စင်္ကာပူသွား တောလား ...



စင်္ကာပူအမျိုးသားတက္ကသိုလ်(NUS)က ကမ္ဘာ့ပေါ်က အကောင်းဆုံး တက္ကသိုလ် ၁၀၀ထဲမှာ နံပါတ် ၂၇။ အာရှမှာတော့ နံပါတ် ၃။ Institute of System Science (ISS) ကတော့ NUS အောက်က ကျောင်းပေါ့။ မြန်မာပြည်က ကွန်ပျူတာတက္ကသိုလ်ကြီးနဲ့တော့ သွားမယှဉ်နဲ့ပေါ့။ ISS က GDipSA course တနှစ်မှာ ဖဖေါ်ဝါရီ၊ သြဂုတ် နှစ်တန်း ဖွင့်ပါတယ်။ Grading၊ Transcript နဲ့အတူ Essay နှစ်ပုဒ်ပါ တွဲတင်ရတယ်။ Non-refundable စင်္ကာပူဒေါ်လာ ၄၀ + စာရွက်စာတမ်းတွေပို့ခ ပေးရတယ်။ ပြီးရင် ဝင်ခွင့် ဖြေရပါတယ်။ ၂၀၀၇ထိ မြန်မာပြည်မှာ ဖြေလို့ရပြီး နောက်တော့ စင်္ကာပူမှာ လာဖြေရပါတယ်။ တို့ဖြေခဲ့ရတာက ၂၀၀၇ မြန်မာပြည်မှာ နောက်ဆုံးဖြေတဲ့အသုတ်။ MICT Park မှာ ACCA စာမေးပွဲတွေ ဖြေတဲ့ မကြီးက အခန်းက အေးလွန်းလို့ ရှုးတောင် ပေါက်ချင်ပါသတဲ့။ ကြိုတင်သတင်းရလို့ အနွေးထည်ယူသွားတဲ့ တို့တော့ အနွေးထည်တောင် မဝတ်လိုက်ရပါဘူး။ အဲကွန်းခန်းထဲမှာ ချွှေး‌တွေပြိုပြိုက်ကျလို့။ မေးခွန်းက ခက်တာကိုး။ ဖြေခဲ့သမျှစာမေးပွဲမှာ ISSဝင်ခွင့် စာမေးပွဲက အခက်ဆုံးပဲ။

ရေးဖြေအောင်တော့ ဖုန်းနဲ့ အင်တာဗျူးပြန်တယ်။ မြန်မာပြည်ကနေ ခေါ်ရတာ။ ကျောင်း offer ရတော့လည်း သူတို့ပေးတဲ့ website ကို ဝင်ပြီး ဖြည့်ရပြန်တယ်။ စီနီယာကိုယ့်သူငယ်ချင်း ချိုချိုတို့ဆို အကောင်းမနေရ။ တို့တွေ မေးတာ ဖြေကြားရ၊ မသိရင် တခြားသူငယ်ချင်းတွေ မေးပေးပေါ့။ ဗီဇာဝင်ဖို့ သံရုံးဘယ်နေရာမှာတောင် ရှိမှန်းမသိ။ လမ်းညွှန်တဲ့သူက ဘယ်လိုညွှန်လဲဆိုတော့ ရွှေဂုံတိုင်မီးပွိုင့်နားက ဓမ္မဇေတီလမ်းမှာ လူတရုံးရုံးနဲ့ စည်ကားနေရင်၊ Qတန်း အရှည်ကြီးပဲဆိုရင် စင်္ကာပူသံရုံးပဲတဲ့။ မနက်အစော ၆နာရီခွဲပဲ ရှိသေးတယ် ကိုယ့်ထက် ဝီရိယကောင်းသူတွေက ရောက်နှင့်နေပြီ။ Qစီနေတုန်း လေယာဉ်လတ်မှတ် မပါရင် ဗီဇာလျှောက်လို့မရပါဆိုလို့ လေယာဉ်လတ်မှတ် ပြေးယူ။ ပွဲစားနဲ့လုပ်ရင်တော့ ပိုက်ဆံကုန်ပေမဲ့ လူသက်သာတာပေါ့။ နောက် တို့ဘွဲ့ယူဖို့ ဖေ၊ မေ၊ မောင်မောင်လာတော့ ပွဲစားနဲ့ပဲ လုပ်ခိုင်းလိုက်တော့တယ်။ မနက်၆နာရီခွဲလောက်ကနေ ၉နာရီလောက်အထိ မတ်တပ်ရပ်နေရတာ လူကြီးတွေ ဘယ်ရပ်နိုင်ပါ့မလဲ။

