲ့ကျောင်းသူ၊ ပုဆိုး ချက်ပြုတ်၊ ထမီကို ဖုန်သိမ်းနေအောင် ဝတ်တဲ့သူတွေကို တုတ်နဲ့ရိုက်တယ်။ ကျောင်းတံခါးဝ မရောက်ခင် မျက်နှာက သနပ်ခါးပါးကွက်တွေကို လက်နဲ့ပွတ် ဖျက်ရတယ်။ စည်းကမ်းထိန်းသိမ်းရေးမှုး ရှေ့မရောက်ခင် ကောင်လေးတွေက ချက်ပြုတ်ပုဆိုး၊ ကောင်မလေးတွေက ထမီတိုတို ပြန်ဝတ်ကြပြီး သူကျော်သွားရင် ချက်ပြုတ်၊ ဖုန်သိမ်းကြပြန်ရော။ စည်းကမ်းထိန်းသိမ်းရေးမှုး ကျောင်းကို လှည့်နေတုန်း ပြင်ဝတ်ဖို့အချိန်မမှီလို့ မိသွားရင်တော့ ခြေသလုံးကို ခပ်စပ်စပ်ကလေး ရိုက်တယ်။
မင်းတို့အစ်မတွေလက်ထက်တုန်းက ထမီက တိုတာများ ဒူးအထက် ရောက်တယ်။ ထမီဝတ်တာ စကပ်ဝတ်တာလား ထင်ရတယ်။ ငါရှေ့ရောက်ရင် နည်းနည်းရှည်သွားပြီး ငါ့ကွယ်ရာမှာ တိုသွားပြန်ရော။ ဟော... မင်းတို့လက်ထက်လည်း ရောက်တော့ ရှည်တာများ တံမြက်စည်းလှည်းစရာ မလိုဘူး။ ထမီက လှည်းပေးသွားမလား မှတ်ရတယ်။ သြော် ခေတ်...ခေတ် ။ စတိုင်ကျတာထက် ထမီညစ်ပတ်လို့ ကိုယ်က ထမီရှည်ရှည် ဖုန်သိမ်းမဝတ်သလို သူကလည်း ချက်ပြုတ်မဝတ်ဘူး။ လူပျိုပေါက်၊ အပျိုပေါက် အရွယ်ဆိုတော့ ကျောင်းဆင်းရင် စာလိုက်ပေးတာ၊ ကျူရှင်အသွားမှာ လိုက်စကားပြောကြပမဲ့ သူ ဘယ်ကောင်မလေးနောက်လိုက်တာ မတွေ့ဖူးဘူး။
သူတို့အိမ်ရှေ့မှာရောင်းတဲ့ တွန်းလှည်းသည်ဆီက ဆီးသီး၊ ခေါက်မုန့်သွားဝယ်ရင် ကုလားမလို့ ကိုယ့်ကို လှမ်းအော်တယ်။ ဒေါပွတဲ့ ကိုယ်က မျက်စောင်းထိုး နင်ကမှ တကယ့် ကုလားအစစ်လို့ ပြန်အော်တယ်။ အေတန်းက ကောင်တွေကိုကျော်ပြီး အဆင့်ငါးရတာ ဘယ်သူလဲကွလို့ သူမသိသလို ဘာလိုလိုနဲ့သူ့သူငယ်ချင်းတွေကို မေးရင် ကိုယ်က နင် နာမယ်ဆိုတဲ့ပုံစံနဲ့လက်သီးထောင်ပြတယ်။ မနက် ၇ နာရီ ကျူရှင်မတက်ခင် အိမ်နားက မုန့်ဟင်းခါးဆိုင်မှာဆုံရင် စကားဘယ်တော့မှ မပြောဘူး။ အတန်းထဲမှာလည်း သူက သူ့အုပ်စုနဲ့သူ။ ကိုယ်က ကိုယ့်အုပ်စုနဲ့ကိုယ်။
