မိနစ် ၂၀ လောက် တောင်တက်ပြီးတော့မှ ရောက်တဲ့ တိဘက်ပြတိုက်က စိတ်ဝင်စားစရာ ကောင်းပါတယ်။ တောင်ကုန်းမြင့်လေးကနေ စိမ်းညှို့ညှို့ သစ်တောအုပ်တွေ၊ တောင်ခြေက လူနေအိမ်တွေ၊ လေတိုက်တိုင်း ဆည်းလည်းသံလေး မြည်နေတာ အေးချမ်းလှပါတယ်။ ဝိုင်းအစ်မလတ် တိဘက်ကို သွားလည်တာ အရမ်းစိတ်ဝင်စားဖို့ ကောင်းတယ်တဲ့။ ရေမြေတောတောင်၊ ယဉ်ကျေးမှု၊ ရာသီဥတုက အရှေ့တောင်အာရှနဲ့ လုံးဝကွဲပြားနေတယ်။ အပြန်ကျတော့လည်း သစ်တောအုပ်ကို ဖြတ်ရပြန်တော့ လမ်းလျှောက်အဖွဲ့ခေါင်းဆောင်ရွန်က poison ivy အကြောင်း ရှင်းပြပါတယ်။ poison ivy ဆိုတာ မြောက်အမေရိကနဲ့ အာရှမှာ ပေါက်တဲ့ အပင်တစ်မျိုးဖြစ်ပြီး သုံးရွက်ဆိုင်နေတဲ့ သစ်ရွက်တွေက အဆိပ်ရှိနေတတ်ပါတယ်။ အဆိပ်ဆိုပေမဲ့ လူကိုသေစေလောက်တဲ့ အဆိပ်မဟုတ်ဘဲ ယားယံတာ၊ မီးလောင်ဖုလို အနာတွေ ဖြစ်လာပါတယ်။ poison ivy မှန်း ဘယ်လိုသိလဲဆိုတော့ အရွက်သုံးရွက်က ပူးကပ်နေတတ်တယ်၊ ဒုတိယနဲ့တတိယက မျက်နှာချင်းဆိုင်နေတယ်၊ ပထမရွက်က တခြားနှစ်ရွက်ထက် နည်းနည်းလေး မြှင့်နေတတ်တယ်၊ သစ်ရွက်အဖျားတွေက ချွှန်းနေတတ်တယ်တဲ့။ ကျွန်မ မှတ်မိသလောက် ရေးလိုက်တာပါ poison ivy မှန်း သိစေတဲ့ တခြားအချက်တွေ ရှိပါဦးမယ်။ စိတ်ဝင်စားရင် ဂူဂယ်မှာ ရှာပြီး လေ့လာနိုင်ပါတယ်။
![]() |
credit to Google |
![]() |
credit to Google |
![]() |
credit to Google |
အထက်မက်ဟန်တန် ထရိုင်ယန်ခံတပ်ပန်းခြံ Fort Tryon ဖက်ကို လမ်းလျှောက်ထွက်ကြတော့ အဖွဲ့ခေါင်းဆောင် ဟန့်ခ်က အမေရိကန်တော်လှန်ရေးကာလတုန်းက ဝါရှင်တန်ခံတပ်တိုက်ပွဲက အဲဒီမှာ ဖြစ်ခဲ့တာပါတဲ့။ ခံတပ်ကနေ ကြည့်လိုက်ရင် ဟတ်ဆန်ဖြစ်၊ နယူးဂျာဆီဖက်ခြမ်း၊ ယူအက်စ်မှာ ယဉ်ကြောအကျပ်ဆုံး၊ အမြဲတမ်း ကားတွေ ဒင်းကြမ်းပြည့်နေတတ်တဲ့ ဂျော့ဝါရှင်တန်တံတားကို မြင်နိုင်ပါတယ်။ နွေရာသီတုန်းက ရွန်အဖွဲ့နဲ့ ရောက်ဖူးထားလို့ သာယာမှန်း သိပေမဲ့ ဆောင်းဦးရာသီမှာ ပိုလှပါတယ်။ ပန်းပုပညာရှင် ဂျော့ဂရေးဘားနတ် စုဆောင်းထားတဲ့ မစ်ဒစ်ပယ်အနုပညာ medieval art တွေကို သူဋ္ဌေးကြီးရော့ခါဖယ်လာက ဝယ်ယူပြီးတော့ Metropolitan Museum of Art ကို လှှုဒါန်းကာ The Cloisters ပြတိုက်အဖြစ် ပြသထားပါတယ်။ ဝင်ကြေးသတ်မှတ်ထားပေမဲ့ သဒါ္ဓကြေးပေးလို့ ရပါတယ်။ အတော်စိတ်ဝင်စားဖို့ကောင်းတဲ့ ပြတိုက်လေးပါ။ ထရိုင်ယန်ခံတပ်နဲ့ ဆက်နေတာက အင်ဝု Inwood ပန်းခြံပါ။ မက်ဟန်တန်ကပန်းခြံနဲ့ မတူတဲ့ အချက်ကတော့ အင်ဝုပန်းခြံက လူတွေပြုလုပ်ထားတာ မဟုတ်တဲ့ သဘာဝပန်းခြံစစ်စစ်တစ်ခုပါ။
New Jersey & Hudson river from Fort Tryon park |
နယူးယောက်ရောက်လို့မှ စင်ထရယ်ပါ့ခ်ပန်းခြံကို မရောက်ဘူးဆိုရင် နယူးယောက်ရောက်တယ်လို့ ဘယ်ဆိုနိုင်ပါ့မလဲလို့ ပြောကြပါတယ်။ စင်ထရယ်ပါ့ခ်ပန်းခြံက သဘာဝပန်းခြံမဟုတ်ဘဲ လူသားတွေ ပြုပြင်ဖန်တီးထားတဲ့ ပန်းခြံပါ။ စင်ထရယ်ပါ့ခ်က ကျယ်လွန်းတာမို့တစ်ခေါက်တည်းနဲ့ မနှံ့ပါဘူး။ အလယ်၊ အရှေ့၊ အနောက် ခွဲလည်ပါမှ နှံ့ပါမယ်။ free walking tours တွေ ရှိပြီး တိုးဂိုက်တွေ ရှင်းပြတဲ့ စင်ထရယ်ပါ့ခ် သမိုင်းကြောင်းက အင်မတန် စိတ်ဝင်စားဖို့ ကောင်းပါတယ်။ အင်ဝုပန်းခြံမှာ မာဘယ်၊ ထုံးကျောက်၊ သဲကျောက်၊ schist ( မြန်မာလို ဘယ်လိုခေါ်လဲမသိ) ကျောက်တွေ ရှိပါတယ်။ မက်ဟန်တန်အထက်ဖက် ဘရောင်းစ်သားတွေက Bronx is full of brown stones. Manhattan is full of schist (shit ဟု အသံထွက်သည်) တို့ဘရောင်းစ်မှာက အညိုရောင်ကျောက်တွေနဲ့ ပြည့်နေတယ်။ မင်းတို့ မက်ဟန်တန်မှာတော့ ရှစ် ( shit ဆဲရေးသည့်အခါတွင် သုံးသည့်စကားလုံး) တွေကြီး ပါလားကွလို့ နှိပ်ကွပ်တတ်ပါသတဲ့။ အင်ဝုပန်းခြံမှာ ဆားကျောက်တွေရှိလို့ ရေငှက်တွေ ကျက်စားပါတယ်။ အနီရောင်အမြှီးရှိတဲ့ သိမ်းငှက်ကြီး red - tailed hawks ၊ ဇီးကွက် owls ၊ ထိပ်ပြောင်သိမ်းငှက် bald eagles တွေ နေထိုင်ကျက်စားတဲ့ပန်းခြံဖြစ်ဖို့ ငါးနှစ်စီမံကိန်းချပြီး လုပ်ဆောင်နေတာ ခုတခေါက်မှာတော့ The Cloisters ပြတိုက်အမိုးပေါ်မှာ အစာလာဖမ်းတဲ့ သိမ်းငှက်ကို တွေ့လိုက်ရတယ်။
The Cloisters museum |
