ဖတ်ပြီးတဲ့ စာအုပ်တွေ - ၂

ABC News - 20/20 shows - Wonder Boy
Photo credit - ABC news

စတိတ်မှာ ကိုယ်အကြိုက်ဆုံး သတင်းဌာနက အေဘီစီသတင်းဌာန။ အေဘီစီသတင်းဌာနရဲ့ ၂၀/၂၀ ၊ Nightline အစီအစဉ်တွေက ကိုယ်အကြိုက်ဆုံး အစီအစဉ်တွေ။ ၂၀/၂၀ ရဲ့ wonder boy ဆိုတဲ့ အစီအစဉ်ကနေ ဒီစာအုပ်လေးကို သိခဲ့တာပါ။ အေးခဲလှတဲ့ ဖေဖေါ်ဝါရီလရဲ့ တခုသောညမှာ နေသန်ကို နယူးယော့စီးတီးမှာ မွေးဖွားခဲ့ပါတယ်။ အိုးမိုင်ဂါ့ ... အိုးမိုင်းဂါ့ ... ဘာဖြစ်တာလဲ .... ဘာဖြစ်တာလဲ ... ဘာဖြစ်တာလဲ ... လူအယောက် ၂၀ လောက် နေသန်ထားတဲ့အခန်းထဲ ပြေးဝင်သွားကြပြီး ကလေးငိုသံလည်း မကြားရ။ ကလေး အသက်ရှင်သေးရဲ့လား ကလေးကို ကြည့်ချင်တယ်လို့ပြောတော့ ဆရာဝန်တွေက ကလေးကို မပြချင်ဘူး။ ကလေးကိုမြင်တော့ သူတို့တွေ လန့်သွားကြတယ်နဲ့တူတယ်။ ဆရာဝန်တယောက်က ကလေးအဖေကိုခေါ်ပြီး ဆေးစာအုပ်ထဲက အဖြူအမည်းဓာတ်ပုံကို ပြတယ်။ ဓာတ်ပုံထဲမှာက Teacher Collins syndrome ဖြစ်နေတဲ့ ဆယ်ကျော်သက်ကလေးရဲ့ဓာတ်ပုံ။ အလွန်ရှားပါးတဲ့ မျိုးရိုးဗီဇကြောင့် ပုံမှန်မဟုတ်တဲ့ မျက်နှာသွင်ပြင် ပါးရိုး၊ မျက်ခွံတွေမပါ။ အမေရိကန်ကလေးငါးသောင်းမှာ တယောက်ဖြစ်တတ်တယ်။ ကလေးအမေ ကိုယ်ဝန်ဆောင်ဓာတ်မှန်တွေမှာ ဒီရောဂါဖြစ်တယ်ဆိုတာလည်း မပေါ်။ ကလေးအမေက အသက် ၂၃ နှစ်၊ အားကစားရုံမှာ ကာယနည်းပြ၊ ကျန်းမာရေးလိုက်စားသူ၊ ငယ်ရွယ်တဲ့သူဆိုတော့ အာဟာရမပြည့်တာတို့၊ ကလေးပျက်ကျမှာတို့၊ down syndrome ဖြစ်မှာတို့ ဘာမှမပူရတဲ့သူ။ နေသန့်ကို မွေးပြီးတာနဲ့ တီချာကောလင်းရောဂါကို အထူးကုသပေးတဲ့ ကလေးဆေးရုံကို ပို့လိုက်တယ်။ ကလေးဆေးရုံက ဖုန်းဆက်တော့ ကွန်ဂရက်ကျူလေးရှင်း ... ကလေးအမေဖြစ်သူက ကွန်ဂရက်ကျူလေးရှင်းလို့ ပထမဆုံးပြောတဲ့သူပဲလို့ တွေးလိုက်တယ်။ ယောကျာ်းလေး မွေးတယ်လို့ကြားတယ် အံ့သြဝမ်းသာစရာ မကောင်းဘူးလား... နောက်နေတာလားလို့ ပြောမိတော့မလို့ .... မင်းရဲ့ကလေးဟာ ကျန်းမာအသက်ရှည်ပြီး ပျော်ရွှင်အံ့သြစရာကောင်းတဲ့ ကလေးဖြစ်လာမှာလို့ ပြောတာကို နေသန့်အမေက ယုံကြည်ပါတယ်တဲ့။

