အောင်မြင်၍ မအောင်မြင်သော အနားသတ်မျဉ်း...
သော့ဖွင့်လိုက်သည်နှင့် မှောင်မည်း၍ တိတ်ဆိတ်နေသော အခန်းလေးက ရတီ့ကို ကြိုဆိုနေသည်။ အေးစက်တိတ်ဆိတ်ငြိမ်သက်မှုတွေနှင့် ရတီ ကျင့်သားရနှင့်နေသည်။ တခါတရံမှာတော့ ကလေးတွေနှင့် ပျော်ရွှင်စရာကောင်းသော မိသားစုဘဝကို လိုချင်မိသော စိတ်ကလေးမှာ အလုပ်တဖက်၊ ကျောင်းတဖက် ပင်ပန်းနွမ်းလျမူများကြား ကျပျောက်သွားခဲ့သည်။
ချစ်စရာကောင်းပြီး ထက်မြက်သော ရတီမှာ့ လက်တွဲဖော် မရှိသေးဘူးဟု ဆိုလိုက်လျှင် အားလုံးက အံ့အားသင့်ကြသည်။ ရတီ့ကို မြတ်နိုးရင်ခုန်သောသူများ ရှိသလို ရတီ မြတ်နိုးရင်ခုန်ဖူးသော သူများလည်း ရှိသည်။ ရိုးသားကြိုးစားပြီး သားသမီးအတွက် အရာရာပေးဆပ်နေသော ဖေဖေ၊ မေမေ၊ မောင်နှမတွေကို ချစ်သောရတီ့အမ ဝတီ၊ များများလေးဆိုးပြီး နည်းနည်းလေး ချစ်ဖို့ကောင်းသည့် ရတီ့မောင်လေး နဒီတို့နှင့် ရတီ့ဘဝလေးက အေးချမ်းလှသည်။
ညဏ်ရည်သာမာန်ပေမဲ့ ကြိုးစားသော ရတီသည် မကြိုးစားသော ကောင်လေးများ၊ မိဘပိုက်ဆံထိုင်ဖြုန်းနေသော သူဋ္ဌေး၏သားများ၊ ရုပ်ရည်ချောမောလွန်းသော၊ ရည်းစားများသော ကောင်လေးများ၊ အွန်လိုင်းမှ ကျူတတ်သော ကောင်လေးများကို နည်းနည်းလေးမှ အထင်မကြီး။ အပျိုကြီးဖြစ်မဲ့ဇာတာဟု သူငယ်ချင်းများက မှတ်ချက်ပေးသည်။ ကိုယ့်ကို တကယ်ချစ်မြတ်နိုးရင် စဉ်းစားနော်လို့ သူငယ်ချင်းတွေက ပြောတိုင်း ရတီက ရည်းစားထားဖို့ အချိန်မရှိဘူးဟု ဆိုတတ်သည်။
တကယ်လည်း ပါရဂူဘွဲ့အတွက် ကျမ်းပြု၊ အလုပ်လုပ်သော ရတီ့အတွက် အချိန်ရှားပါးလှသည်။ သည်ကြားထဲ မိသားစု၊ သူငယ်ချင်းတွေနှင့် စကားပြောချိန် ပေးရသည်။ ရတီ့ဘဝထဲ ဝင်ရောက်ဖို့ ကြိုးစားသူတိုင်း လက်မြှောက်သွားကြလေသည်။ ရည်မှန်းချက်တခု အောင်မြင်ဖို့ အချိန်နှင့် ကြိုးစားအားထုတ်မှု ကြီးကြီးမားမား ပေးဆပ်ရသည်။ အလုပ်ထဲတွင် အောင်မြင်သလောက် အချစ်ရေးတွင်တော့ မအောင်မြင်။
ရတီ နှစ်သက်တဲ့ တောင်တက်၊ ခရီးထွက်၊ စာအုပ်၊ ဓာတ်ပုံပညာ၊ သစ်ပင်၊ တိရစ္ဆာန်လေးများ ထိန်းသိမ်းစောင့်ရှောက်ရေး၊ လူမှုရေးလုပ်ငန်းများနှင့် ပျော်မွေ့နေခဲ့သည်။ အချစ်ဆိုတာ မထင်မှတ်ထားတဲ့ နေရာ၊ မထင်မှတ်ထားတဲ့ အချိန်၊ မထင်မှတ်ထားတဲ့ သူကို ချစ်မိသွားနိုင်တယ်။ ဒါပေမဲ့ ပေါင်းဖက်ရဖို့ကတော့ ကံကြမ္မာ၊ အခွင့်အရေး၊ အချိန်အခါ တိုက်ဆိုင်ဖို့လိုတယ်။ ရတီ့ မေတ္တာပန်း ခူးဆွတ်နိုင်မဲ့သူကို သူငယ်ချင်းအားလုံးက စိတ်ဝင်တစား ရှိလှသည်။ ရတီတယောက်ကတော့ အချစ်အကြောင်း မေ့ထားတယ်လို့ ခေါင်းလေးမော့ကာ မေ့ချင်ယောင် ဆောင်နေဆဲ...
