ကန်တက်ကီပြည်နယ် လူဝီဗီလ်မြို့ကနေ နယူးယောက်မှာ လေယာဉ်ပြောင်းပြီး ည ၁၁ နာရီကျော်မှာ ဘော့စတွန်ကို ကိုယ်က ချောချောမောမော ရောက်ပေမယ့် အိုဟိုင်းရိုးပြည်နယ် စင်စင်နာတီမြို့ကနေ ဝါရှင်တန်ဒီစီမှာ ထရန်စစ်ထိုင်တယ့် ဆူနမ်ကတော့ တော်နေဒိုးဝင်မွှေသွားလို့ လေဆိပ်မှာ တညအိပ်လိုက်ရတယ်။ ဘော့စတွန်ကို ထွက်မယ့်အစောဆုံးလေယာဉ်က စနေနေ့ညနေစောင်းဆိုလို့ ၄၅ မိနစ်အဝေးက လေဆိပ်ဆီကို ရှယ်တယ်စီး။ မနက်စောစောထွက်တယ့် လေယာဉ်စီးပြီး ဘောစတွန်ကို စနေနေ့နေ့လည်ပိုင်းမှ ရောက်လာတယ်။ ကိုယ်တို့က အိမ်ကထမင်းဘူးသယ်ပြီး သွားကြိ ုရတယ် ဒီစီလေဆိပ်မှာ ခရီးသည်တွေ သောင်တင်နေပြီး စားစရာ၊ သောက်စရာ အကုန်ပြတ်လပ်သွားလို့။ ပိုက်ဆံရှိတာတောင် ဝယ်လို့မရတယ့် ဘဝ။
မနှစ်က မသွားဖြစ်တယ့် နိုင်အာဂရာရေတံခွန် ခရီးစဉ်ကို မေ ၂၇ မယ်မိုရီယမ်ဒေးပိတ်ရက် တနင်္လာနေ့ရုံးပိတ်ရက် ၃ရက်ဖြစ်တယ့် ခုတပတ်ရုံးပိတ်ရက်မှာ သွားဖြစ်တယ် ဆိုပါတော့။ ကားငှားသွားမယ်လို့ ရည်ရွယ်ထားပေမယ့် အနည်းဆုံးငါးရက် ငှားရမယ်ဆိုလို့ ရှေ့နှစ်ပတ်ကမှ ဝယ်ထားတယ့် အမ်းထရူးရဲ့ အသစ်ကျပ်ချွှတ် ၂၀၁၃ တိုရိုတာရေဗ့်ဖိုးကားကို ဟိုင်းဝေးလမ်းနဲ့ မိတ်ဆက်ပေးတယ်။ မေရီလန်းပြည်နယ်ကနေ ပင်စယ်ဗေးနီးယားပြည်နယ်ကို ဖြတ်ကျော်လို့ နယူးယောက်ပြည်နယ် နိုင်အာဂရာရေတံခွန်အထိ မြောက်စူးစူး ၃၈၀ မိုင် ၇ နာရီ မောင်းရမှာပါ။ ဖွတ်ချက်ဖွတ်ချက် ကိုယ်တို့ကားတွေနဲ့ဆိုရင် လမ်းမှာထိုးရပ်သွားမှာ စိတ်ပူရပေသကိုး။
ကားကအသစ်ဆိုတော့ လီဗာလေး နည်းနည်းတော့လိုက်တာနဲ့ မိုင်တော်တော်ပြေးတယ်။ ဖွတ်ချက်ဖွတ်ချက် ကားတွေကတော့ မိုင်နည်းနည်းပြေးဖို့ကို လီဗာအသားကုန် ဖိနင်းရပေသကိုး။ မနက် ၇ နာရီကတည်းက မောင်းလိုက်တာ လမ်းမှာ ဆီဖြည့်၊ ဗိုက်ဖြည့်ဖို့တခါပဲ ရပ်ပြီး ဆူနမ်ပဲ တောက်လျှောက် မောင်းတယ်။ နယူးယောက်ပြည်နယ် ဘာဖဲလိုးမြို့ထဲ ဝင်ရင်ပဲ သူတို့ပြည်နယ် ဥပဒေအရ နောက်ခန်းကလူတွေ ခါးပတ်ပတ်တယ့်။ စိမ်းပြာနေတယ့် မြစ်၊ မိုးပြာရောင် မြစ်ကူးတံတားကြီးကို ဖြတ်ရင်ပဲ ကားတွေ လူတွေ ကြိတ်ကြိတ်တိုးနေတယ့် နိုင်အာဂရာရေတံခွန်ဆီကို ရောက်ပါပြီ။ တံတားဖြတ်ခ ၁ ကျပ်ဆိုလို့ သက်သာလိုက်တာဟ။
