27 June 2023

ဖီလင် ၄၀ ...

၂၀၂၂ နိုဝင်ဘာ ၂၄ အသက် ၄၀ ပြည့်ပြီ။ တူတော်မောင် ဟက်ပီးဘတ်ဒေးတီးပြီး မွေးနေ့ကဒ်ဆွဲပေးတယ်။ မွေးနေ့တိုင်း ကျေးဇူးတော်ပိတ်ရက်နဲ့ တိုက်ဆိုင်တယ်။ အဲ့ဒီအချိန် ဝိုင်းက အရမ်းအလုပ်များတဲ့အချိန်မို့လို့ ဟော့ပေါ့လည်း သွားမစားဖြစ်ဘူး။ ဝိုင်းဆီက မွေးနေ့လက်ဆောင်အဖြစ် yoga mat တောင်းတယ်။ ကျန်းမာပြီး စိတ်ချမ်းသာ ကိုယ်လုပ်နေချင်တာတွေ လုပ်နေရတာ ကျေနပ်စရာပါပဲ။

Happy Belated Birthday to me!

စန်းထွန်း

ဇွန် ၂၇၊ ၂၀၂၃။

ဒီနှစ်နှင်းမကျဘူး အေးတောင်မအေးဘူးလို့ ပြောနေတုန်း Buffalo မှာ တိုက်သွားတဲ့ နှင်းမုန်တိုင်း

21 June 2023

Outer Banks သွား တောလား - ၃

၂၀၂၃ နိုဝင်ဘာ ၂၂ မနက်စာပြီး အပေါ်ဖက်ကို သွားလည်တယ်။ မီးပြတိုက်တွေ့ တော့ ဝင်လည်တယ် အပေါ်တက်ရင် ပိုက်ဆံပေးရမှာ။ ပိုက်ဆံပေးပြီး တက်မလားတိုင်ပင်ကြတော့ မတက်ချင်ကြဘူး။ ကျွှန်းတလျှောက် ကားလျှောက်မောင်း။ ပင်လယ်ကမ်းခြေတလျှောက်မောင်းဖို့ 4 wheels မဟုတ်လို့ ပြန်လှည့်လာရတယ်။ ဗာဂျီးနီးယားနဲ့နီးရင် ဓာတ်ဆီစျေးသက်သာပြီး တောင်ပိုင်းရောက်လေ စျေးကြီးလေ။ အလာစကာလို ပြည်မကပို့ရတော့ အကုန်စျေးကြီးတယ်။ oyster seafood ပဲ စျေးသက်သာတယ်။ ဆိုင်မှာ oyster အစိမ်းဝယ်ပြီး နယူးယောက်ကို သယ်မလားလို့ မေးကြည့်တာ မသယ်ပါနဲ့တဲ့။ ကားလမ်းမကြီးကနေ ပင်လယ်ကမ်းခြေအထိ နာရီဝက်လောက်လမ်းလျှောက်။ ကိုယ်တွေလို လမ်းလျှောက်နေတဲ့ ကလေးတွေနဲ့ golden retriever နဲ့ မိသားစုတစုတွေ့တယ်။ ပင်လယ်ကမ်းစပ်မှာ ဖိနပ်မပါဘဲလမ်းလျှောက်။ လှိုင်းတွေလာရင် ပြေးတက်လိုက် လှိုင်းပုတ်သံတွေ နားထောင်လိုက်နဲ့ တကယ်တိတ်ဆိတ်အေးချမ်းတယ်။ surfing လုပ်နေတဲ့သူတွေတွေ့တော့ surfing လုပ်ချင်သား။ နေဝင်ချိန်မှန်းပြီး ဟိုဖက်ခြမ်းက တံတားမှာ နေဝင်တာသွားကြည့်တယ်။ မြစ်ထဲက ရေကိုပုံးနဲ့ခပ်ပြီး ရေထဲမှာ pH ဘယ်လောက်လဲဆိုတာ တိုင်းတာပြပြီး ရှင်းပြတဲ့တိုးအုပ်စု ဖြတ်သွားတယ်။ တံတားအဆုံးလျှောက်ပြီးပြန်လှည့် ညနေစာ ပင်လယ်စာစား။ နိုဝင်ဘာ ၂၃ မနက်စောစောထပြီး နေထွက်တာ သွားကြည့်တယ်။ တံတားပေါ်ကကြည့်ရင် ပိုက်ဆံပေးရမှာစိုးလို့ အောက်ကနေကြည့်တယ်။ အဲ့ဒီနေ့က တိမ်ဖုံးနေလို့ နေထွက်တာ ကောင်းကောင်းမမြင်ရဘူး။ မေရီလန်းမှာ ပင်လယ်စာဝင်စား ဒယ်လာဝဲယားက ကော်စကိုမှာ ပစ္စည်းဝင်တယ်ကြတယ်။ Sales Tax မပေးရလို့ ချောကလက်၊ အုန်းသီးခြောက်၊ လိုရှင်း ဝယ်ခဲ့တယ်။ အိမ်ကိုညဥ့်နက်မှရောက်တယ်။ နိုဝင်ဘာ ၂၄ ကျေးဇူးတော်နေ့ ကိုယ့်မွေးနေ့ တူတော်မောင်က ပီယာနိုတီးပြီး ဘတ်ပီးဘတ်ဒေးသီချင်းဆိုပေးတယ်။ ဝိုင်းက အရမ်းဘီးစီးတာနဲ့ ခရီးကပင်ပန်းလို့ ဘယ်မှမသွားဖြစ်ဘူး။ မွေးနေ့အကြောင်းကတော့ နောက်ပို့စ်မှပဲ တင်ပါတော့မယ်။

Happy Traveling!

စန်းထွန်း

ဇွန် ၂၁၊ ၂၀၂၃။

Reflection
Panorama
Surfer
ငါးမျှားကြသူများ
ဒီကနေ နေဝင်တာစောင့်ကြည့်
တံတားပေါ်ကနေကြည့်ရင် ပိုက်ဆံပေးရမှာမို့ တံတားအောက်ကနေ နေထွက်တာကြည့်
မိုးအုံ့နေလို့ နေထွက်တာ အဲ့လိုပဲမြင်ရ...ပင်လယ်ထဲကနေ နေထွက်လှတာ သိပ်လှမှာ
မေရီလန်းက နာမည်ကျော် ဂဏ္ဏန်း

11 June 2023

Outer Banks သွား တောလား - ၂

၂၀၂၂ နိုဝင်ဘာ ၂၁ တနင်္လာနေ့ မနက်စာကို ဆိုင်မှာသွားစားတယ်။ ဟိုးအစွန်ဆုံးက အငူလေးကိုသွားတယ်။ ငါးမျှားတဲ့သူတွေ ဇင်ယော်တွေ အများကြီးပဲ။ ဆောင်းတွင်းဆိုတော့ အေးလွန်းလို့ ကြာကြာမနေနိုင်ဘူး။ နွေရာသီ ရေလေးကူးလိုက်၊ ငါးမျှားလိုက်၊ လေတဖြူးဖြူးနဲ့ အိပ်လိုက် ဇိမ်ကျနေမှာပဲ။ ပြောသာပြောရတာ နွေပူခံလို့မရတော့ စိတ်ကူးပဲယဥ်။ ပြန်အထွက်မှာ ကားဘီးသဲထဲနစ်နေလို့ ဘေးနားက အန်ကယ်ကြီးနဲ့အန်တီကြီးက လာကူပေးတယ်။ ဂျစ်ကားမှအဆင်ပြေတာတဲ့ အန်ကယ်ကြီးက ဒီလိုလှည့် ဟိုလိုလှည့် နောက်မကြည့်ဘဲ တန်းမောင်းခိုင်း ကိုယ်တို့သုံးယောက်က နောက်ကတွန်း။ ကားလမ်းမပေါ် တက်သွားမှပဲ သက်ပြင်းချနိုင်တော့တယ်။ နေ့လည်စာစားပြီး ကျွှန်းတလျှောက်ပတ်မောင်း တွေ့တဲ့မီးပြတိုက်ဝင်လည်။ Bodie Island မီးပြတိုက်မှာ ဗွီဒီယိုရိုက်တာ အိန္ဒိယမိသားစု ကျွှပ်ကျွှပ်ညံနေလို့ သူတို့ထွက်သွားမှ ရိုက်ရတယ်။ ညနေဆည်းဆာသွားကြည့်တာ sand dune သဲသောင်ကုန်းတွေကို မောဟိုက်နေအောင် တက်ရတယ်။ ညီမတယောက်ကတော့ ငယ်တော့ ပြေးတက်နိုင်တယ်။ ကိုယ်တို့အမကြီးနှစ်ယောက်ကတော့ ဖြေးဖြေးပဲ တက်နိုင်တယ်။ ကလေးတွေက ပြေးလိုက် ဆော့လိုက် ဂျွှမ်းထိုးလိုက် ပစ်လဲလိုက် တခစ်ခစ်ရယ်လိုက်။ ကလေးတွေ ကြည့်ရတာ စိတ်ချမ်းသာတယ်။ သူများ ဘီယာသောက်ရင် လိုက်သောက်ချင်ပေမဲ့ ကိုယ်သောက်နေရတဲ့ဆေးတွေက အယ်လ်ကောနဲ့မတည့်။ ဘီယာကလည်း ခုထိခါးတုန်းပဲ။ raw oyster သွားစားတယ် ခုတော့ raw မှ raw ပဲ။ steam ပြုတ်တာတောင် မကြိုက်တော့ဘူး။ ဒေသအစားအစာ hush puppies အာလူးပြုတ်ပြီး ကြော်ထားတာ စားကောင်းတယ်။ ဆိုင်တွေက ပြုတ်ဖို့အဆင်သင့်ရောင်းတယ် ပြုတ်တော့မပြုတ်ပေးဘူး။ နောက်ဆို အဲ့ဒီကိုသွားရင် kitchen ပါတဲ့ suite ငှားမှ။ နောက်တခေါက် နွေရာသီချိန် ပြန်လာချင်တယ်။ နောက်နေ့ ဘယ်တွေသွားလည်လဲဆိုတာကတော့ နောက်ပို့စ်မှပဲ တင်ပါတော့မယ်။

Happy Traveling!

စန်းထွန်း

ဇွန် ၁၁၊ ၂၀၂၃။

Bodie Island Light House
Frisco
Jockey's Ridge State Park
Hush Puppies