လိုချင်တာကိုသိ၍ ရအောင်ယူတတ်သော အနားသတ်မျဉ်း...
အကိုတွေ မောင်တွေကြား ကြီးပြင်းခဲ့သည့် မီးငယ်အတွက် ကိုသက်သည်သာ ကမ္ဘာတခုဖြစ်ခဲ့တာ မီးငယ် နိုင်ငံခြား ကျောင်းသွားမတက်မှီ အထိ။ မီးငယ်သူငယ်ချင်း မိတ်ဆက်ပေးလို့ ကိုနိုင်နဲ့ မိတ်ဆွေဖြစ်ခဲ့သည်။ မီးငယ်တို့ထက် စီနီယာကျတဲ့ ကိုနိုင်က စာတွေရှင်းပြ၊ အခက်အခဲတွေ ကူညီရင်း သံယောဇဉ်တွယ်လာခဲ့သည်။ ကိုသက်က မီးငယ်ကို တကယ်ချစ်မြတ်နိုးပေမဲ့ ထမင်းရည်သောက်ကာ တဲအိုပျက်မှာ နေဖို့ မီးငယ် သတ္တိမရှိဘူးလို့ ဆိုလျှင် မီးငယ်ကို ဝေဖန်ကြမလား။ ဝေဖန်တဲ့ မျက်လုံးတွေကို အားတင်းရင်ဆိုင်ရင်း ကိုသက်နဲ့ ၈ နှစ်ကြာ သံယောဇဉ်ကို ဖြတ်ဖို့ ခက်ခက်ခဲခဲ ဆုံးဖြတ်ခဲ့ရသည်။ မိဘအသိုင်းအဝန်းတောင့်တဲ့ ကိုနိုင်သည် မီးငယ်ဘဝကို မြှင့်တင်ပေးနိုင်လေသည်။ မီးငယ် သစ္စာမရှိဘူးဟု ဆိုကြလျှင် မီးငယ်နေရာ့မှာဆိုလျှင် သူတို့လည်း မီးငယ်အတိုင်းပဲ ရွေးခြယ်ပါလိမ့်မည်။
တည်ငြိမ်ဦးဆောင်နိုင်သည့် ကိုနိုင့်လို ခင်ပွန်ကောင်း၊ ချစ်စရာကောင်းသည့် သားလေး၊ ကိုယ်ပိုင်အိမ်လေးနဲ့ မီးငယ်ဘဝက အေးချမ်းသာယာလှသည်။ ဆယ်တန်းအောင်ပြီးကတည်းက စာသင်ဂိုက်ဖြစ်သော မီးငယ် မီးဖိုချောင် ဝင်ခဲလှသည်။ အိမ်ထောင်ပြုပြီးတော့မှ အိမ်မှုကိစ္စတွေနဲ့ နပန်းလုံးရလေတော့သည်။ နဂိုက ကျော့မော့ခဲ့သလောက် အိမ်ထောင်ပြုပြီးတော့မှ ဗြုတ်စဗျင်းတောင်း အခြယ်အသကင်းတဲ့ မီးငယ်ကို တွေ့တဲ့ သူငယ်ချင်းတွေက သနားကြလို့။ နင်တို့ ယောကျ်ားပဲယူ ကလေးမယူနဲ့လို့ မီးငယ်က ဟစ်ကြွေးဆဲ...
ကျေနပ်နေသော အနားသတ်မျဉ်း...
ကြွေက တဦးတည်းသော သမီး။ သူများမောင်နှမတွေမြင်တိုင်း အားကျမိသည်။ အိမ်ထောင်ပြုလို့ ကလေးမွေးရင်တော့ဖြင့် ဘယ်တော့မှ တဦးတည်းသော ကလေးမမွေးဘူးလို့ ကြုံးဝါးထားသည်။ ကြွေ့ထက်အသက်ကြီးတဲ့ အထက်မန်နေဂျာနဲ့ ကြိုက်တော့ အားလုံးက သဘောမတူဘူးလေ။ အချစ်ဆိုတာလည်း ထူးဆန်းတယ်။ ကိုလေးထက် ချောတဲ့သူ၊ ချမ်းသာသူတွေ တပုံကြီးကြားထဲမှာမှ ကိုလေးကိုပဲ ချစ်မိတာ။ ကြွေ့စိတ်ဒဏ်ရာတွေကို ကိုလေးက နားလည်ပေးသလို ကိုလေး စိတ်ဒဏ်ရာတွေကိုလည်း ကြွေ နားလည်ခဲ့တယ်။
မိဘအသိုင်းအဝန်း နှစ်ဖက်စလုံးက မတောင့်သူတွေဖို့စလုံးရေ စရသည်။ ကိုလေး နိုင်ငံခြားထွက်ပြီး သိပ်မကြာခင် ကြွေလိုက်ခဲ့သည်။ လက်ထဲစုမိဆောင်းမိ ရှိအောင် နှစ်ပေါက်အောင် စုခဲ့ကြရသည်။ ဦးလေးအိမ်မှာ အဒေါ့်မျက်နှာ ကြည့်နေခဲ့ရတဲ့ ကြွေ့ကိုယ့်အိမ်ကိုယ့်ယာလေးနဲ့ နေချင်ခဲ့တာပါ။ နေစရိတ်ကြီးမြှင့်တဲ့နိုင်ငံမို့ အိမ်ငှားတွေ တင်ရတိုင်း အိမ်သူကြီးဖြစ်သူက ခေါင်းရှုပ်ရစမြဲ။ ဟိုဟာကို ဟိုမှာ မထားပြန်ဘူး၊ အသီးအရွက်တွေ မကြည့်မိတာနဲ့ လွှင့်ပစ်ရတော့မယ်၊ လျှော်မဲ့အင်္ကျီတွေကို လျှော်မဲ့တောင်းထည့်ပါဆိုတာ ဘယ်တော့မှ မထည့်ဘူးနဲ့ အရင်ကထက် ဗျစ်တောက်ဗျစ်တောက် ဖြစ်လာရသည်။
သမီးလေး ဇူရီမွေးတော့ ကြွေ့ဘဝ အဓိပ္ပာယ်ပိုရှိလာခဲ့သည်။ အရာအားလုံးက သမီးလေးအတွက်။ သမီးလေးအတွက် အားမာန်တွေ ရှိလာသည်။ သမီးလေး ဂုဏ်ယူရတဲ့ မေမေဖြစ်ဖို့အစွမ်းကုန် ကြိုးစားသည်။ ကိုယ်တိုင်မိဘဖြစ်လာတော့မှ မိဘမေတ္တာကို ပိုနားလည်လာတော့သည်။ အရင်တုန်းကတော့ သားသမီးသုံးယောက်လောက် လိုချင်ပေမဲ့ ဒီခေတ်ကုန်ဈေးနှုန်းနဲ့ ကလေးတယောက်
ကျွှေးမွှေးဖို့၊ ပညာသင်ပေးဖို့တောင် အတော့်ကို မလွှယ်။ ရတီ့ကို တွေ့တိုင်း အိမ်ထောင်ပြုပြီး ကလေးယူဖို့ နားချရသည်။
နာမည်ကြီးတက္ကသိုလ်ကနေ ဘွဲ့ယူခဲ့ကြတဲ့ ကြွေနဲ့ မီးငယ် သင်ယူခဲ့ကြသည့်ပညာနှင့် အသက်မွေးပြီး လစာကောင်းမွန်တာကို အားကျမိသည်။ သြော်... ကိုယ့်မှာ သူတို့လို အခွင့်အရေး မရှိခဲ့။ ဘွဲ့ယူခဲ့သည့် ပညာနှင့် အသက်မွေးဝမ်းကျောင်းမပြုရသည့် ဘဝကို စိတ်တိုင်းမကျဆုံး။ အခြေအနေပေးရင် သူတို့လို ကျောင်းတက်မယ်လို့ ကြုံးဝါးဆဲ..
ပြည့်စုံ၍ မပြည့်စုံသော အနားသတ်မျဉ်း...
အမြဲတမ်း ပြုံးနေကာ အေးချမ်းပြီး ချစ်စရာကောင်းသည့် ပြုံး။ ပြုံးဘဝက အားကျစရာ။ ပြုံးနဲ့ ပြုံးခင်ပွန်းက တက္ကသိုလ်မှာ အတူတူကျောင်းတက်ခဲ့ကြတဲ့ ကျောင်းနေဖက်တွေ။ ကိုတိုးက နိုင်ငံခြားတက္ကသိုလ်မှာ မဟာဘွဲ့ယူခဲ့ပြီး ခုတော့ ရန်ကုန်က သင်တန်းကျောင်းမှာ စာသင်သည်။ တဦးတည်းသောသားဖြစ်သည်မို့ နည်းနည်းလေး အတ္တကြီးတာကလွဲရင် ပြုံးကို ချစ်လည်းချစ် ဂရုစိုက်ကြင်နာသည်။ ကောင်လေးတွေက ချစ်သူကောင်မလေးကို ဘာမဝတ်ရ၊ ညာမဝတ်ရလို့ ချုပ်ချယ်နေချိန်မှာ ကိုတိုးကတော့ ပြုံးကို အလန်းဖြစ်အောင် ဆင်သည်။ သူငယ်ချင်းတွေကတော့ ပြောကြတယ်။ ပြုံးတယောက် အိမ်ထောင်ပြုပြီးမှ ပိုဟော့ပိုလှလာတယ်ဆိုပဲ။
ရန်ကုန်မြို့ ဆင်ခြေဖုန်းရပ်ကွက်က တိုက်အိမ်လေးမှာ ယောက္ခမတွေနဲ့ အတူနေသည်။ မချက်မပြုတ်တတ်ပေမဲ့ အိမ်တော်ထိန်းရှိတော့ အဆင်ပြေလေသည်။ ပြုံးကတော့ ယောက္ခမကြီးခိုင်းတဲ့ နေရာတွေသွား၊ ပိုက်ဆံသိမ်း၊ စာရင်းလုပ်ပေးရုံ၊ ကြီးကြပ်ပေးရုံလောက်ပဲ အလုပ်ရှိတာပါ။ အလုပ်အကိုင် မရှိတော့ ပုံမှန်ဝင်ငွေမရှိ။ ယောက္ခမကြီး သုံးဖို့စွဲဖို့ ပေးတဲ့ငွေလောက်ပဲ ဝင်ငွေရှိတယ်။ ဒီတော့လည်း အိမ်ကို အမြဲမထောက်နိုင်ဘူးပေါ့။
ပြုံးတို့မိဘတွေက သိပ်အဆင်ပြေလှကြီး မဟုတ်ပါဘူး။ မောင်လေး၊ ညီမလေးတွေ ကျောင်းစရိတ်တွေ ရှိတယ်။ ပြုံးအလုပ်လုပ်တုန်းကဆိုရင် အသုံးစရိတ်နှုတ်ပြီး ပိုသမျှ မေမေ့ပေးရတာ သိပ်ကြည်နူးဖို့ ကောင်းတာပဲ။ ရုံးပိတ်ရက် ပြန်ပြီဆိုရင် ဖေဖေ၊ မေမေ၊ မောင်နှမတွေအတွက် လက်ဆောင်ဝယ်ပြီး ပြန်ရတာ သိပ်ပျော်ဖို့ကောင်းတာ။ ခုတော့ အရင်လို မေမေ့အိမ် မပြန်နိုင်တော့ဘူး။ ကိုတိုး အလုပ်အားမှကိုး။ ယောက္ခမကြီးနဲ့ ကိုတိုးကတော့ သိတတ်ပါတယ်။ အိမ်ကို ကြုံရင်ကြုံသလို လက်ဆောင်တွေ လူကြုံပါးတယ်။ ဒါပေမဲ့လည်း ယောကျ်ားဆီမှာ လက်ဖြန့် တောင်းရတာထက် ကိုယ့်ဝင်ငွေကို ကိုယ့်လက်ထဲမှာ ကိုင်သုံးရတာက ပိုကောင်းတာပေါ့နော့။ ပြုံးကတော့ ယောကျ်ားယူပြီး ဇိမ်နဲ့နှပ်ဖို့ ကြံစည်နေတဲ့ သူငယ်ချင်းတွေ့ရင် အလုပ်လုပ်ဖို့ တိုက်တွန်းဆဲ...
မစွန့်စားရဲသော အနားသတ်မျဉ်း
သွယ်က တက္ကသိုလ်စာသင်နှစ်တွေတိုင်း ဂုဏ်ထူးတွေနဲ့ ထူးချွှန်စွာ အောင်မြင်ခဲ့တာပါ။ မဟာဘွဲ့ယူပြီးတော့ ကျောင်းမှာ ကျူတာ မလုပ်ဖြစ်ပါဘူး။ သွယ်တို့တက္ကသိုလ်ကြီးက ဆရာ၊ ဆရာမတွေ ဘယ်လောက်ပင်ပန်းလဲဆိုတာ သွယ်သိတယ်။ စာသင်တဲ့အလုပ်အပြင် ကျောင်းခေါ်ချိန်ကောက်၊ လုံခြုံရေး ဂိတ်ပေါက်စောင့်၊ ယူနီဖောင်းမဝတ်တဲ့ ကျောင်းသားတွေကို လိုက်ဖမ်း၊ စာသင်ချိန်မှာ အခန်းထဲမှာ မရှိတဲ့ကျောင်းသားတွေကို အခန်းထဲမောင်းရတာ တကယ်ပင်ပန်းလှတယ်။ တက္ကသိုလ်စတက်တုန်းက ကျူတာဖြစ်ချင်စိတ်တွေ အတန်းကြီးလာလေ နည်းလာလေ ဟော..ကျောင်းလည်းပြီးရော လုံးဝကိုပျောက်သွားရော။
သွယ့် အမအဆက်အသွယ်နဲ့ ပုဂ္ဂလိကဘဏ်တခုရဲ့ ကွန်ပျူတာဌာနမှာ အလုပ်လေးတခုရတယ်။ လစာကတော့ လောက်ငှတယ်ဆိုရုံ ပိုလျှံတယ်လို့ မရှိဘူး။ ဒါတောင် ဦးလေးအိမ်မှာ နေလို့ အိမ်လခပေးစရာ မလိုလို့။ ကိုယ့်ဘာသာ အိမ်ငှားရမယ်ဆိုရတော့ ဟင်း..လစာနဲ့ လောက်ငှမယ်မထင်။ သွယ့်ချစ်သူ အောင် က သွယ်နဲ့ တက္ကသိုလ် အတူတူတက်ရင်း သူငယ်ချင်းကနေ ချစ်သူဖြစ်လာခဲ့သူပါ။ အောင်က စိတ်သဘောထားကောင်းမွန်ပြီး ရည်မွန်တယ်။ သွယ်တို့ရည်ငံနေတာ နှစ်ဖက်မိဘတွေက သိကြတယ်။ အောင့်ဇာတိက သွယ်တို့နဲ့ တနယ်တည်း။ ရန်ကုန်မှာ အောင့်အမဝမ်းကွဲတွေအိမ်မှာ နေတာပါ။
နှစ်ယောက်သား လက်ထဲစုမိဆောင်းမိဆိုတာလည်း မရှိ ရသမျှကုန်ဆိုတော့ လက်ထပ်ဖို့က အဝေးကြီး။ နှစ်ဖက်မိဘတွေကလည်း နယ်မှာဆိုရင် အိမ်ဘေးက မြေကွက်ကို အိမ်ဆောက်ပြီး လက်ဖွဲ့ပေးနိုင်ပေမဲ့ ရန်ကုန်မြို့ကြီးမှာ တိုက်ခန်းဝယ်ပေးနိုင်လောက်အောင်တော့ မတတ်နိုင်ဘူး။ သူများတွေ နိုင်ငံခြားထွက်ကြပေမဲ့ အောင်က နိုင်ငံခြားမှာ နေရတဲ့ဘဝကို နည်းနည်းလေးမှ မကြိုက်။
ရတီနဲ့ မီးငယ်ကတော့ ကျောင်းလာတက်ဖို့ ခေါ်ပေမဲ့ ကျောင်းလခ၊ ကျောင်းတက်နေချိန် လစဉ် ကုန်ကျငွေ၊ ကျောင်းပြီးလို့ အလုပ်ရှာနေချိန် ကုန်ကျမဲ့ငွေတွေ။ ကျောင်းပြီးလို့ အလုပ်ရရင် အဲဒီပိုက်ဆံတွေ ကျေတယ်ဆိုပေမဲ့ အဲဒီလောက်များတဲ့ ပိုက်ဆံကို ထောက်ပံ့ရအောင် မိဘကိုလည်း အပူမကပ်ချင်။ သွယ့်လောက် စာမတော်တဲ့ ရတီက သွယ့်ကို နှမြောလို့မဆုံး။ တချို့ကျတော့လည်း မိဘက ထောက်ပံ့နိုင်ပေမဲ့ သားသမီးက မလိုက်နိုင်။ တချို့ကျတော့လည်း သားသမီးက တော်ပေမဲ့ မိဘက မထောက်ပံ့နိုင်။ ရတီ၊ မီးငယ်တို့လို မိဘကလည်း ထောက်ပံ့နိုင်၊ သားသမီးကလည်း ကြိုးစားမှ အောင်မြင်တာပါ။ ဒီခေတ်ကြီးကလည်း ပညာဆိုတာ ပိုက်ဆံနဲ့မှ သင်နိုင်တာ။ ပိုက်ဆံမရှိရင် ပညာမတတ်ဘူးလေ။
သီတင်းကျွှတ်တိုင်း ဘယ်တော့စားရမလဲလို့ မေးလာတိုင်း ဟန်လုပ်ပြုံးလေးနဲ့ လာမယ်ကြာမယ်လို့ ပြောရတိုင်း ရင်ထဲနာကျင်ရတယ်။ မိဘကလည်း သဘောတူ၊ ကိုယ်ကလည်း ချစ်ပေမဲ့ လိုနေတာက ပိုက်ဆံ။ ယောက္ခမတွေက မင်္ဂလာဆောင်ပေး၊ လက်ဖွဲ့တဲ့ တိုက်မှာ နေ၊ သွားချင်တာ ကိုယ်ပိုင်ကားစီးနေရတဲ့ ပြုံးဘဝလေးကို အားကျမိတယ်။ အိမ်ထောင်ပြုပြီးရင် ယောကျ်ားလေးတွေက ပိုလှလာတတ်တယ်။ မိန်းမ လျှော်ဖွတ်ပေးတဲ့ ကော့ပျံနေတဲ့ အင်္ကျီဝတ်၊ စားချိန်အိပ်ချိန်မှန်လို့ မိန်းမဖြစ်သူက ဂရုစိုက်လို့လေ။ အိမ်ထောင်ပြုပြီးရင် မိန်းမတွေကတော့ အရွယ်ကျတယ်။ အိမ်မှုကိစ္စ၊ အလုပ်တွေနဲ့ ပတ်ချာလည်ရိုက်နေလို့။ ပြုံးကတော့ ခြားနားစွာ အိမ်ထောင်ကျပြီးတော့မှ ပိုလှလာလေရဲ့။ သွယ့်ရဲ့ ဒသနက အချစ်ထက် အရေးကြီးတဲ့ အရာတွေ ဘဝမှာ ရှိတယ်။
တွေးလွန်းသော အနားသတ်မျဉ်း
လှိုင်ကတော့ စိတ်သဘောထားကောင်းမွန်ပြီး ချောမောလှပသူလေးပါ။ စာသင်ဂိုက်ဆရာမမို့လို့ စိတ်ရှည်သည်းခံတယ်။ လှိုင့်ကို ချစ်ခွင့်ပန်သူ ဝိုင်းဝိုင်းလည်ပေမဲ့ အသည်းလည်း ကွဲဖူးတာလည်းမဟုတ်၊ စိတ်ဝင်စားသလိုလို ရှိခဲ့ဖူးတဲ့ ကောင်လေးတွေရှိခဲ့ပေမဲ့ ရည်းစားရယ်လို့ဖြစ်ဖြစ်မြောက်မြောက် တယောက်မှ မရှိခဲ့။ ဖေဖေ့လုပ်ငန်းတွေကို တာဝန်ခွဲယူရသလို ကျန်းမာရေးသိပ်မကောင်းတဲ့ မေမေ့ရဲ့ အိမ်မှုကိစ္စတွေလည်း ဝင်ပါရတယ်။ ညီမငယ်ကြိုင်ရဲ့ အချစ်ရေးပြသနာတွေလည်း ကူဖြေရှင်းရသေးတယ်။ အရွယ်တော်တဆိတ်ဟိုင်းလို့ ရွေးချယ်ရမဲ့သူက နည်းလာ၊ လူလတ်ပိုင်းအရွယ်ရောက်လာလို့ ဆယ်ကျော်သက်အရွယ်တုန်းလို ရင်လည်း တဒိတ်ဒိတ်မခုန်တော့။ ခုချိန်မှာ ချစ်ခွင့်ပန်လာရင်တော့ ဦးနှောက်ပဲ ရွေးတော့တယ်။
သူငယ်ချင်းတွေထဲမှာ ရည်းစားလက်မဲ့ဆိုလို့ ရတီနဲ့ လှိုင် နှစ်ယောက်ပဲ ကျန်တယ်။ မီးငယ်ကတော့ တွေ့တိုင်း နင်တို့နှစ်ကောင် ဘာလုပ်နေတာလဲ။ အသက်က ငယ်တော့တာ မဟုတ်ဘူး ရည်းစားမြန်မြန်ရှာလို့ အချွှန်နဲ့မရင် နှစ်ယောက်သား တလေသံတည်း ထွက်တယ်။ အံမယ် ငါတယောက်တည်း မဟုတ်ဘူးနော် ရတီလည်း ကျန်သေးတယ်လို့ လှိုင်ကဆိုရင် ရတီကလည်း အားကျမခံ ငါတယောက်တည်းမဟုတ်ဘူးနော် လှိုင်လည်း ကျန်သေးတယ်လို့ ဆိုတယ်။
အိမ်ထောင်ပြုပြီး အဆင်မပြေတာတွေ မြင်တော့ အိမ်ထောင်ပြုရမှာလည်း ကြောက်မိတယ်။ ဒီအတိုင်းလေး အေးအေးချမ်းချမ်းနေလာရာက အပူတွေ မလိုချင်တော့ဘူး။ အိမ်ထောင်ပြုတယ်ဆိုတာကလည်း မိသားစုအသိုင်းအဝိုင်းနှစ်ခုပေါင်းစည်းတာဆိုတော့ အဖုအထစ်၊ အဆင်မပြေတာလေးတွေ ရှိတာပဲလေ။ ယောင်နောက်ဆံထုံပါလို့မဖြစ်ဘူးလေ။ အိမ်မှာက လှိုင်က အခရာ မရှိမဖြစ်။ ဆံထုံးနောက် ယောင်ပါဦးမှ။ လက်ခံနိုင်လောက်တဲ့ အရည်အချင်းရှိဦးမှ။ လူမှာအမျိုး ကြက်မှာအရိုးဆိုသလို မိဘအသိုင်းအဝိုင်း၊ အဆင့်အတန်းကိုလည်း ကြည့်ရဦးမယ်။ စိတ်နေစိတ်ထားပြည့်ဝဖို့လည်း လိုသေးတယ်။ အသက်အရွယ်ရလာတော့ စဉ်းစားလွန်းသွားတယ်နဲ့ တူပါရဲ့။ စဉ်းစားတာတွေ နည်းနည်းလျှော့မှပါပဲ။
*******************************************************
မတူညီသော စိတ်ဓာတ်အတွေးအခေါ်၊ အမူအကျင့်၊ ခံယူချက်၊ မိသားစု၊ ပတ်ဝန်းကျင်မှ မတူညီသော အနားသတ်မျဉ်းခြောက်ခုကို သူငယ်ချင်းဆိုသောအရာဖြင့် ချိတ်ဆက်လိုက်သောအခါ ဆဋ္ဌဂံလေး ဖြစ်လာလေသည်။ များမြောင်လှသော ကိစ္စများဖြင့် ထိုအနားသတ်မျဉ်းလေးများ အွန်လိုင်းမှာ မတွေ့ဖြစ်၊ ဖုန်းမဆက်၊ တမြို့တည်းနေလို့ မတွေ့ဖြစ်ကြပေမဲ့ သူတို့၏ နှလုံးသားတထောင့်တနေရာတွင် ထိုဆဋ္ဌဂံလေးရှိနေခဲ့လေသည်။
စန်းထွန်း
သြဂုတ် ၁၀၊ ၂၀၁၂။