ဒစ်ကာဗာရီပတ်ကေ့ချ်ဝယ်ထားတာမို့ အဲဒီထဲက တခုဖြစ်တယ့် Maid of the Mist အမေရိကန်ရေတံခွန် American Falls ၊ မြင်းခွာရေတံခွန် Horseshoe Falls ကို သင်္ဘောစီးပြီး သွားရောက်ဖို့ တန်းစီနေတယ့် လူတန်းကြီးက အရှည်ကြီး။ တသွင်သွင် စီးဆင်းနေတယ့် မြစ်ရေက ကြည်လင်စိမ်းလဲ့ကာ စင်ယော်တွေက ဝဲပျံနေတယ်။ တဖက်ကမ်း ကနေဒါဆီ ဆက်သွယ်ထားတယ့် တံတားခုံးခုံးဖြူဖြူလေးပေါ်က နှစ်နိုင်ငံအလံလေးက လေထဲမှာ လွင့်လို့။ အောက်ကိုငုံ့ကြည့်လိုက်တော့ အပြာရောင်လူအုပ်ကြီးကို တွေ့တယ်။
ကိုရီးယားတိုးအဖွဲ့၊ တရုတ်တိုးအဖွဲ့လေးတွေက အလံလေးတွေ ထောင်လို့ အိန္ဒိယတွေကလည်း အတော်များတယ်။ သဘောၤတစီးကို လူအယောက် ၅၀၀ ဆန့်တာမို့ ကျူတန်း ရှည်ပေမယ့်လည်း ၁၅၊ ၂၀ လောက်ပဲ ကြာတယ်။ တာဝါတိုင်ကနေ အောက်ရောက်တော့ မိုးပြာရောင် ပလတ်စတစ်ဝတ်ရုံပေးတယ်။ သြော် ဒါကြောင့် အပေါ်ကနေ အပြာရောင်လူအုပ်ကြီး မြင်ရတာကိုး။
ရေတွေ တဝုန်းဝုန်း ပေါက်ကွဲနေတယ့် ရေတံခွန်အလယ်က မြစ်ကြမ်းပြင်အထိ ဖြာဆင်းနေတယ့် သက်တန့်ရောင်စဉ်နှစ်ခု ဇင်ယော်ဖြူဖြူတွေ ပျော်ရွှင်စွာ ပျံဝဲလို့ အေးမြတယ့် ရေစဉ်တွေ ဖျန်းပက်တယ့်အခိုက်အတန့် သဘာဝအလှတရားမှာ နစ်မျောပျော်ဝင်သွားလို့ အရာအားလုံး ကိုယ်တို့ မေ့လျော့သွားတယ်။ ရေတွေတဝေါဝေါ ရွာသွန်းနေတယ့် ရေတံခွန်ရှေ့က သက်တန့်ခုံးခုံးလေးကို ငေးကြည့်ရင်း ကိုယ်တို့ရေရွတ်မိတာက နိုင်အာဂရာ မင်း...သိပ်လှတယ်။
