အချစ်ကို မယုံကြည်ကြသူများ - ၄

အလုပ်သင်ဆရာဝန် မေထက်မှလွဲ၍ မတိမ်းမယိမ်းပင် သူတို့အားလုံး သက်ဆိုင်ရာတက္ကသိုလ်များမှ ဘွဲ့အသီးသီး ယူခဲ့ကြလေသည်။ ဖြိုးဝေက သူ့မိခင်ပန်းဆိုင်ကို ဦးစီးသည်။ သင်းခိုင်က မင်္ဂလာဒုံဈေးတွင် ဆန်ဆိုင်ဖွင့်သည်။ ဖခင့်သူငယ်ချင်း အဆက်အသွယ်ဖြင့် ဝတ်ရည်က ပုဂ္ဂလိကဘဏ်တစ်ခုတွင် ဝန်ထမ်းအဖြစ် လုပ်သည်။ ခိုင်မေကတော့ စာသင်ဂိုက်အလုပ်ကို ဆက်လုပ်သည်။ ရွှေစင်က အစိုးရဝန်ထမ်း အရာရှိအဖြစ် ဖောင်ကြီးသင်တန်း သွားရသည်။ အရင်လို တလတခါ မဆုံတွေ့ကြသော်လည်း သုံးလတခါလောက်တော့ တွေ့ဖြစ်ကြလေသည်။

ဖခင်ဆုံးပါးသွား၍ အမွေခွဲသောအခါ ရသောသိန်း၃၀၀ခန့်ဖြင့် ကြည့်မြင်တိုင်တွင် တိုက်ခန်းတခန်းကို ခိုင်မေ့အမည်ပေါက်ဝယ်ကာ လူငှားတင်သည်။ ဇင်ဝေ့အမည်ပေါက် သိန်းနှစ်ရာတန်ကားသည် အရောင်းအဝယ်လုပ်ရင်း သိန်းတရာ့ငါးဆယ်ကားသို့လျှော့ကျသည်။ ကိုယ်ပိုင်ကားတက္ကစီဆွဲသော ဇင်ဝေသည် အရက်သမားလုံးလုံး ဖြစ်လာပြီး မူးပြီးရမ်းလျှင် ခိုင်မေ စိတ်ညစ်ရသည်။ မူးပြီးရမ်းနေသောသားကို ဆွဲထိုးဖို့ ဖခင်က မရှိတော့ပြီ။ အိမ်ပေါ်မှ ဆင်းခိုင်းလျှင်လည်း မဆင်းသောကြောင့် အနီးအနားရှိ အမဝမ်းကွဲများထံတွင် သွားအိပ်ရသည်။ မေထက်မောင်လေးသည်လည်း တက္ကသိုလ်မှာ စာမသင်ဟုဆိုကာ ကျောင်းမသွား။

အင်္ဂလိပ်စာသင်တန်းတက်ဖို့ လိုက်အပ်ပေးသော်လည်း တရက်သာ သွားတက်သည် နောက်နေ့ လုံးဝသွားမတက်တော့။ တက္ကသိုလ်စာမေးပွဲ ဘယ်အချိန်ဖြေသွားမှန်း မသိလိုက်။ ပထမနှစ်ကို သုံးနှစ်တိတိ တက်ပြီးမှ အောင်လေသည်။ ဝတ်ရည်မောင်လေးလည်း ထိုနည်းလည်းကောင်း ဂစ်တာတဂေါင်ဂေါင်။ ဖြိုးဝေအကို တိုးဝေကလည်း ထိုနည်းလည်းကောင်း ဆိုင်အလုပ်မကူ အပေါင်းအသင်းမင်သည်။ သင်းခိုင်မောင် ဖြိုးခိုင်သည်လည်း စင်္ကာပူသွားတော့မလို မလေးရှားသွားတော့မလိုနှင့် ယောင်နေသည်။  အိမ်မှုကိစ္စ၊ အလုပ်ကိစ္စများဖြင့် သူတို့က မအားလပ်သော်လည်း အားလပ်နေသော သူတို့အကို၊ မောင်များကို နည်းနည်းမှ အားမရ။ အကိုတွေ၊ မောင်တွေအကြောင်း အတင်းချတိုင်း ရွှေစင် နင်ပဲ ကောင်းတယ် အကိုတွေ၊ မောင်တွေ မရှိဘူး။


ငါ့ကို အတွင်းရေးမှုးလုပ်မလားလို့ မေးလာလို့ မလုပ်ဘူးလို့ ဖြေလိုက်တယ်။
ဟယ် ဘာလို့ငြင်းလိုက်တာလဲ ဘော့စ်နဲ့ အနီးကပ်နေရမှာ။ စပွန်ဆာကောင်းရင် ဟိုမော်ဒယ်လို သူ့ဖုန်းက ဘယ်လောက်တန်တာ။ စင်္ကာပူ၊ ဘန်ကောက်ကို ဈေးတခါ ထွက်ဝယ်ရင် ဘယ်လောက်ကုန်တာလို့ ကြွားလို့ရပြီ။ ဒါတွေ ကြိုသိလို့ ငြင်းလိုက်တာဟေ့ ဘာလဲ ငါ့ကို စမောဖြစ်စေချင်လို့လား။
ဟုတ်ပါဘူးဟာ အင်း ဝတ်ရည်က ချောတော့ ဆက်ကပ်ကြီး လုပ်စေချင်မှာပေါ့။