နေသန် ပထမဆုံးလကို ဆေးရုံမှာပဲ ကုန်ဆုံးပါတယ်။ မိဘတွေက ပုံမှန်ဖြစ်အောင် ဘယ်တော့ခွဲစိတ်မှုတွေ လုပ်မလဲလို့မေးရင် ခွဲစိတ်တာနဲ့ ပုံမှန်မဖြစ်တာတွေ ပျောက်သွားမှာမဟုတ်ဘူး။ ကံမကောင်းစွာနဲ့ ဒါက ခွဲစိတ်မူမဟုတ်ဘဲ ခရီးရှည်တခုဖြစ်နေခဲ့တယ်။ နေသန့်မိဘတွေ ဆေးရုံကအခန်းထဲမှာ ဂရမ်မီဆုပေးပွဲ ကြည့်နေခဲ့တယ်။ ဂရမ်မီဆုပေးပွဲ အဖွင့်သီချင်းအဖြစ် အဆိုတော် Christina Aguilera က Beautiful သီချင်းကို ဖြေဖျော်နေခဲ့တယ်။

You're beautiful
No Matter what they say
Words can't bring you down
You're beautiful
In every single way
Words can't bring you down

ခရစ်တီးနားက အဲ့ဒီသီချင်းကို သူတို့အတွက် ဆိုနေသလိုပါပဲ။ နေသန်ဟာ ရုပ်ရည်သွင်ပြင်ကြောင့်မဟုတ်ဘဲ ကိုယ်ရည်ကိုယ်သွေး၊ စိတ်ထားကြောင့် ချောမောလှပတဲ့ကလေးမှာ ဖြစ်လာမယ်လို့ နေသန့်မိဘတွေ ဆုံးဖြတ်လိုက်တယ်။ ချက်ချင်းနေသန့်ဆီသွားပြီး ပထမဆုံးအကြိမ်အဖြစ် ချီကြည့်တယ်။ အံ့သြစရာ အဲဒီမှာပဲ နေသန့်ခရီးစဉ် စတင်ခဲ့တယ်။ နေသန့်အမေဟာ နေသန့်ကိုကြည့်ပြီး နေ့တိုင်းငိုတယ် သူ့ကလေးဆိုတာ မယုံနိုင်စရာဘဲ။ နားရွက်မပါလို့အကြားအာရုံနဲ့ ပါးရိုးတွေက ပုံမှန်မဟုတ်လို့ အစားစားတာ ခက်ခဲတယ်။ အသက်ရှူရတာ ခက်ခဲလို့ ပိုက်နဲ့ အသက်ရှူရတယ်။ အသွင်အပြင်၊ အသက်ရှူတာ၊ အစာစားတာ ကွဲပြားတာကလွဲလို့ နေသန်ဟာ တခြားကလေးနဲ့ ဘာမှမထူးခြားဘူး။ အသက်ရှင်သန်ရေးအတွက် လိုအပ်တဲ့ခွဲစိတ်မူကလွဲရင် အလှအပခွဲစိတ်မှုတွေ မလုပ်ခဲ့ဘူး။ နေသန်ကို တွန်းလှည်းနဲ့တွန်းသွားရင် အိုး ... နင်ကလေးမွေးထားတယ် ကြည့်ရအောင် .... ဘုရားသခင် ကောင်းချီးပေးပါစေ။ ဘယ်သူမှ ကလေးက ချစ်စရာကောင်းလိုက်တာ ကွန်ဂရက်ကျူလေးရှင်းလို့ မပြောကြဘူး။ နေသန် ၂ နှစ်သားအရွယ်ရောက်တော့ နေသန့်မိဘတွေ ဒုတိယကလေးယူဖို့ စဉ်းစားကြတယ်။ တီချာကောလင်းရောဂါဖြစ်နိုင်ခြေနှုန်းက ၅၀ - ၅၀ ဒါမျိုးထပ်မကြုံစေဖို့ အကြိမ်ကြိမ်စစ်ဆေးကြတယ်။ ဂျွှန်ဟော့ကင်းဆေးရုံကို နေသန့်မိဘတွေရဲ့ဒီအန်အေပို့ပြီး စစ်ဆေးလိုက်တော့ ဒုတိယကလေးက တီချာကောလင်းရောဂါ မဖြစ်နှိုင်တဲ့နှုန်းက ၉၉  ရာခိုင်နှုန်း။