သူက အေခန်းကပေမဲ့ စာကြိုးစားတဲ့သူတစ်ယောက် မဟုတ်ဘူး။ ဘဝဆိုတာ တိုတိုလေးကွ စာတွေကိုပဲ ဖိလုပ်နေလို့ သူငယ်ချင်းတွေနဲ့ မပျော်လိုက်ရရင် အသက်ကြီးလာလို့ အထက်တန်းကျောင်းသားဘဝတုန်းက ဘာမှအမှတ်တရ မရှိပါလားလို့ တွေးမိရင် ဝမ်းနည်းစရာကြီး။ နင် ဘယ်လောက်ကြိုးစားကြိုးစား အဆင့်တစ် မရဘူး။ နင့်ထက် တော်တဲ့သူတွေ အများကြီး။ သူများနဲ့ မပြိုင်နဲ့ ကိုယ့်ဘာသာပြိုင်။ ကြိုးစားသင့်သလောက် ကြိုးစား ပျော်သင့်သလောက် ပျော်ပါကွလို့ ဆုံးမသလိုမျိုး စကားအတည်အတံ့ပြောရင် စာမကျက်ချင်တဲ့ ဆင်ခြေဆင်လက်တွေလို့ ကိုယ်က မဲ့ရွဲ့တယ်။
သူပြောတာလည်း ဟုတ်ပါတယ်။ ကိုယ် အသေအကြေ ကြိုးစားပေမဲ့ အဆင့်တစ်မပြောနဲ့ အဆယ့် ၂၀ တွင်းတောင် မဝင်ဘူး။ စာတော်တဲ့သူတွေ ကြည့်လိုက်ရင် အေးအေးဆေးဆေးနဲ့ သူ တို့လို ဦးနှောက်မျိုးလေး လိုချင်လိုက်တာ။ စာစီစာကုံး ရေးပြီးပြီလားလို့ လာမေးရင် ကိုယ်ရေးထားတာတွေ ပြ။ သူက ဖတ်ပြီး နင့်စာစီစာကုံးက စာစီစာကုံးစာအုပ် သုံးလေးအုပ်ထဲကဟာတွေ ကူးထည့်ထားတာပဲလို့ မှတ်ချက်ပေးရင် အေး ငါက ကူးပဲကူးတတ်တယ် နင့်ဘာသာ စဉ်းစားပြီးရေးလို့ စာအုပ်ကို ပြန်ဆွဲပြီး ဘုတောတယ်။ အန်တီဆွေက ကိုသက် ဘာလာလုပ်တာလဲ။ စာစီစာကုံး အိမ်စာပေးထားတာ သမီးရေးထားတာ လာဖတ်ပြီး ကူးချသလေး ဘာလေးနဲ့ လေကျယ်နေလို့ နင့်ဘာသာရေးလို့ ဘုတောလွှတ်လိုက်တာလို့ မကျေမနပ်တိုင်ရင် အန်တီဆွေက ရယ်ရယ်မောမောနဲ့ မှတ်မိပါတယ် အတူးရေ... မှတ်မိပါတယ် အသက်ရေ...ငယ်ကကျွှမ်းတဲ့ ငယ်ကျွှမ်းဆွေ စသလို နောက်သလို ဆိုတတ်တယ်။
သမ္မတရပ်ကွက်ဖက်မှာ ဘိုင်အိုကျူရှင်တက်ပြီး ပြန်လာရင် ည ၉ နာရီထိုးပြီဖို့ တလမ်းလုံးက အိမ်တွေ တံခါးတွေပိတ် မီးတွေပိတ်ကြပြီ။ သရဲခြောက်တယ်လို့ နာမည်ကြီးတဲ့လမ်းကို ဖြတ်တဲ့အချိန် မီးရောင်မရှိရင် လွယ်အိတ်ကို စလွှယ်သိုင်းလို့ တဖုန်းဖုန်းမြည်အောင် ပြေးတော့တာပဲ။ မီးရောင်လက်လို့ သူ့အဘွားအိမ်ရှေ့ ဈေးဆိုင်လေးထဲမှာ သူ့ကို တွေ့ရင်တော့ အကြောက်ပြေပြီး အပြေးရပ်တော့တယ်။ ကျောင်းက သိမ်ထဲမှာ ဆွမ်းတော်ကပ်ဖို့၊ ပန်းလဲဖို့၊ သန့်ရှင်းရေးလုပ်ဖို့ ကိုယ်တို့အခန်းက အလှည့်ကျရင် မိန်းကလေးအများစုက သစ်သီးတွေ၊ မုန့်တွေ ယူလာပြီး ကပ်ကြတယ်။ ဘုရားဝတ်ပြုပြီးလို့ ဆွမ်းတော်စွန့်ရင် ကိုယ်ကပ်တာကိုယ်စွန့်ဆိုပေမဲ့ အကောင်းဆုံးမုန့်တွေကို ကောင်လေးတွေက စွန့်သွားတာများတယ်။ ကိုယ်မုန့်က သူ့လက်ထဲမှာ ပြန်တောင်းတော့ ပတ်ပြေးတယ်။
ဒေါသထွက်လို့ နင် ထမင်းရည်သောက်တဲ့အကောင်လို့ အော်ရင် ဟင် ထမင်းရည်သောက်တာများ အဆန်းလုပ်လို့ လူတိုင်း ထမင်းရည်သောက်တာပဲ။ ကိုယ် ဆိုလိုချင်တာက သူ ငယ်ငယ်တုန်းက သူ့အမေက ရုံးသွားနေတုန်း နို့မတိုက်နိုင်(အဲဒီခေတ်တုန်းက နို့ဗူးတွေက အရမ်းဈေးကြီးတယ်) ။ မိခင်နို့အစား ထမင်းရည်ကို ထန်းလျက်နဲ့ တိုက်ရတယ်လို့ အန်တီဆွေပြောတာ ကိုယ် နားစွန်နားဖျား ကြားဖူးထားတော့ သူ့ကိုနှက်တာ ဒင်းက စိတ်မတိုတဲ့အပြင် ဒင်းကို ဟာဒယရွှင်ဆေး တိုက်ကျွှေးသလို။ ကိုယ် လမ်းလျှောက်နေတုန်း သူ စက်ဘီးဖြတ်သွားရင် ကိုယ့်ဆံပင်ကို ဆွဲသွားတတ်တယ်။ သူ့နောက်ကျောကို ခဲလုံးနဲ့ထုရင် လျှာထုတ်ပြ ပြောင်ပြတယ်။
ဗျာဒိတ်ပေးဘုရားကြီး ရပ်ကွက်တိုင်းကို လှည့်လည်အပူဇော်ခံရင် ကိုယ်နေတဲ့လမ်းက မဲနှိုက်စရာ မလိုဘူး။ ဘုရားကြီးအလှုရှင်က ကန်လမ်းကဆိုတော့ အထူးအခွင့်အရေးအဖြစ် ကန်လမ်းက ပထမဆုံး ပင့်ဆောင်တယ်။ သူတို့အိမ်ရှေ့မဏ္ဍပ်ထိုးတော့ မနက်စောစော ဘုရားကြီးကို ပန်းသွားကပ်ရင် အလှုရှင်တွေက ကျွှေးမွှေးတယ်။ ကိုယ်ကြိုက်တဲ့ ဘဲသားဆန်ပြုတ်ဆိုတော့ အသားကုန်တီးနေတုန်း ကြိတ်လှချည်းလားဟ သုံးပန်းကန်တောင် သိလား ဒီမဏ္ဍပ်တစ်ခုလုံးမှာ နင် အတီးဆုံးဟ ဂုဏ်ယူပါတယ်ဟာလို့ အနားလာလှောင်ရင် ငါ့ပါးစပ်နဲ့ ငါစားတာ နင့်ပါးစပ် ငှားစားလို့လား သူများ စားနိုင်တာကို မနာလိုမဖြစ်နဲ့လို့ လေသံတိုးတိုးနဲ့ ရန်ထောင်ရင် ထုံးစံအတိုင်း သူက တဟားဟား။