ည ၈ နာရီ ကျော်နေပြီမို့ ၉ နာရီ Nigara legends of Adventure Theater နောက်ဆုံးပွဲ ကြည့်ဖို့ တန်းစီကြတယ်။ စကားလုံးတွေ နင်းကန်နေတယ့် ဆူနမ်က မမြင်လိုက်ပေမယ့် ကိုယ်က မြင်လိုက်တယ် တန်းစီသူတွေရဲ့ မနှစ်မြို့တယ့် အကြည့်တွေ။ ကိုယ်တို့တန်းစီနေတာက သူတို့ဘေးမှာ ဖြစ်နေလို့ ဖြတ်ဝင်တယ်ထင်ပြီး ဘုကြည့်ကြည့်တာကိုး။ ၁၅ မိနစ်လောက် တန်းစီနေတုန်း ကိုယ်တို့ရှေ့ကို ပိုက်တန်းထားကို ကျော်ပြီး အိန္ဒိယမိသားစု ဖြတ်ဝင်တယ်။ အားလုံးက ဘာလိုလဲဟပေါ့။ ပြောရင်ကောင်းမလား စဉ်းစားနေတုန်း လက်မှတ်ရှိသူတွေ ဝင်လို့ရပါပြီလို့ ကြေငြာတော့ လက်မှတ်မရှိလို့ ဘေးကပ်နေတယ့် သူတို့ကို အားလုံးက ကြည့်ကြတယ် ဘယ်နှယ့်ရှိစ။
ကိုယ်တို့တွေ သိချင်ကြတယ် အဲဒီမိသားစု ဘယ်လိုဖြစ်ကျန်ခဲ့လဲလို့ အတင်းလည်း ချကြတာပေါ့ သူတို့အပြုအမူကို။ ဆူနမ် ရယ်လို့ ကြည့်လိုက်တော့ အဲဒီမိသားစု ခန်းမထဲ ဝင်လာတာ။ လက်မှတ်ရသွားတာ တော်သေးတာပေါ့။ ဒါပေမယ့် သူတို့အပြုအမူက အကျဉ်းတန်လွန်းတယ်။ နိုင်အာဂရာဆိုတာ နေးတစ်အမေရိကန် အင်ဒီးယန်းဘာသာစကားနဲ့ Thundering Water လို့ အဓိပ္ဗာယ်ရပါသတယ့်။ စည်ဗိုင်းထဲ မွေ့ယာထည့် စက်ဘီးလေထိုးတံနဲ့ လေထိုး သူ့ကြောင်လေးနဲ့ အတူ မြစ်အထက်ကနေ ရေတံခွန်အောက်ဖက်အထိ မျောတယ့် အဘွားအို၊ ရေတံခွန်ကို အံတုကာ စက်လှေမမြုပ်တယ့် အင်္ဂလိပ်လူမျိုး သင်္ဘောကပ္ဗတိန်၊ ရေတံခွန်ကို ဖြတ်သန်းကာ ကောင်းကင်ကြိုး လမ်းလျှောက်တယ့်သူ ။ လူစွန့်စားတွေအတွက် ခွန်အားကြီးတယ့် နိုင်အာဂရာရေတံခွန်က စိန်ခေါ်နေသလိုပါပဲ။
ဗီဒီယို မကောင်းဘူးလို့ ကိုယ် ကွန်ပလိန်းတော့ နိုင်အာဂရာရေတံခွန် ညအလှကို ကြည့်ဖို့ဗီဒီယိုကြည့်ရင်း စောင့်တယ်လို့ သဘောထားလိုက်။ အပြင်မှာဆို အေးပါဘိနဲ့ဗီဒီယိုကြည့်ရင်း ငါတို့ အနားယူရတာပေါ့လို့ ဆူနမ်က ဖျောင်းဖြတယ်။ မီးရောင်စုံတွေ လင်းလက်နေတယ့် နိုင်အာဂရာကို တခြမ်းစောင်းလေးပဲ တွေ့ခဲ့တယ်။ မြင်ကွင်းပြည့်မြင်ရတယ့် ကနေဒါဖက်ခြမ်းက ဗျူးပိုကောင်းတယ်လို့ ဆိုကြတယ်။ ဟုတ်မှာ ကနေဒါဖက်မှာ ဟိုတယ်တွေ ပိုများပြီး စကိုင်းတာဝါတိုင် အမြင့်ကြီး တွေ့တယ်။
