ယူအက်စ်သွား တောလား - ၂၃



အောက်တိုဘာ ၁၅ တနင်္ဂနွေနေ့ မနက်စာကို ဟိုတယ်က မကျွှေးဘူး။ မနက်စာ စားချင်တယ်ဆိုရင် ညကတည်းက ပိုက်ဆံပေးပြီး မှာထားရတယ်။ မနက် ၇ နာရီခွဲ Plattsburgh မြို့က ဟိုတယ်ကနေထွက်တော့ မိုးဖွဲဖွဲလေး ရွှာနေတယ်။ Plattsburgh မြို့ကနေ တောင်ဖက်စူးစူး  ၁၃ မိုင် ၂၂ မိနစ်မောင်းရင် Ausable Chasm ကို ရောက်ပါတယ်။ Ausable Chasm က သဲကျောက်တောင်တွေ ကြားထဲက ၃ မိုင်ကျော်ရှည်တဲ့ တောင်ကြားလမ်းလေး။ Ausable မြစ်က ဖြတ်သန်းဆင်းနေပြီးတော့ ရေတံခွန်တောတောင်တွေနဲ့ အင်မတန် သာယာတယ်။ Grand Canyon of the Andirondacks လို့ တင်စားကြပြီး Andventure Trail ၊ Biking ၊ Golf ၊ Night tour ၊ Photo tours - Fall, Winter ၊ Raft ၊ Float Tours ၊ Rappeling ၊ Rock climbing ၊ Tubing tours တွေ ရှိပါတယ်။ နေရာတိုင်းကလှတော့ နေရာတိုင်း ဓာတ်ပုံရိုက်ချင်တယ်။ တနာရီ အချိန်ပေးပေမဲ့ ကိုယ့်တို့က ၁၅ မိနစ်ကျော်မှ ရောက်တယ်။ တချို့ဆို တိုးဂိုက်က လိုက်ခေါ်ရလို့ တနာရီခွဲလောက်မှ ရောက်တယ်။ မိုင်းဖန်က သူ့ဆီကို လာလည်ဖို့ voice mail ထားခဲ့တယ်။ ဖုန်းပြန်ခေါ်တော့ ဘယ်လိုမှခေါ်လို့ မရတော့ဘူး ကျောင်းမှာတုန်းက ဆူနမ်က  invisible & inavailable မိုင်းဖန်လို့ နာမည်ပေးထားတာ ခုထိ invisible ၊ inavailable မိုင်းဖန် ဖြစ်နေတုန်း။ ဆူနမ်ကိုဖုန်းဆက်ပြီး မိုင်းဖန်ကို ဘယ်လိုဆက်သွယ်ရမလဲ မေးတော့ ထုံးစံအတိုင်း  voice mail ထားပြီး ဆက်သွယ်ရတယ်တဲ့။  သူ အားတဲ့အချိန် voice mail စစ်တဲ့အခါ ပြန်ဆက်သွယ်လိမ့်မယ်တဲ့။ အေး ငါ voice mail တော့ ထားခဲ့ပြီ တကယ်လို့များ မိုင်းဖန် နင့်ကို အလုပ်ကိစ္စနဲ့ပဲဖြစ်ဖြစ် ဆက်သွယ်ခဲ့ရင် ပြောပေးပါ ငါ သူနေတဲ့မြို့ကို ဖြတ်သွားပေးမဲ့ တိုးကားနဲ့ ခရီးသွားတာဆိုတော့ သူ့ဆီဝင်လို့မရဘူးလို့။

မိုင်းဖန်က ကိုယ့်ကားကိုယ်မောင်းပြီး ခရီးသွားနေတယ် ထင်နေတာ။ Ausable Chasm ကနေ ဖယ်ရီဂိတ်ဖြစ်တဲ့ Port Kent ကို ၃ မိုင် ၆ မိနစ်ပဲ မောင်းရတယ် ဖယ်ရီကိုလည်း သိပ်မစောင့်လိုက်ရဘူး။ နယူးယောက်ပြည်နယ် Port Kent ကနေ ချန်ပိန်ရေကန်ကြီးကို ဖြတ်ကျော်ပြီး မိုင်းဖန်နေတဲ့ ဗာမွန်ပြည်နယ် ဘာလင်တန်မြို့ကို ၁၀ မိုင် ၁၅ မိနစ်လောက်ပဲ စီးရပြီး တနာရီ ၁စီးရှိတယ်။ ဆောင်းရာသီမှာ ဖယ်ရီပိတ်ထားပြီး နွေရာသီကနေ ဆောင်းဦးအထိ ဖယ်ရီတွေ ရှိတယ်။ ချန်ပိန်ရေကန်ကြီးက အတော်ကျယ်ပြီး ရေကလည်း ကြည်လင်နေတယ်။ ၁၈၇၆ ကတည်းက အလွန်ကြီးမားတဲ့ မြွှေသဏ္ဍန်ရှိတဲ့ Lake Champlain Monster ကို တွေ့ရတယ်လို့ ပြောသူတွေရှိတော့ ဓာတ်ပုံရိုက်ရင်း မွန်းစတားများ တွေ့မလားလို့ ရှာကြည့်သေးတယ်။ လေတွေ တအားတိုက်လို့ ကားပေါ်ပြန်တက်ပြေးရတယ်။ ဘာလင်တန်မြို့နား ကပ်ခါးနီးနေပြီ ကားပေါ်တက်မလာသေးလို့ အိန္ဒိယသားအဖနှစ်ယောက်ကို တိုးဂိုက်က အတင်းလိုက်ခေါ်ရတယ် အဲဒီလို ဓာတ်ပုံရိုက်ဖို့ ဝါသနာကြီးတာ။ ခရီးစဉ်ရဲ့နောက်ဆုံးသွားရောက်လည်ပတ်မဲ့ နေရာကတော့ မိုင် ၆၀၊ ၁ နာရီခွဲမောင်းရတဲ့ ဗာမွန်ပြည်နယ် Pittsford မြိ ု့က New England Maple Museum ပြတိုက်။ လမ်းတလျှောက် တတောတတောင်လုံး ဝါထိန်နေတာများ အင်မတန်လှတယ်။ ဗာမွန်၊ နယူးအင်္ဂလန်ဒေသရဲ့ ဆောင်းဦးရွှက်ကြွှေချိန်ဟာ အင်မတန့် အင်မတန် လှပါပေတယ်။


လမ်းမှာ Middlebury မြို့က မက်ဒေါနယ်ဆိုင်မှာ နေ့လည်စာစားဖို့ ရပ်ပေးတယ်။ ကိုယ်တို့နောက်ဘေးတန်းမှာထိုင်တဲ့ အသက်ကြီးကြီး တရုတ်လင်မယားရဲ့ သားဖြစ်ဟန်တူတဲ့ ဦးလေးကြီးကို တိုက်မိတယ်။ မကြီးက သူ့ကုတ်အင်္ကီျပေါ်မှာ ငါ့နှုတ်ခမ်းနီ အကွက်လိုက် သူ့တော့ သိပုံမရဘူးလို့ပြောတော့ ကော်လံပေါ်က နှုတ်ခမ်းနီဆိုပြီး ကိုယ်တို့ညီအစ်မတွေ ရယ်လိုက်ရတာ။ မေပယ်ပြတိုက်မှာတော့ မေပယ်ပင်ကနေ syrup ထုတ်ယူပုံကို ဗွီဒီယိုတွေနဲ့ ရှင်းပြတယ်။ သစ်ပင်တွေက လေထဲက ကာဗွန်ဒိုင်အောက်ဆိုဒ်ကို ရယူပြီး နေရောင်ခြည်တွေနဲ့ အစာချက်တာကို photosynthesis လို့ခေါ်တယ်။ ဒါဆို ဆောင်းရာသီမှာ သစ်ပင်တွေ ဘယ်လို photosynthesis လုပ်မလဲလို့ နယူးယော့ခ် ဘော်တနစ်ကယ်ဂါးဒင်းကို forest tours သွားတုန်းက တိုးဂိုက်က မေးဖူးတယ်။ ဟုတ်ပါ့ ဆောင်းရာသီမှာ သစ်ပင်တွေ photosynthesis ဘယ်လိုလုပ်ပါလိမ့်။ ဆောင်းရာသီမှာ photosynthesis မလုပ်ဘဲ ဆောင်းရာသီအတွက် သစ်ပင်ထဲစုဆောင်းထားတာတွေကို စားသောက်ပြီး ဆောင်းရာသီမှာ အိပ်နေတာလို့ တိုးဂိုက်က ရှင်းပြတယ်။ အဲဒီလို မေဘယ်ပင်တွေက ဆောင်းရာသီမှာစားသောက်ဖို့ စုဆောင်းထားတာကို လူတွေက ထုတ်ယူကြတာ။ အဲဒီ syrup က ချိုပေမဲ့ ဆီးချိုသမားတွေစားရင် ဆီးချိုမတက်ဘူး ဒါကြောင့် ဒီရောက်တိုင်း သူအမြဲဝယ်တယ်လို့ တိုးဂိုက်က sales marketing ကြေငြာတယ်။ syrup က ချိုတာပဲကို ဆီးချိုမတက်ဘူးဆိုတာ မယုံပါဘူး ဂူဂယ်မှာ ဖတ်ကြည့်ပြီးမှ ယုံမယ်လို့ တွေးတာတာ ခုထက်ထိ ဂူဂယ်မှာ မဖတ်ကြည့်ရသေးဘူး။ အလကားမြည်းဖို့ ပေးထားတဲ့ယိုတွေ စားကြည့်တော့ peach နဲ့ wild elderberry jam ကိုကြိ ုက်တယ်။