ဘုရားကြီးတက်၊ ကမ်းနားလမ်းတလျှောက် စက်ဘီးတွေကို ပြိုင်စီး၊ ဆောင်းရာသီဆို ကမ်းနားလမ်းတလျှောက် ပိတ်ဖွင့်တဲ့ ညဈေးတန်း မုန့်ဆိုင်တွေမှာ မုန့်တီ၊ အကြာ်သွားစား၊ ဈေးကြီးမှာ လျှော့ပင်းထွက်ကြပေမဲ့ သူမဟုတ်တဲ့ သူငယ်ချင်းတွေနဲ့။ ဧရာဝတီတိုင်းရဲ့ မြို့တော်ဆိုပေမဲ့ လျှပ်စီးမီး မှန်မှန်မရ၊ မြဝတီကလွှင့်တဲ့ ပိုးမင်းသားနဲ့ သိုင်းဝိညာဉ် ရုပ်သံဇာတ်လမ်းတွဲလောက်သာ ကြည့်စရာရှိ၊ တိုင်းမဂ္ဂဇင်းဝယ်ပြီး စာအုပ်အဖုံးကပ်၊ နယ်မှာ ကျန်းမာသလောက် မြို့ရောက်မှ တရှောင်ရှောင်ဖြစ်လို့ ဆေးခန်း ခဏခဏသွားရ၊ ဝါတွင်းဆို အဘွားတို့နဲ့ ဥပုသ်စောင့်၊ စက်ဘီးတစီးရှိရုံနဲ့ တမြို့လုံး ပတ်နိုင်တဲ့ ကိုယ်ရဲ့ အထက်တန်းကျောင်းသူဘဝက ဘာမှမထူးခြားလှဘူး။ သူ့စာအုပ်ဖုံးမှာ "အတ္တဟိ အတ္တဟော နာထော"လို့ ရေးထားတယ်။ အဲဒီတုန်းက အပြင်စာအုပ် သိပ်မဖတ်တော့ ဘာမှန်းမသိ။ ဘုရားဟောတဲ့စကား "မိမိကိုယ်သာ ကိုးကွယ်ရာ"လို့ အဓိပ္ဗါယ်ရတယ်လို့ အန်တီဆွေ ပြောပြတယ်။ သူ့တို့မျက်စိရှေ့မှာ ကြီးပြင်းခဲ့သူမို့ အန်တီဆွေတို့က သူ့ကို ချစ်ကြတယ်။ သူဟာ ကိုယ့်ကို အမြဲစိတ်တို၊ ဒေါသထွက်အောင် လုပ်တဲ့ ကောင်ဆိုးလေးတစ်ယောက် အဖြစ်သာ မြင်မိတယ်။
၉ တန်း စာမေးပွဲနောက်ဆုံးနေ့မှာ ကိုယ့်ဖေဖေ လာခေါ်လို့ ရန်ကုန်ကို ပြောင်းရတယ်။ သူငယ်ချင်းတွေနဲ့ ဝင်းချစ် ဓာတ်ပုံဆိုင်မှာ ဓာတ်ပုံရိုက်၊ ရုပ်ရှင်ကြည့်ဖို့ ချိန်းထားတာလည်း အထမမြောက်။ ခုတော့လည်း အဲဒီသူငယ်ချင်းတွေ ဘယ်သူဆိုတာ ကိုယ် မမှတ်မိတော့။ သူ့အစ်ကို ကိုရဲက ချောတယ် ရုပ်ရှင်မင်းသား လွှင်မိုးနဲ့တူတယ်လို့ ပြောကြတယ်။ ဒါဆို လွှင်မိုးညီ လန်မိုးပေါ့။ ဟား..ဟား... ကောင်းတယ် ဒီနာမည် သူနဲ့လိုက်တယ်။ နယ်အိမ်တွေဆိုတော့ အိမ်သာက အိမ်မကြီးနဲ့လှမ်းတယ်။ တစ်ယောက်က အိမ်သာသွားချင်တယ်ဆိုရင် ကျန်တဲ့သူတွေအကုန်လုံး လိုက်စောင့်။ လန်မိုးတိုက်တဲ့ လက်ဖက်ရည်တန်ခိုး ပြလို့ အဲဒီညက ကိုယ်တို့သုံးခေါက်လောက် အိမ်သာပြေးရတယ်။