နောက်နေ့ နေ့လည်မှာတော့ ပင်လယ်ရေသတ္တဝါပြတိုက်ကို သွားကြတယ်။ နေ့လည် ၁၂ မှာ Sea Lion ပင်လယ်ဖျံပြပွဲ မှီလိုက်တယ်။ ပင်လယ်ဖျံတွေက ရေထဲမှာ အမြန်ဆုံး ဖြစ်သလို ကုန်းမှာလည်း မြန်တယ်။ ဝါအကြီးဆုံး ပင်လယ်ဖျံက ၂၆ နှစ် ရှိပြီး အငယ်ဆုံးလေး ကင်မ်က မနှစ်ကမှ ကယ်လီဖိုးနီယားကမ်းခြေမှာ ကယ်ဆယ်ရရှိပြီး ဒီရောက်လာတာပါ။ ဂျူလှိုင် ၁၆ မှာ ငါးနှစ်မြောက်မွေးနေ့ကို ဆင်နွှဲမှာပါတယ့်။ ပင်လယ်ဖျံလေးတွေ တင်ဆက်တာကို ကလေးတွေသာမက လူကြီးတွေလည်း နှစ်ခြ ိုက်ပါတယ်။
ပင်ဂွင်းတွေ၊ ပင်လယ်ဖျံတွေကို ကိုယ်တိုင်ကိုယ်ကျ အစားကျွှေး နိုင်တယ့် အစီအစဉ်တွေလည်း ရှိတယ်။ ကန်ထဲမှာ ကူးခတ်နေတယ့် ငါးအကြီးကိုတွေ့တော့ ရာမားက နင့်ကို ဖမ်းပြီး ကြော်စားမယ်၊ ကိုယ်က ဒီငါးမန်းကို ငါးမန်းတောင် ဟင်းချိုလုပ်ဖို့ တရုတ်ပြည်ပို့လို့ကတော့ ဈေးကောင်းရမှာလို့ တွေးတယ် း) ။ ရေဘဝဲကို ဓာတ်ပုံရိုက်တော့ ဘေးကလူတွေကို ဆိုင်းပုဒ်ပြပြီး No Flash လို့ သတိပေးတယ်။ အဟီး ဆောရီး ရိုက်ပြီးသွားပြီ နောက်မရိုက်တော့ဘူး။ စင်္ကာပူ Sentosa ထဲက Under Water က ပိုစုံတယ်။
လမ်းကူးလို့ Discover Center Qတန်းမှာ ဝင်စီတယ်။ ဘာမှန်း မသိဘူး သူများစီလို့ စီတာ။ မိနစ် ၂၀ လောက် တန်းစီးပြီးတော့ ဓာတ်လှေကားနဲ့ မြေအောက် တထပ်ပြီးတထပ် ခေါ်သွားတယ်။ ဓာတ်လှေကားနံရံကနေ မြင်ရတယ့် ကျောက်လွှာတွေကို ဒီကျောက်လွှာကတော့ နှစ်သန်းပေါင်း ဘယ်လောက်ရှိပြီ၊ ဒီကျောက်လွှာကတော့ စကော့တလန်က ကျောက်ဆောင်တွေလို အနီရောင်၊ ဒီကျောက်လွှာကတော့ အမာဆုံးနဲ့ ဗီဒီယိုက ရှင်းပြတယ်။ ကိုယ်တို့အားလုံး တညီတညွှတ်တည်း မှတ်ချက်ပြုတယ် စောင့်ရကျိုး မနပ်လိုက်တာ။ ကျောက်လွှာတွေကို ကိုယ်တွေမှ စိတ်မဝင်စားတာ။
