30 December 2023

Photo Essay - 3

၂၀၂၃ အောက်တိုဘာ ၁ တနင်္ဂနွေနေ့ ဝိုင်းနဲ့ စင်ထရယ်ပါ့ခ်သွားလည်းတယ်။ ဝိုင်းက ဇွန်တုန်းက အီဂျစ်ပြောင်းသွားတာ ခုနယူးယောက်မှာ သင်တန်းလာတက်တာ။ ကိုယ့်အိမ်မှာတည်းတာ မနက် ၇ နာရီလောက် ရုံးသွားပြီး ည ၈၊ ၉ နာရီမှ ပြန်လာတော့ ပင်ပန်းနေပြီ။ စနေနေ့က မိုးတအားရွာလို့ နေ့လည်လောက်မှာ ယိုးဒယားဘုန်းကြီးကျောင်း၊ ကော်စကိုသွားကြတယ်။ ဝိုင်းက ယိုးဒယားက မှာ ၂ နှစ်လောက်နေပြီး Assumption University မှာ မာစတာတက်ခဲ့တာဆိုတော့ ယိုးဒယားအစားအစာ ကြိုက်တယ်။ စထရယ်ပါ့ခ်ကနေ တရုတ်တန်းမှာ ဟော့ပေါ့သွားစားတယ်။ ပြီးတော့ ဘရွှတ်ကလင်းတံတားကိုလမ်းလျှောက် မက်ဟန်တန်စကိုင်းလိုင်းကိုငေး။ အဲ့ဒီနေ့က ၆ မိုင်လောက် လမ်းလျှောက်လိုက်တော့ ဒူးနာသွားတယ်။ ဘရွှတ်ကလင်းတံတားမှာ ဆုံလည်ဝိုင်းပေါ် မတ်တပ်ရပ် သီချင်းလေးနဲ့က အိုင်ဖုန်းနဲ့ပတ်ပတ်လည် လှည့်ရိုက်ပေးတဲ့ဆိုင်တွေ အများကြီးပဲ။ ဝိုင်းက ဆူနမ်နဲ့ ပါရင် အဲ့လိုရိုက်ကြမယ်တဲ့။ နယူးယောက်မှာ ၉ နှစ်နေခဲ့ပြီး ထွက်သွားတာ ၃ လပဲရှိသေးတဲ့သူက နယူးယောက်ကို ကြိုက်တယ် ကြိုက်တယ်လို့ အော်နေတော့တာပဲ။

Happy New Year!

စန်းထွန်း

ဒီဇင်ဘာ ၃၀၊ ၂၀၂၃။

27 December 2023

နွေဦးတော်လှန်ရေး - ၃၆

၂၀၂၃ စက်တင်ဘာ ၉ စနေနေ့ နေ့လည် ၂ နာရီကနေ ၅ နာရီအထိ စိန့်ဂျိမ်းဘုရားရှိခိုးကျောင်းမှာ ပြည်ထောင်စုလွှတ်တော်ဥက္ကဌ ဦးအောင်ကြည်ညွန်နဲ့ နယူးယောက်မြန်မာမိသားစု တွေ့ဆုံပွဲကျင်းပတယ်။ ဘုန်းကြီးကျောင်းက အဖေ့ဘော်ဒါတွေလည်း လာမယ်ဆိုလို့ သွားကြတယ်။ OUR AMBASSADOR, OUR VOICE. UN Credentials Campaign ၂၀၂၃ စက်တင်ဘာ ၁၆ စနေနေ့ နေ့လည် ၁ နာရီကနေ ၅ နာရီအထိ ကျင်းပတယ်။ ယူအန်ရုံးနားက ပန်းခြံကနေ စတင်လမ်းလျှောက်တာ တိုင်းစကွဲမှာ အဆုံးသတ်တယ်။ ယူအန်မှာ သံအမတ်ကြီးဦးကျော်မိုးထွန်းကို ခန့်ထားဖို့ အရေးကြီးလို့ တခြားနယ်ဖက်ကနေလာပြီး ပူးပေါင်းပါဝင်ချီတက်ကြတယ်။ မေရီလန်းဖက်က ကားကြီးတွေနဲ့ လာကြတာ။ နေ့လည် ၁ နာရီကနေ ၃ နာရီခွဲလောက်က မိန့်ခွန်းတွေပြောကြတာ။ ညနေ ၃ နာရီခွဲလောက်မှာ လမ်းလျှောက်မှာမို့ ညနေ ၂ နာရီခွဲလောက်မှာလာတယ်။ ကိုယ်က တောင်သွားတက်ရင် အိမ်သာမသွားဘဲ ၆ နာရီလောက် နေနိုင်ပေမယ့် အဖေက ခဏခဏရှူးပေါက်ချင်တော့ လူကြီးတွေနဲ့ အပြင်ထွက်ရတာ မလွယ်ဘူး။ သိပ်မကြာဘူး ထမင်းထုပ်တွေဝေတော့ ဗိုက်မဆာပေမဲ့လည်း မြန်မာမုန့်အချိုတွေစား။ မိတ်ဆွေတွေနဲ့ စကားပြော၊ ကြွေးကြော်သံတွေတိုင်လိုက်။ ချီတက်လမ်းလျှောက်ကြတော့ အမေက လမ်းမြန်မြန်မလျှောက်နိုင်လို့ ပြေးလိုက်ကြတယ်။ ဗွီအိုအေက ကိုအောင်အောင် သတင်းလာယူတယ်။ အဖေတို့က သံအမတ်ကြီးနဲ့ ဓာတ်ပုံရိုက်တယ်။ လူအားလုံး နိုင်ရာတာဝန်ယူရင် တော်လှန်ရေးမြန်မြန်ပြီးမယ်။

အရေးတော်ပုံ အောင်ရမည်

စန်းထွန်း

ဒီဇင်ဘာ ၂၇၊ ၂၀၂၃။

23 December 2023

တူတော်မောင် - ၁၀

တူတော်မောင်က ဆုရလို့ ကြွားတယ်။ ကြီးတော်က ဖေ့ဘွတ်နဲ့ ဘလော့မှာ ထပ်ကြွားတယ်။ သူ့နာမည်က အဲလက်စ် မဟုတ်တော့ဘူး မိုက်ကယ်ဂျက်ဆင်ကို အားကျလို့ မိုက်ကယ်လို့ ပြောင်းထားတယ်တဲ့။ ဆုရလို့ ဘာလိုချင်လဲမေးတော့ ဂျော်ဒန်အဲယားဖိနပ် လိုချင်တယ်။ သူ့ဖိနပ်ဆိုဒ်က ဘယ်လောက်မှန်း မသိဘူးတဲ့။ သူလိုချင်တဲ့ဖိနပ်ပုံတွေကို အင်တာနက်ကနေ ရှာပို့တယ်။ သူပို့တာတွေက ဒေါ်လာ ၅၀၀ ကျော်။ သား ကိုယ့်ပိုက်ဆံရှာနိုင်တဲ့အခါ ကြိုက်တာဝယ်။ ကြီးကြီးတို့ကတော့ ဒေါ်လာ ၅၀ ပဲ ဝယ်ပေးနိုင်မယ်။ အင်တာနက်မှာရှာတော့ သူလိုချင်တာတွေမတွေ့။ ဖိနပ်ဆိုဒ်မတော်တာ၊ အရောင်မကြိုက်တာတွေ ဖြစ်မှာနဲ့ ပိုက်ဆံပေးလိုက် သူကြိုက်တာ ဝယ်ပါစေလို့ အဖေက အကြံပေးတယ်။ ပိုက်ဆံတသိန်း ပေးလိုက်တာ သူကြိုက်တဲ့ဖိနပ်ဝယ်တယ်။ ဖိနပ်ဆိုဒ်က ကြီးပေမဲ့ ဝယ်လာတယ်။ ခြေထောက်ကြီးလာမှာနဲ့ အတော်ပဲပေါ့။ အရောင်လေးကလဲလှတယ် အရမ်းကြိုက်တယ်။ အတုပေမဲ့ ကောင်းတဲ့အတုတဲ့။ ဖိနပ်က သုံးသောင်း၊ ခြေအိတ်က ခြောက်ထောင်။ ဆိုင်မှာ လိုချင်တာမရလို့ ငိုယိုနေသေးတယ်တဲ့ ကြီးတော်ခင်စန်းနဲ့တူတာ။ အခုတော့ ဂျော်ဒန်အဲယားဖိနပ်ကို ခရေစီဖြစ်နေတယ်။ သူပြောမှပဲ အဲ့ဖိနပ်တွေ အဲ့လောက်စျေးကြီးမှန်းသိတယ်။ ကိုယ့်မွေးနေ့ဆုတောင်းကဒ်မှာတောင် Tesla ၊ mansion ၊ iPhone ၊ Jordan air shoes ရပါစေလို့ သူလိုချင်တာတွေကို ဆုတောင်းပေးနေတယ်။

စန်းထွန်း

ဒီဇင်ဘာ ၂၃၊ ၂၀၂၃။

20 December 2023

၂၀၂၃ ရေခြားမြေခြား ခရီးသွား - ၁၆

၂၀၂၃ စက်တင်ဘာ ၃ တနင်္ဂနွေနေ့ ဝက်ဝံတောင်သွားတက်တယ်။ Coach USA ကနေ ဘတ်စ်ကားလက်မှတ်ဝယ်တော့ တစ်နှစ်အတွင်း သွားလို့ရတယ်။ ၄၂ လမ်း Port Authority Bus Terminal ကနေ ဝက်ဝံတောင်ကို မနက် ၈ နာရီနဲ့ ၁၀ နာရီ ဘတ်စ်ကား ၂ စီးရှိတယ်။ ဝက်ဝံတောင်ကနေ ညနေ ၅ နာရီကျော်တစီး၊ လူများရင် ည ၇ နာရီ တစီးထွက်တယ်။ ဝက်ဝံတောင်ကို တနာရီခွဲလောက် မောင်းရတယ်။ ကန်ဘေးမှာ နေရာယူပြီး တောင်တက်မယ်ပြင်တော့ မြေပြိုထားလို့ တောင်တက်လမ်း ပိတ်ထားတယ်။ ကန်တပတ် ပတ်လျှောက် လူအများကြီး ရောက်နေပြီ။ ဘာဘီကျူးကင်တဲ့သူ၊ သီချင်းဖွင့်ပြီး ကတဲ့သူ၊ ငါးမျှားတဲ့သူ၊ လမ်းလျှောက်တဲ့သူ။ ထမင်းစားပြီးတော့ မြစ်ဘေးသွားတယ်။ အဖေတို့က မဆင်းနိုင်တော့ ကိုယ်တယောက်တည်း ဆင်းတယ်။ မြစ်ဘေးကနေ မြင်ရတဲ့မြင်ကွင်း အရမ်းလှတယ်။ zoo ကိုသွားတယ် ဝက်ဝံတကောင်တွေ့တယ်။ ပြန်ရောက်တော့ ဖျာခင်းပြီး အိပ်ကြတယ်။ မြစ်ချောင်းရေကန် တောတောင်သစ်ပင်တွေနဲ့ စိမ်းစိုအေးချမ်းလှတဲ့ နေရာလေး။

Happy Traveling!

စန်းထွန်း

ဒီဇင်ဘာ ၂၀၊ ၂၀၂၃။

St. Paul Church

16 December 2023

၂၀၂၃ ရေခြားမြေခြား ခရီးသွား - ၁၅

၂၀၂၃ သြဂုတ် ၂၇ တနင်္ဂနွေနေ့ Elhmurst က နာမည်ကြီး ထိုင်းဘုန်းကြီးကျောင်း Wat Buddha Thai Thavorn Vanaram ကို ဆွမ်းသွားပို့တယ်။ မြန်မာကျောင်းလိုပဲ သင်္ကန်းကပ် ရေစက်ချ။ ထမင်းစားဖို့ခေါ်ပေမဲ့ အားနာလို့ မစားတော့ဘူး။ အပေါ်ဒုတိယထပ်မှာ ကွယ်လွန်သွားတဲ့ ထိုင်းဘုရင်ကိုယ်တိုင် လာဖွင့်ပေးတဲ့ ဆုတောင်းပြည့် မြဘုရားရှိတယ်။ ကျောင်းဝင်းထဲမှာတော့ နတ်တွေအများကြီးပဲ။

Happy Traveling!

စန်းထွန်း

ဒီဇင်ဘာ ၁၆၊ ၂၀၂၃။

13 December 2023

၂၀၂၃ ရေခြားမြေခြား ခရီးသွား - ၁၄

၂၀၂၃ သြဂုတ် ၂၆ စနေနေ့ ၁၄ လမ်းနားက Little Island သွားလည်တယ်။ ပြီးတော့ ဟက်ဆန်မြစ်ဘေးတလျှောက် ၂၄ လမ်းအထိ လမ်းလျှောက်ကြတယ်။

Happy Traveling!

စန်းထွန်း

ဒီဇင်ဘာ ၁၃၊ ၂၀၂၃။