မြန်မာပြည်မှာကလည်း နေရာတကာ ပွဲစား။ နိုင်ငံကူးလတ်မှတ် လုပ်ချင်သလား၊ နိုင်ငံကူးလတ်မှတ်လုပ်ဖို့ အခွန်ဆောင်မလား၊ D-Form လုပ်မလား၊ Notri လုပ်မလား၊ ကားဝယ်မလား၊ အိမ်ဝယ်မလား၊ အိမ်ငှားမလား၊ ကားငှားမလား၊ ဖုန်းဝယ်မလား၊ ဖုန်းငှားမလား အားလုံးပွဲစားနဲ့မှ အဆင်ပြေတယ်။ လုပ်ရိုးလုပ်စဉ်အတိုင်းသွားရင် ကြာမယ်၊ အဟောက်ခံရမယ်။

ဆေးစစ်တော့လည်း သူတို့ အသိအမှတ်ပြုထားတဲ့ ဆေးခန်းမှာမှ စစ်ရတယ်။ တို့ကတော့ အရင်က Kenbangamလို့ ခေါ်တဲ့ ဆေးခန်းမှာ စစ်လိုက်တယ်။ အလုပ်ကနေ မထွက်ဘဲ ဆေးသွားစစ်တဲ့ ပြည့်ပြည့်တယောက် ဆေးကျပါလေရော။ တီဗွီ suspect တဲ့။ အမှန်က ပင်ပန်းနေလို့လေ။ နောက်တော့ အနားယူပြီး တခြားဆေးခန်းမှာ သွားစစ်တော့မှ အောင်ပါလေရော။

တလလုံး မနားရပါဘူး။ မနက်မိုးလင်း ထမင်းစားပြီးကတည်းက ထွက်လိုက်တာ ညနေစောင်းမှ အိမ်ပြန်ရောက်တယ်။ မနက်ဖြန်ပဲ သွားရတာ့မယ် အိမ်ကို ညကိုးနာရီအထိ ပြန်မရောက်သေးဘူး။ ဖေက စိတ်ပူလို့ ထွက်မျှော်နေပြီ။ အောင်ကြီး ၊အိကေ၊ ဘကြီး၊ အေးသက်တို့ကို နှုတ်ဆက်ပွဲ ကျင်းပနေတာ ဘူတာရုံလမ်းက ဇော်ကြေးအိုးဆီချက်ဆိုင်မှာ။ ကြေးအိုးဆီချက်ကို ငါးပိထောင်းနဲ့ ဘိတ်စတိုင် စားတဲ့ ဆိုင်ကို မြတ်မွန်က မိတ်ဆက်ပေးခဲ့တယ်။ နောက်တော့ တို့တွေသာမက တို့တအိမ်သားလုံး ကြိုက်သွားလို့ ဖေ ရန်ကုန်ရောက်ရင် မစားမဖြစ်စားတဲ့ အစားအစာတခုပေါ့။ အဲ အစားအသောက်ဖက် ရောက်သွားပြန်ပြီ။

မြန်မာပြည်ကနေ နိုင်ငံခြားကျောင်းသွားတက်ဖို့ ပြင်ဆင်ရတာ အတော်အလှုပ်ရှုပ်ပါတယ်။ ကိုယ်ကိုတိုင်သာမက မိသားစုတွေပါ အကောင်းမနေရ။ ဗီဇာလျှောက်ဦးဟဲ့၊ ဆေးစစ်ဦးဟဲ့၊ လေယာဉ်လတ်မှတ် ဝယ်ဦးဟဲ့၊ အစားအသောက်စုဆောင်းဦးဟဲ့၊ သူငယ်ချင်းအရင်းကြီးတွေကို နှုတ်ဆက်ဦးဟဲ့(နို့မို့ နိုင်ငံခြားသွားတာတောင် တို့ကို နှုတ်ဆက်မသွားဘူးလို့ အတင်းတုတ်ခံနေရဦးမယ်)၊ D-Form လုပ်ဦးဟဲ့၊ လူကြုံပစ္စည်းလက်ခံဦးဟဲ့။ လူကြုံဆိုလို့ စန်းထွန်းသယ်လာတဲ့ luggage မှာ တဝက်က လူကြုံပစ္စည်း။ ကိုယ်တိုင်အတွက်ကတော့ အင်္ကျီနှစ်စုံပဲလား ပါတယ်။