မနေ့က Food Court မှာ မလေးရှားခေါက်ဆွဲကြော်၊ ကင်ချီထမင်းကြော်၊ ဟိုင်နန်ကြက်ဆီထမင်း စားမဟဲ့ဆိုပြီး သွားတန်းစီတာ အဲဒီနေ့အရမ်းဘီးစီးလွန်းလို့ ဘူဖေးပဲ ရောင်းပါတယ်တယ့်။ အမေရိကန်က တရုတ်ဆိုင် အများစုက ချိုပေမယ့် အဲဒီတရုတ်ဆိုင်ကတော့ မချိုဘူး။ ဆူနမ်တို့က ဘာအရသာမှ မရှိတယ့် အိန္ဒိယဆိုင်နဲ့ သွားတိုးတယ်။ ဆိုင်အားလုံးက လက်ငင်းငွေ ပေးရတယ်။ ဒီနေ့တော့ လက်ငင်းငွေမရှိတော့တာနဲ့ ခရက်ဒစ်ကဒ်နဲ့ ပေးလို့ရတယ့် ပန်ဂျပ်အိန္ဒိယဘူဖေးမှာ စားတာ စားကောင်းတယ်ဗျား။
နောက်ဆုံးခရီးစဉ်ဖြစ်တယ့် Cave of the winds ရှိရာ မြစ်လယ်က ဆိတ်ကျွှန်း Goat Island ဆီသွားဖို့ ထရော်လီ စောင့်ကြတယ်။ ဆိုးလွန်းတယ့် မြောက်အမေရိက ဆောင်းတွင်းမှာ ဘယ်တိရစ္ဆာန်မှ အသက်မရှင်ပါဘူး။ အဲ တခုတည်းသော သတ္တဝါသာ အသက်ရှင်တယ် အဲဒါ ဆိတ်ပါတယ့်။ ဒါကြောင့်မို့လို့ ဆိတ်ကျွှန်းလို့ နာမည်ပေးထားတာလို့ထရော်လီကြီးကြပ်သူ ရှင်းပြတယ်။ ဆိတ်ကျွှန်းအောက်ဖက်ဆင်းပြီး အမေရိကန် ရေတံခွန်အောက်ကို ဆင်းရတယ့် အစီအစဉ်ပါ။
လူတန်းကြီးက ရှည်လိုက်တာမှ ရှည်..ရှည် နေတယ်။ ပထမဆုံး သတိထားမိသူက ရာမားပါ။ ဘာလို့ လူတွေ အားလုံး ဖိနပ်ဆင်တူ စီးထားတာလဲ။ အမ်းထရူးက အုပ်စုလိုက်မို့လို့ နေမှာပေါ့။ ငါတို့တောင် ပန်ဒါတီရှပ်ဆင်တူ ဝတ်ထားတာပဲ။ မဟုတ်သေးဘူးနော် အားလုံးနီးပါး စီးထားတာ။ အဲဒီဖိနပ်စီးမှ ဝင်ခွင့်ပြုတာထင်တယ်။ ဆူနမ်နဲ့ အမ်းထရူး သွားစနည်းနာတယ်။ ပြန်လာတော့ အဲဒီဖိနပ်တွေ စီးလို့။ ဘာမှာလဲ ငါတို့အတွက်။ နင်တို့ကိုယ်တိုင် လက်မှတ်နဲ့သွားထုတ်ရမှာ။
ဘိုးလင်းသွားကစားရင် ချော်လဲမှာစိုးလို့ ဘိုးလင်းဖိနပ်စီးရသလို ဒီမှာလည်း ဒီလိုပဲ တူပါရဲ့ ။ ရေတံခွန်နောက်ခံ ပန်းချီကားနဲ့ ဓာတ်ပုံရိုက်ပေးတာတွေ့တော ရိုက်မလား တိုင်ပင်ကြတယ်။ ယူနီဗာဆယ်စတူဒီယို စင်္ကာပူမှာလေ မမ်မီစီးတော့ ဓာတ်ပုံရိုက်ထားတယ်။ ကိုယ့်ပုံပါတယ့်ဓာတ်ပုံ ဝယ်ရင် ၃၀၊ ၄၀ ပေးရတယ်။ ဟောင်ကောင်ကနေ လန်ထောင်ကျွှန်းကို ကေဘယ်စီးတော့ တာဝါတိုင်တွေရောက်ရင် ဓာတ်ပုံရိုက်ထားမှာမို့လို့ ပြုံးပါဆိုတယ့် ဆိုင်းပုဒ်တွေ ရှိတယ်။ ပြီးရင် ပိုက်ဆံနဲ့ ဝယ်ပဲ။ ဒီမှာလည်း ဒီလိုနဲ့တူတယ် ရိုက်ဘူးနော်။ ဓာတ်ပုံရိုက်မလား။ ဟင့်အင်း။ အလကားနော်။ ဟင့်..အင်း။
