ကျွှန်ုပ်နှင့် တစ်ကဒ်များ...

ရုပ်ရှင်လက်မှတ်၊ ရှိုးပွဲလက်မှတ်များသာမက ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ဖောက်ဖျက်လျှင် ပေးသောလက်မှတ်များကိုလည်း ယူအက်စ်တွင် တစ်ကဒ်ဟု ခေါ်သည်။ ကျွှန်ုပ် ကားမောင်းသင်သောအခါ တဒ်ကဒ်ထိမယ် သတိထားမောင်းဟု သတိပေးသော စကားများကို ခဏခဏ ကြားခဲ့သော်လည်း တခါမှ တစ်ကဒ်မထိခဲ့။ အဆောင်မှ လမ်းကူးလိုက်လျှင် ကျောင်းရောက်ပြီ ဖြစ်သလို များပြားလှသော ကျောင်းသင်ခန်းစာများ၊ အဆိုင်းမင့်များကြောင့် မအားလပ်။ တပတ်တစ်ခါ ဈေးဝယ်ထွက်ဖို့၊ ဘူဖေး၊ Pizza Ranch မှ ကြက်ကြော်သွားစားဖို့လောက်သာ မြို့ထဲထွက်သည်။ ဝယ်ခြမ်းမည့်ပစ္စည်းက ပေါ့ပေါ့ပါးပါး၊ ရာသီဥတုကလည်း ခြေခင်းလက်ခင်းသာလျှင် ကားထားကာ အညောင်းအညာပြေအောင် လမ်းလျှောက်တတ်ကြသေးသည်။ ကားသိပ်မမောင်းသလို သေးငယ်သောမြို့လေးဖြစ်သောကြောင့် ယာဉ်ကြောမရှုပ် အမြဲတမ်း ရှင်းလင်းနေသည်။

ယာဉ်မောင်းလိုင်စင် မရခင် သင်မောင်းဘဝဖြင့် ကားမောင်းလေ့ကျင့်လျှင် နံဘေးတွင် ယာဉ်မောင်းလိုင်စင် ရှိသူတစ်ယောက် ပါဖို့လိုသည်။ ဆူနမ်တို့ ကားမောင်းလေ့ကျင့်စဉ် ရဲက ယာဉ်မောင်းလိုင်စင် စစ်သည်။ မည်သူမှ ယာဉ်မောင်းလိုင်စင်မရှိ အားလုံး သင်မောင်းလိုင်စင်နှင့်။ သဘောကောင်းသော ရဲသည် တစ်ကဒ်မပေး နောက်နောင် ယာဉ်မောင်းလိုင်စင်ရှိသူ မပါဘဲ မမောင်းနှင့်ဟုသာ ပြောသည်။ လန့်ဖျပ်သွားသော ဆူနမ်တို့သည် နောက်နောင် ယာဉ်မောင်းလိုင်စင်ရှိသူမပါဘဲ မမောင်းရဲတော့။ ယာဉ်မောင်းလိုင်စင် အရင်ဆုံးရသော မိုင်းသည် ဆူနမ်တို့ နေ့စဉ်ကားမောင်း လေ့ကျင့်တိုင်း လိုက်ပါရတော့သည်။ ကျွှန်ုပ် ကားမောင်းသင်သောအခါ ဆူနမ်၊ ဂင်္ဂါတို့ ကားမောင်းလိုင်စင် ရပြီဖြစ်သောကြောင့် ထိုကဲ့သို့ ခိုးကြောင်းခိုးဝှက် ရဲမြင်တိုင်း ထိတ်လန့်စရာ မလိုတော့။

ကန်တက်ကီတွင် အိမ်နှင့်ရုံးသည် ဆယ်မိုင်ဝေးကာ Gene Snyder Freeway ဂျင်းစနိုက်ဒါဖရီးဝေး ၆၅ မိုင် သတ်မှတ်ထားသော အမြန်လမ်းမတွင် မိုင် ၈၀ ဖြင့် မောင်းသောအခါ ပီတာက တစ်ကဒ်ထိမယ်။ ပထမဆုံး တစ်ကဒ်ဆိုလျှင် ၃၀၀ ခန့် ပေးရသည်ဟု သတိပေးသောအခါမှ ၇၅ မိုင်ဖြင့် မောင်းလေသည်။ ဘယ်ဖက်အကျဆုံး အမြန်လမ်းတွင် ၇၅ မိုင်ဖြင့် မောင်းသောအခါ ဘေးမှကျော်တက်ပြီး ဝူးကနဲနေအောင် ရှေ့မှမောင်းပြသွားသောအခါ ပြုံးမိသေးသည်။ ကန်တက်ကီတွင် ဘယ်သွားသွား မိနစ်နှစ်ဆယ်ခန့် မောင်းရသည်။ ကန်တက်ကီပြည်နယ်၏ အကြီးဆုံးမြို့ဖြစ်သောကြောင့် ယာဉ်များပြား ရှုပ်ထွေးသော်လည်း တခါမှ တစ်ကဒ်မထိခဲ့။ အနောက်အလယ်ပိုင်းဒေသတွင် မောင်းချင်သလိုမောင်း ထင်တိုင်းကြဲခဲ့သမျှ မထိခဲ့သောတစ်ကဒ်သည် မေရီလန်းသို့ ရောက်သောအခါ နှစ်ခါထိလေသည်။

credit to Google

MVA (Motor Vehicle Administration) မှ စာရောက်လာသောအခါ ချက်ခြင်းမဖတ်ဖြစ်။ ခရက်ဒစ်ကဒ်ကြေငြာ၊ AAA ကြေငြာစာရွက်များကို ရှင်းလင်းစဉ် ထိုစာရွက်ကို ဖွင့်ဖတ်သောအခါမှ လား...လား... ဧပြီလ ၈  ရက်နေ့တိုးလမ်းမ ဖြတ်သန်းခ ၃၅ ကျပ်။ မည်သည့်အခါမှ တိုးဂိတ်ကို မဖြတ်သန်းခဲ့။ ၂၀၁၂ ဒီဇင်ဘာ အိုဟိုင်းရိုးပြည်နယ်မှ မေရီလန်းပြည်နယ်သို့ ဆူနမ် မောင်းနှင်လာစဉ် တိုးဂိတ်များကို ဖြတ်သန်းရသည်။ ၂၀၁၃ ဖေဖေါ်ဝါရီ ကန်တက်ကီမှ မေရီလန်းသို့ မောင်းနှင်လာစဉ် တိုးဂိတ်ဖြတ်သန်းခပေးရန် အကြွေဆောင်ထားဖို့ ဆူနမ် မှာကြားထားသောကြောင့် ဆောင်ထားသော်လည်း တိုးဂိတ်တစ်ခုမှ မတွေ့ခဲ့။ မကြာခင် ဆူနမ်တစ်ယောက် တိုးဂိတ်ဖြတ်သန်းခ တောင်းခံစာ ရလေသည်။ ဆူနမ်က သူပေးခဲ့သည် ဆိုသော်ငြားလည်း အထောက်အထားမရှိ။

Montgomery County  မောင်ဂိုမာရီကောင်တီရှိ MD 200 အမြန်လမ်းမသည် ဖြတ်သန်းခပေးရသော လမ်းမဖြစ်သည်။ သို့သော် တိုးဂိတ်မရှိ E-ZPass ဖြင့် ပေးရသည်။ တခါတုန်းက စီနီယာတစ်ယောက် ထိုလမ်းတွင် မောင်းရာ လမ်းတွင်တိုးဂိတ်မတွေ့သောကြောင့် ထူးဆန်းသည်ဟု တွေးမိသားဟု သူက ပြန်ပြောင်းပြောပြသည်။ E - ZPass ဖြင့် ပေးရသည်ကို မသိ။ နောက်တွင် တိုးဂိတ်ဖြတ်သန်းခ ၄၅ ကျပ် တောင်းခံစာ ရလေသည်။ ပုံမှန်ဖြတ်သန်းခမှာ ၅ ကျပ်အောက်သာ ရှိသည်။ ထိုနေ့သည် ကျွှန်ုပ်နှင်င့် ဆူနမ် ဆေးဗားစပရင်းမြို့တွင် အိမ်သွားကြည့်သည့်နေ့။ အမ်းထရူး အလုပ်စဝင်သည့်နေ့။ ကျွှန်ုပ်တို့ အိမ်သွားကြည့်ချိန် ရာမားနှင့်အမ်းထရူး လာရောက်ကာ ပထမဆုံးအလုပ်ဝင်သည့်နေ့အထိမ်းအမှတ် ဂျပန်ဆိုင်တွင် ဂုဏ်ပြုကြသောနေ့ ဖြစ်သောကြောင့် အသေအချာ မှတ်မိနေသည်။ ထိုလမ်းမကို မတော်တဆ ရောက်သွားပုံရသည်။ သေချာအောင် ဆူနမ့်အား မေးကြည့်သောအခါ တိုးလမ်း မဖြတ်ခဲ့ဟု အတည်ပြုပေးသည်။ သို့သော် မပေးဆောင်၍ မရ။ အွန်လိုင်းတွင် တကယ်ပေးဆောင်သောအခါ ၅ ကျပ်သာ ပေးရသည်  Administration Fee က ၃၀ ဟူသ၍။

ကန်တက်ကီအိမ်ရှင်မှ အီးမေးလ်ပို့လာသည် Red Light Violation Ticket ၇၅ ကျပ်။ အောင်မလေး ... ဘယ်တုန်းကများ မီးနီဖြတ်ပါလိမ့်။ ရက်စွဲကြည့်သောအခါ ရှန်နယ်ဒိုးဝါးတောင်သွားတက်သည့်နေ့။ ထိုနေ့က တောင်တက်ဖိနပ်အသစ်ကြောင့် ဖိနပ်ပေါက်သည့်ဒဏ်ရာ၊ သုံးနာရီတောင်တက်ထားသောကြောင့် ပင်ပန်းနွမ်းနယ်နေသည်မို့ မီးနီဖြတ်မိလေသလား၊ မီးဝါဖြတ်နေတုန်း မီးနီလေသလား မမှတ်မိ။ သေချာသည်ကတော့ ထိုအချိန်မှစ၍ မီးဝါနေလျှင် ဇွတ်မဖြတ်တော့။ တစ်ကဒ် ခဏခဏထိလျှင် ကားအာမခံကြေး တက်သည်။


credit to Google

အိမ်တွင် အင်တာနက်ဒေါင်းသွားသောကြောင့် အလုပ်လုပ်၍မရ၊ အင်တာနက်မရှိလျှင် အတော်ပျင်းစရာ ကောင်းသောကြောင့် နေ့တဝက်ခွင့်ယူကာ ရုပ်ရှင်သွားကြည့်မည် လိုက်မ၏လားဟု ဆူနမ်ကခေါ်သည်။ အလုပ်ရှာနေချိန်ဖြစ်သောကြောင့် အားနေသော၊ တနေ့တနေ့ အလုပ်များကို ပစ်တင်၊ ဖုန်းဖြေရသည်ကို စိတ်ကုန်နေသော ကျွှန်ုပ်သည် ဆူနမ်ခေါ်သည်နှင့် တမိနစ်မှမဆိုင်း ကွန်ပျူတာချက်ခြင်းပိတ် ဆူနမ့်ကို ဝင်ခေါ်ကာ ရုပ်ရှင်ရုံသို့ ချီတက်လေသည်။ ကျွှန်ုပ်၏ ကားမောင်းသင်ဆရာဖြစ်သော ဆူနမ်သည် သူမမောင်းလျှင် ကားမောင်းနေသော ကျွှန်ုပ်တို့အား အလွန်ဆရာလုပ်သည်။

ဘောစတွန်မြို့လယ်ကောင်နှင့်  ရာမားနေထိုင်သော မန်ဆာချူးဆက်ပြည်နယ် Gloucester  ဂလော့ချက်စတာ မြို့လယ်ကောင်တွင် Parallel Parking သုံးခါထိုးသော်လည်း ဟန်မကျသည်နှင့် နောက်မှကားပိုင်ရှင်သည် ကူညီထိုးပေးဖို့ ဆိုင်ထဲမှ ပြေးထွက်လာလေသည်။ ဒီငတိမလေးတွေ ငါ့ကားကို ဘယ်တော့ဝင်အောင်းမလဲဟု သူ့ခမျာလည်း စိုးထိတ်နေရှာသည် ထင်သည်။ ထိုကဲ့သို့ တပည့်များရှေ့ Parallel Parking ကြောင့် အရှက်ဖြန်းဖြန်း ကွဲသော်လည်း သူ့တပည့်များ မောင်းသောကားကို စီးရတိုင်း ဆရာလုပ်မြဲ။

Hey San...Be in limit...
အန်ကယ်လေ (အမ်းထရူးကို ဆိုလိုသည်)  တစ်ကဒ်ထိတယ်...over speed limit တဲ့။ ထိမှာပေါ့ ၃၅ မိုင် သတ်မှတ်ထားတာကို မိုင် ၅၀ နဲ့ မောင်းတာကိုး။ မောင်ဂိုမာရီကောင်တီတွင် မီးပွိုင့်တော်တော်များများ ကင်မရာရှိသည်။ မေရီလန်းသည် လူနေသိပ်သည်းသော ပြည်နယ်ဖြစ်ရာ တမြို့နှင့်တမြို့ ဆက်နေသည်။ ကားအလွန်များသည်။ လမ်းအလွန်ရှုပ်သည်။ ရှေ့တွင် Right Trun Only ဆိုသည့်ဆိုင်းဘုတ်ကို ကြိုပြမထား။ အနီးကပ်မှ ထိုဆိုင်းဘုတ်ကို ဘွားကနဲ မြင်သောအခါ ဘေးမှကားကို လမ်းတောင်းသည့်အခါ သဘောကောင်းသည့်ကားဆိုလျှင် နေရာပေးသော်လည်း သဘောမကောင်းသည့်ကားဆိုလျှင် ခပ်တည်တည် မမြင်ချင်ဟန်ဆောင်ကာ မောင်းသွားလေသည်။ ထိုအခါ နောက်ကားများက ဟွန်းတီးကာ ကောင်းချီးပေးတတ်သည်။

ဖီလာဒဲပီးယားတွင် ကလဲရား၏ကား နောက်မီးမလင်းသောကြောင့် ရဲမှ တစ်ကဒ်ပေးသည်။ အိမ်အပြန်လမ်းတွင် ရှေ့မှကားကို ရဲကားမှ လမ်းဘေးရပ်စေသည်ကို မြင်တွေ့သည့်အခါ ဘာအမှားမှမလုပ်သော်လည်း ထိတ်လန့်ဖူးသည်။ တခါတုန်းက ကလဲရားသူငယ်ချင်းကို ရဲကားမှ လမ်းဘေးရပ်စေဖို့ အချက်ပြသောအခါ ထိတ်လန့်ကာ ရုံးအထိမောင်းပြေး။ ရုံးကားပါကင်တွင် ထိတ်လန့်ငိုယိုနေသူကို ထိုရဲမှ နှစ်သိမ့်ပေးရဖူးသည် ဟူသ၍။ ဖွင့်ထားသည့် အယ်လကိုဟောပါသည့် အချိုရည်များ ကားပေါ်သယ်ခွင့်မရှိ။ အရက်သောက်ပြီး ကားမောင်းခွင့်မရှိ။ ရဲမှ မသင်္ကာ၍ Soberity Test စစ်လျှင် ခန္ဓာကိုယ်ထဲ သတ်မှတ်ထားသည့် အယ်လကိုဟောထက် များနေလျှင် တစ်ကဒ်ပေးခွင့်ရှိသည်။

မေရီလန်းမှ လမ်းများသည် ရှုပ်ထွေးပြီး မောင်းနေကျလမ်းမဟုတ်လျှင် အလွန်မျက်စိလည်သည်။ ဂျီပီအက်စ်သည် အသုံးဝင်သော်ငြား ကားမောင်းသူသည် ဆိုင်းဘုတ်များ၊ ဘေးဘီကားများ၊ ပတ်ဝန်းကျင်ကိုပါ အာရုံစိုက်ဖို့ လိုလေသည်။ ကလဲရားတစ်ယောက် တစ်ကဒ်ထိပြန်သည် over speed limit ။ သတ်မှတ်ထားသည့် မိုင်နှုန်းထက် ၁၂ မိုင် ပိုမောင်းခွင့် ရှိသော်လည်း ၁၂ မိုင်ထက် ပိုလျှင် မောင်းသည့်မိုင်အလိုက် တစ်ကဒ်ထိသည်။ ကလဲရား တစ်ကဒ် ၄၀ ဆောင်ရသည်။ ထိုမောင်ဂိုမာရီကောင်တီတွင် ဖြစ်သည်။

နယူးယောက်တွင် ကားမလို ကန်တက်ကီ ကားမှတ်တင်သည်လည်း နိုဝင်ဘာလတွင် သက်တမ်းကုန်ဆုံးရာ သက်တမ်းနောက်ထပ် မတိုးတော့ဘဲ ရောင်းလိုက်သည်။ အဆိုပါကားကို အကြောင်းပြု၍ ကျွှန်ုပ်နှင့် ကားပျောက်မှု၊ ကျွှန်ုပ်နှင့် ကားတိုးခြင်း၊ ကျွှန်ုပ်နှင့် ကားမှတ်ပုံတင်ခြင်း၊ ကျွှန်ုပ်နှင့် ကားတိုက်မှု ကားဋီကာပို့စ် တော်တော်များများ ရေးဖြစ်လေရာ ယခုပို့စ်သည်ကား ကားဋီကာ အဆုံးသတ်ပို့စ်ပင် ဖြစ်ပေတော့သည်။

အကယ်၍များ သင်သည် မေရီလန်းပြည်နယ် မောင်ဂိုမာရီကောင်တီတွင် ကားမောင်းခဲ့လျှင် တစ်ကဒ်မထိစေရန် သတိထားမောင်းပါလေ။

စန်းထွန်း
ဇန်နဝါရီ ၂၇၊ ၂၀၁၃။

ကျွှန်ုပ်နှင့် ကား‌ပျောက်မှု
ကျွှန်ုပ်နှင့် ကားတိုးခြင်း
ကျွှန်ုပ်နှင့် ကားမှတ်ပုံတင်ခြင်း
ကျွှန်ုပ်နှင့် ကားတိုက်မှု

ရပ်ကွက်ထဲမှာတော့ဗျာ - ၂၂

အလုပ်အော်ဖာရပြီးကတည်းက ပြောင်းဖို့ရွှေ့ဖို့၊ အခန်းရှာရဖို့၊ အလုပ်အသစ်၊ မြို့အသစ်၊ လူအသစ်တွေနဲ့ နေသားတကျဖြစ်ဖို့ လုံးပမ်းနေရတာနဲ့ ဘလော့ဆီ မရောက်ဖြစ်တာ ကြာပြီ။ မနေ့က Network ဘာသာ Midterm စာမေးပွဲပြီးလို့ ခုလို စိတ်အေးလက်အေး စာရေးနိုင်တော့တယ်။ ကန်တက်ကီကနေ မေရီလန်းကို ပြောင်းတုန်းက ကားပေါ်အကုန် ပစ်တင်လာတာဆိုတော့ ပစ္စည်းဒီလောက်များမှန်း မသိဘူး။ နယူးယောက်ကို ပြောင်းဖို့ပစ္စည်းတွေ သိမ်းဆည်းတော့မှပဲ မနည်းပါလားဟ။ မလိုတာတွေ လွှတ်ပစ်၊ မဝတ်တာတွေ လှုပစ်၊ အိမ်ရှင့်တူမ ဇာရာ့အခန်းထဲ သွားပစ် ( ဆူနမ်၊ ရာမား၊ မိုင်းတို့ ကျောင်းကနေ ခွာတော့ ကိုယ့်အခန်းထဲ ပစ္စည်းတွေ လာလာပစ်တာနဲ့ တူနေလို့ သတိရမိပြီး  ပြုံးမိသေးတယ်) ။

ယူအက်စ်ကို လာတုန်းက လက်ကေ့စ်နှစ်အိတ်၊ ဟမ်းကမ်ရီတစ်အိတ်၊ ကျောပိုးအိတ်တစ်လုံး။ ခု ဂစ်တာတစ်လက်နဲ့ စက္ကူဘူး ၃ ဘူး တိုးလာတယ်။ ဒါတောင် ဆူနမ်တို့လို  မိုက်ခရိုဝေ့၊ မွေ့ယာ၊ ဖုန်စုပ်စက်တွေ မပါသေးဘူး။ မီးဖိုးချောင်ပစ္စည်းဆိုလို့ ဆူနမ်ပေးထားတဲ့ ထမင်းပေါင်းအိုးသေးသေးလေး၊ ရေနွေးခရား၊ Prex ဖန်ခွက်တွေပဲ ရှိတယ်။ နယူးယောက်မှာ ကားမလိုသလို ကားမှတ်ပုံတင်ကလည်း နိုဝင်ဘာမှာ ကုန်တာဆိုတော့ ဒီလာဆီမှာ သွားရောင်းတယ်။ ဒီလောက်အိုဟောင်းနေတဲ့ကားကို သူတို့မဝယ်ပါဘူးဆိုတော့ မရှက်တတ်တဲ့ကိုယ် နားရွက်တွေပူပြီး ရှက်သွေးဖြာသွားတယ်။ အကုန်ဝယ်တဲ့ CarMax မှာ သွားရောင်းပါတဲ့။

ကားတန်ဖိုး ၄၅၀၀၊ ပို့ခ ၃၀၀၊ ပြင်ခ ၂၀၀၀ ကုန်ထားတဲ့ ၁၉၉၉  မိုင် ၁ သိန်းခွဲ ဗုတ်စ်ဝယ်ကွန် ပတ်ဆက်စ်ကားကို ၃၀၀ နဲ့ တန်ဖိုးဖြတ်လိုက်တယ်။ ကန်တက်ကီမှာ ရောင်းခဲ့ရင် အကောင်းသား ၆၀၀ ပေးမယ်တဲ့။ မေရီလန်းမှာ မှတ်ပုံတင်ဖို့ ပြင်ခ ၁ထောင်ကျော် အကုန်မခံနိုင်၊ ထိုးရပ်ထားရအောင် နေရာမရှိ၊ မခိုင်ဆီ ပြန်ပို့ဖို့က ပို့ခ ၈၀၀၊ မခိုင်က သူတို့ဆီမှာ လာပို့ထား၊ သူတို့ဆီမှာရောင်းရင် ၁ထောင်ကျော်လောက်ရမယ်ဆိုပေမဲ့ အဲဒီကားနဲ့ ဟိုင်းဝေးထွက်ဖို့ မီးမီးကြောက်ကြောက်။  ဘယ်နားသွားပစ်ရမှန်းမသိ၊ ကားဖျက်ရင်လည်း ဖျက်ခပေးရဦးမယ်။ ၃၀၀ နဲ့ ဝယ်တာကိုပဲ ကျေးဇူးတင်ရတယ်။

Empire State Building, Fifth Ave

ဝါရှင်တန်ဒီစီက လေဆိပ်တွေမှာ ကားကို pick up လုပ်ပြီး နယူးယောက်နားက လေဆိပ်မှာ drop ရင် ငှားခ ၃၀၀ ။ ဆီဖိုး၊ အာမခံကြေး မပါသေးဘူး။ Moving Company တွေကို မေးကြည့်တော့ တအိမ်လုံးပြောင်းပေးတာ ၁ထောင်ကျော်တဲ့။ အိမ်ရှင်ရှယ်ရွန်က နင့်ပစ္စည်းက နည်းနည်းလေး ယူအက်ပီအက်စ် ရှစ်ပင်း (USPS - United States Postal Services Shipping) နဲ့ ပို့ပါလားတဲ့။ UPS၊  Fedex တို့က ဈေးကြီးတယ်။ လက်ကေ့စ်တစ်အိတ်နဲ့ စက္ကူဘောက်စ်သုံးဘောက်စ်ကို ဝိတ်ချိန်၊ အရွယ်အစားမှတ်၊ အွန်လိုင်းမှာဖြည့်၊ ပိုက်ဆံပေး၊ Prepaid Label ပရင့်ထုတ်၊ USPS ရဲ့ Free Service တခုဖြစ်တဲ့  Pick up အတွက် Schedule လုပ်။ တံခါးဝမှာ ချထားရင် သူ့ဘာသာသူ pick up လုပ်ပေမဲ့ အဲဒီနေ့က မိုးရွာနေလို့ တံခါးခေါက်ဖို့ pick up schedule description မှာ မှာထားတယ်။

မသူက ဘူဖေးလိုက်ကျွှေးလို့ သွားစားတာတောင် စိတ်မဖြောင့်ဘူး။ ဇာရာ့ကို မှာထားရတယ် ဘဲလ်မြည်သံကို နားစွင့်ဖို့။ ညနေစောင်းတဲ့အထိ pick up လာမလုပ်တော့ စိတ်ပူရပြီ။ စနေနေ့ဆို ပြောင်းတော့မှာ မနက်ဖြန် သောကြာနေ့မှ  pick up လာမလုပ်ရင် ဒုက္ခ။ မမီးမီးကို အကူအညီတောင်းတော့  သူက အလုပ်ဝင်ရမှာ။ နောက်ဆုံး အိမ်ကနေ ဘူတာအထိ ဘတ်စ်ကားစီး၊ ဘူတာကနေ အိမ်အထိ တက္ကစီငှား၊ ဘောက်စ်တွေဝင်ယူ၊ စာတိုက်သွားပို့။ တက္ကစီဒရိုင်ဘာက အံ့သြလို့ အများစုက ပစ္စည်းတွေကို ဘတ်စ်ကားနဲ့ သယ်ကြတာ။ ကိုယ့်အလှည့်ကျမှ ဘာလို့ ရှစ်ပင်းနဲ့ ပို့ပါလိမ့်။ အထုပ်တွေ အများကြီး မသယ်ချင်လို့။ ပစ္စည်းသယ်ပေးခတဲ့ ငါးကျပ်ထပ်ပေါင်းထည့်တယ်၊ တစ်ဖ်လည်း အပိုတောင်းတယ်။ တော်တော်ရိတ်တဲ့ အိန္ဒိယဒရိုင်ဘာ :( ။

ညနေစောင်း ဘဲလ်မြည်သံကြားလို့ တံခါးဖွင့်လိုက်တော့ ခမောက်ဆောင်းထားတဲ့ စာပို့သမား။ pick up များ မရှိဘူးလားတဲ့ မနက်က ပို့လိုက်ပြီလို့။ မနေ့က စာပို့သမားက ဘဲလ်မတီးဘဲ တံခါးခေါက်ရုံခေါက် ဝတ်ကျေတန်းကျေ အလုပ်လုပ်တယ်။ ဒီနေ့ စာပို့သမားက မိုးသည်းနေပေမဲ့ ဘဲလ်အခါခါတီး အလုပ်ကို  သေသေချာချာလုပ်တယ်။ ဝါရှင်တန်ဒီစီကနေ နယူးယောက်အထိ ဂရေးဟောင်းဘတ်စ်က ၂၅ ကျပ်ပဲ ကျတယ်။ အိမ်ကနေ ဝါရှင်တန်ဒီစီ ယူနီယမ်စတေရှင်း ဘတ်စ်ကားဂိတ်အထိ တက္ကစီက ၉၀ တဲ့။ နယူးယောက်ရောက်ရင်လည်း တက္ကစီမဖြစ်မနေ စီးရမှာမို့ အသွားကို တက္ကစီမစီးတော့ဘဲ ဘတ်စ်ကားစီး၊ ရထားစီးမယ်လို့ စိတ်ကူးထားတယ်။ အိမ်ရှင်က ဘူတာအထိ လိုက်ပို့ပေးတယ်။ ဈေးနည်းနည်းကြီးပေမဲ့ ရှယ်ရွန့်အိမ်မှာ နေရတာ တော်တော်စိတ်ချမ်းသာတယ်။

Bryant Park & New York Public Library

အော်ဖာရပြီး နှစ်ပတ်အတွင်း ပြောင်းရတာဆိုတော့ အခန်း အသည်းအသန် ရှာရတယ်။ အိုဟိုင်းရိုးပြည်နယ် စင်စင်နာတီမြို့က မိုင်း၊ ဆူနမ်တို့ဆီမှာနေပြီး အလုပ်အော်ဖာရလို့ နှစ်ပတ်အတွင်းပြောင်းရတာက ကန်တက်ကီပြည်နယ် လူဝီဗီလ်မြို့။ Craiglist မှာ အခန်းတွေ့တော့ သွားမကြည့်နိုင်တော့ဘူး။ တခါတည်း ပြောင်းလာခဲ့မယ် နှစ်ပတ်လောက်နေပြီး အလုပ်နဲ့နီးတဲ့နေရာ ပြောင်းမယ်ဆိုပေမဲ့ မေရီလန်းကို ပြောင်းတဲ့အချိန်အထိ အဲဒီအိမ်မှာပဲ နေခဲ့တယ်။ မေရီလန်းအိမ်ကိုလည်း Craiglist မှာ တွေ့တာ။ သောကြာနေ့သွားကြည့် ကြိုက်တာနဲ့ တနင်္ဂနွေနေ့ပြောင်းတယ်။ အဲ နယူးယောက်ကျတော့ အဲဒီလို မလုပ်ရဲဘူး။ အသိတွေရဲ့အိမ်မှာ ခဏနေပြီးမှ အခန်းရှာချင်လို့ နယူးယောက်နဲ့နီးစပ်တဲ့သူတွေကို အဆက်အသွယ်လုပ် မေးမြန်းစုံစမ်း။ မခိုင်ရဲ့မိတ်ဆွေ ကိုဝင်းငယ်ရဲ့ အမျိုး ရှာပေးလို့ သူတို့တိုက်ရှေ့မှာ အခန်းတစ်ခန်းရတယ် ကျဉ်းတော့ကျဉ်းတယ်တဲ့။ ကျဉ်းလည်း ကိစ္စမရှိဘူး။ အဲဒီမှာ ခဏနေကြည့်မယ် မကြိုက်ရင် ထပ်ရှာမယ်လို့။

ဂျူလှိုင် ၄ နဲ့ ဖေ့တူဖေ့စ်အင်တာဗျူးသွားတုန်းက ၂ ခါ ရောက်ဖူးထားတော့ စိတ်အေးလက်အေးပဲ။ ဒီစီကနေ ဘတ်စ်ကားစထွက်တော့ မငိုဘူး။ ချစ်တဲ့မြို့တွေကို အကြိမ်ကြိမ် ခွဲခွာဖူးလို့ရယ်၊ ချယ်ရီပွဲတော်ချိန်မှာ ပြန်လာမယ်လို့ တွေးထားလို့ဖြစ်ရမယ်။ ကိုယ့်ထိုင်ခုံဘေးမှာ ထိုင်တာက မလေးရှား ပီနန်က တရုတ်အန်တီကြီး။ သူတို့က ငါးယောက်အဖွဲ့။ သူနဲ့ နယူးယောက်ရောက်တဲ့အထိ လေးနာရီလုံး စကားပြောလာတာ ငိုက်ဖို့အချိန်တောင် မရှိလိုက်ဘူး။ သူ့အင်္ဂလိပ်စာအသံထွက်က တော်တော်ကောင်းတယ် ကွန်ဗင့်ကျောင်းထွက်တွေတဲ့။ သူတို့ငယ်ငယ်တုန်းက အင်္ဂလိပ်လိုသင်ရတာ။ ခုခေတ်ကလေးတွေက မလေးရှားလို သင်ရတော့ သူတို့ခေတ်ကလောက် အင်္ဂလိပ်စာ မကောင်းဘူးတဲ့။

မလေးရှား ဝန်ကြီးချုပ်ဟောင်း မဟာသီဟာမိုဟာမက်ကို တော်တယ်လို့ထင်တာဆိုတော့ သူ့ကြောင့် စီးပွားရေးတိုးတက်ပြီး မလေးရှားဟာ ကျားတစ်ကောင် ဖြစ်လာခဲ့တယ် ဆိုပေမဲ့ သူ့ကြောင့် လာဘ်စားတာတွေ တိုးတယ်။ လူမျိုးရေးခွဲခြားတယ်။ တရုတ်တွေဆို နေရာမပေးဘူး။ အသားအရောင် ကြည့်တယ်တဲ့။ ပြီးတော့ မလေးရှားလူမျိုးတစ်ယောက်ကို လက်ထပ်ရင် အစ္စလာမ်ဘာသာ မဖြစ်မနေဝင်ခိုင်းတယ်။ ခုလက်ရှိဝန်ကြီးချုပ်က တော်ပေမဲ့ ရှေးရိုးစွဲသမားတွေကြောင့် ဘာမှလုပ်လို့မရဘူးတဲ့။ ပီနန်က သာယာတယ် လာလည်တဲ့။ ပီနန်မှာ မြန်မာဘုန်းကြီးကျောင်းရှိတယ်။ Kek Lok Si ကွမ်ရင်မယ်တော်ကျောင်းက နာမည်ကြီးတယ်လို့ ဆိုပါတယ်။

Kek Lok Si Temple, Penang, Malaysia
credit to Google

ယူအက်စ်ကို ဆယ်နှစ်ဗီဇာရလို့ နှစ်တိုင်းလာလည်တယ်တဲ့။ လေယာဉ်ကို တစ်နှစ်လောက် ကြိုတင်ဘွတ်ကင်လုပ်တယ်။ ကူဝိတ်အဲယားလိုင်းက ဈေးသက်သာတယ်တဲ့။ မနှစ်က လော့အိန်ဂျလစ်ကနေ  မက်ဆီကိုနယ်စပ်နား ဆန်ဒေရီဂိုမြို့အထိ ဘတ်စ်ကားစီးသွားတယ်။ လက်စ်ဗီးဂတ်စ်မြို့ထဲမှာ အလကားပြေးဆွဲတဲ့ ဘတ်စ်ကားကို အခေါက်ခေါက်အခါခါ စီးတယ်။ အဲဒီနားက ရေကန်ကြီးနဲ့ မြို့လေးတစ်မြို့က အတော်သာယာတယ်လို့ ဆိုတယ်။ နာမည်မမှတ်မိ Lake Tahole  လို့ထင်တယ်။ Yosemite ယိုစက်မန်းတီး၊ Yellowstone Nation Park တွေကိုလည်း ရောက်ပြီးပြီ။ ယူအက်စ်ရောက်တာ သုံးနှစ်ရှိနေပြီဖြစ်တဲ့ ကိုယ်တောင် သူ့လောက် မစုံသေးဘူး။ မနှစ်က ယူအက်စ် အနောက်ဖက်ခြမ်းတခွင် လည်ခဲ့တော့ ဒီနှစ် ယူအက်စ်အရှေ့ဖက်ခြမ်းက နိုင်အာဂရာ၊ ဖီလာဒဲပီးယား၊ ဝါရှင်တန်ဒီစီ၊ ခု နယူးယောက် သုံးရက်လောက်နေပြီး ပြန်တော့မှာတဲ့။ ခရီးသွားအဖွဲ့တွေနဲ့ မသွားဘဲ ဂူဂယ်မှာရှာ၊ ခရီးစဉ်လမ်းကြောင်းဆွဲ၊ ဘတ်စ်ကားစီး၊ Hostel တည်းခိုခန်းတွေမှာတည်း အားလုံးသူတို့ဘာသာ စီစဉ်တာတဲ့။ နိုင်အာဂရာရေတံခွန်က ကနေဒါဖက်က ပိုလှတာဆိုတော့ မလေးရှားမှာ ကနေဒါသံရုံး မရှိဘူး။ စင်္ကာပူက ကနေဒါသံရုံးကို လာလျှောက်ရမှာ အလုပ်ရှုပ်လို့တဲ့။

တရုတ်ပြည်မှာ သဘာဝအတိုင်းရှိနေသေးတဲ့ နေရာတွေအများကြီး ကျန်နေသေးတယ်တဲ့။ စီချွှမ်၊ ရှန်ဟိုင်း၊ မကာအို၊ ဟောင်ကောင်၊ ထိုင်ဝမ်တို့ကို ရောက်ဖူးတယ်။ ဟောင်ကောင်  Lantau Island လန်ထောင်ကျွှန်းက Giant Buddha ကို ရောက်ဖူးတယ်ဆိုတော့ သူသွားတုန်းက အဲဒီဘုရားမရှိသေးဘူး ။သူသွားတုန်းက ကိုယ်တောင် မွေးဦးမယ် မထင်ဘူးတဲ့။ ဘယ်နှစ်ခုတုန်းက သွားတာလဲဆိုတော့ ၁၉၈၂ တဲ့။ အင်း ၈၂ နိုဝင်ဘာမတိုင်ခင် ရောက်ခဲ့ရင်တော့ ကိုယ်မမွေးသေးဘူးပေါ့။ ဖိလစ်ပိုင်လည်း ရောက်ဖူးတယ်။ ဖိလစ်ပိုင်က သရက်သီးကောင်းတယ်တဲ့။ တူနေတယ် စင်္ကာပူရုံးက ဖားတွေ အဲလေ ဖိလစ်ပိုင်တွေ ပြောတဲ့အတိုင်း။ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ကိုတော့ မရောက်ဖူးဘူး။ ကမ္ဘောဒီးယားနဲ့ ထိုင်းနယ်စပ်က ခု ထိုင်းနဲ့ကမ္ဘောဒီးယား လုနေကြ၊ စစ်တပ်တွေ အပြိုင်တပ်ဆွဲ၊ နိုင်ငံအလံတွေ အပြိုင်ထောင်၊ ယူအန်ရုံးမှာ သူပိုင်ငါပိုင် အငြင်းပွားနေကြတဲ့ ဟိန္ဒူဘုရားကျောင်းကို ရောက်ဖူးတယ်။ ဘုရားကျောင်းလေးက သေးသေးလေး ။ ထူးဆန်းပြီး စိတ်ဝင်စားဖို့ ကောင်းတယ်တဲ့။

နယူးဇီလန်က ခဏတဖြုတ်ပဲ ကောင်းတယ်။ ညဖက်ဆို အပြင်မှာ လူတစ်ယောက်မှ မတွေ့ရတော့ဘူး။ ရေခဲတောင်တွေ၊ နွားတွေကြီးပဲတဲ့။ ဂျပန်ကိုတော့ တော်တော်ကြိုက်တယ်တဲ့။ အတော်သန့်ရှင်ပြီး ဂျပန်နိုင်ငံရဲ့ ရထားစနစ်က တော်တော်ကောင်းတယ်။ ရထားလက်မှတ်ကို နိုင်ငံခြားကနေ ဝယ်ထားရင် တဝက်သက်သာတယ်တဲ့။ ကျည်ဆန်ရထားက မြန်ပေမဲ့ ရေခွက်တင်ထားရင်တောင် ပြုတ်မကျဘူး။ နေရာလည်း ကျယ်ပြီး အတော် သက်တော့သက်သာ ရှိတယ်လို့ဆိုတယ်။ ရုံးတက်ရုံးဆင်းချိန် တိုကျိုမြို့က ရထားထဲ လူတွေကို နောက်ကနေ အတင်းတွန်းလုပ်တာ ကြုံလိုက်သေးတယ်။ သူတို့တွေ အဲဒီအတိုင်းလေး မိနစ် ၂၀ လောက် စီးလိုက်ရတယ်။ အတွေ့အကြံကြုံသစ်ကို ရယ်လိုက်ကြတာ အတောမသတ်နိုင်အောင်ပဲတဲ့။

The International Court of Justice has ordered Cambodia and Thailand to withdraw their military presence from the disputed Preah Vihear temple site.
credit to 
http://www.haguejusticeportal.net/index.php?id=12851

တိုကျို၊ ရှေးဟောင်းမြို့တော် ကျိုတို၊ နာဂိုယာ၊ တောင်ပိုင်းကနေ မြောက်ပိုင်း ဟော်ကိုင်းဒိုးအထိ ရထားစီးသွားကြတာတဲ့။ ဂျပန်တွေကို လိပ်စာမေးလိုက်ရင် အင်္ဂလိပ်စာပဲ မကျွှမ်းလို့ဘဲလား၊ ဂျပန်တွေကိုယ်တိုင်က ကူညီတတ်ပဲလို့လားမသိ။ ဟိုတယ်ရှေ့အရောက် လိုက်ပို့ပေးလို့ သူတို့မှာ အားနာရပါသတဲ့။ Body Langugaue နဲ့ ပြောပြရင် ရပါပြီဆိုရင်တောင် အတင်းလိုက်ပို့ပေးလို့တဲ့။ ရှင်ဂျူဂု စားသောက်ဆိုင်တွေ အများကြီးရှိတဲ့အရပ်က လမ်းဘေးဆိုင်မှာ ပထမတန်းစားဆူရှီ စားခဲ့ရပြီးကတည်းက ဆူရှီစားတိုင်း အဲဒီဆိုင်ကို သတိရပြီး မေ့မရ တသသ ဖြစ်နေလေရဲ့။ ဟိုတယ်အခန်းတွေမှာ အိမ်သာပါပေမဲ့ ရေချိုးခန်း မပါဘူး။ ဘုံရေချိုးကန် သုံးရတယ်။ ယောကျာ်း၊ မိန်းမခွဲထားပြီး ရေချိုးကန်ထဲသွားရင် ပုဝါသေးသေးလေးပဲ ပေးတာတဲ့။ အားလုံး ဝတ်လစ်စလစ်ပဲတဲ့။ ရေကန်အပူချိန်က အနိမ့်အမြင့် စီစဉ်ထားလို့ အအေးကနေ အပူကို တဖြည်းဖြည်းကို ရွေ့သွားလို့ရတယ်။ ဂျပန်ကို နောက်ထပ် သွားလည်ချင်ပါသေးတယ်တဲ့။

ကျောက်တောင်ကိုထွင်းပြီး တည်ဆောက်ထားတဲ့ ယူနက်စကိုရှေးဟောင်းသမိုင်းဝင် ဂျော်ဒန်က Petra ၊ Lebanon လက်ဘနွန်နိုင်ငံက Beirut  ဘေရွှတ်မြို့၊ Syria ဆီးရီးယားနိုင်ငံက Damascus ဒက်မတ်စကက်မြို့၊ အဲဒီကနေ Red Sea ပင်လယ်နီကို သဘောၤနဲ့ ဖြတ်ပြီး အီဂျစ်နိုင်ငံ ကိုင်ရိုမြို့၊ ပိရမစ်တွေဆီကို သစ်ကုလားအုတ်တွေနဲ့ သွားပြီး သဲကန္တာရမှာ တစ်ညအိပ်ဖူးတယ်တဲ့။ ကျောင်းမှာတုန်းက ဂျော်ဒန်သား Waleed ဝါလစ် ပြောပြလို့ ဂျော်ဒန်နိုင်ငံက အထင်ကရနေရာတွေဖြစ်တဲ့ Petra ၊ ရေက ငန်လွန်းပြီး ပေါလောပေါ်တဲ့ Dead Sea အကြောင်း ပို့စ် ရေးဖူး၊ ကျောင်းမှာလည်း အီဂျစ်၊ ဂျော်ဒန်ကျောင်းသားတွေများတော့ အဲဒီနေရာတွေကို သိတယ်။ ဟင်... ဒါဆို Israel အစ္စရေးနိုင်ငံနဲ့ ကပ်နေတာပဲ Jerusalem ဂျေရုစလင်ကို ဝင်မလည်ဘူးလား။ မလေးရှားနိုင်ငံသားတွေက အစ္စရေးနိုင်ငံကို သွားလည်လို့မရပါဘူးတဲ့။ သူတို့ပတ်စပို့မှာရေးထားတယ် အစ္စရေးနိုင်ငံကလွဲလို့ ကျန်တဲ့နိုင်ငံတွေကို သွားလို့ရတယ်တဲ့။ အီဂျစ်၊ ဂျော်ဒန်တို့ကိုတောင် ခရစ်ယာန်မစ်ရှင်း သာသနာပြုအဖွဲ့နဲ့သွားတာတဲ့။

ဥရောပဖက်ဆိုရင်တော့ လန်ဒန်၊ ပြင်သစ်၊ နယ်သာလန်၊ ဆွစ်ဇာလန်၊ ဂရိရောက်ဖူးတယ်တဲ့။ ဂရိက တော်တော်လှတယ်လို့ ဆိုတယ်။ အာဖရိကတိုက် အရှေ့ဖက်က Madagascar မက်ဒါကာစကာကျွှန်းကို သူငယ်ငယ်တုန်းက ရောက်ဖူးတယ်။ လူတွေက အဝတ်မဝတ်ကြဘူး။ တော်တော်ဆင်းရဲ ညစ်ပတ်တယ်။ ရောက်တဲ့နေရာတိုင်းမှာ သူတို့ကို အထူးအဆန်း ကြည့်ကြတယ်တဲ့။ မက်ဒါကာစကာကျွှန်းကို သိတယ် ဝေါဒစ်စနေက မက်ဒါကာစကာ ကာတွန်းကား ကြည့်ဖူးထားတော့ I like it move it ...move it.. move it..Move it ဆိုတဲ့ သီချင်းလေးတောင် မှတ်မိနေသေးတယ်။ ကြည့် ဘတ်စ်ကားစီးတဲ့ လေးနာရီ ငိုက်ချိန်တောင် မရှိဘူး စကားတွေ ပြောနေလို့ဆိုတာ ယုံပြီလား။ သူ့ဆီက နောက်ထပ်အတွေ့အကြုံတွေကို ထပ်မေးချင်သေးတာ။ သူ့ကို အားကျတယ် သူ့လို သွားချင်တာဆိုတော့ ငယ်သေးတယ် သွားဖို့အခွင့်အရေးတွေ ရှိသေးတယ်။ သူတို့ကတော့ နေဝင်ချိန်ရောက်ပြီ မမှောင်ခင် သွားနိုင်တုန်းလေး သွားထားတာ။ မသွားနိုင်တော့တဲ့ အချိန်ဆိုရင် ဓာတ်ပုံလေးတွေကြည့်ပြီး အလွမ်းဖြေနေမှာတဲ့။ ဘတ်စ်ကားဂိတ်ရောက်လို့ ခွဲခွာကြတော့ နာမည်လည်း မမှတ်မိ၊ နောက်တစ်ကြိမ် ထပ်တွေ့ဖို့လည်း မဖြစ်နိုင်၊ ဆက်သွယ်ရမယ့် ဖုန်းနံပါတ်၊ လိပ်စာလည်း မသိ၊ လေးနာရီ ကားစီးချိန်မှာ သိကျွှမ်းလိုက်ရတဲ့ အဲဒီအန်တီကြီးကို မှတ်မှတ်ရရ ရှိနေမိတယ်။

Petra, Jordan
credit to http://visitpetra.jo/Gallery/PhotoGallery.aspx

Yellow Cab Taxi ငှားတော့ ၇၀ လောက် ကျမယ်တဲ့။ အိုကေ ၁၀ မိုင် ဝေးတာကိုး ဒီစီမှာ အဲဒီထက်တောင် ပိုတောင်းတယ်။ Tunnel ဖြတ်ခ ငှားသူက ပေးရမှာ၊ မက်ဟန်တန်မြို့ထဲကို အပြန်လူမရ၊ အပြန်တန်နယ်ဖြတ်ခ သင့်သလိုပေးပါတဲ့။ ဘယ်လောက်ပေးရမှန်း မသိလို့ ကျသလောက်သာ ပေးပါဆိုတော့ ၁၂၀ တဲ့။ တစ်ဖ် ၁၅ ကျပ်နဲ့ ၁၃၅ ပေးလိုက်ရတယ်။ နောက်မှ သိတယ် ပုံမှန်က ၇၀ လောက်ပဲ ပေးရတာတဲ့။ နယူးယောက်သား မဟုတ်မှန်းတော့ ခုမှရောက်ခါစ မအူမလည်လေးကို နှိပ်ထည့်လိုက်တဲ့ အီဂျစ်သားတက္ကစီဒရိုင်ဘာ သေပြီဆရာ။ မခိုင့်မိတ်ဆွေ ကိုဝင်းငယ်အမျိုး မဂင်က  စောင့်နေတယ်။ ကိုယ့်အိမ်ရှင်တွေကို ဖုန်းခေါ်မရလို့ သူ့အိမ်မှာ စောင့်နေရတယ်။ ကိုဝင်းငယ်က ကူညီလိုက်ပါဆိုတာနဲ့  မတွေ့၊ မမြင်ဘူးတဲ့ ကိုယ့်အတွက် တကူးတက အခန်းသွားကြည့်ပေး၊ ညစာကျွှေး၊ ညီမတစ်ယောက်လို စောင့်ရှောက်တယ်။ မိတ်ဆွေအပေါင်းအသင်းရှိခြင်းအကျိုးတွေ The rough road become smooth with the help of good friends.

ပင်ပန်းတာနဲ့ အိပ်ပျော်သွားလိုက်တာ ညသန်းခေါင်ကျော်လောက်မှ လန့်နိုးလာတယ်။ ကားသံကြောင့် အောင်မလေး... ဆူလိုက်တာ ခေါင်းပေါ် တက်ဖိနေတဲ့အတိုင်း။ လမ်းမကြီးဆိုတော့ ကားက တညလုံး အသွားအလာ မပျက်ဘူး။ ကျေးငှက်သံတွေ ကြားရ၊ တိတ်ဆိတ်အေးချမ်းတဲ့နေရာမှာ နေခဲ့တော့ မြို့ပြသံတွေက ဆူညံလွန်းတယ်။ မနက် လေးနာရီလောက်မှာ အိပ်ပျော်သွားပြီး မနက် ၆ နာရီမှာ လန့်နိုးလာပြန်တယ်။  အကျယ်ကြီးဖွင့်တဲ့ ပရိတ်တရားသံကြောင့်။ တလွန့်လွန့်တလူးလူး အိပ်လိုက်နိုးလိုက်နဲ့ မနက် ၇ နာရီ ကျတော့ နိုးလာပြန်တယ်။ အိမ်ရှင်အစ်မ ရေချိုးခန်းဝင်သံ။ ရေချိုးခန်းက အိပ်ခန်းနှစ်ခန်းကြားထဲမှာဆိုတော့ အသံကြားတယ်။ အရင်တုန်းကဆို ဘေးမှာလော်ဖွင့်ရင်တောင် မနိုးဘူး။ မကြီးက ချွှပ်ချွှပ်အသံကြားလို့ နိုးရင်တောင် အအိပ်ဆတ်ရန်ကောလို့  ပြောချင်သေးတာ။ ခုတော့ ယူအက်စ်ရောက်ပြီးကတည်းက နှစ်နှစ်ခြိုက်ခြိုက် အိပ်မပျော်တော့ဘူး။ ချွှပ်ချွှပ်အသံကြားရင် နိုးတယ်။ အသက်ကြီးလာတာရယ်၊ worry များလာတာရယ်ကြောင့် ဖြစ်မယ်။

နှစ်ဘူတာစီးပြီး Jackson Heights မှာဆင်း အဲဒီမှာ အမြန်ရထား ပြောင်းစီးလို့ မဂင်က မှာထားတယ်။ လူတွေအများကြီးတော့တွေ့တယ် မဟုတ်ဘူးနဲ့တူတယ် အပေါ်တက်တယ်။ မက်ဟန်တန်ဆို အောက်ဆင်းလို့ မျှားပြထားတယ်။ အောက်ပြန်ဆင်းတယ် ခုနကပလက်ဖောင်းပဲ။ လူတွေအများကြီးဆိုတော့ မြို့ထဲသွားတာ ဖြစ်ရမယ်။ မှန်တယ် မြို့ထဲသွားတာ။ ရုံးက ၃၄ လမ်းဘူတာ တိုင်းစကွဲယားနား တကယ့်မြို့လယ်ကောင် ရထားအကုန်ရောက်တယ်။ အင်တာဗျူးတုန်းက ရောက်ဖူးထားလို့ လမ်းမမှားဘူး။ ကွက်တိ ၉  နာရီရောက်တယ်။ ရုံးရောက်တော့ ကိုယ့်နေရာ ကိုယ့်ဘာသာ ဖုန်သုတ်ရတယ်။ ရာမားနဲ့တူတဲ့ ကုလားမလေးတစ်ယောက်တွေ့တယ်။ သဘောကောင်းတဲ့ပုံပဲ နေ့လည်ထမင်းအတူတူသွားစားဖို့ အဖော်ရမယ်ထင်ပါရဲ့။ ဗိုက်ကဂွီဂွီမြည်နေပြီ ဘီဟီနာကို စောင့်နေတုန်း အစည်းအဝေးတဲ့။ LaGuardia Airport လာဂွာရီးယား ပရောဂျက် ဒီတပတ် သောကြာနေ့အပြီး P6 Database ကနေ SQL Database ပြောင်းရမဲ့အပိုင်း တာဝန်ယူတဲ့။ ဒီနေ့ Database Diagram အပြီး မင်းအပေါ်မှာ မူတည်နေတယ် မင်းလုပ်နိုင်တယ်မလားတဲ့။ Yes. I can. လို့ ပြောလိုက်ပေမဲ့ စိတ်ထဲမှာတော့ ဒီနေ့မှ အလုပ်စဝင်တဲ့သူကို ဒီနေ့အပြီးတဲ့။ လွန်လွန်းတယ် ဟွန့် အမြင်ကပ်လိုက်တာ အဲဒီ အာသာဆိုတဲ့ ဒါရိုက်တာကို :( ။

Chrylser Building

အပြန်ကျတော့ စီးကောင်းကောင်းနဲ့ စီးလိုက်တာ Jackson Heights  မှာ ဆင်းဖို့ကို မှတ်တိုင်တွေ ကြည့်နေရင်းနဲ့ ဘယ်လိုကျော်သွားမှန်းမသိ။ Grand Ave Newton ဆိုတဲ့ ကိုယ့်အိမ်နားက ဘူတာကို ကျော်တော့မှပဲ ဟိုက် ကျော်သွားပြီးဟ။ နောက်ရပ်မဲ့ဘူတာမှာ ဆင်းမယ်ကြံတော့ ဂိတ်ဆုံးတဲ့ဗျား။ ဂိတ်ဆုံးဆိုတော့လည်း ကောင်းတာပေါ့ မမှားတော့ဘူး။ အိမ်ဖက်ကို ပြန်စီးတော့ ဆင်းရမဲ့ဘူတာမှာ မရပ်ဘူး။ Express အမြန်ရထားတွေက ဘူတာတိုင်း မရပ်ဘူး။ ဒီတော့ အနီးဆုံးဘူတာမှာရပ်ပြီး Local  ရထားကို ပြန်စီးရတာ။ ဆင်းရမဲ့ဘူတာကြီးကို မြင်ပေမဲ့ မရပ်တော့ Jackson Height ကို ပြန်ရောက်သွားပါရော။ အိုကေ ဒီတခါတော့ Local ပဲ စီးတော့တယ်။ ဘူတာနာမည် ကြေငြာတော့မှ သေလိုက်ပါတော့ မက်ဟန်တန်ဖက်ကို သွားနေပါလား။ ရပ်တဲ့ဘူတာမှာဆင်း ပြန်ပြောင်းစီး။

ဤသို့ဖြင့် ရထားလေးခေါက်တိတိ ပြောင်းစီးပြီးသောအခါမှ အိမ်သို့ရောက်လေသည်။ သြော် ကံကောင်းပေစွ အိမ်သို့ပြန်ရောက်ပေသေး၏။ ဤကား နယူးယောက်မြို့တွင် ပထမဆုံး ရုံးတက်သည့်နေ့အတွေ့အကြုံများတည်း။

စန်းထွန်း
ဇန်နဝါရီ ၁၆၊ ၂၀၁၄။