San Htun's Diary
24 April 2020
ဆုံနေရက်နဲ့ ဝေးနေခြင်း...
သူ့အကြောင်းကို မရေးတော့ဘူးလို့ ဆုံးဖြတ်ထားပေမဲ့ မျက်ဝန်းညိုညိုနဲ့ ဆုံတွေ့ရတဲ့အခိုက် နွေးထွေးမှုကို ခံစားရပြီး အဲ့ဒီမျက်ဝန်းညိုတွေကို သတိရတဲ့အခါ ရေးမိပြန်ပြီ။ သူနဲ့ကိုယ် တစ်နှစ်တစ်ခါ အလှုမှာဆုံတယ် တွေ့လိုက်ရင် မျက်ဝန်းညိုတွေကြောင့် ပျော်ရွှင်ရတယ်။ မတွေ့တာကြာပြီဆိုတော့ ခံစားချက်တွေ အေးစက်နေမယ်လို့ ထင်မိတာ မှားသွားတယ်။
လွန်ခဲ့တဲ့ခြောက်နှစ်တုန်းက ကိုယ့်ရင်ကို ခုန်စေခဲ့ဖူးသော သူတယောက်။
အရင်တုန်းကလို ရင်မခုန်တော့ပေမဲ့ တွေ့လိုက်တိုင်း ဝမ်းသာပျော်ရွှင်ရတုန်း။ တွေ့လိုက်ရင် အလုပ်အကြောင်း၊ ခရီးသွားတဲ့အကြောင်းပဲ ပြောနေကြတုန်း။ ဒီတခါတော့ အစ်မတယောက်ရဲ့ဘေးမှာထိုင်ပြီး ဓာတ်ပုံရိုက်ဖြစ်တယ်။ အလယ်ကအစ်မကို ဖယ်လိုက်ရင် မင်းတို့စုံတွဲပုံရပြီလို့ ဝိုင်းကနောက်နေလို့ ဟေ့ ဓာတ်ပုံမလိုဘူးနော် သူ့ပုံရိပ်က ကိုယ့်စိတ်ထဲမှာ စွဲနေတာလို့ ပြန်နောက်တယ်။ ကိုယ်တို့အကြောင်းကို ရိပ်မိတဲ့အစ်မတွေက ကိုယ်တို့နှစ်ယောက်ကို နီးစပ်စေချင်ပေမဲ့ ကာယကံရှင်တွေက မတုန်မလှုပ် ကျောက်ရုပ်ဆိုတော့ သူတို့လည်း ဘေးကနေပွဲကြည့်ပရိသတ်။ တွေ့လိုက်ရင် ပျော်ရွှင်ကြည်နူးရပေမဲ့ တွေ့ဖို့စကားပြောဖို့ အနားရောက်လာဖို့ နီးစပ်လာဖို့ မကြိုးစားတဲ့ ကိုယ်တို့နှစ်ယောက်။ ကြိုက်ပဲကြိုက်ပြီး တကယ်မချစ်ကြလို့ ဆုံစည်းဖို့ ရေစက်ရှိဟန်မတူတဲ့ ကိုယ်တို့နှစ်ယောက် ဆုံနေရက်နဲ့ ဝေးနေဆဲ။
စန်းထွန်း
ဧပြီ ၂၄၊ ၂၀၂၀။
Veramonte စပျစ်ခြံထဲက ကြာပန်း Casablanca Valley, near Santiago, Chile
No comments:
Post a Comment
‹
›
Home
View web version
No comments:
Post a Comment