26 August 2023

၂၀၂၃ ရေခြားမြေခြား ခရီးသွား - ၁

အဖေတို့ စတိတ်ကို ၂၀၁၇ မှာ ရောက်ခဲ့တာဆိုတော့ မရောက်ဖြစ်တာ တော်တော်ကြာပြီ။ ၂၀၁၉ မှာ ကိုယ်မြန်မာပြည် အလည်ပြန်၊ မောင်မောင်ဆုံးတော့ တခါပြန်။ ၂၀၂၂ ဧပြီမှာ ထိုင်းမှာ မိသားစုတွေဆုံကြတယ်။ စတိတ်မလာတာကြာတော့ စတိတ်လာချင်နေတယ်။ ရန်ကုန်က သံရုံးမဖွင့်တော့ စလုံးကအမေရိကန်သံရုံးမှာ အင်တာဗျူးဝင်ဖို့ ပြင်ဆင်။ အဖေက ရန်ကုန်က အမေရိကန်သံရုံးနားဖြတ်တော့ သံရုံးဖွင့်ပြီလား ကြည့်ပါဦးသမီးရဲ့ ပြောလို့ ကြည့်လိုက်တာ သံရုံးဖွင့်တယ်။ စလုံးကအမေရိကန်သံရုံးမှာ သွားပြီးအင်တာဗျူးဝင်ရမှာ ပိုက်ဆံပိုကုန်တာကိုး။ စလုံးအင်တာဗျူးကြေး ပြန်တောင်းလို့မရမှန်း သိပေမဲ့ ရလိုရငြား တောင်းကြည့်သေးတယ် မရပါဘူး။ ရန်ကုန်မှာ အင်တာဗျူးဝင်ဖို့ပြင်ဆင် အသိမိတ်ဆွေတွေကိုလည်း အသိပေး။ အသိမိတ်ဆွေအတွက် အင်တာဗျူးဘွတ်ပေး။ အင်တာဗျူးဝင်တော့ အရာရှိကလည်တယ် အဖေ့ကိုမမေးဘူး အမေ့ကိုမေးတယ်။ အဖေက အမေနားမကြားလို့ သူဖြေပေးမယ်ဆိုတာကို ဦးလေးလုံးဝဝင်မဖြေပါနဲ့တဲ့။ အမေကလည်း တလွဲတွေဖြေ ဘယ်တုန်းကရောက်ခဲ့လဲ၊ ဘယ်သူရှိလဲ၊ ဘယ်လောက်နေခဲ့လဲဆိုတော့ ၆ လတဲ့ အမေတို့ တလခွဲလောက်ပဲ နေခဲ့တာလေ။ စတိတ်မှာ ဘယ်လောက်ကြာကြာနေချင်လဲမေးတော့ တစ်နှစ်နေချင်တယ်တဲ့။ အရာရှိတွေ ရယ်လိုက်ကြတာ တစ်နှစ်တော့မရဘူးအန်တီရေ ၆ လပဲရမယ်။ အဖေက ကနေဒါကိုသွားလည်ချင်လို့ ပြန်ဝင်ရတဲ့ ဗီဇာပေးပါပြောတော့ စီးပွားရေးဗီဇာပဲ အဲ့လိုရတာ အလည်ဗီဇာက မရဘူးတဲ့။ လေယာဥ်လက်မှတ်အမြန်ဝယ်ပြီး ဗီဇာဝင်ပြီးတလအကြာ စတိတ်ကိုလာခဲ့ကြတော့တာပဲ။ အဖေက တလလုံးလုံး တချက်ကလေးမှ မနားခဲ့ရဘူးတဲ့။ လေယာဥ်ပေါ်ကျမှပဲ နားရတော့တယ်။

စတိတ် ၃ ခါရောက်ဖူးပြီဆိုတော့ စိတ်တော့မပူပါဘူး။ အဖေက လူ့ကဲခတ် အရိပ်အခြေကြည့်နေသူ ဝိုင်ဖိုင်ချိတ်ပြီး ဘိုင်ဘာသုံးတတ်တယ်။ အသိအန်တီလည်း အဖေတို့နဲ့လိုက်လာတယ်။ အဖေနဲ့အန်တီက သားသမီးတွေကို ဟိုင်းကြီးကနေ ပုသိမ်မြို့ကျောင်း ပထမဆုံးပို့တဲ့မိဘတွေ။ အဖေက ဘိုင်ဘာတက်မလာ။ အန်တီက ဘိုင်ဘာကနေ သူ့ပတ်စ်ပို့သူသွားပြီး ဟိုဖက်ခေါ်သွားတယ်ဆိုတော့ သူ့သမီးတွေက ကိုယ့်ကိုဖုန်းခေါ်။ စိတ်မပူပါနဲ့ အဆင်ပြေမှာပါ လိပ်စာ၊ ဖုန်းနံပါတ်ပါတဲ့စာရွက်ကိုင်ထားတာပဲ။ တခုခုဆို လူဝင်မှုကြီးကြပ်ရေးက ဖုန်းခေါ်မှာပါ။ လေယာဥ်ဆိုက်ပြီး တနာရီခွဲလောက် ကြာတော့မှထွက်လာကြတယ်။ ဝှီးချဲသမားတွေကို တစ်ဖ်ပေးတာနည်းလို့တဲ့ ထပ်ပေးရတယ်။ အဖေဘာလို့ဘိုင်ဘာမချိတ်တာလဲဆိုတော့ ချိတ်နေတုန်း အင်မီကရေးရှင်းတန်းစီရတော့ ဖုန်းမသုံးရဘူးလေတဲ့။ အရင်က Cathay Pacific လာနေကြ ခုတော့ Korean Airline။ ၂၀၂၃ မတ်လ ၂၃ ကြသပတေးနေ့ ရောက်လာကြတယ်။ လေယာဥ်ပေါ်ကဆင်းတာနဲ့ အေးလို့တဲ့။ အကြောင်းသိလို့ down jacket တွေယူသွားတာ ချက်ချင်းဝတ်ခိုင်းရတယ်။ နေ့နဲ့ညနဲ့ မှားနေကြတယ် နောက်နေ့ကြတော့ မန်ဟက်တန် midtown တဝိုက်က The Wave၊ Empire State၊ Macy၊Times Square ထဲ လိုက်ပို့တယ်။ မေစီစတိုးထဲ အန်တီပျောက်သွားလို့ အောက်ထပ်တထပ်လုံး နှစ်ပြန်သုံးပြန်ပတ်ရှာ ခေါင်းကိုကြီးသွားတာပဲ။ ပြန်တွေ့တော့ ဆူလိုက်တယ် လျှောက်သွားမနေနဲ့ ဖုန်းကဒ်လည်းမရှိဘူး လူဒီလောက်အများကြီး ဘယ်လိုလုပ်မလဲ။ သူလည်းကြောက်သွားတယ်ထင်ပါ့ တိုင်းစကွဲသွားတော့ ကိုယ့်နားပဲကပ်နေတော့တယ်။ ကိုယ့်မိဘတွေကတော့ ပြောစရာမလို စိတ်ပူစရာမလိုဘူး၊ ကိုယ့်ကိုကြည့်ပြီး ကိုယ့်နောက်က တကောက်ကောက်လိုက်နေကြတာ။ အဖေနဲ့အမေ တော်တော်အိုသွားကြတယ်။ မိဘတွေ အသက်ကြီးလာတာ မြင်ရတာ စိတ်မကောင်းလိုက်တာ။

Happy Traveling!

စန်းထွန်း

သြဂုတ် ၂၆၊ ၂၀၂၃။

JFK လေဆိပ်
အနှိပ်စက် ကြိုက်နေကြပြီ
The Wave
Empire State Building
Empire State Building
Macy Shopping Mall
Time Square
Time Square

19 August 2023

ဟတ်ပီဘတ်ဒေး - ၂၀၂၃

ဇန်နဝါရီ ၅ ရက်နေ့မှာ ကျရောက်တဲ့ အဖေ့မွေးနေ့အတွက် ကြီးတော်တွေ တောင်းဆိုလို့ မြေးဖြစ်သူက မွေးနေ့ကဒ်ဆွဲပေးတယ်။

မတ် ၁ ရက်နေ့မှာ ကျရောက်တဲ့ တူတော်မောင်ရဲ့ ၈ နှစ်ပြည့်မွေးနေ့အတွက် ဟတ်ပီးဘတ်ဒေး တီးပေးပါလို့ တောင်းဆိုလို့ ဖုန်တက်နေတဲ့ ကီးဘုတ်ကို ဖုန်ခါ။ ယူကျူမှာ အလွယ်ဆုံးဟတ်ပီးဘတ်ဒေးရှာ လေ့ကျင့်ပြီးတီးပေးရတယ်။ မွေးနေ့လက်ဆောင်တော့ ဘာပေးမှန်း မမှတ်မိတော့ဘူး။

မွေးနေ့မှာ ပျော်ရွှင်ကြပါစေ။

စန်းထွန်း

သြဂုတ် ၁၉၊ ၂၀၂၃။

12 August 2023

နွေဦးတော်လှန်ရေး - ၂၇

စစ်အာဏာသိမ်းတာ မအောင်မြင်မှု ၂ နှစ်ပြည့်အမှတ်တရ ၂၀၂၃ ဇန်နဝါရီ ၂၈ စနေနေ့ နေ့လည် ၁၁ နာရီကနေ ၁ နာရီအထိ နယူးယောက် တိုင်းစကွဲမှာ ကျင်းပပါတယ်။ အရမ်းအေးပေမဲ့ နိုင်ရာတာဝန်ယူရမှာဆိုတော့ အရောက်ချီတက်ရတာပါပဲ။ သံခွက်တွေတီးဖို့ ဇွန်းနဲ့ဇလုံမပါလို့ ငှားတီးရတယ်။

ဘယ်ဖက်အစွန်ဆုံးက မြန်မာစာသင်နေတဲ့ အမေရိကန်မလေး..ပွဲတိုင်း တယောက်တည်းလာတာ..
ကိုယ်တို့ဘော်ဒါကြီး အီလန်လည်း သူ့လိုပဲ..မြန်မာနဲ့ ရေစက်ရှိတဲ့သူတွေ..

၂၀၂၃ ဖေဖေါ်ဝါရီ ၁၁ စနေနေ့ ညနေ ၂ နာရီကနေ ၄ နာရီအထိ ကွင်းက စိန့်ဂျိမ်းဘုရားရှိခိုးကျောင်းမှာ NUG အစိုးရ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်၊ ဒုအတွင်းဝန် ဦးဇော်မိုးဦး၊ သံအမတ်ကြီး ဦးကျော်မိုးထွန်းနဲ့ မြန်မာမိသားစုတွေ ဆုံတွေ့ကြတယ်။ ဒေါ်ဇင်မာအောင် စကားပြော အင်မတန်ကောင်း လက်ခုပ်သံတဖြောင်းဖြောင်းပဲ။

အရေးတော်ပုံ အောင်ရမည်!

စန်းထွန်း

သြဂုတ် ၁၂၊ ၂၀၂၃။

Photo credits - photographers

05 August 2023

နယူးအော်လင်းသွား တောလား - ၄

၂၀၂၃ ဇန်နဝါရီ ၄ ရက် ဗုဒ္ဓဟူးနေ့ နယူးအော်လင်း - နယူးယောက် လေယာဥ်က ညနေ ၅ နာရီမှဆိုတော့ တနေကုန်လည်လို့ရတယ်။ မနက် ၈ နာရီလောက် ချက်ကင်လုပ်ပြီး ကျောပိုးအိပ်တွေကို စတိုခန်းထဲမှာ အပ်ထားတယ်။ Cafe' Du Monde ဆိုင်မှာ နယူးအော်လင်းရဲ့ နာမည်ကျော် Beignets သွားစားတယ်။ နယူးအော်လင်းမှာ နောက်ဆုံးနေ့မို့ ထင်ပါရဲ့  ရာသီဥတုက ကြည်လင်သာယာ နေရောင်တွေ လင်းလက်ပြီး လှပနေတယ်။ ကွန်ဂိုပန်းခြံ၊ Armstrong ပန်းခြံသွားလည်တယ်။ Armstrong ဆိုလို့ ပြောရဦးမယ်။ New York Meetup အဖွဲ့က Flushing မှာ Armstrong ပြတိုက် သွားလည်ကြတော့ ကိုယ်က လကမ္ဘာသွားတဲ့ Neil Armstrong ထင်နေတာ။ မဟုတ်ဘူး နယူးအော်လင်းက Jazz Musician Louis Armstrong တဲ့။ Armstrong ပန်းခြံဆိုကတည်းက သူ့အမှတ်တရပန်းခြံမှန်း သိလိုက်ပါပြီ။ နည်းနည်းကြောက်တော့ ဗူးဒူးတွေဆီတော့ သွားမလည်တော့ပါဘူး။ စိန့်ပေါ့ဘုရားရှိခိုးကျောင်း ဝင်လိုက်တာနဲ့ စိတ်အေးချမ်းလို့ ခဏဝင်ထိုင်တယ်။ ဗွီဒီယိုမရိုက်ရသေးလို့ဆိုပြီး ဘုရားကျောင်းထဲ နောက်တခေါက် ထပ်ဝင်ပြန်တယ်။ ပြတိုက် ၂ ခု သေချာဖတ်ကြည့်ပြီး တခုရွေးလိုက်တယ်။ ပြတိုက်ထဲ စိတ်ဝင်စားဖို့ကောင်းတယ်။ နေ့လည် ၁၂ နာရီလောက် ပထမဆုံးနေ့က တရုတ်ထမင်းဆိုင်မှာ သွားစားတယ်။ xiao long bao ၂ ပွဲစားတယ်။ နယူးယောက်က နာမည်ကြီး Joe Shanghai ထက် အများကြီးကောင်းတယ်။ Outer banks ကပြန်လာပြီးကတည်းက raw oyster ကြိုက်နေလို့ မနေ့ညကဆိုင်မှာ သွားစားတယ်။ လမ်းမှားနေလို့ တပတ်လောက် ပတ်လိုက်သေးတယ်။ အမနှစ်ယောက်အတွက် လက်ဆောင်အဖြစ်  Cafe' Du Monde က ကော်ဖီဘူးရှာတာ ကော်ဖီမဟုတ်ဘူး ဘာလဲမသိဘူးနဲ့ လိုက်ရှာတာမတွေ့ဘူး။တက္ကစီစောင့်နေတုန်း ခရစ်စမတ်သစ်ပင်နဲ့ ဓာတ်ပုံရိုက်။ လေဆိပ်မှာစောင့်နေတုန်း Cafe' Du Monde ကော်ဖီတွေ့တော့ စျေးကြီးမှန်းသိပေမဲ့ လက်ဆောင်ပေးချင်လို့ ဝယ်လိုက်တယ်။ အိမ်နားက တရုတ်ဆိုင်မှာ ၃ ကျပ်လောက်သက်သာတွေ့တော့ ရင်ထုမနာတွေဖြစ်။ ညနေ ၃ နာရီ ပထမဆုံးနေ့က တက္ကစီသမားပဲ လာကြိုပြီး လေဆိပ်ကို လိုက်ပို့ပေးတယ်။ နယူးအော်လင်းကနေ ၄ နာရီလောက်ပဲ စီးရပြီး နယူးယောက်ကို ည ၉ နာရီရောက်တယ်။ လာဂွာရီးရာလေဆိပ်ကနေ ကိုယ့်အိမ်ကို နာရီဝက်လောက်ပဲ။ ဖေဖေါ်ဝါရီလမှာ အဖေတို့ အမေရိကန်သံရုံးမှာ အလည်ဗီဇာအတွက် အင်တာဗျူး။ ဗီဇာရပြီး တလအကြာ မတ်လမှာ အဖေတို့ စတိတ်လာပြီးကတည်းက အလုပ်များ။ မေလမှာ ဝိုင်းက Texas က San Antonio ကိုသွားလည်ဖို့ပြောသား။ ကိုယ်မအားတာနဲ့ မသွားဖြစ်ဘူး။ ဝိုင်းကလည်း ရာထူးတိုးလို့ ဇွန်လမှာ အီဂျစ်ကိုပြောင်းသွားတယ်။ နယူးအော်လင်းခရီးပြီးကတည်းက ခရီးမသွားတာ ၇ လရှိပြီ။ ခရီးသွားချင်တိုင်း ယူကျူကနေ ခရီးသွားဗွီဒီယိုတွေ ကြည့်နေရတယ်။

Happy Traveling!

စန်းထွန်း

သြဂုတ် ၅၊ ၂၀၂၃။

St. Louis Cathedral
နာမည်ကျော် Beignets
Armstrong ပန်းခြံ
Jazz musician Louis Armstrong
ပြတိုက်ရှေ့
အရမ်းကောင်းတဲ့ Xiao Long Bao
Outer Banks က ပြန်လာပြီးကတည်းက raw oyster အရမ်းကြိုက်

From New Orleans to New York City
တက္ကစီစောင့်နေတုန်း ဟိုတယ်ထဲက ခရစ်စမတ်သစ်ပင်နဲ့
လက်ဆောင်ပေးဖို့ လေဆိပ်မှာ စျေးကြီးပေးပြီးဝယ်..အိမ်နားက တရုတ်ဆိုင်မှာ
၃ ကျပ်လောက် သက်သာတာတွေ့