အဝါရောင်မိုးကာအင်္ကျီ ဝတ်ပြီး တောင်အောက်ခြေဆင်းတော့ စင်ယော်တွေ အများကြီး။ တသွင်သွင် စီးနေတယ့် မြစ်ရေ၊ နှစ်နိုင်ငံပေါင်းကူးထားတယ့် တံတားခုံးခုံးလေး။ ရေတံခွန်က ရေတွေ ပြင်းပြင်းထန်ထန်ကျရင် လွတ်ရာကို ပြေးလိုက်။ ဝမ်း တူး သရီးအော်ပြီး ရေပြန်ခံလိုက်။ မခံနိုင်ရင် ပြန်ပြေးလိုက်နဲ့ အတော်ပျော်ဖို့ကောင်းသား။ သက်တံရဲ့အောက်မှာ ကိုယ်တို့ ဓာတ်ပုံရိုက်ခဲ့ကြတယ်။ ကားပါကင်ဆီပြန်တော့ ထရော်လီ မစောင့်တော့ဘူး လမ်းလျှောက်ပြန်တယ်။ ထရော်လီကြီးကြပ်သူပြောတယ့်အတိုင်း ဆယ့်မိနစ်လောက်ပဲ လျှောက်ရတယ်။ တံတားနှစ်ခုဖြတ်လို့ ကြည်လင်စိမ်းမြနေတယ့် မြစ်ရေတွေနဲ့ သာယာလှပလိုက်တာ။
နိုင်အာဂရာကနေ စထွက်တော့ ည၈နာရီတောင် ထိုးနေပြီ။ တနာရီလောက်မောင်းပြီး ဆီဖြည့် ကော်ဖီဝယ်ဖို့ ဓာတ်ဆီဆိုင်ဝင်ပြီး အိမ်သာဝင်။ အိမ်သာကအထွက် စားသောက်ဆိုင်တွေ့တော့ ဗိုက်ဆာဆာနဲ့ဝင်တီးကြတယ်။ Milkshake က တော်တော်ကောင်းတယ် မက်ဒေါနယ်က မေ့ခ်ရှိတ်က ရေခဲတွေ အများကြီး ဒီဆိုင်ကမေ့ခ်ရှိတ်ကတော့ ရေခဲလုံးဝမပါဘဲ အပိုခွက်ပါ ပေးတယ်။ မေရီလန်းပြည်နယ်မှာ ဒီဆိုင်ကို နေရာတကာတွေ့ပေမယ့် ဒီလိုကောင်းမှန်း မသိလို့။ ခုတော့ သူသိသွားပြီ နှစ်၆၀ သက်တမ်းရှိပြီဖြစ်တယ့် Denny ဆိုင်ကို။
ည ၉ နာရီ ရှိနေပြီ လမ်းမှာမနားဘဲ တောက်လျှောက်မောင်းရင်တောင် မနက်၅နာရီမှ ရောက်မယ်။ ကားမောင်းနေတယ့် အမ်းထရူးကို ချီးယားလုပ်ဖို့ သီချင်းတွေဆိုပြီး မအိပ်ကြေးနော်။ နေ့လည်ဖက်ဆို သစ်ပင်တွေကြည့်လို့ ရသေးတယ်။ ခုတော့ မှောင်မည်းနေတာ မအိပ်ချင်အောင် ပန်းသီးမီနီလေးထုတ်ပြီး စာဖတ်တော့ မျက်လုံးအားစိုက်ရလို့ ခေါင်းပေါ်က မီးခလုတ်ဖွင့်ဖို့ လက်လှမ်းချိန်
အဲဒါ ဘာလုပ်တာလဲ...
