ယူအက်စ်သွား တောလား - ၁၉

ဇူလှိုင် ၂ စနေနေ့ လစ်ဘာတီရုပ်တုကို သွားလည်ပြီးတော့ ဇူလှိုင် ၃ ကနေ ၅ ရက်နေ့အထိ နိုင်အာဂရာရေတံခွန်၊ ဝါရှင်တန်ဒီစီ၊ ဖီလာဒဲဖီယားကို ၂ ညအိပ် ၃ ရက်ခရီး သွားဖြစ်ပါတယ်။ ဇူလှိုင် ၄ က လွတ်လပ်ရေးနေ့ ရုံးပိတ်ရက်ဆိုတော့ အမေရိကန်တခွင် ခရီးသွားကြတဲ့ ရာသီချိန်ဆိုပါတော့။ နိုင်အာဂရာရေတံခွန်ကို မကြီးက ပထမဆုံးအကြိမ် ရောက်ဖူးတာဖြစ်ပြီး အမေက ဒုတိယအကြိမ် ကိုယ်က တတိယအကြိမ် ရောက်တာပါ။ ရောက်ဖူးပြီးသားဆိုပေမဲ့ နိုင်အာဂရာရေတံခွန်ဆို သွားချင်တုန်းပဲ။ အင်မတန် သာယာလှပတဲ့နေရာ အကြိုက်ဆုံးနေရာတွေထဲက တစ်ခု။ မနက် ၆ နာရီ အိမ်နားကနေ ဘတ်စ်ကားစီး ဖလပ်ရှင်းကိုရောက်တော့ စုရပ်ကိုလမ်းလျှောက်။ ၇ နာရီ စုရပ်ကိုရောက်တော့ တိုးဂိုက်ကိုလိုက်ရှာ ချက်ကင်ဝင်တော့ ခုံနံပါတ်နဲ့ တိုးဂိုက်ဖုန်းနံပါတ်ပါတဲ့ စာရွက်လေး၇တယ်။ ခုစီးရမှာက ရှယ်တယ်ဘတ်စ် တရုတ်တန်းရောက်မှ ခရီးသွားမဲ့ကားကို ပြောင်းစီးရမှာထင်လို့ ရှေ့ဆုံးခုံ လွတ်တဲ့နေရာမှာ ထိုင်နေတာ အိန္ဒိယစုံတွဲက သူတို့ခုံနံပါတ်ပါတဲ့ စာရွက်လေးကို လာပြပြီး မေးလာတော့ ခုံနံပါတ်နဲ့ ထိုင်ရမှာကို သဘောပေါက်သွားလို့ ခုံနံပါတ်ကိုလိုက်ရှာ။ ကိုယ့်ဘေးမှာ ဖိလစ်ပိုင်အစ်ကိုကြီး ဘေးခုံမှာက သူ့အစ်မနဲ့သူငယ်ချင်း ကိုယ့်ခုံရှေ့မှာက အမေနဲ့မကြီး။ လူစုံတာနဲ့ ဖလပ်ရှင်းကနေ မြောက်ဖက်စူးစူးကိုမောင်းပြီး ၂ နာရီလောက်ကြာတဲ့အခါ ဟိုင်းဝေးလမ်းဘေးက Rest Area မှာ အိမ်သာအတွက် မိနစ် ၂၀ လောက် ရပ်ပေးပါတယ်။