နောက်နေ့မနက်စောစော သူ လာနှုတ်ဆက်တဲ့အချိန် ကိုယ်က အိပ်ယာက နိုးကာစ မျက်နှာတောင် မသစ်ရသေးဘူး အိပ်မှုန်စုန်ဖွား။ သူငယ်ချင်းရေ ကိုယ် သွားတော့မယ်လို့ ဆိုင်ကယ်နောက်ကနေ လက်ပြလက်နှုတ်သွားတဲ့ အညိုရောင်ယူနီဖောင်းဝတ်ထားတဲ့ သူတစ်ယောက်။ အဲဒီတုန်းက ကိုယ်တို့ပြန်တွေ့ကြလိမ့်ဦးမယ်လို့ ထင်မိသား။ အလောင်းစည်သူမင်း တည်ထားခဲ့တာလို့ ဆိုကြတဲ့ မြို့ဦးတောင်ပေါ်ဘုရားကို သွားဖူးကြတယ်။ ဆည်းလည်းသံ တညံညံ၊ စိမ်းညို့ညို့ မြင်ရတဲ့ ပြင်ခရိုင်ကျွှန်း၊ ဟိုးအဝေးမှာ မှိုင်းပြပြလေး မြင်ရတဲ့ ဒေသခံတွေက လိပ်ကျွှန်းလို့ခေါ်တဲ့ သမီးလှကျွှန်း ၊ ဖြတ်သန်းခုတ်မောင်းသွားတဲ့ စက်လှေ၊ မိုးကုပ်စက်ဝိုင်း အဆုံးအထိ မြင်ရတဲ့ ပင်လယ်ပြာပြာ၊ သဲသောင်ဖြူဖြူ၊ လှိုင်းပုတ်သံ၊ တရုတ်စကားပွင့်တွေ သင်းထုံနေတဲ့ ဘုရားတောင်ပေါ်ကနေ မြင်ရတဲ့ရှုခင်းကို ငေးမောရင်း မနက်က ကိုယ့်သူငယ်ချင်းတွေ မျက်နှာသစ်နေချိန်မှာ သူ လာနှုတ်ဆက်တဲ့အကြောင်း ပြောပြတယ်။
ခဏလေးပဲတွေ့လိုက်ရပေမဲ့ ကိုယ့်သူငယ်ချင်းအကုန်လုံးက သူ့ကို သဘောကျတယ်။ ကိုယ့်ကို တလေးတစားနဲ့ ချစ်မြတ်နိုးတယ်လို့ သူတို့အားလုံး ခံစားမိတယ်ဆိုတဲ့စကားကြားတော့ ကိုယ့်မှာ ရယ်လိုက်ရတာ။ ဒီအသက်အရွယ်ရောက်နေပြီ ချစ်သူ မရှိဘဲနေပါ့မလားဟ။ ကိုယ်တို့အုပ်စုထဲမှာ အသက်အကြီးဆုံး၊ အရင့်ကျက်ဆုံး ခိုင်မေက ဘဝကိုရုန်းကန်၊ ခရီးအမြဲသွားလာနေရတော့ ချစ်သူရှိဦးမယ် မထင်ဘူး။ ကိုယ်တို့သဘောကျတယ်ကွ စဉ်းစားနော်။ ကိုယ်က အသားညို ညို၊ ပိန်ပိန်ရှည်ရှည်၊ ဓာတ်ပုံရိုက်ဝါသနာပါ၊ ဘောလုံးကန်၊ ဆေးလိပ်သောက်၊ စကားလုံးတွေနဲ့ ပစ်ပေါက်တတ်၊ ကချင်လွယ်အိတ် အနီရောင်လေး လွယ်တတ်တဲ့ ခိုင်လို့ကိုယ်နာမည်ပေးထားတဲ့ ကျောင်းသိပ်မလာတဲ့ ကောင်လေးတစ်ယောက်ကို ကြွေနေချိန်ပေါ့။ စာမေးပွဲနီးပြီ ခိုင်တစ်ယောက်တော့ ကျောင်းကို လာပြီနဲ့တူတယ်လို့ မချင့်မရဲ ကိုယ်ရေရွတ်ရင် ဖြိုးဝေက ကိုယ့်နားရွက်ကို ဖွဖွလေး လိမ်ဆွဲတယ်။
