29 November 2023

တူတော်မောင် - ၉

လူကြုံရှိလို့ တူတော်မောင်တောင်းတဲ့ ပိုကီမွန်ကဒ်လေးတွေ ပို့ဖြစ်တယ်။ ရွှံ့နဲ့လုပ်ထားတဲ့ ကားလေးက အတော်စိတ်ရှည်လက်ရှည် လုပ်ထားတာ သူ့ကျောင်းကားတဲ့။ ကျောင်းကားမှာ နေရာကောင်းရဖို့ လုရသေးသတဲ့။ နေရာကောင်းဆိုတာ မြင်ကွင်းကျယ်ကို ပြောတာတဲ့။ ဖိနပ်တွေက ဆင်တူဆိုတော့ သူ့ဖိနပ်ကို ဘယ်ကောင်စီးသွားလဲမသိဘူးဆိုပြီး ရှာရသေးတယ်။ ပိုကီမွန်ကဒ် မှာတာလည်း ဟိုဟာမကြိုက်၊ ဒီဟာမကြိုက်နဲ့။ အင်မတန် ဂျီးထူတဲ့ကောင် သူ့အဖေလိုပဲ။ ပိုကီမွန်ကဒ် အများဆုံးစုဆောင်းတဲ့ collector ဖြစ်ချင်တာတဲ့။ ပိုကီမွန်ကဒ်တွေကလည်း စျေးကြီးလိုက်တာ။ စျေးကြီးတာ မဝယ်ပေးနိုင်ဘူး။ သားဘွဲ့ရပြီး အလုပ်လုပ် ပိုက်ဆံတွေရတဲ့အခါ ကြိုက်တာဝယ်။ တဦးတည်းသော တူတော်မောင်ဆိုတော့ ချစ်နေရတာပါပဲ။

စန်းထွန်း

နိုဝင်ဘာ ၂၉၊ ၂၀၂၃။

25 November 2023

နွေဦးတော်လှန်ရေး - ၃၅

၂၀၂၃ သြဂုတ်လ ၅ စနေနေ့ ညနေ ၄ နာရီကနေ ၆ နာရီအထိ တိုင်းစကွဲမှာ ၈၈၈၈ ဆန္ဒပြပွဲ ကျင်းပတယ်။ Grand Central station၊ ယူအန်ရုံးချုပ်မှာ ဓာတ်ပုံသွားရိုက်ပြီး တိုင်းစကွဲမှာ ဆန္ဒပြ။ ဆန္ဒပြပွဲမှာ မိတ်ဆွေတွေနဲ့တွေ့လို့ စကားတွေပြောကြ။ တာဝန်သိစိတ်နဲ့ နိုင်ရာတာဝန်ထမ်းနေတဲ့သူတွေဟာ ချစ်စရာကောင်းတယ်။

အရေးတော်ပုံ အောင်ရမည်

စန်းထွန်း

နိုဝင်ဘာ ၂၅၊ ၂၀၂၃။

22 November 2023

၂၀၂၃ ရေခြားမြေခြား ခရီးသွား - ၁၁

လေးကြိမ်လောက် ရက်ပြောင်းပြီး နောက်ဆုံးမှာတော့ ၂၀၂၃ ဇူလှိုင် ၃၀ စနေနေ့ Liberty Island သွားဖြစ်တယ်။ မနက် ၉ နာရီသင်္ဘောဆိုတော့ အိမ်က ၇ ခွဲကတည်းကထွက်။ ပထမဆုံးထွက်တဲ့သင်္ဘောဆိုပေမဲ့လည်း လူအပြည့်ပဲ။ ကျွှန်းတပတ်ပတ် ရုပ်တုခေါင်းအထိတက်လို့ရတဲ့ လက်မှတ်ဆိုပေမဲ့ မတက်နိုင်တော့ဘူး။ ဓာတ်လှေကားစောင့်ရတာ အကြာကြီး။ မစောင့်နိုင်ရင် လှေကားနဲ့တက်ရမှာ မတက်နိုင်တော့ဘူး။ ၂၀၁၇ က လစ်ဘာတီရောက်ခဲ့တာဆိုတော့ မရောက်တာ ၆ နှစ်ရှိပြီ။ ဆူနမ်တို့နဲ့ တခါ၊ မိဘတွေနဲ့ ၂ ခါ၊ မကြီးနဲ့ တခါဆိုတော့ ခုတကြိမ် ၅ ခေါက်မြောက်။ ပြတိုက်ကအသစ်ဆိုတော့ ဝင်လည်တယ်။ ဗွီဒီယိုလေးတွေနဲ့ ရှင်းပြထားတာ အတော်စိတ်ဝင်စားဖို့ကောင်းတယ်။ နေ့လည် ၁၂ နာရီ အိမ်မပြန်ချင်သေးတော့ Ellis Island ပထမဦးဆုံးအကြိမ်အဖြစ် ဝင်လည်တယ်။ နေ့လည်စာအတွက် fish & chips ဝယ်တာ ငါးတုံးလေးက ပိစိလေးမို့ ကြက်ကြော်နဲ့ ပြန်လဲတယ်။ အဖေကတော့ အပြင်မှာစားဖို့ပြောသား။ အထဲမှာပဲစားရတယ်ထင်လို့ စားတာ ပူလိုက်တာ။ အပြင်မှာ ဇင်ယော်တွေနဲ့ လေကတဟူးဟူး။ တီကျွှတ်ပင်တွေ့လို့ ဝမ်းတွေသာ အားရပါးရနှုတ်။ Staten Island ferry လို ဖရီးရရင် အပတ်တိုင်းလာနှုတ်ပါတယ်။ အိမ်နားက အင်္ဂါနေ့တိုင်းဖွင့်တဲ့ လယ်သမား​စျေးမှာ တီကျွှတ်ပင်တွေ့လို့ ဝယ်လာတယ်။ အရသာက ဖန်တန်တန်လေး ချဥ်ဟင်းချက်တာ အင်မတန်ကောင်းတယ်။

Happy Traveling!

စန်းထွန်း

နိုဝင်ဘာ ၂၂၊ ၂၀၂၃။

တီကျွှတ်ပင် အိမ်ထဲစိုက်တာ သေသွားတယ်

18 November 2023

၂၀၂၃ ရေခြားမြေခြား ခရီးသွား - ၁၀

၂၀၂၃ ဇူလှိုင် ၂၃ တနင်္ဂနွေနေ့ Governors Island သွားလည်တယ်။ အသက် ၆၅ နှစ်ဆို အလကား၊ နေ့လည် ၁၁ နာရီအထိ အလကား။ နေ့လည် ၁၁ နာရီကျော်သွားလို့ ၄ ကျပ်ပေးရတယ်။ Governors Island က ဖယ်ရီနဲ့ ဆယ်မိနစ်လောက်ပဲဝေးတယ်။ စက်ဘီးသမားတွေရဲ့ နိဗ္ဗာန်ဘုံ။ အရမ်းပူလို့ ကမ်းခြေနားက ခုံမှာပဲထိုင်နေကြတော့တယ်။ အရင်တုန်းကထက် သစ်ပင်တွေပိုများလာတယ်။

Happy Traveling!

စန်းထွန်း

နိုဝင်ဘာ ၁၈၊ ၂၀၂၃။

St. Paul Church

15 November 2023

နွေဦးတော်လှန်ရေး - ၃၄

၂၀၂၃ ဖေဖေါ်ဝါရီ ၁၁ စနေနေ့ သံအမတ်ကြီးဦးကျော်မိုးထွန်း၊ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်၊ ဒုဝန်ကြီး ဦးမိုးဇော်ဦးတို့နဲ့ နယူးယောက်မြန်မာမိသားစုတွေ တွေ့ဆုံကြတယ်။ ဒေါ်ဇင်မာအောင် စကားပြောကောင်းတာ လက်ခုပ်သံတဖြောင်းဖြောင်းပဲ။ ဓာတ်ပုံရိုက်ချင်သူများလို့ ၁၀ယောက်တအုပ်ရိုက်ကြတယ်။ ၂၀၂၃ ဇူလှိုင် ၉ တနင်္ဂနွေ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးနဲ့ နယူးယောက်မြန်မာမိသားစု တွေ့ဆုံကြတယ်။ ၂၀၂၃ ဇူလှိုင် ၁၅ တယောက် $70 နဲ့တော်လှန်ရေးရန်ပုံငွေ cruise စီးကြတယ်။ မိုးတွေကရွာ ဒစ်စကိုတေးသံတွေနဲ့ ခေါင်းကိုက်တယ်။ classical music ငြိမ့်ငြိမ့်ညောင်းညောင်းလေးဆို ဘယ်လောက်ကောင်းမလဲ။ ညသန်းခေါင် တိုင်းစကွဲမှာ OFP ကအကိုတွေကို သွားတွေ့တယ်။ ဗော်လန်တီယာလုပ်တာ ၂ နှစ်ရှိပြီ ခုမှပဲအပြင်မှာ ဆုံတော့တယ်။ အလုပ်အရမ်းလုပ်တဲ့ OFP က အကိုအမတွေကို လေးစားတယ်။

အရေးတော်ပုံ အောင်ရမည် !

စန်းထွန်း

နိုဝင်ဘာ ၁၅၊ ၂၀၂၃။

ချစ်ခင်လေးစားရတဲ့ OFP က အကိုအမတွေနဲ့ တိုင်းစကွဲ မနက်တနာရီ