အစားအသောက်ကလည်း သယ်လို့ရတာ အကုန်သယ်တာ။ ငါးပိကြော်၊ ငံပြာရည်ကျော်၊ ဘာလချောင်ကြော်၊ ချဉ်ပေါင်ကြော်၊ ငါးဖယ်ကြော်၊ ဝက်သားကြော်၊ ငါးပိကြော်၊ မရမ်းသီးငါးပိကြော်၊ ငါးကျဉ်းခြောက်ကြော်၊ ဆတ်သားခြောက်၊လက်ဖက်၊ မုန့်ဟင်းခါးခြောက်၊ မြှစ်ကြော်၊ မြင်းခွာရွက်၊ မန်းကျဉ်းရွက်၊ မုန့်ဖက်ထုပ်၊ သရက်သီးကလည်တည်၊ သရက်သီး၊ ဆေးမျိုးစုံ။ ဆိုင်တောင် ဖွင့်လို့ရတယ်။ ပလတ်စတစ်နဲ့ အသေအချာ နှစ်ထပ်သုံးထပ် ထုပ်ပိုး။ တလလောက် အခြောက်အခြမ်းနဲ့ တီးလို့ရတယ်။ အိတ်ကတော့ အနံ့ပေါင်းစုံ ထွက်နေတော့တာပဲ။ တချို့များဆို ဘုရားပန်းတောင် ပါလိုက်သေး။ ဒါ့ကြောင့် Changi Airport မှာ ကြည့်လိုက် အထုပ်တွေ အများကြီးနဲ့ဆို သေချာတယ် အဲဒါ မြန်မာ။ မြန်မာတွေက သယ်သလားမှတ်တယ်။ နီပေါတွေကမှ ပိုဆိုးနေတယ်။ သူတို့ရိုးရာ အားလူးပြုတ်တဲ့အိုးတောင် သယ်တာနော်။

ရန်ကုန်လေဆိပ်မှာတော့ ရွှေငွေတွေ၊ ဒေါ်လာတွေ သယ်မသယ် စစ်တယ်။ တီတီ အသံမြည်လို့ ကြည့်လိုက်တာ အမြဲဝတ်နေတဲ့ ရွှေဆွဲကြိုးမျှင်။ နိုင်ငံခြားကို ရွှေတကျပ်သားထပ် ပိုမသယ်ရတဲ့။ ဘယ်နိုင်ငံမှာမှ မရှိတဲ့ မြန်မာနိုင်ငံတွင်သာရှိတဲ့ လေဆိပ်ခွန်ဆိုတာလည်း ဆောင်ရတယ်။ Immigration ကို ဖြတ်ရင်လည်း အဖေနာမည်၊ မှတ်ပုံတင်၊ နေရပ်လိပ်စာ၊ အလုပ်အကိုင်၊ သွားမဲ့နေရာရဲ့ လိပ်စာတွေ ဘာတွေ ဖြည့်ရတယ်။ ပြီးရင် ဓာတ်ပုံရိုက်တယ်။ ရန်ကုန်အပြန်ဆိုရင်တော့ အကောက်ခွန်က ကျောင်းသားတွေ၊သားသမီးတွေဆီ သွားလည်တဲ့ မိဘတွေဆို မတောင်းဘူး။ အဲ အလုပ်လုပ်နေတဲ့သူတွေဆိုရင်တော့ လက်ဆောင်ဘာပါလဲလို့ မေးမယ်။ အဲဒါကိုမှ မသိတတ်ရင်တော့ အခွန်ဆောင်ထားလား မေးမယ်။ အခွန်ဆောင်ထားတဲ့ စာရွက်ပါရင်တောင် ရစ်မယ်။ ဘာမှ မမေးခင်ကတည်းက ပိုက်ဆံပေးလိုက်တာ အကောင်းဆုံးပဲ။ အဲလိုမှ မဟုတ်လို့တော့ ပိုက်ဆံပေးရရုံသာမက အဟောက်ပါ ခံရမယ်။ တခါတလေ ရစ်ပုံများက leave form ပြတဲ့။ မြန်မာပြည်ကိုအသွားဆိုရင် Arrival Form ကို ဖြည့်ရတယ်။ ကျန်းမားရေးဋ္ဌာနရဲ့ form ပါ ဖြည့်ရတယ်။ မောင်မောင်တို့ စင်ကာပူက ပြန်လာတုန်းကဆို swine flu ဖြစ်နေချိန်ပေါ့။ ကျန်းမားရေးဋ္ဌာနက ဝန်ထမ်းတွေ ဖုန်းခဏခဏဆက်ပြီး နေကောင်းလား ဂရုစိုက်လွန်းလို့ သူတို့တွေ အိမ်ပြောင်းသွားပြီလို့ ပြောလိုက်မှာပဲ ဖုန်းဆက်တာ ရပ်တော့တယ်။