ငှက်ဆို ကြက်တူရွေး၊ ကျီးကန်း၊ ခိုလောက်သာ သိတဲ့ ကျွန်မက သိမ်းငှက်မှန်း မသိပါဘူး။ လမ်းလျှောက်အဖွဲ့ထဲက အဘိုးကြီးတစ်ယောက်က ပြောပြလို့သာ သိမ်းငှက်မှန်း သိတာ။ နေ့တိုင်း မှန်ပြောင်းသယ်ပါရဲ့ ဒီနေ့မှ မေ့ကျန်ခဲ့တယ်လို့ အဘိုးကြီးက မချင့်မရဲ ဖြစ်နေလေရဲ့။ ကြည့်ရတာ ငှက်ကြည့်ဝါသနာပါတဲ့သူနဲ့တူတယ်။ အဲဒီလို ငှက်ကြည့်ဝါသနာပါတဲ့၊ ငှက်မြင်တာနဲ့ ဘာငှက်မှန်း ဒက်ခနဲသိတဲ့ ဘလော့ဂါတစ်ယောက်ကို ဖျပ်ခနဲ သတိရမိတယ်။ မှန်းကြည့်စမ်းပါ ဘယ်သူလဲလို့။ ဒီနားတဝိုက်မှာ ၁၇ ရာစုတုန်းက ဒေသခံအမေရိကန် တိုင်းရင်းသားတွေ နေထိုင်ခဲ့ကြပါတယ်တဲ့။ ဒေသခံတွေ ဘာလို့ ဒီနေရာမှာ အခြေချကြသလဲဆိုတော့ ဒီအနီးအနားတဝိုက်မှာ ပေါက်ရောက်တဲ့ ကျူးလစ် tulip ပင်တွေကြောင့်ပါတဲ့။ ကျူးလစ်ပင်စည်က ဖြောင့်တန်းနေပြီး သစ်ကိုင်းခက်တွေ ရှင်းနေတော့ လှေထွင်းဖို့ အကောင်းဆုံးပါတဲ့။ ဒဏရီအရတော့ ၁၆၂၆ ခုနှစ် ကျူးလစ်ပင်အောက်မှာ နယူးနယ်သာလန် ဂျင်နရယ်ဒါရိုက်တာက ဒေသခံတွေဆီကနေ နယ်သာလန်ငွေကြေး ၆၀ နဲ့ ညီမျှတဲ့ ကုန်ပစ္စည်းတွေနဲ့ မက်ဟန်တန်ကို ဝယ်ယူခဲ့ပါသတဲ့။ ကျောက်ဂူတွေမှာ homeless အိမ်ခြေမဲ့တွေ နေထိုင်ခဲ့ပြီး ရုပ်ရှပ်သရုပ်ဆောင် ဆင်မြူရယ် အယ်လ် ဂျက်ဆန်က အဲဒီကျောက်ဂူမှာ နေထိုင်တဲ့ homeless အိမ်ခြေမဲ့အဖြစ် သရုပ်ဆောင်ထားတဲ့ ရုပ်ရှင်တောင် ရှိပါသတဲ့။
Hank's meet up at Fort Tryon Park, Inwood |
Inwood cave |
ဟန့်ခ် နောက်ဆုံး ရှင်းပြတဲ့ အပင်က ဂင်းကို Gingko လို့ အမည်ရတဲ့ အပင်ပါ။ မူလဇာတိက တရုတ်ပြည်က ဖြစ်ပြီး နယူးယောက်တခွင် အဲဒီအပင်တွေ စိုက်ပျိုးနေပါသတဲ့။ ဟုတ်ပါ့ အဲဒီတော့မှ သတိထားမိတယ် ကျွန်မတို့လမ်း၊ ရပ်ကွက်တဝိုက်မှာ အဲဒီအပင်တွေချည်းပဲ။ အရွက်လေးက ထူးခြားတယ် မြင်းခွာရွက်နဲ့ဆင်တယ်။ ဆောင်းဦးရာသီမှာ တပင်လုံး ဝါလို့။ တလောက နယူးယောက် ဘော်တနစ်ကယ်ဂါးဒင်း wonderland tour မှာ ပါဝင်တော့ ဂိုက်က အသက် ၆၀ ကျော် အဘိုးကြီး။ အရွက်မရှိတော့တဲ့ ဂင်းကိုပင်ကို ထိုးပြပြီး အဖိုလား၊ အမလားတဲ့။ အဖွဲ့ထဲက ဆက်ကျော်သက် ကောင်မလေးက အပွင့်ပွင့်လို့ အနံ့ရရင် အဖို၊ အမ ခွဲနိုင်တယ်တဲ့။ အမပင်က အသီးသီးတော့ လူစုလူဝေးတဲ့ water fountain နားမှာ မစိုက်ဘဲ အဖိုပင်ပဲ စိုက်ပါသတဲ့။ မင်းတို့က အေးရှန်းလား ဟုတ်ကဲ့ ဒီဂင်းကိုပင်က ကနဦးတုန်းကတော့ အမေရိကန်မှာ ရှိချင်ရှိခဲ့မှာပေါ့။ နောက်တော့ မျိုးတုန်းသွားတယ်နဲ့ တူပါရဲ့ အမေရိကန်မှာ မရှိတော့ဘူး။ တရုတ်ပြည်က ဘုန်းကြီးကျောင်းတကျောင်းမှာတော့ မြင့်မြတ်တဲ့အပင်ဆိုပြီး ဂရုတစိုက် ထိန်းသိမ်းထားလို့ ဂင်းကိုပင်ကို ပြန်တွေ့တာကွ။ သဘာဝဘေးဒဏ် ခံနိုင်ရည်စွမ်း မြှင့်တယ်၊ ဂရင်းဟောက်စ်အတွက် ကောင်းတယ်ဆိုပြီး နယူးယောက်တခွင်မှာ စိုက်ပျိုးနေကြလေရဲ့။ အသီးက နံပေမဲ့ ဆေးဖက်ဝင်တယ်ဆိုပြီး အစေ့ကို စားကြတယ်။
Gingko tree |
မင်းတို့ သစ်ပင်တွေ Photosynthesis လုပ်တာ သိလား။ အပင်တွေက အမြစ်က ရတဲ့ ရေ၊ လေထဲက နိုက်ထရိုဂျင်ဓာတ်ငွေ့၊ နေရောင်ခြည်နဲ့ ဓာတ်ပြုပြီး အပင်အတွက် ဂလူးဂို့စ်ထုတ်၊ လေထဲကို အောက်ဆီဂျင်ဓာတ်ငွေ့ ပြန်ထုတ်တာ။ မှန်တယ် ဆောင်းတွင်းမှာ သစ်ရွက်တွေ မရှိတော့တဲ့အခါ ဖိုတိုဆင်းသယ်ဆစ် ဘယ်လိုလုပ်မလဲ။ အယ်...ဟုတ်သားပဲ ဘယ်လိုလုပ်သလဲဟင်။ နွေရာသီမှာ နေရောင်ခြည် လုံလုံလောက်လောက်ရတော့ အစိမ်းခြယ်ဓာတ်တွေ များနေလို့ သစ်ရွက်တွေ စိမ်းနေတာ။ နေ့တာတိုတဲ့ ဆောင်းဦးမှာ သစ်ရွက်တွေ အရောင်ပြောင်းလာတာ နေရောင်ခြည် လုံလုံလောက်လောက် မရတော့လို့ အစိမ်းရောင်ခြယ်ဓာတ်တွေ နည်းလာလို့ကွ။ သစ်ရွက်တွေ အရောင်ပြောင်းလာရင် မကြာခင် ဆောင်းတွင်းရောက်တော့မယ်လို့ သစ်ပင်တွေက သိကြတယ်။ မေပယ်ပင်တွေရဲ့ သစ်ရွက်တွေမှာ ဂလူးကို့စ်တွေ ရှိနေတဲ့ နေရာက အနီရောင် ဖြစ်သွားတယ်။ ဝက်သစ်ချပင် Oak ဆို အနီရောင်ကနေ အညိုရောင် ပြောင်းသွားတယ်။ မေပယ်ပင်ကနေ သကြား၊ syrup (ပန်ကိတ် pancake ပေါ်မှာဆမ်းတဲ့ သကာရည်) ထုတ်လို့ရတယ်ဆိုတာ သိသလား။ ဗာမွန်သွား တောလားတုန်းက နယူးအင်္ဂလန် မေပယ်ပြတိုက်မှာ အဲဒီအကြောင်း ဖတ်ခဲ့၊ ဗီဒီယို ကြည့်ခဲ့ရလို့သိပါတယ်။ ဆောင်းတွင်းမှာ သစ်ပင်တွေက ဖိုတိုဆင်းသယ်ဆစ် မလုပ်တော့ဘဲ အိပ်နေကြတာကွဲ့။
သစ်ပင်တွေရဲ့ ပုံသဏ္ဌာန်တွေက တခုနဲ့တခု မတူဘူး၊ အလှတစ်မျိုးစီ။ ဒီအပင်ဆို တောင်ဖက်ပိုင်းမှာ ပေါက်တဲ့အပင် သူ့အမြစ်တွေက မြေပေါ်မှာ နည်းနည်းလေး ပေါ်နေတတ်တယ် လေရှုဖို့။ ပင်စည်ကို ထွင်းလိုက်တိုင်း အပင်က သေသွားမှာ မဟုတ်ဘူး။ သစ်ခေါက်တွေက အထပ်လိုက်ဆိုတော့ ထွင်းလို့ရတယ်။ ကယ်လီဖိုးနီးယားက Redwood ပန်းခြံက သစ်ပင်ကို မြင်ဖူးကြတယ်မလား အလယ်မှာ ကားသွားလို့ ရတယ်လေ။ သစ်ပင်တွေရဲ့ အခေါက်က တခုနဲ့တခု မတူပြန်ဘူး အလှတစ်မျိုးစီ။ ဘယ်သစ်ပင်က ပင်စည်အချောမွတ်ဆုံးလဲ ။ American peach မှန်တယ်။ ပင်စည်ချောမွတ်လို့ နာမည်တွေ ရေးထွင်းတာ အခံရဆုံး။ ဘောတနစ်ဂါးဒင်းမို့ နိုင်ငံခြားက အပင်တွေကို စုံလင်အောင် စိုက်ပျိုးထားတယ်။ တချို့က ကွန်ပလိန်းကြတယ် ဘာလို့ နိုင်ငံခြားအပင်တွေ စိုက်ပျိုးတာလဲတဲ့။ ဘော်တနစ်ဂါးဒင်းမှာ စိုက်ပျိုးထားတော့ တကမ္ဘာလုံးက အပင်တွေ မြင်ရတာပေါ့ မဟုတ်ဘူးလား။ National Park Ranger နေရှင်နယ်ပါ့ခ်ရိန်းဂျားတွေက အပတ်တိုင်း သစ်ပင်တွေ အရောင်ပြောင်းတာ၊ အသီး၊ အပွင့်ပွင့်တာ၊ သစ်ရွက်ကြွေတာတွေကို မှတ်တမ်းမှတ်ပြီး ရာသီဥတု အပြောင်းအလဲမှာ သစ်ပင်တွေ အကျိုးသက်ရောက်ပုံကို စောင့်ကြည့်ကြတယ်။
Gingko trees |
![]() |
Redwood Park credit to Google |
ကျေးဇူးတော်နေ့ ပိတ်ရက်မှာ ပန်ဆယ်ဗေးနီးယားပြည်နယ်ကို ခရီးသွားတော့ လည်ပတ်ခဲ့တာ Adventure aquarium ရေသတ္တဝါပြတိုက်ပါ။ အက်ကေဒီးယား တောလားတုန်းက ကွန်နက်တီးကပ်ပြည်နယ် မစ်စတစ်ရေသတ္တဝါပြတိုက်၊ နိုင်အာဂရာရေသတ္တဝါပြတိုက်တွေ လည်ပတ်ဖူးသားမို့ ရေသတ္တဝါပြတိုက်တွေက တခုနဲ့တခု ထူးမခြားနားပါပဲ။ ဒီ အက်ဗန်ရှား ရေသတ္တဝါပြတိုက်က Hippo ရေမြင်းရှိလို့ နည်းနည်းထူးခြားတယ်။ အေ၊ ဘီ၊ စီ၊ ဒီ ဇုန်လေးခုရှိရာမှာ အားလုံးနှံ့အောင် လည်ပြီးတော့ kids zone ဆိုတဲ့ ကလေးတွေကို ပညာပေးတဲ့အခန်းကို ဝင်လည်ပါတယ်။ ဖားတပိုင်း၊ ငါးတပိုင်းကို ပြပြီး ဝိုင်းရေ အဲဒါ ဖားလောင်းလို့ ပြောတော့ ဝိုင်းက မသိဘူးတဲ့။ ဟင်... အထက်တန်းကျောင်းမှာ မသင်ရဘူးလား သင်ခဲ့ရမှာပေါ့ မေ့နေပြီလေ။ ဥကနေ ဖားဖြစ်ပုံအဆင့်ဆင့် ပြသထားတဲ့ ပန်းချီကို မြင်တော့ ဝိုင်းက kids zone ဆိုပေမဲ့ ကလေးတွေသာ ပညာရတာ မဟုတ်ဘူး လူကြီးတွေလည်း ပညာရတာပဲနော်တဲ့။ ဝိုင်း နင် ဖားသား စားလား စားတယ်။ ကျွန်မတို့ ငယ်ငယ်တုန်းက အဖေ ဖားသားမီးဖုတ် စပါးလင်နိုင်နိုင်နဲ့ ချက်ကျွှေးတာ သိပ်စားကောင်းတာပဲ။ ရှူး... တိုးတိုး ဟိုမှာတွေ့လား Fogs as Pets ဆိုပြီး ကလေးတွေကို ပညာပေးတာ လူကြီးတွေက ဖားသား စားကောင်းတယ်လို့ တွေးနေတယ် ကောင်းရော။
Adventure Aquarium Camden, New Jersey |
ညစာကို တရုတ်ဘူဖေးဆိုင်မှာ စားတော့ ဖားသားကြော်တွေကို တွေ့တော့ ရေသတ္တဝါပြတိုက်က အရောင်တောက်တောက် အဆိပ်ရှိတဲ့ ဖားတွေကို သတိရသွားတယ်။ ငါးမန်းတွေ တွေ့တော့ ဝိုင်း သိလား ငါးမန်းတောင်က ဈေးကောင်းတယ် တချို့ဆို ငါးမန်းတောင်ကိုပဲ ဖြတ်ယူကြတာ ရှိတယ်။ တရုတ်မင်္ဂလာပွဲမှာ ငါးမန်းတောင်ဟင်းချို ကျွှေးနိုင်မှ ဂုဏ်ရှိတယ်လို့ မှတ်ကြတယ်။ ခုဆို ငါးမန်းက မျိုးတုန်းမယ့်စာရင်း ဝင်နေပြီ။ ငါးတွေ ဖမ်းဆီးလွန်းလို့ နောင်အနှစ်ငါးဆယ်ဆိုရင် ငါးဆိုတာ ပြတိုက်မှာပဲ ရှိတော့မယ်တဲ့။ ရှူး တိုးတိုး ငါးမန်းတောင် ဟင်းချိုသောက်ဖို့ တွေးနေတဲ့ တရုတ်ငတိမလေးတွေလို့ ထင်သွားဦးမယ်။
ဘာရယ် မဟုတ်ပါဘူး လမ်းလျှောက်ရင်း သိခဲ့တာလေးတွေပါ။
စန်းထွန်း
ဒီဇင်ဘာ ၆၊ ၂၀၁၄။
ReplyDeleteခုတလောသစ်ပင်ဝါ၀ါလေးတွေတွေ့ တိုင်းကိုယ်လည်းစန်းထွန်းကိုခဏခဏသတိရနေတာ။
သူဘယ်သူလဲ....း)
ချစ်သောမမအိုင်အိုရာ
ReplyDeleteသစ်ပင်ကို ထွင်းပြီးကားလမ်းလုပ်ထားတာတာလေး
သဘောကျလိုက်တာ..
Ma Ma Iora :) Right?
ReplyDeleteမြတ်ကြည်း ညီမလေး အဖြေ မှန်ပါတယ်ကွယ် ...:D
ReplyDeleteAnonymous said...
ReplyDeleteဖတ်လို့ကောင်းလို့ချက်ချင်းမန့်ချင်တာခုတလောအင်တာနက်ဒုက္ခပေးနေလို့မန့်မရလို့။
ခုတလောသစ်ပင်ဝါဝါလေးတွေတွေ့တိုင်းကိုယ်လည်းစန်းထွန်းကိုခဏခဏသတိရနေတာ။
သူဘယ်သူလဲ....း)
ချစ်သောမမအိုင်အိုရာ
December 7, 2014 at 10:41 AM
ပစ်ပစ် said...
အထွန်းနဲ့အတူလမ်းလျှောက်ထွက်ခဲ့တယ်..
သစ်ပင်ကို ထွင်းပြီးကားလမ်းလုပ်ထားတာတာလေး
သဘောကျလိုက်တာ..
December 9, 2014 at 2:00 PM
San San Htun said...
မြတ်ကြည် း ညီမလေး အဖြေ မှန်ပါတယ်ကွယ် ...:D
December 11, 2014 at 9:40 PM