စာဖတ်တာ မမြင်ရလို့ မီးဖွင့်မလို့...
ယူ နဲဗား...နဲဗား...ဘယ်တော့ ဘယ်တော့မှ မီးမဖွင့်လေနဲ့..ဘယ်ပြည်နယ်ပဲဖြစ်ဖြစ်... မီးဖွင့်ရင် ရဲလာဖမ်းလိမ့်မယ်... မီးကြောင့်ရှေ့ကိုမမြင်ရလို့ကားမောင်းတာ အန္တရာယ်ရှိတယ်...နင် မသိဘူးလား...
I know everything ဆိုကာI know nothing တယ့် ကိုယ်ပါ...
ငါ လေယာဉ်ပျံပေါ်မှာလို မီးဖွင့်ပြီး စာဖတ်မလို့...
အောင်မလေး ငါ့ကားကို လေယာဉ်ပျံ ထင်နေတယ့်ပေါ့လေ...မမလေး ယောင်ပြီး မီးမဖွင့်လေနဲ့နော်...တခါတည်း အိမ်မရောက်ဘဲ ရဲစခန်းရောက်သွားမယ်...
၂ နာရီခန့်အကြာ Corning မြို့နား ဖြတ်သောအခါ
အစက Corning Glass ပြတိုက်ဝင်မလို့..ခုတော့ အချိန်မရလို့ မဝင်တော့ဘူး..နောက်တခေါက်ပေါ့...
ပုလစ်..ပုလစ်..
အောင်ညလေး ပလုတ်တုတ်...သူ့ဘာသာ ရဲကားဖြတ်တာ ငါတို့နဲ့ ဘာဆိုင်လို့တုန်း...နင် အော်တာနဲ့ ငါယောင်ပြီး အရှိန်လျှော့မိတယ်...ငါက သတ်မှတ်မိုင်နှုန်းအတိုင်း မောင်းနေတာ...ဘာမှကြောက်စရာမလိုဘူး...
လမင်းကြီးက လှလိုက်တာ...ကင်မရာမန်းတွေ ဓာတ်ပုံရိုက်ကြပါဟ...
ဓာတ်ပုံထဲဆို မလှတော့ဘူး...နင့် မျက်လုံးနဲ့ရိုက်ပြီး စိတ်ထဲ သိမ်းထားလိုက်...
ကဲ..ငါ ရိုက်နေပြီနော်..ကလစ်..ကလစ်...
မအိပ်ကြေးဆိုပေမယ့် သန်းခေါင်ယံမှာ ကိုယ်နဲ့ရာမား ခေါင်းစိုက်ကြပြီ ။ မနက် ၂ နာရီ ဆီဖြည့် ဓာတ်ဆီဆိုင်မှာ ရူးပေါက်၊ ကော်ဖီဝယ်ပြီး နောက်ထပ် ၂ နာရီဆို ရောက်ပြီ နင်တို့တွေ မအိပ်နဲ့နော်...နင်တို့ကတော့ အိပ်နေပြီး အမ်းထရူးက တယောက်တည်း ကားမောင်းနေရတာ ဘယ်တရားပါ့မလဲ...
စန်းစန်း..
အင်..ဟင်.ဟင်.. ငါ မအိပ်ဘူးနော်...
နင် ငါအိပ်မအိပ် လာစမ်းသပ်နေတယ်...ငါ အိပ်ငိုက်နေရင် ဘာမှမဖြစ်ဘူး...အမ်းထရူး အိပ်ငိုက်မှ ငါတို့ဂန့်မှာ..ငါ့ကို စစ်မယ့်အစား အမ်းထရူး အိပ်ငိုက်မငိုက် နင် စစ်သင့်တယ် ဆူနမ်...
(အမ်းထရူး) အောင်မယ်...ငါကို နင့်လိုမျိုး စာသင်ချိန်မှာ မျက်မှန်ကွယ်ပြီး ခိုးအိပ်ငိုက်တယ့်သူလို့ ထင်သလား...
တိန်...
တသွင်သွင်စီးဆင်းနေတယ့် မြစ်၊ ဇင်ယော်ဖြူဖြူတွေ ပျော်မြူးတယ့်၊ ရေတွေ တဝေါဝေါ စီးဆင်းနေတယ့် ရေတံခွန်၊ သက်တန့်ရောင်စဉ်တွေ ဖြာလင်းနေတယ့် နိုင်အာဂရာရေတံခွန်က ကမ္ဘာပေါ်က အလှပဆုံး နေရာတခုပါ။ မမ်မိုရီယမ် ပိတ်ရက်လေးက တကယ့်ကို မမ်မိုရီယမ်ပါပဲ။
ဂျူလှိုင် ၄ အမေရိကန်လွတ်လပ်ရေးနေ့က ကြသပတေးနေ့ သောကြာ၊ တနင်္လာခွင့်ယူပြီး နယူးယောက်၊ ဗာဂျီးနီးယား၊ အိုရှင်းစီးတီး နယူးဂျာစီ သွားမယ် စန်းစန်း။ အမလေး ဂစ်...ဂစ် ဂျူလှိုင် ၆ မှာ အေအက်စ်ဒီ (Advance Software Development) ဖိုင်နယ်စာမေးပွဲရှိတယ် ။ နယူးယောက်သွား တောလားခွင့် မကြုံခဲ့။
အရင်တုန်းက ဆူနမ်တယောက်ပဲ စကားများတယ်။ ခုတော့ အမ်းထရူးကလည်းများ ဆူနမ်ကလည်းများ စကားနည်းတယ့် ရာမားက ချစ်မန့်အသံလိုလုပ်ပြီး အော်နဲ့ သူတို့သုံးယောက်လေလှိုင်းကို ကိုယ် ဘယ်လိုမှ မကျော်ဖြတ်နိုင်ဘူး။ ငယ်ငယ်တုန်းက စကားများလွန်းလို့ ဖိုးဖိုးက ဆယ့်ငါးမိနစ်လောက် စကားမပြောဘဲနေရင် ၁၀ပေးမယ်ဆိုရင်တောင် ပိုက်ဆံမယူဘဲ စကားများတယ့် ကိုယ် ခုတော့ ဝစီပိတ်ကျင့်ရတာများတယ်။ သူတို့နီပါလီသီချင်း သံပြိုင်ဆိုကြရင် ကိုယ် မပါဝင်နိုင်။ ဒီလိုနဲ့ တိတ်တိတ်ဆိတ်ဆိတ်လေး နေရတာကို နှစ်သက်လာတယ် ထင်တယ်။ သူတို့လို စကားမများရ၊ သီချင်းသံပြိုင်မဆိုရပေမယ့်လည်း ကိုယ့်ကို ချစ်တယ့် ကိုယ်ကချစ်တယ့် သူငယ်ချင်းတွေ အနားမှာရှိနေရင်ပဲ ကိုယ်ကျေနပ်တယ်။
ကားဖွတ်ချက်ဖွတ်ချက်တစီး ရှိတယ်...
အားလပ်ရက်၊ ပိတ်ရက်တွေ ရှိတယ်...
ကျန်းမာရေးလည်း ကောင်းနေတယ်...
ပုံမှန်ဝင်ငွေရတယ့် အလုပ်လေး ရှိနေတယ်...
သူတို့ဘယ်သွားသွား ကိုယ့်ကိုမမေ့မလျော့
အမြဲခေါ်တတ်တယ့် သူငယ်ချင်းသုံးယောက်ရှိတယ်...
တောတွေ လားဖြစ်နေမယ် ထင်ပါတယ်...
Happy Traveling!
စန်းထွန်း
မေ ၂၉ ၊ ၂၀၁၃။