မြန်မာပြည်ကို ပြန်ရင် Arrival Form ဖြည့်ဦး၊ အကောက်ခွန်ကို ပေးရ၊ အဟောက်ခံရ၊ ဓာတ်ပုံရိုက်၊ မြန်မာပြည်က ထွက်ရင်လည်း D-Form လုပ်ဦး၊ Airport Tax ပေးရ၊ Departure Form ဖြည့်ဦး၊ ဓာတ်ပုံရိုက်နဲ့ အရှုပ်တွေ လုပ်ရပါတယ်။ ကိုယ့်မှာ pass ရှိလို့ကတော့ စင်္ကာပူအဝင်ရော၊ အထွက်ရော ရှင်းမှရှင်း။ passport၊ pass ပြလိုက်ရုံပဲ။ ဘာဆိုဘာမှ ဖြည့်စရာ၊ ပေးစရာ မလိုတာပါ။ စင်္ကာပူနိုင်ငံက ကမ္ဘာပေါ်မှာ လာဘ်စားမှု ကင်းရှင်းတဲ့နိုင်ငံထဲမှာ နံပါတ်တစ်။ အစိုးရကလည်း တကယ်အလုပ်လုပ်တာပါ။ ကွာပါ့ ကွာပါ့။

အသွားဆိုလည်း အစားအသောက်ကို သယ်ရတာ။ အပြန်ဆိုလည်း လွှင့်မပစ်ရက်ပဲ သိမ်းထားတာမှန်သမျှ အကုန်သယ်လို့ အထုပ်တွေ များနေပြန်ရော။ နိုင်ငံခြားမှာက ရှော့ပင်းထွက်ရင်တောင် အိတ်တွေက အစ လှလှလေးတွေ။ ဆွေမျိုးတွေ၊ မကင်းရာ မကင်းကြောင်းတွေ၊ သူငယ်ချင်းတွေကို လက်ဆောင်ပေးဖို့ သိမ်းထားရတာ။ discount ချိန်ဆို တန်ရာတန်ရာတွေကို ဘယ်သူ့အတွက်ဟဲ့၊ ဘယ်ဝါ့အတွက်ဟဲ့လို့ ဝယ်ထားရတာ။ တယောက်အတွက်ကတော့ လက်ဆောင်ပါပြီး တခြားတယောက်အတွက် မပါရင် မျက်နှာမကောင်းဖြစ်မှာကိုး။ အဝေမတည့် ရန်မဖြစ်ရလေအောင် အစောကတည်းက ဘယ်သူ့ကို ဘာပေးမှာလို့ စီစဉ်ထားရတယ်။ အင်္ကျီဟောင်းတွေဆိုရင်လည်း လွှင့်မပစ်ဘဲ ရန်ကုန်ပြန်ရင် ပေးဖို့ သိမ်းထားရတာ။ စင်္ကာပူမှာ ဟောင်းနေပေမဲ့ ရန်ကုန်အတွက်တော့ အကောင်းကြီးပဲ ရှိသေးတာကိုး။ ဒီလိုနဲ့ပဲ ရွှေမြန်မာများမှာ အသွားရော အပြန်ပါ အထုပ်တွဲလဲ ဖြစ်ကြလေသတည်း။