တချိန်ချိန်မှာ ကိုယ်တို့ပြန်တွေ့ကြလိမ့်ဦးမယ်လို့ ထင်ခဲ့မိတယ်။ တကယ်တော့ အဲဒီနေ့ကတည်းက ကိုယ့်ဘဝထဲက သူ အပြီးအပိုင် ထွက်ခွာသွားခဲ့တာပါ။ ကိုယ်တို့သူငယ်ချင်းတွေလည်း အိမ်ထောင်ကျတဲ့သူ၊ နိုင်ငံခြားရောက်တဲ့သူ၊ နယ်မှာ တာဝန်ကျတဲ့သူနဲ့မတွေ့ဖြစ်တာ အတော်ကြာပြီ။ ဇာတိမြို့လေးကို ကိုယ် မပြန်ဖြစ်တာလည်း ဆယ်နှစ်ကျော်ပြီ။ အတော်ကြီးကြာမှ ကိုယ်တို့သူငယ်ချင်းတွေ ဆုံဖြစ်ရင် ဖြိုးဝေက သူနဲ့ တွေ့သေးလားလို့ သတိတရ မေးတတ်တယ်။ ပြန်တွေ့ခဲ့ရင်တောင် ကိုယ် သူ့ကို မှတ်မိပါ့မလား။ ကိုယ်တို့ငယ်ငယ်တုန်းက အတန်းလိုက် စုရိုက်တဲ့ ဓာတ်ပုံမရှိ ။ ကင်မရာ လူတိုင်း မကိုင်နိုင် ဓာတ်ပုံရိုက်ချင်ရင် ဓာတ်ပုံဆိုင်သွား။ ခင်မင်ရင်းနှီးတဲ့ သူငယ်ချင်းမဟုတ်တော့ အတူတူတွဲရိုက်ထားတဲ့ ဓာတ်ပုံမရှိ။ ကိုယ် ဘယ်လိုပဲတွေးတွေး ဆေးပြယ်နေတဲ့ ဓာတ်ပုံတစ်ချပ်လို သူ့မျက်နှာကို ဝါးဝါးလေးပဲ မှတ်မိတယ်။
မထင်မှတ်တဲ့အချိန် မထင်မှတ်တဲ့နေရာမှာ ရုတ်တရတ် ဘွားကနဲပေါ်လာပြီး သူငယ်ချင်းရေ နေကောင်းလားလို့ အစချီပြီး သူ့ဘဝ အတွေ့အကြုံတွေကို ပြောပြလေမလား။ ကမ္ဘာမြေကြီးရဲ့ တမိုးအောက်မှာရော သူ ရှိသေးရဲ့လား။ တကယ်တော့ သူဟာ ကမ္ဘာမြေနား ဖြတ်သန်းသွားတဲ့ ကြယ်ကလေးလို ကမ္ဘာမြေပေါ်ကနေ ကိုယ် ခဏလေး လှမ်းမြင်လိုက်ရတာပါ။ သက်တမ်းကုန်လို့ ကြွေလွှင့်သွားလေပြီလား။ အပြောကျယ်လှတဲ့ စကြာဝဋ္ဌာထဲ ဘယ်ဆီဘယ်ဝယ် ရောက်နေပါလိမ့်။ မထင်မှတ်ထားတဲ့အချိန် ရုတ်တရတ် ဘွားကနဲ ကမ္ဘာမြေနား ဖြတ်သန်းသွားလေမလား။
စန်းထွန်း
ဖေဖေါ်ဝါရီ ၂၃၊ ၂၀၁၄။
All Photos are from Google.