20 August 2022

နွေဦးတော်လှန်ရေး - ၁၈

၂၀၂၂ ဧပြီ ၁၆ စနေနေ့ ဝါရှင်ဒီစီမှာ ချီတက်ဆန္ဒပြပွဲ။ နယူးယောက်ကနေ ဘတ်စ်ကားနဲ့သွားရောက်ဖို့  NYCBC စီစဉ်ပေးတယ်။ NYCBC ဆိုတာ နယူးယောက်ဆန္ဒပြပွဲတွေ ဦးဆောင်တဲ့အဖွဲ့။ ဘတ်စ်ကားခ ၄၅ ကျပ်မှာ အသွားအပြန်၊ နေ့လည်စာပါတယ်။ မနက် ၇ နာရီ ကွင်းက ဂျက်ဆင်ဟိုက်ဘူတာနားမှာ ဘတ်စ်ကားစောင့်နေတယ်။ မနှစ်က တယောက်တည်း ဒီနှစ်တော့  ဆန္ဒပြဖော်ပြဖက် ဘော်ဒါတွေ ရနေပြီ။ နန်စီ၊ နန်စီ့အကို၊ နန်စီသူငယ်ချင်း အမတယောက်၊ မက်ဆီကန်လေး အီလန်။ အီလန်က ဆန္ဒပြပွဲတိုင်း၊ ဈေးရောင်းပွဲတော်တိုင်းပါ၊ မြန်မာအကြောင်း အကုန်သိ။ မနက်စာ ခရိုဇွန်နဲ့ လက်ဖက်ရည် ကျွှေးတယ်။ လက်ဖက်ရည်ကောင်းလို့ ထပ်တောင်းသောက်တယ်။ နယူးယောက်ကနေ ဝါရှင်တန်ဒီစီကို လေးနာရီခွဲလောက် မောင်းရတယ်။ မေရီလန်းရပ်နားစခန်းမှာ နေ့လည်စာစားပြီး ၄၅မိနစ် နားကြတယ်။ ဒီနှစ်က ဘတ်စ်ကား ၂ စီး မနှစ်က ၃ စီး။ အိမ်ဖြူတော်ရှေ့မှာ ဝန်ကြီးတွေ၊ အဖွဲ့တွေက မိန့်ခွန်းပြော နေ့လည် ၃ နာရီ ကယ်ပီတန်ဆီ ချီတက်ဆန္ဒပြကြတယ်။ ဒီနှစ်လူနည်းတယ် ၅၀၀ လောက်ပဲ မနှစ်ကဆို ၂၀၀၀။ မနှစ်က စီနီယာဘလော်ဂါ ကလိုစေးထူးနဲ့ ဓာတ်ပုံရိုက်ခဲ့တယ်။ မခိုင် ရောက်လာတော့ ဓာတ်ပုံရိုက်။ အလှုရှင်တွေကျွှေးတာစား ည ၆ နာရီ နယူးယောက်ကို ပြန်တယ်။ ညသန်းခေါင် နယူးယောက်ကို ပြန်ရောက်တယ်။ ပင်ပန်းလို့ နောက်နေ့ နား။


တော်လှန်ရေး မြန်မြန်ပြီးချင်ရင် များများထောက်ပံ့ပါ။ မထောက်ပံ့နိုင်ရင် ကလစ်ပါ နိုင်ရာတာဝန်ယူပါ။ စကစကို နည်းမျိုးစုံနဲ့ ဆန့်ကျင်ပါ။ ဘေးထိုင်ဘုပြော ဖောင်းထုမနေပါနဲ့။ တော်လှန်ရေးမှာ ပါဝင်နေတဲ့ အယောက်စီတိုင်းကို လေးစားချီးကျူးပါတယ်။ တော်လှန်ရေးကို ကိုယ်နဲ့မဆိုင်သလို ခေတ်ဝန်ကိုမထမ်းတဲ့သူတွေကို တတ်နိုင်သလောက် ပါဝင်လာအောင်တော့ တိုက်တွန်းနေပါတယ်။ လူတိုင်းပါဝင်မှ တော်လှန်ရေး မြန်မြန်ပြီးမှာပါ။ PDF တပ်သားတယောက်ကို တလဒေါ်လာနှစ်ဆယ်နဲ့ ထောက်ပံ့ဖို့ PRF member ဝင်လို့ရပါတယ်။ အဆင်မပြေတဲ့လတွေမှာ ရပ်ထားလို့ရပြီး အဆင်ပြေတဲ့လတွေမှာ ပိုလှုလို့ရပါတယ်။ အောက်လင့်ခ်ကနေ သက်ဆိုင်ရာနိုင်ငံက fund raiser တွေဆီကို ဆက်သွယ်ပြီး PRF member ဝင်လို့ရပါတယ်။ လစဉ်မန်ဘာအလှုငွေတွေက PDF တပ်သားတွေရဲ့ စားနပ်ရိက္ခာအတွက်ပါ။ PDFလေးတွေကို ထမင်းတနပ်လှုလို့ရတဲ့ အစီအစဉ်လေးတွေလဲ ရှိပါတယ်။ သဒ္ဓါပေါက်ပြီး လှုချင်စိတ်ပေါက်လာရင်  fund raiser ကို ဆက်သွယ်လိုက်ပါ။ 

https://prf4pdf.org/

အရေးတော်ပုံ အောင်ရမည်!

စန်းထွန်း

ဩဂုတ် ၂၀၊ ၂၀၂၂။

Photo Credit - Wayne Chin



No comments:

Post a Comment