ယူအက်စ်သွား တောလား - ၂၆

နိုဝင်ဘာ ၁၂ စနေနေ့မှာတော့ အထက်မက်ဟန်တန်က ဂျော့ဝါရှင်တန်တံတားကို ဖြတ်ကျော်ပြီး ဟက်ဆန်မြစ်ကမ်းဘေးက နယူးဂျာဆီပြည်နယ် Palisades Interstate Park မှာ တောင်တက်ခရီး ၆ မိုင် ထွက်ဖြစ်ပါတယ်။ နယူးယောက်နဲ့ နယူးဂျာဆီပြည်နယ်ကို ဆက်သွယ်ထားတဲ့ နှစ်ထပ်ကြိုးတံတား နှစ် ၈၀ ကျော်နေပြီဖြစ်တဲ့ ဂျော့ဝါရှင်တန်တံတားက  လမ်းလျှောက်ရင် မိနစ် ၂၀ ကျော် ၁ မိုင်ကျော် နီးပါးရှည်တော့ အဲဒီနေ့က ၈ မိုင်ကျော် တောင်တက်ခဲ့တယ် ဆိုပါတော့။ ဝိုင်းနဲ့ကိုယ်တို့အတွက်က တတိယအကြိမ်ဖြစ်ပြီး မကြီးကတော့ ပထမအကြိမ်ပါ။ ၂၀၁၄ မှာ မလေးရှားသူ ဝိုင်လင်းရဲ့ Meetup အဖွဲ့နဲ့ ပထမဆုံးအကြိမ် ရောက်ဖူးတယ်။ သစ်ရွှက်တွေ ကြွေချိန်ဆိုတော့ အတော်လေးလှတယ်။ ဝိုင်လင်းတို့အဖွဲ့ကသူတွေက ဓာတ်ပုံသိပ်မရိုက်ဘူး တောင်တကယ် တက်တာဆိုတော့ ဓာတ်ပုံရိုက်ချင်တဲ့ ဝိုင်းနဲ့ ဒုတိယအကြိမ် ပြန်သွားကြတယ်။ ကိုယ်တို့အခေါ် Photography Hiking ဆိုပါတော့။ မက်ဟန်တန်အထက်ဖက်ကို A ၊ 1 ရထားစီး ဂျော့ဝါရှင်တန်တံတားနဲ့နီးတဲ့ 181 st မှတ်တိုင်မှာဆင်းပြီး တံတားဆီလမ်းလျှောက်။ တံတားကို ရှေ့မှာမြင်နေရပေမဲ့ လူသွားလမ်းမရှိဘူး။ ဝေ့ဝိုက်ပြီး ပတ်တက်သွားတဲ့ စက်ဘီး၊ လူသွားလို့ရတဲ့ တံတားလေးကနေ အပေါ်ထပ်တံတားကို တက်သွားရမှာ။ အဲဒီတံတားဆီ သွားမဲ့နေရာကို မမှတ်မိလို့ လည်နေကြသေးတယ်။ အစိမ်းရောင်တောက်တောက် ဝတ်ထားတဲ့လမ်းရှင်းသမားကို သွားမေးတော့ မသိဘူးတဲ့။ ဟိုကြည့်ဒီကြည့် ပတ်ပတ်လည်လိုက်ရှာ နောက်ဆုံးတော့ တွေ့သွားတယ်။ စက်ဘီး၊ လူသွားလမ်းက တံတားအပေါ်ထပ် ဘယ်ဖက်ခြမ်းမှာပဲရှိတယ်။


တံတားပေါ်ကနေ လိမ္မော်ရောင်တောက်နေတဲ့ သစ်ပင်၊ တအိအိစီးဆင်းနေတဲ့ ဟတ်ဆန်မြစ်၊ မိုးမျှော်တိုက်တွေရှိတဲ့ အောက်မက်ဟန်တန် မြင်ရတဲ့ရှုခင်းက အင်မတန်လှတယ်။ လမ်းက နှစ်ယောက်တွဲလျှောက်ဖို့ အဆင်မပြေဘူး စက်ဘီးစီးသမားတွေကို ကြည့်ရတယ်။ တံတားဆုံးတာနဲ့ ညာဖက်ကွေ့လိုက်ရင် ပန်းခြံ။ အဲဒီပန်းခြံက pet friendly ဆိုတော့ ခွေးတွေနဲ့အတူတူ တောင်တက်ကြတယ်။ မြေပုံကိုကြည့်ပြီး တောင်ပေါ်မှာပဲ လမ်းလျှောက်မလား၊ တောင်အောက်ကိုဆင်းပြီး တောင်ပေါ်ပြန်တက်မလား၊ တောင်ပေါ်ကနေ တောင်အောက်ဆင်းမလား ဘယ်လမ်းကြောင်းနဲ့သွားမလဲလို့ တိုင်ပင်ကြတော့ ကိုယ်တို့သွားနေကြ တောင်ပေါ်ကနေ တောင်အောက်ဆင်း တောင်ပေါ်ကိုပြန်တက်တဲ့ လမ်းကိုပဲ ရွှေးလိုက်တယ်။ သစ်ရွှက်တွေ ကြွှေနေပြီမို့ အရင်နှစ်ကလောက် မလှတော့ဘူး။ ၃ မိုင်ကျော်လောက် လျှောက်ပြီးမောလာတော့ ပါလာတဲ့ sandwitch ၊ သစ်သီး၊ ဖျော်ရည်တွေ စားပြီး အမောဖြေကြတယ်။ ၂၀၁၅ ဘော်စတွန် cruise ကို အပေါ်ဆုံးထပ် အမိုးအကာမပါဘဲ အစီးကောင်းတာ မျက်နှာတွေ နီရဲယောင်ကိုင်း မည်းကျန်ခဲ့လို့ butterfly rash ကိုကုရတာ ၁ နှစ်ကျော်ကြာတယ်။ အဲဒီကတည်းကစလို့ နေရာင်ခြည်ကို သတိထားရပြီး အမြဲတမ်း sunscreen လိမ်း ဦးထုပ်၊ အင်္ကီျလက်ရှည်၊ ဘောင်းဘီရှည် ဝတ်ရတယ်။ အိမ်မှာ နေတာပဲလေဆိုပြီး sunscreen မလိမ်းဘူး မျက်နှာမှာ အစက်အပြောက်တွေ ထွက်လာတာကို သတိထားမိတော့မှ sunscreen အမြဲလိမ်းတော့တယ်။ ကိုယ်သောက်ရတဲ့ဆေးမှာ sun exposure ဖြစ်စေတဲ့ဟာတွေပါတော့ သာမန်လူထက် UV ကို sensitive ဖြစ်တော့ sunscreen က ကိုယ့်ရဲ့ မရှိမဖြစ်အရာတစ်ခု။


