ဘော်စတွန် |
ဘော်စတွန် |
အကေဒီးယားကို ဒုတိယအကြိမ် ဝိုင်းနဲ့သွားတုန်းက ဝိုင်းက ဘော်စတွန်ဟာဘား ခရူစ်စီးနေချိန်မှာ ကိုယ်က ပင်လယ်ကမ်းစပ်က တံတားပေါ်မှာထိုင်လို့ ဖြတ်သွားဖြတ်လာတဲ့ သင်္ဘောတွေ၊ ဇင်ယော်တွေကို ငေးကြည့်နေခဲ့တာပေါ့။ အဲဒီလို ငေးကြည့်နေရတာကို ပိုကြိုက်တယ်။ ကိုယ်တကယ်စီးချင်တာက Wales Watching ခရူစ်သင်္ဘော။ ဘော်စတွန်ကနေ သုံးနာရီလောက် ပင်လယ်ဖက်ကို ထွက်ပြီး ဝေလငါးတွေကြည့်တာ။ တိုးခရီးစဉ်တွေမှာ Wales Watching မပါတော့ ကိုယ်လည်း မရောက်ဖြစ်ဘူး။ Wales Watching ကြည့်ဖို့ ကိုယ့်ဘာသာ ဘော်စတွန်ကို သွားမှပဲ ကြည့်ဖြစ်တော့မယ် ထင်ပါရဲ့။ မိန်းပြည်နယ် အကေဒီးယား အမျိုးသားဥယျာဉ် Mount Dessert Island ဘေးကနေ Nature Cruise ခရူစ်သင်္ဘော စီးခဲ့ရတာကိုတော့ တကယ်သဘောကျတယ်။ တိုးဂိုက်က သိမ်းငှက်တွေအကြောင်း၊ လော့စ်စတာတွေကို ဘယ်လိုဖမ်းတယ်ဆိုတာ လော့စ်စတာဖမ်းတဲ့ခြင်းတောင်း၊ လော့စ်စတာရုပ်တွေနဲ့ ရှင်းပြတာ အတော်စိတ်ဝင်စားဖို့ကောင်းတယ်။ ဘော်စတွန်ဟာဘား ခရူစ်စီးပြီးတော့ ကမ်းနားမှာပဲရှိတဲ့ နယူးအင်္ဂလန် ရေသတ္တဝါပြတိုက်ကို သွားလည်ပါတယ်။ အထပ် ၄ ထပ်လောက်ရှိပြီး သိပ်မကြီးပေမဲ့ စုံသား။ ရေသတ္တဝါပြတိုက်မှာ ၁ နာရီခွဲလောက် လည်ပြီးတော့ နေ့လည်စာစားဖို့ Quincy Market ကို သွားကြပါတယ်။ ကမ်းနားနဲ့ Quincy Market က သိပ်မဝေးဘူး။ Quincy Market က ရှေးဟောင်းဈေး။ ထမင်းကြော်၊ ခေါက်ဆွဲကြော် ဝယ်စားပေမဲ့ အစားအသောက် ပျက်နေတဲ့ကိုယ်က အသီးအနှံတွေပဲ စားနိုင်တယ်။
မိန်းပြည်နယ် အကေဒီးယား သွားတုန်းက ဝိုင်း ဘော်စတွန်ဟာဘားခရူစ် စီးတာကို စောင့်နေချိန် |
ဘော်စတွန် |
၁၂ နာရီခွဲ ဈေးရှေ့မှာ ဆုံမယ်လို့ တိုးဂိုက်က ပြောထားပေမဲ့ ဘာမှဝယ်စရာမရှိ၊ ဆိုင်တွေကို လိုက်မကြည့်ချင်တာနဲ့ပဲ ဈေးထိပ်မှာပဲ စောင့်နေဖြစ်တယ်။ အဖေက ဈေးဘေးအတော်ဝေးနေတဲ့ နေရာမှာ တိုးကားတွေ ရပ်ထားတာမြင်လို့ သွားကြည့်တော့ ကိုယ်တို့တိုးကားကို တွေ့တယ်။ တိုးကားဆီရောက်တော့ တိုးဂိုက်က အံ့သြလို့ ကိုယ်တို့တွေ ဘယ်လိုလုပ် တိုးကားကို ရှာတွေ့ပါလိမ့်ပေါ့ ကိုယ့်အဖေ ရှာတွေ့တာလေ။ နောက်တော့ တိုးဂိုက်က ခရီးသည်တွေကို သွားခေါ်တယ်။ ခရီးစဉ် ပြီးဆုံးပြီမို့ နယူးယောက်ကို ပြန်ပါပြီ။ နယူးယောက်ကို ၂၁၆ မိုင်၊ လေးနာရီသာသာ မောင်းရပါတယ်။ ၂ နာရီလောက် မောင်းပြီးရင် Rest Area တွေမှာ ရှူးရှူးပေါက်ဖို့ ရပ်ပေးပါတယ်။ ကားလမ်းသိပ်မပိတ်တာနဲ့ ဖလပ်ရှင်းကို ဝင်တာစောတော့ mini's shabu shabu မှာ ဟော့ပေါ့သွားစားဖြစ်တယ်။ ညရောက်လို့ မျက်နှာသစ်တော့ ကိုယ့်မျက်နှာတခုလုံး ရဲပလောင်းခတ်နေတာပဲ။ အမေကတော့ ပြောသား သမီးမျက်နှာ နီရဲနေတယ်တဲ့။ ကိုယ်က နေပူလို့ ထင်နေတာ။ နောက်နေ့ ရုံးတက်တော့ ရုံးကလူတွေက လာလာမေးကြတယ် နေကောင်းရဲ့လား မျက်နှာကနီနေလို့လေ။ သူတို့က နေရောင်ခြည်ကြောင့် sun burn ဖြစ်တယ်လို့ ထင်ကြပေမဲ့ ကိုယ်ကသိတယ် လူးပက်စ်ကြောင့် butterfly rash ဖြစ်တာလို့။
One World Observatory |
ညနေတိုင်း အဖျားနည်းနည်းတက်ပြီး fatigue ပင်ပန်းနွမ်းနယ်လို့ ည ၉ နာရီလောက်ဆို အိပ်ငိုက်နေပြီ။ နောက်တပတ် အရေပြားဆရာဝန်နဲ့ သွားပြတော့ သောက်ဆေး၊ လိမ်းဆေးတွေ ပေးလိုက်တယ်။ နီရဲနေတာတွေက မဲပြီးကျန်ခဲ့တော့ မျက်နှာပြင်တခုလုံး မည်းနေတာများ လူတွေက လိုက်ကြည့်ကြတယ်။ ကိုယ့်မျက်နှာကို ကိုယ်ပြန်မကြည့် ချင်လောက်အောင်ပါပဲ။ ၆ လလောက် ကုယူတော့မှ နည်းနည်းလေး ပြန်ဖြူလာတယ်။ ဒါတောင် နှာခေါင်းနဲ့ ပါးစပ်အပေါ်ကြား၊ ညာဖက်နဖူးထောင့်၊ ပါးပြင်တွေမှာ အမည်းကွက်လေးတွေ ရှိနေတုန်း။ ဆောင်းရာသီပေမဲ့ sun screen တွေ လိမ်းရတယ်။ ခုနွေရာသီရောက်တော့မယ်ဆိုတော့ ဆရာဝန်မကမှာတယ် sun screen များများလိမ်း၊ ဦးထုပ်ဆောင်း၊ အင်္ကျီလက်ရှည်၊ ဘောင်းဘီလက်ရှည်ဝတ်နော်။ ဘော်စတွန်ဟာဘား ခရူစ်စီးတုန်းကလို မဖြစ်စေနဲ့လို့ သတိပေးနေသေးတယ်။ အဖေတို့က ဗီဇာ ၆ လ ရပေမဲ့ ၃ လလောက်နေမယ်လို့ မှန်းထားတာ မောင်မောင်က ဖုန်းတဂွမ်ဂွမ်ဆက်၊ အဖေ့အလုပ်တွေကို ကောင်းကောင်းမဦးစီးနိုင်လို့ အဖေ့စက်လှေတွေ မထွက်နိုင်။ ဒီတော့ နောက်တပတ် ပြန်ပါတော့မယ် ဖြစ်ပါလေရာ။ လေယာဉ်လက်မှတ်ကို ရက်ပြန်ချိန်းတော့ ၂၅ ကျပ် ပေးရတယ်။ ဇူလှိုင် ၁၉ တနင်္ဂနွေနေ့ ရန်ကုန်ပြန်မယ်ဆိုတော့ ဇူလှိုင် ၁၈ စနေနေ့မှာ World Trade Center ရဲ့ One World Observatory ကို လိုက်ပို့ဖြစ်ပါတယ်။
အဲဒီနေ့မှာ အရေပြားဆရာဝန်နဲ့ ပြရမယ်ထင်လို့ သွားတာ နောက်နေ့မှတဲ့။ တရုတ်တန်းက ဝေါထရိတ်စင်တာကို ရထားစီးတာ ရထားက traffic ကြောင့် မသွားတော့ဘူးဆိုလို့ဆင်း နောက်ရထားတစီးကိုစောင့်တာ နာရီဝက်လောက်ကြာတဲ့အထိ ရထားမလာလို့ အပေါ်ကိုပြန်တက် တက္ကစီငှားပြီး သွားလိုက်တော့တယ်။ ဝေါထရိတ်စင်တာနားမှာ ရပ်ပေးပြီး တက္ကစီခက ၁၀ ကျော်လောက်ပဲကျတယ်။ ၁၂ : ၄၅ လက်မှတ်ကို ၃ နာရီ ကျော်မှပဲရောက်တယ်။ ဒါပေမဲ့လည်း တန်းစီစောင့်စရာ မလိုပါဘူး တခါတည်း ဝင်လို့ရတယ်။ အထပ်တရာကျော်ကို တမိနစ်တည်းနဲ့ရောက်တဲ့ ကမ္ဘာပေါ်မှာ အမြန်ဆုံးဓာတ်လှေကား၊ ၁၀၃ ထပ် အမြင့်ကနေ နယူးယောက်ပတ်ပတ်လည် ၃၆၀ ဒီဂရီ ပတ်ပတ်လည်၊ မက်ဟန်တန်၊ ကွင်းစ်၊ ဘရွှတ်ကလင်း၊ နယူးဂျာစီ၊ စတေတန်အိုင်လန်၊ ဂါဘနာအိုင်လန် မြင်ရတယ်။ Tunnel မြေအောက်လှိုဏ်ခေါင်းအတွက် လေဝင်လေထွက် ကောင်းမွန်အောင် မြစ်တဖက်တချက်စီမှာ ဆောက်လုပ်ထားတဲ့ လေရဟတ်အဆောက်အဦးတွေကိုပါ မြင်ရတယ်။ အောက်မှာ ဥဒဟိုသွားလာနေတဲ့ ကားတွေကို မြင်ရတာ အသည်းယားစရာ။ ဝေါထရိတ်စင်တာကနေ နယူးဂျာစီဖက်ကို သွားတဲ့ရထားစီး တဘူတာ ဟိုဖက်ကမ်းက Exchange Place ဘူတာမှာဆင်းပြီး မက်ဟန်တန် skyline ကို ကြည့်တယ်။ ကိုယ့်ကလိုင်းရင့်ရုံးက အဲဒီကို မကြာခင်ရွှေ့တော့မှာဆိုတော့ ကိုယ်ရုံးတက်ရမဲ့နေရာ ဆိုပါတော့။
အိမ်ပြန်ရောက်တော့ အထုပ်တွေသိမ်း။ အဖေရေ ဗမာတွေဆိုရင် မိတ်ဆက်ပြီး အကူအညီတောင်းနော်လို့ မှာထားတယ်။ ကံကောင်းချင်တော့ ကိုယ့်မွေးစားအစ်ကိုက သူ့အဖေ နေမကောင်းလို့ပြန်မှာ အဖေတို့နဲ့ လေယာဉ်တစီးတည်းဆိုတော့ လုံးဝစိတ်မပူတော့ဘူး။ ဘုရင့်နောင်ပွဲရုံက သူဋ္ဌေးပွဲစားက အိမ်မှာခိုင်းဖို့ ကောင်မလေးတွေခေါ် ပျော်အောင်ဆိုပြီး ရွှေတိဂုံဘုရားတွေလိုက်ပြ၊ ရန်ကုန်တခွင် အနှံ့လိုက်ပြပြီးတော့ ကောင်မလေးတွေက ပြန်ပါတော့မယ် ဖြစ်ပါလေရာ။ ခုလည်း အမေရိကန်တခွင် နှံ့ပြီမို့ ပြန်တော့မယ်လို့ အဖေကပြောလို့ ကိုယ့်မှာရယ်လိုက်ရတာ။ အမေရိကန်မှာ ၁ လနဲ့ တစ်ပတ်နေသွားတာမှာ ရက် ၂၀ လောက်က ခရီးသွားနေတာ။ ဒီလောက် ခရီးကြမ်းနှင်နေတာ အဖေနဲ့အမေ နေမကောင်း မဖြစ်တာ တော်သေးတယ်။ ကိုယ် အဖေတို့ကို လိုက်ပို့ချင်တဲ့၊ ကိုယ်သွားလည်ချင်တဲ့ ခရီးတွေဆိုတော့ ပိုက်ဆံကုန်ရကျိုး၊ ပင်ပန်းရကျိုးနပ်ပါတယ်။ နောက်နှစ်တွေမှာလည်း အဖေတို့ လာလည်ခဲ့ရင် ယူအက်စ်သွားတောလားတွေ အနေနဲ့ တင်ပါဦးမယ်။ ဘလော့ကို ပစ်ထားတာ အတော်ကြာပြီ လွန်ခဲ့တဲ့နှစ်ပတ်က ရင်ညွန့်အောင့်၊ နံရိုးအောက်ကအောင့်၊ ထိုင်နေ၊ မတ်တပ်ရပ်နေရင် အကောင်း၊ လှဲအိပ်ရင်အကောင်း၊ လှဲအိပ်လို့ ညာဖက်ကိုစောင်းရင်အောင့်၊ ဘယ်ဖက်ကိုစောင်းရင်အောင့်လို့ ၃ရက်လောက် အိပ်မပျော်။ ခံတွင်းပျက်လို့ မစားနိုင်၊ ဈေးမသွားလို့ စားစရာမရှိ၊ အိမ်ရှင်ဆီက နွားနို့၊ ပေါင်မုန့်တွေစား၊ နာလို့ငိုနဲ့ ခွင့် ၄ ရက် ယူလိုက်ရတယ်။
Jersey City, New Jersey |
မကြီးက သူ့ငယ်သူငယ်ချင်းရဲ့ သူငယ်ချင်းအစ်မနဲ့ ကိုယ့်မွေးစားအစ်မကို လှမ်းဖုန်းဆက်တော့ သူတို့တွေလာကြပြီး အစားအစာတွေ လာပေး၊ ကိုယ့်မွေးစားအစ်မက ခံတွင်းလိုက်အောင်လို့ မရမ်းသီးထောင်း၊ ချဉ်ပေါင်ကြော်၊ ဝက်သားနဲ့မျှစ်ချဉ်၊ ပုဇွန်ထုပ်၊ ပန်းဂေါ်ဖီဟင်းချိုတွေ လာပေးပြီး လာကြည့်တယ်။ နောက်နေ့ကျတော့ ကြာဇံဟင်းခါး၊ သုပ်စားဖို့ဟာတွေ၊ ဘူးသီးနဲ့ ကြက်သား၊ အာဗြဲခြောက်ကြော်တွေ လာပို့တယ်။ ကိုယ်လည်း ဆုံးဖြတ်လိုက်တယ် သူတို့နဲ့ နီးနီးနေမှ ဖြစ်မယ်လို့။ ခုဂျပန်အိမ်မှာ ကိုယ်နေမကောင်းတာကို အိမ်ရှင်တွေမသိ အိမ်ရှင်တွေကလည်း အိမ်မကပ်။ တဘူတာဝေးတော့ ကိုယ့်အစ်မသူငယ်ချင်းနဲ့ မွေးစားအစ်မတွေက လာဖို့ခက်တယ်။ သူတို့တိုက်မှာပဲ အခန်းရှာပြီး နောက်တပတ်မှာ ပြောင်းတော့မယ်။ ခုအိမ်မှာ ၂ နှစ်ကျော် အဆင်ပြေပေမဲ့ ကိုယ့်ကျန်းမာရေးကြောင့် နတ်ဆုနဲ့ မိုချီတို့ကို ခွဲရတော့မယ်။ အိမ်အသစ်မှာ အဆင်ပြေပါ့မလား၊ ငါးနှစ်တောင်ရှိပြီဆိုတော့ ပစ္စည်းတွေကများ။ ဒါတောင် ကိုယ်က ဆူနမ်တို့လို မွေ့.ယာ၊ ဖုန်စုပ်စက်၊ မိုက်ခရိုဝေ့စ်၊ အိုးခွက်ပန်းကန်၊ ထိုင်ခုံတွေဘာတွေ ဘာမှမရှိဘူး။ အိုဟိုင်းရိုးပြည်နယ် စင်စင်နာတီမြို့က ဆူနမ်ကလည်း သူ့အခန်းဖော်တွေ အလုပ်ပြောင်းလို့ အိမ်ပြောင်းမယ်၊ စာချုပ်ကလည်း ပြည့်ပြီမို့လို့ အခန်းရှာနေပါတယ်တဲ့။ ကိုယ့်ကို လာမေးနေတယ် အခန်းဘယ်လိုရှာတာလဲတဲ့ ကိုယ်ကတော့ Craigslist ကနေ ရှာတာပဲ။
ဝိုင်းကလည်း သူ့အခန်းဖော် တရုတ်မက အလုပ်ပြောင်းနိုင်တာမို့ အလုပ်နဲ့နီးတဲ့ နေရာကိုပြောင်းမှာမို့ သူလည်း အခန်းရှာရတော့မယ်ထင်တယ်။ အခန်းတွေဘာတွေ သိရင်ပြောပါဦးတဲ့။ သူကတော့ ယူအန်ရုံးနဲ့နီးတဲ့ မက်ဟန်တန်မှာပဲ ရှာရပါမှာ။ ကိုယ်တို့သူငယ်ချင်းတွေလည်း ဘယ်လိုဖြစ်ပြီး အတူတူ အခန်းတွေ ရှာနေရပါလိမ့်။ ကိုယ်ကြုံခဲ့တဲ့ အိမ်ရှင်တွေက အတော်ကောင်းလို့ အိမ်ရှင်တွေနဲ့ ပတ်သက်ရင် ကိုယ်ကံကောင်းတယ်လို့ ဆိုရမယ်။ ကန်တက်ကီအိမ်ရှင်မဆိုရင်လည်း ကိုယ်ကား မဝယ်နိုင်ခင်တုန်းက သက်သာတဲ့နှုန်းထားနဲ့ ကြိုပို့လုပ်ပေး၊ အာရှဆိုင်တွေကို လိုက်ပို့ပေး၊ ကိုယ့်ကားဘီးပေါက်လို့ လေပြားနေတာကို လေဖြည့်၊ သူကိုယ်တိုင်မောင်းပြီး ဝပ်လျှော့ကိုလိုက်ပို့၊ ပြန်ယူလာနဲ့ ညီမလေးတစ်ယောက်လို စောင့်ရှောက်တယ်။ မေရီလန်းအိမ်ရှင်လည်း သဘောကောင်းတယ်။ နယူးယောက်ရောက်တော့ နှစ်လနေခဲ့တဲ့ ဗမာအိမ်ရှင်တွေလည်း သဘောကောင်းတယ်။ ခု ၂ နှစ်ကျော်နေတဲ့ ဂျပန်အိမ်ရှင်တွေလည်း သဘောကောင်းတယ်။ အိမ်ရှင်တွေနဲ့ ပတ်သက်ပြီး စိတ်ချမ်းသာခဲ့ရတော့ အခုအိမ်ရှင်သစ်တွေနဲ့လည်း စိတ်ချမ်းသာဖို့ မျှော်လင့်ရတာပဲ။ စိတ်မချမ်းသာခဲ့ရင် ပြောင်းပေါ့။ ဘဝဆိုတာ ဒီလိုပါပဲ မျှော်လင့်မထားတာတွေ ဖြစ်လာတတ်တော့ ဟိုအကွေ့ရောက်ရင် ဟိုတက်နဲ့လှော်၊ ဒီအကွေ့ရောက်ရင် ဒီအတက်နဲ့လှော်ရမှာပဲပေါ့။
စန်းထွန်း
ဖေဖေါ်ဝါရီ ၂၈၊ ၂၀၁၆။