သူများတွေက အင်္ကီျလက်ပြတ်လေးတွေဝတ်လို့ ကိုယ်တွေကချမ်းလို့ အနွေးထည်ပါးပါးလေးဝတ်လို့။ ၁၆၆ မိုင် ၃ နာရီခွဲလောက် မောင်းပြီးတော့ Schenectady မြို့က Secret Caverns ဂူကို ဝင်လည်ပါတယ်။ မတ်စောက်တဲ့ လှေကားထစ်တွေကို တက်ရဆင်းရမှာဆိုတော့ အမေ့ကို ဂူထဲမဆင်းခိုင်းတော့ဘူး။ ဂူထဲကို ဝင်လိုက်တာနဲ့ အေးစိမ့်နေတာပဲ အဆင်းသာမတ်ပြီး အောက်မှာပြေပြေလေး။ ဒီလိုမှန်းသိရင် အမေ့ကိုခေါ်ခဲ့ပါတယ် ၁မိုင် နာရီဝက်လောက်ဆိုတော့ အမေ လျှောက်နိုင်မှာ။ မနှစ်ကလာတုန်းက အမေက  တော်တော်ကျန်းမာတယ် လမ်းလဲအတော်လျှောက်နိုင်တယ်။ ဒီနှစ်တော့ အမေ လမ်းသိပ်မလျှောက်နိုင်တော့ဘူး မိနစ် ၂၀ လောက် လမ်းလျှောက်ပြီးရင် ခဏထိုင်ပြီးနားရတယ်။ ဆီးချိုတက်လို့ ဆေးရုံတက်ရပြီးကတည်းက အမေ့ ကျန်းမာရေးကျသွားတာ အတော်သိသာတယ်။ အရင်တုန်းကလို  ကျန်းမာပြီး အလုပ်အရမ်းလုပ်တဲ့ အမေလို့ထင်နေတုန်းမို့ အရမ်းလမ်းလျှောက်ရတဲ့ ခရီးတွေမလုပ်ဖို့ နာရီဝက်လောက် လမ်းလျှောက်ပြီးရင် နားဖို့ မကြီးက ကိုယ့်ကို ခဏခဏ သတိပေးရတယ်။ အမျိုးသားပြတိုက်ကို ၃ နာရီလောက် ဝင်လည် ပြီးရင် စင်ထရယ်ပါ့ခ်ပန်းခြံမှာ ၁ နာရီခွဲလောက် လမ်းလျှောက်ဖို့ အစီအစဉ်တွေ ဆွဲနေပြီဆိုရင် မကြီးက ကိုယ့်ကို သတိပေးတယ် အမေ့အသက် ၆၀ ဆိုတာ။ ဂူအဆုံးမှာတော့ ရေတံခွန်လေးရှိတယ် ဂူထဲမှာ ကြာကြာမနေနိုင်ဘူး အေးစိမ့်လာလို့။



၂၀၁၃ နိုင်အာဂရာရေတံခွန်ကို ပထမဆုံးအကြိမ် ခရီးထွက်တုန်းက ဆူနမ်တို့နဲ့သွားတာ။ Discovery လက်မှတ်နဲ့ ဝင်လို့ရတဲ့နေရာ ၅ ခုမှာ Niagra George Discovery Center ပါတယ်။ မြေအောက်ကို ဓာတ်လှေကားနဲ့ဆင်းပြီး ကျောက်လွှာတွေရောက်ရင် နှစ်သန်းပေါင်း ဘယ်လောက်တုန်းက ဘယ်လိုဖြစ်လာတာ ဆိုတာတွေကို ရှင်းပြတာ ကျောက်တုံးကျောက်လွှာတွေကို စိတ်မဝင်စားတဲ့လူဆိုတော့ ပျင်းဖို့ကောင်းလိုက်တာ။ ဂူဘေးနားမှာ ရေကန်၊ ထင်းရှူးပင်တွေနဲ့ အတော်သာယာတယ်။ တချို့တွေက ဘာဘီကျူးကင် ပျော်ပွဲစားထွက်လို့။ အမေကချမ်းလို့ ပုဝါကိုခေါင်းမြီးခြုံထားတာ အာရပ်နဲ့တူလို့ သဘောတွေကျပြီး ဓာတ်ပုံရိုက်။ ဘေးမှာထိုင်တဲ့ ဖိလစ်ပိုင်အစ်ကိုကြီးက လာ့ဗီးဂတ်စ်မှာနေတာ အိုင်တီသမားဆိုတော့ အိုင်တီအကြောင်းတွေ ပြောကြတယ်။ Telsa Motors ရဲ့ စီအီးအို Elon Musk က ပရိုဂရမ်မာ PayPal ဆော့ဝဲကို သူရေးခဲ့တာတဲ့ သူပြောပြမှပဲ သိတော့တယ်။ ဂျူနီယာဗီယက်နမ်လေး ဟိုင်းထူက တယ်စာမော်တာမှာ အလုပ်ရနေတယ်။ Elon Musk က SpaceX ကုမ္ဗဏီကိုလည်း ထောင်ထားတယ်။  SpaceX က အာကသကုမ္ဗဏီ မားစ်ဂြိုလ်ကို သွားလည်ချင်တဲ့သူဋ္ဌေးတွေကို ဒေါ်လာ ၁ သန်းနဲ့ ပို့ဆောင်ပေးတယ်။ ဖိလစ်ပိုင်အစ်ကိုကြီးက Elon Musk ရဲ့ အိုင်ဒီယာ၊ စွန့်ဦးတီထွင်တာတွေကို သဘောကျတယ်တဲ့။ ကိုယ်လည်း သဘောကျတယ် အာကာသကို စိတ်ဝင်စားတဲ့သူ၊ Armageddon ၊ Ender's Game ၊ Gravity တို့လို အာကသသိပ္ဗံ ရုပ်ရှင်တွေကို ကြိုက်တဲ့သူဆိုတော့။



ဆူနမ်နဲ့ရာမားက ဖလော်ရီဒါပြည်နယ် အော်လန်ဒိုမြို့က ယူနီဗာဆယ်စတူဒီယို၊ ဒစ်စနီလန်း၊ မိုင်ယာမီ၊ ကီးဝက်စ်ကို ဒီအပတ်သွားဖို့ စီစဉ်ထားတာ မတ်သရူးမုန်တိုင်းတိုက်လို့မသွားဖြစ်တော့ဘူး။ ကိုယ်က ဒစ်စနီထက် ကနေဒီအာကာသစင်တာကို သွားချင်တာ။ Telsa ကားကို သဘောကျတယ် ဈေးလည်းကြီးတယ် လျှပ်စစ်နဲ့မောင်းတာဆိုတော့ ကာဗွန်ဒိုင်အောက်ဆိုဒ် သိပ်မထွက်ဘူး သဘာဝပတ်ဝန်းကျင်အတွက် ကောင်းတယ်။ ခက်တာက လျှပ်စစ်ဓာတ်အား ဖြည့်တဲ့ဆိုင်ရှားတယ် ဓာတ်ဆီဆိုင်တွေလို မပေါဘူး။ အနောက်ဖက်ခြမ်းကနေ အရှေ့ဖက်ခြမ်းထိ Telsa ကားနဲ့အမေရိကတိုက်ဖြတ် ခရီးထွက်ကြတဲ့ သားအဖ (အဖေနဲ့သမီး) အကြောင်း ဖတ်ဖူးတယ်။ ကိုယ်တို့သူငယ်ချင်း နီပေါလေး ဂင်္ဂါလည်း အမေရိကတိုက်ဖြတ် ခရီးထွက်ချင်တယ်တဲ့။ ရုံးကအန်ကယ်ကြီး ဖရန့်က နောက်နှစ်ဇူလှိုင်မှာ RV ကားဝယ်ပြီးတော့ အသွားကို နယူးယောက်ကနေ အီလီနွိုက်၊ အိုင်အိုဝါ၊ ဒက်ကိုတာ၊ မွန်တန်နာ၊ ဝါရှင်တန် မြောက်ပိုင်းပြည်နယ်တွေကိုဖြတ်။ အပြန်မှာ အရီဇိုးနား၊ တက္ကဆပ်၊ တောင်ပိုင်းပြည်နယ်တွေကိုဖြတ်ပြီး နယူးယောက်ကိုပြန်မှာတဲ့။ တနေ့ကို ၅ နာရီလောက်ပဲမောင်းတဲ့ နှစ်ပတ်ခရီး တယောက်ကို ၃၀၀၀ လောက်ကုန်ဖို့ မှန်းထားပါသတဲ့။ ပြည်နယ် ၁၃ ခုကလွဲလို့ အမျိုးသားဥယျာဉ် အများစုနဲ့ ပြည်နယ်အများစုက RV လက်ခံတယ်။ RV လက်မခံတဲ့ပြည်နယ်ဆိုရင် RV နောက်ကတွဲလာတဲ့ ၂၀၁၇ မော်ဒယ် ငါးသောင်းပေးဝယ်ထားတဲ့ ဟွန်ဒါပစ်ကပ်နဲ့ လည်မယ်တဲ့။ RV မှာ အိပ်စင်၊ မီးဖိုချောင်၊ အိမ်သာပါတယ်။ အားကျလိုက်တာ အမေရိကတိုက်ဖြတ်ခရီး ထွက်ချင်တာ ကိုယ့်ရဲ့အိမ်မက်တစ်ခု။




Secret Caverns ကနေ အနောက်ဖက်စူးစူးကို မိုင် ၂၇၀၊ ၄ နာရီမောင်းရင် နိုင်အာဂရာကို ရောက်ပါတယ်။ နိုင်အာဂရာနား နီးလာတာနဲ့ ကားတွေကျပ်လာပြီ မြစ်၊ လျှပ်စစ်ဓာတ်အားပေး စက်ရုံတွေ အများကြီး တွေ့ရတယ်။ နိုင်အာဂရာရေတံခွန်ကနေ ဆယ်မိနစ်လောက်ပဲမောင်းရတဲ့ အွန်တေရီယိုရေကန် Lake Ontario ကမ်းနံဘေးမှာ တည်ဆောက်ထားတဲ့ Old Fort Niagra နိုင်အာဂရာခံတပ်ကို အရင်သွားလည်ပါတယ်။ အမေနဲ့ကိုယ်က မနှစ်ကရောက်ဖူးပြီးပြီဆိုတော့ ခံတပ်အပြင်မှာ နေနှင့်ပြီး မကြီးကို ခံတပ်ဆီ သွားလည်ခိုင်းတယ်။ ဟိုးအရင်တုန်းက ပြင်သစ်၊ အင်္ဂလိပ်တွေ အမေရိကန်အင်ဒီယန်းတွေဆီက ကုန်ပစ္စည်းတွေကို ဈေးနှိမ်ဝယ်ယူပြီး အမြတ်တင်ရောင်းဝယ် စည်ကားတဲ့နေရာ။ Erie Canal အီရီတူးမြောင်း ပြီးသွားတော့ ကုန်ပစ္စည်းတွေကို နယူးယောက်ဆီ တိုက်ရိုက်တင်ပို့ရောင်းချကြတော့ အရင်ကလောက် မစည်တော့ဘူးတဲ့။ ရှေးတုန်းကလိုမျိုး ယမ်းလုံးသွင်းပြီး သေနတ်ကို ပစ်ပြတယ်။ ရှေးစစ်သားဝတ်စုံ ဝတ်ထားတဲ့သူတွေနဲ့ ဓာတ်ပုံရိုက်လို့ရတယ်။ အွန်တေရီယိုရေကန်က ကြီးလွန်းလို့ ပင်လယ်လို့တောင် ထင်ရတယ်။ ရာသီဥတုကောင်းရင် တဖက်ကမ်း ကနေဒါနိုင်ငံ တွန်ရန်တိုမြို့က တာဝါတိုင်ကို လှမ်းမြင်ရတယ်။ ပွဲတော်ရှိလို့ ဟိုတုန်းကလို အဝတ်အစားတွေဝတ်ပြီး ရောင်းချကြတဲ့ ဈေးရောင်းပွဲတော်ရှိတယ်။ ဒေသခံတွေက ဓာတ်ပုံရိုက်တာ မကြိုက်လို့ ရှောင်ကြဉ်ဖို့ကို တိုးဂိုက်က သတိပေးတယ်။ မကြီးက ခံတပ်ထဲ လည်ပတ်နေတုန်း ကိုယ်တို့က ပွဲဈေးလျှောက်တယ်။ မြန်မာပြည်က ပွဲဈေးလိုပဲ လေးဂွ၊ မြှား၊ ဓား၊ ဗိုလ်ဦးထုပ်၊ လည်ဆွဲ၊ လပ်စွပ်၊ မူလီ၊ အဝတ်အစား၊ တိုလီမုတ်စလေးတွေ အစုံပလုံ ရောင်းနေတာတွေ့တယ်။



ရေစီးအသန်ဆုံးနေရာ၊ လှေလှော်သမားတွေ လေ့ကျင့်တဲ့နေရာမှာ အောက်ဆီဂျင်အများဆုံးရလို့ ငါးက အရသာသိပ်ရှိတယ်လို့ တိုးဂိုက်က ရှင်းပြတယ်။ နိုင်အာဂရာက ရေတွေက ကြည်စိမ်းနေတာပဲ။ မြစ်ထဲလူမျောပါသွားရင် ရေစီးနှေးသွားအောင် လုပ်လို့ရတယ်။ ရေကိုပြောင်းပြန်စီးစေပြီး ရေအားလျှပ်စစ်ထုတ်ပါတယ်တဲ့။ ကနေဒါဖက်ခြမ်းက ရေအားလျှပ်စစ်ထုတ်လုပ်တဲ့နေရာကို ဖြတ်ခဲ့တယ်။ အမေရိကန်အစိုးရက နေးတစ်အမေရိကန် အင်ဒီယန်းတွေဆီကနေ မြေငှားရမ်းခ တစ်ရာနဲ့ ငှားရမ်းစာချုပ် ချုပ်ဆိုတာကို သဘာဝပတ်ဝန်းကျင် မပျက်ဆီးစေရပါဘူးဆိုတဲ့ ကတိပေးမှ နေးတစ်အမေရိကန်တွေက သဘောတူတယ်။ နိုင်အာဂရာဆိုတာ အမေရိကန် အင်ဒီယန်းဘာသာစကားအရ Thundering Water လို့ အဓိပ္ဗာယ်ရပါသတဲ့။ တာဝါတိုင်ကနေ နိုင်အာဂရာရေတံခွန်ကို လှမ်းကြည့်ကာ ဓာတ်ပုံတွေရိုက်။ ကနေဒါဖက်ခြမ်းကဆိုရင် နိုင်အာဂရာရေတံခွန်ကို အသေအချာမြင်ရတယ် ရှခင်းလည်း ပိုလှတယ်။ နိုင်အာဂရာ Food Court က အစားအသောက်တွေက စားမကောင်းဘူး ဈေးလည်းကြီးတယ်။ ည ၈ နာရီ မှာ Thundering Water Cultural Show ရှိပေမဲ့ မနှစ်က အဖေတို့နဲ့ ကြည့်ပြီးတော့ မကြိုက်လို့ ဒီနှစ်တော့ မကြည့်တော့ဘူး။ နိုင်အာဂရာကနေ ဟိုတယ်ကိုသွားတော့ ကားလမ်းဘေးမှာ ထိုင်နေကြတဲ့သူတွေ အများကြီးတွေ့တယ်။ ဇူလှိုင် ၄ လွတ်လပ်ရေးနေ့ည ၉  နာရီ မီးရှုးမီးပန်း ဖောက်မှာကို စောင့်နေကြတာကိုး။ Maid of the Mist နဲ့Watkins Glen အမျိုးသားဥယျာဉ် အကြောင်းကိုတော့ နောက်ပို့စ်တွေမှ တင်ပါဦးမယ်။

Happy Traveling !
စန်းထွန်း
အောက်တိုဘာ ၉ ၊ ၂၀၁၆။

မျိုးရိုးထဲမှ ဆိုးပေကြီးများ - ၁၀

မနက် ၁ နာရီလောက်က အဘိုးဆုံးသွားတယ်လို့ သိရတော့ စိတ်မကောင်းဘူး။ ဒါပေမဲ့ ဝေဒနာမခံစားရဘဲ အသက်ထွက်သွားတာကတော့ ကံကောင်းတယ်လို့ ဆိုရမယ်။ အဘိုးက အသက် ၈၆ နှစ် သွေးတိုး၊ ဆီးချို၊ ဘာရောဂါမှမရှိ အသက်ကြီးလို့ လူကြီးရောဂါဖြစ်ပြီး စားမဝင် အိပ်ယာထဲလဲနေတာ ၆ လ ကျော်ပြီ။ ဒီနှစ် မကြီး ဟိုင်းကြီးပြန်တော့ အဘိုးက ဆေးရုံမှာ မကြီးကိုတွေ့တော့ မျက်ရည်ကျတယ်တဲ့။ မောင်မောင်က သူ့သားကိုပြတော့ ချစ်တဲ့ပုံပဲတဲ့။ နာဂစ်တိုက်တုန်းက ဟိုင်းကြီးကို ခဏပြန်ခဲ့တဲ့ ၂၀၀၈ မှာ နောက်ဆုံးတွေ့ခဲ့တာဆိုတော့ အဘိုးနဲ့မတွေ့တာ ၈ နှစ်လောက်ရှိပြီ။ အဘိုးက မောင်မောင်နဲ့တွေ့ပြီးရင် သူသေမယ်လို့ ပြောတယ်ဆိုတော့ သူသေမယ်ဆိုတာကိုများ သိနေသလား မသိဘူး။ မကြီးကိုလည်း တတယ်တဲ့ ဟင် ကိုယ့်ကို မတဘူးလားလို့မေးတော့ ရယ်လိုက်ကြတာ။ ကိုယ့်လို  တခွန်းမှမခံ ကတ်ကတ်လန် ပြန်ပြောတဲ့ မြေးမဆိုးဆိုးလေးကို ဘယ်အဘိုးက ချစ်မလဲ။ အဘိုးက လူ့ဂွစာ၊ ဆေးပြင်းလိပ်သောက်တယ်၊ နံလွန်းလို့ အဘိုးရဲ့ဆေးလိပ်ပြာခွက်ကို  လွှင့်ပစ်တော့ အဘိုးက စိတ်ဆိုးတယ်။ အဘိုး ဘာဟင်းနဲ့စားလဲလို့မေးရင် ငှက်ပျောသီးနဲ့စားတယ်လို့ဖြေတယ်။ မသိတဲ့သူများဆို အဖေနဲ့အမေက အဘိုးကို မ‌ကျွှေးဘူးလို့ထင်မယ်။ ရန်ကုန်မှာနေရတာ ထောင်ကျသလိုပဲတဲ့ မနေနိုင်ဘူး အဖေပေးတဲ့ပိုက်ဆံကို အကုန်ချဲထိုးပစ်တယ်။ အဘိုး ဘာလို့ချဲထိုးတာလဲလို့မေးရင် လှုဖို့တဲ့ လှုဖို့ငယ်ငယ်တုန်းက မစုဆောင်းထားဘူးလားလို့မေးရင် ဘုကြည့်ကြည့်တယ်။ နင့် အဖေနဲ့အမေ မကောင်းဘူးလို့ပြောလို့ သမီး အဖေနဲ့အမေ ကောင်းမကောင်း သမီး အသိဆုံး နောက်နောင် ဘယ်တော့မှ သမီးအဖေနဲ့အမေ မကောင်းဘူးဆိုတဲ့စကား လာမပြောပါနဲ့လို့ ပြောပြီးကတည်းက ကိုယ့်ကို စကားမပြောတော့ဘူး။

အဖေက အသားညိုညို ပိန်ပိန်ရှည်ရှည် အဘိုးက ဖြူဖြူပုပု လူပုစိတ်တို အဖေဟာ အဘိုးနဲ့ရုပ်ရည်၊ စိတ်ဓာတ် လုံးဝမတူတာ ကိုယ်တို့အတွက် တကယ်ကံကောင်းတာပဲ။ အဘိုးနဲ့များ တူခဲ့ရင် ကိုယ်တို့တွေ ခွက်ဆွဲပြီး တောင်းစားနေရမလားမသိ။ သူ့နောက်ကိုများ မလိုက်ခဲ့ရင် ပေါက်စမတို့တော့ လယ်ထဲ ထမင်းတောင်း ပို့နေရလောက်ပြီတဲ့။ သင်္ကြန်၊ သီတင်းကျွှတ်ဆို အဘိုး ၂ ယောက်၊ အဖေ့အဒေါ်အငယ်ဆုံး အဘွားကို ကန်တော့ငွေ ပို့ပေးတယ်။ အဘိုး ချဲထိုးဖို့ ပေးတာလို့ ပြောလိုက်သေးတယ် ကိုယ်ကလည်း ခပ်ဆိုးဆိုး။ ခုနေမကောင်းဖြစ်တော့ ချီးသေးမနိုင်တော့ဘူး ပြုစုတဲ့သူတွေကိုလည်း ဆဲဆိုနေတာပဲတဲ့။ ဝေဒနာမခံစားရဘဲ သက်သက်သာသာ အသက်ထွက်တယ်၊ အိုဇာတာကောင်းတယ်လို့ ဆိုရမယ်။ လူးပက်စ်ပြင်းတုန်းက သိပ်ခံရတာ ဝေဒနာခံစားရပြီးတော့များ အသက်ထွက်ရမယ်ဆိုရင် ဘယ်လိုများနေမယ် မသိဘူး။ ဝေဒနာပြင်းချိန်မှာ တရားရှုမှတ်နေဖို့ဆိုတာ တရားကိုအတော် အလေ့အကျင့် ရှိတဲ့သူမှပဲ မှတ်နိုင်မယ်။ အလိမ္မာ (မြန်မာစာ) ကင်ဆာဝေဒနာကို တရားမှတ်ပြီး ရင်ဆိုင်သွားတဲ့အကြောင်း ဖေ့ဘွတ်မှာ ဖတ်လိုက်ရတယ်။ ချေချေမဟန် ကင်ဆာဖြစ်တုန်းက  အတော်ခံစားရမှာပဲ။ အဘိုးလိုပဲ အေးအေးဆေးဆေးလေး အသက်ထွက်သွားရင် ကောင်းမယ်။ ကိုယ်သေရင် မျက်စိ၊ ကျောက်ကပ်၊ နှလုံး လှုလို့ရတာအကုန်လှုပြီး ခန္ဓာကိုယ်ကို သုတေသနပြုတဲ့နေရာမှာ သုံးဖို့လှုခဲ့ချင်တယ်။ တရားမထိုင်ဖြစ်တာ အတော်ကြာပြီ ပြန်ထိုင်ဖို့ ကြိုးစားဦးမယ် သေခရီးအတွက် နည်းနည်းပြင်ဆင်မှပါပဲ။

သေခါနီးမှာ စိန်ထုပ်ဘယ်မှာထားလဲ ကျောင်းကို ဘယ်သူ့ကို အပ်ပြီးပြီလဲ မမေးသင့်ဘူး။ သေခါနီးချိန်မှာ ဖြစ်တဲ့စိတ်က အရေးကြီးတယ်လို့ ပါချုပ်ဆရာတော်ဟောတဲ့တရား တော်တော်ကောင်းတယ်။ အချစ်ဆုံးအဘိုး မဟုတ်ပေမဲ့ ငယ်ငယ်ကတည်းက အတူနေခဲ့တဲ့အဘိုးဆိုတော့ သံယောဇဉ်တော့ ရှိသား။ အမေ့အဖေကျတော့ ကြီးမှမြင်ဖူးတာဆိုတော့ နည်းနည်းလေးမှ မချစ်ဘူး။ မတွေ့တာလည်းကြာပြီ နည်းနည်းလေးပဲချစ်တဲ့ အဘိုးဆိုတော့ မျက်ရည်တောင် မဝဲဘူး။ အိမ်ကိုလာလည်ပြီး အရက်သောက်ကြတဲ့ အစ်ကိုဝမ်းကွဲတစ်ယောက်ရဲ့ သူငယ်ချင်းတွေနဲ့ လမ်းထဲကကောင်လေး ရန်ဖြစ်ကြတာ ရဲကားတောင် လာရတယ်ဆိုပဲ။ ဘယ်လိုကနေ ဖြစ်ကြလဲတော့မသိဘူး အစ်ကိုဝမ်းကွဲ သူငယ်ချင်းတွေရဲ့ တုတ်ကို ရပ်ကွက်လူတွေ ဝိုင်းဆွဲထားလို့ လမ်းထဲကကောင်လေး သက်သာသွားတာ။ အဲဒီကောင်လေးက ဇရှိတယ် လက်စားချေတာတို့ဘာတို့ လုပ်နိုင်တယ် သတိထားလို့ ရပ်ကွက်လူကြီးက မောင်မောင်ကို ဖုန်းဆက်ပြောတော့မှ သိရတာ။ မောင်မောင်က သူ့မိန်းမကို  သွားမပြောနဲ့လို့ ပြောပေမဲ့ သွားတိုင်လိုက်တယ်။ သူ့မိဘတွေကလည်းမသိ အဖေကလည်း မသိယောင်ဆောင် မောင်မောင်ကလည်း မသိယောင်ဆောင်နေလို့ ဘယ်ဖြစ်ပါ့မလဲ။ သိပြီးပြောမှဖြစ်တဲ့ကိစ္စကို ဘယ်နှယ့်မသိယောင်ဆောင်နေလို့ ဖြစ်ပါ့မလဲ။ ဘယ်နှယ့်တော် မောင်မောင် ဆိုးတယ်ဆိုပေမဲ့ တခါမှရန်မဖြစ်ခဲ့ဘူး ရပ်ကွက်ထဲမှာ ရှက်စရာကြီး။ သူရန်ဖြစ်တာ မဟုတ်ပေမဲ့ သူ့သူငယ်ချင်းတွေ အိမ်ကိုလာရင်း ဖြစ်တာ။ ပေါင်းတဲ့သူငယ်ချင်းတွေက သူ့စရိုက်အဆင့်အတန်းကို ပြနေသလိုပဲ။ ငယ်သူမို့မသိပါ ပြောရလောက်အောင် အသက်က ၄၀ နား။

Brooklyn Botanical Garden

အငယ်တွေဆိုးရင် ပြောဆိုဆုံးမလို့ရပေမဲ့ အကြီးတွေဆိုးတာကို သွားပြောရင် ကိုယ်ကလူဆိုးဖြစ်မယ်။ မောင်မောင်က ငါ ငယ်ငယ်က ဆိုးတာ နင် အသိပဲ ဒါပေမဲ့ ရန်တော့မဖြစ်ခဲ့ဘူး အဲဒီလိုဖြစ်တာ ဘာလို့လဲသိသား အလုပ်မရှိလို့ဟလို့ပြောတော့ မောင်မောင် နည်းနည်းသိတတ်လာတယ်ဆိုပြီး ဝမ်းသာရသေးတယ်။ ဒရိုင်ဘာလစ်ပြီဆိုတဲ့ ဖေ့ဘွတ်စတေးတပ်တွေ့တော့ ပိုက်ဆံတွေယူပြီး လစ်သွားပြီလား ဘာဖြစ်တာလဲ မေးမလို့ရှိတုန်း ကျွှန်တော်က စကားကို ထပ်ခါထပ်ခါပြောလို့တဲ့ဗျာဆိုတဲ့ ကွန့်မန့်တွေ့တော့ ဖအေတူသားဆိုပြီး ရယ်လိုက်ရတာ။ အဖေက အဲဒီလို စကားကို ထပ်ခါထပ်ခါ ၃ ခါလောက် ပြောတတ်တယ်၊ မောင်မောင့်ကို ဆူရင်လည်း ဟိုးငယ်ငယ်တုန်းကစပြီး ဆူနေလိုက်တာ မဆုံးတော့ဘူး။ ဘေးကနေကြားနေရတဲ့သူက နားညည်းခေါင်းကိုက်တယ် မောင်မောင်ကတော့ အေးဆေးပဲ ဘယ်ဖက်နားကဝင် ညာဖက်နားကထွက် လိုက်လည်းလိုက်တဲ့ သားအဖ။ တလောကဆုံးသွားတဲ့ မေမေ့ညီမအငယ်ဆုံး ချေချေမဟန် သမီးအကြီးက အသက် ၂၀။  မေမေ့ညီမအငယ် ချေချေကြီးအိမ်မှာနေပြီး အဝေးသင်တက်နေတယ်။ အနောက်ပိုင်းခရိုင်တက္ကသိုလ်ကို ချေချေကြီးက လိုက်ပို့တာ ၄၊ ၅ ခေါက် ရှိနေပြီ ခုထိမသွားတတ်သေးဘူး ပြန်မပြော နားမထောင်။ အိမ်မှုကိစ္စတွေကို ကူလုပ်ပေးရမှန်းမသိ ညမအိပ် ဖုန်းဂိမ်းတွေဆော့ မလိမ္မာတော့ အဒေါ်၊ အစ်မဝမ်းကွဲတွေက မကြည်ဘူး။

ကိုယ့်ဦးလေးက သူ့သမီးက အရင်ကလိမ္မာပါတယ် ဘော်ဒါဆောင် ထားပြီးတော့မှ အဲဒီလိုဖြစ်လာတာလို့ပြောတော့ ကျလိကျလိနဲ့ အမှန်ကိုများပြောလိုက်ရရင် မကောင်းရှိတော့မယ်။ တနေ့ ချစ်သူရှိနေပြီလို့ သူ့အဒေါ်ကိုပြောလို့ အဒေါ်၊ အစ်မဝမ်းကွဲတွေ စိတ်ဆိုးကြတယ်လို့ကြားတယ်။ အဲဒီသတင်းကြားတုန်းက ကိုယ့်မှာရယ်လိုက်တာ ချစ်သူရှိနေပြီလို့ အမှန်ကိုပြောတာ အဒေါ်အစ်မတွေက ဘယ့်နှယ့်စိတ်ဆိုးကြတာတုန်း။ ဒါ အဒေါ်တွေကို ပြောသင့်တဲ့စကား မဟုတ်ဘူးဆိုတာ သိပုံမရဘူး ဘယ်သိမလဲ ချေချေမဟန်သမီးကိုး။ ယောကျာ်းမြန်မြန်ရမှအေးမယ်လို့ ပြောနေကြတယ်။ အသက် ၂၀ ကျော်နဲ့ အိမ်ထောင်ပြုတော့ သူကလည်း ဘာမှမသိ ကလေးရလာရင် ကလေးတွေကို ဘယ်လိုသွန်သင် ဆုံးမမလဲ။ သားမှတ်မှတ် မယားမှတ်မှတ် မပေါင်းဘဲ ကျောရရုံကြံတဲ့ ယောကျ်ားနဲ့တွေ့ရင် ဘယ်လိုလုပ်မလဲ။ ယောကျာ်းရပြီးရင်လည်း အေးတာမှမဟုတ်တာ အရက်ကလေး တမြမြ လက်ကြောမတင်း ဖဲသမား ဆေးသမား မြာပွေတဲ့သူနဲ့ရရင် လင်ဆိုးမယားတဖားဖား ဒူးနဲ့မျက်ရည် သုတ်နေရဦးမယ်။ ယောကျာ်းယူယူ မယူယူ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်နိုင်တာ အကောင်းဆုံးဆိုတာ အဒေါ်၊ အစ်မတွေက သွန်သင်ဆုံးမရင် သိပ်ကောင်းမှာပဲ။ ဘားမီးကလပ်စစ်စာအုပ်စင်ကနေ ဆရာကံချွှန်ရဲ့ အပျိုစင်တို့သိသင့်သော ယောကျာ်းတို့အကြောင်း စာအုပ်ကို ဖတ်ပြီးတော့ ညီမဝမ်းကွဲ အဲဒီစာအုပ်ကိုဖတ်ပြီး လိုက်နာကျင့်သုံးရင် သိပ်ကောင်းမှာပဲလို့ တွေးမိတယ်။ လူ့ဂွစာ ဆိုးပေအဘိုးကြီး မရှိတော့ပေမဲ့ နောင်မျိုးဆက်သစ် ဆိုးပေလေးတွေ ရှိနေသေးတော့ မျိုးရိုးထဲမှ ဆိုးပေကြီးများ စီးရီးစ်ပို့စ်တွေ ရေးဖြစ်နေမလားဘဲ...

စန်းထွန်း
အောက်တိုဘာ ၃၊ ၂၀၁၆။