Mero Yatra နီပေါသွား တောလား - ၁၈

၂၀၂၄ နိုဝင်ဘာ ၂၂ Paragliding ကပြန်လာပြီး နေ့လည်စာစား ရေကန်ဘေးနားထိုင်။ မနေ့က ကိုယ်တို့ရောက်ခဲ့တဲ့ရေကန်ကြီး။ အစကတော့ World Peace Pagoda ကိုသွားမလို့စီစဥ်ထားတာ။ လမ်းတွေပြင်နေလို့ ကားသွားလို့မရပဲ လမ်းတနာရီလောက်လျှောက်ရမယ်ဆိုတော့ မသွားတော့ဘဲ စျေးဝယ်ထွက်ကြတယ်။ ပုဝါတွေ၊ အဝတ်အစားတွေ အတော်လှတယ်။ ကိုယ့်အတွက်လက်စွပ်ထဲထည့်လို့ရအောင် ပါးလွှာတဲ့ ring shawl လက်ယက်ပုဝါ ဝယ်တယ်။ ကိုယ်က နန်းနွယ် Manali က ဝယ်ခဲ့တဲ့ပုဝါကို သဘောကျနေတာ။ နန်းနွယ်က ၂၀၂၄ ဖေဖေါ်ဝါရီ Hey Thiri နဲ့ မန်နာလီကို ခရီးထွက်ခဲ့တာ။ နန်းနွယ်ကို နီပေါထင်ပြီး စျေးလျော့ပြောတယ်။ အဲ့ဒါကို တဝက်ထပ်စစ်။ အမေ၊ မမီး၊ မခိုင်အတွက် ပုဝါတထည်စီ။ အမေ့အတွက် ကက်ရှမီးယားအနွေးထည်တထည်ဝယ်တယ်။ မစန္ဒာက ပုဝါကို စျေးစစ်ပြီးမှ မဝယ်လို့ နီပေါမကြီးက ရန်တွေ့တယ်။ ကိုယ်တို့တွေ ဆိုင်ထဲက အမြန်သုတ်ခြေတင် ပြေးရတယ်။ မနေ့က သားမင်း yark အရိုးနဲ့ လုပ်ထားတဲ့ ဥုံဆွဲကြိုးတွေ ၃၀ ခုလောက်ဝယ်တယ်။ ခရီးအတူလာတဲ့ ညီအမတွေကို လက်ဆောင်ပေးဖို့။ ဆိုင်ပိုင်ရှင်ဦးလေးကြီးက မှတ်မိတယ်။ ဥုံမှာတောင် ဟိန္ဒူဥုံနဲ့ တိဘက်ဥုံ မတူဘူးတဲ့။ ညနေ ၆ နာရီ သတ်မှတ်ထားတဲ့နေရာကို အရောက်ပြန်ရတယ်။ လမ်းမှာ အဖွဲ့ထဲက လူတွေနဲ့တွေ့တယ်။ ကားဆီမရောက်သေးတဲ့သူကိုစောင့် ဖုန်းခေါ် နောက်ဆုံးဟိုတယ်ပြန်ခဲ့ကြတယ်။ ညစာစားပြီးတော့ ခန်းမထဲမှာ နှုတ်ဆက်ပွဲလုပ်တယ်။ အစကတော့ ပိုခရာအထိပဲ လိုက်မယ်ဆိုပြီး ညီမတွေကို ချစ်သွားလို့ ခရီးစဥ်ဆုံးအထိ လိုက်ပါစောင့်ရှောက်ပေးတဲ့ အကိုဆရာကို ကန်တော့ကြတယ်။

ပြီးတော့ surprise နိုဝင်ဘာမွေးနေ့ရှင် ကိုယ်၊ မဖြူ၊ မေထန့် ၃ ယောက်ကို မွေးနေ့ပွဲ ကျင်းပပေးတယ်။ မြန်မာပြည်မှာတုန်းကတော့ မွေးနေ့ဆိုရင် ကိုယ်က သူငယ်ချင်းတွေကို ကြေးအိုးဆီချက်လိုက်ကျွှေး။ သူငယ်ချင်းတွေက မွေးနေ့လက်ဆောင်ပြန်ပေး။ စတိတ်ရောက်တော့ ၂၀၁၂ မှာ ဆူနမ်တို့က ကိတ်မုန့်သေးသေးလေးဝယ်ပြီး ဖယောင်းတိုင်တချောင်းထွန်း မီးမှုတ်ခိုင်းတယ်။ မွေးနေ့ဆိုရင် ဝိုင်းနဲ့ ဟော့ပေါ့သွားစားတယ်။ ဟော့ပေါ့ဆိုင်မှာ ဟတ်ပီဘတ်ဒေးသီချင်းဆိုတာ လုပ်ပေးတယ်။ ဝိုင်းက လုပ်ချင်လားမေးရင် မလုပ်ဘူးဘဲ။ အကြည်က အမ မွေးနေ့မှာကျွှေးပါလို့စရင် မြန်မာမွေးနေ့ပွဲလို မကျင်းပဘူး။ အမေရိကန်လို မွေးနေ့ပွဲလိုပဲ ကျင်းပတယ်။ အမေရိကန်တွေလို မွေးနေ့ရှင်ကိုကျွှေးမွှေး၊ လက်ဆောင်ပေးရင်တော့ ကျင်းပမယ်ပြောလို့ ရယ်ရသေးတယ်။ ခုတော့ သရဖူလေးဆောင်း ဟတ်ပီဘတ်ဒေးသီချင်းသီချင်းဆိုပြီး ဆုတောင်း ဖယောင်းတိုင်ကို မီးမှုတ်ရတယ်။ ချစ်ခင်ရတဲ့ ညီအမတွေနဲ့ ပျော်စရာကြီး။ မွေးနေ့လက်ဆောင် အမည်းရောင်ကျောက်ဆွဲကြိုးလေး လက်ဆောင်ရတယ်။ ၂၀၁၇ ဂရင်းကဒ်ရတဲ့အထိမ်းအမှတ် celebration party လုပ်တော့ ဝိုင်းလက်ဆောင်ပေးတဲ့ ကျောက်ကလေးကိုချိတ်ပြီးဆွဲတယ်။ ဝိုင်းကို မေးကြည့်တော့ အင်ဒိုနီးရှားက ဝယ်လာတာတဲ့။ အခု အဲ့ဒီလိုသဘာဝတွင်းထွက် ကျောက်ကလေးတွေကို သဘောကျနေတယ်။

Happy Traveling!

စန်းထွန်း

မေ ၁၀၊ ၂၀၂၅။

1 comment:

Anonymous said...

Beautiful moment ——