ကျောင်းရလို့ စင်္ကာပူကို သွားမယ်လို့ ရက်သတ်မှတ်ပြီးကတည်းက နားကို မနားရတာပါ။ ဇွန် ၁၂ မှာ ကျောင်း offer ရပြီး တလပြည့်တဲ့ ဇူလှိုင် ၁၂မှာတော့ စင်္ကာပူကို SilkAir လေကြောင်းနဲ့ ရောက်လာပါတော့တယ်။ အိအိနဲ့ အတူတူပေါ့။ လေယာဉ်ပေါ် ရောက်မှပဲ နားရတော့တယ် ဟူး။ လေယာဉ်က မြေပြင်ပြေးလမ်းပေါ်ကနေ ကောင်းကင်ကို အရှိန်ယူပြီးတက်တဲ့အချိန်မှာ ဘုရားတွေ၊ တရားတွေတ။ မနက်ကတည်းက ဘာမှဟုတ်တိပတ်တိ မစားထားတော့ ဗိုက်ဆာလာပြီ။ လေယာဉ်မှာ ကွျှေးတဲ့ ထမင်းတို့၊ ခေါက်ဆွဲတို့ကလည်း နည်းနည်းလေး အလှစားစာပဲ။ အဝစားတဲ့ တို့တွေ ဘယ်ဝပါ့မလဲ။ လေယာဉ်မှာ သောက်ရတဲ့ ကော်ဖီက ခါးတူးနေတာပဲ။ ဘီယာတို့၊ ဝိုင်တို့လည်း ရနိုင်ပါတယ်။ အဲ Tiger ဘတ်ဂျက်လေကြောင်းလိုင်းဆိုရင်တော့ ဘာဆိုဘာမှ မကျွှေး ရေတောင် မတိုက်။ လေယာဉ်ပေါ်မှာတော့ တွန်းလှည်းလေးနဲ့ ရောင်းတယ်။ အစားအသောက်တွေရော၊ လက်ဆောင်ပစ္စည်းတွေရော။

လေယာဉ်ပေါ်မှာ Immigration ရဲ့ Arrival Form ကို ဝေပေမဲ့ တောင်းပြီး ဖြည့်ရကောင်းမှန်း မသိဘူးလေ။ သူများတွေ လေယာဉ်ပေါ်မှာ ဖြည့်နေတာတော့ တွေ့သား။ Immigration ကျမှ မဖြည့်ရသေးလို့ ထပ်ဖြည့်ရပြန်တယ်။ ပထမဆုံး နိုင်ငံခြားသွားတဲ့ အတွေ့အကြုံဆုံတော့လည်း ကြောင်တောင်တောင်ပေါ့။ Immigration အဝင်မှာ Immigration ကလူတွေက ICA letter ကို ကိုယ့်ကို ပြန်ဖတ်ခိုင်းရတယ် FIN(Foreign Indentification Number)ကို။ ဟုတ်ပါ့ copy တန်ခိုးကြောင့် ဝါးနေလို့ ကိုယ်တောင်မနည်း ဖတ်ယူရတယ်။ တော်ပါသေးရဲ့ FIN ကို အလွတ်ရနေလို့။

လေဆိပ်မှာ မကြီးက လာကြိုနေတယ် BreadTalk မုန့်နှစ်ခုနဲ့။ လေယာဉ်မှာ ကျွှေးတဲ့မုန့်က နည်းနည်းလေးမို့ မဝဘူးလေ။ ဒါကို သိတဲ့ မကြီးက မုန့်နဲ့ စောင့်နေတာ။ ကောင်းလိုက်တာ၊ ကောင်းလိုက်တာ ပြောပြီး တီးလိုက်တာ ကုန်ရော။ တို့တင် ဗိုက်ဆာတာ မဟုတ်ဘူး။ အိအိကိုလည်း ညဏ်လင်းက ပေါင်မုန့်နဲ့ ကိုင်စောင့်နေတာတဲ့။ မြန်မာပြည်နဲ့ မတူညီဘဲ သန့်ရှင်းသပ်ရပ် ခေတ်မှီလှပ၊ စိမ်းစိုနေတဲ့ စင်္ကာပူမြို့တော်ကြီးကို ရောက်ပြန်ပြီပေါ့တခါ ။

စန်းထွန်း
ဇွန် ၂၇၊ ၂၀၁၁။

No comments: