30 March 2024

နွေဦးတော်လှန်ရေး - ၃၇

၂၀၂၄ ဖေဖေါ်ဝါရီ ၃ စနေနေ့ နယူးယောက် တိုင်းစကွဲယားမှာ ညနေ ၂ နာရီကနေ ၄ နာရီ မအောင်မြင်တဲ့ အာဏာသိမ်းမှု ၃ နှစ်ပြည့် ဆန္ဒပြပွဲကျင်းပတယ်။ အဲဒီနေ့က အတော်အေးတယ်။ အမေက မတ်တပ်မရပ်နိုင်တော့လို့ ဘေးကထိုင်ခုံမှာ သွားထိုင်ရတယ်။ ညနေ ၄ နာရီထိုးခါနီး အတော်ညောင်းနေပြီမို့လို့ အဖေတို့က အဖေ့အသိနဲ့ အိမ်ပြန်သွားတယ်။ အဖေတို့ပြန်သွားမှာပဲ သံပုံးတီးမယ်ဆိုတော့ ဇွန်းတွေ၊ အိုးတွေက အဖေတို့နဲ့ ပါသွားပြီ။ မိတ်ဆွေတွေနဲ့ ကိုရီးယားစားသောက်ဆိုင်၊ စာအုပ်ဆိုင်ပြီးတော့ ကော်ဖီဆိုင်။ စကားတွေပြောလိုက်ကြတာ ကော်ဖီဆိုင်က ည ၁၀ နာရီခွဲ ဆိုင်ပိတ်တော့မယ်လို့ လာပြောမှပဲ ပြန်ကြတော့တယ်။

အရေးတော်ပုံ အောင်ရမည် !

စန်းထွန်း

မတ် ၃၀၊ ၂၀၂၄။

27 March 2024

၂၀၂၄ ရေခြားမြေခြား ခရီးသွား - ၃

၂၀၂၄ ဇန်နဝါရီ ၆ စနေနေ့ ညနေ ၃ နာရီခွဲလောက် ပထမဆုံးနှင်းကျလို့ ပြေးပြီးဓာတ်ပုံရိုက်ကြတယ်။ နှင်းကဖွဲဖွဲလေးကျတာ လမ်းပေါ်မှာတင် မတင်ဘူး။ ၂၀၂၄ ဇန်နဝါရီ ၁၆ အင်္ဂါနေ့ ၁ လက်မနေ ၃ လက်မ နှင်းကျတယ်။ ၂ နှစ်အတွင်း ပထမဆုံးကျတဲ့နှင်း။ လဲကျမှာစိုးလို့ ဖြေးဖြေးလမ်းလျှောက်ပြီး အိမ်ဘေးက ဆေးရုံရှေ့မှာ ဓာတ်ပုံသွားရိုက်တယ်။

စန်းထွန်း

မတ် ၂၇၊ ၂၀၂၄။

23 March 2024

၂၀၂၄ ရေခြားမြေခြား ခရီးသွား - ၂

၂၀၂၄ ဇန်နဝါရီ ၁၃ စနေနေ့ Central Park မှာ လေးမိုင်လမ်းလျှောက်ဖြစ်တယ်။ ဆောင်းရာသီဆိုတော့ သစ်ရွက်တွေမရှိ ရိုးတံကျဲကျဲ သစ်ပင်တွေဆိုတော့ မြင်ကွင်းကရှင်းတွေတော့ ဘေးကတိုက်တွေကို ထင်ထင်ရှားရှား မြင်ရတယ်။ ရှဥ့်တွေကို အစာကျွှေးဖို့ ခေါ်လိုက်ရင် ပြေးလာကြတယ်။ တချို့ကျတော့လည်း အစာဝနေလို့ အဆော့မက်ကြတယ်။ တချို့က ချိတ်တက်မတက် အစာတောင်းကြတယ်။ Central Park ကတော့ အမြဲလူစည်နေတာပဲ။

Happy Traveling!

စန်းထွန်း

မတ် ၂၃၊ ၂၀၂၄။

20 March 2024

တူတော်မောင် - ၁၃

ပုံဆွဲတော်တဲ့ တူတော်မောင် ဆွဲထားတဲ့ လက်ရာလေးတွေပါ။ ရောင်းမယ်တဲ့ တပုံ ၅ ကျပ်..တပုံ တကျပ်ပေးမယ်ပြောတော့ ဘိုးဘိုးတို့ နောက်ထပ်စတိတ်ထပ်သွားရင် ထည့်ပေးလိုက်မယ်တဲ့။ အဖေတို့လာတုန်းက ထည့်ပေးလိုက်တဲ့ပုံ ၂ ချပ် တပုံ ၅ ကျပ်နဲ့ ဘဘဝယ်ထားတာ ပိုက်ဆံမရသေးလို့ တောင်းနေတယ်။ ကြီးတော်ခင်စန်းကတော့ သူ့တူတော်မောင်လုပ်စာ စားရမယ်လို့ မျှော်လင့်နေတယ်။ Jordan Air shoe ၊ iPhone 15၊ ဝက်မောင်း၊ ကိုရီးယား၊ စတိတ်သွားလည်ဖို့ လေယာဥ်ခတောင်းနေတယ်။ သူတောင်းတာတွေ ပေးနိုင်ဖို့ မီလီယံနာဖြစ်အောင် လုပ်ကြပါစို့ဆိုပြီး ရယ်နေရသေးတယ်။ New Year၊ Grandpa's  Birthday cards တွေဆွဲပေးမှာဆိုတော့ ဆွဲပေးတယ်။ ဘိုးဘိုးမွေးနေ့ကဒ်မှာ ဆွဲထားတာ ဘာအဓိပ္ပာယ်လဲဆိုတာ မေးနေတာ ခုထိမဖြေသေးဘူး။

စန်းထွန်း

မတ် ၂၀၊ ၂၀၂၄။

16 March 2024

၂၀၂၄ ရေခြားမြေခြား ခရီးသွား - ၁

၂၀၂၄ ဒီဇင်ဘာ ၁ တနင်္လာနေ့ Central Park မှာ ၃.၅ မိုင် လမ်းသွားလျှောက်တယ်။ Fifth Avenue လမ်းမမှာတော့ လူတွေကြိတ်ကြိတ်တိုးပဲ။ ဆောင်းရာသီဆိုတော့ သစ်ရွက်တွေအကုန်ကြွေ အပင်တွေ ရိုးတံကျဲကျဲ။ မြင်ကွင်းကရှင်းနေတော့ အဆောက်အဦးမြင့်မြင့်တွေ အကုန်မြင်ရတယ်။ ရှဥ့်တွေကို walnut အစာကြွေးတာ ခေါ်လိုက်တာနဲ့ ပြေးလာကြတယ် ချစ်စရာလေးတွေ။ ခွေးပေါင်းစုံမြင်ရတယ် ခွေးသေးသေးလေးက သခင်ပေါင်ပေါ်ကနေ ခွေးအကြီးကိုဟောင်လို့ ရယ်ရသေးတယ်။ ကန်ဟိုဖက်မှာ လက်ထပ်ခွင့်တောင်းတာကို ဖောင်တိန်ဖက်မှာထိုင်နေတဲ့သူတွေက လက်ခုပ်တီးပြီး အားပေးကြတယ်။ စင်ထရယ်ပါ့ခ်လာတိုင်း လက်ထပ်ခွင့်တောင်းတာ၊ မင်္ဂလာဆောင်ဓာတ်ပုံရိုက်တာ အမြဲကြုံတယ်။ ၂၀၂၄ ဒီဇင်ဘာ ၂ အင်္ဂါနေ့ မနက် ၈ နာရီလောက် Wall Street ၊ New York Stock Exchange ၊ World Trade Center နားရောက်လို့ ကိုယ့်ရုံးရှေ့က ဖြတ်လာခဲ့တယ်။ အောက်တိုဘာလလောက်ကတည်းက ရုံးမသွားရတာ။ Work From Home ကောင်းတာကတော့ မနက် ၈ နာရီခွဲထိ အိပ်လို့ရတယ်။ မကောင်းတာက ကိုယ်လက်လုပ်ရှားမှုမရှိလို့ ဗိုက်ကြီးပူ။ ၂၀၂၄ ဒီဇင်ဘာ ၆ စနေနေ့ နေ့လည် ၃ နာရီခွဲလောက် ပထမဆုံးနှင်းကျလာလို့ ပြေးထွက်ကြည့်ကြ။ သူ့ဘော်ဒါတွေကိုလည်း နှင်းကျနေပြီလို့ ဖုန်းဆက်အကြောင်းကြား။

Happy Traveling!

စန်းထွန်း

မတ် ၁၆၊ ၂၀၂၄။

First snow in 2024

13 March 2024

၂၀၂၃ ရေခြားမြေခြား ခရီးသွား - ၂၅

၂၀၂၃ ဒီဇင်ဘာ ၂၇ ဗုဒ္ဓဟူးနေ့ မက်ဟက်တန်ကအပြန် R ရထားပေါ်မှာ ရှေ့မှာထိုင်နေတဲ့ အမက စန်းစန်းဆိုပြီး နှုတ်ဆက်တော့ မမှတ်မိဘူး။ Mask ချွှတ်ပြတော့မှ ဂျပန်မမှန်း မှတ်မိပေမဲ့ နာမည်မမှတ်မိ။ မတွေ့တာလည်း ဆယ်နှစ်ကျော်ပြီကိုး။ ၂၀၁၃ Meetup အဖွဲ့မှာတွေ့ပြီး Bryant Park က free concert အတူတူကြည့်ဖူးတယ်။ နတ်စုကို တွေ့ချင်လို့ အိမ်လိုက်လည်ဖူးတယ်။ အဲ့ဒီတုန်းက သူကအင်္ဂလိပ်လို ကောင်းကောင်းမပြောတတ်တော့ ပြောရတာအဆင်မပြေဘူး။ ဖေ့ဘွတ်မှာရှိပေမဲ့ အဆက်အသွယ်မရှိတော့ဘူး။ ကိုယ်ဖေ့ဘွတ်မှာ တင်နေတဲ့ဓာတ်ပုံတွေတွေ့နေတော့ အဖေတို့ရဲ့ အပြာရောင်ဒေါင်းဂျက်ကက်ကို မှတ်မိနေတာတဲ့။ ကိုယ့်တို့ကို ဓာတ်ပုံရိုက်ပေးတယ်။ ၂၀၂၃ ဒီဇင်ဘာ ၃၁ တနင်္ဂနွေနေ့ ဘရွှတ်ကလင်း မစိုးရိမ်ကျောင်းအလှူကိုသွားတယ်။ R စီး Q ရထား ဂိတ်ဆုံးနီးပါး တနာရီ မိနစ် ၂၀ လောက် စီးရတယ်။ မိသားစု၊ သူငယ်ချင်းတွေ တယောက်တဗန်းယူပြီး စားကြသောက်ကြ ဆုံတွေ့ကြတာ ပျော်စရာကြီး။ နှစ်တိုင်းနီးပါး သွားဖြစ်တယ်။ အမေလုပ်တဲ့ မုန့်ဖက်ထုပ် တနာရီအတွင်း ပြိုက်ခနဲကုန်သွားတယ်။ မမီးနဲ့ တွေ့တယ် မခိုင်ကတော့ ထိုင်းကိုရောက်နေလို့ မတွေ့ဖြစ်ဘူး။ ကိုယ့်ဘလော့ကို ဖတ်ဖူးတဲ့ အမတယောက်နဲ့လည်း ဆုံတယ်။ ဗော်လန်တီယာအလုပ်က အမတွေနဲ့ဆုံတယ်။ ခံယူချက်၊ ယုံကြည်ချက်တူတဲ့သူတွေဆိုတော ညီအကိုမောင်နှမတွေလိုပါပဲ။ ဘုန်းဘုန်းက အဖေတို့ကို ရောက်တာကြာပြီလား၊ အလုပ်အကိုင်အဆင်ပြေလားမေးတော့ ရောက်တာမကြာသေးဘူး အလုပ်လည်းမလုပ်ဘူး။ ဝင်ငွေမရှိသေးတော့ မလှူနဲ့လို့ ဘုန်းဘုန်းကမိန့်တော့ သဘောတွေကျနေကြတာ။

Happy Traveling!

စန်းထွန်း

မတ် ၁၃၊ ၂၀၂၄။

09 March 2024

Dyker Heights သွား တောလား

၂၀၂၃ ဒီဇင်ဘာ ၁၆ စနေနေ့ ဘရွှတ်ကလင်းက နာမည်ကျော် ဒိုက်ကာဟိုက်က မီးထွန်းတာတွေ သွားကြည့်တယ်။ နောက်ဆိုအရမ်းအေးမှာဆိုတော့ အရမ်းမအေးခင် သွားထားတယ်။ အဖေက အအေးမခံနိုင်ဘူး ချမ်းတတ်တယ်။ ဒိုက်ကာဟိုက်ရပ်ကွက် သူဌေးရပ်ကွက် မီးထွန်းထားတာ အင်မတန်လှတယ်။ တချို့အိမ်တွေဆို ပိုက်ဆံကုန်ချင်သလောက် ကုန်ပါစေ အလှဆုံးဖြစ်ရင်ပြီးရောဆိုပြီး ဒီဇိုင်နာတွေနဲ့ ခေါ်ဆင်တာ။ မီးထွန်းတာ မီတာခ ၆ထောင်လောက်ကျတယ်လို့ ကြားဖူးတယ်။ မန်ဟက်တန်ကနေ တိုးကားတွေရှိတယ် ၆၀ ပေးရတယ်။ အိမ်နားကနေ ဘရွှတ်ကလင်း R ရထား ဂိတ်မဆုံးခင် တမှတ်တိုင်မှာဆင်းတယ်။ တနာရီ မိနစ် ၂၀ လောက် ကြာတယ်။ ဘူတာကနေ ဒိုက်ကာဟိုက်အထိ မိနစ် ၂၀ လောက် လျှောက်ရတယ်။ အိမ်သာခက်လို့ ရေတောင် သိပ်မသောက်ရဲဘူး။ ၁၁ လမ်းမကနေ ၁၃ လမ်းမကြား ၈၃ လမ်းကနေ ၈၆ လမ်းကြားမှာ မီးထွန်းတာတွေ အရမ်းလှတယ်။ ကိုယ်တို့ရောက်တော့ ၄ နာရီခွဲ မှောင်စဆိုတော့ လူသိပ်မရှိသေးဘူး။ နောက်ဆိုလူတွေ များလာလိုက်တာ ကြိတ်ကြိတ်တိုးပဲ။ တချို့ကလည်း ကားကိုဖြေးဖြေးလေးမောင်းပြီး ပတ်ကြည့်တယ်။ တိုးတွေနဲ့ဆုံရင် တိုးနောက်ကနေ လိုက်ကြည့်တယ်။ ရေခဲမုန့်ကား၊ မီးလင်းတဲ့ ဓား၊ ပူးပေါင်းရောင်းတယ်။ တချို့အိမ်တွေက ကွတ်ကီး၊ ကော်ဖီရောင်းပြီး charity အတွက် အလှူငွေရှာတယ်။ အရုပ်တွေအများကြီးရှိတဲ့ နာမည်ကြီးမာသာအိမ်နားမှာ လူတွေကြိတ်ကြိတ်တိုး။ ရဲကားတွေ စောင့်နေတယ်။ အဲ့ဒီအိမ်ကို အမွေဆက်ခံမဲ့သူက ခရစ်စမတ်ချိန်မှာ အဲ့ဒီလိုအရုပ်တွေ ပြမယ်ဆိုမှ အမွေဆက်ခံခွင့်ရှိမယ်တဲ့။ ရှူးပေါက်ချင်လို့ စတားဘာ့ခ်ဝင်တာ အိမ်သာကို နာရီဝက်ကျော်လောက် တန်းစီးရတယ်။ ခရိုဇွန်မုန့်လေးစား၊ ကော်ဖီသောက် အမောဖြေ။ R ရထား ဂိတ်စဂိတ်ဆုံးနီးပါး တနာရီ မိနစ် ၄၀ လောက်စီးပြီး ပြန်လာတယ်။ ပင်ပန်းပေမယ့် တန်ပါတယ်။

Happy Traveling!

စန်းထွန်း

မတ် ၉၊ ၂၀၂၄။