Shiseido ကထုတ်တဲ့ tinted sunscreen ကုန်သွားတော့ အပြာရောင် ultimate wetforce SPF 50+ ဝယ်လိုက်တယ်။ wetforce က မျက်နှာမှာဖြူဖြူကြီး ဖြစ်ကျန်ခဲ့တယ် အချိန်ပေး ပွတ်လိမ်းပေးရပြီး နည်းနည်းလေး ကြာတော့မှ အဲဒီဖြူတာကြီး ပျောက်တယ်။ ဖြူတာကြီးကို မကြိုက်ပေမဲ့ နေပူထဲမှာ တနေကုန် တောင်တက်ခရီးထွက်တာဆိုတော့ လိမ်းရတာပါပဲ။ ဖုန်းထဲမှာ ဓာတ်ပုံတွေကို ပြန်ကြည့်တော့ မျက်နှာကြီး ဖြူဖွေးနေတာကို သတိထားမိတော့မှ သရဲမဆိုပြီး ရယ်လိုက်ရတာ။ အခု Shiseido က အဖြူရောင် UV Protector SPF 42 ကို သုံးနေတယ် မဆိုးပါဘူး။ ဂျပန် skin care အကြောင်းတွေ ဖတ်ကြည့်တော့ ဆုတွေအများကြီးရပြီး ဈေးလည်းမကြီးတဲ့ Biore UV Aqua Rich Watery Essence Suncreen SPF 50+ PA+++ ကို သုံးနေတယ်။ အိမ်မှာနေရင် Biore သုံးပြီး အပြင်ထွက်ရင် Shiseido သုံးတယ်။ ရုံးက တရုတ်မကတော့ Shiseido Anessa Perfect UV Screen Ex SPF 50+ PA++++ အဝါရောင်က အကောင်းဆုံးပဲတဲ့။ မသုံးဖူးသေးဘူး အိမ်မှာရှိတာတွေကုန်မှ ဝယ်သုံးကြည့်ဦးမယ်။ အိန္ဒိယကောင်လေးတစ်ယောက်က ပန်းခြံမှာ ကားထားခဲ့ပြီး hiking trail က ဘယ်မှာလဲလို့ လာမေးတယ် တခါမှ မရောက်ဖူးဘူးတဲ့။ ရှေ့နားကျရင် ညာဖက်ချိုးပြီး တောင်အောက်ကိုဆင်း မြစ်ဘေးအတိုင်းလမ်းလျှောက် တံတားနားမရောက်ခင် လှေကားထစ်တွေအတိုင်း တောင်ပေါ်ပြန်တက်လို့ ညွှန်လိုက်တယ်။ ကိုယ် ညာကွှေ့လို့ ညွှန်လိုက်တဲ့နေရာက ဘုရားကျောင်း အဲတော့ ဒုက္ခပါပဲလို့ ပြောနေတုန်း အဲဒီကောင်လေး ပြန်ရောက်လာတယ်။ ဘုရားကျောင်းကြီး တောင်ဆင်းလမ်း မဟုတ်ဘူးတဲ့ ဟုတ်တယ် ကိုယ်တို့မှားညွှန်လိုက်တာ တောင်ဆင်းလမ်းက ရှေ့နားမှာ ဆောရီးနော်။ ကြောက်သွားတယ်တဲ့နဲ့တူတယ် ကိုယ်တို့နောက်ကပဲ လိုက်တော့တယ်။



တောင်အောက်ကို ကိုယ်တို့ဆင်းတဲ့အချိန် မတွေ့တော့ဘူး တောင်ပေါ်မှာပဲ ကျန်ခဲ့သလား ကိုယ်တို့ဓာတ်ပုံ အရိုက်ကောင်းနေတုန်း ကိုယ်တို့ကို ဖြတ်ကျော်သွားလေသလားမသိ။ ဒီတခေါက်တော့ သစ်ရွှက်တွေ ကြွှေထားပြီးပြီမို့ တောင်အောက်လမ်းကို ရှင်းရှင်းလင်းလင်း မြင်ရတယ်။ မြစ်ကမ်းဘေးက လူသွားလမ်းမှာ လမ်းလျှောက်နေတုန်း မြစ်ရေကြောင့် စိမ့်ပြီး အေးလာတယ်။ ကမ်းစပ်မှာ ငါးမျှားနေတဲ့သူတွေ တွေ့တယ်။ အားကစား၊ Activities တော်တော်များများကို နှစ်သက်ပေမဲ့ ငါးမျှားဖို့တော့ လုံးဝစိတ်မဝင်စားဘူး။ ညအမှောင်မှာ တောင်ကမ်းပါးက လှေကားထစ်တွေ တက်ဖို့ဆိုတာ အတော်မလွယ်တဲ့အလုပ် နေမဝင်ခင် တောင်ပေါ်ရောက်နေရမယ်။ ညနေဆည်းဆာချိန်မှာ တောင်ကမ်းပါးက လှေကားထစ်တွေအတိုင်း တောင်ပေါ်တက်ကြတယ်။ နောက်လန်ပြုတ်ကျမှာ၊ ချော်လဲမှာ စိုးရိမ်ရတယ် ငုံ့ကြည့်လိုက်ရင် ကြောက်စရာကြီး တောင်ကမ်းပါးက မတ်မတ်ကြီး ဒီနှစ်ကွေ့၊ တစ်ကွေ့ပြီးရင် တောင်ထိပ်ရောက်ပြီလို့ ကိုယ့်ကိုကိုယ် အားပေးရတယ်။ တောင်ပေါ်ကနေ လှမ်းကြည့်လိုက်တော့ အထက်မက်ဟန်တန်ပေါ်က လပြည့်ဝိုင်းကြီးကို မြင်ရတယ်။ မက်ဟန်တန်တံတားကို ဖြတ်ကျော်ပြီး လာလမ်းအတိုင်းပြန်တော့ ရထားဘူတာရုံကို မတွေ့ဘူး မေးမြန်းကြည့်တော့မှ တွေ့တော့တယ်။ ဗီယက်နမ်မယ်က မြန်မာပြည်မှာ နာမည်ကြီးပြီး ဗီဒီယိုဇာတ်ကားတွေတောင် ရိုက်နေပြီ။ Bibo လို့အမည်တွင်တဲ့ ဗီယက်နမ်ကလေးတစ်ယောက် ဖေ့ဘွတ်မှာ နာမည်ကြီးပြီး ရန်ကုန်ကို လာလည်တော့ သူ့ရဲ့ fans တွေ သွားကြိုကြတယ်။ သူ့ပရိသတ်က မနည်းမနော ကိုယ့်သူငယ်ချင်းတချို့တောင် သူ့ fans ။ ဝိုင်းကို ပြောပြတော့ သူမသိဘူးတဲ့ သူ့ကိုဓာတ်ပုံတွေ ပို့ပေးပါ သိချင်လို့တဲ့။



ဝိုင်းအစ်မလတ် ရန်ကုန်၊ ပုဂံ၊ တောင်ကြီး၊ အင်းလေး သွားလည်တာ သဘောကျတယ်။ အရမ်းကောင်းတယ်ဆိုလို့ မြန်မာပြည်က သွားတိုက်ဆေးတောင် ဝယ်လာတယ်လို့ပြောလို့ ကိုယ်တို့မှာ သိချင်လိုက်တာ ဘာသွားတိုက်ဆေးလဲလို့။ သိချင်လို့ ဓာတ်ပုံပို့ပေးပါဟယ်ဆိုတာ ခုထိ မပို့ပေးသေးဘူး တောင်းရဦးမယ်။ ၈ မိုင်ကျော်ဆိုတော့ အတော်ပင်ပန်းတယ် ခြေဖဝါးကြိမ်းတယ်။ ဆူနမ်ပြောသလိုပေါ့ အိမ်မှာ ကိုယ့်ဘာသာ အေးအေးဆေးဆေး နေလို့ရတာကို ကိုယ့်ဒုက္ခကို ကျင်းတူးပြီးရှာတာ။ မကြီးကို ခံနိုင်ပါ့မလားလို့စိတ်ပူနေတာ ခံနိုင်သားပဲ။ အနည်းဆုံး ၆ မိုင်လောက် လျှောက်နိုင်မှ ကိုယ်တို့နဲ့အတူ တောင်တက်နိုင်မှာ မယ်နုနေလို့ကတော့ ကိုယ်တို့နဲ့ လိုက်လို့မရဘူး။ ဒါတောင် ကိုယ်တို့က hiking meetup အဖွဲ့တွေယှဉ်ရင် နုနေသေးတာ။ သူတို့တွေက လမ်းလျှောက်တာလည်း အရမ်းမြန် အနည်းဆုံး ၈ မိုင်ကနေ ၁၀ မိုင်လျှောက်တာ။ မက်ဟန်တန်ကျွှန်းတပတ် ၂၄ မိုင်လျှောက်တဲ့ ဆွန်တာဆိုတာ ရှိသေးတယ်။ ကိုယ်တို့တော့ ဒီတသက် အဲဒီလိုမျိုး လျှောက်နိုင်မယ်လို့တော့ မထင်။ ဝိုင်းက ဂျော့ဝါရှင်တန်တံတားအောက်ဖက်ကနေ ဟတ်ဆန်မြစ်ဘေးတလျှောက် မက်ဟန်တန်ဖက်ကနေ ဝိုင်လင်းအဖွဲ့နဲ့ လျှောက်ဖူးတယ်တဲ့။ အဲဒီတုန်းက ရာသီဥတုကလည်း အရမ်းပူ ဝိုင်လင်းတို့ကလည်း လျှောက်တာအရမ်းမြန်တော့ လမ်းတဝက်မှာတင် ကျန်ခဲ့တာတဲ့။ ရာသီဥတု ကောင်းတဲ့နေ့ အေးအေးဆေးဆေး သာသာယာယာ ဟတ်ဆန်မြစ်ဘေးအတိုင်း မက်ဟက်တန်ဖက်ကနေ လမ်းလျှောက်ထွက်ကြမလို့ စီစဉ်ထားကြတယ်။ နိုဝင်ဘာ ၁၃ တနင်္ဂနွေ မမီးငယ် လာခေါ်ဝင်ပေးလို့ နယူးဂျာဆီဘုန်းကြီးကျောင်း အလှုကို ရောက်ဖြစ်တယ်။



ဘုန်းကြီးကျောင်း မရောက်ခင် ကုလားဆိုင်ဝင်ပြီး ဈေးဝယ်ကြသေးတယ်။ ကော်ရည်ခေါက်ဆွဲကို ငါးပိထောင်းနဲ့‌ ကျွှေးတာ စားကောင်းတယ်။ မခိုင် မိတ်ဆက်ပေးလို့ မနိုင်းနိုင်းစနေနဲ့ စကားပြောဖြစ်ပြီး ဓာတ်ပုံအမှတ်တရ ရိုက်ကြတယ်။ နွေဦးရောက်တော့မယ်ဆိုတော့ နှုတ်ဆက်တဲ့အနေနဲ့ ဆောင်းက ပိုအေးနေသလားမသိ။ ဝါရှင်တန်ဒီစီ ချယ်ရီပွဲတော်က မတ်လလယ်ကနေ ဧပြီလလယ်အထိ ကျင်းပပေမဲ့ ချယ်ရီတွေက ဧပြီလလယ်လောက်မှ ပွင့်တာဆိုတော့ အဲ့ဒီအချိန်လောက်မှ သွားမယ်ဆိုပြီး စိတ်ကူးထားတာ ဒီနှစ် ချယ်ရီတွေ စောစောပွင့်တယ်လို့ ဆူနမ် သတိပေးမှပဲ ကြည့်လိုက်တော့ ချယ်ရီတွေ အစွမ်းကုန် ပွင့်မဲ့အချိန်က မတ် ၁၂ - ၁၅ ဆိုတော့ ၁၆ - ၁၇ လာမယ်ပေါ့။ ဆူနမ်က သူ မေရီလန်းမှာ မတ် ၁၉  အထိရှိမှာ ရာမားအိမ်မှာ လာအိပ်ပြီး မတ် ၁၉  မှ အတူတူ ပြန်ရအောင် ရာမားက grill ဝယ်ထားတယ် ဘာဘီကျူး လုပ်စားရအောင်တဲ့။ ကားလက်မှတ်ဝယ်ပြီး တို့သူငယ်ချင်းတွေ မတွေ့ရတာကြာပြီ ဆုံရအောင်ဆိုပြီး စီစဉ်ထားတာ။ နှင်းမုန်တိုင်းတိုက် ရာသီဥတုအေးလို့ ချယ်ရီမပွင့်ဘူး မတ် ၁၉ - ၂၂ ပွင့်မယ်တဲ့။ ဒီတော့ ကားလက်မှတ်ကို ပြန်လဲ၊ ဟိုတယ်ကို ဘွတ်၊ ဆူနမ်တို့နဲ့လည်း မတွေ့ဖြစ်တော့ဘူး။ ရာသီဥတုအေးတော့ ချယ်ရီတွေပွင့်ပါ့မလား၊ အေးလွန်းလို့ ရေခဲရိုက်သလို ဖြစ်သွားပြီလားနဲ့ တနေ့တနေ့ peak bloom watch ကို ကြည့်ရတာဆိုတာများ။ မတ် ၂၃ - ၂၄ ဝါရှင်တန်ဒီစီ ချယ်ရီပွဲတော်က ဓာတ်ပုံတွေကို နောက်တော့မှ တင်မယ်နော်။

စန်းထွန်း
 မတ်လ ၁၉ ၊ ၂၀၁၇။


3 comments:

Lorem Ipsum said...


ဆုမြတ်

San San Htun said...
This comment has been removed by the author.
San San Htun said...

ဆုမြတ်မိုး said...
sunscreen လိမ်းတော့ အရွယ်တင်တယ်တဲ့...များများသာလိမ်းအမ..ညီမတော့မလိမ်းဖြစ်ဘူး biore ကဟာလေးတော့ စိတ်ဝင်စားသား မျှော်နေတယ်နော်..။

ဆုမြတ်
March 20, 2017 at 11:20 PM