ကြမ်းပိုး ...
ငယ်ငယ်တုန်းက အမြင်ကပ်တဲ့ကောင်တွေကို ကြမ်းပိုးသူခိုးလို့ ပြောခဲ့ပေမဲ့ ကြမ်းပိုးဆိုတာ ကိုယ်တိုင်မကြုံဖူးခဲ့ဘူး။ အိမ်မှာ အဖေနဲ့မကြီးက ခြင်လာဝဲနေရင်ကို နေလို့မရတော့ဘူး တလှုပ်လှုပ်တရွှရွှနဲ့။ အတူတူ ထိုင်နေတာခြင်းအတူတူ သူတို့နှစ်ယောက်ကို ခြင်ပိုကိုက်တယ်။ သူတို့ရဲ့သွေး၊ အနံ့တွေကြောင့် ခြင်က သူတို့ကိုဆို ပိုကိုက်ချင်သလို သူတို့နှစ်ယောက်ကလည်း ခြင်ဆိုရင် သိပ်သိကြတယ်။ အမေ၊ မောင်မောင်နဲ့ ကိုယ်ကတော့ ခြင်ချီသွားရင်တောင် သိလိုက်မှာမဟုတ်ဘူး။ အဖေက ကြွှက်မြင်ရင် မနေနိုင်ဘူး တုတ်ကိုင်ပြီး လိုက်တော့တာပဲ မိတာလည်းမဟုတ်။ ကြွှက်က တကျီကျီအော်ပြီးပတ်ပြေး ကြွှက်မမိလို့ အဖေက စိတ်တိုပြီးလိုက်။ ကြွှက်ထဲမှာတောင် ကြွှက်ကတိုးဆိုတဲ့ အကောင်ကို ပိုအမြင်ကပ်တယ်။ အနံ့ကလည်းနံ စုတ်ချွှန်းချွှန်းနဲ့ လူကိုမထီလေးစားဆိုပဲ။ အရပ်ငါးပေဆယ်လက်မ ပေါင် ၁၆၀လောက်ရှိတဲ့အဖေက လက်တဆုပ်စာတောင် မရှိတဲ့ကြွှက်နောက်ကို တုတ်တချောင်းကိုင်ပြီး ပြေးလိုက်မောင်းနေတာ သိပ်ရယ်ရတာပဲ။ အဖေကသာ မနေနိုင်မထိုင်နိုင် တုတ်တချောင်းနဲ့ ကြွှက်လိုက်ခြောက်ပေမဲ့ ကိုယ်တို့ကတော့ အေးဆေးပဲ။ စာဖတ်မပျက် တီဗွီကြည့်မပျက် ဂါးဖီးလ်ကလည်း အအိပ်မပျက်။ သမီးကြောင် ကြည့်စမ်း ကြွှက်မြင်တာ လိုက်ဖမ်းဖို့နေနေသာသာ လှည့်တောင်မကြည့် သူနဲ့ဘာမှမဆိုင်သလိုဘဲ ငပျင်းကောင်။ အဖေ့ကြောင် ပူစီမလို ကြွှက်ခုတ်ဖို့ မွေးထားတာ မဟုတ်ဘူး သမီးတို့ကို အဖော်လုပ်ဖို့ မွေးထားတာ။
စင်္ကာပူမှာတုန်းက မကြီးအိမ်မှာ ကြမ်းပိုးနှစ်ကောင် တွေ့တယ်။ ကိုယ်တွေ့တာတော့ မဟုတ်ဘူး အိပ်မောကျနေပေမဲ့ သူ့ကိုကိုက်ရင် အင်မတန်သိတဲ့ မကြီးက ဆတ်ခနဲထပြီး စောင်တွေ၊ မွေ့ယာတွေမှာရှာတော့ တွေ့တာ။ အရင်တုန်းက မရှိပါဘူး နောက်တော့မှ သူ့သူငယ်ချင်းတစ်ယောက် စာအုပ်ပုံးတပုံး မကြာခင်က လာထားတယ်။ အဲဒီကပါတာနေမယ် ကြမ်းပိုးတွေက စာအုပ်သိပ်ကြိုက်တယ်ဆိုပဲ စာကြမ်းပိုးတွေပါ့။ နောက်တော့ ကြမ်းပိုးဆေးတွေ ဝယ်ပြီးဖြန်းနဲ့ ကြမ်းပိုးဆိုတာ သိလိုက်ရုံပဲရှိတယ် ဒဏ်မခံလိုက်ရဘူး။ ၂၀၁၆ မှာ နေမကောင်း တော်တော်ဖြစ်တော့ ဂျပန်အိမ်က တစ်ယောက်တည်း နေထိုင်မကောင်းရင် ကြည့်မဲ့သူမရှိ။ ကိုယ့်မွေးစားအမေ၊ မကြီးသူငယ်ချင်းတို့တိုက်က မြန်မာအိမ်မှာ သွားနေဖြစ်တယ်။ သူတို့သားအမိ ၄ ယောက်က တစ်ခန်း၊ ကိုယ်ကတစ်ခန်း။ နေရထိုင်ရတာ အဆင်ပြေပါတယ် အိမ်ရှင်တွေကလည်း သဘောကောင်းတယ်။ ညနေရုံးဆင်း အိမ်ပြန်ရောက်လို့ ရှှုးရှှုးပေါက်ချင်တဲ့အချိန် အိမ်ရှင်သားအမိ ၃ ယောက် တန်းစီရေချိုးခန်း ဝင်ကြတဲ့အချိန်နဲ့ကြုံရတာတစ်ခုတော့ နည်းနည်းဒုက္ခရောက်တယ်။ အမေနဲ့မကြီး လာလည်မယ်ဆိုတော့ အိမ်ခန်းရှာနေတာ ခြေထောက်ကနာတော့ နည်းနည်းပဲ သွားကြည့်နိုင်တယ်။ အမေနဲ့အစ်မကို တစ်လနေခွင့်ပေးဖို့ အိမ်ရှင်ကို ခွင့်တောင်းတော့ တယောက် တလ ၂၀၀ နဲ့ နေခွင့်ပေးတယ်။ မကြီးက ကိုယ့်ကုတင်ဘေးအိပ်၊ အမေက ဧည့်ခန်းထဲမှာအိပ်။ မနက် ၄ နာရီခွဲ အိမ်ရှင်သားအမိ အလုပ်သွားဖို့ ပြင်ဆင်ကြရင် အမေက ကိုယ့်အခန်းထဲမှာ လာအိပ်တယ်။
အမေက စရောက်ကတည်းက ပြောတယ် ရေချိုးခန်းထဲမှာ ကြမ်းပိုးတစ်ကောင်တွေ့တယ်တဲ့။ ကိုယ်နေလာတာ ၃ လလောက်ရှိပြီ ကြမ်းပိုးကို သတိမထားမိဘူး။ ခြင်ကိုက်ဖုလိုမျိုးတော့ တွေ့တယ် အဲဒီတုန်းက ကိုယ်လက်တွေ တအားကိုက်ခဲပြီး နာနေတော့ ကြမ်းပိုးကိုက်တာကို သတိမထားမိဘူးနဲ့တူတယ်။ နောက်တော့ မကြီးက သူကို့ကြမ်းပိုးကိုက်တယ်တဲ့ ကြမ်းပိုးကို ဓာတ်ပုံရိုက်ပြီး အိမ်ရှင်ကိုပြတယ်။ နောက်တော့ ကြမ်းပိုးကိုက်သလိုပဲလို့ ခံစားမိလာတယ်။ အိမ်ရှင်က သူတို့အိမ်ခန်းမှာ မရှိဘူး ညတိုင်း မွေ့ယာ၊ စောင်တွေကို အရက်ပျံဖြန်းပြီးမှ အိပ်တာတဲ့။ မကြီးက ကြမ်းပိုးကိုက်တယ်ဆိုတာနဲ့ မီးဖွင့်ပြီးရှာ စောင်တွေကလည်း အဖြူတွေဆိုတော့ ကြမ်းပိုးတွေကို မြင်ရတယ်။ တခါရှာရင် ဆယ်ကောင်လောက်ရတယ် တညကို ၃ ခါလောက် ထရှာရတယ်။ ပါဏာတိပါတာကံ မချိုးဖောက်လို့ မရတော့ဘူး ဒီကောင်တွေကို အပြတ်ရှင်းမှ ရတော့မယ်။ ခြင်ဆိုရင်တောင် ခြင်ပြေးဆေး၊ ခြင်ရိုက်ဘတ်တံ၊ ခြင်ထောင်ဇာတို့နဲ့ ကာကွယ်လို့ ရသေးတယ်။ ကြမ်းပိုးက အတော့်ကိုမလွှယ်ကြော ကြမ်းပိုး နှိပ်စက်တာ အိပ်ရေးမဝ၊ ထွက်ပြေးလို့လည်းမရ၊ အိမ်ပြောင်းချင်နေတာ ပြောင်းလို့ကလည်း မရသေးနဲ့ ဒုက္ခတွေရောက်လိုက်တာ။
နယူးဂျာဆီမှာနေတဲ့ အလုပ်ထဲက တရုတ်မယန်းက ဂရင်းကဒ်ရပြီးတာနဲ့ ကွန်ဒိုတိုက်ခန်းဝယ်တော့ သူ ၅ နှစ်လောက်နေလာခဲ့တဲ့ တိုက်ခန်းကို ဆက်ယူမှာလား မေးတယ်။ သွားကြည့်တော့လည်း သဘောကျတာနဲ့ သူပြောင်းတဲ့အချိန် ပြောင်းမယ်။ သူ့တိုက်ခန်းအသစ်က စာရွှက်စာတန်း မပြီးသေးလို့ တစ်ပတ်နောက်ဆုတ် နောက်ဆုတ်နဲ့ ဂျူလှိုင်လအစပိုင်းမှာ ပြောင်းမလို့ကို ဂျူလှိုင်လကုန်မှာမှ ပြောင်းဖြစ်တယ်။ မပြောင်းခင်တော့ ကြမ်းပိုးဒဏ် လိမ့်နေအောင် ခံလိုက်ရတယ်။ ကြမ်းပိုးက အကောင်တော်တော်ကြီးတယ် အစက ကိုယ်တစ်ယောက်တည်းဆိုတော့ သိပ်မပွားလောက်ဘူး။ ခုတော့ ကိုယ်တို့၃ ယောက်က တချိန်လုံး အခန်းထဲမှာပဲ နေကြတော့ သွေးဝပြီး ပိုပွားတယ်နဲ့ တူပါရဲ့။ အိမ်ရှင်က တိုက်ကြီးကြပ်ရေးမှုးကိုပြောတော့ ကြမ်းပိုးဆေး လာဖြန်းတယ် နည်းနည်းတော့ သက်သာသလိုပဲ။ အိုင်အိုဝါမှာ ကျောင်းလာတက်နေတဲ့ သူငယ်ချင်းက နယူးယောက်ကို လာလည်တော့ ကိုယ် လိုက်ပို့ပေးနေတဲ့အချိန် မကြီးက ကြမ်းပိုးရှင်းလင်းရေး လုပ်တယ်။ ကုတင်က လယ်သာအတုစကို ဖယ်လိုက်တော့ သစ်ဆွေးစတွေ ခေါင်းရင်းမှာ ကြမ်းပိုးတွေ အုံလိုက်ကျင်းလိုက်တဲ့။ ဒီလောက်များတဲ့ကြမ်းပိုး တခါမှ မမြင်ဖူးဘူးတဲ့။ အဲဒီကုတင်က သူများတွေပစ်ထားတာကို ကောက်လာတာတဲ့။ အဲဒီမှာ ကြမ်းပိုးတွေပါတာ နေမှာပေါ့။
အိမ်ရှင်တွေကတော့ ထင်နေမလားမသိ မကြီးနဲ့အမေ ကြမ်းပိုးသယ်လာသလားလို့။  ကိုယ်ပြောင်းလာပြီး ၃ လလောက်အထိ ကြမ်းပိုးဆိုတဲ့ အသံမကြားရဘဲ  မကြီးနဲ့အမေက ရောက်တဲ့နေ့ပဲ ကြမ်းပိုးတွေ့တယ် ဆိုတော့လေ။ ကိုယ်ယူအက်စ်မှာ နေလာတာ ခြောက်နှစ်ရှိပြီ ဒီတခါပဲ ကြမ်းပိုးဆိုတာ အသေအချာ မြင်ဖူးကြုံဖူးတော့တယ်။ အဲဒီကုတင်မှာ အိပ်ရတာနာလို့ မွေ့ယာအသစ် ဝယ်ပေးဖို့ အိမ်ရှင်ကိုပြောလို့ မွေ့ယာအသစ်ကို ကော့စကိုက ဝယ်ပေးပြီး အဲဒီကုတင်ပေါ်မှာ တင်ထားတာ။ အိမ်ရှင်ညီမလေးနဲ့ မကြီး ခုတင်ကို အတော်လေး မလိုက်ရပြီး သွားပစ်လိုက်တယ်တဲ့ အောက်ထပ်က ပစ္စည်းတွေ ပစ်တဲ့နေရာမှာ။ အဲဒါကြောင့် ပစ်ထားတဲ့ပစ္စည်းတွေ ယူမယ်ဆိုရင် သေချာစစ်ဆေးပြီးမှ ယူရတယ်။ စက္ကူဗုံးတွေကိုလည်း ကြမ်းပိုးက သိပ်ကြိုက်တာတဲ့။ မြေအောက်ရထားတွေမှာလည်း ကြမ်းပိုးတွေ ရှိတတ်တယ်။ ကြမ်းပြင်ကို ကြမ်းပိုးဆေး ဖြန်းထားတော့ ကြမ်းပိုးတွေက ချိတ်ထားတဲ့ အဝတ်တွေ၊ ပစ္စည်းတွေကို တက်တက်နဲ့တူတယ်။ ခေါင်းမှာ ဘာအနာပေါက်ပါလိမ့်လို့ ဖိဆိတ်လိုက်တာ ကြမ်းပိုးတစ်ကောင် သေသွားတယ်။ အောင်မလေး ကြမ်းပိုးက ဦးထုပ်အောက်က အဝတ်စပြားမှာ ပုန်းနေတယ်နဲ့တူတယ်။ သေးလွန်းလို့ သေသေချာချာကြည့်မှ မြင်ရတဲ့ ကြမ်းပိုးလေးတစ်ကောင် စလင်းဘတ်အိတ်ပေါ်မှာ တွေ့တယ်။ ကျောပြင်မှာ ခုလုခုလုနဲ့ဘာပါလိမ့်လို့ ကြည့်လိုက်တော့ ကြမ်းပိုး။ အောင်မလေး အတော်ဆိုးတဲ့ ကြမ်းပိုး။
Raid က ထုတ်တဲ့ ကြမ်းပိုးဆေးတွေ ဝယ်ဖြန်း၊ အရက်ပျံတွေဖျန်း အထိတ်ထိတ် အလန့်လန့်နဲ့ ဘယ်တော့များ ကြမ်းပိုးနဲ့ ရင်ဆိုင်တိုး ကြမ်းပိုးကိုက်မလဲလို့။ ဧည့်ခန်းထဲက ဆိုဖာမှာ မထိုင်နိုင်ဘူး ကြမ်းပိုးကိုက်လို့တဲ့ မကြီးက။ အိမ်ရှင်သားအမိတွေကတော့ တီဗွီထိုင်ကြည့်နေတာ အေးဆေးပဲ ကြမ်းပိုးကိုက်တဲ့ပုံလည်းမပေါ်။ အိမ်ပြောင်းတော့ စိတ်ပူသေးတယ် ကြမ်းပိုးများ ပါလာမလားလို့။ ဂစ်တာအိတ်၊ ဖိနပ်အိတ်၊ စာအုပ်၊ ခေါင်းအုံး၊ စောင်တွေကို အရက်ပျံနဲ့ဖြန်း၊ Raid ကြမ်းပိုးဆေးတွေဖြန်း။ ကြမ်းပိုးတော့ မသိဘူး ကိုယ်ကတော့ အဲဒီအနံ့နဲ့တင် မွှန်ထူနေတာပဲ။ ပထမနှစ်ပတ်လောက်က မွေ့ယာအောက်မှာ ကြမ်းပိုးတစ်ကောင်တွေ့တယ်။ နယူးဂျာဆီအိမ်က single house လုံးချင်းအိမ်ရဲ့ အောက်ထပ် ground floor အင်္ဂတေကြမ်းခင်းဆိုတော့ ကြမ်းပိုးလည်း ပုန်းခိုရမဲ့နေရာမရှိ ကိုယ်တို့ကလည်း သတိထားပြီး ဆေးတွေဖြန်းပြီး အပတ်တိုင်း သန့်ရှင်းရေးလုပ်၊ စိတ်ထဲနည်းနည်းထင့်တာနဲ့ ကြမ်းပိုးဆေး၊ အရက်ပျံတွေနဲ့ ဖြန်းနေတာ့ ကြမ်းပိုးမရှိတော့ဘူး။ ကြမ်းပိုးက ဘယ်လောက်အသက်ပြင်းသလဲဆိုရင် သွေးမစုပ်ဘဲ ခြောက်လအထိ အသက်ရှင်နေနိုင်တယ်လို့ကြားဖူးတော့ ကြမ်းပိုးမရှိတော့ဘူးဆိုပေမဲ့ သထိထားနေရတုန်းပဲ။
အဲဒီအိမ်မှာ ကြမ်းပိုးရှိတယ်ဆိုတဲ့သတင်း ဘယ်လိုကနေ ဘယ်လိုပြန့်လည်းမသိ ကိုယ်တို့လည်း မိတ်ဆွေအရင်းခေါက်ခေါက် ၂ ယောက်ကိုပဲ ပြောပြတယ်။ သူတို့ကလည်း သူများကို ပြန်ပြောမဲ့သူတွေမဟုတ် အရမ်းအရမ်းကို အလုပ်များကြတဲ့သူတွေ။ အိမ်ရှင်အန်တီက ကြမ်းပိုးရှိတယ်ကြားလို့ လူငှားမရဘူး သမီးရယ် ကျေးဇူးပြုပြီးတော့ ကြမ်းပိုးကင်းသွားပြီလို့ ပြောပေးပါလားလို့ ပြောလာတော့ ကိုယ်တို့မှာ တကယ့်ကို စိတ်မကောင်းဖြစ်ရတယ်။ သူတို့ လူငှားရသွားပြီဆိုမှပဲ စိတ်အေးသွားတော့တယ်။ တလောက တီဗွီမှာ ဘယ်မြို့က ကြမ်းပိုးတွေက အဆိုးဆုံး၊ ဆေးဒဏ်ကိုလည်း အတော်ခံနိုင်တယ်ဆိုတဲ့ သတင်းကိုကြည့်ပြီး ကိုယ်တို့ညီအစ်မ တစ်ယောက်ကိုတစ်ယောက်ကြည့်ပြီး မချိပြုံး ပြုံးကြတယ်။ ကြမ်းပိုးဒဏ် ခံရဖူးတဲ့သူတွေမှသာ ကြမ်းပိုးနှိပ်စက်တဲ့ဒုက္ခကို နားလည်ကြပါလိမ့်မယ်။ ယုံမလားတော့ မသိဘူး ဘာဆိုဘာကိုမှ အကြောက်အလန့် မရှိဘူးဆိုတဲ့ စန်းထွန်းတစ်ယောက်တောင် ကြမ်းပိုးဆိုတဲ့ ပိစိကွေး အကောင်သေးသေးလေးကိုတော့ ဖိန့်ဖိန့်တုန်အောင် ကြောက်တယ်ဆိုပဲ။ အားလုံးပဲ ကြမ်းပိုးကင်းစင် ပြုံးပျော်ရွှင်နိုင်ကြပါစေ။
စန်းထွန်း
မေ ၂၃၊ ၂၀၁၇။
3 comments:
Lorem Ipsum said...
Anonymous said...
မမအိုင်အိုရာ
San San Htun said...
ဆုမြတ်မိုး said...
ကြုံဖူးတယ်...။ အကျီတွေပေါ်မှာ ကြမ်းပိုးတွေတက်နေတာ ။ မြန်မာအိမ်တစ်အိမ်မှာပဲ ကြမ်းပိုးမရှိဘူးဆိုပြီးငြင်းတော့ ဓာတ်ပုံရိုက်ပြမှ လက်ခံတော့တယ်..။ ဆေးဖြန်းမနိုင်တော့ နောက်တစ်အိမ်ပြောင်းပြေးရတယ် ။ နောက်တစ်အိမ်ကျတော့ ကြမ်းပိုးက ညီမနဲ့လိုက်လာပြီးတော့ တစ်အိမ်လုံးကို service ခေါ်ပြီး ဆေး ၂ ခါဖျန်းမှ ပျောက်သွားတယ်..။ ပြောရင်းဆိုရင်း ကျောကုန်းက ယားသလိုလို း(
May 24, 2017 at 2:34 AM
Anonymous said...
ကိုယ်တို့အိမ်မှာအမေရယ်ကိုယ့်မောင်လေးရယ် အကိုအကြီးဆုံးရယ် ခြင်တို့ကြမ်းပိုးတို့ကိုက်တာနဲ့သိတာ။
ခြင်များနည်းနည်းကိုက်လိုက်ရင်အဖုက ထွက်မဆုံးဘူး။
စန်းထွန်းမကြီးနဲ့တူတယ်။
တော်သေးတာပေါ့နော် အိမ်အသစ်မှာမပွားလို့။
မမအိုင်အိုရာ
May 28, 2017 at 7:45 PM