All About NYC - 3
ပိတ်ရက်တွေဆို လမ်းလျှောက်အဖွဲ့နဲ့ လမ်းလျှောက်ထွက်နေတာ ၁ လလောက် ရှိပါပြီ။ မဖြစ်မနေ သွားရမဲ့ကိစ္စ၊ စာမေးပွဲရှိမှသာ မလျှောက်ဖြစ်တာ။ ဂျွှန်လရဲ့ ပထမပတ် စနေနေ့မှာတော့ ရုစဗဲ့ကျွှန်း၊ နာဂိုချီပြတိုက်ဆီ လမ်းလျှောက်ကြပါတယ်။ Meetup ဆိုဒ်မှာ နယူးယောက်လမ်းလျှောက်အဖွဲ့ သုံးဖွဲ့ကို မန်ဘာဝင်ထားတာမှာ ကျွန်မ အကြိုက်ဆုံးအဖွဲ့က NYC walks : Nature, beauty & peace ဆိုတဲ့အဖွဲ့လေးပါ။ အော်ဂနိုက်ဇာ ရွန်က သိသင့်သိထိုက်တာတွေကို စာရွက်လေးနဲ့ ပရင့်ထုတ်လာပြီး ရှင်းပြတယ်။ မန်ဘာတွေကလည်း ဖော်ရွေကြတယ်။ ရုစဗဲ့ကျွှန်းလေးက မက်ဟန်တန်နဲ့ ကွင်းကြားမှာရှိတဲ့ ကျွှန်း‌သေးသေးသေးလေး။ ရထားနဲ့ နေတိုင်းဖြတ်သွားပေမဲ့ တခေါက်မှ မရောက်ဖြစ်ဘူးရယ်။ စုရပ် Tramway Plaza မှာ သတ်မှတ်ချိန် နေ့လည် ၁၂ နာရီ မှာ ဆုံကြပြီး အော်ဂနိုက်ဇာ ရွန်က နောက်ကျတဲ့သူတွေကို စောင့်နေချိန်မှာ ကျွန်မတို့က Tram စီးပြီး ရုစဗဲ့ကျွှန်းလေးဆီ ချီတက်ကြတယ်။ Tam စီးခက နယူးယောက်မြေအောက်ရထားလက်မှတ် MetroCard နဲ့ ပေးရပါတယ်။
Tram from Manhattan to Roosevelt Island
East River ကို ဖြတ်ကျော်တော့ ဟောင်ကောင် Lantau ကျွှန်း Jiant Buddha ဆီ ကောင်းကင်ကေဘယ်ကား စီးရတာကို သတိရမိတယ်။ Tram သာ ဆိုတယ် ကေဘယ်ကား စီးရသလိုမျိုးပါလား။ ဟောင်ကောင် Peak Tram ကမှ ၆၀ ဒီဂရီ မတ်မတ်ကြီးကို မောင်းတက်သွားတာများ တကယ့်ကို ရင်တုန်းပန်းတုန်။ ဒီထရမ်ကတော့ ငြိမ့်ငြိမ့်လေး။ အဲဒီနေ့က လမ်းလျှောက်တဲ့သူ ၄၅ ယောက် ရှိတယ်။ နာမည်ကျော်အာခိတက် Louis Kahn  တည်ဆောက်ထားတဲ့ Franklin D. Roosevelt Four Freedoms Park ကို သွားလည်ကြတယ်။ မက်ဟန်တန်ဖက်ခြမ်းက UN ရုံး၊ အင်ပါရာစတိတ် အဆောက်အဦး၊ တဝီဝီမြည်နေတဲ့ ဟိုင်းဝေးလမ်းမ၊ အပျော်စီးသင်္ဘော၊ ကုန်တင်သင်္ဘော၊ စပိဘုတ်တွေကို တွေ့ရတယ်။ ရေလည်ခေါင်က ကျွှန်းသေးသေးလေးမှာ ငှက်ကလေးတွေ အနားယူနေကြတယ်။
Left side is Manhattan & right side is Roosevelt Island
ကျွန်မနဲ့ အဖွဲ့ကြသွားတာက သူ့မိဘတွေက အိန္ဒိယတောင်ပိုင်း မက်ဒရပ်ကပေမဲ့ သူကတော့ စတိတ်မှာမွေး၊ စတိတ်မှာ ကြီးပြင်းတဲ့ အိန္ဒိယသူလေး ဘဂျီနီ။ အုပ်စုထဲမှာ ၁၀ နှစ်အရွယ်ကလေးတစ်ယောက်ပါလို့ မေးကြည့်တော့ တနေကုန် ကွန်ပျူတာ၊ တီဗွီရှေ့မှာ အချိန်ကုန်နေတာ မရောက်ဘူးတဲ့နေရာကို ရောက်ဖူးအောင်၊ လမ်းလည်းလျှောက်ဖြစ်အောင် ခေါ်လာတာတဲ့။ ခေါ်လာတဲ့ မိဘကိုရော၊ လိုက်ချင်တဲ့ ကလေးကိုရော ချီးကျူးမိပါရဲ့။ သူ့မိဘတွေနဲ့ တောင်တက်၊ Trail တွေမှာ လမ်းလျှောက်ထွက်နေကြမို့ သူ့အတွက် မစိမ်းပါဘူးတဲ့။
Concrete Jungle New York
စိန့်ပက်ထရစ်ကသီထရယ် ဘုရာရှိခိုးကျောင်းရဲ့ ဒီဇိုင်နာ တည်ဆောက်ခဲ့တဲ့ Smallpox ဆေးရုံအပျက်အစီးတွေက သရဲခြောက်တယ်လို့ နာမည်ကြီးပါသတဲ့။ ရွန်က စာရွက်ကိုင်ပြီး သမိုင်းကြောင်းကို ပြောပြ၊ ရှေးမှီနောက်မှီ လူကြီးတွေက ပြောပြနဲ့ အတော်ဗဟုသုတရတယ်။ ဓာတ်ပုံရိုက်နေလို့ နောက်နားရောက်သွားရင် ရွန် ရှင်းပြတာ မကြားရတော့ နောက်ဆို ရွန်နဲ့ထပ်ချပ်မခွာ သုံးလှမ်းထက် ပိုမဝေးစေနဲ့လို့ သဘောပေါက်သွားတယ်။ လောင်းအိုင်လန်စီးတီး open studios ပြတိုက်တွေကို ဒီအဖွဲ့နဲ့ ပထမဆုံးသွားတုန်းက ဒါ meetup အဖွဲ့လားလို့ သွားမေးတဲ့ အန်ကယ်ကြီးနဲ့ ပြန်ဆုံလို့ သွားနှုတ်ဆက်တော့ တွေ့လား အဲဒီအပင်တွေ အားလုံးက ချယ်ရီတွေ၊ ဧပရယ်ဆို လှိုင်လှိုင်ပွင့်တာ။ ဘရွတ်ကလင်း ဘော်တနစ်ဂါးဒင်းမှာလည်း ပွင့်တယ်။ ဒီအဖွဲ့တောင် သွားသေးတယ် မင်း မလိုက်ဘူးလား။ အဲဒီတုန်းက ကျွန်မက ဒီအဖွဲ့ကို မသိသေးဘူး တခြားအဖွဲ့တွေနဲ့ လမ်းလျှောက်နေတာ။
Franklin D. Roosevelt Four Freedoms Park designed by Louis Kahn
ရွန်က နာမည်ကြီး တော်တော်ကောင်းတဲ့ အော်ဂနိုက်ဇာကွ။ ငါဆို သူနဲ့ လမ်းလျှောက်ထွက်နေတာ နှစ်ပေါက်နေပြီ။ နေ့လည်စာစားတော့ St. John Divine Catheral ကို သွားလည်ဖို့ စီစဉ်တာ ဘုရားကျောင်းက အီးမေးလ်မပြန်လို့ မသွားဖြစ်တဲ့အကြောင်းနဲ့စလို့ ရွန်နဲ့ ကျွန်မ စကားလက်ဆုံကျပါတယ်။  သူ ရောက်ဖူးတဲ့အထဲမှာ ပြင်သစ်က Notre Dame Catehral ဘုရားကျောင်းက အလှဆုံးပါတဲ့။ အီတလီ ဗာတီကန်နန်းတော်ကိုများ ရောက်ဖူးလားမေးတော့ သူတို့တွေက အရမ်းချမ်းသာတာတဲ့။ ဘာလို့ ဘုရားကျောင်းတွေက ဒီလောက်ချမ်းသာနေတာလဲ မသိဘူး။ အရင်တုန်းကဆို စစ်တပ်တောင် ရှိတာတဲ့။ မင်း ဘာဘာသာဝင်လဲ ဗုဒ္ဓဘာသာဝင်ဆိုတော့ သူက အမေရိကန်ဗုဒ္ဓဘာသာတဲ့။ ဗုဒ္ဓဘာသာမှာ တောင်ပိုင်းဗုဒ္ဓဘာသာနဲ့မြောက်ပိုင်းဗုဒ္ဓဘာသာ ရှိတယ်ဆိုတော့ ထေရဝါဒနဲ့ မဟာယနလားတဲ့။
တရားထိုင်တဲ့အကြောင်း ပြောကြတော့ သူက နေ့တိုင်း တရားထိုင်တယ်တဲ့။ တရားမထိုင်တဲ့နေ့ဟာ သူ့အတွက် မပြည့်စုံ တခုခု လိုနေသလိုပဲတဲ့။ ကျွန်မကတော့ နာသီးဝကိုတောင် မနည်းမှတ်နေရတယ်ဆိုတော့ စိတ်ကိုချုပ်မနေထားတဲ့ လွှင့်နေရင် ပြန်ဆွဲယူနဲ့ တရားပြသွားသေးတယ်။ တရားဘယ်လို ထိုင်သလဲဆိုတော့ အိပ်ရင်း တရားထိုင်တာတဲ့။ ကျွန်မဆို တင်ပျင်ခွေထိုပြီး တရားထိုင်တာတောင် အိပ်ငိုက်တာ အိပ်ရင်း တရားထိုင်လို့ကတော့ အိုး... ဘာပြောကောင်းမလဲ တခါတည်း အိပ်ပျော်သွားမှာ။ ဆရာတော်ဦးဇောတိက စာအုပ်ထဲမှာ ကားမောင်းနေရင်း၊ အိပ်သာတက်ရင်း၊ ချက်ပြုတ်ရင်း လှုပ်ရှားမူလေးတွေ သိနေတာလည်း တရားထိုင်တာပါပဲတဲ့။ ရုစဗဲ့ကျွှန်းမှာ ကွင်းဖက်ခြမ်းဆို မက်ဟန်တန်ဖက်ခြမ်းနဲ့ ခြားနားစွာ တိတ်ဆိတ်နေတာပဲ။ ဖာရီယာဆိုတဲ့  နယူးဂျာဆီသူလေးနဲ့ မိတ်ဆွေဖြစ်ပါတယ်။ ဒီအဖွဲ့နဲ့ ပထမဆုံး လမ်းလျှောက်တာပါတဲ့။ နယူးဂျာဆီက လမ်းလျှောက်အဖွဲ့တွေဆို မနက် ၇ နာရီကနေစပြီး ၁၂ မိုင် လမ်းလျှောက်ကြတာတဲ့။ ဟယ်မလေး အဲဒီလိုမျိုးတော့ မလျှောက်နိုင်ပေါင်။ ခရစ်၊ ရို့စ်မယ်ရီတို့နဲ့ သိကျွှမ်းရတယ်။
UN Building & Me
ရုစဗဲ့ကျွှန်းမှာ လူနေအိမ်တွေ ရှိပါတယ်။ တံတားဖြတ်လိုက်ရုံနဲ့ မက်ဟန်တန်ကို ငါးမိနစ်အတွင်းရောက်တော့ အိမ်လခ ဈေးကြီးတယ်။ ကွင်းဖက်ကို ဘတ်စ်ကားရှိတယ်။ တက္ကသိုလ်ဆောက်ဖို့ လျာထားတယ်လို့ ဆိုတယ်။ ကျွှန်းသေးလေးဆိုပေမဲ့ မက်ဟန်တန်၊ ပင်လယ်၊ ညနေတိုင်း၊ ပိတ်ရက်တွေဆို အပြေးလေ့ကျင့်၊ စက်ဘီးစီးနိုင်တဲ့ ပန်းခြံလေးတွေနဲ့ သာယာသား။ ရုစဗဲ့တံတားကို ဖြတ်ကျော်တော့ ကလေးအမေက ဘယ်နိုင်ငံကလဲလို့ လာမေးလို့ မြန်မာနိုင်ငံကလို့ ဖြေတော့ အို မိုင်ဂါ့ ဘုရားရေ မင်း ဘယ်လိုလုပ် ရောက်လာတာလဲ... မင်း မိဘတွေ အခြေအနေ ကောင်းရဲ့လား...မင်းတို့အစိုးရက တအားဆိုးတယ်နော်...။  မြန်မာပြည်အကြောင်း ဘယ်လိုသိတာလဲမေးတော့ နိုင်ငံရေး စိတ်ဝင်စားတဲ့ အမေရိကန်တွေ မင်းတို့မြန်မာပြည်အကြောင်း သိတယ်ကွ။ အိုဘားမားဆို ခဏခဏ မြန်မာပြည်အကြောင်း ထည့်ပြောတာ။
အက်စတိုးရီးယားက နာမည်ကျော် ဂျပန် - အမေရိကန် ပန်းပု၊ လန်းစကေ့ဒီဇိုင်နာ Isamu Noguchhi ပြတိုက်ကို သွားလည်ကြတယ်။ ကျောင်းသားဆို ဒစ်စကောင့်ရပေမဲ့ အဲဒီနေ့က ကျောင်းသားကဒ် မပါခဲ့ဘူး။ လူရုပ်တုတွေ လောက်ပဲသိတဲ့ ကျွန်မကတော့ နာဂူချီရဲ့ လက်ရာတွေကို နားမလည်ဘူး။ သူ့ရဲ့ လန်းစကေ့ရေပန်းဒီဇိုင်းတွေက နာမည်ကြီးဆိုပဲ။ အမေရိကန်တွေ တော်တော်လေးစားကြတယ်။ ဂျပန်အနုပညာလက်ရာဟန်အတိုင်း ရိုးရိုးစင်းစင်းလေးတွေ။ Socrates Sculpture Park မှာ စွန့်ပစ်ပစ္စည်းတွေနဲ့ လက်စွမ်းပြထားတွေကို တွေ့ပေမဲ့ ဝါရှင်တန်ဒီစီ National Gallery of Art က ပန်းချီ၊ ပန်းပုတွေလောက် ကျွန်မ အကြိ ုက်မတွေ့ဘူး။ နေ့လည် ၁၂ နာရီကတည်းက လျှောက်လိုက်တာ ညနေ ၅ နာရီလောက်မှာ ၄ မိုင် ခရီးပေါက်တယ်။ ကယ်လိုရီ ၃၀၀ ကနေ ၅၀၀ လောက် လောင်သွားတယ်ထင်ပါ့။
Ron explained the sculptors are famous but I don't remember that. 
ဗိုက်ဆာလာတာမို့ လမ်းထိပ်ယူနန်ဆိုင်က ကြက်ကြော်တခြမ်းဆွဲကာ အိမ်ပြန်တယ်။ ကွျှေးသမျှ အကုန်စားတဲ့ နတ်ဆုလို့ အမည်တွင်တဲ့ခွေးကို ကြက်အရေခွံ၊ အရိုးကျွှေးတာ အစအနတောင် မမြင်ရဘူး။ မိုချီလို့ အမည်တွင်တဲ့ ကြောင်ကတော့ စားရင်လာမျှော် ကျွှေးရင်လည်း မစား။ အဲ ကြက်ကြော်တော့ နည်းနည်းစားတယ်။ မိုချီက သူ့ cat food ပဲ စားတယ်။ လမ်း  ၅ နာရီလျှောက်လို့ ကယ်လိုရီ ၅၀၀ လောက် လောင်ကျွှမ်းသွားတာကို ကြက်ကြော် ကယ်လိုရီ ၇၀၀ လောက် ပြန်တီးတယ်။ သူ မစားချင်တဲ့ အစားအသောက်တွေဆို ကယ်လိုရီအကြောင်းပြပြီး ငြင်းဆန်တတ်တဲ့ ရာမားကို ကျွန်မတို့ ခနဲ့ကြတာက ညည်း အမေရိကန် သိပ်ဆန်နေပါလား။ အမေရိကန်တွေ ကယ်လိုရီ သိပ်တွက်တာပဲ အဲ သူတို့ကြိုက်တဲ့ Fast Food တွေကျတော့ ကယ်လိုရီ မတွက်တော့ဘူး။
My favorite one in The Noguchi Museum
Smile :)
Summer is awesome. :)
ဘရောင်းဇ် Bronx က နာမည်ကျော် နယူးယောက်ဘော်တနစ်ဂါးဒင်းကို နောင်တပတ် စနေနေ့မှ သွားလည်ရအောင်။
စန်းထွန်း
ဂျွှန် ၂၉ ၊ ၂၀၁၄။
Reference : http://www.meetup.com/NYC-walks-Nature-beauty-peace/events/186927932/
4 comments:
Anonymous said...
San San !!
So Beautiful, I love this Post.
Ma Khine
blackroze said...
Anonymous said...
စန်းထွန်းရေ..
ချစ်သောမမအိုင်အိုရာ
San San Htun said...
blackroze said...
နောက်တပါတ်ကိုစောင့်မျှော်လျှက်ပါ အထွန်းရေ
June 30, 2014 at 1:58 PM
Anonymous said...
စန်းထွန်းရေ..
ဓါတ်ပုံတွေအရမ်းလှတာဘဲ။
ဒါကတော့ရိုက်တဲ့သူတော်လို့နေမှာပေါ့နော်။ း)
ချစ်သောမမအိုင်အိုရာ
July 3, 2014 at 11:28 PM