ဒုတိယကလေး ဂျက်ကော့က ချောမောလှပတဲ့ ယောကျာ်းလေး။ နေသန် ၄၊ ၅ နှစ်အရွယ်ရောက်တော့ သူ့မျက်နှာကို သတိထားမိလာတယ်။ မွေးနေ့ပါတီပွဲတွေသွားရင် တခြားကလေးတွေက နေသန့်ကိုမြင်ရင် စူးစူးဝါးဝါး အော်ဟစ်ငိုယို ထွက်ခွာသွားကြတယ်။ ပထမဆုံးကလေးတယောက်က နေသန့်ကို monster မကောင်းဆိုးဝါးလို့ခေါ်တော့မှ နေသန် သူ့မျက်နှာ တခြားကလေးတွေနဲ့ မတူမှန်း သတိထားမိသွားတယ်။ သူတို့တွေဟာ တခြားသူကို အဲ့ဒီလိုမခေါ်ဘူး နေသန့်ကိုပဲ ခေါ်ကြတာ ဘာကြောင့်လဲဆိုတော့ နေသန်က သူတို့နဲ့ မတူလို့။ နေသန် ၁၁ နှစ်သားမှာ ခွဲစိတ်တာ ၅၄ ကြိမ် လုပ်ပြီးပြီ။ လူသစ်တွေနဲ့ တွေ့ရတဲ့အခါ တီချာကောလင်းရောဂါကြောင့်  ဒီလိုဖြစ်နေတာပါလို့ ရှင်းပြတယ်။ သူများနဲ့မတူတာကိုလည် စိတ်အနှောင့်အယှက် မဖြစ်တော့ပါဘူး တခါတလေဆို မေ့တောင်နေသေးတယ်။ ၂၀၁၅ ဆောင်းဦးရာသီ နီဗားဒါးပြည်နယ် ရီနိုမြို့ Billinghurst အလယ်တန်းကျောင်းကို ၆ တန်းတက်ရောက်ဖို့ ပထမဆုံးနေ့အဖြစ် နေသန် သွားရောက်ခဲ့ပြီး သူ့အတန်းဖော်တွေနဲ့ တွေ့ခဲ့တယ်။ နေသန့်အဖေ အကြံပေးလို့ ကျောင်းမတက်ခင် နေသန်က အတန်းဖော်တွေကို သူ့အခြေအနေတွေကို ရှင်းပြတဲ့စာရေးတယ်။ နေသန့်မှာ ခွေးသုံးကောင်ရှိပြီး ပိုကီမွန်၊ Star Wars ကြိုက်တဲ့အကြောင်းလည်း ထည့်ရေးတယ်။ ဓာတ်ပုံပါထည့်တယ် ပထမဆုံးနေ့မှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ စိတ်တုန်လှုပ်ခြောက်ခြားစရာတွေ မဖြစ်အောင်လို့ ကြိုတင်ကာကွယ်တဲ့အနေနဲ့။ မင်းတို့ Wonder စာအုပ်ဖတ်ပြီးပြီလား ငါက အဲ့ဒီစာအုပ်ထဲက Auggie Pullman လိုကလေးမျိုးပဲ။ ၂၀၁၂ မှာ ပုံနှိပ်ထုတ်ဝေခဲ့တဲ့ R.K Palacio ရဲ့ Wonder စာအုပ်ထဲကဇာတ်လိုက်ကျော် Auggie မှာ တီချာကောလင်းရောဂါရှိတယ်။ အော်ဂီမျက်နှာက ထိတ်လန့်တုန်လှုပ်စရာဆိုတော့ မြင်လိုက်တာနဲ့ နောက်ကိုဆုတ် အဝေးကိုရှဲကြတယ်။