တအားမချိုဘူး home made jam ဘူးလေးတွေကို အဝတ်စလေးတွေနဲ့ အုပ်ထားတာ ချစ်စရာလေးဆိုတော့ လက်ဆောင်ပေးဖို့ ၆ ဘူးလောက် ဝယ်ဖြစ်တယ်။ ကောင်မလေးတစ်ယောက် ခုန်နေတဲ့ပုံရိုက်နေတော့ မကြီးက သူလည်း ခုန်နေတဲ့ပုံ ရိုက်ချင်တယ်တဲ့။ ငါမရိုက်တတ်ဘူး မကြီးခုန်တာကို ရိုက်တော့ အဆင်မပြေဘူး ကိုယ်ခုန်တဲ့ပုံက တရုတ်သရဲကားတွေထဲမှာ သရဲတွေ လက်နှစ်ဖက်ကို ဆန့်တန်းပြီး ခုန်နေတဲ့ပုံနဲ့တူတယ်။ ကိုယ့်ဓာတ်ပုံကြည့်ပြီး ရယ်လိုက်ရတာ။ ကိုယ်တို့က သူတို့ခုန်နေတဲ့ပုံ ရိုက်နေတာကို အားကျငေးကြည့်နေလို့နဲ့ တူပါရဲ့ ဓာတ်ပုံရိုက်ပေးတဲ့ ကောင်မလေးက ရိုက်ပေးမယ်တဲ့။ ရိုက်ပေးတဲ့အပြင် မကြီးကို အိုင်ဖုန်းနဲ့ရိုက်ပုံရိုက်နည်း သင်ပေးသွားတယ်။ အိုင်ဖုန်းနဲ့ရိုက်တဲ့အခါ အဝိုင်းကွက်ကို အကြာကြီးဖိထားပြီ ပုံတွေအများကြီးကို တရစပ်တည်း ရိုက်သွားတော့ multiple snapshot ခုန်တဲ့ပုံတပုံတော့ ရပေမပေါ့။ Bear Mountain ဝက်ဝံတောင်ကို သွားတက်တုန်းက ဝိုင်းကို သင်ပေးပြီး အဲဒီနည်းအတိုင်းရိုက်တာ ခုန်နေတဲ့ပုံကောင်းကောင်းလေး တစ်ပုံရတယ်။ ခုန်ရတာ မလွယ်ဘူး အတော်ပင်ပန်းတယ် သူများတွေတော့ ခုန်နေကျမို့ထင်တယ် ခုန်နေကျတာ ပေါ့ပေါ့ပါးပါးပဲ။ နယူးယောက်ကိုပြန်တဲ့လမ်းမှာတော့ ငိုက်လိုက် ဘေးပတ်ဝန်ကျင်ကို ငေးလိုက် အိပ်လိုက်နဲ့ပေါ့။ Rest Area မှာနားတော့ ဖလပ်ရှင်းဖက်ကို ပြန်မဲ့သူတွေကို တခြားကားမှာ ထည့်ပေးလိုက်ပြီး ကိုယ်တို့ကားက ဖလပ်ရှင်းကို မဝင်တော့ဘဲ မက်ဟန်တန်ဖက်ကိုပဲ တိုက်ရိုက်မောင်းတော့မယ်။ ဂျာစီစီးတီးမှာ ရပ်ပေးဖို့ အိန္ဒိယသားလေးက တောင်းဆိုတာကို တိုးဂိုက်က ဟိုလိုလိုဒီလိုလို လုပ်နေတာမို့ အိန္ဒိယသားလေးက ဂျာစီစီးတီးမှာ ဘယ်သူဆင်းချင်လဲလို့ တကားလုံးကိုမေးတော့ ခြောက်ယောက်လောက်က ရက်စ်တဲ့။ ရက်စ်တဲ့လူအကုန်လုံးက အိန္ဒိယသားတွေ အိန္ဒိယသားတော်တော်များများ အဲဒီနားမှာနေကြတယ်။ ဒီမိုကရေစီဆန်ဆန် အများသဘောဆန္ဒခံယူတာမို့ တိုးဂိုက်လည်း ဘာမှမတတ်နိုင်တော့ဘူး ။ Bear Mountain ၊ Palasides ဟိုက်ကင်းထွက်တဲ့အကြောင်းကတော့ နောက်ပို့စ်တွေမှ တင်ပါတော့မယ်။

Happy Traveling !
Merry Christmas & Happy New Year !

စန်းထွန်း
ဒီဇင်ဘာ ၂၃၊ ၂၀၁၆။

3 comments:

Lorem Ipsum said...

ရှုခင်းတွေလှလိုက်တာ...။ လာလည်မယ်နော် :P

San San Htun said...


San San Htun said...

ဆုမြတ်မိုး said...
ရှုခင်းတွေလှလိုက်တာ...။ လာလည်မယ်နော် :P
December 24, 2016 at 1:52 AM
San San Htun said...
ညီမဆုမြတ် ဆောင်ဦးရွှက်ကြွှေချိန်က အရမ်းလှတယ် လာလည်နော်
February 8, 2017 at 9:47 AM