သတို့သားက ဘယ်ဆီနေမှန်းမသိ မင်္ဂလာဆောင်ရင်တော့ဖြင့် ငါက သတို့သမီးအရံလုပ်မှာ၊ ငါက ပန်းကြဲမှာ၊ ငါက လက်စွပ်ပန်းကိုင်မှာဖြင့် သူတို့စိတ်ကူးယဉ်ခဲ့ကြလေသည်။ ဖြိုးဝေက ငါ မင်္ဂလာဆောင်ရင်တော့ဖြင့် ဝတ်ရည်နဲ့ရွှေစင်ကို သတို့သမီးအရံ မလုပ်ခိုင်ဘူး။ ဘာဖြစ်လို့။ သူတို့က သတို့သမီးထက် အရပ်ရှည်ပြီး ချောနေလို့ဟေ့။ နင် လက်ကိုင်ပန်းစည်းပစ်ရင် ငါ့ဆီ ပစ်နော်။ ဟဲ့ မြန်မာလိုဆောင်ပါတယ်ဆိုမှ ဘယ့်နှယ့် လက်ကိုင်ပန်းစည်း ပစ်မှာတုန်း။ လက်ကိုင်ပန်းစည်းက ဘိုလိုဆောင်မှ ပစ်ရတာ။ ဟာ ဘယ်လိုပဲဆောင်ဆောင် ပန်းစည်း ငါ့ဆီပစ် ဒါပဲ။

မိဘများသဘောတူသည်မို့ ကျောင်းပြီးရင်တော့ဖြင့် မောင်စံရှားနှင့် ဝတ်ရည်တို့၏ မင်္ဂလာပွဲတက်ဖို့ သူတို့မှန်းထားသည်။ ဝတ်ရည်မေမေ သဘောမတူသည်နှင့် မင်္ဂလာဆောင်ဖို့ထား မောင်စံရှားနှင့် မတွေ့ပါဘူးဟု ဝတ်ရည် ကတိပေးလိုက်ရသည်။ ဝတ်ရည်မင်္ဂလာပွဲအစား ကြီးကြီးမေကြောင့် မင်္ဂလာပွဲ နောက်ကျလိမ့်မည်ဟု မှန်းထားသော ရွှေစင့်မင်္ဂလာဆောင်ကို သူတို့ အရင်ဆုံး တက်ရလေသည်။ သတို့သားက ရွှေစင့်ချစ်သူ ကိုဂျိမ်းစ်မဟုတ် ကြီးကြီးမေ သဘောတူသော ကိုနိုင်ဟု သိရသောအခါ သူတို့အားလုံး အံ့သြရလေသည်။ မင်္ဂလာဆောင်သောနေ့တွင် ပျော်ရွှင်ပုံ မရသော်လည်း ရွှေစင်သည် အလှပဆုံးသော သတို့သမီးလေး ဖြစ်နေခဲ့သည်။


ခေါင်းမာသောရွှေစင် ထိုမင်္ဂလာပွဲကို လက်ခံသည်ဆိုသည်မှာ သူတို့အတွက် ပဟေဋ္ဌိဖြစ်လေသည်။ အတော်လေးကြာတော့မှ ထိုပဟေဋ္ဌိကို ရွှေစင်ကိုယ်တိုင် ရှင်းပေးခဲ့သည်။ မိုးတွေသည်းသည်းမည်းမည်း ရွာတယ့်တနေ့ ကိုနိုင်အဖျားတက်နေလို့ ကိုနိုင့်မေမေ ဆေးသွားဝယ်နေတုန်း ရွှေစင်စောင့်နေပေးခိုက် ရွှေစင့်ဘဝလည်း မိုးလေထန်ခဲ့သည်။ ရွှေစင့်ကို ‌ချွှေးမတော်ချင်နေသော ကိုနိုင့်မေမေတို့ဖက်က မိသားဖသားပီပီ လာရောက်တောင်းရမ်းသောအခါ အရင်ကတည်းက သဘောတူနေသော ကြီးကြီးမေက ဝမ်းမြောက်ဝမ်းသာ လက်ခံသည်။

ကိုနိုင်သည် ရွှေစင့်ကို အတော်ချစ်သလို ဂရုအင်မတန် စိုက်သည်။ ကိုဂျိမ်းနှင့် ရှင်ကွဲကွဲရသော်လည် သမီးလေး ဂျူးဂျူးမွေးတော့ ကိုဂျိမ်းစ်ဆိုတာ ရွှေစင့်ဘဝမှာ မရှိတော့ပါ။ ရွှေစင့် နှလုံးသား၊ ဘဝတခုလုံးသည် သမီးလေး ဂျူးဂျူးအတွက်သာ ဖြစ်သည်။ ရွှေစင့်ဆီက မျက်ခုံးထူထူ၊ မျက်လုံးဝိုင်းဝိုင်း၊ နှာတံပေါ်ပေါ်၊ ကိုနိုင့်ဆီက ဖြူဝင်းသောအသား၊ အရပ်မြင့်မြင့်တို့ကို ပိုင်ဆိုင်ထားသော ဂျူးဂျူးလေးသည် အလွန်ချစ်စရာကောင်းသည်။ သားယောကျ်ားလေးသာရှိသော ကိုနိုင့်မေမေ၊ ကိုနိုင့်ညီ၊ ကြီးကြီးမေတို့က မိခင်ဖြစ်သူရွှေစင်ထက် သဲသဲလှုပ်နေသည်။

မိရွှေစင် ညည်းပြောတော့ ကိုနိုင့်ကို မချစ်ဘူးလေး ဘာဘူးလေးနဲ့ဂျူးဂျူးလေးက သူ့အဖေနဲ့ တရုပ်တည်းပါလား ချွှပ်ချွှတ်တူအောင် မွေးတတ်ပါ့အေ။ ရွှေစင့်တို့အိမ်ထောင်ရေးမှာ အဆင်ပြေသော်လည်း အချစ်ကြီးသော ကိုနိုင့် သံသယက ရွှေစင့်ကို ဝန်ပိစေသည်။ နာမည်ကြီးအဆိုတော် ဖြစ်လာပြီး ဟစ်ဖြစ်နေသော ကိုဂျိမ်းစ်သီချင်းများကို ကိုနိုင်ရှေ့မှာ ရွှေစင် မဆိုရဲ။ မတော်တဆ ယောင်ပြီးဆိုမိလျှင် ကိုဂျိမ်းစ်အပေါ် ချစ်မပြယ်ဟုထင်ကာ သံသယနှင့် ရှောင်ဖယ်နေတတ်သည်။ ကိုနိုင့်သံသယကို ရွှေစင် အကြောက်ဆုံး။


သင်းခိုင်က သူ့ဆီလာပါဟု ဆိုလာသောအခါ ဂျူးဂျူးလေးနှင့် မအားလပ်သော ရွှေစင်မှလွဲ၍ သူတို့အားလုံး သွားရောက်တွေ့ဆုံရလေသည်။ သူ့ချစ်သူ  မင်းထက်နှင့် မိတ်ဆက်ပေးသည်။ ငယ်လည်းငယ် ဆိုင်ကယ်ကယ်ရီ မောင်းသော မင်းထက်ကို သူတို့သဘောမကျသော်လည်း သင်းခိုင် နင် စိတ်လိုက်မာန်ပါ မဆုံးဖြတ်နဲ့နော် ငါတို့ကို တိုင်ပင်ဦး။ ခေါင်းမာစိတ်မြန်သော သင်းခိုင်သည် သူတို့ကို မတိုင်ပင်ခဲ့ပါ။ သူ့မင်္ဂလာဖိတ်စာကိုသာ ပို့ခဲ့လေသည်

ကျိုက်ကလို့ဘုန်းကြီးကျောင်း မင်္ဂလာဆွမ်း‌ကျွှေးပွဲတွင် ပန်းဆီရောင် ဝတ်စုံလေးနှင့် သင်းခိုင် လှနေခဲ့သည်။ သဘောမတူသော သင်းခိုင်မိဘများကြောင့် ပဲခူးသို့ခိုးပြေးပြီး မင်းထက်ဖက်မှ လာအပ်သည်။ သင်းခိုင်ထက် ငယ်သော မင်းထက်သည် ခိုင့်သဘော ခိုင့်သဘောဆိုကာ သင်းခိုင်အလိုကျအတိုင်းသာ ဖြစ်သည်။ သူတို့အားလုံးရဲh အမြင်မှာတော့ မင်းထက်က သင်းခိုင်ကို ခိုးပြေးတာ မဖြစ်နိုင်ဘူး သင်းခိုင်က မင်းထက်ကို ခိုးပြေးတာ ဖြစ်ရမယ်။

၂၀၀၇ စက်တင်ဘာ ရွှေဝါရောင်တော်လှန်ရေး

၈၈ အရေးတော်ပုံချိန်တွင် အသက် ၆ နှစ် ၇ နှစ်သာ ရှိသေးသော သူတို့သည် အရေးတော်ပုံအကြာင်း ကြားဖူးရုံသာ ကြားဖူးသည်။ သေသေချာချာ ဂဃနဏ မသိ။ ၂၀၀၇ စက်တင်ဘာ ရွှေဝါရောင် တော်လှန်ရေးကိုကား သူတို့ကိုယ်တိုင် မျက်ဝါးထင်ထင် တွေ့မြင်ခဲ့ရသည်။ ကုန်ဈေးနှုန်းကျဆင်းရေးအတွက် ငြိမ်းချမ်းစွာ စီတန်းလှည့်လည် ဆန္ဒပြသော သံဃာတော်များ၏ ကမ္ဘာကျော် သမိုင်းဝင် ရွှေဝါရောင်တော်လှန်ရေး။ သံဃာတော်များကို လမ်းချင်းဆက်ကာ ကာရံပေးထားသော အဖြူ အစိမ်းဝတ် ကျောင်းသားလူငယ်ကလေးများ၊ လမ်းဘေးမှ ရှိခိုးဦးချသူများ၊ ရေဘူး၊ ဆေး ကမ်းကြသူများ၊ လက်ခုပ်တီးအားပေးကြသူများဖြင့် ပြည်သူများ ပါဝင်လာခဲ့သည်။


စစ်ကားများ ရောက်ရှိလာကာ မီးခိုးဗုံး၊ သေနတ်ဖြင့် ပစ်ဖောက်ကာ လူစုခွဲသည်။ တွေ့သည့်လူကို နံပါတ်တုတ်ဖြင့် ရိုက်နှက်ကာ ကားပေါ်သို့ ဆွဲတင်သည်။ ဗုဒ္ဓဘာသာဝင်များ ဘုရားဖြင့် တန်းတူထားသော သံဃာတော်များကို နံပါတ်တုတ်ဖြင့် ရိုက်နှက်သည်။ မြင်ရသည့် ဗုဒ္ဓဘာသာဝင်များသာအက တခြားဘာသာဝင်များကပါ နှလုံးနာကြသည်။ စစ်အာဏာရှင်များက အကြမ်းဖက် နှိမ်နင်းသော်လည်း မီးခိုးဗုံး မျက်ရည်ယိုဗုံးရန် ကာကွယ်ဖို့ မျက်နှာဖုံး တပ်ဆင်ကာ ဆက်လက်တိုက်ပွဲဝင်သည်။ လမ်းမှ ကမ်းသောရေဗူးတချို့သည် မသင်္ကာစရာများ ပါသောကြောင့် ယုံကြည်စိတ်ချရမှ သောက်သည်။

ကျူးကျော်လာသော ရန်သူများကို ချေမှုန်းသင့်သော သေနတ်သည် လက်နက်မပါ ရန်မပြု ငြိမ်းချမ်းစွာ စီတန်းလှည့်လည်သော ရဟန်းရှင်လူ ပြည်သူများကို သုတ်သင်ခဲ့သည်။ ညအချိန် ဘုန်းကြီးကျောင်းများကို ပြောက်ကျားနည်းဖြင့် ချေမှုန်းသောကြောင့် သွေးစွန်းရသည်။ စစ်ကြောရေးစခန်း၊ ထောင်များတွင်  ဒင်းကြမ်းပြည့်ကုန်သည်။ ရွှေတိဂုံတွင် စုဝေးနေစဉ် နေခြစ်ခြစ်တောက် ပူနေတုန်း မိုးခြမ်းသံကို အသေအချာ ကြားလိုက်ရသည်။ ညမထွက်ရ အမိန့်ကြောင့် အိမ်မကပ်သော သူတို့အကို၊ မောင်များသည် အိမ်မြဲကြသည်။ လူစည်နေတတ်သော လမ်းမများသည် တိတ်ဆိတ်ခြောက်ကပ်ကာ ခွေးအူသံများဖြင့် စိတ်ညစ်ညူးစရာ ကောင်းသည်။ မတရားဖိနှိပ်ခံရသော ဝိညာဉ်များ၏ ငိုညည်းသံကို ညအချိန်အခါ ကြားရသလို။

ဖြိုးဝေသည် ရွှေဝါရောင်တော်လှန်ရေးတွင် ဘုန်းကြီးများကို ထောက်ပံ့သောအဖွဲ့တွင် ပါဝင်သည်။ ဈေးတွင် ဖြိုးဝေနှင့် အမြဲတတွဲတွဲ ရှိနေသော သူငယ်ချင်းမှာ အလ်နယ်ဒီမှ အမာခံဖြစ်သည်။ သူတို့ နားနေချိန် ဒီဘီဗွီရုပ်သံမှ အသေအချာလာရိုက်ကာ လွှင့်သွားသောကြောင့် ထောက်လှမ်းရေးမှ သူတို့နှစ်ယောက်နောက် လိုက်သည်။ ဖြိုးဝေသူငယ်ချင်းမှာ အမျိုးရှိရာ ပြည်ဖက်သို့ ရှောင်တိမ်းသောကြောင့်  နောက်နေ့ ထောက်လှမ်းရေး သူမအိမ် လာရှာချိန် လွတ်သွားသည်။


ဖြိုးဝေအကို တိုးဝေသည်လည်း အိမ်နားမှ ဖြတ်သွားသော ချီတက်ပွဲကို လိုက်ပါကာ ဆူးလေတွင် မောင်နှမနှစ်ယောက် ဆုံမိကြလေသည်။ ဖြိုးဝေတယောက် မေထက်အိမ်ကို တပတ်လာနေကာ ထောက်လှမ်းရေးရန်ရှောင်ရသည်။ မိဘများ နယ်မှာသွားနေချိန်ဖြစ်၍ ထိုခြောက်ခြားဖွယ်ကာလများကို အတူတူ ဖြတ်သန်းကြလေသည်။ ထိုအချိန်တွင် မေထက်သည် နိုင်ငံခြားကျောင်းလျှောက်ဖို့ ပြင်ဆင်နေသည်။ မြို့ထဲသွားလျှင် ပုဝါအနီပတ် သေနတ်ကိုင်ကာ ကင်းစောင့်နေသော စစ်သားများကို တွေ့ရလျှင် ကြောက်လန့်မုန်းတီးမိသည်။

တောင်ဥက္ကလာက ငွေကြာယံဘုန်းကြီးကျောင်း၊ ဘယ်နားက ဘယ်ဘုန်းကြီးကျောင်းကိုတော့ဖြင့် ညအချိန် စီးသွားပြန်ပြီဆိုသည့် သတင်းတွေ ကြားနေရသည်။ မေထက်တို့နားတွင်ရှိသော ဘုန်းကြီးကျောင်းကိုလည်း ရက်ကွက်သူရပ်ကွက်သားတွေ အလှည့်ကျ ကင်းစောင့်ကြသည်။ အုန်းမောင်းခေါက်လျှင် ရပ်ကွက်သားတွေ ဘုန်းကြီးကျောင်းဆီ ချီတက်ကာ ကယ်ဆယ်ဖို့ အသင့်ဖြစ်သည်။ မေထက်အိမ်တွင် တပတ်နေပြီး မင်္ဂလာဒုံရှိအမျိုးများဆီကို ပြောင်းသည်။ တုန်လှုပ်ခြောက်ခြားဖွယ် ခေတ်ဆိုးခေတ်ပျက်ချိန်ကို သူမတို့ ဖြတ်သန်းခဲ့ရသည်။

၂၀၀၈ မေလ နာဂစ်မုန်တိုင်း
မြန်မာ့သမိုင်းတွင် မကြံဖူးလောက်အောင် ပြင်းထန်သော ဆိုင်ကလုန်း နာဂစ်။ အိမ်နီးနားချင်းနိုင်ငံတွေက မုန်တိုင်းဒဏ်ခံဖို့ ပြင်ဆင်နေချိန် အစိုးရက ၂၀၀၈ အခြေခံဥပဒေကို အတည်ပြုနိုင်ရေး မဲပေးကြဖို့ ဆော်သြနေသည်။ မုန်တိုင်းဝင်ရောက်တိုက်ခတ်သောနေ့တီဗွီမှ ကြေငြာချိန် မုန်တိုင်းသည်ကား ဧရာဝတီတိုင်းကို ဝင်ရောက်တိုက်ခတ်ပြီး အရာအားလုံးကို ဖျက်ဆီးသွားခဲ့ပြီ ဖြစ်သည်။ ဆယ်ပေခန့်တက်လာသော ဒီရေ၊ အလွန်ပြင်းထန်သော လေတိုက်နှုန်းကြောင့် သေဆုံးသူ အရေအတွက် မြင့်မားသည်။


နယ်တွင် ရောက်နေသော မေထက်မိဘများအား စိတ်ပူကာ သတင်းမေးဖို့ ဖြိုးဝေတို့ မောင်နှမနှစ်ယောက် ဘတ်စ်ကားမရှိ နာရီဝက်ခန့် လမ်းလျှောက်ပြီးမှ ရောက်လာလေသည်။ မေထက်တို့ မောင်နှမ ဘေးကင်း၍ စိတ်အေးသွားသော်လည်း ဧရာဝတီတိုင်းတွင် ရောက်နေသော မေထက်မိဘများကို စိတ်ပူမိသည်။ ညဖက်ဖြတ်ကျော်တိုက်ခတ်သော မုန်တိုင်းကြောင့် ပင်လယ်ရေ ဆယ်ပေခန့်တက်ကာ တကျွှန်းလုံး ပျောက်သွားသည့် သတင်းကြောင့် မိဘများကို စိတ်ပူသော မေထက်ခမျာ ညတွင်းခြင်း ဆင်းလေသည်။

ဆန်စက်များ ဆုံးရှုံးသွားသော်လည်း မိဘများ အသက်ဘေး ကင်းလွတ်သောကြောင့် မေထက်ခမျာ စိတ်အေးသွားသည်။ ဘယ်မှာဖြင့် ဘယ်နှစ်ယောက်သေတာ၊ ပျက်စီးဆုံးရှုံးမှု သတင်းတွေ နားဖြင့်မဆံ့ ကြားရသည်။ ရေငန်ထိသွားသော ပစ္စည်းများကို လျှော်ဖွတ်ရ၊ လွင့်စင်သွားသော ပစ္စည်းများကို ကောက်ရ၊ ပြန်လည်တည်ဆောက်ရသောကြောင့် တဒုန်းဒုန်း အသံများကို မပြတ်ကြားရသည်။ မုန်တိုင်းကို စောစောစီးစီး သတိပေးပြီး လူတွေကို ဘေးလွတ်ရာမှာ ကယ်ဆယ်နေရာချထားပေးခဲ့လျှင် ဒီလောက်သေဆုံးမှုများမည် မထင်။

နာဂစ်ပြီးမှ သူငယ်ချင်းများ လှုဒန်းသော ဆေးဝါ၊ အစားအစာ၊ အဝတ်အထည်အိတ်ဖြင့် ဧရာဝတီတိုင်းဖက် ဆင်းသွားသော မေထက်သည် လက်မောင်းနှင့် ချက်တွင် မီးလောင်ဒဏ်ရာများနှင့် ပြန်ရောက်လာသည်။ လူသေလောင်းများ ပေါလောမျောနေသော မြစ်ချောင်း၊ ပင်လယ်ရေတို့ကြောင့် ဖြစ်သည်။ ဆရာဝန်လောင်း မေထက်ခမျာ သူ့မီးလောင်ဒဏ်ရာကို သူ မကုနိုင်။ ဖြိုးဝေအသိ လှည်းတန်းက ဆရာဝန်ကြီးပေးသော မြန်မာဆေး၊ အင်္ဂလိပ်ဆေးများနှင့်မှ သက်သာသွားလေသည်။ နာဂစ်ကြောင့် ပျက်ဆီးသွားသည်များကို  ပြင်ဆင်နိုင်သော်လည်း မိဘမဲ့သွားသောသော ကလေးများ၊ မိဘဆွေမျိုး ဆုံးရှုံးသွားသူများ၏ စိတ်ဒဏ်ရာကို ကုစားဖို့တော့ အချိန်ကြာမည် ထင်ပါသည်။ ရန်သူမျိုးငါးပါးရန်ကိုလည်း သူတို့ကြုံတွေ့ဖြတ်သန်းခဲ့ဖူးသည်။


ဖြိုးဝေသည် သူတို့ဈေးသို့ပြောင်းလာသော ဦးလူပျိုကြီးဟု သူတို့နာမည်ပေးထားသောသူနှင့် မျက်လုံးခြင်း ချိတ်မိကြသည်။ လာရောက်အကဲခတ်သော သင်းခိုင်က ဦးလူပျိုကြီးနဲ့ နင်က တကယ့် အိုင်တီအစ်စ်ပဲ။ ဦးလူပျိုကြီးက ပိန်ပိန်ရှည်ရှည် ဖြိုးဝေက ပုပုသေးသေး။ သူတို့နှစ်ယောက် ချစ်သူဖြစ်တော့ တခြားချစ်သူများလို လွတ်လွတ်လပ်လပ် မတွေ့နိုင်ရှာ။ ဈေးစကားတွေက ချဲ့ကားလွန်းသည်။ တရုတ်မိသားစုတွင် အကိုအကြီးဆုံးဖြစ်သော ဦးလူပျိုကြီးကို နင် တရုတ်အိမ်မှာ အိမ်ဖော်ဖြစ်လိမ့်မယ်ဟု ဆိုကာ ဖြိုးဝေတို့ဖက်က နည်းနည်းမှ သဘောမကျ။ ဦးလူပျိုကြီး ညီမတွေကလည်း ဖြိုးဝေမိဘများ အိမ်ထောင်ရေး အဆင်မပြေသည်ကို အကြောင်းပြကာ တခြားသူများနှင့် စပ်သည်။ နဲ့ပါများသော ကျောက်တုံး ရွေ့သလို ဦးလူပျိုကြီးသည်လည်း ပြောင်းလဲလာသည်။

ဖြိုးဝေက လက်မှတ်ထိုးပေးပါမည် ပြောတာတောင် အင်တင်တင်။ ဖြိုးဝေတို့ဖက်ကလည်း ဖြိုးဝေကို နည်းနည်းမှ အလွတ်မပေး။ အင်္ဂလန်သို့ မေထက် မသွားခင် သူတို့အားလုံး ဆုံကြသည်။ ကိုနိုင့်ကို မချစ်လို့တာဆိုတယ် တဗိုက်ပြီး တဗိုက်ပါလား မိရွှေစင်။ ဂျူးဂျူးလေးကို ငါ့လို တကောင်ကြွက် ဖြစ်မှာစိုးလို့။ ကိုနိုင်က ကလေး သုံးလေးယောက် လိုချင်တယ်။ မွေးပေါ့ ရွှေစင်ရဲ့ နင့်မှာ ထိန်းပေးမယ့် ကိုနိုင့်မေမေ ကြီးကြီးမေ ရှိနေတာပဲ။ သူတို့ကလည်း ပြောပါတယ်။ မွေးသာမွေး သူတို့ထိန်းပေးမယ်တယ့်။ ကိုနိုင်ရော ဘယ်လိုလဲ အရင်လို သံသယ ရှိတုန်းလား။ တခါတလေမှ။

သင်းခိုင်ယောကျ်ား မင်းထက်တို့ မိဘအသိုင်းအဝိုင်းမှာ တကယ့်စရိုက်ဖြစ်သည်။ ရန်ဖြစ်လျှင် တအိမ်လုံး ရှိသမျှလူက တုတ်ဆွဲကိုင်ကာ ရန်ပွဲဆင်ဖို့ မင်းထက်ကို လာခေါ်သည်။  မင်းထက်ကလည်း ဓားဆွဲ တုတ်ဆွဲကာ လိုက်လေသည်။ သင်းခိုင်မိဘများမှာ စိတ်နှလုံး မချမ်းမြေ့လှ။ မိဘများ စိတ်မချမ်းသာသည်ကိုသိသော သင်းခိုင်သည် မင်းထက်ကို တားဖြစ်ဆုံးမသော်လည်း မိဘမောင်ဖွား လာခေါ်တိုင်း မင်းထက်က လိုက်မြဲလိုက်ဆဲ။


မေမေ သဘောမတူသောကြောင့် မောင်စံရှားနှင့် မတွေ့ရသော ဝတ်ရည်သည် မေမေ့ကျန်းမာရေး ပိုဆိုးမည်စိုး၍ မောင်စံရှားနှင့် လုံးဝမတွေ့ဝံ့။ မောင်စံရှားက ခိုးပြေးချင်သော်လည်း မေမေ့ ဗုန်းဗုန်းလဲသည့် တရားခံ ဝတ်ရည် မဖြစ်ချင်။ သုံးနှစ်အတွင်း အားလုံးအဆင်ပြေသွားဖို့ကိုသာ မျှော်လင့်သည်။ ခိုင်မေက သူ့ထက်ငယ်သော စစ်ဗိုလ်ကောင်လေးနှင့် ရည်ငံနေသည်။ ခိုင်မေ့ခင်ပွန်းက တပ်အရာရှိဆိုလျှင် ဘယ်တော့မှ ရာထူးတိုးမည်မဟုတ်။ ခိုင်မေ့ဖခင်က နိုင်ငံရေးသမားဖြစ်သောကြောင့် ဖြစ်သည်။ ကြိုးစားပြီးမှ ရလာသော အရာရှိဆိုသည့် ရာထူးလေးကို စွန့်လွှတ်ဖို့မလွယ်။ မဆုံနိုင်သည့်ဖူးစာ ဖြတ်တောက်ဖို့ သူငယ်ချင်းများက ပြောသော်လည်း ပေးဆပ်သော၊ ဘာကိုမှ မမျှော်လင့်မထားသော ချစ်ခြင်းဖြင့်သာ ချစ်နေခဲ့သည်။

မေထက် နိုင်ငံခြား ထွက်ခွာသွားပြီးနောက်တွင်တော့ တနှစ်တစ်ခါလောက်သာ သူတို့တွေ့ဖြစ်ကြတော့သည်။ အင်တာနက်ဆိုသည်မှာ သူတို့နှင့် အလှမ်းကွာလှသောကြောင့် တနှစ်လုံး အွန်လိုင်းတွင် နှစ်ခါလောက်သာ မေထက်နှင့် ဆုံဖြစ်တော့သည်။ စစ်ပြေးဖြစ်သော မင်းထက်ကို လာဖမ်းဆီးပြီး ပြည်စစ်ထောင်သို့ ပို့ကာ ထောင်နှစ်နှစ် ချလေသည်။ သို့သော် စစ်ထောင်သည် တခြားထောင်များထက် အပုံကြီးသာသည်။

ယောကျ်ားလုပ်သူကို မိဘများ မကြည်သောကြောင့် အိမ်ခွဲနေသည့် သင်းခိုင် ကလေးမီးဖွားသည့်အချိန် ယောကျ်ားက ထောင်မှာ။ မိဘကိုလည်း အသိမပေး။ သင်းခိုင်နှင့် အနီးကပ်ရှိသည့် သူငယ်ချင်းက အကြောင်းကြားသည့်အခါတွင်မှ ဖြိုးဝေနှင့် ခိုင်မေ အပြေးအလွှား သွားရောက်ကြလေသည်။ လက်ထဲပိုက်ဆံထည့်သည့်အခါ မျက်ရည်ကျခဲသော သင်းခိုင် ငိုမိသည်။ သူငယ်ချင်းများကလည်း အကြောင်းမကြားရန်ကော ဂရုဏာဒေါသော ဆူကြသည်။ သင်းခိုင်က အဆက်အသွယ် ဖြတ်ထားသော်လည်း သင်းခိုင်မိဘများကို အကြောင်းကြားလိုက်သည်။ သင်းခိုင်မိဘများ သင်းခိုင်ကို အိမ်သို့ ခေါ်ဆောင်သွားသောအခါမှ သူတို့ စိတ်အေးသွားလေသည်။


မေမေ သဘောမတူသော်လည်း ဖေဖေ့ ခွင့်ပြုချက်ဖြင့် မောင်စံရှားနှင့် ဝတ်ရည်တို့ မင်္ဂလာပွဲကို ရွှေပြည်သာဘုန်းကြီးကျောင်းတွင် ကျင်းပသည်။ နိုင်ငံခြားရောက်နေသော မေထက်နှင့် နယ်တွင် တာဝန်ထမ်းဆောင်နေသော ရွှေစင်တို့ မတက်ရောက်နိုင်ဘဲ ခိုင်မေ၊ ဖြိုးဝေနှင့် သင်းခိုင်တို့သာ တက်ရောက်သည်။ အခက်အခဲများကို ဖြတ်သန်းပြီးမှ လက်တွဲနိုင်သော သူတို့မင်္ဂလာပွဲကို အဝေးရောက်သူငယ်ချင်းများ ဝမ်းမြောက်ဝမ်းသာ ရှိနေပေလိမ့်မည်။ မင်္ဂလာပွဲတွင် မပျော်ရွှင်ဆုံးမှာ မေမေဖြစ်သည်။ မောင်စံရှားညီမပုံက သိပ်မလွယ်ဘူး ဝတ်ရည်ကို ဒါကြောင့် သူ့မေမေက သဘောမတူတာဟု ခိုင်မေက ဆိုသည်။ ဝတ်ရည် အရမ်းလှတာပဲ မေထက်ရယ်ဟု ဖြိုးဝေက ပြောသည်။ ခုနေသာ ငိုမဲ့မဲ့ ဖြစ်နေတာ မြေးရရင် ဝတ်ရည်မေမေက အသည်းဆုံးနေမှာဟု သင်းခိုင်က မှတ်ချက်ချသည်။

...ငါးနှစ်ခန့်ကြာသောအခါ...

သစ်ရွက်လှုပ်တာတောင် တခစ်ခစ် ရယ်မောတတ်သော အရွယ်မှ လောကဓံ အလှည့်အပြောင်းကို ခါးစီးခံလို့ ရင့်ကျက်တည်ငြိမ်သော အရွယ်ရောက်လာကြသည်။ ဆယ်ကျော်သက် မိန်းကလေးများသည် ဆယ်စုနှစ်နှစ်ခုကို ဖြတ်သန်းလို့ အသက်သုံးဆယ်ကျော်အရွယ် ဖြစ်နေသည်။  သူတို့မတွေ့ကြသည်မှာ ကြာပြီဖြစ်သည်လည်း သူငယ်ချင်းညီအမသံယောဇဉ်ကတော့ အရင်အတိုင်းပင် ဖြစ်သည်။

မေထက်ပြန်လာသောအခါ သူတို့ ပြန်ဆုံကြလေသည်။ ပညာသင်ရင်း ကြင်ယာပါလာခဲ့သော မေထက်သည် ခင်ပွန်းသည် မြန်မာပြည်သို့ ပြောင်းရွှေ့တာဝန် ထမ်းဆောင်ရသည်နှင့် မိသားစုလိုက် ပြောင်းရွှေ့လာခဲ့သည်။ အရှေ့တိုင်းသူ မိခင်ဆီက မျက်လုံးနက်နက် ဥရောပသား ဖခင်ဆီက ဖြူဆွတ်ဆွတ်အသားအရေ အမွေရထားသော မေဂရေ့သည်  သူတို့အတွက် မေထက်အငယ်စားလေးဖြစ်သည်။


ကိုနိုင် သဘောၤပေါ်က ပြုတ်ကျလို့ ဆုံးသွားတာ ခြောက်လရှိပြီ။ သူ သိပ်ကြားချင်တယ့် စကားတခွန်းတောင် ငါမပြောလိုက်ရဘူး။ ငါ အရင်တုန်းက သူ့ကို ကျိန်ဆဲခဲ့လို့လား မသိဘူး မေထက်ရယ်။  ငါ သိပ်ဆိုးတယ် မေထက် ဟင့်..ဟင့်။ တိတ်ပါ ရွှေစင်ရယ် နင် သူ့ကို ချစ်မှန်း ကိုနိုင် သိပါတယ်။ နင့်မှာ ကိုနိုင့်ကိုယ်ပွားလေးတွေ ရှိတာပဲ။ သူတို့အတွက် နင် ကြံ့ခိုင်ရမယ်နော်။

သင်းခိုင်သားလေးက ရုပ်ကသာ သူ့အဖေနဲ့တူသာ စိတ်က သင်းခိုင်အတိုင်းပဲ ခေါင်းမာတဇွတ်ထိုးလေး။ ကိုလေးကို ဖေဖေလို့ ခေါ်ခိုင်းတာ ဘယ်တော့မှ မခေါ်ဘူး။ ကိုလေးက ပထွေးတယောက်အနေနဲ့ ကောင်းပါတယ်။ သူ့အဖေ အသိုင်းအဝိုင်းနဲ့ မတွေ့အောင်လို့ မင်္ဂလာဈေးဖက်ကို ပြောင်းလာတယ်။ သားလေးကို ငါ အကောင်းဆုံးဖြစ်အောင် ပျိုးထောင်မယ်။ နင် စီးပွားရေးပဲ လုပ်မနေနဲ့ဦး ကလေးကို အချိန်ပေးဦး သူတို့လိုအပ်တာက ပိုက်ဆံမဟုတ်ဘူး မိဘတွေရဲ့ အချိန်၊ ဂရုစိုက်မူတွေ။

ဝတ်ရည်မေမေလား မြေးချီနေလေရဲ့။ သမီးကအချစ် မြေးကအနှစ်တယ့်။ မောင်စံရှားညီမက စိတ်ရင်းတော့ ကောင်းတယ် အပြောမတတ်ဘူး။ ဒါပေမယ့် ဝတ်ရည်က အေးတယ်။ မောင်စံရှားကလည်း ဝတ်ရည်ကို သိပ်ချစ်ရှာတာ။ သူတို့မိသားစုလေးကို အားကျတယ်။


ခိုင်မေ့ချစ်သူ စစ်ဗိုလ်လား တိုက်ပွဲကျသွားတယ်။ အချစ်ထက် ရာထူးပိုမက်တယ့် ငနဲလေး။ ခိုင်မေက အားလုံလိုက်လျောပြီး ပေးဆပ်ချစ်နဲ့ ချစ်တာ။ ရှင်ကွဲကွဲတာထက် သေကွဲကွာတာ ပိုကောင်းတယ်လို့ ငါထင်တယ်။ နင်ကလည်း ကိုယ်ချင်းမစာ ပြောတော့မယ်။ ဟုတ်တယ်လေ ရှင်ကွဲဆို ငါ့ကို ရက်စက်လိုက်လေခြင်းလို့ တနုံ့နုံ့နဲ့ မုန်းတီးနေမှာ။ ခုလို သေကွဲကွဲတော့ လွမ်းတသသ ဖြစ်နေသေးတာပေါ့။ သင့်တော်တယ့်သူတွေ့ရင် အိမ်ထောင်ပြ ုနော် ခိုင်မေ။

ဖြိုးဝေလား သူလာမှာ မဟုတ်ဘူး။ နင် သွားတွေ့ရမယ် မှော်ဘီ ဝါးနက်ချောင်းကို။ သူ့မိဘတွေ အိမ်ထောင်ရေး အဆင်မပြေတယ့် အရိပ်ကြီးက သူ့အိမ်ထောင်ရေး အရိပ်မိုးမှာ စိုးရိမ်တယ်ဆိုတယ့်အတိုင်း ဖြစ်လာတယ်။ ဦးလူပျိုကြီးနဲ့ မယူဖြစ်ပါဘူး။ ဦးလူပျိုကြီးက သူ့ညီမတွေ စပ်ပေးတယ့်သူကို ယူသွားတယ်။ သူ့မေမေဆုံးတော့ အိမ်ကို သူ့အကိုနဲ့ အမွေခွဲ သူရတယ့် ဝေစုကို လှုပြီး သီလရှင်ရာသက်ပန် ဝတ်သွားတယ်။ တလတခါ သွားလှုရင်းနဲ့ ငါတို့ရောက်ဖြစ်ပါတယ်။ သူဘဝလေးက တကယ်အေးချမ်းတယ်။


အချစ်ကို မယုံကြည်ကြသူများ...

ငါ့အတွက်တော့ အချစ်ဆိုတာ အိမ်မက်ဆိုး မက်ရသလိုပါပဲဟယ်။ ရင်တထိတ်ထိတ်နဲ့ နှိုးလာတော့လည်း ဘယ်လိုအဆုံးသတ်မလဲလို့ သိချင်နေပြန်ရော...
ရွှေစင်

ငါလား အချစ်ဆိုတာကို မယုံဘူး။ နှလုံးသားရဲ့ စေခိုင်းချက်ထက် ဦးနှောက်က ဆုံးဖြတ်တာ ပိုမှန်တယ်...
သင်းခိုင်

အချစ်ဆိုတာ အသွားအပြန် ရှိတယ်ဆိုပေမယ့် ငါ့အတွက်တော့ အသွားပဲ ရှိတယ် အပြန်ဆိုတာ မရှိဘူး...
ခိုင်မေ

အချစ်ဆိုတယ့် ကြိုးကလေးက မိဘဆွေမျိုးတွေ ဖြတ်တောက်ရင် ပြတ်တတ်တယ်...
ဖြိုးဝေ

အချစ်ဆိုတာ အပြန်အလှန် နားလည်မူတွေ၊ ယုံကြည်မှုတွေနဲ့ချည်နှောင်တယ့် ကြိုးကလေး...
မေထက်

မြင်မြင်ချင်း ချစ်တယ့် ကိုယ်တို့နှစ်ယောက် ချစ်ခရီးလမ်းက မဖြောင့်ဖြူးခဲ့ဘူး...ဒါပေမယ့် စိတ်ရှည်လက်ရှည် စောင့်ခဲ့ကြတယ်...ပန်းခင်းလမ်းရှိသလို ဆူးခင်းလမ်းလည်း ရှိခဲ့တယ်...ကိုယ့်တို့နှစ်ယောက် အချစ်ကို ယုံကြည်လို့ လက်တွေ ခိုင်မြဲခဲ့တယ်...The course of true love never run smooth...
ဝတ်ရည်

ပြီးပါပြီ

စန်းထွန်း
မေ ၆၊ ၂၀၁၃။
All photos are from Google.

3 comments:

ညိမ်းနိုင် said...


ဟန်ကြည် said...


San San Htun said...

ညိမ်းနိုင် said...
ဝူးးးးးးးးးး မနဲ အပြေးအလွားလိုက်ဖတ်လိုက်ရတယ်...၊
ဇာတ်သိမ်းလိမ့်ဦးမယ် ထင်မထားဘူးရယ်....၊
ဝတ်ရည်နဲ့မေထက်ကလွဲလို့ ကျန်တဲ့သူတွေ အချစ်ကံ
မကောင်းဘူးပြောရမလားပဲနော်.....၊
May 7, 2013 at 5:55 AM
ဟန်ကြည် said...
ဟမ်...ဘယ်အပိုင်းတွေ လွတ်ကုန်ပြီလဲမသိဘူး...ကြားထဲမှာ ကျန်တဲ့ပို့စ်တွေ ဖြတ်ဝင်လာတော့ ဝါးကုန်ပြီ...နောက်တစ်ခေါက် ပြန်ဖတ်ရမယ့်သဘောရှိတယ် ကိုစန်းထွန်းရေ...ဇာတ်သိမ်းသွားတာ မြန်လွန်းသလားလို့...တရိပ်ရိပ် တည်လာပြီး တရှူးထိုး ဆင်းချသွားသလိုမျိုး...နေဦး တစ်ခေါက်ပြန် run လိုက်ဦးမယ်...
May 9, 2013 at 3:22 PM