ခင်မင်ဖို့ဝေးစွ အနားကိုတောင်မကပ်ချင် ရှောင်ဖယ်ကြတဲ့ အတန်းဖော်တွေနဲ့ သူငယ်ချင်း ဘယ်လိုဖြစ်သွားကြသလဲ။ အတန်းထဲကကျောင်းသားတွေ၊ စီနီယာတွေ အနိုင်ကျင့်တာကို ဘယ်လိုရင်ဆိုင်ကျော်ဖြတ်ခဲ့သလဲဆိုတာ လက်ကမချနိုင်လောက်အောင် ဖတ်လို့ကောင်းတယ်။ Wonder စာအုပ်ဟာ ကော်ပီငါးသန်းကျော်ရောင်းရပြီး ၄၅ ဘာသာသို့ ပြန်ဆိုခဲ့ပါတယ်။ စာရေးသူ ဒီစာအုပ်ရေးဖို့ အိုင်ဒီယာရခဲ့တာကတော့ ဘရွှတ်ကလင်းရပ်ကွက်တခုက ရေခဲမုန့်ဆိုင်ရှေ့မှာ တီချာကောလင်းရောဂါကြောင့် ပုံမှန်မဟုတ်တဲ့မျက်နှာရှိတဲ့ ကလေးမလေးကို တွေ့လိုက်ရတော့ တွန်းလှည်းထဲက သူ့သားငယ်လေးက အော်ဟစ်ငိုယိုတော့မလိုဖြစ်နေတော့ ကလေးမလေးကို မထိခိုက်စေချင်လို့ အလျင်အမြန်ပြေးထွက်ပြီး အခြေအနေကို ရှောင်ရှားခဲ့ပေမဲ့ ဒီအဖြစ်အပျက်ကို စိတ်ထဲကမထွက်နိုင်ခဲ့သလို ဒီထက်ကောင်းမွန်တဲ့ ဖြေရှင်းနည်းနဲ့ မဖြေရှင်းခဲ့လို့ နောင်တရနေခဲ့တယ်။ ဒီလိုအဖြစ်အပျက်မျိုး နောင်ဘယ်တော့မှ မဖြစ်ရလေအောင် စာအုပ်ရေးတော့မယ်လို့ တွေးခဲ့ပါတယ်တဲ့။ Wonder စာအုပ်ဟာ နယူးယောက်တိုင်း အရောင်းရဆုံး ဘက်ဆဲလာထဲမှာ ပါသလို ကလေးတွေ ဖတ်သင့်တဲ့စာအုပ်၊ အလယ်တန်းကျောင်းတွေမှာ ဖတ်ဖို့သတ်မှတ်ထားတဲ့ စာအုပ်ပါ။ ကလေးစာအုပ်ဆိုပေမဲ့ လူကြီးတွေလည်း ဖတ်သင့်ပါတယ်။ ရေးထားတဲ့ အင်္ဂလိပ်စာက သိပ်မခက်ပါဘူး။ ဂျူလီယာရောဘတ်နဲ့ အိုဝင်ဝေဆင် ပါဝင်သရုပ်ဆောင်ထားတဲ့ wonder ရုပ်ရှင် ခုရုံတင်ပြသနေပါတယ်။ အေဘီစီသတင်းရဲ့ ၂၀/၂၀ wonder boy ကို ကြည့်ချင်ရင် အောက်ကလင့်ခ်လေးကနေ သွားကြည့်လို့ရပါတယ်။ Wonder စာအုပ်လေးကို ဖတ်ဖြစ်အောင် ဖတ်ကြည့်ပါလို့ တိုက်တွန်းချင်ပါတယ်။

"If you have a choice between being right and being kind, choose kind."
Dr.Wayne W. Dyer

စန်းထွန်း
ဖေဖေါ်ဝါရီ ၇၊ ၂၀၁၈။


http://abcnews.go.com/US/familys-story-hardships-triumphs-son-rare-craniofacial-disorder/story?id=51142563

http://abc.go.com/shows/2020/episode-guide/2017-11/17-111717-wonder-boy

No comments: